♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 15, 2015

မိတောနှင့် ဗိုင်းကောင်းကျောက်ဖိမလေးများ

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 5:30 am

 tharnge.jpgရုံးခွင့်ယူသောကြည်လင်သာယာသော နံနက်ခင်းတစ်ခုတွင် ဂျူနီယာတောနှင့် ဂျူနီယာသာအေးကို မိတော ကျောင်းလိုက်ပို့လေသည်။
ကျောင်းမပို့ခင်တွင် အိမ်နောက်ဘက်မှ နို့ပုံးအဟောင်းများ၊ စက္ကူကတ်ထူဘီစကွတ်ပုံးလေးများ၊ သတင်းစာများထားသည့် ‘ပြန်လည်သုံးစွဲမည့်’ recycle ပုံးပြာကို တစ်ချက်ကြည့်မိသေးသည်။ ပုံးထဲတွင် ထားသည့် ပစ္စည်းများမှာ စီစီရီရီခြေရာလက်ရာမပျက်ဖြစ်ရှိနေသဖြင့် ကျေနပ်သွားလေ၏။ ထိုပုံးအပြာထဲသို့ထည့်မည့် ပစ္စည်းများကို မထည့်ခင်တွင် မိတောသည် ရေဖြင့် သေချာစွာဆေးကြောတတ်သည်။ စားစရာအနံ့အသက်များရလျှင် Raccoon ဟုခေါ်သော တောကြောင်ကဲ့သို့ အကောင်နက်ကြီးများက ဘီစကွတ်စက္ကူပုံးဟောင်းများကို လာလာဆွဲတတ်သောကြောင့်ပင်။ နို့ပုလင်း၊ နို့ပုံးများကို သေချာစွာရေစင်အောင် ဆေးသော်လည်း ထိုအကောင်ကြီးများက တစ်ချိန်လုံးလာလာဆွဲနေသဖြင့် နောက်ဘက်တွင် ပွယထနေကာ ရှင်းရလင်းရအလုပ်ရှုပ်သဖြင့် စိတ်အချဉ်ပေါက်လာသော တစ်နေ့တွင် မျှဉ်ချဉ်ပုလင်းဟောင်းတစ်လုံးကို ဆပ်ပြာဖြင့် သေချာစွာ မဆေးတော့ဘဲ၊ အဖုံးလေးကိုအသာဟကာ ပုံးထဲတွင် ထည့်ထားလိုက်သည်။ ထို့နေ့မှစပြီး မျှဉ်ချဉ်နံ့ကိုခံနိုင်ရည်ရှိပုံမရသော ကနေဒီယန် raccoon များသည်လည်း မိတော၏ recycle ပုံးအနားကို မကပ်ရဲတော့။

ထိုသို့… အိမ်နောက်ဘက်မှာ ရှင်းလင်းနေသဖြင့် စိတ်ချမ်းသာနေသော မိတောသည် ဂျူနီယာတောနှင့် ဂျူနီယာသာအေးကို လက်ဆွဲကာ ကျောင်းလိုက်ပို့လေသည်။

ကျောင်းခေါင်းလောင်းမတီးခင်စဉ်တွင် ကျောင်းသားများက သက်ဆိုင်ရာအခန်းအပြင်ဘက်တွင် နံရံကိုကပ်ပြီး စနစ်တကျတန်းစီပြီး စောင့်ကြရသည်။ ရုံးခန်းဘက် ပင်မတံခါးမကြီးမှဖြတ်ပြီး ကျောင်းအတွင်းသို့ဝင်ခွင့် မရှိ။ မိဘများကလည်း ခပ်လှမ်းလှမ်းတွင် စောင့်ကြည့်ပြီး ကျောင်းခေါင်းလောင်းတီးအပြီး ကျောင်းသားများ အတန်းထဲကိုယ်စီဝင်သွားမှ ပြန်လာတတ်ကြလေသည်။

ဂျူနီယာသာအေးသည် အစောကြီးရောက်နေသဖြင့် တံခါးပေါက်ဝအနားတွင် သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားစွာ ခပ်တည်တည်ရပ်နေလေသည်။ တံခါးဝနားက ပထမဆုံးသောနေရာကို ကလေးလေးများသည် ဘာရယ်မလုပ် သူအရင်ရောက်သလေး ကိုယ်အရင်ရောက်သလေး နှင့် လုတတ်ကြသေးသည်။ ဂျူနီယာသာအေးနောက် ဒုတိယနေရာတွင် အလှတွေအရမ်းပြင်ထားသော အိန္ဒိယမလေးတစ်ယောက် ရောက်လာလေသည်။ ဒီလောက်အေးစက်မိုးစိုနေတာတောင်မှ သမီးလေးကိုလှချင်ရှာ၍ ပြင်ဆင်ထားပေးသည်မှာ ဆံပင်လေးမှာ ဖဲပြားအနက်၊ လေဒီရူးအနက်၊ စတော့ကင်အနက်ပေါ်မှာ ဂါဝန်တွန့်ကားကားလေးနှင့် ချစ်စရာကောင်းလှသည်။

ထိုအချိန်တွင် သတ္တမတန်းအရွယ်ခန့် ကျောင်းသူတစ်ဦးက မြောက်ကြွမြောက်ကြွဖြင့် ဖြတ်လျှောက်ရင်း အိန္ဒိယမလေး၏ ခေါင်းကိုပုတ်ရင်း ဆက်ထွက်သွားလေသည်။ အိန္ဒိယမလေးသည် ထိုကျောင်းသူကို မျက်စောင်းခဲကာကြည့်ရင်း…

“အဲ့ဒါ ငါ့ရဲ့ဝမ်းကွဲအစ်မလေ၊ သိပ်ဆရာလုပ်တာပဲ၊ အိမ်မှာဆို ဆရာကြီးပဲ… ဟွန်း” ဟုဆိုလေ၏။

“ငါ့အစ်မကကတော့ ဆရာမလုပ်ပါဘူး” ဟု ဂျူနီယာသာအေးက မျက်လုံးပြူးကြီးဖြင့် လေးလေးကြီး ပြန်ပြောလေသည်။

“အမလေး.. ငါ့အစ်မကတော့ ဟိုဆရာလုပ်၊ ဒီဆရာလုပ်လေ၊ အိမ်မှာကလည်း အဒေါ်တွေ၊ အဖွားတွေ၊ ဦးလေးတွေ စုံစိ၊ စကားတွေကများပြီး နားတွေကို ညည်းနေတာပဲ။ အဲ…  အဲ့ဒီအစ်မကတော့ အဆိုးဆုံးပေါ့”

အိန္ဒိယမလေးက ဆံပင်လေးများကိုခါ၊ ခြေလေးဆောင့်ကာဆောင့်ကာ ရေပက်မဝင်ပြောနေစဉ်၊ ဂျူနီယာသာအေးကတော့ လက်မှလက်ပတ်နာရီကို ငုံ့ကြည့်ကာ တွေတွေကြီးရပ်နေလေသည်။ မိတောလည်း ကိုယ့်ကိုကိုယ် ခြောက်နှစ်သမီးလောက်တောင် စကားမပြောတတ်သည်ကို သတိထားမိလိုက်လေ၏။

မိတောသည် အိန္ဒိယမလေးကိုငေးကြည့်ရင်း တတ်လိုက်တာဟု တွေးနေစဉ် နောက်ထပ် ကျောင်းသားလေးများ ရောက်လာကြလေသည်။ ထိုအထဲတွင် ကိုရီးယားမလေးများနှင့် တရုတ်မလေး လေးငါးယောက်ခန့် ရှေ့ဆင့်နောက်ဆင့်ရောက်လာကာ ငြိမ်သက်စွာ တန်းစီနေကြလေသည်။ ပါးအို့လေးများရဲနေပြီး ကုတ်အကျီ င်္ခပ်ထူထူလေးများ၊ ကျောပိုးအိတ်လေးများကိုယ်စီဝတ်ကာ၊ လက်ကလေးများကို ရှေ့တွင်ယှက်ပြီး အာရှမိန်းကလေးများပုံစံအတိုင်း ယဉ်ကျေးသိမ်မွေ့စွာ ရပ်နေကြလေသည်။ သူတို့၏ပုံစံမှာ ရုပ်ရှင်တွေထဲတွင်မြင်ရတတ်သော ဟန်ဘော့လေးများဝတ်ထားသည့် ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးများပုံစံအတိုင်း ဖြစ်နေလေသည်။ မိတောလည်း …. ချစ်စရာကောင်းလိုက်တာ၊ လိမ္မာယဉ်ကျေးလိုက်တာလေးတွေဟု တွေးတောကာနေမိလေသည်။ ဝန်ခံရလျှင်… ဂျူနီယာသာအေး အကြောင်းကြောင်းကြောင့် မြန်မာ/ဗမာ မလေးတစ်ဦးဦးနှင့် မဆုံဆည်းခဲ့ပါက၊ ယခုလို လိမ္မာယဉ်ကျေး၊ ဗိုင်းကောင်းကျောက်ဖိ၊ လူကြီးရိုသေ၊ ယောင်္ကျားလေးစား၊ မိမိကိုယ်ကိုလည်း လေးစားသော အာရှသူလေးတစ်ဦးဦးနှင့် အကြောင်းပါလျှင်………. ဆိုပြီး လာမည့်နှစ်များစွာကို ကြိုပြီး အရှည်ကြီးတွေးပစ်လိုက်မိကာ၊ စိတ်ကူးထဲတွင် အင်လော (in-laws) များနှင့် ထမင်းလက်ဆုံပင် စားနေမိပြီ။

ထိုအချိန်တွင် ဂျူနီယာသာအေးသည် ဘာစိတ်ကူးပေါက်သည်မသိ မိတောဘက်ကို လက်ညှိုးကြီးထိုးကာ…
“အဲ့ဒါ ငါ့ မေမေ ပဲ” ဟု အသံကျယ်ကြီးနှင့်ဆိုလေသည်။ သူတို့ကို တစ်ခါတစ်ရံမှ ကျောင်းလိုက်ပို့သည်ဖြစ်သဖြင့် ကျေနပ်နေဟန်ဖြင့် ဂျူနီယာသာအေးက ပြုလုပ်ပုံရသော်လည်း ဘေးနားမှ မိဘများအားလုံးကပါ မိတောကို လှည့်ကြည့်သဖြင့် အူကြောင်ကြောင်ဖြစ်ကာ ပြုံးပြမိရာဝယ်၊ ကလေးများကို ကျောင်းလိုက်ပို့ကြသော ကိုရီးယားမိခင် ဖခင်များ၊ အဘိုးအဘွားများက သူတို့ယဉ်ကျေးမှုအတိုင်း ခါးတွေကိုင်းကာကိုင်းကာ အန်ရောင်ဟားစီယို လုပ်ကြသဖြင့် မိတောမှာလည်း ပြန်ခါးကိုင်းကာ အန်ရောင် ရတော့သည်။

ထိုအချိန်တွင် ခုနက ဗိုင်းကောင်းကျောက်ဖိ အာရှသူလေးများနှင့် အိန္ဒိယမလေးက ခေါင်းချင်းဆိုင်ရင်း ပါးစပ်လေးများကို လက်ကလေးနှင့်အုပ်ကာ မိတောကိုကြည့်ရင်း တီးတိုးသဖန်းပိုးလုပ်ကြလေတော့သည်။

ဂျူနီယာတော ငယ်စဉ်က တစ်ခါခံရဖူးသော မိတောသည် သူတို့ဘာပြောနေမည်ကို သိနေလေသည်။ မိတော ဆံပင်က ဘာကြောင့် နီညိုရောင်သန်းနေရတာလဲ၊ မိတော အနွေးထည်က ဘယ်သို့ဘယ်ပုံဖြစ်ရတာလဲ၊ နှုတ်ခမ်းကဘာကြောင့်နီနေရတာလဲ စသည်.. ပြောနေကြမည်မှာ သေချာသည်။ ကလေးတွေ ကျောင်းသွားကတည်းက အိမ်မှာ စကားတောင် ကျယ်ကျယ် မဟရဲတော့။ အဘယ်ကြောင့်ဆိုသော် အိမ်မှာအပ်ကျသည်ကအစ ကျောင်းတစ်ခန်းလုံး သိနေတတ်ကြခြင်းကြောင့်ပင်။

ဆရာမများကလည်း စာစီစာကုံး၊ လက်ရေးလှ၊ သတ်ပုံစသည်.. လေ့ကျင့်ပေးရန်အတွက် ကလေးများကို ဒိုင်ယာရီ၊ အက်ဆေး စသည်များကို ရေးခိုင်းတတ်သေးသည်။ လေ့ကျင့်ခန်းစာအုပ်များအားလုံးကို ကျောင်းမှာအကုန်ထား၊ တစ်နှစ်လုံးရေးချွတ်လေ့ကျင့်ပြီးသကာလ၊ နှစ်ကုန်လျှင် မိဘများလက်ကို အပ်ကြလေသည်။ နှစ်ကုန်မှ သားသမီးများ၏ စာစီစာကုံး၊ အက်ဆေး၊ ဒိုင်ယာရီ စသည်များကို ဖတ်ခွင့်ရသော မိတောမှာ ပါးစပ်အဟောင်းသားဖြစ်ရလေသည်။ အိမ်မှာ ပန်းကန်းခွဲပစ်လို့ ဆူခြင်း၊ ဒဏ်ပေးခြင်းကအစ၊ သူတို့ကိုဘာမုန့်တွေကျွေးသည်၊ ဘာချက်ကျွေးသည်၊ သွားသောခရီးများ၊ မိဘဘိုးဘွားများအကြောင်းက အလယ်၊ စိတ်တိုပြီးပြောမိသည့် စကားလုံးများနှင့် မြန်မာနိုင်ငံနိုင်ငံရေးအပေါ် ကိုရင်နှင့်ဆွေးနွေးချက်များအဆုံး ကျောင်းလေ့ကျင့်ခန်းစာအုပ်ထဲတွင် စာစီစာကုံးများအနေနှင့် အကုန်ရှိနေသည်ကို တွေ့ရလေ၏။ မိဘများ၊ အိမ်သားများအကြောင်းကို သူတို့အချင်းချင်း ဘာတွေဆွေးနွေးတိုင်ပင်ပြောဆိုကြလေမည်မလဲ မိတော့ မတွေးဝံ့။ စောနလေးကတင် အစ်မဝမ်းကွဲလုပ်သူက ဆရာမကြီးလုပ်တတ်သည့်အကြောင်း သူငယ်ချင်းအချင်းချင်း ဖောက်သယ်ချပြီးလေပြီ မဟုတ်ပါလား။
ထို့ကြောင့် မိတောမှာ… သူတို့ခေါင်းချင်းဆိုင် တီးတိုးသဖန်းဖိုးလုပ်နေသည်ကို ရင်မဆိုင်ရဲသဖြင့် ကိုရီးယားမကြီးတစ်အုပ်စုနောက် အသာကွယ်ကာ ရပ်နေရလေသည်။

မိတောထိုသို့ ကွယ်ရပ်နေစဉ် အနားသို့ အိန္ဒိယလူမျိုး ကျောင်းသားအဘွားတစ်ဦး ရောက်လာလေသည်။ အဘွားဆိုသော်လည်း ငါးဆယ်ကျော်ခြောက်ဆယ်ခန့်သာ ရှိပေဦးမည်။ ကိုယ်စီဟိုင်းလုပ်ကြပြီးသည့်အချိန်ဝယ် မိတောကို စစ်ဆေးခန်းဝင်တော့လေသည်။
ဘယ်လမ်းထဲမှာနေတာလဲ၊ ဒီရပ်ကွက်ကို ပြောင်းလာတာကြာပြီလား၊ ဘယ်တိုင်းပြည်ကလဲ၊ အရင်က ကလေးတွေကို လိုက်ပို့တာ မမြင်မိပါလား၊ အလုပ်လုပ်လား….. စသဖြင့် စုံစိနေအောင် မေးလေသည်။ ဘာကားစီးလဲ၊ နံနက်စာဘာစားသလဲ၊ ပေါင်မုန့်စားလား၊ ဘယ်နှစ်ချပ်စားလာသလဲ၊ လက်ဘက်ရည်ကော သောက်သေးလား၊ သကြားဘယ်နှစ်ဇွန်းလဲ စသည်… မေးမလာသည်ကိုပင် ကျေးဇူးတင်ရပေမည်။ ရပ်ကွက်တစ်ရပ်ကွက်ကို သူကအရင်ရောက်နှင့်တာလား၊ ကိုယ်ကအရင်ရောက်နှင့်တာလားကအစ တွက်ချက်တတ်သော သူအချို့ကိုလည်း နားမလည်နိုင်။ မိတောလည်း ထိုအန်တီထက်အရင် နှစ်အနည်းငယ်က ဤရပ်ကွက်ကို ကြိုရောက်နေသည်ကို သိသွားမှ ငြိမ်သွားလေသည်။ မိတောမှာ ဘယ်သူဘာကားစီးစီး၊ ကျောင်းကို ဟတ်စကီးနှင့်ပဲ လာလာ၊ အာကာသယာဉ်မှူးပဲ လုပ်စားစား၊ ပဲပြုတ်ရောင်းပြီးပဲ အသက်မွေးဝမ်းကျောင်းကျောင်း စိတ်မဝင်စားသလို၊ ကိုယ့်ကို ဟိုမေးဒီမေးတွေမေးလာလျှင်လည်း အပိုစကားတွေပြောနေရသည်ဟု ထင်မိသဖြင့် ကောင်းကင်ပြာကြီးကိုသာ ငေးနေမိလေသည်။ ထိုအန်တီသည် မပြီးသေးဘဲ၊ မိတော မြန်မာပြည်မှာလာသည်ဟု ဖြေထားမိသဖြင့်… မြန်မာပြည်သည် တစ်ချိန်က အိန္ဒိယလက်အောက်ခံ ဖြစ်ခဲ့ကြောင်းကို စကားစလာတော့သည်။

ထိုစကားကြားသည်တွင် မိတောကိုယ်ထဲရှိသွေးများသည် ခပ်နွေးနွေးဖြစ်လာသလို ရှိလေ၏။ ထိုစကားကို မိတောခရီးသွားတိုင်း လေယာဉ်ပျံများ၊ ရထားများပေါ်တွင် အိန္ဒိယလူမျိုးများအနားထိုင်မိပါက မကြာခဏကြားရတတ်လေသည်။ သူတို့သမိုင်းစာအုပ်များတွင် မည်သို့သင်ကြားထားမည်လဲဟုလည်း စိတ်ဝင်စားမိသေးသည်။ မြန်မာပြည်သည် အိန္ဒိယလက်အောက်ခံဖြစ်ခဲ့ဖူးသည်ဟု ပြောလာကြသည်တိုင်းလည်း ပြီးပြီးရော မနေနိုင်ခဲ့။
မိတောလည်း မြန်မာပြည်သည် အိန္ဒိယလက်အောက်ခံတိုင်းပြည် မဟုတ်ကြောင်း၊ အင်္ဂလိပ်က အိန္ဒိယကိုသာမက၊ မြန်မာပြည်ကိုပါ ကျွန်ပြုသွားတာဖြစ်ကြောင်း၊ အင်္ဂလိပ်မင်းများက အိန္ဒိယမှတဆင့် မြန်မာပြည်ကို လှမ်းအုပ်ချုပ်တာဖြစ်ကြောင်း၊ သူတို့ခန့်အပ်သည့်သူများအထဲတွင် အိန္ဒိယသားများ ပါနိုင်ကြောင်း၊ ထိုသူများက မြန်မာပြည်ကိုအုပ်ချုပ်သည့်သူများအထဲတွင် ပါနိုင်ကြောင်း၊ သို့သော်လည်း သူတို့ကိုယ်တိုင်က အင်္ဂလိပ်မင်းများကို ရီပေါ့ပေးရတာဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သည် အိန္ဒိယလက်အောက်ခံကိုလိုနီတိုင်းပြည်မဟုတ်။ အိန္ဒိယကော မြန်မာပြည်ပါ နှစ်နိုင်ငံလုံးက အင်္ဂလိပ်၏ ကိုလိုနီများဖြစ်ခဲ့ကြရခြင်း၊ အိန္ဒိယနှင့်မြန်မာပြည်သည် အဆင်ပြေစွာရှိနေကြခြင်းများကို တိုတိုတုတ်တုတ် ပြောလိုက်မိလေသည်။ အင်္ဂလိပ်များ၏ ကျွန်ပြုခြင်းသည် အိန္ဒိယမြေပေါ်မှာလား၊ ရေအောက်ထဲက အိန္ဒိယ plate ပေါ်မှာလား၊ sub-colonial တွေလား၊ ဒါ့အပြင် Dutch India, ပြင်သစ်အင်းဒီးယား စသည်တို့ပါ ဆွဲထည့်လာမည်ဆိုက တစ်ထောင်တစ်ညပုံပြင်များဖြစ်ကုန်မည်ဖြစ်လေသည်။ တိုင်းပြည်နှစ်ခုလုံး ကျွန်ဖြစ်ခဲ့ရသည်အတူတူ ဘာဖြစ်လို့ တမူးသာချင်ရသည် မသိ။ ကျွန်ထက်ဆိုးသော သဘောက် အဖြစ်တော့ သမိုင်းအဝင်မခံနိုင်။

မိတောလည်း အိန္ဒိယ-မြန်မာ စကားစစ်ပွဲမဖြစ်ချင်၍ ထိုအန်တီကြီးနားမှ မသိမသာ ဖယ်လာကာ အပြစ်ကင်းစင်သော ကလေးလေးများကို ပြန်ငေးကြည့်ရင် စိတ်က ပြန်ကြည်လင်လာတော့သည်။ အတန်းတံခါးအဖွင့်ကို တန်းစီရပ်နေကြသော ခြောက်နှစ်အရွယ် ကလေးများထဲတွင် လူဖြူလေးများ၊ အညိုရောင်၊ အဝါနုရောင်၊ ပန်းရောင်လွှမ်းသော အာရှသားလေးများ၊ လူမည်းလေးများဖြင့်အသားအရောင်က စုံလင်လှပေသည်။ ကျောင်းတက်ခေါင်းလောင်းသံကို ထိုသို့တန်းစီစောင့်နေကြသူများထဲတွင် ဂျိုနာဟု အမည်ရသော လူမည်းလေးတစ်ဦးလည်း ပါလေသည်။ သူ၏ခန္ဒာကိုယ်သည် လုံးလုံးကလေးဖြစ်ပြီ၊ ဆံပင်ကွေးကွေးကောက်ကောက်လေးများနှင့် အလွန်ချစ်စရာကောင်းလေသည်။ ထိုလူမည်းကလေးလေး၏ မိခင်သည် ဆွတ်ဆွတ်ဖြူနေသော လူဖြူမကြီးတစ်ဦးဖြစ်လေသည်။ ထိုလူဖြူမကြီးသည် ဂျိုနာ့ကို မွေးစားထားသလား၊ ဒါမှမဟုတ် မိဘဘိုးဘွားများတစ်နေရာရာမှပါလာသော လူမည်းသွေးက ထိုကလေးလေးမှာမှ လာပေါ်လေသည်လား မိတော မသေချာ၊ သေချာတာကတော့ အနှီလုံးတုံးကစ်ပုဆံပင်ကောက်ကွေးလေး ဂျိုနာသည် အလွန်ချစ်စရာကောင်းနေခြင်းပင်။

ဂျိုနာနှင့်ပတ်သက်သော အဖြစ်တစ်ခုကို သွားသတိရမိသေးသည်။ ဂျူနီယာသာအေး၏ အတန်းပိုင်ဆရာမနှင့် မျက်နှာချင်းဆိုင်မိသောတစ်နေ့။ ဆရာမက စကားပြောစရာရှိ၍ အတန်းထဲသို့ ခေတ္တလာရန် ဆိုလေသည်။ ဂျူနီယာသာအေးတစ်ယောက် ဘာတွေများစည်းကမ်းပျက်သလဲဟု စိတ်ထဲ ဒိန်းကနဲ ဖြစ်သွားသေးသည်။ အတန်းထဲရောက်တော့ ဆရာမက ပြောပြသည်မှာ… ဂျိုနာ့ကို အာရှမှ အသားအညိုရောင်ရှိသည့် ယောင်္ကျားလေးတစ်ဦးက မင်းအသားအရည်က အရောင်မလှဘူးဟု ဆိုလေကြောင်း၊ ထိုသို့ပြောခံရသဖြင့် လူမည်းဂျိုနာလေးမှာ လွန်စွာစိတ်မကောင်းဖြစ်သွားကြောင်း၊ ထိုအချိန်တွင် ဂျူနီယာသာအေးက တစ်စုံတစ်ရာဝင်ပြောလိုက်ကြောင်း …
ဆရာမက ပြောနေရင်း မေ့သွားဟန်ဖြင့် ဂျူနီယာသာအေးကို လှမ်းခေါ်ကာ…

‘ခဏလေးလာဦး…. မင်းမေမေကိုပြောလိုက်၊ အဲဒီနေ့ကဖြစ်တဲ့ကိစ္စမှာ မင်းဘယ်လိုဝင်ပြောလိုက်တယ်ဆိုတာ…’
ဂျူနီယာသာအေးသည်လည်း ကျောပိုးအိတ်ကလေးကို သေချာချိတ်အပြီး တုတ်တုတ်တုတ်တုတ်ဖြင့် လျှောက်လာကာ….

‘ဂျိုနာ့ကို ဟိုတစ်ယောက်က မင်းအသားက ငါ့အသားထက်ညိုလွန်းတယ်၊ မီးခိုးရောင်လိုပဲ၊ မလှဘူးလို့ပြောတော့ .. သားက ဝင်ပြောလိုက်တာ….’

‘အင်း.. သားဘယ်လိုပြောလိုက်လဲ…’

‘မင်းအသားက မီးခိုးရောင်ဆိုပေမယ့် ရွှေအိုရောင်သန်းတဲ့ မီးခိုးရောင်… လို့ပြောလိုက်တယ် မေမေ၊ သားဝင်ပြောလိုက်မှ ဂျိုနာ မငိုတော့ဘူး မေမေ’

ထိုနေ့က မိတော စိတ်ထဲမှာကြိတ်ပြီးပျော်မိသည်။ ဆရာမ၏မျက်လုံးများကလည်း မိတောကိုကော ဂျူနီယာသာအေးကိုပါ ကျေနပ်ပြီးအရောင်လက်နေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို ပြန်သတိရမိသည်။

ဂျိုနာ့အကြောင်း မိတောတွေးမိနေစဉ် ကျောင်းတက်ခေါင်းလောင်းထိုးသွားပြီ။ ဆရာမက အခန်းတံခါးဖွင့်မပေးသေး။ ဂျူနီယာသာအေးသည် နာရီတကြည့်ကြည့်ဖြစ်နေသည်ကို သတိထားမိလေသည်။ တန်းစီရပ်စောင့်နေစဉ်ကာလတစ်လျှောက်လုံးလည်း အိန္ဒိယမလေးပြောသမျှ အင်းမလှုပ်အဲမလှုပ်နားထောင်နေသော ဂျူနီယာသာအေးသာမက၊ ဗိုင်းကောင်းကျောက်ဖိချစ်စရာကောင်းလွန်းလှသော ပါးအို့ရဲရဲကိုရီးယားမိန်းကလေးအုပ်စုသည်လည်း တလှုပ်ရွရွဖြစ်လာနေသည်။
ထိုအချိန်တွင် ဂျူနီယာသာအေးသည် အသံအကျယ်ကြီးဖြင့် ထအော်လေတော့သည်။

‘ကျောင်းခေါင်းလောင်းတီးပြီးလို့ တစ်မိနစ်ခွဲကြာသွားပြီ၊ ဆရာမနောက်ကျနေတယ်၊ ဆရာမ နောက်ကျတဲ့စလစ်ယူဖို့ ကျောင်းအုပ်ဆရာကြီးရုံးခန်းကိုသွားပါ..’

ထိုသို့အသံကျယ်ကြီးဖြင့် အော်ရာဝယ် ကိုရီးယားမလေးအုပ်စုထဲမှာ ရှေ့ဆုံးကတစ်ယောက်က ဂျူနီယာသာအေးကို လက်ညှိုးနှုတ်ခမ်းမှာကပ်ကာ ရူးးးးးးးး ဆိုလုပ်ပြလေသည်။ ဂျူနီယာသာအေးက ဂရုမစိုက်ဘဲ ခုနကအတိုင်း ထပ်အော်လေသည်။

မိတောလည်း ဂျူနီယာသာအေးကို အဝေးမှကြည့်ကာ မလုပ်ရဘူးဆိုသည့် အမူအယာဖြင့် လက်ကာပြသော်လည်း ထိုကလေးလေးက မိခင်ကိုတောင် ဂရုမစိုက်တော့။

ဆရာမ နောက်ကျစလစ်ယူပါ၊ ကျောင်းအုပ်ဆရာကြီးအခန်းကိုသွားပါ။ ဆရာမ နောက်ကျစလစ်ယူပါ၊ ကျောင်းအုပ်ဆရာကြီးအခန်းကိုသွားပါ.. ဟု တွင်တွင်ဆိုနေလေသည်။ ထိုအချိန်တွင် တန်းစီစောင့်နေသော ကျောင်းသားကျောင်းသူလေးများအားလုံးက ‘ဆရာမ နောက်ကျစလစ်ယူပါ’ ဟု ဂျူနီယာသာအေး ကရှေ့ကတိုင်လျှင်.. ‘ကျောင်းအုပ်ဆရာကြီးရုံးခန်းသွားပါ’ ဟု နောက်က လိုက်ဆိုကြလေတော့သည်။ ထိုအထဲတွင် ခုနက ဗိုင်းကောင်းကျောက်ဖိ၊ လိမ္မာယဉ်ကျေး၊ ပါးအို့ရဲရဲ၊ မျက်လွှာချမ လေးများကလည်း လှုပ်လှုပ်ရှားရှားဖြစ်ကာ ခုန်ခုန်ပြီးလိုက်အော်ကြလေတော့၏။ တခွီးခွီးရယ်ကာ လက်တွေဘာတွေပါထောင်ပြီး ဆူညံစူးရှစွာ အော်ကြလေပြီ။ ခြေဆောင့်ခုန်သည်မှာ ဂါဝန်တောင် အပေါ်လန်တက်ကုန်ကြသဖြင့် မိတော့လည်း….

‘ဟဲ့…ဟဲ့.. ငါ့ ဗိုင်းကောင်းကျောက်ဖိမလေးတွေ ဘယ်လိုဖြစ်ကုန်တာလဲ..’ ဟု စိတ်ထဲက ဖြစ်မိလေသည်။

ပတ်ဝန်းကျင်အနီးအနားတစ်ခုလုံးလည်း သူတို့သံချပ်သံဖြင့် ညံကာနေသည်။ တစ်အောင့်နေတော့ ဆရာမက ပြုံးပြုံးလေးနှင့် အခန်းတံခါးဖွင့်ပေးလာသည်။ ခုနက အိနြေ္ဒမရ အော်ဟစ်ဆူညံခုန်ပေါက်နေသူ အားလုံးက သူတို့မဟုတ်သည့်ပုံစံဖြင့် ငြိမ်ကျသွားကာ ကျောပိုးအိတ်လေးများလွယ်လျှက် အခန်းထဲသို့ တန်းစီကာ ဝင်သွားကြလေတော့မှ မိတောလည်း သက်ပြင်းချကာ အိမ်ပြန်ခဲ့ရလေသတည်း။

အိမ့်ချမ်းမြေ့
၁၅ ဒီဇင်ဘာ ၂၀၁၅

2 Comments »

  1. ဖတ်လို့ကောင်း… ချစ်စရာကောင်း…
    By the way, Raccoon လေးတွေကို လာရင် ဓါတ်ပုံရိုက်ထားလို့ ရမလားဟင်
    အမမှာ အရင်က Raccoon မွေးပွ အရုပ်တစ်ခုရှိတယ် အရမ်းချစ်စရာကောင်းတယ်
    အဲဒါ သတိရသွားလို့ အိမ်ကိုလည်း အဲဒီအရုပ် ပြန်မှာထားတယ်… ဟိဟိ

    Comment by သက်ဝေ — December 16, 2015 @ 5:31 pm

  2. website ဘက် မရောက်လို့.. ခုမှ ကော့မန့်တွေ့တယ် အစ်မသက်..
    ရက်စ်စ် .. အိမ်ကိုလာရင် ဓာတ်ပုံရိုက်ထားပေးမယ်နော်..

    Comment by မလေး — December 29, 2015 @ 5:07 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------