♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 10, 2012

မိတောနှင့် ဘဲဆီ

Filed under: ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:22 pm

တစ်နေ့သ၌ မိတောသည် မီးဖိုချောင်ထဲတွင် ငပိဖုတ်ရန်နည်းလမ်းကို ရှာကြံနေလေသည်။ ငယ်စဉ်က အဒေါ်များ ငပိဖုတ်သည်ကို မြင်ဖူးသည်နှင့်၊ ယောက်မတစ်ချောင်းတွင် ငပိကိုဇွန်းကလေးနှင့် ဖိကပ်ကာ၊ အိမ်အပြင်မီးဖိုကိုမွှေးကာ ယောက်မကို မှောက်လျှက် ငပိကင်လေသည်။ ငပိနံ့ကလေးသင်းလာသည်နှင့် တပြိုင်နက် ထုံးစံအတိုင်း ကနေဒီယန်ယင်ကောင်များသည် အရူးအမူးဖြစ်ပြန်သဖြင့် ထင်းရူးတောများကိုဖြတ်လျှက် ကဆုန်ဆိုင်းပျံသန်းလာကြလေ၏။ မိတောလည်း “နေနှင့်ကြဦး” ဟု ယင်ကောင်များကို ကြိမ်းဝါးကာ၊ မီးဖိုအဖုံးကို ပိတ်လိုက်ပြီး အိမ်ထဲမှာ အခြေအနေကိုစောင့်ကြည့်နေလေသည်။
ယင်ကောင်များသည်လည်း မီးဖိုနားမှာ ၀ိုင်းအုံပျံသန်းနေသော်လည်း အဖုံးပိတ်ထားသည်မို့ ဘာမှလုပ်မရ။

“ခုတော့ နင်တို့.. ဘာတတ်နိုင်သေးလဲ.. ဟွန်း”

ယင်ကောင်များကို အိမ်ထဲမှချောင်းကြည့်ရင်း လက်သီးလက်မောင်းတန်းနေသော မိတော… မျက်လုံးပြူးသွားသည်။ အကြောင်းမှာ အဖုံးပိတ်ထားသော မီးဖိုထဲမှာ မီးထတောက်နေသည်ကို မြင်သောကြောင့်ဖြစ်လေသည်။

အိမ်အပြင်ကို ကသောကမျောအမြန်ထွက်၊ အဖုံးကိုလှန်ကြည့်မိတော့…

ငပိများလည်း မီးထဲအကုန်ပြုတ်ကျ၊ အရည်ပျော်လောင်ကျွမ်းကာ၊ ယောက်မပါ မီးကူးလျှက် တစ်ခြမ်းပဲ့သွားလေ၏။

မိတောလည်း စိတ်တိုတိုနှင့် ကွန်ပြူတာကိုဖွင့်ကာ အင်တာနက်တစ်ခွင် ငပိဖုတ်နည်းရှာကြည့်လိုက်သည်၊ မတွေ့။ ဟင်းချက်နည်းဝက်ဆိုက်များစွာတွင် ဟင်းချက်နည်းပေါင်းများစွာကို ကျွမ်းကျင်ပိုင်နိုင်စွာလက်စွမ်းပြလျှက်၊ လှလှပပပြင်ဆင်လို့ တင်ထားနိုင်လွန်းသည့် မမများ ညီမများ၏ ဓာတ်ပုံများကို ငေးမောလျှက်နေရလေသည်။ သို့နှင့် ငပိလေးတောင် ဖြောင့်မတ်အောင် မကင်နိုင်သော ကိုယ့်ကိုကိုယ်ဒေါသထွက်ပြီး၊ ဖဘပေါ်တက်ကာ စကားလုံးရှစ်လုံးဖြင့် ဖောက်ခွဲပစ်လိုက်၏။

“ငပိဖုတ်ခြင်း အနုပညာ”

စက္ကန့်ပိုင်းအတွင်း မိတော၏ ချစ်ဖွယ်သော ဖဘ မိတ်ဆွေသူငယ်ချင်းများသည် လိုက်ခ် နှိပ်၍တစ်မျိုး၊ ငပိကင်နည်းအမျိုးမျိုးဖြင့်တစ်ဖုံ အားပေးကြလေ၏။ အဲဒီတော့မှလည်း မိတောလည်း စိတ်ပြေသွားကာ မထီတရီငါးခူပြုံးလေးဖြင့် ပြုံးနိုင်လေသည်။

ထိုသို့… ငါးခူပြုံးလေး ပြုံးနေချိန်ကလေးမှာ.. အိမ်ရှေ့တံခါးမကြီးကို တွန်းဖွင့်လျှက် ရုံးကပြန်လာသော ကိုဗျိုင်းက အိမ်ထဲဝင်လာလေသည်။ အိမ်ရှေ့တံခါးမှ လှမ်းကြည့်လျှင် မိတော ထိုင်နေရာနေရာကို တန်းတန်းမတ်မတ်မြင်ရနိုင်သည်။

“သဲရေ… သဲမလေး…”

“………….”

“သဲမလေးရေ… ချစ်သဲမလေး”

“………….”

ကိုဗျိုင်း၏ သဲမလေး ခေါ်သံကလွဲလို့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။ ကိုဗျိုင်းလည်း အပေါ်အကျီ င်္ကိုချွတ်၊ ပိုက်ဆံအိတ်ကိုချကာ တည့်တည့်ကြီးမှာ ငုတ်တုပ်ကြီးထိုင်နေသော၊ ငါးပိနံ့သင်းနေသော မိတောကိုကျော်ဖြတ်ကာ “သဲမလေးရေ..” ဟု တကြော်ကြော်အော်ကာ အိမ်ပေါ်သို့ တက်သွားလေသည်။
ကိုဗျိုင်းက မိတောကို မမြင်ခြင်းလည်းမဟုတ်၊ မြင်၏။ မိတော ကိုယ်ပျောက်နေခြင်းလည်း မဟုတ်။ ဒါဆိုဘာလို့ တကြော်ကြော်ခေါ်ကာ အိမ်ပေါ်တက်သွားသလဲ၊ ကိုဗျိုင်းဒီလောက်ကြီးခေါ်နေတာကို မိတောကကော ဘာဖြစ်လို့ မထူးရတာလဲဟု စာဖတ်သူများကမေးလျှင်၊ ကိုဗျိုင်းက မိတောကိုခေါ်ခြင်းမဟုတ်၊ သမီးဖြစ်သူဂျူနီယာတောကိုသာ ခေါ်ခြင်းဖြစ်သည်ဟု ၀မ်းနည်းစွာဖြေရုံသာ ရှိတော့လတံ့။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

ထိုငပိဖုတ်ခြင်း အနုပညာကိစ္စပြီးသွားပြီး သုံးလေးရက်ခန့်ကြာသောအခါ….

မိတောတစ်ယောက် ငပိဖုတ်ခြင်းအနုပညာနှင့်မဆိုင်သောအခြားအကြောင်းတစ်ခုကြောင့် အပြင်းအထန် နေမကောင်းဖြစ်ကာ အရေးပေါ်လူနာဌာနသို့ ညကြီးရောက်သွားရလေ၏။

တစ်မြို့တစ်ရွာမှ အလည်ရောက်နေသာ ဦးလေးမိသားစု လာလည်မည်ဆိုသည့်အတွက် မိတောနေ့လည်စာကျွေးရန် စီစဉ်ထားသမျှကိုလည်း ဖျက်လိုက်ရသည်။

တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်း၊ ဘယ်ဘက်ခြမ်းတစ်ခြမ်းလုံး နာကျင်ကိုက်ခဲ၊ မူးဝေအော့အန်ကာ၊ ရင်ဘတ်တွေကြပ်လျှက်၊ ကုတင်ပေါ်တွင် နားနေရလေ၏။ သွေးတိုင်း၊ အီးစီဂျီရိုက်၊ ဆေးတစ်လုံးထိုး စသည့်ကိစ္စများဖြင့် အလုပ်ရှုပ်နေလေသည်။ ကိုဗျိုင်းက မိတောနားမှာ ထိုင်နေလေသည်။ မိတောလည်း အလင်းရောင်မခံနိုင်လွန်း၍ စောင်ကိုပါ ခေါင်းမြီးခြုံကာ နေနေလေသည်။ ကိုတောထိုင်နေသည့် နေရာကဆိုလျှင် အရေးပေါ်ဌာန အည့်ကြိုနေရာကို မြင်နေရလေသည်။ သူနာပြုများက ရောက်လာသော လူနာများကို ထုံးစံအတိုင်း မေးနေကြမေးခွန်းများကို မေးနေလေသည်။

“ဒီမေးခွန်းတွေ ချည်းပဲ……”

“………….”

“ဒါတွေပဲ မေးနေတယ်…”

“………….”

“နာ့စ်တွေကလည်း အမျိုးမျိုး၊ အလုပ်ကို တစ်ကယ်စိတ်ဝင်စားတဲ့ နာ့စ်ကလည်း ရှားပါ့ဗျာ”

“………….”

“တက်တူးနာစ်၊ ပဲနာစ်”

“………….”

“မေးခွန်းလေး ၁၀ခုလောက်ကိုတောင် အချို့ဆို ဖြောင့်အောင် မမေးဘူးဗျာ၊ လူနာကောင်လေးကို ပဲပေးနေတယ်၊ အချို့ကတော့ တစ်ကယ်ကို အလုပ်ကို စိတ်ဝင်စားပါတယ်”

“………….”

“နော်… တက်တူးနာ့စ်ရှိတယ်၊ ပဲ နာ့စ် ရှိတယ်”

“တော်တော့ ……. ဒီမှာ မိန်းမက ဒီလောက်ဖြစ်နေတာ၊ သူက နာ့စ်တွေကို လိုက်ကြည့်နေတယ်၊”

မိတော သည်းညည်းခံနိုင်မှု ကုန်ဆုံးသွားပြီဖြစ်သည်။ ဘေးက ဘာတွေရွတ်နေမှန်းမသိသော ကိုဗျိုင်းကို ဆူလိုက်မိသည်။

“အွမ်… သူ့အတွက် ကုန်ကြမ်းရှာပေးနေတာလေ”

“ကျွတ်….. ဒါကုန်ကြမ်းရှာပေးရမယ့် အချိန်လားလို့၊ ချမ်းလို့သေတော့မယ်၊ ရှော့ခ်တွေ ရနေပြီထင်တယ်။ ဆိုဒီယမ်တွေ၊ ပိုတက်စီယမ်တွေ အကုန်ကျကုန်ဘီထင်တယ်”

“ဘာမှမဖြစ်ပါဘူးကွာ…၊ မင်းကလည်း သဲလွန်းတယ်”

“ကြည့်မနေနဲ့ နာ့စ်တွေကို၊ ဒီကိုကြည့်။ ဒါနဲ့.. ဘာလဲ တက်တူးနာ့စ်၊ ပဲနာ့စ်နဲ့ တတွတ်တွတ်ရွတ်နေတာ”

“သြော်… နာစ်တွေထဲမှာတောင် အလုပ်စိတ်မ၀င်စားဘဲ ပဲ ထုတ်ချင်နေတဲ့ နာ့စ် နဲ့ လက်သည်းရှည်နာ့စ် တွေကတော့ ပဲနာ့စ်။ နောက်လက်ဖျံတွေ၊ လက်မောင်းတွေထိ ဆေးမှင်ကြောင်တွေ ပရပွထိုးထားတဲ့ နာ့စ်တွေကတော့ တက်တူးနာ့စ်။ အဲသလို ပြောတာပါကွာ”
ချမ်းလွန်းလို့ တုန်တက်နေရသည့်အထဲ နာ့စ်အနာလိုင်ဇေးရှင်းလုပ်နေသော ကိုဗျိုင်းကိုလည်း နားထောင်နေရသေးသည်။

“လူနာတွေက ကြောက်ရှာမှာပေါ့၊ နေမကောင်းရတဲ့အထဲ၊ တက်တူးတွေပရပွနဲ့ဆိုရင်…. နော်…. ဘယ်လိုများ အလုပ်ရလဲ မသိဘူး”

“မသိဘူးရှင်….. မသိဘူး၊ သူ့ဟာသူ ဘယ်လိုရရပေါ့လို့၊ တက်တူးတွေဖုံးအောင်လို့ လက်ရှည်ဝတ် အင်တာဗြူးလာမှာပေါ့၊ လက်သည်းတွေညှပ်လာမှာပေါ့.. တကတည်း”

မိတောမှာ နေမကောင်းရသည့်အထဲ နာ့စ်မ လက်က တက်တူးကိစ္စကို ဖြေရှင်းနေရသေးသည်။

“ဆေးရုံကဆင်းတာနဲ့ သားရေဂျက်ကတ်နဲ့၊ လည်ရှည်ဘွတ်နဲ့ ဆိုက်ကယ်အကောင်းစားနဲ့ ဘယ်လိုမှ နာ့စ် လို့ မထင်ရတာမျိုးတွေဖြစ်မယ်”

“တော်ပြီလို့ ပြောနေတယ်နော်၊ မကြည့်နဲ့တော့။ စိတ်အရမ်းတိုလာနေပြီ၊ တံခါးပိတ်ထားပေးတော့”
မိတောလည်း ခေါင်းမြီးကို ကျပ်နေအောင်ခြုံကာ တဟင်းဟင်းညည်းလျှက် တစ်ဘက်သို့လှည့်အိပ်နေလိုက်လေသည်။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

နောက်တစ်နေ့ သက်သာလာပြီး အိမ်မှာ နားနေသည့်သကာလ….
ဖုန်းဆက်ပြီး သတင်းမေးလာသော မိခင်ကြီးနှင့် ညီမကို မိတောတစ်ယောက် ကလေးဆိုးကြီးလိုဆိုးကာ အကြီးအကျယ် ဂျစ်ကျလေတော့သည်။

“ဒီလောက်ဖြစ်ပြီး ဆေးရုံရောက်တာတောင် မလာကြဘူး”

“ခုနေ သေသွားရင်တောင် သိကြမှာ မဟုတ်ဘူး”

“အိမ်မှာလည်း ဘာမှ စားစရာမရှိတော့ဘူး”

“အရမ်းလည်း ဆာနေပြီ၊ ဗိုက်တွေတောင် အောင့်နေပြီ”

ဟု ဆိုကာ ဖုန်းချလိုက်ပြီး အိပ်ရာထဲတွင် မျက်ရည်ကို အတင်းညှစ်ထုတ်ကာနေလေသည်။

ကွမ်းတစ်ရာမညက်ခင်လေးမှာ အိမ်ရှေ့တွင် ကားရပ်သံကြားလိုက်သဖြင့်၊ မိတော၏ တစ်ဦးတည်းသော ညီမတော် ရောက်ချလာပြီဆိုသည်ကို သိလိုက်သည်။ ညီမတော်နှင့်အတူ မိခင်ကြီးပါ ပါလာမည်ကို ကြိုသိသဖြင့် ခေါင်းမြီးကိုပြန်ခြုံကာ တဟင်းဟင်း ညည်းနေလိုက်လေ၏။

အခန်းထဲကို ခြေဖျားထောက်ဝင်လာကြလေသော မိခင်ကြီးနှင့် ညီမတော်ကို စောင်ခေါင်းမြီးခြုံအောက်မှ ချောင်းကြည့်ကာ ဆက်လက်ပြီး တဟင်းဟင်း ညည်းပြလေသည်။

မိခင်ကြီးလက်ထဲမှာ ပါလာသော စားစရာဗူးကိုတော့ မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

“သမီး.. ဘယ်လိုနေသေးလဲဟင်၊ ဒီမှာ ခေါက်ဆွဲကြော်၊ ညီမလေးက ဘဲကင်ယူလာပေးတယ်”

“မစားနိုင်ဘူး၊ ဒါတွေ မစားနိုင်ဘူး၊ ဘာမှကို မစားနိုင်တာ”

ထိုအချိန်တွင်…. အခြားဆွေမျိုးများလည်း ရောက်လာကာ အိမ်မှာ လူစုံစုံညီညီဖြစ်နေလေတော့သည်။ မိတောနားမှာ အဒေါ်အချို့၊ ညီမအချို့

ဝိုင်းထိုင်ကာ ရောက်တတ်ရာရာ ပြောသည့်တစ်ဝိုင်းနှင့် အိမ်အောက်မှာ နောက်တစ်ဝိုင်းဖြင့် လူစုံနေတော့သည်။ မိတောလည်း စိတ်ပြေလက်ပျောက်ဖြစ်ကာ ကြည်လင်လာတော့သည်။

မိတောညီမတော်လေးလည်း အိမ်အောက်ဆင်းကာ ခေါက်ဆွဲကြော်နှင့်ဘဲကင်ကို အောက်မှဝိုင်းသို့ သွားပေးပြီး ပြန်တက်လာလေသည်။
ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ကျန်းမာရေးကို မည်သို့မည်ပုံ ဂရုစိုက်သင့်ကြောင်း ရောက်တတ်ရာရာ ပြောနေခဲ့ကြသည်။

“မေမေ့ သူငယ်ချင်းအဘွားကြီးတစ်ယောက် အသက် ၉၀ရှိပြီ၊ ဆံပင်လုံးဝ မကျွတ်ဘူး”

“ဟယ်… သူဘာလုပ်လဲဟင် မေမေ၊ သမီးဆံပင်တွေ အရမ်းကျွတ်တာပဲ၊ သူ့နည်းကောင်းရင် လိုက်လုပ်ဦးမယ်”
ညီမတော်မျက်လုံးလေးတွေ ၀ိုင်းသွားက မေးလိုက်သည်။

“သူပြောတာက ဘဲအဆီ ကို မှန်မှန်လိမ်းတယ်ပြောတယ်”

မေမေက အဲသလို ပေါ့ပေါ့လေးဖြေလိုက်ပြီး အဒေါ်များနှင့် အခြားကျန်းမာရေးကိစ္စများ ဆက်ပြောနေလိုက်သည်။ ခဏနေတော့ မိတောညီမတော် ပျောက်သွားသည်။ မိတောလည်း ရေငတ်သည်ကတစ်ကြောင်း၊ သက်သာသည်ကတစ်ကြောင်း၊ အိမ်အောက်ဆင်းကာ မီးဖိုဘက်သို့ထွက်လာခဲ့သည်။

မီးဖိုထဲသို့ရောက်သောအခါ…..

သူယူလာသော ဘဲကင်ထဲက အဆီကို ဇွန်းဖြင့် ပလစ်စတစ်ဗူးလေးထဲ ခပ်ဖြည်းဖြည်းထည့်နေသော ညီမတော်ကို တွေ့လိုက်ရလေသည်။ မိတော ပါးစပ်အနည်းငယ် ဟ သွားသည်။

“ဘာလုပ်နေတာလဲ”

“ဘဲ အဆီ စု နေတာ..”

“ဟင်…”

“ဘဲအဆီ လိမ်းဖို့လို့ ဘဲကင်ထဲကအဆီ နည်းနည်းပြန်ယူသွားမယ်နော်၊ ဆံပင်တွေ သိပ်ကျွတ်တယ်လေ”
မိတော မျက်လုံးပါ ပိုပြူးသွားသည်။

ထိုအချိန်တွင် မိခင်ကြီးကပါ မီးဖိုထဲ ၀င်လိုက်လာသည်။

“မေမေ.. ဒီမှာ လုပ်ဦး”
မိတော မိခင်ကြီးဘက်လှည့်ပြောလိုက်သည်။

“အမေ့သမီးငယ် ဘဲကင်ထဲက အဆီတွေ ယူနေတယ်”

“ဟဲ့.. ဘာလုပ်မလို့လဲ”

“မေမေပဲပြောတော့ ဆံပင်မကျွတ်အောင် ဘဲအဆီ လိမ်းဆို”

“မေမေ မပြောပါဘူး”

“ခုနက အပေါ်မှာပြောတယ်လေ၊ မေမေ့သူငယ်ချင်း အသက်၉၀ကျော်တာတောင် ဆံပင်မကျွတ်တာ ဘဲအဆီ မှန်မှန် လိမ်းလို့ဆို”

“ဟယ်……. ကြံကြံဖန်ဖန်။ သူက အဖြူမကြီးကို ဘဲအဆီပြောမလား၊ bear oil … bear oil .. ဝက်ဝံဆီ”

“ဟာ……. မေမေက အဲသလိုမှ မပြောဘဲ၊ ဘဲအဆီ ဆိုတော့ သမီးက ဘဲရဲ့အဆီထင်တာပေါ့လို့”

“အဖြူမကြီးက ဘဲအဆီလို့ပြောမလား အင်္ဂလိပ်လိုပြောတာပေါ့၊ bear oil လို့”

“အို.. ဒါပေမယ့် မေမေပြောတာ ဘဲအဆီ လို့ပဲပြောတာ၊ bear oil လို့မှ မပြောတာ၊ ဒီမှာ အဆီတွေတောင် ခပ်ထုတ်ပြီးနေပြီ”

“ဘယ်သူက ဒီဘဲအဆီကို လိမ်းမှာလဲဟယ်…”

မိတောလည်း မိခင်ကြီးနှင့် ညီမတော်တို့ မီးဖိုထဲမှာ ဘဲအဆီကိစ္စ အပြန်အလှန်ငြင်းခုံနေကြသည်ကို နားထောင်ပြီး ရင်ထဲမှာဟာတာတာဖြစ်ပြီး ခေါင်းထိုးကိုက်လာသဖြင့် ကုတင်ပေါ်ပြန်လှဲရင် အိမ်ပေါ်သို့ ကုပ်ကုပ်လေးတက်လာခဲ့လေတော့သတည်း။

♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫♫ ♥●••·˙ ˙·••●♥♫

သက်ဆိုင်တာလေးတွေ…
(( မိတောနှင့် အမွှာတံတားကြီး ))
(( မိတောနှင့် အညိုရိပ်၅၀ ))
(( မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း ))
(( ရှင်ဂွိရဲ့နံနက်ခင်း ))
(( မိတောနှင့် ၀ါးမီးတိုင်များ ))

….

P Please consider the environment before printing this page

18 Comments »

  1. ဘဲအဆီ အရှင်းမြန်လို့ … တော်သေးတယ်မမ .. .:) Take Care ပါမမရေ..

    Comment by အိန်ဂျယ်လှိုင် — October 10, 2012 @ 12:44 pm

  2. ” ကိုတော၏ သဲမလေး ခေါ်သံကလွဲလို့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။ ”

    ကိုဗျိုင်းဖြစ်ရမှာ ကိုတော ဖြစ်နေတယ် မိဗျိုင်းရေ … အဲ … မိတောရေ … ။ ဟိဟိ ယောင်ကုန်ပြီ :D
    မိတောလေး ကျန်းမာရေးဂရုစိုက် … ငပိဖုတ်တွေ ဘဲဆီဆမ်းပြီး စားမနေနဲ့။ :)

    Comment by မေဓာဝီ — October 10, 2012 @ 1:26 pm

  3. ပြင်လိုက်ပြီ မမေ….း)))

    Comment by မလေး — October 10, 2012 @ 2:09 pm

  4. အဲဒီ့ဘဲ မလေးကို တော်တော် ဒုက္ခပေးနေတယ်နော်.
    မိတော စီးရီးကတော့ ထုံးစံအတိုင်း ခပ်သောသော၊ ခပ်သွက်သွက်လေးပါပဲ. ဆက်လက်ပြီး မိတောရဲ့ စွန့်စားခန်းများအကြောင်းကို ဖတ်ချင်ပါသေးတယ်.
    ကျွန်တော်တောင် ရင်ဘတ်မှာ တက်တူးထိုးမလို့လုပ်နေတာ မလေးရဲ့ ပို့စ်လေး ဖတ်ပြီး လက်ဖျံမှာပဲ ထိုးရတော့မလိုလို. အဲလေ. မထိုးဘဲ နေရတော့မလိုလို ဖြစ်သွားတယ်.
    အားပေးနေတယ် မလေးရေ… ဘရာဗို…း)))

    Y.

    Comment by Yan — October 10, 2012 @ 3:19 pm

  5. ၀က်ဝံဆီလိမ်းရင်ဆံပင်မကျွတ်ဘူးဆိုရင်တော့ မှာရတော့မယ်..
    မိတောအကြောင်းဖတ်ပီးရီသွားတယ်..ဟုတ်ပါ့နော်မမ…ငပိဖုတ်နည်းအင်တာနက်မှာမရှိသေးဘူးရယ်.. ဟိဟိ..
    ကူးတော့ oven ထဲမှာ ခွက်အကြီးနဲ့ရေထည့်..အလယ်ကခွက်ထဲငပိလေးထည့်ပီး ဖုတ်လိုက်တာဘဲ..

    Comment by စန္ဒကူးမေ — October 10, 2012 @ 6:33 pm

  6. အောင်မလေး ရယ်လိုက်ရတာ ဘဲဆီရယ်..အသိမြန်ပေလို့ သာပဲ…ကျန်းမာရေး ဂရုစိုက်နော် မလေး..မိတောစီရီးတွေ မျှော်နေကြောင်းဗျား..

    Comment by စန်းထွန်း — October 10, 2012 @ 6:50 pm

  7. ငပိလေးတောင် ဖြောင့်မတ်အောင် မကင်နိုင်သော ကိုယ့်ကိုကိုယ်ဒေါသထွက်ပြီး၊ ဖဘပေါ်တက်ကာ စကားလုံးရှစ်လုံးဖြင့် ဖောက်ခွဲပစ်လိုက်၏။

    “ငပိဖုတ်ခြင်း အနုပညာ”

    စက္ကန့်ပိုင်းအတွင်း မိတော၏ ချစ်ဖွယ်သော ဖဘ မိတ်ဆွေသူငယ်ချင်းများသည် လိုက်ခ် နှိပ်၍တစ်မျိုး၊ ငပိကင်နည်းအမျိုးမျိုးဖြင့်တစ်ဖုံ အားပေးကြလေ၏။ အဲဒီတော့မှလည်း မိတောလည်း စိတ်ပြေသွားကာ မထီတရီငါးခူပြုံးလေးဖြင့် ပြုံးနိုင်လေသည်။

    (kwi kwi)

    Comment by Caspian Vincent — October 10, 2012 @ 6:52 pm

  8. မိတောရေ…ကျန်းမာရေးဂရုစိုက်…..Hope you get well soon.မလေး….

    Comment by Yan Min Aung — October 10, 2012 @ 6:53 pm

  9. မိတောနဲ့ငပိဖုတ် မိတောနဲ့ဘဲဆီအကြောင်းဖတ်သွားတယ် မလေးရေ။
    ပဲနာ့စ် တက်တူးနာစ်တို့နဲ့အတူ ကလေးဆိုးကြီးအကြောင်း ဖတ်ရတာ စိတ်ကြည်နူးစရာကောင်းတယ်။
    ဆံပင်ကျွတ်တယ်ဆိုလို့ စလုံးရောက်တိုင်း ကျွတ်လိုက်တဲ့ဆံပင်တွေ စုထားရင် ဆံတုတစ်ခုရလောက်တယ်လို့ အတွေးဝင်သွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — October 10, 2012 @ 8:08 pm

  10. ဒီမှာလည်း ဆံပင်ကျွတ်လွန်းလို့ ဘဲဆီဆိုတော့ ပိုင်ပြီဆို ၀မ်းသာနေမိတာ..
    အမယ်လေး ဘဲယားဆီဖြစ်နေတာကိုး..ခိခိ..
    မိတောစီရီးစုပြီး စာအုပ်ထုတ်သင့်ကြောင်း..
    အစဆွဲထုတ်သွားပြီ မလေးရေ… :))

    Comment by မြသွေးနီ — October 10, 2012 @ 8:54 pm

  11. ဖစ်မှ ဖစ်ရပလေတယ်လကွယ်……ဟိဟိ
    မှားပုံတွေ… မှားပုံတွေ…:P

    ခင်မင်ခြင်းအားဖြင့်….

    Comment by ဏီလင်းညို — October 10, 2012 @ 10:56 pm

  12. ဟိုတခါတုန်းကလည်း ကနေဒီယံဘဲဆိုပြီးတော့…နော်။ :)

    Comment by ဇွန်မိုးစက် — October 10, 2012 @ 11:42 pm

  13. ချစ်ဖို့ကောင်းအောင် ရေးတတ်တဲ့ မလေးဘဲ
    ဖတ်ပြီး ပြုံးမိရတယ်..
    မလေးရေ ဝက်ဝံဆီက ဆံပင်အတွက် တကယ်ကောင်းတယ်လို့ တော့ ကြားဖူးတယ်
    ဒါပေမဲ့ ဝက်ဝံတော့ သွားမဖမ်းရဲလို့ ခုထိ မလိမ်းဖြစ်သေးဘူး..
    ဝက်ဝံဖမ်းပြီးတစ်ယောက်ယောက်က လက်ဆောင်ပေးမှဘဲ လိမ်းတော့မယ် မလေးရာ :))

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — October 11, 2012 @ 8:16 am

  14. တော်သေးတာပေါ့..၊ အမေနဲ့အစ်မက အချိန်မီ တွေ့လိုက်ပေလို့…၊ မဟုတ်လို့ကတော့ ဘဲကင်ကအဆီတွေနဲ့…၊း)
    မိတောစီးရီးစ်ထုံးစံ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရ၊ ရယ်ရတဲ့ ပို့စ်လေးပါပဲဗျာ…။

    Comment by ညီလင်းသစ် — October 11, 2012 @ 3:13 pm

  15. မလေးရေ နေကောင်းသွားပြီလား။ ငါးပိတွေ သိပ်မစားနဲ့နော်။

    Comment by ပုံရိပ် — October 11, 2012 @ 6:53 pm

  16. ကျွန်မတွေးတဲ့ ဘဲအဆီက တစ်မျိုး ဟိဟိ :)

    Comment by aye — October 12, 2012 @ 3:35 am

  17. မိတောနဲ့ဘဲဆီကိုစိတ်ဝင်တစားနဲ့ဖတ်လာတာ နောက်ဆုံးတော့ ၀က်ဝံကိုပြောတာကိုးးး) မိတောက ငါးပိဖုတ်တာတွေ့လို့ အိမ်က ငါးပိထောင်းဗူးလေးကို သတိရသွားတယ်…။ မလေး နေကောင်းအောင်နေနော်…။

    Comment by မိုးငွေ့ — October 12, 2012 @ 11:09 pm

  18. ရီရတယ်။ ကံကောင်းလို့ နော်အချိန်မှီလေးသိလိုက်ရတာ. မဟုတ်ရင်ရာသီဥတုအေးအေးကြီးထဲခေါင်းပြန်လျှော်နေရမယ်။

    Comment by ထိပ်ထား — October 13, 2012 @ 1:52 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------