♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 23, 2011

အချစ်အကြောင်း

Filed under: tag game, ♥●••.. မောင်….••●♥, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:23 pm

အချစ်နှင့် အတူရှိဖူးသော နေ့ရက်တို့သည် နွေးထွေးညင်သာသော နေ့များဖြစ်သည်။ ဘာကိုမှ မတောင်းဆိုတတ်သော အချစ်သည် သန့်ရှင်းသေသပ်နေတတ်သေးသည်။

 

 love2.JPG

အချစ်နှင့် တွေ့ဆုံတဲ့နေ့တစ်နေ့က မိုးမှုန်ကလေးတွေ ကျနေသည်၊ လေယာဉ်ကွင်းထဲမှာ တိတ်ဆိတ်နေသည်။ လူရှင်းသော တစ်နေရာက ခုံတန်းတစ်ခုပေါ်မှာ ထိုင်စောင့်ရင်း “မင်းခိုက်စိုးစံ” ၏ “ကမ္ဘာဦးရည်းစား” ကို ဟိုလှန်သည်လှော လုပ်နေမိသည်။ ပန်းခြောက်ကလေးများနှင့် ခရေပွင့်ခြောက်အချို့ စာရွက်တွေကြားမှ လွင့်ကျလာသည်။

အချစ်နှင့် ပြန်လည်ဆုံတွေ့ရမည့်အတွက် စိတ်လှုပ်ရှားဖို့သင့်သလား စဉ်းစားနေရင်း ပန်းတစ်စည်း သို့မဟုတ် မိုးပျံဘောလုံးလေးတစ်လုံးလောက် ယူလာခဲ့ဖို့ သင့်သည်ဟု တွေးမိသည်။ ပြီးတော့… ဒါတွေမလိုပါဘူး.. ၊ ပန်းပေးရအောင်လည်း တကယ်ဆို သူကယောင်္ကျားကြီးပဲ၊ နောက်ပြီး ကိုရီးယားရုပ်ရှင်ရိုက်နေတာလည်း မဟုတ်၊ ဆယ်ကျော်သက်တွေလည်း မဟုတ်.. ဟူသော ကိုယ့်အတွေးကို ဘာသာ သဘောကျပြီး ခေါင်းငုံ့ပြုံးရင်း မင်းခိုက်စိုးစံကို ထပ်မံလှန်လှောနေလိုက်သည်။ ပန်းပွင့်ခြောက်လေးတွေ ထွက်ကျလာပြန်သည်။

ပန်းပွင့်ရှိမှ၊ ရနံ့ရတာ၊
မဟုတ်ပါဘူး၊ ဖူးသည့်တစ်ငုံ၊
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်၊
ရရှိခိုက်မှ၊ ထာဝရတည်၊
ကာလရှည်လျား၊ နှလုံးသားမှာ၊
စွဲမြဲစွာဖြင့်၊ ထုံနံ့ယစ်ဝေ၊
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ …

♥●••.. ….••●♥

မျက်လုံးထောင့်မှာ တစ်စုံတစ်ယောက်က ရပ်ကြည့်နေသလို ခံစားလိုက်ရ၍ ခေါင်းမော့ကြည့်လိုက်မိတော့ အချစ်က ရောက်နှင့်နေပြီ။ မင်းခိုက်စိုးစံကို ပိတ်လိုက်ပြီး အချစ်ထံသို့သွားရန် မတ်တပ်ရပ်လိုက်မိသည်။ အဲဒီအချိန်မှာ အချစ်က ကိုယ့်ဆီလာနေပြီ။ မျက်နှာချင်းဆိုင်မိကြတော့ ဝေးနေကြတဲ့ ချစ်သူတွေပြန်တွေ့ကြတဲ့အခါမျိုးတွေလို၊ အချစ်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေထဲကလို၊ ဖက်လှဲတကင်းနှုတ်မဆက်ဖြစ်ကြ။ လက်ဆွဲနှုတ်ဆက်ဖို့ ကိုယ့်လက်ကိုကမ်းပေးလိုက်သည်။

“Bonjour!”

အချစ်က အရင်နှုတ်ဆက်လာခြင်းဖြစ်သည်။

“Bienvenue au Canada”

အဲသလို…ပြောလိုက်ဖို့သင့်ပေမယ့် လက်ကြီးကမ်းပြီး ဒီအတိုင်းကြည့်နေသော ကိုယ့်ကို သူကဖက်ပြီး နှုတ်ဆက်လိုက်သည်။ မျှော်လင့်မထားမိ ရုတ်တရက်ကြီးမို့ အင့် ကနဲ အသံထွက်ကာ ရှက်ရှက်နှင့် ဟက် ကနဲ ရယ်လိုက်မိသည်ထင်သည်။ အချစ်၏ခေါင်းမှ မွှေးပျံ့သော ရနံ့တစ်ခုကို ရလိုက်တော့ အလိုလိုနေရင်း ချက်ချင်းလွမ်းမောသွားမိသည်။

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ၊
မဟုတ်ပါကွယ်၊ ဘယ်ကိုရောက်ရောက်၊
ဘယ်လောက်ဝေးဝေး၊ အတွေးမှာရှိ၊
အကြည့်မှာမြင်၊ သူပဲထင်တယ်၊
ကောင်းကင်လိုပဲ၊ မော့ကြည့်ဆဲမှာ၊
တွေ့နိုင်ပါ၏၊ ချစ်သူသိလေ …

ထိုနေ့က အိမ်အပြန်လမ်းပေါ်မှာ တိတ်ဆိတ်နေကြသည်။ စတီယာရင်လက်ကိုင်ပေါ်မှာ တင်ထားသော လက်ကို အချစ်ကဆွဲယူဆုပ်ကိုင်ကြည့်ပုံက ချစ်သူလက်ကို ကိုင်ကြည့်သည့်ပုံစံထက်၊ တစ်စုံတစ်ရာကို စူးစမ်းသည့် ပုံစံမျိုး။

“စာလည်းရေးတယ်၊ မတောက်တခေါက် ကဗျာလေးတွေလည်း စပ်တယ်၊ ဂစ်တာလည်း တီးတယ်၊ ပန်းသီးငပိချက်လည်း ချက်ပါတယ် မောင်ရယ်”

အချစ်သည် ရယ်မောလိုက်သည်။ ပြီးတော့ လက်ဖမိုးကို ငုံ့နမ်းလိုက်သည်။

“ကိုယ်… အိပ်မက်မက်နေတယ် ထင်တယ်နော်”

အချစ်ထံမှ မသေချာမှု တစ်ခု။ လက်ကို စတီယာတိုင်ပေါ် ပြန်တင်ပေးသည်။
အချစ်ကို တချက် လှမ်းလို့ငေးကြည့်လိုက်မိသည်။

“ကား သေချာမောင်းဦး”

အချစ်ထံမှ အကြည့်လွှဲကာ လမ်းပေါ်ကို အာရုံစိုက်နေခဲ့လိုက်သည်။ အချစ်က ကိုယ့်ဘက်ကို ခွေလျှနွမ်းကျနေသော ပုံနှင့် (တမင်လုပ်တာ မဟုတ်ဘဲ) မှီနွဲ့လာနေသည်။ ခေါင်းက ပခုံးပေါ်ကို ရောက်လုဖြစ်လာနေသည်။

“နေမကောင်းဘူးလား၊ လေယာဉ်စီးရတာ ပင်ပန်းလာတယ်ထင်တယ်”

ကိုယ့်စကားအဆုံးမှာ အလွန်အမင်းရှက်သွားဟန်နှင့် အချစ်သည် ကိုယ်နှင့်ဝေးရာကို ရွှေ့သွားလိုက်သည်။ ဆံပင်တွေကို သပ်တင်ပြီး ကားတံခါးဘက်ကို မှီကာ ထိုင်နေသည်။

“အိမ်မှာ မုန့်ဟင်းခါး ချက်ထားတယ်၊ ဟိုမှာ မုန့်ဟင်းခါးဆိုင်တွေ ရှိပေမယ့် ကနေဒါဗားရှင်းပေါ့”
“တော်လိုက်တာ.. လေး ကိုယ်တိုင်ချက်ထားတာလား”
“ကြီးကြီး ချက်ထားတာ”

အောက်နှုတ်ခမ်းကို ကိုက်ပြီး မပွင့်တပွင့်ဖြေလိုက်သည်။ အချစ်သည် ရယ်ကျဲကျဲနှင့် နှာခေါင်းတစ်ချက် ရှုံ့လေ၏။

♥●••.. ….••●♥

လူစုံသော ဆုံလည်စားပွဲလေးပေါ်မှာ မွှေးပျံ့သော မုန့်ဟင်းခါး၊ အကြော်စုံ၊ လက်ဘက်ရည်၊ ရေနွေးကြမ်းတို့က နေရာယူထားသည်။ ထမင်းစားပွဲမှာ စကားသံတွေဝေ့၀ဲနေသည်။ အချစ်ကို အကဲခတ်နေခဲ့မိသည်။ အချစ်၏ အမူအယာများသည် ပိုမိုတည်ငြိမ်ရင့်ကျက်လာသလို ငြင်သာသိမ်မွေ့နေသည်မို့ တိုးတိတ်အံ့သြနေခဲ့မိသည်။

စားသောက်အပြီး ပန်းကန်တွေ ကူသိမ်းပေးရုံမက အလိုက်သိတတ်လွန်းစွာ ပန်းကန်တွေပါ ဆေးနေသော အချစ်၏ နောက်ကျောပြင်ကိုငေးကြည့်ရင်း အလွန်အမင်းပီတိဖြာဝေကာ ကျေနပ်နေမိလေသည်။

လူခြေတိတ်သွားတဲ့ ထမင်းစားခန်းအပြင်က ၀ရံတာမှာ လေတွေက တဖြူးဖြူးတိုက်ခတ်နေခဲ့သည်။ ၀ရံတာမျက်နှာကြက်က ဆည်းလည်းလေးတွေဆီက သာယာနာပျော်ဖွယ် အသံတွေကို ကြားနေခဲ့ရသည်။ ဆံပင်တွေ ညှင်သာစွာလွင့်နေသည်။

အချစ်သည် လည်ပင်းနားက ဆံနွယ်တွေကို သပ်ပေးသည်။ အချစ်၏လက်ချောင်းများသည် လည်ပင်းကို တမင်တကာကြီး လာထိ၏။
နွေးကနဲဖြစ်သွားသည်။ အချစ်အကြောင်းသိသူမို့ ခေါင်းငုံ့ရယ်လိုက်မိပြန်သည်။

“မောင်.. မ စ နဲ့”

အချစ်လည်း ရယ်နေခဲ့သည်၊ သို့သော် သူ၏ မျက်လုံးတွေက ဆွေးမြေ့စွာ ရီဝေနေခဲ့သည်။

“ကိုယ်… အခုထိ မယုံနိုင်သေးဘူး လေးရယ်..”

“ကျမလည်း အတူတူပါပဲကွယ်..”

“နှစ်တွေအများကြီး.. ဖြတ်သန်းခဲ့ကြတယ်နော်…”

အသံကြားမှ၊ နားမှာဆတ်ဆတ်၊
ကြားလာတတ်တာ၊ မဟုတ်ပါလေ၊
စမ်းရေသံကြား၊ သူ့စကားရှိ၊
ငှက်၏တေးမှာ၊ သူ့သံသာတွေ၊
နှုတ်ချွေစကား၊ နားမှာတီးတိုး၊
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ၊
ကြားနေရ၏၊ ချစ်သူသိလေ ….

ထိုနေ့ညက ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ခဲ့ကြသည်။ သူ့အလုပ်ကိစ္စ၊ ရှေ့ရေး၊ စီးပွားရေး ပြောဖြစ်ခဲ့ကြသည်။

“ဒီတစ်ခါ ပြန်လာရင်တော့ ကိုယ်တို့ လက်ထပ်ကြမယ်နော်”

အချစ်၏ မျက်လုံးများသည် အချစ်ရည်တို့ လဲ့နေသည်။

“မီးဖိုထဲ ခဏပြန်သွားလိုက်ဦးမယ်”

“ဘာလုပ်မလို့လည်း၊ ကိုယ်နဲ့ နေပါဦးလား”

“ပန်းကန်တွေ ဆေးရဦးမယ်လေ..”

“ဟင်… ကိုယ်အများကြီး ဆေးခဲ့ပေးတယ်လေ”

အချစ် အံ့သြသွားသည်။ ဘာကိုများဆေးကြောဦးမှာလည်း ဆိုသည့်ပုံနှင့် ကြည့်နေသည်။ ကိုယ်ဘာမျှ မပြောဘဲ မီးဖိုထဲဝင်ခဲ့သည်။ အချစ် ၀ရံတာမှာ ဒီအတိုင်းထိုင်နေခဲ့သည်။ မီးဖိုထဲရောက်မှ ကောင်တာပေါ်က ရေဇကာပေါ်မှာ ဆေးပြီးသား ပန်းကန်တွေအထပ်လိုက်တွေ့လိုက်ရသည်။

“အို… သူ… အများကြီးဆေးသွားတာပဲ…”

ရင်ထဲမှာ ဖော်မပြနိုင်သော နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသည်။ ၀ရံတာတွင် ကိုယ်ချင်းစာငဲ့ညှာတတ်သော၊ အချစ်သည် ငြိမ်းချမ်းစွာ ထိုင်နေလေ၏။

♥●••.. ….••●♥

coffee.jpg

အချစ်နှင့် အတူရှိဖူးသော နေ့ရက်တို့သည် နွေးထွေးညင်သာသော နေ့များဖြစ်သည်။ ဘာကိုမှ မတောင်းဆိုတတ်သော အချစ်သည် သန့်ရှင်းသေသပ်နေတတ်သေးသည်။ အ၀တ်များကို သေသပ်စွာခေါက်တတ်သူ၊ အိမ်ရှင်းတော်သူ ယောင်္ကျားတစ်ယောက်ဖြစ်လေသည်။ မိမိဝေယာဝစ္စတစ်ခုအတွက် သူတစ်ပါးအပေါ်တွင် မှီခိုမနေတတ်သူလည်း ဖြစ်သည်။ အချစ်သည် အစားအသောက်ဂျီးမများသော၊ ကျွေးတာကိုပဲစားသော ယောင်္ကျားတစ်ယောက်လည်းဖြစ်သည်။ တစ်စုံတစ်ရာကို ချဉ်ခြင်းတလျှင်လည်း သူတစ်ပါးချက်ကိုချက်ခိုင်းခြင်း မရှိ။ ဘာသာ ချက်ပြုတ်စားသောက်တတ်သော သူ တစ်ယောက်လည်းဖြစ်သည်။ လိုချင်တပ်မက်မှုတွေနှင့် ပူလောင်မနေတတ်သော လူတစ်ယောက်လည်း ဖြစ်သည်။ ပြဿနာတစ်ခုခုကို ခေါင်းအေးအေးနှင့် ဖြေရှင်းတတ်သူလည်းဖြစ်သည်။ မိန်းမတစ်ယောက်နှင့် ဖက်ပြိုင်စကားမများတတ်သူ၊ သူတပါးအကြောင်း မပြောတတ်သူ၊ သူတစ်ပါးကို တရားမဟောတတ်သူလည်း ဖြစ်လေသည်။

ဒီလိုဆိုလျှင် အချစ်သည် အရာရာပြည့်စုံသော ယောင်္ကျားတစ်ယောက်လားဟု မေးစရာဖြစ်နေပေလိမ့်မည်။

အချစ်သည် လူသားတစ်ဦးဖြစ်သည်။
လူသားသည် မပြည့်စုံ။ ထို့ကြောင့်
အချစ်သည် မပြည့်စုံ။

မပြည့်စုံမှုတွေထဲမှာမှ ယောင်္ကျားတစ်ဦးဖြစ်နေသည့်အတွက် စတိုင်ကျကျ မိန်းကလေးများအပေါ် အချစ်၏ မျက်စိတို့ရောက်သွားတတ်သည်။ ထိုသို့ရောက်သွားတိုင်းလည်း အချစ်၏ မျက်လုံးတို့သည် အရောင်တောက်လဲ့နေသည်.. ဟု ထင်မိသည်။ ဒါကို မြင်ရသည့်အခါများတွင်တော့ ရင်သည် ပြင်းစွာ ကျင်တက်သွားတတ်လေသည်။

♥●••.. ….••●♥

 

beach.jpg

အချစ်ကို ပြန်ပို့သည့်နေက နေရောင်ခြည်တွေ သွယ်ကျနေသည်။ မြူနှင်းတို့ကတော့ ပင်လယ်တဘက် တောင်တန်းပေါ်က ထင်းရှုးပင်တန်းတွေပေါ်မှာ။ လေယာဉ်ကွင်းကို ပြန်မပို့ခင် သူနှစ်သက်သော ပင်လယ်ကမ်းစပ်နားက ငါးကြော်ဆိုင်မှာ ထိုင်ဖြစ်ကြသည်။ ဆိုင်တွင်းပြင်၊ လမ်းမတွေပေါ်မှာ လူရှုပ်နေလေသည်။ အချစ်၏ မျက်လုံးသည် ကားလမ်းဘေးက မိန်းကလေးတစ်ဦးဆီသို့ ရောက်နေသည်။ မသိဟန်ဆောင်ကာ ငါးကြော်သေးသေးလေးကို လက်နှင့်ဖဲ့လိုက်သည်။ အချစ်ကို မော့ကြည့်လိုက်သည်။ အချစ်သည် ထို မိန်းကလေးကို ကြည့်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဘာတွေဖြစ်နေသလည်း မသိလိုက်ဖူးဆိုသည့် ပုံစံကို ရုပ်လုံးကြွစွာဖမ်းလို့ ရယ်မောပျော်ရွှင်နေခဲ့သော်လည်း ရင်တွင်းမှာ မီးတောင်ငယ်လေးတစ်ခုက တဖွားဖွား ပေါက်ကွဲနေခဲ့သည်။

အပြန်လမ်းမှာ ကားမောင်းနေရင်း ထုံးစံအတိုင်း အချစ်၏ကိုယ်က ကိုယ့်အနား မှီနွဲ့လာပြန်သည်။ ကိုယ်ကိုလျောချလိုက်ကာ ခေါင်းက ပခုံးပေါ်မှာ။ အချစ်ဆံပင်တွေထဲက မွှေးပျံ့သော ရနံ့တစ်ခုကို ရရှိလာပြန်သည်။
နှုတ်ခမ်းတွေကို ကိုက်ထားသည်။

“ဘာဖြစ်နေတာလည်းဟင်”

“ဘာမှ မဖြစ်ပါဘူး”

သူ့ထံမှ ခပ်တိုးတိုးရယ်သံ ထွက်လာသည်

“သေချာလား”

“…..”

“ဟင်… လေး၊ သေချာလားလို့”

အချစ်ကို စူးစူးရဲရဲကြည့်လိုက်မိသည်။ နှုတ်ခမ်းကို ကိုက်ထားမိသည်။

“ခုနက ကြည့်နေလိုက်တာများ………………”

နှုတ်ခမ်းတွေကို ကိုက်ထားတာတောင်မှ နှုတ်က လွှတ်ကနဲ ထွက်သွားသည်။

အချစ်ကိုယ်ခန္ဒာက ရုတ်တရက်တောင့်မတ်သွားသည်။

“ကျွတ်… စိတ်ပျက်တယ်”

အချစ်က ကိုယ့်ကို မှီထားရာမှ ကိုယ်ကို မတ်လိုက်ကာ.. စိတ်ပျက်တယ်ဟု ဆိုကာ ကိုယ်နှင့်ဝေးရာ တံခါးဘောင်ဘက်ကို မှီတွယ်လိုက်သည်။ ဘာစကားမှ မပြောဘဲ ဆံပင်ကိုသပ်လိုက်ကာ ဒီအတိုင်းထိုင်နေခဲ့သည်။ ရှင်းပြရန်၊ ချော့ရန် တစ်ခါမျှ စိတ်ကူးပုံ မရ။ တစ်ခါမျှ စိတ်ပျက်တယ်ဟု မပြောဖူး၊ ကိုယ့်ကို စိတ်ပျက်လိမ့်မယ်ဟု ဘယ်တုန်းကမှ မထင်ခဲ့ဖူးသည့်အတွက် ငိုအားထက် ရယ်အားသန်ဖြစ်သွားသော်လည်း မျက်နှာကို တမင်တည်ထားကာ ကားဆက်မောင်းနေခဲ့သည်။ ကားက တရိပ်ရိပ်ပြေးလွှားနေခဲ့သည်။ စကားသံတွေက တိတ်ဆိတ်နေခဲ့သည်။

လေယာဉ်ကွင်းထဲမှာ အရာအားလုံးက မှုန်ဝါးတိတ်ဆိတ်နေခဲ့သည်။ အကြိမ်ပေါင်းများစွာ ခွဲခွာရသည်မှာ မဆန်းတော့ပြီမို့ နှစ်ဦးလုံးက တည်ငြိမ်နေခဲ့သည်။
မြန်မာပြည်ရဲ့ လေယာဉ်ကွင်းတွေမှာ…
စင်္ကာပူရဲ့လေယာဉ်ကွင်းတွေမှာ…
ကနေဒါရဲ့ လေယာဉ်ကွင်းတွေမှာ… အခါပေါင်းများစွာ…..

အချစ်က လက်ကိုညှစ်ပြီး နှုတ်ဆက်လိုက်သည်။

“ကိုယ်.. စိတ်ချမယ်နော်… လေး”

“မေပယ်လ်တွေပွင့်ရင် ကိုယ် ပြန်လာခဲ့မယ်…”

“…..”

“ကိုယ်..လူတွေကို စိတ်ဝင်စားလို့ ကြည့်မိတာပါ.. ယောင်္ကျားရယ်၊ မိန်းမရယ် မဟုတ်ပါဘူးကွယ်..”

သူချာကနဲ လှည့်ထွက်သွားခဲ့သည်။ အချစ်၏ ကျောပြင်ကို စိမ်းစိမ်းကြီး ငေးကြည့်နေခဲ့မိသည်။

ချစ်သူသိလေ …
သတိရလျှင်၊ ဒေသအကွာ၊
နေရတာကွဲ၊ ဘယ်လိုခွဲခွာ၊
ဘယ်လောက်ကွာမလဲ၊
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်၊
ထာဝရထင်သော၊
ရင်ထဲအရိပ်၊ စွဲလန်းစိတ်ဖြင့်၊
အိပ်မက်တိုင်းမှာရှိနေသူ …

♥●••.. ….••●♥

 beach3.jpg

သက်ဝေ တက်ဂ်သော အချစ်အကြောင်းကလေးကို မချော၊ အစ်မမေငြိမ်း၊ မရိုစ်တို့နဲ့အတူတူ ပြောကြည့်တာပါ.. .. ရေးချင်သူများ ဒီတက်ဂ်ဂိမ်းလေးကို ဆက်ရေးနိုင်ပါတယ်လို့။ ကဗျာလေးကတော့ “ဆရာစိန်ဝင်း”ရဲ့ “ချစ်သူသိလေ” ကဗျာကလေးပဲ ဖြစ်ပါတယ်ရှင်။



PrintPrint Friendly

34 Comments »

  1. အချစ်အကြောင်း လာနားထောင်တယ် အမရေ…:)

    Comment by အလင်းရောင် — March 23, 2011 @ 5:21 pm

  2. မင်္ဂလာပါ မမ…..

    ဖတ်လို့ကောင်းလိုက်တာ မရယ်…။
    စာထဲမှာမျောသွားတယ် :)

    Comment by ခွန် — March 23, 2011 @ 5:42 pm

  3. မလေး အနော် ထင်တာတော့ အနော် ထင်တာပဲ ဟဲဟဲး)))) အဲဒီ ပုံပြင် ရအောင်ကို မေးဦးမှား)))) ဟီးး

    Comment by ဗညားရှိန် — March 23, 2011 @ 6:11 pm

  4. မမအိမ့်ရေ… ဆွတ်ပျံ့စရာကောင်းတဲ့ အချစ်အကြောင်းကို ရေးထားပြီမှန်းသိတာနဲ့ အပြေးအလွှား လာဖတ်မိပါတယ်…။ လေဆိပ်မှာတွေ့ကြပုံလေးက ကြည်နူးစရာ။

    “ကိုယ်..လူတွေကို စိတ်ဝင်စားလို့ ကြည့်မိတာပါ.. ယောင်္ကျားရယ်၊ မိန်းမရယ် မဟုတ်ပါဘူးကွယ်..” ဆိုတဲ့စကားကို သဘောကျမိတယ်။ ဒါ ဖြစ်လည်း ဖြစ်နိုင်တာပါပဲး)

    Comment by ရွှေပြည်သူ — March 23, 2011 @ 6:51 pm

  5. မလေးအချစ်က ဓာတ်ပုံရိုက်တာလဲတော်တယ်လေ… :)… ဆရာမောင်စိန်ဝင်းရဲ့ကဗျာလေးတွေ အရမ်းကြိုက်တယ်… စာသားရိုးရိုးရှင်းရှင်းလေးတွေနဲ့ ရင်ထဲကို တိုက်ရိုက်ထိတယ်… မလေးရဲ့ စာအရေးအသားနဲ့ပေါင်းလိုက်တော့ ဇာတ်လမ်းထဲမှာကို မျောသွားတော့တာ…

    Comment by Rose of Sharon — March 23, 2011 @ 6:58 pm

  6. ဗညား… ဒါ ပုံပြင်လေကွယ်………..

    Comment by မလေး — March 23, 2011 @ 6:59 pm

  7. အချစ်အကြောင်းလေးကို လာဖတ်သွားတယ် မမအိမ့်ရေ …
    ကြည်နူးလွမ်းမောစရာရသလေးတစ်ပုဒ်ပါပဲ…

    Comment by နှင်းဟေမာ — March 23, 2011 @ 6:59 pm

  8. ဖတ်လို့ သိပ်ကောင်းတယ် မလေးရယ်။

    Comment by ရတနာ — March 23, 2011 @ 7:23 pm

  9. မလေးက မွေးနေ့ကဗျာလေးမှာတုန်းက ပုံဖော်ရခက်တဲ့ ပန်းချီးကားတစ်ချပ်လို့ပြောဖူးတာမှတ်မိတယ်း) အခုတော့ အစ်မသက်ဝေကျေးဇူးနဲ့ နည်းနည်း ရုပ်လုံးပေါ်လာပြီး တဂ်ဂိမ်းတွေက ဒိုင်လျှိုလွန်းသောသူတွေရဲ့အကြောင်းတွေကိုတော့ ဖော်ပြနိုင်စွမ်းရှိပါ့ ။ အချစ်အကြောင်း ဖွဲ့သီသော စာတွေ ကဗျာတွေ အားလုံးကတော့ လှပအသက်ဝင်နေတာပါပဲ ဒီနေရာမှာ အချစ်ကစစ်တော့ စာကပိုပီပြင်တယ် “ အစ်မ…လိုက်ရေးနေတာပါကွယ် တကယ်မဟုတ်ပါဘူး ဟွန်း ဟွန်း ” လို့မပြောနဲ့ စာဖတ်ပါးဝနေပြီး မောင် က ဘယ်တူလဲဟင် ဓာတ်ပုံပြ :P

    Comment by မောင်မျိုး — March 23, 2011 @ 7:25 pm

  10. အချစ်ကြောင်းလာကြည့်ပြီးပြန်သတိရမိတယ်မဂျီးရေ။မတွေ့တာကြာပြီး။ဇာတ်လမ်းတွေထဲကကဗျာလေး
    ကူးသွားတယ်ကြိုက်လို့။နောက်ပြီးဒီဇာတ်လမ်းလေးကအစ်မအဖြစ်အပျက်လား။
    အစ်မကလေဆိပ်မှာကြည်နူးဖွယ်ဖြစ်ခဲ့တယ်။ကျွန်တော်ကျတော့လေဆိပ်မှာလွမ်းဆွတ်စွာဖြစ်ခဲ့တယ်။
    ပြောရင်ဆိုးရင်းလွမ်းလာပြီ…………………………………….
    ခင်မင်စွာဖြင့်
    ဒေါင်းမင်း

    Comment by ဒေါင်းမင်း — March 23, 2011 @ 8:41 pm

  11. ဟွန့် ပုံပြင်ဆိုတာ ယုံရခက်ကြီး
    ဖတ်ပြီး အားကျလိုက်တာနော်
    မလေးလို ရေးတတ်ချင်လိုက်တာ..
    လှပနူးညံ့သိမ်မွေ့တဲ့ မလေးရဲ့ အချစ်အကြောင်းလေးက
    ကြည်နူးဖို့ကောင်းလိုက်တာ
    ကိုယ်တွေနဲ့များ တစ်ခြားစီး)
    အဲဒီလို နူးနူးညံ့ညံ့အကြောင်းအရာမျိုးလေး ကိုယ့်မှာက ရေးစရာကမရှိ.. ခက်ပါ့။

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — March 23, 2011 @ 8:56 pm

  12. မလေးရေ…
    မလေးရဲ့ ထုံးစံအတိုင်း လှပတဲ့ အချစ်ဖွဲ့လေး တပုဒ်ပါပဲ…
    စာဖတ်နေရင်းနဲ့ “ကျွတ်… စိတ်ပျက်တယ်” လို့ ဆိုတဲ့နေရာ အရောက်မှာ စိတ်ထဲမှာ တရိပ်ရိပ်နဲ့ မူးဝေလာသလို ခံစားရတယ်…။
    ပြီးတော့ “ကိုယ်..လူတွေကို စိတ်ဝင်စားလို့ ကြည့်မိတာပါ.. ယောင်္ကျားရယ်၊ မိန်းမရယ် မဟုတ်ပါဘူးကွယ်..” ဆိုတော့ ပြုံးရမလား မဲ့ရမလား မသိ ဖြစ်သွားတယ်…။

    ကိုယ်ချစ်တဲ့သူကို အတတ်နိုင်ဆုံးတော့ perfect ဖြစ်စေချင်ကြတာ အတ္တလို့ ပြောလာရင် ပြုံးနေလိုက်မယ်…
    တခြားနေရာတွေကို ခွင့်လွှတ်နိုင်ပေမယ့် ဒီတချက်လေးကတော့ နဲနဲ ခံရခက်တယ်လေ.. နော်…။

    နောင်ကိုလဲ လှပတဲ့ ပုံပြင်လေးတွေ အမြဲပြောပြနိုင်ပါစေ မလေးရေ…
    ဒီပုံပြင်လေးအတွက်လဲ ကျေးဇူးအများကြီးတင်တယ်နော်…း))

    Comment by သက်ဝေ — March 23, 2011 @ 10:00 pm

  13. ဟိုးတုန်းက ဘလောဂ်စရေးခါစက အချိန်တွေကို သွားသတိရမိတာလည်းပါပါတယ်.. မွေးနေ့ကဗျာမှာ ပုံဖော်ရခက်သော ပန်းချီကားဆိုတာကို မင့်အစ်မ အသက်ကြီးလို့ မှတ်မိတော့ပါ မောင်မျိုး :D။
    ချော..မလေးက ပုံပြောကောင်းတယ် :p ပုံတွေပြောနေတာ.. အဟုတ်။ ဒေါင်းမင်းလည်း မျက်ရည်ချောင်းမစီးနှင့်ဦး.. တက်ဂ်သော သက်ဝေ နှင့် အင်္ဂလိပ်လိုကော့မန့်ဖြင့် ထောက်ပြသွားသောအကို.. အချိန်ပေးလာဖတ်ကြသော မောင်နှမများအားလုံး ရင်ထဲမှာ ရသ တစ်ခုခုကျန်လျှင် ကျေနပ်ပါပြီ။

    Comment by မလေး — March 23, 2011 @ 11:02 pm

  14. “…လူတစ်ယောက်ရဲ့ ကောင်းကွက်ချည်းပဲ လိုချင်လို့တော့မရဘူးရယ်…ဒွန်တွဲတဲ့ ဆိုးကွက်လည်းပါမယ်….”
    ဘာရယ်မဟုတ်ပါဘူးအစ်မရယ် သီချင်းဆိုကြည့်တာပါ

    Comment by ဟန်ကြည် — March 24, 2011 @ 1:19 am

  15. ကြည်နူးစရာ အချစ်အကြောင်းလေး ပါပဲ၊ “ပုံပြင်” ထဲက အမျိုးသားဇတ်ကောင်ရဲ့ ဖြေရှင်းချက်က အလျှောက်ကောင်းလို့၊ အထောင်းသက်သာ သွားသလားလို့ ဆက်ပြီးတွေးနေမိတယ်၊း)
    Illustration လေးတွေကိုလည်း ကြိုက်တယ်…။

    Comment by ညီလင်းသစ် — March 24, 2011 @ 1:40 am

  16. မလေးရဲ့အချစ်အကြောင်းက သဘာဝဆန်ဆန် စိတ်ဝင်စားဖို့ကောင်းတယ်….။
    မသက်ဝေ ပြောသွားတာလေးလည်းကြိုက်တယ်….။

    ခင်တဲ့
    မိုးငွေ့

    Comment by မိုးငွေ့ — March 24, 2011 @ 2:43 am

  17. မလေးရေ…
    သိပ်ကောင်းတယ
    ကြည်နူးစရာ အချစ်အကြောင်းလေး
    ဆက်ပြီးတွေးနေမိတယ

    nice :-)

    Comment by phyo thet aung — March 24, 2011 @ 6:11 am

  18. သရုပ်ဖော်ပုံလေးတွေရော
    စကားလုံး နုနုလေးတွေရော
    ကဗျာချိုချိုလေးတွေရော
    ခံစားသွားပါ၏

    Comment by Nyi Thu E@iN — March 24, 2011 @ 8:21 am

  19. လေး.. အခု..အချစ် ဘယ်မှာလဲ ဟင်. …း)

    Comment by K — March 24, 2011 @ 8:58 am

  20. မလေးရဲ့ အချစ်အကြောင်းလေး လာဖတ်သွားတယ်။ ၀တ္ထုလေးထဲမှာ ဖတ်ရင်း မျောသွားတယ်။ စာထဲက မောင် တစ်ယောက်တည်း မပာုတ်ပါဘူး မလေးရေ…။ ယောက်ျားလေး တွေရဲ့ သဘာဝပဲ ထင်ပါရဲ့။ ကိုယ့် ချစ်သူကို ဘေးနားမှာ ထားပြီး လှတဲ့ မိန်းကလေးတွေကို အမှတ်တမဲ့ ငေးမောတတ်တယ်။ သူတို့ကလည်း ကိုယ့် ချစ်သူ မိန်းကလေးကို တမင် နာကျင်အောင် လုပ်တာတော့ မပာုတ်ပါဘူးလေ။ ကိုယ်တွေကသာ အဲ့ဒီ တဒင်္ဂလေးမှာ ၀မ်းနည်းသွားရတာ။ ၀တ္ထုထဲက မိန်းကလေးကို ကိုယ်ချင်းစာလို့ ရတယ်။

    Comment by rose — March 24, 2011 @ 9:22 am

  21. ကြည်နူးစရာအချစ်အကြောင်းလေးဖတ်သွားပါတယ်အမရေ၊အစစအဆင်ပြေပါစေနော်။

    Comment by ငွေစန္ဒာ — March 24, 2011 @ 12:10 pm

  22. “စာလည်းရေးတယ်၊ မတောက်တခေါက် ကဗျာလေးတွေလည်း စပ်တယ်၊ ဂစ်တာလည်း တီးတယ်၊ ပန်းသီးငပိချက်လည်း ချက်ပါတယ် မောင်ရယ်”
    ကြည်နူးစရာအချစ်အကြောင်းလေး ခံစားအားပေးသွားပါတယ်မမရေ။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    Comment by angelhlaing — March 24, 2011 @ 3:00 pm

  23. နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ ငြိမ့်ငြိမ့်လေး ရင်ကို ထိတယ်။ ကောင်းလိုက်တဲ့ပုံပြင်လေး…..။
    ဖတ်လို့အပြီးမှာ ဇဝေဇ၀ါ… သိသလိုလို….ပန်းသီးငပိချက်စားချင်တယ်။
    နွေေ၇ာက်တော့မယ်၊ ဆုံကြဖို့လုပ်ပါဦး။ ခုချိန်မှာတော့ ဘ၀သမားဖြစ်နေတယ်။
    ဟဲ့ ကွန်မင့်ထဲအကုန်လျှောက်မထဲ့နဲ့နော်။

    Comment by Htate Htar — March 24, 2011 @ 5:44 pm

  24. အိမ့်ရေ… အချစ်အကြောင်း လာနားထောင်သွားတယ်… မြန်မာပြည်လေဆိပ်မှာ…စင်္ကာပူုလေဆိပ်မှာ… ကနေဒါလေဆိပ်မှာ…????… ဒီအချစ်အကြောင်းကို ဟိုးအရင်ကအချစ်အကြောင်းတွေနဲ့  ဆက်စပ်ကြည့်ပြီး ကျေနပ်သွားတယ်… အချစ်နဲ့ အချစ် သိပ်ချစ်ကြတဲ့အချစ်အကြောင်းမို့ လေ… အချစ်ကအချစ်ကိုပြန်တွေ့ တာ သိပ်ဝမ်းသာတယ်…

    Comment by တန်ခူး — March 24, 2011 @ 11:01 pm

  25. မလေး ရေ
    မနေ့ ညက “ အချစ်အကြောင်း” ကို ဖတ်သွားခဲ့ တယ်။ ဖတ်တဲ့အချိန်က နဲနဲအိပ်ငိုက်နေပြီ။ အဲတာနဲ့  ကော်မန့် လဲ မရေးဖြစ်ခဲ့ ဘူးရယ်..
    ဒီနေ့  ထပ်ပြီး အစအဆုံးတစ်ခေါက်ထပ်ပြီး ဖတ်ဖြစ်တယ်။ အသက်ဝင်နေတဲ့  မလေး ရဲ့  “ အချစ်အကြောင်း” မှာ နစ်ဝင်စီးမျောသွားတယ်။
    စာရေးတာလေးက တကယ်ပဲအသက်ဝင်လှပါတယ်။ တကယ်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ကို ဖတ်ရသလိုပဲ ဇာတ်ဆောင်စရိုက်တွေ၊ခံစားမှု့ တွေ ပီပြင်လှပါတယ်။

    Comment by မောင်မောင် — March 25, 2011 @ 9:11 am

  26. အမတန်ခူး လာသွားတယ်နော်..း) မ.. မမြင်တာကြာပေါ့။
    ကေရေ.. လေးရဲ့ အခြစ်ကို ဘေးအိမ်က အုန်းသီးခြစ်ဖို့ ငှားသွားတယ် :P
    ကိုဟန်ကြည့် သီချင်းက ဆရာထီးသီချင်းများလား မသိ…
    မမထိတ်ထားရေ.. ဒီမှာလည်း ဘ၀သမားပေမို့… ပါပဲ။ ဖျားချင်နေတယ်။ ဆန်းဒေး အန်တီ b တို့ အိမ်မှာ ဆုံကြမယ်ဆို.. အဲ့ခါမှပဲ တွေ့တော့မည်။
    စာလာဖတ်သူ မောင်နှမများအားလုံး စိတ်ချမ်းသာကြပါစေလို့..

    Comment by မလေး — March 25, 2011 @ 10:32 am

  27. အချစ်နဲ့ မေပယ်လ်တွေပွင့်ချိန် နောက်ဆက်တွဲကိုပဲ ဆက်တွေးနေမိတယ်။း)

    Comment by ပန်ဒိုရာ — March 26, 2011 @ 7:18 pm

  28. ma lay..
    when i read ur post, i remembered someone.
    i don’t know where is he now but i always remember him.
    miss u so much too. ma lay

    Comment by chit su — March 31, 2011 @ 2:06 am

  29. ချစ်စု… မလေး သိတယ်။ ဒီလိုပါပဲ ချစ်စုရယ်.. ဘ၀တွေဟာ လွမ်းမောစရာတွေလည်း ရှိတတ်တယ် မဟုတ်လား။ မလေးလည်း ချစ်စုကို သတိရတယ်။ ချစ်စုတို့ ၂ယောက်လုံးကိုပဲ

    Comment by မလေး — April 1, 2011 @ 8:55 am

  30. အဲဒီ့အချစ်က မကြည့်ဖြစ်တဲ့ ရုပ်ရှင်လက်မှတ်နှစ်စောင်ထဲက တစ်စောင်ဖြစ်နေမလား တွေးမိတယ် မလေး..။ အချစ်အကြောင်းဖွဲ့စာစုကို သေချာခံစားပြီး ဖတ်သွားတယ်နော်။

    ဘယ်လိုပဲဖြစ်ဖြစ် မလေးကို ဇွန်က ချစ်ပါတယ်။း)

    Comment by ဇွန်မိုးစက် — April 10, 2011 @ 4:57 am

  31. ချစ်သူတစ်ယောက်ကိုချစ်ခဲ့အဖြစ်ကဆိုးလွန်းပါတယ်ကွ

    Comment by ဟိန်းချစ်သူ — September 20, 2011 @ 10:34 pm

  32. ဖတ်လို့ကောင်းပီး စိတ်ကြည်နူးစရာလေး အချစ်လို့ သုံးနှုန်းပုံလေးက……….

    Comment by ထူးသိမ့် — September 28, 2011 @ 2:44 am

  33. ပုံပြင်လိုပါလားနော်…

    Comment by Anonymous — September 9, 2012 @ 7:31 pm

  34. ကဗျာ..တွေအရမ်းကောင်လွန်းလို့….ရင်ထဲမှာ.တစ်မျိုးခံစာနေရပါတယ်

    Comment by အလွမ်း — April 13, 2013 @ 11:37 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------