မနေ့က အစ်မနဲ့အကိုအိမ်မှာ ခရစ်စမတ်ညစာ စုစားကြတုန်းက….
သူတို့ချက်ထားတာတွေကတော့ အများကြီးပါပဲ။ မြန်မာစာတွေများတယ်။ ကြက်သည်းကြက်မြစ်ကို ငရုတ်သီးစပ်စပ်နဲ့ချက်ထားတာရယ်၊ ငါးချဉ်သုပ်၊ ပုဇွန်ဆီပြန်၊ ကျောက်ပွင့်သုပ်၊ ၀က်သား၊ ကြက်သားဟင်း၊ ၀က်သားနဲ့ကျောက်ဖရုံဟင်းချို စသဖြင့် စုံနေတာပါပဲ။
ဟိုနည်းနည်းဒီနည်းနည်းစားလိုက် ရောက်တတ်ရာရာစကားတွေပြောလိုက်နဲ့ အစ်မကြီးတစ်ယောက်က သူချက်ထားတဲ့ ရိုးရာကြက်ဆင်ကို ဘယ်သူမှ သိပ်မထိကြလို့ ပြောနေတာနဲ့ မလေးလည်း အားပေးမယ်ဆိုပြီး ……..
ဘယ်တုန်းကမှ မကြိုက်သော ကြက်ဆင်သားဘေးမှာ cheese cake ပုံပြီး ငပိရည်ဆမ်းလိုက်တော့ အဲဒီနားမှာထိုင်နေသူတွေက မျက်လုံးပြူးကြည့်နေကြတယ်။ ငပိရည်ကလဲ ပြတ်နေတာကြာတော့ …ပေါ့ရွှတ်ရွှတ်ကြက်ဆင်သားကို အငံလေးနဲ့စားမလို့လေ။ အာလူးခြေလေးကိုလည်း ငပိရည်နည်းနည်းလေးဆမ်းပြီး အစ်မတစ်ယောက်ကိုလည်း ခွံလိုက်တာ အဲဒီအစ်မက အရမ်းသဘောကျပြီး သူပါလိုက်စားရင်း ကောင်းတယ်ဟဲ့ ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် အကုန်လိုက်စားကြတော့တာပါပဲ။ အိမ်ချမ်းမြေ့တစ်ယောက် cheese cake နဲ့ ငပိရည်စားနေလေရဲ့ဆိုပြီး သူတို့ကမှ စားလိုက်ကြတာ…။
အဲဒါ တစ်ယောက်က ဘလောဂ်ပေါ်တင် ဆိုပြီး မလေးပန်းကန်ထဲက စားစရာတွေပေါ် ငပိရည်တွေ လာထည့်ပြီး ဓာတ်ပုံရိုက်သွားတော့တာပါပဲ။
ဒညင်းသီးလုံးဝ မကြိုက်ပါဘူးဆိုတာလည်း အတင်းလာထည့်သွားတယ်။
ကလေးတွေ လိုက်မလုပ်ပါနှင့်..(လူကြီးများသာလုပ်ပါမည်) စားစရာကို မကစားကောင်းပါ… 
အဲဒီပန်းကန်လည်း မလေး မထိဖြစ်တော့ပါ။

ဘလော့ဂါတွေထဲမှာ ဟင်းချက်ကောင်းတဲ့ စန္ဒကူးမေတို့ မြူးသျှရီတို့ မိုးမိုးစတား တို့ရယ်.. အခြားအခြားသော ဟင်းချက်ကောင်းတဲ့ ဘလောဂါမမလေးတို့ရဲ့လက်ရာတွေကို အားကျတာနဲ့ မလေးလဲ ကိုယ့်လက်ရာအချို့ကိုစုပေါင်းပြီး တင်လိုက်ပါတယ်။
မလေး ချက်သောဟင်းများကတော့ မြန်၊ ကောင်း၊ သက်သာ ပါပဲ။ စိတ်ကလည်း အတော်ရှည်သည်ကိုး။ အိမ်နံမည်စိုးလို့ ဆီလည်း ဘယ်သောအခါမှ သတ်ပြီး မချက်ပါ။ ဆီသတ်ရမယ်ဆိုရင်လည်းလေ.. နေသာတဲ့နေ့ကို စောင့်ပြီး အပြင်ထွက်ချက်ပါတယ်။ အအေးပိုင်းနိုင်ငံတွေက အိမ်များကလဲ အလုံပိတ်တွေဆိုတော့ vent တွေ ဘယ်လောက်ကောင်းကောင်း ဆီသတ်ချက်ရင် တစ်အိမ်လုံး အလွန်နံသောကြောင့်ဖြစ်ပါတယ်။ အိမ်ထဲက ဆိုဖာတွေ၊ အကျီ င်္တွေပါ အနံ့စွဲပါတယ်။ ဘယ်လောက်အနံ့စွဲစွဲ မြန်မာထမင်းဟင်းမှလည်း ကိုယ်တွေက အရသာတွေ့တယ် မဟုတ်ပါလား။ တစ်ခါက မောင်နှစ်မတွေ ခရစ်စမတ်ရက်တွေမှာ မြန်မာထမင်းဟင်း အကြီးအကျယ်ချက်စားကြပြီး shopping mall ဘက် ထွက်လာကြတယ်။ အိမ်ထဲမှာနေနေကြတုန်းက အနံ့က ရိုးနေတော့ မသိသာဘူး။ mall အပြင်ဘက်မှာ ကားရပ်ပြီး အပြင်လည်းထွက်လိုက်တာနဲ့ ဆောင်းလေကြမ်းကြမ်းက တိုက်လာတာ၊ ကိုယ်တွေမှာပါလာတဲ့ ဟင်းနံ့တွေက ထောင်းဆို ထလာပါလေရော။ ကုတ်အကျီ င်္တွေ၊ ဆံပင်တွေထဲ ကအနံ့တွေက ဆောင်းလေရူးနဲ့အတူ လှိုင်လှိုင်သင်းပါလေရော။ ကားနားမှာပဲ ကုတ်တွေချွတ်ခါ၊ မလေးအပါအ၀င် ဆံပင်နည်းနည်းရှည်တဲ့ အစ်မတွေလည်း ဆံပင်တွေကို (ရော့ခ်ဂီတသမားတွေလို) ခါပီး mall ထဲ အုပ်လိုက်ဝင်သွားကြတယ်။ မ၀င်ခင် တစ်ယောက်ခေါင်းတစ်ယောက် ရှုခိုင်းကြရသေးတယ်.. အဖြစ်က။ အဲလိုနဲ့ The Bay က ရေမွှေးကောင်တာနားရောက်တော့ အကိုတစ်ယောက်က သူ့လက်နံနေတယ်ဆိုပြီး sample တင်ပေးထားတဲ့ ကရမ်ကို သွားယူပြီး လက်ဖ၀ါးမှာ ပွတ်လိုက်တယ်။ အဲ့ဒါ မိန်းကလေး ကရမ် လို့ဆိုတော့.. နေပစေတဲ့။ အနံ့သက်သာရင်ပြီးရောလို့ဆိုတယ်။ အဲဒီအချိန်မှာ ကျန်တဲ့အစ်မတွေကလည်း sampleရေမွှေးတွေကို လက်ဖမိုးလေးတွေမှာ မသိမသာပွတ်နေကြတယ်။ အကိုက ကရမ်လိမ်းပြီးတော့ အခြေအနေဘယ်လိုလည်းဆိုပြီး မပြောမဆို မလေးရဲ့နှာခေါင်းနားလာကပ်ပြီး သူ့လက်ကြီးရှုခိုင်းတာ၊ မေ့ မတတ်ကိုဖြစ်သွားတယ်။ ဟင်းနံ့နဲ့ ကရမ်အနံ့ရောထားတာ ဘယ်လိုနေမလည်း စိတ်သာကူးကြည့်ကြပါတော့။ အဲဒီနေ့ကလည်း London Drugs ထဲမှာ စက်ပစ္စည်းတစ်ခု သွားကြည့်တာ ရောင်းတဲ့ဝန်ထမ်းတွေ မလေးတို့တွေရဲ့ အနားကနေ သိသိသာသာကို ရှောင်ထွက်သွားကြတယ်။ အဲသလောက်ကို ဖြစ်တာပါ။ ဟင်းချက်တာ မပြောခင် အနံ့အကြောင်း ဘယ်လိုရောက်သွားပါလိမ့်နော်…. ပြန်ဆက်ပါမယ်။
အဲဒီနေ့က နေသာတယ်.. ။ ရှားရှားပါးပါး ကနေဒါရဲ့အောက်တိုဘာမှာ နေသာတဲ့နေ့ကလေးမို့ နောက်ဘက်ဝရံတာမှာထွက်ပြီး ကြက်သားဗူးသီးဟင်း ချက်ဖြစ်တယ်။ ဒါတောင် လုံးပြီးချက်တာပါ။

လာပါပြီ… ကနေဒါဗားရှင်း ကြက်သားဗူးသီး
(ပြင်ဆင်ချိန်မှ ကျက်သည်ထိ - ၄၀ မိနစ်)

ကြက်သားကို အနေတော် အတုံးတွေတုံး၊ ကြက်သွန် ဖြူ၊ နီ၊ ဂျင်းကို စက်ထဲ ထည့်ကြိတ်၊ ပြီးတော့ အိုးထဲမှာ ကြက်သားတွေရယ်၊ ကြက်သွန်တွေရယ်၊ ဆီ၊ ဆား၊ ငံပြာရည်၊ အရောင်တင်မှုန့် အကုန်ထည့်ပြီး မီးပေါ်တင်ထားလိုက်ပါ။
(ဆက်ဖတ်ရန်…)