♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 1, 2017

ကိုယ့်ရဲ့နံနက်ခင်း

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 10:31 am

လှလိုက်တဲ့ နံနက်ခင်း… ဆောင်းဦးဝင်တော့မယ်ဆိုတော့ မြက်ခင်းတွေလည်း စိမ်းလာကောင်းပါရဲ့။ ဟော.. သစ်တော်ပင်ပေါ်မှာ သစ်တောက်ငှက်လေးတစ်ကောင်ပါလား။ သစ်တောက်ငှက်လား အပြာရောင်ရော်ဘင်ငှက်လေလား သေချာတော့ မမြင်ရဘူး။ ရိုဘင်တွေအကြောင်းတော့ သိပ်မသိဘူး။ သစ်တောက်ငှက်တွေကတော့ သူ့နှုတ်သီးချွန်ချွန်ကြီးတွေနဲ့ အခြားငှက်ဥတွေကို ဖောက်စား၊ အခြားမွေးကင်းစငှက်လေးတွေကို ဦးနှောက်ဖောက်စားတတ်တာ။ ရော်ဘင်တွေလည်း ဒီလိုပဲလား။ သူတို့အကြောင်းကို သိပ်မသိတာပဲကောင်းပါတယ်။ လူ့ကမ္ဘာလိုပဲ ငှက်ကမ္ဘာဟာလည်း ရက်စက်မှုတွေနဲ့ ပြည့်နေတာတွေကို မတွေးတော့ပါဘူး။ နံနက်ခင်း သစ်တော်ပင်ပေါ်မှာ ငှက်ကလေးတစ်ကောင် တေးသီနေတယ်ပေါ့။ ဒီလောက်ပဲကောင်းတယ်။ ဒီထက်သိပ်တွေးရင် နံနက်ခင်းဟာ မလှတော့ပဲ ဖြစ်တော့မယ်။

flower1.jpg

flower5.jpg

နှင်းဆီရေ.. လှလိုက်တာ…။ ဒါပေမယ့် ဒီရေမွှေးနှင်းဆီဟာ ဒီနှစ် သိပ် မမွှေးဘူး။ အနားကိုအတင်းကပ်ရှုကြည့်မှ မွှေးတယ်။ မခူးခင် ရှုကြည့်လိုက်ဦးမှ ..။ အို… ပွင့်ဖတ်ပေါ်မှာ ပိုးကောင်လေးတွေ။ မရှုတော့ပါဘူး နှင်းဆီရယ်… မင်းပွင့်ဖတ်ပေါ်က ပိုးကောင်လေးတွေ ကိုယ့်နှာခေါင်းထဲ ဝင်သွားမှာလည်း စိုးလို့ပါ။ မင်းကလည်း လှလိုက်တာ….။ နှင်းဆီရည်သောက်ရင် အသားလှတယ်ဆိုနေကြတာ ခူးပြီးသောက်ကြည့်မယ်လို့ ဆုံးဖြတ်ထားတာ ။ မင်းကို ခူးပြီး ရေနွေးထဲထည့်လို့ ဘယ်လိုသောက်ရက်မှာလဲ။ နှင်းဆီပန်းကလေးကလည်း လေ… ဒီနေ့မှ ပန်းရောင်Cosmos ပန်းလေးနဲ့ စကားစမြည် ပြောနေလိုက်သေးတာ။ နှင်းဆီကို ခူးရမှာလား.. မခူးရဘူးလား။ လှလိုက်တာဆိုတာ မခူးရက်ပါဘူး။ ဟိုဘက်က ဘူးသီးတွေ ဘယ်လောက်ကြီးပြီလဲဆိုတာကိုပဲ သွားကြည့်တော့မယ်။

flower4.jpg

ဘူးသီးကလည်း ဒီနှစ်မကြီးနိုင်ဘူး။ နွေကုန်ဆောင်းကူးမှ ဒီတစ်လုံးက အရှိန်ယူနေတာ။ ဘူးကင်းလေးတွေကို ပြုတ်ပြီးတို့စားမလို့တဲ့။ ဘူးသီး၊ ဘူးကင်း၊ ဘူးညွှန့်၊ ဘူးရွက်၊.. အို ဘူးပင်ဆိုတာ အလှကြည့်ဖို့လောက်သာ ကောင်းတာ။ ဒီလောက်လှတဲ့ အပင်ပေါ်က အသီးတွေနဲ့ အရွက်တွေကို စားဖို့မသင့်ဘူး ပြောမိတာကို လူတွေက ရယ်ချင်ကြသေးတယ်။ တကယ်ဆို ဘူးညွှန့်နုနုလိမ်လိမ်လေးတွေကို အချိန်ကြာကြာ ငေးမိမယ်ဆိုရင် သူတို့ကသင့်ကို ကဗျာတစ်ပုဒ်တောင် လက်ဆောင်ပေးပါလိမ့်မယ်လို့ လူတွေကို ပြောပြချင်တာ။

flower10.jpg

ကဲပါလေ… နှင်းဆီကလည်း အမြဲပွင့်မှာပဲ။ ဒီတစ်ပွင့်တော့ ခူးပြီးရေနွေးထဲစိမ်သောက်မယ်။
သြော်.. အိမ့်ချမ်းမြေ့.. အိမ့်ချမ်းမြေ့.. ဟိုတစ်လောက ပန်းတစ်ပွင့်ကို ခူးပြီးခြေနဲ့နင်းပြတဲ့ မိန်းကလေးကို နှလုံးသားကြမ်းသူကြီးလို့ စိတ်ထဲက ဖျတ်ကနဲဖြစ်တဲ့အပစ်ဟာ အခုတော့ ကိုယ်ချက်ချင်းပြန်ဖြစ်တော့မယ်လေ။ ဟိုတစ်ယောက်ကမှ ပန်းပွင့်ကို ခြေနဲ့နင်းတာ.. မင်းကတော့ ပွင့်ဖတ်တွေကို တစ်စစီချွေ၊ ရေနွေးထဲထည့်၊ ပွင့်ဖတ်တွေကထွက်လာမဲ့ နှင်းဆီသွေးရည်တွေကို သောက်သုံးမှာ မဟုတ်လား။ ကဲ… မထူးပါဘူး။ ချွေမှာသာချွေခူးပါတော့။

flower2.jpg

အင်း… သိပ်တော့မဆိုးပါဘူး။ နှင်းဆီက မခူးရက်လောက်အောင် လှနေတာ မဟုတ်လို့။ လူဆိုတာလည်း ခက်တာနော်။ ကိုယ့်လုပ်ရပ်ကို justify လုပ်တတ်ကြသေးတာ။ ခူးပြီးသောက်ချင်လို့ သိပ်မလှဘူး သိပ်မမွှေးဘူး ဖြစ်ရသေးတယ်။ ဟုတ်ပါတယ်… အရွက်ကလည်း ပိုးကျနေသေးတယ်။ အရွက်မှာပိုးကျရင် အပွင့်မှာကော ပိုးမကျဘူးလို့ ဘယ်သူသိနိုင်မလဲ။ မိုက်ခရိုအော်ဂနင်ဇင်တွေ ဘယ်လောက်များ များနေမလဲ။ ထားပါလေ… သောက်ကြည့်ရမှာပဲ။ တစ်ရက်တည်းသောက်လို့ ဘာမှတော့ ထူးခြားလာမှ မဟုတ်ပေမယ့် စမ်းကြည့်မယ်။

flower13.jpg

ဟင်… ခုံပေါ်မှာ သစ်တော်သီးလေးက ကြွေကျနေတာ ချစ်စရာလေး။ အချိန်မတန်ခင် ကြွေရလေတဲ့  သစ်တော်သီးလေး။ ဒီနှစ်က ဘာသီးမှ ကောင်းကောင်းမသီးဘူးရယ်။ ဒီသစ်တော်သီးကင်းလေးကို အခုနေ ရေဆေးစားရင်တော့ ချဉ်တူးနေမှာပဲ။ နောက်တော့မှ ငံပြာရည်နဲ့ တို့စားဖို့ အိမ်ထဲ ယူသွားလိုက်ဦးမယ်။

flower12.jpg

ကဲ.. နှင်းဆီကို ပထမရေဆေးမယ်။ ရှိနေနိုင်တဲ့ မမြင်ရတဲ့ ပိုးကောင်လေးတွေတော့ သနားပါတယ်။
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့ အနန္တသူရိယအမတ်ကြီး ဆိုသလိုပေါ့…
ရေဆေးလိုက်လို့ ရေထဲမျောပြီး ခံစားနေရမှာထက် ရေနွေးထဲ ဖျတ်ကနဲ စိမ်လိုက်ရင် ပိုးကောင်လေးတွေအတွက် ပိုအဆင်ပြေနိုင်မလား။ ဟင့်အင်း… ရေအေးထဲစိမ်ပြီး ရေကိုသွန်ချလိုက်ရင် သူတို့ဘာသာ တစ်နေရာရာကို ကူးသွားဖို့ အခွင့်ရေး ပိုရနိုင်တယ်။ သူတို့ survival အတွက် chance ပိုရလိမ့်မယ်၊ ဟုတ်တယ်… နှင်းဆီပွင့်လေးကို ရေအေးနဲ့ပဲ အရင်ဆေးလိုက်မယ်။
ဟော…. အခုမှ ပိုလှလာတာ… ရေစက်လေးတွေ တင်နေတဲ့ ပွင့်ဖတ်လေးတွေဟာ လန်းဆန်းသွားတာပဲ။ ကဲ.. တစ်စစီချွေပြီး ဖန်ခွက်ထဲကိုထည့်မယ်.. ပြီးတော့ ရေနွေးပူပူလောင်းထည့်လိုက်မယ်။
ဟင်.. ဘာအရောင်မှလည်း မထွက်လာဘူး။ ဖွင့်ဖတ်တွေသာ ဖြူလျော်လျော်ဖြစ်ပြီး ညှိုးကျသွားတယ်။ ရေကအရောင်မပြောင်းဘူး။ ဘာပဲဖြစ်ဖြစ် သောက်ကြည့်လိုက်မယ်။
အွန်း……… ခါးသက်သက်နဲ့။
ကိုယ်ပဲစိတ်ထင်တာလား။ နံနက်စာ ဘာမှမစားရသေးလို့ ပါးစပ်က ခါးသလိုဖြစ်နေတာလား။ အဲ…. သူများ ပိုးသတ်ဆေးဖျန်းထားလို့လား။ အို… ဒုက္ခပါပဲ… ပိုးသတ်ဆေးများ ဖျန်ထားလို့ကတော့…။
အင်း.. ငါးမိနစ်တော့ ရှိသွားပြီ။ ခုထိ ရင်တွေပူလာတာ ဘာညာမရှိဘူး။ မူးတာဝေတာ အော့အန်တာ မရှိတော့ အရသာမရှိတဲ့ ဒီနှင်းဆီရည်ကို ဆက်သောက်ရတော့မှာပေါ့လေ….။

flower14.jpg

ကိုယ့်ကိုခွင့်လွှတ်ပါ…
နှင်းဆီ….
ကိုယ့်ရဲ့အတ္တအတွက်
မင်းရဲ့လှပမွှေးကြိုင်မှုဟာ…
ဒီနေ့နောက်ဆုံး ဖြစ်ခဲ့ရပြီ…

2 Comments »

  1. ဖေ့စ်ဘွတ်မှာ ဖတ်ပြီး။
    ဒီမှာ တခေါက် ပြန်လာဖတ်တယ်။ ဓာတ်ပုံတပုံချင်းစီနဲ့ ဖတ်ရတာမို့ ပိုအရသာရှိတယ် မလေးရေ …

    Comment by မေဓာဝီ — September 2, 2017 @ 4:09 am

  2. ကိုယ့်ကိုခွင့်လွှတ်ပါ…
    နှင်းဆီ….
    ကိုယ့်ရဲ့အတ္တအတွက်
    မင်းရဲ့လှပမွှေးကြိုင်မှုဟာ…
    ဒီနေ့နောက်ဆုံး ဖြစ်ခဲ့ရပြီ……လှပတဲ့စာသားလေး…အမှတ်တရဖတ်ခဲ့ပြီ

    Comment by jasmine — September 4, 2017 @ 10:16 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------