♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 31, 2012

မိတောနှင့် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း

Filed under: စာစု, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:29 am

ဝက်သစ်ချပင်ကို လက်အုပ်ချီကာ မျက်စိမှိတ်လျှက် အသက်ကိုရှုသွင်းလိုက်သည်။ အသက်ကိုအောင့်ထားပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ ထို့နောက် အဘိုးကြီးလုပ်သည်အတိုင်း ……………..

မိတော တစ်ယောက် တော်တော်လေး စိတ်ညစ်နေသည်။

“လာခဲ့လို့ ပြောနေတယ်”

ပေတံကို ခပ်ဆဆကိုင်ကာ သမီးကို စိုက်ကြည့်နေလိုက်သည်။ သမီးက မထွက်သည့် မျက်ရည်ကို အတင်းညှစ်ကာ မျက်တောင်ကော့ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လျှက်၊ နှုတ်ခမ်းကို တစ်တောင်ခန့် စူထားလေသည်။

“လာခဲ့ လို့ ပြောနေတယ်။ ဒီစာအုပ်ပြီးချင်နေပြီ၊ မပြီးမချင်း မြန်မာပြည် မပြန်ရဘူး”

“ပြန်ဘူး၊ လိုက်ချင်ဘူး”

“ဟင်… ဘာဖြစ်လို့လဲ”

မိတော မျက်လုံးပြူးသွားသည်။ တစ်ကယ်ဆို မိတောသမီးကလေးအနေနှင့်လည်း “မြန်မာပြည်ပြန်ကြမည်” ဆိုသည့်လေသံကလေး ရိပ်ဖမ်းသံဖမ်းကြားရုံဖြင့် ဖုတ်ဖက်ကာကောက်ထလို့ သွားလိုက်ချင်သည့်စိတ်မျိုး ရှိသင့်သည်ဟု မိတော ထင်နေလေသည်။

“ပြောစမ်းပါဦး ဂျူနီယာတော .. ဘာလို့ မလိုက်ချင်ရတာလဲ”

“ခြင်ကိုက်တယ်”

“ဟင်း.. အမလေးတော်”

မိတော တစ်ယောက် သက်ပြင်းနာနာချလိုက်မိသည်။ ပြီးတော့ ခုံကို တဖျန်းဖျန်း မြည်အောင် ပေတံဖြင့်ရိုက်ကာ သမီးကို အတင်းထိုင်ခိုင်းလေတော့သည်။ သမီးက ထိုင်တော့ထိုင်သည်။ ဒါပေမယ့် ခုံမှာခြေလွှဲထိုင်ပြီးသည်နှင့် ဗြဲကနဲ နေအောင် အော်ငိုပစ်လိုက်သည်။ မိတော အရမ်းစိတ်ညစ်သွားသည်။ ဒီပုံနှင့် စာသင်သည်မှာ ပုံစံမကျသည်ကို သိသော်လည်း ဘာဆက်လုပ်ရမှန်းမသိ။

ဂျူနီယာတော ကျွက်ကျွက်မညံခင် မိတောစိတ်ကိုလျော့ချလိုက်ရသည်။ ဂျူနီယာတောလေးကို မျက်ရည်သုတ်ပေးအပြီး၊ စာတစ်ပုဒ်ပြီးလျှင် ရေခဲချောင်း ကျွေးမည်ဟု ချော့မော့လေသည်။ ကလေးကို အခုလို လာဘ်ပေးလို့ စာသင်နေတာလည်း မဟုတ်သေးဟု စဉ်းစားမိကာ စိတ်တွေရှုပ်လာမိပြန်သည်။

“ဒီဖတ်စာအုပ်ထဲက သမီးကြိုက်တာလေးရွေးပြီး လက်ရေးလှလေးနဲ့ ရေးပြနော်”

ဂျူနီယာတော နှုတ်ခမ်းကို တစ်တောင်ခန့်ဆက်လက်စူထားသည်။

“နော်.. သမီးလေး… လိမ္မာပါတယ် သမီးရယ်”

“ဖိုးသာထူး ရေးမလား”

“ဟင့်အင်း”

“သားကလေး တီတာတာ”

“ပျင်းတယ်”

“ဖေဖေ မေမေ မာပါစေ”

“မကြိုက်ဘူး”

“ဂျူနီယာတော.. မင်းကို မေမေ မဆူချင်ဘူးနော်”

“မဆူချင်ရင် မဆူနဲ့ပေါ့လို့ အခုလို…”

“ဟင်.. သမီး… မေမေ စိတ်တိုလာအောင် လုပ်နေတာလား မင်း။ မေမေ မင်းကို ဒီလောက်ချော့နေတယ်၊ ကြိုက်တာတစ်ခုရွေးပြီး ရေးထား၊ ဒါပဲ….။ မေမေ နှင်းဆီတွေ သွားညှပ်ဦးမယ်”

မိတော ခြံထဲဆင်းလာကာ နှင်းဆီညှပ်၊ ပေါင်းနှုတ်ဖြင့် အလုပ်ရှုပ်နေသည်။ ခြံထဲမှာ ပန်းပေါင်းစုံရနံ့က လေပြေသော့သော့မှာ ၀ဲပျံလွင့်ပါးနေသည်။ ခပ်လှမ်းလှမ်းက ချယ်ရီပင်ပေါ်မှာ ငှက်ကလေးတွေ စုရုံးနေကြသည်။ ခေါင်းငုံ့ပြီး ပေါင်းနှုတ်နေစဉ် မှန်တံခါးမှ တတောက်တောက်ခေါက်သံ တိုးတိုးကလေးကို ကြားလိုက်ရသည်။ တောက်တောက်ခေါက်သံက အိမ်တွင်းပြူတင်းတံခါးမှ ဖြစ်သည်။

မော့ကြည့်လိုက်တော့ ……… ပြူတင်းပေါက်မှာ စာရွက်ဖြူလေးတစ်ခု။

thamee2.jpg

မိတော ပြူတင်းပေါက်နားကို စိတ်လှုပ်ရှားစွာ တိုးကပ်သွားမိသည်။ မိတော မျက်နှာက အရမ်းကြီးပြုံးသွားသည်။ “ဟိဟိ” ဟုတောင် အသံထွက်သွားသလား ထင်ရသည်။ လုပ်သွားပုံကလေးကလည်း ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ။ တဟိဟိအသံထွက်ရယ်ပြီးမှ မလုံမလဲပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသေးသည်။ သမီးလေးက သူရေးထားသော စာကလေးကို ပြူတင်းပေါက်မှန်မှာ ကပ်ထားပြီး မှန်ကိုခပ်တိုးတိုးခေါက်က အချက်ပေးသွားခြင်းဖြစ်သည်။ မိတော လက်ထဲက တူယွင်း၊ ကပ်ကြေးတို့ကို ပစ်ချလိုက်သံ တချွင်ချွင်က တိတ်ဆိတ်သော ပတ်ဝန်းကျင်မှာ ပဲ့တင်တောင် ထပ်သွားသည်။ မိတော ဖိနပ်ကိုချွတ်ကာ အိမ်ရှေ့တံခါးကို တွန်းဖွင့်လျှက် အိမ်ထဲကို ကသောကမျော ၀င်သွားလိုက်သည်။

“သမီးရေ… သမီးလေးရေ…”

ဂျူနီယာတောက လက်ကိုပိုက်လျှက် မျက်နှာရှစ်ခေါက်ချိုးဖြင့် ထောင့်တစ်ထောင့်မှာ ပေကပ်ရပ်နေသည်။

“အိုး… တော်လိုက်တာ.. အမေ့ အလိမ္မာတုံးလေး၊ လာပါဦး”

သမီးပါးပြင်ကို မိတော တရွှတ်ရွှတ်နမ်းပစ်လိုက်သည်။ ဂျူနီယာတောက တံတွေးပေကျံသွားသော ပါးကို အကျီင်္လက်နှင့် သုတ်သည်။

“ရေခဲချောင်း”

မိတော မကြားဟန်ဆောင်နေကာ စာလုံးပေါင်းအမှားလေးတွေကို ပြောပြလိုက်သည်။ ဂျူနီယာတောက မိတော ရင်ခွင်ထဲ ပျော့ခွေလာနေပြီး “ရေခဲချောင်း၊ ice cream ရေခဲချောင်း၊ ice cream” ဖြင့် အပြန်ပြန်အလှန်လှန် တတွတ်တွတ်ရွတ်နေသဖြင့် သမီးကိုယ်ကိုတွန်းပြီး မတ်မတ်ထိုင်ခိုင်းသည်။ မိတော စာဆက်ပြသည်။ ဂျူနီယာတော ပါးစပ်ကိုအကျယ်ကြီးဟကာ သန်းသည်။ သန်းပြ၍ မရတာ့ စူသည်။ စူပြ၍ မရတော့ မျက်နှာရှစ်ခေါက်ချိုးချင်လာသည်။ မကြာမှီ ပွက်ပွက်ညံတော့မည်။  နောက်ဆုံးတော့ ဂျူနီယာတော စတော်ဘယ်ရီရနံ့သင်းသင်း ရေခဲချောင်းတစ်ချောင်းဖြင့် ငြိမ်သွားတော့သည်။

˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙

ညနေခင်း ဆည်းဆာရောင်က အိမ်ရှေ့ခန်း ကန့်လန့်ကာများကို ဖြတ်လျှက် ဖျော့ဖျော့လေး ကျလာသည်။ ညအချိန်က ရှစ်နာရီခန့်ရှိသော်လည်း နွေဦးကာလမို့ နေက၀င်ပြီးကာစပင် ရှိသေးသည်။ ပြူတင်းပေါက်ကိုမှီရပ်နေသော မိတော ကွယ်လွန်သွားသော ကြီးတော်ကြီးကို လွမ်းနေမိသည်။ မိတောတို့ ဒီအိမ်ကိုပြောင်းလာပြီး အခြေမကျခင်မှာပင် ကြီးတော်ကြီး ကွယ်လွန်သွားသဖြင့်၊ အိမ်ကို တစ်ခါမှ မရောက်လိုက်။ ကြီးတော်ကို ထမင်းစာဖိတ်ကာမပြုစုလိုက်ရသဖြင့် မိတော စိတ်မကောင်း။

အမေလို အဒေါ်လို အားလုံးကို ဂရုစိုက်တတ်သော ကြီးတော်အကြောင်း တွေးမိသဖြင့် မိတော မျက်ရည်များဝဲလာခဲ့သည်။

“ကြီးကြီးရယ်…. သမီး သတိရတယ်။ ဒီအိမ်လေးကို ကြီးကြီး မမြင်သွားလိုက်ဖူးနော်။ သမီးဟာ ကြီးကြီးတူမပါ။ ကြီးကြီး အခုချိန်မှာလည်း ကြိုက်သလို ၀င်-ထွက်-သွား-လာ နိုင်ပါတယ်”
မိတောနှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ခပ်လှမ်းလှမ်းက ခုံပေါ်မှာ လက်ပ်တော့ပ်တစ်လုံးနှင့် အလုပ်ရှုပ်နေသော ကိုဗျိုင်းဆီက ကီးဘုတ်ရိုက်သံတချောက်ချောက်က ရုတ်တရက် တိတ်ဆိတ်သွားသည်။

“မယ်မင်းကြီးမ ဘာတွေရွတ်နေတာလဲ”

“ကြီးကြီးကို သတိရလို့ပါ။ ဒီအိမ်ကို မရောက်လိုက်ရဘူးလေ..။ ဖိတ်မယ်ဖိတ်မယ်နဲ့ သူကလည်း နေမကောင်းနေတာနဲ့ ဆုံးသာ သွားပါရော…. သတိရလွန်းလို့ပါတော်၊ အခုဘ၀နဲ့လည်း ကျမတို့ အိမ်ကို အချိန်မရွေး လာလည်လို့ရပါတယ်လို့ ပြောနေတာပါ”

ကိုဗျိုင်း ငူငူငိုင်ငိုင်ကြီး ဖြစ်သွားသည်။ ကီးဘုတ်လည်း ဆက်မရိုက်တော့။

သူလည်းပဲ ကြီးတော်ကြီးကို ချစ်သူမို့ သတိရလေရှာလေမည်ဟု မိတော တွေးမိလေသည်။

ထိုအချိန်တွင် မိတောသမီး ဂျူနီယာတောမလေးက ညနေက သူမရေးထားသော မြန်မာစာကို အားရပါးရအော်ဖတ်လေသည်။

“စည်းလုံးညီညာ အောင်သောင်း ဖြာ ….
ဝမ်းသာဆင်နွှဲ တို့အောင်ပွဲ”

မိတော မျက်လုံးပြူးထွက်သွားသည်။

“သမီး… ဘယ်လို”

ဂျူနီယာတောက အသံကလေးကို မြှင့်ကာ သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားစွာဖြင့် ထပ်အော်ဆိုလိုက်သည်။

“စည်းလုံးညီညာ အောင်သောင်း ဖြာ
“၀မ်းသာဆင်နွှဲ တို့အောင်ပွဲ”

“စိတ်ညစ်တယ်.. ငါ .. စိတ်ညစ်တယ်..။ ဘာတွေဆိုနေတာလဲ သမီးရယ်…။ ဒီလောက် မေမေ သင်ထားပေးတာကိ”ု

“အောင်ကြောင်း ဖြာ…. ပြန်ဆို”

“အောင်သောင်း ဖြာ”

“ဟင်းး.. ဒုက္ခပါပဲ.. မေမေ့ပါးစပ်ကို ကြည့်… ဒီမှာ”

ဂျူနီယာတော မျက်လုံးလေးတွေ ၀ိုင်းနေသည်။ မိတော ပါးစပ်ကို စူးစူးကလေးစိုက်ကြည့်နေသည်။

“အောင်ကြောင်း ……. ဖြာ…… အိုကေနော်… ကဲ.. ဆို”

“အောင်သောင်း……….. ဖြာ…”

“အောင်ကြောင်း… အောင်ကြောင်းးးးးး…”

“အောင်သောင်း…… အောင်သောင်းးးးး”

“ဂျူနီယာမိတောမ” မိတော ဗျူးဗျူးဗြဲဗြဲ ဖြစ်ချင်လာသည်။

“ရက်စ်စ် မေမေ”

“ရက်စ်စ် မဟုတ်ဘူး။ ရှင်… မေမေ… လို့ ထူးပါ သမီးလေးရယ်”

“ရှင်…..မေမေ”

“မေမေ့ပါးစပ်ကို ကြည့်… ကြည့်နော်.. အောင်….. ကြောင်း………. ဖြာ”

မိတော နူးနုးညံ့ညံ့ကလေး ပြောသည်။

ဂျူနီယာတောမလေးက မျက်လုံးလေးဝိုင်းက ပါးစပ်လေးကို စုလျှက် ခပ်တိုးတိုးလိုက်ဆိုသည်။

“အောင်… ………. သောင်း….”

“ကဲ.. တော်ပါပြီ မမ… နော်…. တော်ပါပြီ။ ကျမ အရာအားလုံးကို အရှုံးပေးပါတယ်”

“……………….”

“မေမေ လမ်းလျှောက်ထွက်တော့မယ်။ လိုက်မလား”

“ဟင့်အင်း အိပ်ချင်ပြီ”

“သွားသေချာတိုက်အိပ်”

“ဟုတ်… ကောင်းသောညပါ မေမေ”

ဂျူနီယာတောက မိတောကို နှုတ်ဆက်အနမ်းလေးပေးကာ လွတ်ကျွတ်သွားသည့်ပုံနှင့် အိမ်ပေါ်ကို တရှိန်ထိုး ပြေးတက်သွားတော့သည်။

“ကျမ လမ်းသွားလျှောက်လိုက်ဦးမယ်”

“မကြာနဲ့နော်..”

တစ်နေ့တစ်မျိုး မရိုးရအောင် ထူးခြားဆန်းကျယ်လေပါသော မြန်မာ့အရေး ကမ္ဘာ့အရေးကို စိတ်ဝင်စားနေသည့် ကိုဗျိုင်းက မိတောကို တစ်ချက်တောင် မော့မကြည်ပဲ ဆိုလေသည်။

“လထွက်လာမှ ပြန်လာခဲ့မယ်.. အဟွန်း”

မိတော ကင်မရာကိုလက်ကကိုင်ကာ လမ်းလျှောက်ထွက်သွားလေသည်။

˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙

မိတောတို့ ပတ်ဝန်းကျင်က လူများသည် ကျန်းမာရေးကို အလွန်ဂရုစိုက်သူများဖြစ်လေသည်။ ညနေစောင်းလျှင် လူကြီး၊ လူငယ်၊ စုံတွဲ၊ မိသားစု၊ ခွေး၊ ကြောင်က အစ လမ်းလျှောက်ထွက်သည်ဟု ဆိုလျှင် မိတော မလွန်ပါ။ လမ်းလျှောက်နေသော၊ ပြေးနေသော လူအများထဲမှာ ထူးခြားသူများကတော့ ကိုးရီးယားနှင့် တရုတ်လူကြီးများ ဖြစ်သည်။ သူတို့သည် လမ်းလျှောက်နေရင်း ရုတ်တရက်ရပ်လိုက်ကာ သိုင်းချတော့မလို တိုက်ချိကွက် ထုတ်သုံးတတ်သလို၊ ရှေ့ကိုလျှောက်နေရင်း ရုတ်တရက်ကြီး နောက်ပြန်လမ်းလျှောက်သွားချင်လည်း သွားလေသည်။ တစ်ခါတစ်ရံ ကိုယ်ကရိုးရိုးရှေ့ကို လျှောက်နေသော်လည်း ရှေးတူရှုမှာ နောက်ပြန်ကြီးလျှောက်လာသော လူကြီးများကို ဖယ်ပေးရသည်လည်း ရှိသေးသည်။ သူတို့ကလည်း နောက်ကိုမကြည့် သူတို့ကိုလူတွေက ရှောင်သွားလိမ့်မည်ဟူသော ယုံယုံကြည်ကြည်စိတ်ကြီးဖြင့် နောက်ပြန်လျှောက်သည်မို့၊ အနားကပ်မှ သူရှောင်ကိုယ်ရှောင်ဖြင့် ထုတ်စီးတိုးရသကဲ့သို့ ရှိသည့်အခါများလည်း ရှိလေသည်။ ယခုလည်း တရုတ်အဘိုးကြီးတစ်ဦးက မိတောအနားရောက်လာကာမှ တိုက်ချိကွက်ထုတ်သုံးသဖြင့် ခေါင်းငုံ့ကိုယ်ကိုရို့ကာ ကလေးကစားကွင်းဘက် ရှောင်ထွက်ပေးလိုက်ရသေးသည်။

နေ၀င်ရိုးရီ ငှက်ကလေးတို့ အိပ်တန်းတက်လေပြီ။ ထင်းရူးပင်တွေ ပတ်လည်ဝိုင်းနေသော ကလေးကစားကွင်းလေးက တိတ်ဆိတ်နေသည်။ ကင်မရာကို ခုံတန်းလေးပေါ်တင်ကာ လူသူကင်းမဲ့သော ဒါန်းကလေးတစ်ခုပေါ်မှာ မိတော တစ်ယောက်ထိုင်နေမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက သာယာလှပ ငြိမ်းချမ်းလွန်းလှပါတကား။

ဒါန်းကလေးကို မသိမသာလွှဲရင်းက ငယ်ငယ်က ကလေးစိတ်က ကသောကမျောခိုအောင်းလာလေတော့သည်။ မိတောရင်ထဲမှာ ကလေးဘ၀က “ဆေးသကြားဖြင့်နယ်ထားသော မချစ်စုသရက်သီးပေါက်” စားရတော့မည့်အခါ ဖြစ်သည့် ကလိကလိ ခံစားချက်မျိုး ဖြစ်လာလေတော့သည်။ မိတော တစ်ယောက် ကလေးတွေစီးသောဒါန်းကို ခပ်ဖြည်းဖြည်းလွှဲနေရာမှ တဖြည်းဖြည်းမြန်အောင် လွှဲလေတော့သည်။ ကိုယ်ကိုနောက်ကိုလှန်ချလိုက်ကာ ဒါန်းကိုအရှိန်ပြင်းပြင်းလွှဲရင်း ကြယ်ရောင်လင်းစ ကောင်းကင်ကို ကြည့်နေမိသည်။ ဆံပင်တွေက ၀ဲကနဲ ၀ဲကနဲ၊ အသည်းထဲကလည်း အေးကနဲ အေးကနဲ။ ကြယ်တွေကို ငုံ့ကြည့်နေရသလိုခံစားမိတော့ မိတော ပြုံးနေမိသည်။ မိတော ဘာစိတ်ကူးပေါက်သည်မသိ၊ ခြေထောက်ကို ဆန့်ထုတ်ကာ ၁၈၀ဒီဂရီလွှဲသည်ထိ အားရပါးရကြီးကို ဒါန်းလွှဲစီးကာ မကြီးမငယ်ဖြင့် ကစားနေလေသည်။

“ဘုတ်”

ဒါန်းပေါ်မှာ ပြုတ်ကျလာသော မိတော နာကျင်သည့်ဒဏ်ကို ကြိတ်ခံစားကာ အောက်နှုတ်ခမ်းကို ဖိကိုက်ထားရသည်။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ကာ ခပ်တည်တည်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ ကံကောင်းချင်တော့ ပတ်ဝန်းကျင်မှာ လူသူတိတ်ဆိတ်နေသည်။

“အား.. ကျွတ်.. ကျွတ်”

ခါးကို ညာလက်ဖြင့်ဖိကာ ကင်မရာတင်ထားသော ခုံတန်းကို ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာခဲ့သည်။ နာလွန်းသဖြင့် မျက်နှာကြီးက ရှုံ့မဲ့နေသည်။ ခုံပေါ်မှာ ထိုင်ကာ အသက်ကိုပြင်းပြင်းရှုနေမိသည်။

“ဟင်”

ခပ်လှမ်းလှမ်းက ထင်းရူးပင်ကြီးအောက်မှာ ခုနက တိုက်ချိကွက်ထုတ်သုံးသော အဘိုးကြီးက ထင်းရူးပင်စည်ကို မျက်နှာချင်းဆိုင်လက်အုပ်ချီကာ ဖိနပ်ချွတ်လျှက် ရပ်နေသည်ကို ထူးဆန်းစွာတွေ့ရလေသည်။ ထိုအဘိုးကြီးသည် ထင်းရှုးပင်ပုရွက်ဆိပ်တက်သိုင်းကွက်မျိုးဖြင့် လက်ချောင်းလေးများဖြင့် ပင်စည်ဟိုးအပေါ်ထိ တက်သွားသည်။ လက်များကို ဆန့်တန်းထားပြီးနောက် ပင်စည်အတိုင်းလက်ကိုဆွဲချလာပြီး ထင်းရှုးပင်စည်ကို ၁၅ခါခန့် ပွတ်သည်။ ထို့နောက် လက်ချောင်းလေးများဖြင့် ကုတ်တက်သလိုလုပ်ပြန်သည်။ ထိုသို့အခါခါလုပ်ပြီးနောက် ထင်းရူးပင်ကြီးကို တဖန်လက်အုပ်ချီအပြီး ထိုနေရာမှ ထွက်သွားလေတော့သည်။

မိတော အလွန်စိတ်ဝင်စားသွားသည်။

“ဒီအဘိုးကြီး သိပ်တော်တယ်။ သစ်ပင်ဆီကဓာတ်တွေနဲ့ မြေဓာတ်ကို စုတ်ယူနေတာ။ တော်တော်ကျန်းမာမယ့်ပုံပဲ”

မိတော အလွန်အမင်းအားကျကာ အနားက ၀က်သစ်ချပင်ငယ်နားကို တိုးကပ်သွားလေတော့သည်။ နွေဦးရာသီမို့ နေ၀င်ရိုးရီအလင်းဖျော့ဖျော့လေး ရှိနေသေးသည်။ မိတော ဖိနပ်ကိုချွတ်ကာ ခြေစုံရပ်သည်။ ၀က်သစ်ချပင်ကို လက်အုပ်ချီကာ မျက်စိမှိတ်လျှက် အသက်ကိုရှုသွင်းလိုက်သည်။ အသက်ကိုအောင့်ထားပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ ထို့နောက် အဘိုးကြီးလုပ်သည်အတိုင်း လက်ချောင်းလေးများဖြင့် သစ်ပင်တက်သည်။ ထို့နောက်လက်ဖ၀ါးနှစ်ဘက်ဖြင့် ပင်စည်ကိုပွတ်ဆွဲကာ ရင်ဘတ်အမြင့်ထိဆွဲချသည်။ သစ်ပင်ကို လက်ဖြင့်ဝိုက်သည်။ မိတော နှစ်ခါသုံးခါခန့်လုပ်အပြီး ခြေထောက်အောက်မှာ ရွစိရွစိဖြစ်လာသည်။ ပထမတော့ သဘာဝဓာတ်တွေ သူမကိုယ်ထဲစီးမျောလာလေသလားဟု ထင်လိုက်မိသေးသည်။ နောက်တော့…  ခြေထောက်သာမက လက်တွေပါ ရွစိရွစိဖြစ်လာသည်။ နောက် လက်ဖမိုးမှာ စူးကနဲတစ်ချက်၊ ခြေဖ၀ါးမှာ စူးကနဲတစ်ချက်။

“အားးးးးးး”

မိတော လက်ကိုကြည့်လိုက်သည်။ လက်ပေါ်ကို ပုရွက်ဆိတ်တွေ တက်လာနေသည်။ တုန်တုန်ယင်ယင် ငုံ့ကြည့်လိုက်မိသည်။ ခြေဖမိုးပေါ်မှာလည်း မည်းမည်းတွေ ရွစိတက်နေသည်။

မိတော တအားအားအော်ကာ ဖိနပ်အမြန်ပြေးစီးလျှက် လက်ခါခြေခါဖြင့် ခုံတန်းဘက်ကို ပြေးသွားသည်။ ခုနက ဒါန်းပေါ်ကပြုတ်ကျထား၍လည်း ခါးနာနေသဖြင့် လက်နှင့်ဖိထားရသေးသည်။ ကင်မရာကို ကောက်ယူကာ အိမ်ဘက်ကို အလျှောက် ခုနက အဘိုးကြီး၏ ထင်းရူးပင်ကို မကျေမနပ်တစ်ချက် လှမ်းကြည့်လိုက်မိသည်။ အံကြိတ်ကာ ထင်းရူးပင်ဘက်ကို ထော့နဲ့ထော့နဲ့ဖြင့် မိတော လျှောက်သွားသည်။ အဘိုးကြီး၏ထင်းရူးပင်ကို သေသေချာချာ ကြည့်သည်။ အဘိုးကြီးနေ့စဉ် ပုရွက်ဆိတ်သိုင်းလေပွေရိုင်း လေ့ကျင့်ခဏ်းလုပ်ထားသည်မှာ သိသာနေသည်။ ထင်းရှုးပင်စည်သည် ပုရွတ်ဆိတ်တစ်ကောင်ရှိရန်မဆိုနှင့် ဘယ်လောက်တောင် သစ်ပင်ကို ပွတ်ထားသည် မသိ၊ ထိုနေရာသည် ပြောင်ချောနေ၏။

မိတော အိမ်ပြန်ရောက်တော့ မိုးစုန်းစုန်းချုပ်လေပြီ။ အိမ်နားရောက်တော့ တစ်အိမ်လုံး မီးထိန်ထိန်ငြီးနေသည်ကို တွေ့လိုက်ရသည်။

“ဟင်… တစ်အိမ်လုံးကို လင်းနေပါ့လား”

ဧည့်သည်တွေများ ရောက်နေလားဟု ကြည့်တော့လည်း တစ်ဦးမျှ မရှိ။ အိမ်တံခါးကို သော့ဖွင့်ဝင်တော့လည်း တစ်အိမ်လုံးက တိတ်ဆိတ်လို့။

“ဒီလောက် မီးတွေ အကုန်ဖွင့်ထားတာ မီတာတွေတော့ တက်ပါပြီ”

မိတော ပွစိပွစိရေရွတ်ကာ ကိုဗျိုင်းကို လိုက်ရှာမိသည်။

မီတာတက်မှာကို စိုးရိမ်စိတ်ကင်းစွာဖြင့် စာအုပ်တစ်အုပ်ကို မှင်သေသေဖြင့် ဖတ်နေလေသော ကိုဗျိုင်းကို စာကြည့်ခန်းထဲမှာ တွေ့လေ၏။

“တစ်အိမ်လုံး မီးတွေ ဖွင့်ထားတာ ကုန်ပါပြီ”

ဒါန်းပေါ်ကပြုတ်ကျလာသည့်အပြင် ပုရွက်ဆိတ်တွေ ၀ိုင်းတွယ်တာ ခံလာရသော မိတော ဒီတစ်ခါတော့ တစ်ကယ်ကို ဗျူးဗြဲချင်သော်လည်း စိတ်ကိုထိန်းထားသည်။

“စောစောပြန်လာပါ ပြောတာပဲ”

“ဟင်.. ကျမ စောစောမပြန်တာနဲ့ မီးတွေအကုန်ဖွင့်ထားတာနဲ့ ဘာဆိုင်သတုန်း။ ကျမ အရင်နေ့တွေကလည်း လမ်းလျှောက်သွားတာပဲလေလို့၊ ဒီနေ့ကျမှ တစ်အိမ်လုံးကြီး မီးတွေအကုန်ဖွင့်ထားတယ်”

“……………”

“ဧည့်သည်တွေ လာသွားလို့လား”

“မလာပါဘူး”

“ဖွင့်ပြီး မီးပိတ်ဖို့မေ့လို့လား”

“မဟုတ်ဘူး”

“ညကြီးဖုန်တွေ ထသုတ်နေတာလား… ဟွန်း”

ထော့နဲ့နဲ့နှင့် မိတော ကိုဗျိုင်းစားပွဲနားလျှောက်လာရင်း မေးသည်။

“ဘာဖြစ်လာတာလဲ၊ ထော့နဲ့ထော့နဲ့ နဲ့”

ကိုဗျိုင်းက မျက်လုံးလှန်ကြည့်ရင်း မေးသည်။

“သြော်.. ဟိုဟာပါ… ညနေက ဒါန်းညှက်. အဲလေ ပန်းညှပ်တာ ခါးနာသွားလို့…”

“ပန်းညှပ်တာများ ခါးနာရတယ်လို့ကွာ. ဘယ်လိုပုံစံသွားညှပ်လဲမှ မသိတာ..”

“ပန်းညှပ်တာ ရိုးရိုးမညှပ်လို့ ဘယ်လိုပုံစံညှပ်ရမှာတုံး. .. အား. ကျွတ်. ကျွတ်… နာရတဲ့ထဲ. တကတည်းမှပဲ..”

ဒါန်းပေါ်ကပြုတ်ကျသည့်ဒဏ်နှင့် ပုရွက်ဆိတ်ကိုက်ခံရ၍ ရွစိရွစိဖြစ်နေသည့်မုဒ် နှစ်ခုပေါင်းလျက် ကိုဗျိုင်းကို မိတော….အပြတ်ကောပစ်လိုက်သည်။

“ဒါနဲ့ …ဘာဖြစ်လို့ မီးတွေ တစ်အိမ်လုံး ဖွင့်ထားရတာတုန်း.”

ကိုဗျိုင်းကစာအုပ်ကို ဖျတ်ကနဲပိတ်ကာ ထိုင်ရာမှ ဇက်ခနဲထလျက် အိမ်ပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်သွားခဲ့လေသည်။ လှေကားထိပ်ရောက်တော့ တုံ့ခနဲရပ်လျက် မိတော ရှိနေသည့် စာကြည့်ခန်းဘက်ကို ခေါင်းငဲ့ကြည့်ရင်းက အသံအနည်းငယ်မြှင့်လျက် ပြောသည်။

“ယူနိုးဝှက်. တောတော”

“……….”

“ကိုယ်လည်း မင်းကြီးဒေါ်ကြီးကို ချစ်ပါတယ်. ဒါပေမယ့်”

“ဒါပေမယ့် ဘာဖြစ်လဲရှင့််”

ခါးမှာ မျက်နေသည့်ဒဏ်ကြောင့် မိတော၏ ဘလော့ဂါဒေါသ တရိပ်ရိပ် ထိုးတက်လာသည်ကို မြင်သော ကိုဗျိုင်းက သူ့စကားကို ခပ်သွက်သွက် ပြန်ဆက်သည်။

“ဒါပေမယ့် နေ၀င်ရီတရောရောက်တိုင်း မင်းက မင်းကြီးဒေါ်ကြီးကိုတမ်းတမှန်းဆပြီး စကားတွေ တစ်ယောက်တည်း တတွတ်တွတ်ပြောချင်ပြောတယ်၊ ပြီးတော့ ကင်မရာတစ်လုံးလွယ်ပြီး လကြည့်လိုကြည့်၊ ကြယ်တွေအကြောင်း ကင်းထောက်လိုထောက်နဲ့ အပြင်လမ်းလျှောက်ထွက်သွားပြီး ကိုယ့်ကို တစ်ယောက်တည်း အမြဲထားထားခဲ့တယ်.”

“ဆိုတော့ …”

သက်ပြင်းတစ်ချက်ချလျက် စကားကို တိုတိုတုတ်တုတ်ပြောကာ ရုတ်ခနဲလှည့်ထွက်သွားသော ကိုဗျိုင်းကိုမော့ကြည့်ရင်း
“ကွယ်… ခက်တယ်..” ဟု ခပ်တိုးတိုးရေရွတ်ရုံမှတစ်ပါး မိတောတစ်ယောက် ဘာတတ်နိုင်ပါဦးမည်နည်း…။

“အေး… အဲ့ဒီ့တော့.. မင်းပြန်မလာမချင်း ကိုယ်ကလည်း တစ်အိမ်လုံး မီးတွေ ဖွင့်ထားရမှာပဲ”

…………

………

အားလုံး.. ပျော်ရွှင်ပါစေရှင်…….
အိမ့်ချမ်းမြေ့

ရှင်ဂွိရဲ့နံနက်ခင်း
မိတောနှင့် အညိုရိပ်၅၀

P Please consider the environment before printing this page

23 Comments »

  1. အရမ်းကြိုက်တယ်မလေး

    သမီးလေးရဲ့ အောင်သောင်းနဲ့ မိတောရဲ့အောင်ကြောင်း ရယ်လိုက်ရတာ အူကိုနာရောပဲး))

    Comment by ချိုခ — May 31, 2012 @ 2:57 am

  2. ယောဂ ကျင့်တာလား အာနပါန လုပ်နေတာလား

    Comment by အရှင်သာမိ မုံရွာ — May 31, 2012 @ 7:59 am

  3. ကိုဗျိုင်း၊ မိတော၊ ဂျူနီယာမိတောမ….နာမည်လေးတွေက ချစ်ဖို့ကောင်းလိုက်တာတော်…။ .. အဟွန်း…

    Comment by Su Myat Htar — May 31, 2012 @ 7:59 am

  4. Vistaz Aung ဖတ်လို့ ကောင်းလိုက်တာ

    Comment by Vistaz Aung — May 31, 2012 @ 8:00 am

  5. ပျော်ရွှင်စရာမိသားစုလေး . .

    Comment by Phyu Hnin Phway — May 31, 2012 @ 8:01 am

  6. ပြီးစီးအောင် ဖတ်ပြီးသွားပါပြီ ကောင်းပါဘိ

    Comment by အရှင်သာမိ မုံရွာ — May 31, 2012 @ 8:01 am

  7. အောင်သောင်းကတော့ ဖြာနေတုန်းပါပဲ :P ဖတ်လို့ကောင်းတယ်အမရေ ရီလိုက်ရတာ

    Comment by Zi Zawa — May 31, 2012 @ 8:02 am

  8. အရေးအသားသွက်လက်ပြီး ကောင်းမွန်၏

    Comment by Vicitta Ashinvicittalanka — May 31, 2012 @ 8:03 am

  9. မိတောရဲ့ဒီလိုအရေးအသားကို ဖိုးသားလွမ်းမိကြောင်း..
    သမီးတော်ကတော်၂ချစ်ဖို့ကောင်းတယ်..
    ကိုဗျိုင်းက ကြီးတော်ကို အချစ်ကြီးသကိုး
    မိတောပြုတ်ကျတာကို အကြိုက်ဆုံး ဟေးဟေး
    သတိရတယ် ဂျီးဒေါ်
    ကမ်းခြေ၂၂

    Comment by Anonymous — May 31, 2012 @ 9:13 am

  10. I miss your Kyee Kyee and uncle !

    Comment by Ohnmar Han — May 31, 2012 @ 11:39 am

  11. ဂျူနီယောတာလေးက ချစ်ဖို့ကောင်းချက်.. အဲလေ. ဂျူနီယာတော ပြောပါတယ်.း)
    ကိုဗျိုင်းလို့ ဘာလို့ နာမည်ပေးတာလဲ. ကီးဘုတ်တွေပေါ်မှာ တလွှားလွှားပျံနေလို့လား. မိတော = မောသည် လားး)
    မထင်ရဘူး. မလေး ဒီလိုမျိုးတွေ ရေးတတ်လိမ့်မယ်လို့.

    အောင်သောင်းနဲ့ အောင်ကြောင်းရယ်. ထိုက်ချိနဲ့ ပုရွက်ဆိတ်သိုင်းကွက်ရယ်ကို ရေလည်ကြွေတယ်. အဟတ်ဟတ်.

    Y.

    Comment by Yan — May 31, 2012 @ 12:11 pm

  12. လက်ရှိ ကျနော်တို့ ၀န်းကျင်မှာ အိမ်တစ်အိမ်၊ အစုတစ်စုမှာ မျိုးဆက်(၃)ဆက်လောက် တွဲ မနေကြဘူး၊ မလေးဝတ္ထုထဲမှာ မက်ဆေ့ခ်ျ တစ်ခုခု ပါခဲ့ရင် မိတော …. တော ပြန်နိုင်မယ်လို့ ထင်ဘူး …း)

    Comment by ကိုအောင်(ပျူနိုင်ငံ) — May 31, 2012 @ 2:40 pm

  13. :))

    Comment by Moe Aung San — May 31, 2012 @ 4:21 pm

  14. လာဖတ်ပီး ပြုံးမိတယ်မလေး… ရုံးမှာမို့ မအော်ရီဖြစ်တော့ဘူး….
    ဇတ်လမ်းလေးကိုသဘောကျတယ်…
    စာရေးတာအရမ်းတော်တာဘဲ..

    Comment by စန္ဒကူးမေ — May 31, 2012 @ 5:59 pm

  15. တပြုံးပြုံးနဲ့ ဖတ်နေမိတယ်။
    ဂျူနီယာတောလေးရဲ့ အမှားလေးက ရယ်ချင်စရာလေး
    အောင်သောင်းဖြာတဲ့လား.. သူကတော့ဖြာနေတုန်းဘဲ မလေး ရေ. :P
    ကြယ်တွေ လတွေ ကင်းထောက်ထွက်တဲ့ မိတောရဲ့ အကျင့်လေးကလည်း ချစ်စရာနော်း)
    ရေးလည်း ရေးတတ်ပါပေရဲ့ မလေးရယ်။

    Comment by ချော(အစိမ်းရောင်လွင်ပြင်) — June 1, 2012 @ 4:16 am

  16. တအိမ်လုံးမီးတွေဖွင့်ထားတဲ့အခါတိုင်းဒီပိုစ့်လေးကိုသတိတရပြုံးမိနေပြီ

    Comment by စံပယ်ချို(တောင်ကြီး) — June 1, 2012 @ 8:44 am

  17. အောင်သောင်းနဲ့  အောင်ကြောင်း ဖတ်ပြီး ပြုံးမိတယ် မလေးရေ..လူကို ပြုံးစိစိ ဖြစ်အောင် ရေးတတ်ပါ့…

    Comment by စန်းထွန်း — June 1, 2012 @ 9:36 pm

  18. တောမိသားစုအကြောင်း ဖတ်ရတာ ပြုံးလိုက်ရတာ မမရယ်။ ချစ်စရာ၊ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး။ :)

    Comment by ဇွန်မိုးစက် — June 3, 2012 @ 11:47 pm

  19. ကိုဗျိုင်း သနားပါတယ်… ကျွန်တော်ဆိုလဲ ကြောက်မိမှာဘဲ…..း)

    Comment by Tom — June 7, 2012 @ 3:30 pm

  20. Ha.. ha.. so funny and your writing style is execelent, Malay! :)

    Comment by pyaykaungaung — June 7, 2012 @ 8:24 pm

  21. ဖတ်သွားပါတယ်နော် အရေးအသားလေးကညက်လိုက်တာ ကြိုက်တယ်။

    Comment by Mar Mar — June 23, 2012 @ 4:13 am

  22. မလေးရဲ့ မိတော စီးရီးစ်ကို ပျော်ပျော်ကြီး လာရောက် ခံစား ရယ်မော ပါတယ်…
    ရေးထားပုံကို တကယ် ချစ်တာပါ……….

    Comment by သက်ဝေ — August 31, 2012 @ 10:41 pm

  23. ထင်းရူးပင်ကို လက်ချောင်းလေးတွေနဲ့ တက်လိုက် ဆင်းလိုက်လုပ်တာ လေ့ကျင့်ခန်းလုပ်တာ ဖြစ်မယ် မလေးရဲ့…
    ဖေဖေ Frozen Shoulder ဖြစ်တုန်းက အိမ်နံရံမှာ အဲဒီလို လုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး လုပ်ခိုင်းတယ်…း))

    Comment by သက်ဝေ — August 31, 2012 @ 10:43 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------