Avatar ရဲ့ ကွဲပြားသွားတဲ့ genre
ရုပ်ရှင်တွေရဲ့ Genre တွေဟာ Adventure | Sci-Fi လို့ဆိုလိုက်ရင် ငယ်စဉ်တုန်းကတော့ စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ဒီရုပ်ရှင်ကိုတော့ လူပြောများနေပေမယ့် Genre ထဲမှာ Adventure | Sci-Fi အပြင် fantacy နဲ့ action ပါနေတော့ သိပ်ပြီးစိတ်မ၀င်စားမိခဲ့ပါဘူး။ preview မှာလည်း ထူးဆန်းတဲ့တိရစ္ဆာန်တွေနဲ့ ပစ်သတ်တိုက်ခိုက်နေတာတွေရယ် ကွန်ပြူတာဂိမ်းပုံစံဖြစ်နေတာရယ်ကို သတိထားမိတယ်။ တစ်ခါ 3D လို့ ဆိုပေမယ့်လည်း အခြားဖြစ်ရပ်မှန် documentary 3D တွေလောက် ကောင်းပါ့မလား၊ animation တွေသိပ်များနေမလား စတဲ့အတွေးတွေနဲ့…..
…… ဟိုတစ်ပတ်စနေနေ့က ရပ်ရှင်ရုံထဲရောက်သွားခဲ့တယ်။ စောစောလေးကြိုရောက်လို့ ခုံမှာထိုင်ပြီး ကလေးတွေပဲ လာကြည့်မှာပဲ.. ဟုတ်ကောဟုတ်သေးရဲ့လားဆိုပြီး တွေးနေမိပြန်တယ်။ ဒီလိုနဲ့ ရုံထဲကို မျက်မှန်အိတ်လေးတွေကိုင်ပြီး လူတွေ တစ်ဖွဲဖွဲ ၀င်လာကြတယ်။ ဒီမြို့က ရုပ်ရှင်ရုံတွေဟာ သာမန်အချိန်တွေမှာ လူတစ်ဝက်ရှိရင်တောင်ကံကောင်း။ ဘာဖြစ်လို့လည်းဆိုတော့ ရုံကြီးတစ်ရုံထဲမှာ ရုံသေးလေးတွေ အခုနှစ်ဆယ်လောက်ရှိတော့ အခြားကားပေါင်း နှစ်ဆယ်လောက်ကိုလည်း တစ်ပြိုင်နက်ပြလေ့ရှိတော့ ရုံတစ်ရုံမှာ လူအနည်းငယ်ပဲရှိတတ်တယ်။ အခုကတော့ လူတွေ တစ်ဖွဲဖွဲဝင်လာလိုက်တာ လျှံတောင်ကျတော့မယ်။ ပရိသတ်ကတော့ ထင်ထားတဲ့အတိုင်း တစ်ဝက်ကျော်ကျော်က ဆယ်ကျော်သက်တွေများတယ်။ Rated 14-A ဆိုပေမယ့်လည်း အသက်ရှစ်နှစ်၊ ဆယ်နှစ်လေးတွေလည်း ပါတယ်။ အဲဒီချိန်မှာ ESL ကျောင်းလာတက်ပုံရတဲ့ ဆယ်ကျော်သက် ကိုရီးယန်းယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေ အယောက်အစိတ်လောက် ထိုင်နေတဲ့ အတန်းနဲ့ ရှေ့တန်း၊ နောက်တန်းတွေမှာ ၀င်ထိုင်ကြတယ်။
ရုပ်ရှင်မစခင် အခြားရုပ်ရှင်တွေရဲ့ preview တွေအားလုံးကလည်း ကလေးကားတွေ။ ရုပ်ရှင်စတော့ 3D မျက်မှန်ကိုတပ်၊ ခုံကိုကျောမှီပြီး စိတ်လှုပ်ရှားခြင်းမဲ့စွာ ကြည့်နေလိုက်တယ်။
သိပ်မကြာပါဘူး…
ယာဉ်ပျံကြီးထဲက cryo vault ထဲက cryo capsules တွေ၊ ဆွဲငင်အားသုညမှာ လွင့်မျောနေတဲ့ med tech. တွေ၊ အော်ပရေးရှင်းစင်တာထဲက ကွန်ပြူတာခုံတွေ၊ ဘိုင်အိုဓာတ်ခွဲခန်းထဲမှာရှိတဲ့ amniotic အရည်ထဲက လူနဲ့အဲဒီလပေါ်က လသားတွေရဲ့ DNA တွေကိုပေါင်းစပ်တီထွင်ထားတဲ့ ကိုယ်ခန္ဒာတွေ၊ အထူးသဖြင့် Dr. Grace Augustin (Sigourney Weaver) နဲ့ Colonel Miles Quaritch (Stephen Lang) တို့ရဲ့ အတွေ့အကြုံရင့်ကျက်နေတဲ့ သရုပ်ဆောင်မှုတွေ၊ ပြောင်မြောက်တဲ့စကားပြောတွေနဲ့ ရုပ်ရှင်က ရုပ်လုံးကြွလာတယ်။
ဒီရုပ်ရှင်ကားရဲ့ Genre ဟာ Action/Adventure/Suspense/Thriller/Scifi/Fantasy လို့ ဆိုနိုင်ပေမယ့် လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ရုပ်ရှင်ရဲ့genre အပေါ်ယူဆချက်တွေဟာ ဆန့်ကျင်စွာကွဲပြားသွားကြမှာသေချာတယ်။ ကြာကြာဆက်ကြည့်ရင် ကိုလိုနီစိတ်ဓာတ်ဆိုင်ရာ ချယ်လှယ်အမြတ်ထုတ်မှုအပိုင်းတွေကိုပါ ထည့်သွင်းထားတာကို တွေ့မြင်လာနိုင်တယ်။
အဲဒီအထဲမှာမှ ပန်ဒိုရာလပေါ်က ရှိသမျှအရာမှန်သမျှကို ချယ်လှယ်ခွင့်ရထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ Resources Development Administration ခေါင်းဆောင်Parker Selfridge ရဲ့ စစချင်းပြောလိုက်တဲ့
“နယ်ခံတွေကို လှည့်စားနိုင်ဖို့ သူတို့လို နေတတ်၊ စားတတ်၊ ပြောတတ်၊ ဆိုတတ်ရမယ်…” ဆိုတဲ့ စကား။
You’re supposed to be winning the hearts and minds of the natives. Isn’t that the whole point of your little puppet show? If you look like them, if you talk like them, they’ll trust you?
ဆိုတဲ့ စကားလုံးတွေနဲ့တင်.. anti-colonialism /anti-capitalism လှုံ့ဆော်လိုက်တယ်၊ လမ်းခင်းလိုက်တယ်ဆိုတာ သိသာနေတယ်။
Isn’t that the whole point of your little puppet show? You walk like them, you talk like them. We build them a school, teach them English, but after how many years the relations with the indigenous are only getting worse.
မင်းရဲ့မထိရောက်တဲ့ ရုပ်သေးပွဲပဲ။ နယ်ခံတွေအတွက် ကျောင်းတွေဆောက်ပေးထားတယ်၊ အင်္ဂလိပ်စာသင်ပေးတယ်.. သူတို့လိုနေထိုင်စားသောက်တယ်၊ ဒါတောင်မှ ဆက်ဆံရေးတွေအဆင်မပြေလာဘူး လို့ Selfridge က စကားကို တင်လိုက်တယ်။
အဲဒီချိန်မှာ “Yeah, well that tends to happen when you use machine guns on them”. လို့ Dr. Grace Augustine က စကားကို ချ လိုက်တယ်။
ပထမအခန်းမှာတင်.. သူတို့တွေရဲ့ စကားအတင်အချတွေကိုကြည့်လိုက်တာနဲ့ နောက်ဆုံးလူဖြူတစ်ယောက်ယောက်ကပဲ ခေါင်းဆောင်လုပ်မယ်၊ နယ်ခံမိန်းကလေးတစ်ယောက်ယောက်ရဲ့ နှလုံးသားကို အနိုင်ရမယ်၊ ပြီးတော့ နယ်ခံတွေကိုခေါင်းဆောင်မှုပြုပြီး အမြတ်ထုတ်သမားတွေ (လူဆိုးတွေကို) ပြန်ပြီး တိုက်ထုတ်တော့မယ့်ရုပ်ရှင် တစ်ခုဖြစ်မှာကို ကြိုမြင်နိုင်ပါတယ်။ (အချို့သော မြန်မာရုပ်ရှင်ကားတွေလို.. မြို့သားကအမြဲ ပညာတတ်၊ ရုပ်ချော၊ စိတ်သဘောကောင်း၊ သူတော်ကောင်းဖြစ်ပြီး နယ်ကမိန်းကလေးရဲ့ နှလုံးသားကိုကော၊ မိသားစု၊ တစ်ရွာလုံးရဲ့ချစ်ခင်မှုတွေကို ရပြီး၊ မိန်းကလေးကို တစ်ဖက်သတ်ကြိုက်နေရှာတဲ့ နယ်သားလေးကပါ လေးစားပြီး အချစ်ကိုစတေးပေးလိုက်ရတဲ့ ရုပ်ရှင်ဆန်ဆန်မျိုးသရပ်ဖော်ထားမယ်ဆိုတာ မြင်နိုင်ပါတယ်)










