မာယာသစ်ပင်
ပတ်ဝန်းကျင်မှ ပိုးစုန်းကြုးလေးတွေ၊ သစ်ပင်တက်ပိုးကောင်လေးတွေ၊ ခြေခြောက်ချောင်း သစ်ခြောက်ကောင်လေးတွေကို မြိန်ရည်ရှက်ရည် စားသောက်တတ်သော သစ်စိမ်းပင်အောက်မှာ သူ တွေဝေစွာရပ်နေခဲ့သည်။ စမ်းရေသံကတော့ တငြိမ့်ငြိမ့်။ အနက်ရောင်နှင်းဆီတွေအောက်မှာ ယုန်ဖြူလေးတွေ တလိမ့်လိမ့်။
သူ၏ မျက်ဝန်းအိမ်ထဲမှာ ကျောက်ဆောင်တွေ ပြိုကွဲနေသည်။
ဖူးကြွနုရွတဲ့ ခြေလှမ်းတွေနဲ့ သွေးစိမ်းရှင်ရှင်ကျနေတဲ့ အသည်းနှလုံးတစ်ခုကို ကျောက်သံပတ္တမြားတွေ စီချယ်ထားတဲ့ ရွှေလင်ပန်းပေါ်မှာ သယ်ဆောင်လျှက် စပါးခင်းကိုဖြတ်လျှက် လုံမပျိုက လှုပ်လီလှုပ်လဲ့ ခြေလှမ်းများနှင့် သူရှေ့သို့ သယ်ဆောင်လာနေသည်။
တိတ်ဆိတ်သွားတော့မယ့် သူ့တွက်သံစဉ်တွေကို
မမြင်ရဲလို့ ခုထဲက ဒီအသည်းနှလုံးကို မစားသုံးလိုဟု သူက လုံမပျိုကိုဆိုသည်။
လုံမပျိုက ကျမအသည်းနှလုံးကို စားသုံးပါလော့ဟု မျက်စိစုံမှိတ်လျှက် အော်ဟစ်ငိုယိုလိုက်သည်။ ပတ်ဝန်းကျင်မှ ငှားငှားစွင့်စွင့်ပွင့်နေသော ဖွင့်ဖတ်တွေမှာ အစူးတွေငေါထွက်နေသော နက်ပြာရောင် ပန်းပွင့်တွေ ငုံသွားသည်။ ငှက်ကလေးတွေ တဖုတ်ဖုတ် ကျလာသည်။ စမ်းရေစီးသံ ရပ်တန့်သွားသည်။ ယုန်ဖြူလေးတစ်ကောင် ရင်ကွဲသေသွားသည်။
သူ ထိတ်လန့်ကြောက်ရွံ့စွာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ယောင်ယမ်းလျှက် သစ်ပင်ကို လက်ထောက်လိုက်မိသည်။ သစ်ပင်ထဲမှာ ဖြူဖွေး ချောမွေ့လှပသော၊ နှုးညံ့သိမ်မွေ့သော လက်တစ်စုံက ဖေးမ မယောင်ယောင်နှင့် သူ့ကို တွန်းထိုးလိုက်သည်။
အရှိန်ပြင်းစွာ ထွန်းထုတ်လိုက်သည်။ အားကြီးလွန်းစွာ…
သူ …. လုံမပျို၏ ရင်ခွင်ထဲကို အလဲလဲ အပြိုပြို ပြုတ်ကျသွားသည်။
သူမ၏ သွေးတွေနှင့် စိုစွတ်နေသော ရွှေရင်အုံ၌ သူမျက်နှာအပ်၍ ငိုကြွေးလိုက်မိသည်။
မျက်ရည်တွေကြားမှ သစ်စိမ်းပင်ဘက်သို့ မော့ကြည့်လိုက်သည်။ သစ်ကိုင်းတစ်ကိုင်းမှာ သူ့၏ အသဲနှလုံးက လေကြမ်းကြမ်းအောက်တွင် ယိမ်းထိုးနေသည်။
လုံမပျိုက မြက်ခင်းပေါ်မှ ရွှေလင်ပန်းနားမှာကျနေသော သူမ အသဲနှလုံးကို တုန်ယင်နေသော လက်အစုံနှင့် ကောက်ယူလိုက်သည်။ သူရဲ့ ဟာလာဟင်းလင်း ရင်ဘတ်အစုံဘက်ထိ ခပ်ဖြည်းဖြည်း ယူဆောင်လာနေသည်။ လုံမပျိုကို သူ တွန်းထုတ်လိုက်သည်။ တောင်ကုန်းလေးအတိုင်း လုံမပျို တလိမ့်ခေါက်ကွေးကျသွားသည်။
စမ်းချောင်း၏ လှမ်းခေါ်သံကို သူ ကြားလိုက်ရသည်။ အေးမြသော၊ ကြည်လင်သော ဒီစမ်းချောင်းက သူ့ကို အနက်ရှိုင်းဆုံး၊ အကျယ်ပြန့်ဆုံး ပင်လယ်ပြာတစ်ခုသို့ သယ်ဆောင်ပေးသွားနိုင်မည်ဟု သူ ယုံကြည်လိုက်မိသည်။ စမ်းချောင်းဘက်သို့ သူ လျောက်သွားသည်။ ကြည်လင်သောရေအလျင်ကို သူငေးကြည့်နေမိသည်။ ခပ်လှမ်းလှမ်းကလုံမပျို၏ တောင်းပန်တိုးလျိုးသံကို သူ ကြားနေရသည်။
သစ်ပင်စိမ်းကို သူတချက်ကြည့်လိုက်မိသည်။ လေက ခပ်ပြင်းပြင်းတစ်ချက် တိုက်ခတ်လိုက်သည်။ ချိတ်ထားတဲ့ သူ့အသည်းနှလုံးက အရှိန်ခပ်ပြင်းပြင်းနဲ့ မြေပြင်ပေါ်သို့ကျလာသည်။ ပတ်ဝန်းကျင်မှာ တစ်စစီကျဲပြန့်သွားတဲ့ သူ့အသည်းနှလုံးကို လုံမပျိုက တစ်စစီ ပြန်ကောက်ယူဖို့ ကြိုးစားသည်။ သစ်ပင်စိမ်းပေါ်က တို့လို့တန်းလန်း သံမဏိအသည်းနှလုံး၊ ပန်းအသည်းနှလုံး၊ ဖဲအသည်းနှလုံး၊ မှော်အသည်းနှလုံး၊ အတ္တအသည်းနှလုံး၊ မရွေးအသည်းနှလုံး၊ ဖော့အသည်းနှလုံး၊ ပလတ်စတစ်အသည်းနှလုံးတွေထံမှာ ဂီတသံတွေ ကြားနေရသည်။
နောက်.. ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။
လုံမပျိုက သူ ယူဆောင်မသွားသော သူမ၏ နှလုံးသားကို လင်ပန်းထဲသို့ ပြန်ထည့်လိုက်သည်။ သူထားခဲ့သော နှလုံးသားကြေမွမွနှင့် သူမ၏ အသည်းနှလုံးကို ၀ိုင်းရံလျှက် စမ်းရေပြင်ကို ငုံကြည့်နေသည်။ လုံမပျိုလောက် သူ့ကို ချစ်တတ်သောသူ မပေါ်သေးဟု လုံမပျိုက ကြေကွဲစွာ တတွတ်တွတ် ရွတ်ဆိုနေတော့သည်။





လုံမပျိုက ငြင်းဆန်သူကိုမှ ဇွတ်အတင်းပေးချင်ခဲ့တဲ့ နှလုံးသားကို ရင်ဘတ်ထဲပြန်ထည့်မှာလား….။ ကြေမွနေတဲ့ နှလုံးသားနဲ့  အဖော်လုပ်ပြီး လင်ဗန်းထဲမှာပဲ အလှပြထားတော့မှာလား….။
Comment by လေးမ — November 25, 2007 @ 7:17 am
ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ လေးမရယ်?
~မလေး~
Comment by အိမ့်ချမ်းမြေ့ — November 25, 2007 @ 1:23 pm
ဒီပို့စ်လာလာဖတ်တိုင်း ရင်တုန်ပန်းတုန် ဖြစ်ဖြစ်သွားတယ်။
Comment by Tesla — November 29, 2007 @ 10:04 pm
ကျွန်တော်တော့ သိဘူးဗျ … အချစ်ဆိုတာ ချစ်လို့တော့ မကောင်းဘူး ..။ စာလေးက တစ်မျိုးလေးနော် မလေးရေးလိုက်ရင် အဲလိုလေးတေါ တအားဖတ်လို့ ကောင်းတယ်။
Comment by မျှားပြာ — December 5, 2007 @ 11:29 am
2nd time, I come and read it again.
Nice expression
I loved to read like this post.
Comment by MelodyMg — December 6, 2007 @ 9:24 pm