♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..
♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫
♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
April 8, 2010
အတွင်းကြေသွားတဲ့ ဧပြီ
Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:17 pm
သင်္ကြန်မိုးက တပြိုက်နှစ်ပြိုက်သွန်းကျပြီးပြီ။ မှုန်မှိုင်းမှိုင်းကောင်းကင်မှာတော့ တိမ်ညိုတွေက လေးပင်စွာရွေ့လျောရင်း အိမ်ဘေးမှာ ကပ်ပေါက်နေတဲ့ ငုပင်ထိပ်မှာ ငြိမ်သက်စွာ တွဲခိုလို့။ ငုပန်းတွေကတော့ ရဲရဲဝင့်ဝင့်နဲ့ ကိုယ်ရောင်ကိုယ်ဝါတွေတောက်လို့။ ငုရွက်တွေကတော့ သင်္ကြန်မိုးကြောင့် စိမ်းစိုလတ်ဆတ်လို့။ ထည်ဝါမှုမဲ့တဲ့ အိမ်ကလေးတစ်လုံးရဲ့ အရောင်မဲ့နံရံမှာတော့ ငိုက်မြည်းနေတဲ့ တယောအိုတစ်လက်က ကပိုကယိုမှီနွဲ့လို့။ ပြူတင်းပေါက်ရှေ့ စားပွဲပေါ်မှာတော့ အဆုံးသတ်မရသေးတဲ့ ကဗျာတစ်ပုဒ်က အားအင်ချိနဲ့လို့။
မီးဖိုထဲက လက်ကျန်ဆီလေးကို စွတ်ကျယ်စုတ်မှာဆွတ်ပြီး တယောလေးကို အရောင်တင်လိုက်တော့ တယောလေးက သနပ်ခါးလိမ်းထားတဲ့ မိန်းမလှလေးတစ်ယောက်လို ယဉ်သွားလိုက်တာများ။ တယောအိုလေးကို နံရံမှာပြန်မှီ၊ စားပွဲနားကို လျှောက်သွား၊ ပုဆိုးကို တိုတိုပြင်ဝတ်၊ စားပွဲပေါ်က ဖတ်မပြီးသေးသော်လည်း ရက်စေ့နေသည့်စာအုပ်ကို ကောက်ကိုင်၊ စာအုပ်အငှားဆိုင်ဘက်ကို ထွက်လာခဲ့တော့ မိုးငွေ့သက်တဲ့ လေပြေက သင်းပျံ့ပျံ့။
တစ်ကယ်ဆို ထိုနေ့က ညနေစောင်းလောက်မှ စာအုပ်ဆိုင်ကို သွားခဲ့ဖို့ကောင်းသည်။
မိုးရွာပြီးစမို့ မြေနီလမ်းပေါ်မှာ ရေအိုင်လေးတွေက ဟိုတစ်ကွက်၊ သည်တစ်ကွက်။ ဓာတ်ကြိုးပေါ်မှာ ငိုက်မြည်းနေသော ငှက်ကလေးတွေ။ လေထဲမှာတော့ ကြိုင်သင်းနေတဲ့ ပိတောက်နံ့တွေ။ နေ့လည်ခင်း တစ်နာရီခွဲလောက်မို့ တိတ်ဆိတ်နေကျ သည်လမ်းကလေးက ပိုလို့တိတ်ဆိတ်နေသည်။ နံနက်စောစောတုန်းကတော့ ကလေးလေးတွေ ရေပုံးကလေးတွေနှင့် လမ်းသွားလမ်းလာတွေကို ရေပက်နေသံတွေကို ကြားနေခဲ့ရသလိုလို။ အခုတော့ အိမ်ကလေးတွေထဲမှာ မောမောနှင့် အိပ်မောကျနေလောက်ပြီလား။
နောက်ဘက်မှာ မြေနီလမ်းပေါ်မှာ ကားဘီးလိမ့်သံ ခပ်တိုးတိုးကြားနေရသည်။ ရှေ့နားက ရေအိုင်နီနား ကိုယ်ကော နောက်ကလာနေသည့်ကားကော ရောက်သည့်အချိန် အံကိုက်ဖြစ်နေတော့မည်။ ကားစီးသည့်လူတန်းစားကို ခြေကျင်လျှောက်လူတန်းစားက ဦးစားပေးလိုက်တော့လို့ ကိုယ့်ကိုကိုယ်သတိပေးရင်း လမ်းဘေးကို ကပ်လျှောက်လိုက်သည်။ ရေအိုင်နီနားရောက်ခါနီးမှာ ကားက သိသိသာသာ အရှိန်တင်ပြီး ဖြတ်မောင်းသွားသည်။
“ဗွမ်း”
ထောင်းကနဲဒေါသမျက်ဝန်းက ရေစိုသွားသော ပုဆိုးအောက်ပိုင်းနဲ့ တစ်ပတ်နွမ်းဖိနပ်လေးဆီမှာ။ ဖြတ်သွားသည့် ကားဖြူထဲက ရယ်သံလွင်လွင်တွေဟာ ဗွက်အိုင်တွေပေပွနေသော မြေနီုလမ်းပေါ် ဗရုတ်သုတ်ခနဲ့ ခုန်ဆင်းလာတော့ ကိုယ့်ဒေါသတွေကို နက်နက်ရှိုင်းရှိုင်းတူးဆွမိ။ ကားထဲကို ငဲ့ကြည့်လိုက်တော့ ထီမထင်ရောင်စုံမျက်နှာတွေကြားထဲက အကြင်နာမျက်ဝန်းတစ်စုံကို လှလှပပလေး လွယ်ထားတဲ့ ကောင်မလေး…။
“ကျွီ”
ကားက ခပ်လှမ်းလှမ်းမှာ ရပ်သွားသည်။ တံခါးပွင့်အသွားမှာ ကောင်မလေးရဲ့ ကနွဲ့ကလျ မျက်နှာလှလှလေး။ သူ့ရဲ့တောင်းပန်စကားတွေက သင်္ကြန်မိုးရှေ့က လေနုအေးလို။ ကားထဲက မထီတရီ ရောင်စုံမျက်နှာတွေကို မသိကျိုးကျွန်ပြုရင်း၊ လှုပ်ခါနေသော နားကွင်းလေးကို ငေးကြည့်ရင်း၊ ကိစ္စမရှိပါဘူးဟု နှုတ်က ခပ်တိုးတိုးထွက်သွားသလား ကိုယ့်ကိုကိုယ်လည်း မသေချာ။
တစ်ကယ်ဆို ထိုနေ့က ယောင်္ကျားမာနတွေကို အခမ်းအနားနဲ့ကို အလံထူခဲ့ဖို့သင့်သည်။
“မဖြစ်နိုင်ဘူး”
“စိတ်ကူးမယဉ်စမ်းပါနဲ့ကွာ”
“ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့ အသိုင်းဝိုင်းတွေ”
“အတွင်းကြေကြေနေရဦးမယ်”
သူငယ်ချင်းတွေရဲ့ တားမြစ်မှုတွေကြားထဲက အကြင်နာမျက်ဝန်းရှင် ပေးကမ်းစွန့်ကြဲလိုက်တဲ့ အချစ်ဆိုသည့်အရာနှင့် ချစ်ခင်နှစ်လိုဖွယ်ရာ ချစ်ကြွမ်းတွေဝင်ခဲ့တာ နေ့တွေညတွေတောင် မှားလို့။
တစ်သက်မှာတစ်ကိုယ် တစ်ခါမှ မရောက်ဖူးခဲ့တဲ့နေရာတွေကို အချစ်ဆိုတဲ့အရာက နှစ်ယောက်စလုံးကို ရက်ရက်ရောရောကြီးကို ခေါ်သွားခဲ့သည်။ ပူလောင်ပြင်းရှတဲ့ ဂီတသံတွေ၊ လျှာဖျားမှာ ချိုသလိုလို ချဉ်သလိုလို ဆန်းကြယ်လွန်းသည့် ဖျော်ရည်နေ့တွေ၊ ငွေရောင်ဇွန်း ခက်ရင်းခတ်သံတွေ၊ အိမ်ရှေ့ခန်းက ထူးဆန်းတဲ့ ပန်းရနံ့တွေ၊ စသည်တို့ကြားမှာ သိမ်ငယ်သလိုလို၊နေသားမကျသလိုလိုပေမယ့်၊ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိဟန် သူမရဲ့ စူးရဲတဲ့ မျက်ဝန်းအကြည့်တွေကြားမှာ ယုံကြည်မှုတစ်နေရာစွာ တွယ်ကပ်နေခဲ့သလို…
လရောင်နဲ့ကြယ်ရောင်တွေကို ပြည့်ပြည့်၀၀ကြီး ခံစားလို့ရတဲ့၊ သရက်ရွက်ရနံ့တွေသင်းပျံနေတတ်တဲ့၊ ချေးညှော်ကပ်နေတဲ့ ပြာခွက်တစ်ခွက်ရှိတဲ့၊ နံရံမှာလှဲလျောင်းနေတဲ့ တယောအိုပေါ်မှာ အိမ်မြှောင်တစ်ကောင်တစ်လေက စိတ်လိုလက်ရ တွားသွားတတ်တဲ့၊ ချပ်ချပ်ရပ်ရပ် သစ်သားအိမ်ကလေးထဲမှာ ပဲ့ကြွေနေတဲ့ ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းကို ကောင်မလေးကို ဖဲ့ဝေဖူးခဲ့သည်။
အဲသလိုမျိုး ဘ၀တွေကို ဖဲ့ဝေစားသုံးနေနေကြတဲ့ တစ်ချိန်လုံးမှာလည်း စိုးရိမ်ပူပန်စိတ်တွေကို ထမ်းပိုးရင်း နေ့သစ်တွေကို ရင်တမမနဲ့ ကျော်ဖြတ်နေခဲ့သည်။
ကောင်မလေးရဲ့ ကြိုးမိန့်ကို မျှော်လင့်ထားတဲ့အတိုင်း ကြိုးမိန့်ရလိုက်တဲ့နေ့က နေတွေခြစ်ခြစ်တောက်ပူနေသည်။ အရွက်မဲ့သစ်ကိုင်းဖျားက ငှက်တစ်ကောင်က ရင်ကွဲလုမတတ် ငိုယိုအော်ဟစ်နေလိုက်သေး။ နွေလေပူတွေက တ၀ူးဝူး အသံမြည်အောင် တိုက်ခတ်နေသေး။ ကောင်မလေးရဲ့ လက်ဖျားတွေကို အားအင်ဆုတ်ယုတ်စွာ ဆုပ်ကိုင်ရင်း လက်တွေတစ်ခုလုံး တုန်ယင်နေခဲ့တဲ့နေ့။
တစ်ကယ့်ကို ခဏလေးပါပဲ….။
ချစ်ခဲ့ကြတဲ့နေ့တွေဟာ တိုတောင်းလွန်းပေမယ့် အတိုင်းအဆမဲ့ ကြီးမားနက်ရှိုင်းလွန်းလို့၊ ကောင်မလေးနဲ့ ဘယ်လိုမှ မဆုံနိုင်တော့ဘူးဆိုတဲ့ အသိစိတ်ရဲ့ တုန်တုန်ယင်ယင် တောင်းပန်ခယမှုကြောင့်၊ မျက်ရည်တွေဟာအရှက်မဲ့စွာနဲ့ ကောင်မလေးကို ထွက်မသွားဖို့ အခါခါတောင်းပန်နေခဲ့သည်။ ဒါကို မာနနဲ့သိက္ခာက ခပ်လှမ်းလှမ်းက ကြည့်ပြီး ပြင်းပြင်းထန်ထန် ကျိန်ဆဲနေခဲ့လိုက်တာများ..။
“အားလုံးကောင်းဖို့ပါ”
ကောင်မလေးရဲ့ စကားအဆုံးမှာ ဟက်ဟက်ပက်ပက်နဲ့ နာနာကျင်ကျင် ရယ်မောလိုက်တော့ ကောင်မလေးက လန့်ဖျတ်သွားသလို နောက်ကို ခြေတစ်လှမ်းဆုတ်သွားသည်။
“သ၀န်တိုလွန်းတာကိုလည်း မခံနိုင်တော့တာပါတယ်”
ကောင်မလေးဘက်က ခိုင်လုံတဲ့အကြောင်းပြချက်တွေကို လက်ကိုင်ထားပြီး စွန့်သွားတော့၊ စွန့်ပစ်ခံခဲ့လိုက်ရတဲ့ ညတွေဟာ ခြောက်ခြားလွန်းစရာကောင်းလှသည်။ ညညဆိုရင် အလွမ်းတွေက အိမ်ဘေးမှာကပ်ပေါက်နေတဲ့ ငုပင်ထိပ်ဖျားက ဆင်းဆင်းလာပြီး၊ ပြူတင်းပေါက်က ကျော်ခွလာတတ်သည်။ ပြီးတော့ မွဲညစ်ညစ် ကြမ်းချောင်းတွေပေါ်မှာ တွားသွားနေသည်။ ပြီးတော့ ခြေဖမိုးနားမှာ ရုတ်တရက်ငြိမ်သက်နေပြီး လူတစ်ကိုယ်လုံးကို ခုန်အုပ်ဝါးမြိုဖို့ အရှိန်ယူနေချိန်မှာတော့ အဲဒီအလွမ်းကို တုန်ယင်နေအောင် ထိတ်လန့်လာမိသည်။ လူက တဖြည်းဖြည်း ပိန်လိုက်လာတော့ နံရံပေါ်က တယောအိုက လှောင်ရယ်ရယ်နေသည်။ အိမ်မြှောင်လေးကတော့ ဂရုဏာသက်စွာ စုတ်သပ်လို့၊ အဆိပ်ငွေ့တွေကို ရှုထားမိလို့ တဖြည်းဖြည်းသေဆုံးလာနေတာကို သိသိကြီးမို့ အရမ်းကြောက်ရွံ့နေရတဲ့ အဆိပ်မိလူလိုမျိုး။
နေ့လည်ခင်း လက်ဘက်ရည်ဆိုင်က တိတ်ဆိတ်နေသည်။ လမ်းတစ်ဘက်က ပိတောက်ပင်ကြီးက အရွက်ဖားဖားတွေကို ဖြန့်ချထားတဲ့နေ့က သူငယ်ချင်းတွေထဲက အချို့ကတော့ မပြောဘူးလားဆိုတဲ့ မျက်နက်ဝန်းတွေနဲ့ ကြည့်လို့။ အချို့ကတော့ ပက်ပက်စက်စက် ဝေဖန်လို့၊ ဧပြီရဲ့အပူရှိန်ကတော့ ပူလောင်ပြင်းရှလို့။
“ကောင်မလေးက ဂိမ်း တွေ ကစားတယ်..”
“ဘာရယ်…ဂိမ်း… ဟုတ်လား”
“အင်း..”
“မင်းမသိဘူးလား၊ နာမည်ကြီးပဲ..”
“အကုန်သိသလိုလိုနဲ့ တစ်ကယ်တော့ မင်းဟာ နလပိန်းတုန်းလို နကန်းတစ်လုံးမှ မသိတဲ့ကောင်ပဲ……”
“ဒီတစ်ခါ ကစားသွားတဲ့ပွဲမှာလည်း သူနိုင်တာပဲ..”
“ဧပြီမှာစပြီး ဧပြီမှာဆုံးသွားတဲ့ ဂိမ်းလေ..”
“ဘာဂိမ်းလည်း”
“ဧပြီဖူးလ်ဂိမ်းလေ… ဟားဟား”
လမ်းပေါ်မှာ ကားတစ်စင်းက ဖြတ်မောင်းသွားသည်။ ကားထဲကို ငဲ့ကြည့်လိုက်တော့ ထီမထင်ရောင်စုံမျက်နှာတွေကြားထဲက စူးစူးရှရှမျက်ဝန်းတစ်စုံကို ရဲရဲရင့်ရင့်လေး လွယ်ထားတဲ့ ကောင်မလေး…။ အတိတ်ထဲမှာ ဘာမှမပတ်သက်ခဲ့ဖူးသလို အပြုံးတစ်ပွင့်ကို လှလှလေးချွေချပေးခဲ့လိုက်တာများ ရက်ရက်စက်စက်လှလွန်းသည်။ ကားထဲကလွင့်ကျလာတဲ့ ကောင်မလေး သူငယ်ချင်းတွေရဲ့ ရယ်သံတွေ နဲ့ လေပွေထဲက အမှိုက်မှုန်တွေက စားပွဲပေါ်မှာ အပုံလိုက်။
ဧပြီကိုမုန်းသည်။
♥●••.. ..••●♥ ♥●••.. ..••●♥ ♥●••.. ..••●♥ ♥●••.. ..••●♥ ♥●••.. ..••●♥ ♥●••.. ..••●♥
ဒီပိုစ်လေးနဲ့ ကိုဏီလင်းညိုရဲ့ အတွေးများ တက်ဂ်ကိုလည်း ရေးပေးခွင့်ပေးပါ…
ဒီပိုစ်လေးနဲ့ အားလုံးကို မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ဆက်ခွင့်ပေးပါ….. လို့
ဧပြီကိုချစ်သော….
မလေး
31 Comments »
  1. ဧပြီ အရူး လုပ်ခံလိုက်ရသူတွေ ဧပြီကို နာကျင်နေကြပြီလား။ ကောင်မလေးက ဆိုးတယ်နော်…။ မလေးတော့ မဟုတ်ဘူးမဟုတ်လား။ :)
    Comment by pandora — April 8, 2010 @ 3:33 pm
  2. ပန်ဒိုရာ... ဟုတ်ဖူး မပန်၊ ကောင်လေး :P
    Comment by မလေး — April 8, 2010 @ 3:51 pm
  3. မကြာသေးသော အတိတ်က အရိပ်တခုနဲ့ တိုက်ဆိုင်လို့များလား မသိဘူး..,
    “ချစ်ခဲ့ကြတဲ့ နေ့တွေဟာ တိုတောင်းလွန်းပေမယ့် အတိုင်းအဆမဲ့ ကြီးမားနက်ရှိုင်းလွန်းလို့” ဆိုတဲ့ အသုံးအနှုာန်း နန္ဒာ့ ရင်ကို ထိတယ် မလေးရယ်။
    မလေး ပိုစ့်ထဲကလို “Please do not play the game with me.” လို့ တကယ် အပြောခံခဲ့ရဘူးတယ်။ ဂိမ်းကစားခဲ့တာ မဟုတ်ပေမယ့် မဖြစ်နိုင်တဲ့ “circumstances” ကြောင့် သူနဲ့ ဝေးလိုက်ရတာ သူ မသိလိုက်ဘူး။ အဲဒါကို အခုထိ တွေးမိရင် တမြေ့မြေ့ ခံစားရတုန်း။ :(
    တစ်ကယ့်ကို ခဏလေး ဆိုပေမယ့် တသက်တာ မမေ့နိုင်တဲ့ တိုက်ဆိုင်မှု့ ရှိရင် အမှတ်တရ ဖြစ်နေစေတဲ့ အတွင်းကြေကို ကိုယ်တိုင် ခံစားခဲ့ဘူးတယ်…
    နန္ဒာကတော့ ဧပရယ်မှာ မွေးလို့ ဧပရယ်ကို တကယ် နှစ်နှစ်ကာကာ ချစ်တယ်။ မလေးရော ဧပရယ်ကို တကယ် ချစ်လို့လား??
    ဧပရယ်ရဲ့ မြန်မာနှစ်သစ်မှာ မလေး ပျော်ရွှင်ပြီး လိုအင်ဆန္ဒတွေ ပြည့်ပါစေ။
    ချစ်ခင်လေးစားလျှက်
    နန္ဒာ (SMNTL)
    Comment by Soe Mya Nandar Thet Lwin (Borros Roxo) — April 8, 2010 @ 5:41 pm
  4. April Fool ကိုမကြိုက်ဘူး.. အပျော်သဘောဘယ်သူ့မှ ထိခိုက်နစ်နာတာမျိုးဆိုရင်လက်ခံနိုင်သေးတယ်..
    နှလုံးသားကိုလှည့်စားတဲ့ အပျော်သတ်သတ် အသုံးချတဲ့သူမျိုးဆို မုန်းတယ်။
    ဘာဘဲဖြစ်ဖြစ်အချစ်ကိုလှည့်စားတာမကောင်းသလို ပြန်ခံရမယ့်အလှည့်လဲ ခံနိုင်ရည်ရှိကြပါစေလို့။
    Comment by ကူးကူး — April 8, 2010 @ 5:58 pm
  5. မလေးရေ……..
    ဖတ်ရတာကောင်းလိုက်တာဗျာ……။
    အနော်ကတော့ ယောကျာ်းလေးချင်းချင်းဆိုတော့ ကောင်လေးကိုသနားသွားတယ်…….။
    ကောင်မလေးလည်း တစ်ကယ်ဆိုးတယ်……..။
    ဘယ့်နှယ်…. လုပ်စရာရှားလို့ဗျာ….ဧပရယ်ဖူးလ်လုပ်တာ……..သူများသည်းနှလုံးနဲ့…….ဟင်းးးးးးးး
    (emotion တွေ…. emotion တွေလေ……။ ၀တ္တုလေးလည်းဖတ်ပြီးရော တက်လာတာ…….း))
    မလေးရဲ့ ဒီလိုစာလေးတွေ မဖတ်ရတာကြာလို့ တက်ဂ်မိတဲ့ ကိုယ့်ကိုယ်ကို ချီးမွမ်းမိတယ်ဗျို့…….။ အဲ့ဒါကြောင့် ဒီနေ့ ၀က်သားနဲ့ ဘူးတီးချက်စားမည်…….း))
    (နောက်လည်းတက်ဂ်အူးမယ်နော်……….ဟိ…ဟိ……..း))
    ခင်မင်တဲ့
    ဏီလင်းညို
    Comment by ဏီလင်းညို — April 8, 2010 @ 6:00 pm
  6. မလေးရေ…….. နေကောင်းတယ်နော… မရောက်ဖြစ်တာ ကြာနေလို့ပါ။
    သင်္ကြန် မတိုင်ခင် ဒီပိုစ့်လေးကို ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ဧပြီကာလ သင်္ကြန်လေးမှာ ဒီလို အရူးလုပ်လို့ နာကျသွားတဲ့ သူတွေလည်း ရှိမှာပဲနော်။ ဧပြီကို ချစ်သူတွေ ရှိသလို နာကျင်ခဲ့ရလို့ မချစ်သူတွေလည်း ရှိချင်ရှိနိုင်တယ်နော်။ ဒီပိုစ့်လေးကို ဖတ်ပြီး တွေးမိတဲ့ အတွေးလေးပါ….
    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ
    Comment by ဒဏ္ဍာရီ — April 8, 2010 @ 7:01 pm
  7. ”ဖြတ်သွားသည့် ကားဖြူထဲက ရယ်သံလွင်လွင်တွေဟာ ဗွက်အိုင်တွေပေပွနေသော မြေနီုလမ်းပေါ် ဗရုတ်သုတ်ခနဲ့ ခုန်ဆင်းလာတော့ ကိုယ့်ဒေါသတွေကို နက်နက်ရှိုင်းရှိုင်းတူးဆွမိ။ ကားထဲကို ငဲ့ကြည့်လိုက်တော့ ထီမထင်ရောင်စုံမျက်နှာတွေကြားထဲက အကြင်နာမျက်ဝန်းတစ်စုံကို လှလှပပလေး လွယ်ထားတဲ့ ကောင်မလေး…။
    ညညဆိုရင် အလွမ်းတွေက အိမ်ဘေးမှာကပ်ပေါက်နေတဲ့ ငုပင်ထိပ်ဖျားက ဆင်းဆင်းလာပြီး၊ ပြူတင်းပေါက်က ကျော်ခွလာတတ်သည်။ ပြီးတော့ မွဲညစ်ညစ် ကြမ်းချောင်းတွေပေါ်မှာ တွားသွားနေသည်။ ပြီးတော့ ခြေဖမိုးနားမှာ ရုတ်တရက်ငြိမ်သက်နေပြီး လူတစ်ကိုယ်လုံးကို ခုန်အုပ်ဝါးမြိုဖို့ အရှိန်ယူနေချိန်မှာတော့ အဲဒီအလွမ်းကို တုန်ယင်နေအောင် ထိတ်လန့်လာမိသည်။” မလေးရေ…အရေးအသားတွေ သိပ်မိုက်တာပဲ။
    တစ်ခြားသူနှလုံးသားနဲ့ ဧပြီဖူးလ် လုပ်တာတော့ မကောင်းဘူးပေါ့နော်။ ကောင်လေးက သနားစရာ။ :(
    မလေးလက်ရာ မဖတ်ရတာကြာပီမို့ ဒီတဂ်ပို့စ် ‘အတွင်းကြေသွားတဲ့ဧပြီ’ ကို ကျေနပ်စွာ ဖတ်သွားပါတယ်။ :)
    Comment by ဇွန်မိုးစက် — April 8, 2010 @ 10:32 pm
  8. ကောင်လေးကတကယ်ကိုအတွင်းကြေသွားခဲ့ရပြီ… ကောင်မလေးကဆိုးလိုက်တာ….
    Comment by rose of sharon — April 8, 2010 @ 10:54 pm
  9. မလေးရဲ့ ၀တ္တုလေးတစ်ပုဒ်ကို ဖတ်နေချိန်တိုင်းမှာ နူးညံ့တဲ့ စမ်းရေနဲ့အတူ ညင်သာစွာ စီးဆင်းလိုက်ပါသွားသလို ခံစားရတယ်။မြှောက်ပြောတာမဟုတ်ဘူးမလေးရေ။ တကယ်ကို အရေးအသားညက်ညောတဲ့ မလေးစာလေးတွေကို အရမ်းနှစ်ခြိုက်မိလို့ပါ။ အမြဲလာဖတ်မယ်နော်။
    Comment by ကေသရီ — April 9, 2010 @ 4:58 am
  10. ”အွန်လိုင်းကို စွဲနေပြီလားမသိဘူး.. တကယ်စွဲချင်လာသလိုပဲ..”
    Belated April fool ဖြစ်မယ်နဲ့တူတယ်နော်
    :)
    ×××××××××××××××××××
    စာလေးဖတ်ရတာ ကောင်းတယ်၊ အဲဒီ စိတ်ကူးလေး ခဏငှားဗျာ စာရေးကြည့်ချင်လို့
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — April 9, 2010 @ 5:16 am
  11. အွန်လိုင်းကို စွဲနေပြီလားမသိဘူး.. …….. တကယ်စွဲချင်လာသလိုပဲ..
    Belated April Fool ဖြစ်မယ်နဲ့တူတယ်
    :)
    တွေးနိုင် ရေးနိုင်စွမ်းကို ချီးကျူးပါတယ်
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — April 9, 2010 @ 5:18 am
  12. တစ်ကယ်ဆို ထိုနေ့က ယောင်္ကျားမာနတွေကို အခမ်းအနားနဲ့ကို အလံထူခဲ့ဖို့သင့်သည်။
    ဇာတ်လမ်းတစ်ခုလုံးမှာ သဘောအကျဆုံး စာကြောင်းလေးပါဗျာ ..။
    ဧပြီဇာတ်လမ်းလေးကို နှစ်သက်စွာဖတ်ရှုသွားပါတယ်ခင်ဗျာ …။
    နှစ်ကူးတဲ့ဧပြီလမှာ ပျော်ရွှင်နိုင်ပါစေ …
    Comment by စံလင်းထွန်း — April 9, 2010 @ 5:35 am
  13. နန္ဒာ (SMNTL)… မလေးဝတ္ထုထဲက ကောင်မလေးကလည်း ကောင်လေးကို နန္ဒာ့လိုပဲ တသက်တာ မမေ့နိုင်တဲ့ တိုက်ဆိုင်မှု့ ရှိရင် အမှတ်တရဖြစ်ပြီး တွေးမိလို့ တမြေ့မြေ့ ဖြစ်တာမျိုးလေးတွေဖြစ်ရင်…….
    ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ နန္ဒာ.. မလေးဒီကနေပဲ ဆုတောင်းပေးလိုက်ပါတယ်။
    ကူးကူး… ကူး စိတ်တိုနေပြီလား :P
    ဏီလင်းညို…. အီမိုးရှင်း တက်နေတုန်း ၀က်သားထပ်စားမှတော့ သွေးတက်နေဦးမယ်နော်။
    ဒဏ္ဍာရီ… မလေးတော့ သင်္ကြန်နဲ့ဝေးတာ နှစ်ပေါင်း၂၀နီးပါးရှိတော့မယ်ကွယ်..
    ဇွန်မိုးစက်… သေသေချာချာဖတ်သွားသော ဇွန့်ကို ကျေးဇူးအထူးပါကွယ်..
    rose of sharon… ကောင်မလေးတွက်ကတော့ ကစားနေကျ ဂိမ်းဖြစ်မှာပါ မရိုစ်ရယ်..
    ကေသရီ … ကျေးဇူးတင်ပါတယ် ကေသရီ၊ မလေးလည်း ဆက်လက်ကြိုးစားပါတယ်။
    ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … တွေးပြီးရေးတာမဟုတ်၊ ခံစားပြီးရေးတာပါ။ ကိုယ်ကစားနေတဲ့ဂိမ်းက ကိုယ့်ကိုပြန်ကစားသွားတာမျိုး… အွန်လိုင်းစွဲခြင်းက..။
    *&*^&)#@^%#*%…. :D
    မင်္ဂလာနှစ်သစ်ပါနော် ကိုအွန်လိုင်းကျား။
    စံလင်းထွန်း … ပျော်ရွှင်သောဧပြီဖြစ်ပါစေ ကိုစံလင်းထွန်း။
    Comment by မလေး — April 9, 2010 @ 10:42 am
  14. အခုမှပြန်လာဖြစ်တယ်။ အတွင်းကြေ ကြေနေလို့။ ယုံပါနော်။ စကားတွေပြောစရာအများကြီးရှိတယ်။
    Comment by Htate Htar — April 9, 2010 @ 5:15 pm
  15. မလေး…. အတွင်းကြေသွားတယ်။
    Comment by နောင်တော် — April 9, 2010 @ 6:57 pm
  16. ဧပြီကရူးစေလို့ ဧပြီဖူးလ် လုပ်ကြတာလားမသိ၊
    ဧပြီကိုတော့မမုန်းလိုက်ပါနဲ့ ဧပြီမှာ ပျော်စရာတွေ ရှိတယ်၊
    Comment by sosegado — April 10, 2010 @ 12:02 am
  17. တစ်ယောက်ယောက်ကြောင့် ဧပြီကို မုန်းသွားရတာ စိတ်မကောင်းစရာ
    အဲလို အရူးလုပ်ခံရသူတွေကိုလည်း သနားတယ်
    ကိုယ်တိုင်လည်း ဘယ်သူ့မှ အရူးမလုပ်ချင်ဘူး..
    ဖတ်လို့ ကောင်းလိုက်တာ မလေးရယ်
    မလေးရဲ့ စာလုံးသုံးစွဲပုံလေးတွေ အတူယူရပါတယ်.. တကယ်ပါ..
    သင်္ကြန်မှာ အိမ်ခနပြန်မှာမို့ နှုတ်ဆက်သွားတယ်နော်
    နှစ်ဆန်းပြီးမှ ပြန်တွေ့ကြမယ်
    မင်္ဂလာနှစ်သစ်ဖြစ်ပါစေနော်..
    အားပေးလျှက်ပါ…
    ချစ်ခင်စွာဖြင့်
    ချော
    Comment by ချော (အစိမ်းရောင်လွင်ပြင်) — April 10, 2010 @ 3:00 am
  18. မလေး.. ဒီမှာ တကယ်အတွင်းကြေသွားတဲ့ လူ ရှိတယ်။
    Comment by နောင်တော် — April 10, 2010 @ 7:43 am
  19. မလေးရေ…ဖတ်ရတာအဆုံးထိ တောက်လျှောက်ပါသွားတယ်…ဧပြီကိုတော့ မမုန်းလိုက်ပါနဲ့လေ…ကစားတတ်တဲ့ ကောင်မလေးကြောင့်ပါ…:)
    Comment by ချစ်ကြည်အေး — April 10, 2010 @ 8:39 pm
  20. ဒီအရေး ဒီအတွေး ဒီအဆွေးလေးတွေ လွမ်းနေရတာ… ဒီပို့ စ်လေးဖတ်လိုက်ရတော့ အလွမ်းတွေ ပြေသွားတယ်… နှလုံးသားကို အရူးလုပ်တတ်တဲ့ အဲဒီလို ဧပြီဖူးလ်မျိုးက ရက်စက်လွန်းတာပေါ့အိမ့်ရယ်… ဧပြီချစ်သော ညီမလေးအတွက် ပျော်ရွှင်ကံကောင်းခြင်းတွေ ဆောင်ယူလာသောနှစ်သစ်ဖြစ်ပါစေလို့ …
    Comment by တန်ခူး — April 11, 2010 @ 8:48 am
  21. အစ်မ လာလည်သွားပါတယ်ခင်ဗျာ။ ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
    Comment by တောသားလေး — April 11, 2010 @ 3:04 pm
  22. တို့ ဧပြီကိုမုန်းတယ်.. ဒါဗြဲ။
    Comment by Evergreen Phyo — April 12, 2010 @ 12:59 am
  23. မလေးကို ရေလာလောင်းပါတယ်။ ချမ်းသွားရင် အ၀တ်စိုတွေမြန်မြန်လဲပြီး ခေါင်းခြောက်အောင် သေချာသုတ်လိုက်အုံးနော်။ တို့အစ်မက ကနေဒါမှာဆိုတော့ စိုးရိမ်လို့ပါ။
    ခင်မင်ရတဲ့၊ စာရေးကောင်းတဲ့ မမအိမ့် နှစ်သစ်မှာ ချစ်တဲ့သူများနဲ့အတူ ပျော်ရွှင်ပါစေ။း)
    Comment by ဇွန်မိုးစက် — April 12, 2010 @ 7:00 am
  24. မလေးကို ငွေဖလားလေးနဲ့ ရေလောင်းသွားပါတယ်…..း)
    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ
    Comment by ဒဏ္ဍာရီ — April 12, 2010 @ 6:42 pm
  25. update လုပ်ပြီးသွားပြီ မလေး။
    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။
    Comment by နောင်တော် — April 13, 2010 @ 12:27 am
  26. လာလည်သူမှန်သမျှကို ဒီနေရာကနေ မီးသတ်ပိုက်နဲ့ထိုးပြီး အိုးမဲသုတ်လွှတ်သည်……… :D
    အားလုံး… မင်္ဂလာသင်္ကြန်ပါနော်
    Comment by မလေး — April 13, 2010 @ 11:22 am
  27. အားလို့ အော်လိုက်ရတယ်… ဇွန့်ကို ရေခဲတောင်ပေါ်ကရေနဲ့ ဖြည်းဖြည်းချင်းလာလောင်းသွားလို့။ :D
    မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ မမအိမ့်ရေ။း)
    Comment by ဇွန်မိုးစက် — April 17, 2010 @ 1:15 am
  28. မလေးရေ နှစ်သစ်မင်္ဂလာမှာ ပျော်ရွှင်ချမ်းမြေ့ပါစေရှင်။ (မီးသက်ပိုက်ကို ရအောင်ရှောင်ပြီး အိုးမည်းသုတ်တဲ့သူမမြင်အောင် အသာလေး လာပြီးကွန်မန့်ရေးသွားပါသည်။)
    Comment by ကေသရီ — April 17, 2010 @ 4:41 am
  29. ပျှော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ
    Comment by minthant2009 — April 18, 2010 @ 9:58 am
  30. အစအဆုံး ၂ ခေါက်ပြန်ဖတ်မိသွားတယ် မမအိမ့်…။ စာသားတွေတိုင်းကို နှစ်နှစ်ကာကာ ခံစားရပါတယ်…
    သင်္ကြန်မှာ ညီမကို သတိတရရေလာပက်သွားတာ အရမ်းကျေးဇူးတင်ပါတယ် မရယ်။ ခုတလော လူရောစိတ်ပါ အလုပ်များပြီး အားမရှိလို့ပျောက်နေတာပါ။ မမအိမ့် နှစ်သစ်ကို ချစ်သောမိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ…း)
    Comment by ရွှေပြည်သူ — April 19, 2010 @ 8:51 am
  31. အမရေ ဇာတ်လမ်းထက် အမအရေးအသားကို ပိုကြိုက်တယ်။ အရမ်းမိုက်တာပဲ။
    Comment by zwesoelwin — April 19, 2010 @ 11:59 pm
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။
♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif
---------------