March 14, 2010
ငြိမ်နေရခြင်းအကြောင်း
Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 1:54 am
စာက ရေးလက်စ မရှိတော့ရင် တစ်ကယ်ဘယ်က စရမှန်း မသိတော့လောက်အောင်ဖြစ်ရပါတယ်။ အခုလည်း “ငြိမ်နေရခြင်းအကြောင်း” လို့ ခေါင်းစဉ်တပ်ပြီး ထိုင်နေတာ ၁၀မိနစ်ခန့်ရှိသွားပါပြီ။ “လာလည်ကြတဲ့လူတွေ အားနာဖို့ကောင်းတယ်၊ နားတယ်ဆိုလည်း နားတယ်ပြောလေ” လို့ ဘလောဂါသူငယ်ချင်းတစ်ယောက်ယောက်ကပြောတာနဲ့ “ဘလောဂ်နားခြင်း” ဆိုပြီး ရေးမယ် စိတ်ကူးသော်လည်း အဲသလို ဘလောဂ်နားဦးမယ်ဆိုပြီး ရေးလိုက်ပြီးကာမှ ပိုစ်တွေက တံစက်မြိတ်ကမိုးသွန်ချသလို ထွက်လာချင်တာက ပိုခက်လို့ ဘာမှကို မရေးဘဲ ဒီအတိုင်းငြိမ်နေတာပါ။
လာလည်သူများကိုတော့ အားနာပါတယ်။ မလေးတော့ အလုပ်တွေအရမ်းများပြီး အချို့ရက်တွေ ကွန်ပြူတာတောင်မဖွင့်နိုင်ပါလို့…။ အချို့ဘလောဂ်များကိုတော့ အလျှင်းသင့်သလို ဖတ်ပါတယ်လို့။
အခုလည်း သုံးလေးငါးလ စာရေးခြင်းကို ရပ်ပါမယ်လို့ ပြောချင်သော်လည်း မပြောပါဘူး။ အဲသလိုပြောပြီးတာနဲ့ စာတွေကထွက်ထွက်လာတတ်လွန်းလို့ပါ။ ဒီကြားထဲမှာ ကိုယ့်ဟာကိုယ်တင်ထားတဲ့ အိုလံပစ်မီးတိုင်ကြီးကို ကြည့်ကြည့်ပြီးလည်း စိတ်က မချမ်းသာလှပါဘူး။
အခုလောလောဆယ်တော့ ဘာမှ ပြောစရာမရှိပါဘူး။
ပြောစရာ မရှိပါဘူးဆိုမှ ပြောစရာတစ်ခုက ထွက်လာပြန်ပါပြီ။
ကလေး မိဘတွေအတွက်ပါ။
ဒီမြို့မှာ ဟိုတလောက၊ ကလေးလေး ရက်သားလေး၊ နေ့လည်ခင်းတစ်ခုမှာ ကားထဲမှာ အိပ်မောကျနေတာကို မိဘတွေက မနှိုးရက်လို့ ဒီအတိုင်း ကားစက်ကိုနှိုးထားပြီး drive way မှာ ထားထားတယ်။ စက်နှိုးထားတာ ကလေးချမ်းမှာစိုးလို့ ကားကိုအပူပေးထားတာပါ။ အဲဒါ ကားသူခိုးအတွက် အတော်ဖြစ်သွားပါတယ်။ ကားကလည်း သော့တန်းလန်း စက်ကလည်း အဆင်သင့်နှိုးထားပြီးသားမို့ ကားကို ခိုးသွားပါတယ်။ သူခိုးက တော်တော်လေး မောင်းပြီးမှ ကားနောက်ခန်းမှာ ၆ပတ်သားလေး ပါလာတာ သတိထားမိပြီး ကားကိုရပ်ပြီး ထွက်ပြေးသွားတယ်။ ကားကိုတော့ လူမြင်ကွင်းမှာ ထားထားပေးခဲ့တယ်။ သူခိုးက စိတ်ကောင်းရှိတဲ့ သူခိုးမို့ တော်ပါတော့တယ်။ ရဲတွေရှာတွေ့နိုင်မည့် လူတွေမြင်နိုင်မယ့် နေရာမှာ ထားပေးခဲ့လို့။ ကလေးမိဘတွေလည်း တငိုငို တရယ်ရယ်နဲ့ ကလေးကော ကားကောပြန်ရလို့ အဆင်ပြေသွားပါတယ်။
အဲဒီတော့ ကလေး မိဘများ သတိထားကြပါ။ ကလေးအိပ်နေလည်း နှိုးပြီးသာ ခေါ်သွားပါ၊ မဟုတ်ရင်လည်း ကိုယ်ပါ ကားထဲမှာ ကလေးနှင့်အတူအိပ်ပါ။ သူခိုးက ကိုယ့်ကို မမြင်ဘဲ ကားကို “မ” သွားလည်း အနည်းဆုံး ကိုယ်က ကလေးနှင့် အတူရှိနေနိုင်တယ်။ အဲဒါလေး သတိပေးချင်တာပါပဲ။
အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။
26 Comments »
  1. ဟုတ်တယ်မလေး၊
    နားပါဦးမယ်ပြောပြီးမှ စာက ပိုရေးချင်တော့ အခက်တွေ့ရတဲ့အခါ ရှိဖူးတယ်။
    ပြောသာ ပြောရတာပါ၊ စာရေးတာ အဲဒီလောက် မလွယ်ပါဘူးလို့ သိပါတယ်။
    မလေး လက်ရာ ဖတ်ချင်လို့ပါ။
    Comment by အပြုံးပန်း — March 14, 2010 @ 3:07 am
  2. မလေးနော်…..
    ရေးပါဗျ……။
    ဘာမှ ဆင်ခြေမပေးနဲ့လေဗျာ…….
    မလေးနော်………ဟွင်းးးးးးးး
    (အခုလိုစာမျိုးလေးတွေ ရေးလည်းရသားနဲ့….။ ပျောက်နေရင် ခဏခဏလာအော်မည်….။ ဒါဘာဘဲ……..)
    ခင်မင်တဲ့
    ဏီလင်းညို
    Comment by ဏီလင်းညို — March 14, 2010 @ 3:11 am
  3. တော်ပါသေးတယ်…သူခိုးဘဲ ခိုးသွားလို့..။
    ဒီက.. ကားကြီးများ မီးလောက်ပေါက်ကွဲသွားလားလို့ တထိတ်ထိတ်နဲ့ဖတ်နေရတာ..။
    သြော်.. မိဘတွေ မိဘတွေ..။
    Comment by Evergreen Phyo — March 14, 2010 @ 3:30 am
  4. မလေးရေ…အဲဒါ တကယ် ခဏနားမယ်ဆို ရေးစရာတွေ ထွက်လာတတ်တယ်…တူတူပဲ တူတူပဲ….:)
    Comment by ချစ်ကြည်အေး — March 14, 2010 @ 3:58 am
  5. မလေးပိုစ့်လေး ဖတ်နေရင်းနဲ့ စစချင်း ရီချင်နေတာ။ ဟုတ်ပ…… မီးတိုင်ကြီး ပြန်ကြည့်ပြီး ရီချင်သွားတာ။ နောက်တော့မှ အောက်က ကားခိုးတာလေး ဖတ်ပြီး ကလေးလေးကိုလည်း သနားသွားတယ်။ သူခိုးကိုတော့ ကျေးဇူးတင်ရမယ်နော်။ တော်ပါသေးရဲ့ …
    ခင်မင်လေးစားလျှက်
    Comment by ဒဏ္ဍာရီ — March 14, 2010 @ 4:38 am
  6. တော်သေးတာပေါ့ တံခါးပါပိတ်ခဲ့ရင်လေပိတ်ပြီးများသေမလာလို့စိုးရီမ်နေတာ။
    Comment by kom — March 14, 2010 @ 5:15 am
  7. Haa Haa, thanks for sharing the recent happenings in town, friend :D
    Comment by Angel Eyes — March 14, 2010 @ 6:25 am
  8. အင်းလေ..ခေါ်ကိုခေါ်သွားရမှာပေါ့… ထားခဲ့စရာလားနော်….
    Comment by rose of sharon — March 14, 2010 @ 8:20 am
  9. စာရေးနားမယ်လို့တော့ မပြောလိုက်ပါနဲ့ မလေးရယ်။ ရေးချင်စိတ်ရှိတဲ့အခါလေး ထကောက်ရေးပါဦးနော်။
    ဘယ်လိုပဲဖြစ်ဖြစ် မလေးစာအုပ်တော့အပိုင်ရထားလို့ ကျေနပ်တယ်။ မလေးလက်မှတ်လေးနဲ့ဆို သိပ်ကောင်းမှာပဲလို့။း)
    Comment by ဇွန်မိုးစက် — March 14, 2010 @ 8:43 am
  10. မအိမ့်ချမ်းမြေ့  စာလာဖတ်ပါတယ်။
    ကားသူခိုး ကလဲ အတော်စေတနာ ကောင်းတယ်ပြောရမလား။ ကလေး ကို ဘာမှ မလုပ်သွားတာ ကံကောင်းတယ်နော်။
    ကလေးမိဘများလဲ တယ်လဲ မစဉ်းစားတတ်ကြပါလားနော်။ တကယ်ဆို အဲလောက်ငယ်ငယ်ရင်သွေးမပြောနဲ့ လေးငါး ခြောက်နှစ်ကလေးတွေ တောင်မှ နိုးပြီးခေါ်သွားသင့်တယ်။
    စကားစပ်လို့ 
    ညနေက အိမ်သူ နဲ့ စကားပြောကြတုန်း ရန်ကုန် ဂမုန်းပွင့် ကုန်တိုက်ထဲမယ် ကလေး တွေ မိဘ နဲ့ကွဲကွဲသွားလို့  ဟိုကောင်တာနား ရပ်ငို ဒီကောင်တာနား ရပ်ပြီး ငို နေကြတာ စူပါမားကတ် က
    မိုက်ခရိုဖုန်း နဲ့ ကလေးမိဘတွေ ကို သြော်ပေးနေရတယ်။
    ငယ်ငယ်ကတော့ ဦးလာဘ ကြီးသာ ရှိယင် အင်း…….မတွေးရဲစရာပဲ။
    မအိမ့်ချမ်းမြေ့  စာရေးတာတော့ မရပ်ပါနဲ့ ဗျာ။ မအားလဲ အားတဲ့ အချိန်လေး တော့ ရေးစေချင်ပါတယ်။ ရန်ကုန်ရောက်ယင် စာအုပ်သွားရှာဝယ်ဦးမယ်ဗျ။
    ခင်မင်သော
    မောင်မောင်
    Comment by မောင်မောင် — March 14, 2010 @ 11:40 am
  11. မအိမ့်ရေ
    ၃လပြည့်ဆုတောင်းလေးအတွက်ကျေးဇူးပါနော်…
    ဒီပိုစ့်လေးကိုဖတ်ပြီး
    သူခိုးပေမဲ့ လူစိတ်ရှိတာလေးကိုလေးစားသွားမိပါတယ်..
    တော်ရုံဆို ကလေးကို တစ်နေနေရာပစ်ချခဲ့မလား မသိဘူးနော်..
    လူတွေအားလုံး ခုလိုစိတ်ထားမျိုးလေးရှိရင်ဘယ်လောက်ကောင်းလိမ့်မလဲနော်…
    ခင်တဲ့
    ချော
    Comment by ချော(အစိမ်းရောင်လွင်ပြင်) — March 14, 2010 @ 12:49 pm
  12. ပုံရိပ်လည်း ဒီလိုပါပဲ။ နားမယ်လို့ ပြောရလောက်အောင်လည်း ငြိမ်မနေချင်။ စာရေးကလည်း ကျဲ။ အားတဲ့အခါ ရေးပေါ့ မလေးရေ။
    Comment byုပုံရိပ် — March 14, 2010 @ 4:20 pm
  13. မလေးရေ ဒီမှာလည်း ပို့စ်အဖြစ် ရောက်မလားတဲ့ ဟိုတစ ဒီတစတွေနဲ့
    ခင်မင်စွာဖြင့်
    Comment by S-C — March 14, 2010 @ 9:05 pm
  14. မလေးရေ
    ညီမရဲ့ ဆောက်လက်စ အိမ်လေးကို လာလည်ပေးတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ညီမ ဘလောခ့်တွေနဲ့ မရင်းနှီးသေးတဲ့ အချိန်ကတည်းက မလေးရဲ့ ချစ်သူ့အိမ်လေးကို ဖူးငုံမဂ္ဂဇင်းမှာ ဖတ်ဖူးပြီး စွဲလမ်းခဲ့ရတာ။ ဒါပေမယ့် မလေးမှန်းမသိခဲ့ဘူး။ နောက်တော့ ဘလောခ့်တွေနဲ့ ရင်းနှီးလာပြီး အိမ်လည်တတ်တော့မှ မလေးဟာ ချစ်သူ့အိမ်လေးကိုဖန်တီးသူမှန်း သိလိုက်ရတယ်။ အလုပ်မအားလို့ စာတွေမရေးနိုင်ဘူးဆိုပေမယ့် မလေးရေးလာမယ့်စာလေးတွေကို မျှော်နေမိမှာပါ။ ရေးချင်စိတ်ရှိတဲ့အခါ ဆက်ရေးပါဦးနော်။
    Comment by ကေသရီ — March 15, 2010 @ 5:29 am
  15. အစ်မရေလာလည်သွားပါတယ်ခင်ဗျာ။ရွင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
    Comment by တောသားလေး — March 15, 2010 @ 6:30 pm
  16. မလေးအိမ့် ..း)
    ညီမတော့ နားမယ်မပြောတော့လို့လားမသိ နားဖြစ်နေပါတယ်..
    မလေး အစစအဆင်ပြေပျော်ရွှင်ပါစေ..
    Comment by shwunmi — March 16, 2010 @ 1:07 pm
  17. ဘယ်ဆိုးလို့လဲ…
    ကိုယ်တစ်ယောက်တည်း ယောင်ခြောက်ဆယ်ဖြစ်ပြီး ဘလော့ဂ်မရေးနိုင်ဘူးထင်နေတာ. မလေးပါ ဒီကလပ်ထဲဝင်လာပြီကိုး
    ဟတ်ဟတ်.
    အင်း. ကားသူခိုးနဲ့ကလေးဖြစ်ပုံကလည်း ရယ်ရတယ်. ကျွန်တော်သာဆိုရင်တော့ ဘယ်သွားသွားကိုယ့်ကလေးကို ခေါ်သွားမှာ.
    အခုလည်းဖက်အိပ်တယ်. ခေါင်းအုံးကို….း))))
    မတွေ့ရတာကြာပြီဗျာ.. ရေးနိုင်သလောက်လေးတွေ တင်ပါဦး. နောက်တစ်ပတ်အတွင်း ပို့်စ်အသစ်မတင်ရင် မလေးရဲ့ ချစ်သူ့အိမ် စာစုလေးကို ကျွန်တော် ဟာသလုပ်ပြီး ပြန်ပြင်ရေးပစ်လိုက်မယ်. ဘာမှတ်လဲ. :D
    Enjoy your evening…
    Y.
    Comment by Yan — March 16, 2010 @ 6:54 pm
  18. နားမယ်ဆိုရင် ပိုပြီးရေးလို့ထွက်လာ တတ်တာ ဟုတ်တယ်နော် မမအိမ့်… အရင်နေ့တွေကလည်း အသစ်မရှိပေမယ့် ခဏခဏအဟောင်းတွေ လာဖတ်ဖြစ်ပါတယ်။
    ကားသူခိုးဇာတ်လမ်းကို ဖတ်ရတာ ရင်ထိတ်လိုက်တာ မရယ်။ တော်သေးတယ် ခိုးတဲ့သူက စိတ်ကောင်းရှိတဲ့သူမို့လို့နော်။ ဒါလေးဖတ်ပြီး လူတွေမှာ (စိတ်ဖောက်ပြန်နေသူက လွဲရင်) ကောင်းတဲ့စိတ်အခြေခံလေးတော့ ရှိကြတာချည်းပါပဲလို့ တွေးမိပါတယ်…
    Comment by ရွှေပြည်သူ — March 17, 2010 @ 6:23 pm
  19. ရောက်လာပါတယ် မမအိမ့်ရေ…
    မဖတ်ရသေးတဲ့ အကြွေးလေးတွေ အားရပါးရဆပ်ရင်း
    မြန်မာပြည်ပြန် လက်ဆောင်လာဖပးတာပါး))
    အညာလက်ဆောင်ဆိုတော့ လက္ဘက်နဲ့ ပဲကြမ်း မြေပဲလှော်ပေါ့နော်းD
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ
    ချစ်ညလေး
    နှင်းဟေမာ
    Comment by နှင်းဟေမာ — March 18, 2010 @ 8:18 pm
  20. မလေး…. ဘာမှမရေးဖြစ်တာ မလေး တစ်ယောက်တည်း မဟုတ်ဘူးဗျ။
    ကိုရန်အောင်လည်း ပါတယ် ဆိုပဲ။
    :D
    ကျွန်တော်လည်း အတူတူ ပါပဲ… ဟတ် ဟတ်။
    တွဲလောင်းကျနေတဲ့ အိမ့်ချမ်းမြေ့ ဆိုင်းဘုတ်လေးက ကဗျာဆန်တယ်။
    ခေါင်းနဲ့မလွတ်လို့ တိုက်မိရင် ဆည်းလည်းလို အသံမြည်လေမလားပဲ။
    =)
    စာများများ ပြန်ရေးနိုင်ပါစေဗျာ။
    Comment by နောင်တော် — March 19, 2010 @ 4:18 am
  21. စိတ်ပါတဲ့အခါရေးပါ မလေးရယ်.. အားမနာပါနဲ့။ အားလုံးက နားလည်ကြပါတယ်။ ကျွန်မဆို reader ထဲထည့်ထားတယ်.. မလေး အသစ်တင်မှ ရောက်ဖြစ်တာပေါ့.။ အဆင်ပြေတယ်..:D .. သူခိုးက တော်တော်စိတ်ဝင်စားစရာကောင်းတဲ့သူခိုးပဲနော်………. :) ..
    Comment by winkabar — March 19, 2010 @ 10:25 am
  22. ကားထဲမှာ ကလေးနဲ့ အတူအိပ်တော့ လူပါ အခိုးခံရမှာပေါ့..ဟီး..ဟီး
    Comment by ဒီဝိုင်း — March 21, 2010 @ 12:24 am
  23. အပေါ်က ဒီဝိုင်း ပြောတာကို အပြည့်အ၀ ထောက်ခံပါသည် :D :D
    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — March 22, 2010 @ 6:26 am
  24. နားနားပြီးရေး…. အမောပြေမှရေး ….။ အယ် သိတော့ပါဘူး နက်လာမသုံးတာကြာတော့ အစ်မပို့စ်တွေ အများကြီးတက်နေပြီထင်တာ ခုတော့ ငြိမ်နေတာကိုး အဆင်ပြေပျော်ရွှင်ပါစေ အစ်မရေ ခလေးကိုသတိထားနော်း)
    Comment by မောင်မျိုး — March 23, 2010 @ 4:57 am
  25. Angel Eyes …. သူငယ်ချင်းဘယ်ပျောက်နေသတုန်း???
    နောင်တော် ..နောင်တော်လည်းပျောက်လှချည်လား
    Evergreen Phyo…. သူခိုးက ဘဲ ကို ခိုးတာ မဟုတ်ဘူးလေ..
    winkabar ..အင်းးးးးးး ညီမလေးက သူခိုးကို တော်တော်လေးကို စိတ်ဝင်စားသွားတာကိုး..
    ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား & ဒီဝိုင်း .. သြော်.. နာမယ်မှာ ဒဒွေးနဲ့စသူများဟာ တိုက်ဆိုင်ထူးဆန်းလွန်းစွာ လူပါ အခိုးခံချင်ကြတာကို လယ်ပြင်မှာဆင်သွားသလို သိလိုက်ရပါကလား။
    ♥●••…….••●♥
    ကွန့်မင့်လာရေးကြသော ချစ်သောညီအစ်ကိုမောင်နှမများအားလုံး…အပြုံးပန်း၊ ဏီလင်းညို၊ ချစ်ကြည်အေး၊ ဒဏ္ဍာရီ၊ မခင်ဦးမေ၊ မရိုစ်၊ ဇွန်မိုးစက်၊ ကိုမောင်မောင်၊ ချော၊ ပုံရိပ်၊ မသီတာ၊ ကေသရီ၊ တောသားလေး၊ ရွှမ်းမီ၊ ကိုရန်၊ ရွှေပြည်သူ၊ နှင်းဟေမာ၊ ၀င်္ကပါ၊ မောင်မျိုး.. ဒီလိုပဲ ဘလောဂ်နားတယ်ဆိုပြီး တားမရသောဝါသနာကို အကြောင်းပြလို့ စာတွေကြိုကြားကြိုကြားရေးသွားပါမယ်၊ မလေးကို မေ့မသွားကြပါနဲ့လို့။ :)
    Comment by မလေး — March 23, 2010 @ 11:41 am
  26. သူခိုးဆိုပေမယ့် စိတ်ကောင်းရှိတဲ့ သူခိုးနော်။ အဲဒီသူခိုးကို ကျေးဇူးတင်ပါတယ် အမရာ။
    Comment by zwesoelwin — April 20, 2010 @ 12:02 am
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif Copy Protected by Computer tech tips