Avatar ရဲ့ ကွဲပြားသွားတဲ့ genre
ရုပ်ရှင်တွေရဲ့ Genre တွေဟာ Adventure | Sci-Fi လို့ဆိုလိုက်ရင် ငယ်စဉ်တုန်းကတော့ စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ဒီရုပ်ရှင်ကိုတော့ လူပြောများနေပေမယ့် Genre ထဲမှာ Adventure | Sci-Fi အပြင် fantacy နဲ့ action ပါနေတော့ သိပ်ပြီးစိတ်မ၀င်စားမိခဲ့ပါဘူး။ preview မှာလည်း ထူးဆန်းတဲ့တိရစ္ဆာန်တွေနဲ့ ပစ်သတ်တိုက်ခိုက်နေတာတွေရယ် ကွန်ပြူတာဂိမ်းပုံစံဖြစ်နေတာရယ်ကို သတိထားမိတယ်။ တစ်ခါ 3D လို့ ဆိုပေမယ့်လည်း အခြားဖြစ်ရပ်မှန် documentary 3D တွေလောက် ကောင်းပါ့မလား၊ animation တွေသိပ်များနေမလား စတဲ့အတွေးတွေနဲ့…..
…… ဟိုတစ်ပတ်စနေနေ့က ရပ်ရှင်ရုံထဲရောက်သွားခဲ့တယ်။ စောစောလေးကြိုရောက်လို့ ခုံမှာထိုင်ပြီး ကလေးတွေပဲ လာကြည့်မှာပဲ.. ဟုတ်ကောဟုတ်သေးရဲ့လားဆိုပြီး တွေးနေမိပြန်တယ်။ ဒီလိုနဲ့ ရုံထဲကို မျက်မှန်အိတ်လေးတွေကိုင်ပြီး လူတွေ တစ်ဖွဲဖွဲ ၀င်လာကြတယ်။ ဒီမြို့က ရုပ်ရှင်ရုံတွေဟာ သာမန်အချိန်တွေမှာ လူတစ်ဝက်ရှိရင်တောင်ကံကောင်း။ ဘာဖြစ်လို့လည်းဆိုတော့ ရုံကြီးတစ်ရုံထဲမှာ ရုံသေးလေးတွေ အခုနှစ်ဆယ်လောက်ရှိတော့ အခြားကားပေါင်း နှစ်ဆယ်လောက်ကိုလည်း တစ်ပြိုင်နက်ပြလေ့ရှိတော့ ရုံတစ်ရုံမှာ လူအနည်းငယ်ပဲရှိတတ်တယ်။ အခုကတော့ လူတွေ တစ်ဖွဲဖွဲဝင်လာလိုက်တာ လျှံတောင်ကျတော့မယ်။ ပရိသတ်ကတော့ ထင်ထားတဲ့အတိုင်း တစ်ဝက်ကျော်ကျော်က ဆယ်ကျော်သက်တွေများတယ်။ Rated 14-A ဆိုပေမယ့်လည်း အသက်ရှစ်နှစ်၊ ဆယ်နှစ်လေးတွေလည်း ပါတယ်။ အဲဒီချိန်မှာ ESL ကျောင်းလာတက်ပုံရတဲ့ ဆယ်ကျော်သက် ကိုရီးယန်းယောင်္ကျားလေးတွေနဲ့ မိန်းကလေးတွေ အယောက်အစိတ်လောက် ထိုင်နေတဲ့ အတန်းနဲ့ ရှေ့တန်း၊ နောက်တန်းတွေမှာ ၀င်ထိုင်ကြတယ်။
ရုပ်ရှင်မစခင် အခြားရုပ်ရှင်တွေရဲ့ preview တွေအားလုံးကလည်း ကလေးကားတွေ။ ရုပ်ရှင်စတော့ 3D မျက်မှန်ကိုတပ်၊ ခုံကိုကျောမှီပြီး စိတ်လှုပ်ရှားခြင်းမဲ့စွာ ကြည့်နေလိုက်တယ်။
သိပ်မကြာပါဘူး…
ယာဉ်ပျံကြီးထဲက cryo vault ထဲက cryo capsules တွေ၊ ဆွဲငင်အားသုညမှာ လွင့်မျောနေတဲ့ med tech. တွေ၊ အော်ပရေးရှင်းစင်တာထဲက ကွန်ပြူတာခုံတွေ၊ ဘိုင်အိုဓာတ်ခွဲခန်းထဲမှာရှိတဲ့ amniotic အရည်ထဲက လူနဲ့အဲဒီလပေါ်က လသားတွေရဲ့ DNA တွေကိုပေါင်းစပ်တီထွင်ထားတဲ့ ကိုယ်ခန္ဒာတွေ၊ အထူးသဖြင့် Dr. Grace Augustin (Sigourney Weaver) နဲ့ Colonel Miles Quaritch (Stephen Lang) တို့ရဲ့ အတွေ့အကြုံရင့်ကျက်နေတဲ့ သရုပ်ဆောင်မှုတွေ၊ ပြောင်မြောက်တဲ့စကားပြောတွေနဲ့ ရုပ်ရှင်က ရုပ်လုံးကြွလာတယ်။
ဒီရုပ်ရှင်ကားရဲ့ Genre ဟာ Action/Adventure/Suspense/Thriller/Scifi/Fantasy လို့ ဆိုနိုင်ပေမယ့် လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ရုပ်ရှင်ရဲ့genre အပေါ်ယူဆချက်တွေဟာ ဆန့်ကျင်စွာကွဲပြားသွားကြမှာသေချာတယ်။ ကြာကြာဆက်ကြည့်ရင် ကိုလိုနီစိတ်ဓာတ်ဆိုင်ရာ ချယ်လှယ်အမြတ်ထုတ်မှုအပိုင်းတွေကိုပါ ထည့်သွင်းထားတာကို တွေ့မြင်လာနိုင်တယ်။
အဲဒီအထဲမှာမှ ပန်ဒိုရာလပေါ်က ရှိသမျှအရာမှန်သမျှကို ချယ်လှယ်ခွင့်ရထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုရဲ့ Resources Development Administration ခေါင်းဆောင်Parker Selfridge ရဲ့ စစချင်းပြောလိုက်တဲ့
“နယ်ခံတွေကို လှည့်စားနိုင်ဖို့ သူတို့လို နေတတ်၊ စားတတ်၊ ပြောတတ်၊ ဆိုတတ်ရမယ်…” ဆိုတဲ့ စကား။
You’re supposed to be winning the hearts and minds of the natives. Isn’t that the whole point of your little puppet show? If you look like them, if you talk like them, they’ll trust you?
ဆိုတဲ့ စကားလုံးတွေနဲ့တင်.. anti-colonialism /anti-capitalism လှုံ့ဆော်လိုက်တယ်၊ လမ်းခင်းလိုက်တယ်ဆိုတာ သိသာနေတယ်။
Isn’t that the whole point of your little puppet show? You walk like them, you talk like them. We build them a school, teach them English, but after how many years the relations with the indigenous are only getting worse.
မင်းရဲ့မထိရောက်တဲ့ ရုပ်သေးပွဲပဲ။ နယ်ခံတွေအတွက် ကျောင်းတွေဆောက်ပေးထားတယ်၊ အင်္ဂလိပ်စာသင်ပေးတယ်.. သူတို့လိုနေထိုင်စားသောက်တယ်၊ ဒါတောင်မှ ဆက်ဆံရေးတွေအဆင်မပြေလာဘူး လို့ Selfridge က စကားကို တင်လိုက်တယ်။
အဲဒီချိန်မှာ “Yeah, well that tends to happen when you use machine guns on them”. လို့ Dr. Grace Augustine က စကားကို ချ လိုက်တယ်။
ပထမအခန်းမှာတင်.. သူတို့တွေရဲ့ စကားအတင်အချတွေကိုကြည့်လိုက်တာနဲ့ နောက်ဆုံးလူဖြူတစ်ယောက်ယောက်ကပဲ ခေါင်းဆောင်လုပ်မယ်၊ နယ်ခံမိန်းကလေးတစ်ယောက်ယောက်ရဲ့ နှလုံးသားကို အနိုင်ရမယ်၊ ပြီးတော့ နယ်ခံတွေကိုခေါင်းဆောင်မှုပြုပြီး အမြတ်ထုတ်သမားတွေ (လူဆိုးတွေကို) ပြန်ပြီး တိုက်ထုတ်တော့မယ့်ရုပ်ရှင် တစ်ခုဖြစ်မှာကို ကြိုမြင်နိုင်ပါတယ်။ (အချို့သော မြန်မာရုပ်ရှင်ကားတွေလို.. မြို့သားကအမြဲ ပညာတတ်၊ ရုပ်ချော၊ စိတ်သဘောကောင်း၊ သူတော်ကောင်းဖြစ်ပြီး နယ်ကမိန်းကလေးရဲ့ နှလုံးသားကိုကော၊ မိသားစု၊ တစ်ရွာလုံးရဲ့ချစ်ခင်မှုတွေကို ရပြီး၊ မိန်းကလေးကို တစ်ဖက်သတ်ကြိုက်နေရှာတဲ့ နယ်သားလေးကပါ လေးစားပြီး အချစ်ကိုစတေးပေးလိုက်ရတဲ့ ရုပ်ရှင်ဆန်ဆန်မျိုးသရပ်ဖော်ထားမယ်ဆိုတာ မြင်နိုင်ပါတယ်)
ကျမရင်ကို အထိဆုံးအခန်းကတော့ နောက်ဆုံးပေါ် တိုက်လေယာဉ်ပျံတွေ၊ စက်သေနတ်တွေ၊ ရော့ကတ်လောင်ချာတွေနဲ့ နယ်ခံတွေခိုကိုးနေထိုင်ရာ သစ်ပင်ကြီးကို အမြစ်လှန်ပစ်ဖို့ ချီတက်လာချိန်မှာ၊ နယ်ခံ(Na’Vi)တွေဟာ ရှိတဲ့လေးနဲ့မြှားတွေနဲ့ ပြန်ပစ်ပြီး ခုခံကာကွယ်တဲ့ အခန်းပါပဲ။ ဒါရုပ်ရှင်တစ်ခုပဲလို့ ကိုယ့်ကိုကိုယ် သတိပေးနေတာတောင်မှ မျက်လုံးထဲမှာ လူနီအင်းဒီးယန်းတွေကို လူဖြူတွေ အနိုင်ရသွားပြီး မြောက်နဲ့တောင်အမေရိကတိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ဒေသခံလူတွေ ရဲ့စကားတွေပါ အမြစ်ပြုန်းပျောက်ကွယ်လုဖြစ်တာတွေ နဲ့ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေ မျက်စိထဲမှာတန်းစီပြီး ပေါ်လာတော့တာပါပဲ။ တစ်ချိန်ထဲမှာပဲ ကောင်းကင်ကိုရဲ့ “ကျွန်” ကဗျာကလည်း ခေါင်းထဲကိုရောက်လာတယ်။ အဲဒီအချိန်မှာပဲ ပန်ဒိုရာလပေါ်က နယ်ခံတွေ ခိုကိုးနေထိုင်တဲ့ သစ်ပင်ကြီးတအိအိပြိုလဲ၊ မီးတွေလောင်၊ နယ်ခံ(Na’Vi)တွေ ကမ္ဘာပျက်သလိုပြေးလွှားအော်ဟစ်တော့ နှုတ်ခမ်းတွေတုန်လာပြီး သက်ပြင်းတွေကြိတ်ရှိုက်နေခဲ့ရတယ်။ ဘေးနားက ဆယ်ကျော်သက် ကိုရီးယန်းလေးတွေကတော့ နောက်ဆုံးပေါ်နည်းပညာတွေကို ခံစားနေပြီးသဘောကျနေကြတယ်။
ဒီရုပ်ရှင်မျိုးဟာ anti-colonialism /anti-capitalism/ anti-exploitation theme တွေကို မသိမသာ ဒါမှမဟုတ် သိသိသာသာကြီးကို မီးမောင်းထိုးပြထားပြီး white-males-leaders တွေကိုမွေးထုတ်ထားတဲ့ အခြားသော white-guilt-story ရုပ်ရှင်မျိုးလို့ မြင်မယ်ဆိုလည်း မြင်နိုင်ပါတယ်။
နောက်တစ်ခုက လူသားတွေဘက်ကကြည့်ရင် Jake ဟာ ကိုယ့်အမျိုးကို သစ္စာဖောက်သူ race traitor တစ်ယောက်။ သူဟာ အမိန့်ကို မနာခံတဲ့အပြင် Na’ Vi တွေဘက်ကို ပါသွားသူ။ ကိုယ်ဆိုရင်ကော Jake နေရာ ဘာလုပ်မလည်း။ လူသားတွေကပို ခွန်အားကြီးတယ်၊ နည်းပညာပိုမြင့်တယ်၊ လှည့်စားတတ်တယ်။ Na’ Vi တွေကျတော့ ဒီအမြတ်ထုတ်တဲ့ အုပ်စုနဲ့ယှဉ်ရင် spiritual သမားတွေ၊ မလိုအပ်ဘဲ တိရစ္ဆာန်တွေကိုတောင် မသတ်ဖြတ်ဘူး။ Jake ဟာ လူသားဘ၀မှာ ခြေမသန်ဘူး။ Na’ Vi တစ်ယောက်ဘ၀မှာ သူ့ရဲ့ခြေထောက်တွေဟာ သန်မာတယ်။ Neytiri ကလည်း ငယ်တယ်၊ လှတယ်။ ပန်ဒိုရာကလည်း လှတယ်။ Neytiri ကိုဘေးနားမှာထားပြီး လှပတဲ့ ပန်ဒိုရာပေါ်က ရေတံခွန်တွေထဲမှာ ကူးခတ်ရတာ၊ လေထဲမှာ မျောနေတဲ့ လေပေါ်ကျွန်းကြီးတွေကြားမှာ နဂါးတွေကို စီးနေရတာ ကြည်နူးမိမှာပဲ။ သူဟာ Na’ Vi တစ်ယောက်အနေနဲ့ ရပ်တည်သွားချင်တာ မမှားဘူး။ ဒါပေမယ့် လူသားတွေဘက်ကကြည့်ရင်တော့ သစ္စာဖောက်တစ်ယောက်ဖြစ်သွားရသူ…..။
ဒီရုပ်ရှင်ကို အပေါ်မှာထောက်ပြတဲ့ အကြောင်းလေးတွေကို အလေးအနက်တွေ သိပ်မတွေးပဲ၊ သူတို့ဘာပေးချင်နေတာလည်းကို ကျမလုပ်မိသလို အကုန်လုံးစုပ်ယူဖို့ မကြိုးစားဘဲ၊ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်မယ်ဆိုရင်လည်း သိပ်လှတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
Neytiri က Jake ကို သတ်ဖို့မြှားနဲ့ သစ်ပင်တွေကြားကချိန်ထားတုန်း၊ ကောင်းကင်က လည်းမွှေးလိုအရာ (woodsprite) လေးက ဖြေးဖြေးလေးလွင့်မျောလာပြီး မြှားပေါ်မှာ လာနားနေတယ်။ နယ်ခံတွေ မြင့်မြတ်တယ်လို့ယူဆတဲ့ သစ်ပင်ကြီးရဲ့ ပျံသန်းနေတဲ့သစ်စေ့တွေ… မြင့်မြတ်သန့်ရှင်းတဲ့ ၀ိညာဉ်တွေ (very pure spirits) ကို ကိုယ်စားပြုတဲ့ အရာလေးတွေမှ တဆင့် Eywa (deity) ရဲ့ နမိတ်ပြမှုကြောင့် Jake ကို မသတ်တော့ဘဲ၊ သူမမိခင်ဖြစ်သူ ၀ိညာဉ်ထိန်းဆီကတစ်ဆင့် ဘာတွေများသိရနိုင်မလည်းဆိုတဲ့ အတွေးနဲ့၊ သူမတို့ Na’ Vi တွေ နေထိုင်ရာ သစ်ပင်ကြီးဆီခေါ်သွားခဲ့တယ်။
သူမ မိခင်က Jake ကို Na’ Vi တွေရဲ့ နည်းတွေကို သင်ပေးဖို့ Neytiri ကိုခိုင်းတော့ Neytiri က ငြင်းတာတွေ၊ နောက်ဆုံး မိခင်ကို မလွန်ဆန်နိုင်ဘဲ Na’ Vi တွေရဲ့ နည်းတွေကို သင်ပေးပြီး အနေနီးစပ်ပြီး ချစ်သွားကြတာတွေ။
ပန်ဒိုရာတောနက်ကြီးကို စိတ်ကူတွေရယ် နည်းပညာတွေရယ်နဲ့ အလှဆင်ထားတာကလည်း အံ့မခန်းပါပဲ။ စိတ်ကူးယဉ်ချင်စရာ စိမ်းမြညိုမှောင်နေတဲ့ နတ်သမီးကမ္ဘာကြီး။ လမ်းလျှောက်လိုက်တိုင်း မြေပြင်ပေါ်ကရေညှိစိမ်းကလေးတွေက မီးလေးတွေလင်းပြီး မီးဝိုင်းဝိုင်းစိမ်းစိမ်းလေးတွေ ရိပ်ကနဲ ရိပ်ကနဲထွက်လာတာတွေ၊ ထိလိုက်တိုင်းမီးလင်းသွားတဲ့ ပန်းပွင့်တွေ သစ်ပင်တွေ။ ညပိုးကောင်လေးတွေ၊ ထူးဆန်းတဲ့ တိရစ္ဆာန်တွေနဲ့ neural link ချင်းဆက်သွယ်ပြီး စိတ်နဲ့စေခိုင်းတာတွေ၊ ခံစားချက်မျှဝေတာ၊ အပေးအယူမျှတာတွေ၊ တိရစ္ဆာန်နဲ့လူ ဖြစ်ဖြစ်၊ လူအချင်းချင်းပဲဖြစ်ဖြစ် တစ်ဖက်သတ်မဟုတ်တဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ရွေးခြယ်မှုတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ မသိမသာ ပညာပေးမှုလေးတွေ…။
ရုပ်ရှင်Genre ထဲမှာ fantacy နဲ့ action ပါနေရင် သိပ်စိတ်မ၀င်စားတတ်ခဲ့ပေမယ့် ဒီရုပ်ရှင်ကိုကြည့်ပြီးတဲ့နောက်မှာတော့ လူသားတွေနဲ့ Na’Vi စစ်ပွဲထဲမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပြီး ကမ္ဘာပေါ်ပြန်ရောက်လာသလိုပါပဲ။ ဒီရုပ်ရှင်ကို ကြည့်သင့်လား၊ မကြည့်သင်လားလို့ မေးမယ်ဆိုရင်တော့ သေချာပေါက်ကြည့်သင့်တဲ့ ရုပ်ရှင်လို့ ဆိုချင်ပါတယ်။ အပေါ်ယံဖျော်ဖြေမှုတစ်ခုအနေနဲ့ ကြည့်တာတောင် တန်နေပါပြီ။ နည်းပညာနက်နဲမှုတွေ၊ အနောက်နိုင်ငံသားတွေရဲ့ အခြား race တွေပေါ်မှာရှိတဲ့ အမြင်တွေနဲ့ယူဆချက်တွေ၊ သူတို့ကိုယ်သူတို့ ပြန်မြင်တာတွေနဲ့…. သူတို့တွေရဲ့ အခြား..အခြားသော အတွေးယာဉ်ကိုစီးပြီး ကြည့်မယ်ဆိုရင်တော့ .. ပိုပြီးတောင် တန်နိုင်ပါသေးတယ်လို့…
သံလမ်း
ပင်ဂွင်း နဲ့ ဆော်လမွန်တို့ အိမ်အပြန်…
အရှုံးသမား ဘီလီ
အခြားရုပ်ရှင်များ























မလေးရေ….
ရုပ်ရှင်ကို…သိပ်မကြည့်ဖြစ်တဲ့ ကျွန်တော်တောင် မလေးရေးထားတာတွေကိုဖတ်ပြီးကြည့်ချင်မိသွားတယ်ဗျ…။
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — January 31, 2010 @ 6:38 pm
အစ်မရေရုပ်ရှင်လည်းကြည့်ပြီးသွားပြီ အစ်မရေးထားတာကလည်းတကယ်ကိုပြောင်မြောက်ပါတယ်ခင်ဗျာ။
ကျန်းမာပျော်ရွင်ပါစေ။
ခင်မင်လျှက်
တောသားလေး
Comment by တောသားလေး — January 31, 2010 @ 7:02 pm
မလေးရေ……… သွားကြည့်ပြီးသွားပြီ…း) ကောင်းတယ် ဆိုတာကို သိပေမယ့် အခု မလေးရေးသလို ပြန်ပြီး မမျှဝေတတ်ဘူး။ နည်းပညာတွေကလည်း ဆန်းသစ်လိုက်တာ အရမ်းပဲ.. မျက်စိရှေ့ကို ရောက်ရောက် လာသလိုပဲ သစ်ပင်ကြီးကို ဖျက်စီးတာကြည့်ပြီး ကိုယ်ပါ ရောငိုချင်လာတယ်။ မလေးပြောသလိုပဲ တကယ်ကောင်းတဲ့ ရုပ်ရှင်ပါ.။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — January 31, 2010 @ 7:21 pm
အင်း….
ဘာပြောရမှန်းမသိလို့ အင်း စချလိုက်တာ ဖြစ်နိုင်သလို ပြောစရာတွေ များပြီး ဆို့နေလို့ ဆက်မပြောချင်ဘဲ အင်းချလိုက်တာလည်း ဖြစ်နိုင်တယ်း)
အဲဒီ့ကားက မထင်ရဘဲနဲ့ တကယ့်ကို ကောင်းတာဗျာ. ကျွန်တော်လည်း အစက ကလေးကားလောက်ပဲ ထင်ထားခဲ့တာ.
မလေး Point Out လုပ်ပြသွားတဲ့အချက်လေးတွေ တကယ်ကို ကောင်းပါတယ်. ကျွန်တော်ကတော့ ရုပ်ရှင်ကိုပဲ စိတ်ဝင်စားသွားလို့လားမသိဘူး. Dialogue တွေသိပ်မမှတ်မိဘူး.
ဘေးခုံက အငြိမ်မနေတာလည်းပါတယ်.
(ကလေးလေးပါဗျာ… ကျွန်တော့်လက်ကို လာလာကိုင်ကြည့်နေလို့. အဟတ်ဟတ်)
Jake က တကယ်တော့ သစ္စာဖောက်မဟုတ်ခဲ့ပါဘူး. သူဖျောင်းဖျဖို့ ကြိုးစားခဲ့သေးတာပဲ. သူဟာ အုပ်စုထဲကခွဲထွက်သွားတဲ့ ခေါင်းဆောင်တစ်ယောက်ပါ. တကယ်လို့ သစ္စာဖောက်သက်သက်ဖြစ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ Navi တွေကို ခေါင်းဆောင်ပြီး နယ်ချဲ့တွေကို ပြန်တိုက်ဖို့ ကြိုးစားခဲ့မှာ မဟုတ်ဘူး. သူ့ဖာသာ ငြိမ်းချမ်းရာကို ရှာဖွေနေထိုင်ပြီး အေးအေးဆေးဆေးနေသွားမှာပဲ. ဒါပေမယ့် ဖန်ပေါင်းချောင်ထဲက Jake အစစ်ရဲ့ ကံကြမ္မာပေါ်လည်း မူတည်တာပေါ့လေ.
တကယ်တော့ Jake ရဲ့ ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးက အားနည်းသူတွေဖက်က ရပ်တည်တဲ့စိတ်၊ တရားမျှတမှုကို မြတ်နိုးတဲ့စိတ်၊ကြင်နာသနားတတ်တဲ့စိတ်၊ အမျိုးအနွယ်ကိုထိရင် မခံတဲ့ မျိုးချစ်စိတ်၊ လူသားဆန်တဲ့စိတ်နဲ့ လိုအပ်ရင် ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ စိတ်ပါပဲ. အထူးသဖြင့် နဂါးအနီကြီးကို ဖမ်းပြီး Navi တွေ ဆုတောင်းနေတဲ့နေရာကို Jake ရောက်လာတဲ့အခန်း၊ ခေါင်းဆောင်ကို ခွင့်တောင်းပြီး မိန့်ခွန်းပြောတဲ့အခန်း…. သိပ်ကောင်းတယ်. သူ့ကို မယုံကြည်တဲ့ Navi တွေရဲ့ လေးစားအားကိုးမှုကို ပြန်လည်ရယူနိုင်ခဲ့တယ်. အဲဒီ့နေရာမှာ ကျွန်တော်တောင် ဖြတ်စဉ်းစားမိသွားသေးတယ်. ကိုယ့်ကို သိပ်အထင်မကြီး မလေးစားတဲ့လူတွေဆီက ယုံကြည်မှုရအောင် Miracle ဆန်ဆန် အောင်မြင်မှုတွေ၊ Adventure တွေကို လုပ်ပြဖို့ လိုလားလို့….
ကဲ. ထုံးစံအတိုင်း ကျွန်တော်လေရှည်သွားပြီ. ကျွန်တော်လည်း ဒီရုပ်ရှင်အကြောင်းရေးချင်နေတာ အခုတော့ မလေးဦးသွားပြီ…
အင်းးးးးးးးးးးးး
Y.
Comment by Yan — January 31, 2010 @ 11:05 pm
့ကြိုက်လွန်းလို့ တစ်ခါထက်မက ကြည့်မိပါတယ်။ မလေးလိုတော့ ပြန်မချပြတတ်ဘူးရယ်။
Just wanna say, my mind was obsessed with Avatar for quite some times after I watched it.
I love the song ‘I See You’ as well.
Comment by ဇွန်မိုးစက် — January 31, 2010 @ 11:35 pm
ကျွန်တော်တော့ ခေါင်းမူးပြီးပြန်လာတယ်….

3D နဲ့ မကြည့်ဘူးလို့ လား..မျက်စေ့မကောင်းတော့လို့ လားတော့မသိ..
ဇာတ်လမ်းပေါ်ထင်မြင်ချက်ကတော့ ဟဲ ဟဲ..
ရဟတ်ယာဉ်မောင်းတဲ့ Pilotမလေး ကချောတယ်နော်…
Comment by minthant2009 — February 1, 2010 @ 5:24 am
မကြည့်ရသေးဘူး… ဒါပေမဲ့ ဒီပိုစ့်လေးဖတ်ပြီး အရမ်းကို ကြည့်ချင်စိတ်တွေများလာပြီ..
စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းမယ်နော်.. ဒါကြောင့်လဲ နံမည်ကြီးပေတာကိုး..
ပြန်ရေးပြတဲ့သူကလည်း စိတ်ဝင်စားဖို့ကောင်းအောင် ရေးနိုင်တယ်.. ကျေးဇူး
Comment by ချော — February 1, 2010 @ 7:38 am
ကျွန်တော် သွားကြည့်ပြီးပြန်လာတော့ .. ရုပ်ရှင်ကောင်းတယ်လို့သာ ထပ်ခါထပ်ခါပြောမိနေပေမယ့်.. ဘယ်နေရာကောင်းလဲလို့မေးလာရင်တော့ မဖြေတတ်ဘူး…. ။
အကြိုက်ဆုံးကတော့ Jake နဲ့ Neytiri တို့ရဲ့ facial expression တွေကိုဘဲ… တကယ်အသက်ဝင်တယ်…။ နောက်ဆုံးအပြီးခန်းမှာ သီချင်းဝင်လာတော့ ရင်ထဲဟာသလိုလို လွမ်းသလိုလိုဘဲ..။
ရုပ်ရှင်ကြည့်ရင်းတစ်ခါ တစ်ခါ တွေးမိပေမယ့်….. ရိုးရိုးရှင်းရှင်းဘဲခံစားလိုက်တော့တယ်…။
Comment by Evergreen Phyo — February 2, 2010 @ 9:02 am
လူတိုင်းကကောင်းတယ်ပြောကြတယ်… မကြည့်ရသေးဘူး
Comment by rose of sharon — February 2, 2010 @ 11:25 pm
ရောက်လာပါတယ် မမအိမ့်ရေ… ခရီးအရှည်ကြီးသွားဦးမှာမို့ လာပြီး နှုတ်ဆက်သွားပါတယ် … မမအိမ့် ပျော်ရွှင်ချမ်းမြေ့ပါစေနော် …။
ပြန်လာမှ အကြွေးတွေ အားရပါးရ လာဖတ်မယ်…။
ခင်မင်လေးစားလျှက်
Comment by နှင်းဟေမာ — February 3, 2010 @ 12:14 am
ဏီလင်းညို … ဒီရုပ်ရှင်တော့ အချိန်ရရင်ကြည့်စေချင်ပါတယ်ကွယ်..
ငိုနေလို့ 

တောသားလေး .. မောင်လေးလည်း ကျမ်းမာပါစေ။
ဒဏ္ဍာရီ .. မလေးအဲ့အချိန်မှာ မျက်မှန်ချွတ်ထားရတယ်
Yan .. မည်သို့ပင်ဖြစ်စေ.. Jake ကတော့ race traitor ပဲလေ.. မှန်တယ်၊မှားတယ်.. နဲ့ မဆိုင်ဘူးလို့ မလေးပြောထားပါတယ်နော်။ ကိုရန်လည်း ရေးပါ။ ဖတ်ချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်ကွာမှုတွေကို လေ့လာရင်းပိုဖတ်လို့ကောင်းမှာ။
ဇွန်မိုးစက် … မလေးလည်း ကြည့်ပြီး သုံးလေးရက်လောက် ပန်ဒိုရာပေါ်ရောက်နေတယ်။
minthant2009 .. အွန်.. Michelle Rodriguez လား၊ ကိုယ်တော့ သတိတောင်မထားမိပါဘူး သူငယ်ချင်းရယ်.. မိန်းကလေးချင်းချင်းဆိုတော့ မကြည့်တတ်ဖူးလေ
ချော .. လာဖတ်တာကျေးဇူးချောရေ..
Evergreen Phyo.. အရမ်းလှတဲ့ပန်ဒိုရာလပေါ်အရောက် မလေးတော့ ဆန်းဆန်းပြားပြားကို ခံစားလိုက်ရတာပါပဲကွယ်..
နှင်းဟေမာ .. ညီမလေးကော့မန့်က ပုံတစ်ပုံအောက်ရောက်နေလို့ ဒီဘက်ကိုပြန်ပို့လိုက်တယ်နော်။ ပျော်ရွှင်သော ခရီးရှည်ဖြစ်ပါစေ။
Comment by မလေး — February 3, 2010 @ 12:26 am
မလေး က ဘာလို့  ဘလော့ဂါ ပန်ဒိုရာပေါ် ၃-၄ ရက် ရောက်နေရတာတုန်း..
ဟီး..
Comment by ဘလော့ဖတ်သူ — February 3, 2010 @ 1:19 am
မအိမ့်ချမ်းမြေ့ ရေ
ကျွန်တော် ရုပ်ရှင်အကြောင်း ဖတ်သွားပါတယ်။ ရုပ်ရှင်သိပ်ကြည့်လေ့ ရှိသူမဟုတ်တော့ လဲ တကယ်ကြည့်ဖြစ်မှပဲ ပိုနားလည်မယ်ထင်ပါတယ်။ စာတွေလည်း အတော်များများ လာဖတ်ဖြစ်ပါတယ်။
အချိန်ပို ရယင် ရသလို ပေါ့။ ကျွန်တော့် ဆီလည်း အလည်ရောက်ခဲ့လို့ ကျေးဇူးတကယ်တင်မိပါတယ်။
ရွှင်လန်းချမ်းမြေ့ ပါစေ ။
ခင်မင်သော
မောင်မောင်
ကဘူးမြို့ 
Comment by မောင်မောင် — February 3, 2010 @ 1:58 pm
rose of sharon … မ မင်္ဂလာပါ။
ဘလော့ဖတ်သူ…
မောင်မောင်.. လာသွားတာ ကျေးဇူးတင်ပါတယ် ကိုမောင်မောင်.. ကျမလည်း ကိုမောင့်မောင့်ဆိုက်ဒ်ကို ရောက်ပါတယ်
Comment by မလေး — February 5, 2010 @ 11:38 am
ဖတ်ပြီးပြီကွာ။ သွားကြည့်တော့ဘူး။ အချိန်မရတာရယ်. မအားတာရယ်. အလုပ်ရှုတ်တာရယ်.မြန်မာပြည်ပြန်ချင်ပိုးထပြီးစိတ်လေနေတာရယ်. Tax ပေးရလွန်းလို့တွန့် တိုနေတာရယ်.
၁၃ ရက်နေ့ ကြီးကြီးအိမ် နေ့လည် ၁ နာရီနော်. ဘယာကြော်၊ ဘူးသီး၊ ကြာ်သွန်ကြော် အချဉ်နဲ့ .
Comment by Htate Htar — February 5, 2010 @ 3:15 pm
ကြားပဲကြားဖူးသေးတယ် မကြည့်ဖူးသေးဘူးး)
အစ်မရေ ဒီရုပ်ရှင်က အချစ်ကားတွေမဟုတ်တော့ ချစ်သူနဲ့အတူတူကြည့်ဖြစ်တယ်လား ဟိဟိ
Comment by မောင်မျိုး — February 5, 2010 @ 8:28 pm
ရေးထားတာ စိတ်ဝင်စားဖွယ်ရာပါပဲ…။
လက်ရာမြောက်တဲ့ဖန်တီးချက်တွေကို သိပ်ကြည့်ချင်ပါတယ်။
လောလောဆယ်တော့ ကြည့်ရမယ်မထင်ပါဘူး။
Comment by စံလင်းထွန်း — February 8, 2010 @ 7:15 am
မလေးရေ…… နေကောင်းလား။ မတွေ့တာ ကြာပြီနော်။ သတိရနေပါတယ်.. လာလည်သွားတာ ကျေးဇူးပါ မလေး။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — February 8, 2010 @ 7:14 pm
လာဖတ်သွားတယ်မလေးရေ…ရေးထားတာ အရမ်းကောင်းပါတယ်…ကျမလည်းရေးထားတယ်…ဒါပေမဲ့ ကျမ ခံစား ရသလောက်လေးပဲ ရေးမိတာ၊ မလေးလို မကောင်းဘူး…မစုံဘူး…:) ရှက်ရှက်နဲ့ပဲ အချိန်ရရင် လာဖတ်ဖို့ ဖိတ်ပါတယ် ရှင်…:)
Comment by ချစ်ကြည်အေး — February 9, 2010 @ 1:41 am
လင့်ခ်ယူသွားပါရစေရှင်…
Comment by ချစ်ကြည်အေး — February 9, 2010 @ 1:43 am
အစ်မရေ..ကျွန်မကတော့ အလိုက်မသိသလိုများ ဖြစ်နေမလားမသိဘူး..(သူများတွေရုပ်ရှင်အကြောင်းဆွေးနွေးနေချိန်မှာ)
မတတ်သာလို့ပါရှင်..ခွင့်လွှတ်ပါ။ ကနေဒါကိုအလုပ်လာလုပ်မဲ့ အရှေ့တိုင်းသူတစ်ယောက်အနေနဲ့ သိချင်တာလေးတစ်ချို့(နဲ၂ပါး၂)
အစ်မဆီမှာ မေးချင်လို့ပါ…မေးလ်လိပ်စာလေးလည်း မသိလို့ပါ။ မေးလ်ပို့လို့ရရင်လည်း ပို့ချင်ပါတယ်။ အဲဒီအတွက် အစ်မမှာ အဆင်ပြေမပြေ အရင်သိချင်ပါတယ်ရှင်။
ခင်မင်စွာဖြင့်
Comment by မိန်းမိန်း — February 9, 2010 @ 6:41 am
မိန်းမိန်း tapyaythu2000@gmail.com ကို စာပို့လို့ရပါတယ်.. laptop ပျက်သွားလို့ ကိုယ့်ဟာကိုယ်ကလိနေလို့ လောလောဆယ်တော့ အွန်လိုင်းကမ္ဘာနဲ့ ခေတ္တဝေးမယ်ထင်ပါတယ်. အားလုံးကို..ကျေးဇူးတင်ပါတယ်…
Comment by မလေး — February 10, 2010 @ 1:03 pm
မလေးရေ…စီဘောက် မရှိတာမို့လို့ ဒီကပဲ ရေးခဲ့တယ်နော်၊ စာလာဖတ်ပြီး မန့်ခဲ့တာ ကျေးဇူးတင်လိုက်တာ…:))
Comment by ချစ်ကြည်အေး — February 12, 2010 @ 4:54 am
မလေး ပေးထားတဲ့ လင့်ခ်တွေပါ သွားကြည့်ဖြစ်တယ်.. မလေးနှစ်သက်တဲ့ ရုပ်ရှင်တွေက အမြဲတမ်းထူးခြားတယ်နော်
Comment by ShwunMi — February 12, 2010 @ 8:39 am