နှင်းတုကျတဲ့ ဗင်ကူးဗား
၂၀၁၀ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ကျွန်မနေတဲ့ ဗင်ကူးဗားမြို့လေးမှာ ကျင်းပတော့မှာ ရက်အနည်းသာလိုပါတော့တယ်။ မနှစ်ကတည်းကစပြီး တစ်မြို့လုံး ဒီအိုလံပစ်ပွဲတော်အတွက် ပြင်ဆင်နေကြတယ်။ ဂုဏ်တစ်ရပ်လို မြင်သူတွေကလည်း ပွဲတော်တွက် သိုက်သိုက်ဝန်းဝန်းပြင်ဆင် ပါဝင်နေကြသလို၊ ငွေဖြုန်းတီးမှု နဲ့ ကမ္ဘာ့အပေါ်ယံကစားပွဲကြီးလို့ မြင်သူတွေကလည်း အင်တိုက်အားတိုက် ဆန္ဒပြကန့်ကွက်နေကြပါတယ်။ လေဆိပ်အ၀င်ရယ် ပစိဖိတ်သမုဒ္ဒရာထဲမှ မြစ်လက်တက်ထဲဝင်တဲ့ မြစ်အ၀နေရာတွေရယ်မှာ မီးအလုံးပေါင်းနှစ်သောင်းကျော်စီပါတဲ့၊ ၁၄မီတာမြင့်ပြီး ၃၀မီတာကျယ်တဲ့ အိုလံပစ်မီးဝိုင်းကြီးငါးဝိုင်းပါတဲ့ မီးတံဆိပ်ကြီးနှစ်ခုကို ထွန်းညှိထားပါတယ်။ စွမ်းအင်ကိုလျော့ချတဲ့အနေနဲ့ မီးလုံးတစ်လုံးကို ၄.၈၀ဒ်ပဲရှိတယ်ဆိုပါတယ်။ စွမ်းအားသုံးမှုနည်းတဲ့ LED မီးလုံးတွေကို သုံးထားတဲ့အတွက်၊ မီးထွန်းညှိခ တစ်နေ့ကို ကနေဒီယန်ဒေါ်လာ သုံးဒေါ်လာနဲ့သုံးဆယ်ခြောက်ဆင့် ပဲ ကုန်ကျမယ်လို့ ဆိုပါတယ်။ ဒီမီးဆိုင်းကြီးတွေကိုဆောက်ခက တစ်ခုကိုတင် ဒေါ်လာသန်းချီကုန်တယ်လို့ ကြားထားရပြီး အဲဒီအ၀ိုင်းကြီးတွေနားရောက်တော့… ဟင်.. လို့ တစ်လုံးလေးတော့ ထွက်သွားမိပါတယ်။ နောက်ပြီး ဗင်ကူးဗားမြို့တွင်းက အိမ်ခြေမဲ့တွေရဲ့ မျက်နှာတွေကို မြင်ယောင်လိုက်မိပါတယ်။
“ဗင်ကူးဗားမြို့” “ကနေဒါနိုင်ငံ” “ဆောင်းရာသီ” ဒီလိုစာလုံးတွေမြင်တာနဲ့ လူတွေမျက်စိထဲမှာ နှင်းဖုံးနေတဲ့ မြို့ရယ်၊ ခိုက်ခိုက်တုန်နေတဲ့ မြို့သူမြို့သားတွေရယ်၊ မျက်စိတစ်ဆုံးဖြူဖွေးနေတဲ့ နှင်းတောင်တန်းကြီးတွေကို မြင်မိကြမှာပါပဲ။ ကနေဒါဆောင်းကိုဆို မြို့ခံတွေမပြောနဲ့ ငှက်တွေတောင် ဆောင်းဝင်ပြီဆိုတာနဲ့ မက္ကဆီကိုဘက်ကို အုပ်စုလိုက်ပျံသန်း တိမ်းရှောင်တတ်ကြတယ်။ နွေဦးပေါက်မှ ပြန်လာတတ်ကြတယ်။ ဒီလို နှင်းတွေ လှပစွာကျတတတ်တဲ့ ဗင်ကူးဗားမြို့လေးဟာ ဆောင်းရာသီအိုလံပစ်ပွဲတွက် တက်ကြွနေတယ်…။ အိုလံပစ်မီးဝိုင်းကြီးတွေကလည်း ညစဉ်ထိန်ထိန်လင်းနေပြီ။ အိုလံပစ်မီးတိုင်ဟာလဲ ဂရိနိုင်ငံမှနေပြီး ကနေဒါနိုင်ငံထဲမှာ လူတစ်သောင်းနှစ်ထောင်ကျော်ခန့် လှည့်ပတ်လက်ဆင့်ကမ်းနေပြီ။ မကြာခင် ဗင်ကူးဗားကို ရောက်လာတော့မှာ ဖြစ်တယ်။ ဗင်ကူးဗားမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့မှ စပြီး ၂၈ ရက်နေ့ထိ ထွန်းညှိထားတော့မှာဖြစ်တယ်။
ဒါပေမယ့်….
ဒါပေမယ့်….
ဆောင်းရာသီ အိုလံပစ်ပွဲ ကျင်းပပါမယ်ဆိုတဲ့ ဒီဆောင်းကျမှ…
ကျွန်မတို့မြို့မှာ ဒီနှစ် နှင်းမကျပါဘူးရှင်။
ဟုတ်ကဲ့…
ဒီဇင်ဘာ လလယ်လောက်တုန်းက မစို့မပို့နှင်းကလေး တဖျောက်နှစ်ဖျောက်ကျပြီးကတည်းက နှင်းမကျပါဘူး။ နှင်းမကျတဲ့အပြင် အပူချိန်တက်နေလိုက်တာ မနေ့ကဆိုရင် မြေပြန့်မှာ ၁၁ဒီဂရီတောင်ရှိပါတယ်။ နှင်းတောင်တွေပေါ်မှာ ၅ ဒီဂရီရှိနေပါတယ်။ အကျီ င်္ပါးပါးတစ်ထည်ပေါ်မှာ အနွေးထည်ပါးပါးတစ်ထည်လောက်ဝတ်ရုံနဲ့ အပြင်ထွက်လို့ရနေတော့၊ အအေးဒဏ်တော်တော်ခံနိုင်လာပါလားလို့ ကိုယ့်ကိုကိုယ် ကျေနပ်နေမိခဲ့တာ…။ တစ်ကယ်က အပူချိန်ကအရမ်းတက်နေလို့ပဲဖြစ်ပါတော့တယ်။ အရင်ဆောင်းတွေတုန်းကဆိုရင် နှင်းဒဏ်ကြောင့် အရွက်မရှိတဲ့ နောက်ဖေးက အပင်တွေဟာလည်း ပုရစ်ဖူးလေးတွေ ထပေါက်နေပြီး၊ အေးခဲနေတတ်တဲ့မြက်ခင်းတွေဟာ စိမ်းစိုလန်းဆန်းနေပါတော့တယ်။ ဆောင်းရာသီမှာ မိုးများတတ်တဲ့ မြို့လေးမှာ ဒီကနေ့ဆိုရင်လည်း ကောင်းကင်ဟာကြည်လင်လို့ နေတွေသာနေပါတော့တယ်။
အဲဒီတော့.. သက်ဆိုင်ရာက…
လူတွေ စကီးတက်စီးနေကျ နှင်းတောင်တွေဖြစ်တဲ့ ဆိုက်ပရက်စ်တောင်(Cyprus) ၀ှစ်စလာတောင် (Whistler) တွေကို လူထုကို ပိတ်လိုက်ရပါတော့တယ်။ နှစ်စဉ်ကြေးပေးထားတဲ့ သူတွေကိုလည်း ငွေပြန်အမ်းရပါတော့တယ်။ တောင်ပေါ်ကနှင်းတွေကို မိုင်ပေါင်းများစွာရှည်လျားသော တာလပတ်တွေနဲ့ ဖုံးထားကြရပါတော့တယ်။ ထို့အပြင် အိုလံပစ်ကော်မတီဟာ နောက်ဆုံးပေါ်နည်းပညာနဲ့ စက်ကရိယာတွေကိုသုံးပြီး ရေလီတာပေါင်း ၉၅.၃ မီလီလျှံကို နှင်းတုအဖြစ်ပြောင်းနေကြရပါတော့တယ်။ အရင်နှစ်တွေတုန်းကလည်း အနည်းနဲ့အများ စကီးတောင်တွေပေါ်မှာ နှင်းတုတွေ သုံးကြတယ်လို့ ဆိုကြပါတယ်။ မျက်နှာပြင်ပိုမိုမာကြောတဲ့အတွက် အားကစားသမားတွေက ပိုတောင် နှစ်သက်ကြမယ်လို့လဲ ဆိုကြပါတယ်။ အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် နှင်းတောင်ပေါ်မှာ နှင်းတု၂လီတာ အဆင့်သင့်ထားရှိနေပြီဖြစ်တယ်လို့ ဆိုကြပါတယ်။
အချို့ကတော့ နှင်းမကျတော့ဘဲ မိုးတွေချည်းပဲ ဆက်တိုက်ရွာမှာကို စိုးရိမ်နေကြတယ်။ နှင်းမကျဘဲ မိုးရွာချလိုက်ရင် နှင်းတွေဟာ အရုပ်ဆိုးအကျည်းတန်တဲ့ ရေခဲစပ်စပ်ရွဲ့ရေတွေ ဖြစ်သွားတတ်ကြတယ်။ အထူးသဖြင့် ဖွင့်ပွဲမှာ မိုးဖြိုင်ဖြိုင်ရွာလိုက်ရင်ဖြင့်.. ဆိုပြီး ပူပန်နေကြချိန်မှာ၊ ကနေဒါနိုင်ငံလို နိုင်ငံမှာ ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပပါမယ်ဆိုမှ နှင်းမကျဘူးဆိုရင် အရှက်တော့ ကွဲကြတော့မှာပဲဆိုပြီး ပြောနေကြတာတွေကိုလည်း ကြားရပါတယ်။ အိုလံပစ်ပွဲတော်ကို စိတ်လှုပ်ရှားနေကြသူတွေကတော့ မိုးလည်းမရွာစေချင်ဘူး၊ အပူချိန်လည်း မတက်စေချင်တဲ့အပြင် နှင်းဖြူတွေ ကျစေချင်ကြမှာပါ။ ကျွန်မကတော့ မဖြစ်နိုင်မှန်းသိသော်လည်း တောင်တွေပေါ်မှာပဲ နှင်းကျပြီး မြေပြန့်မှာ ၁၁ဒီဂရီလောက်နဲ့ နေသာစေချင်တာပါပဲ။ မည်သို့ပင်ဖြစ်စေ ကနေဒါဟာ ကနေဒါပါပဲ။ အခုမှလည်း ဇန်န၀ါရီလအလယ်ပဲ ရှိသေးတော့ မကြာခင် နှင်းတွေ တဖွဲဖွဲကျဦးမှာပါလို့ ကျွန်မတော့ ထင်မိပါတယ်ရှင်။
ပုံများကို ဂူဂဲလ်မှ ရရှိပါတယ်ရှင်။


























ဆောင်းရာသီမရှိတဲ့ နိုင်ငံမှာ နေနေရတော့ နှင်းကိုတောင့်တမိတယ် မရေ။ ကနေဒါလို သိပ်အေးတဲ့နိုင်ငံကို တစ်ခေါက်လောက်တော့ရောက်ဖူးချင်သား။ နည်းပညာရော ငွေကြေးရော တတ်နိုင်တဲ့ တိုင်းပြည်များကတော့ လျှပ်စစ်မီးတွေ အလျှံအပယ် သုံးစွဲနိုင်၊ ရာသီဥတုအတုအယောင်တွေလည်း ဖန်တီးနိုင်ရုံမက အိမ်ခြေရာမဲ့တွေအတွက်လည်း နွေးထွေးလုံခြုံမှု ပေးနိုင်ရင် သိပ်ကောင်းမှာပဲနော်။
Comment by ဇွန်မိုးစက် — January 17, 2010 @ 6:30 pm
မှတ်သားစရာပဲ။ ဖြစ်လည်းဖြစ်တတ်ပါပေ့။ လူတွေကို ရာသီဥတုက မျက်လှည့်ပြဒဏ်ခတ်တော့မယ်နဲ့တူတယ်။
Comment by Craton — January 17, 2010 @ 9:27 pm
အစ်မရေ နှင်းတွေကျကျ မကျကျ ဗင်ကူးဗားက သိပ်လှတဲ့မြို့ဘဲ…။ ပစိဖိတ်သမုဒ္ဒရာကြီးရယ်…….. နှင်းတွေဖုံးနေတဲ့တောင်ထိပ်တွေရယ် .အရာရာပြည့်စုံလှပတဲ့မြို့ဘဲ…။ အဲဒီမှာနေတဲ့သူတွေ အတွက်တော့ အရမ်းကောင်းတယ်လို့ ထင်တယ်..။ အနွေးထည်ပါးပါးနဲ့အပြင်ထွက်လို့ရနေတယ်ဆိုတော့ မဆိုးဘူး.. နေလို့ကောင်းမှာပေါ့..။ အိုလံပစ်ကတော့ တကယ်တွေးကြည့်ရင် ပိုက်ဆံတွေ၊ လူ့အရင်းအမြစ်တွေ၊ အချိန်တွေ ဖြုန်းတီးပစ်နေသလိုဘဲ..။
Comment by Evergreen Phyo — January 17, 2010 @ 9:50 pm
ဟုတ်ပါ့ မလေးရေ.. အဆန်းပဲ.. ကနေဒါမှာ နှင်းမကျတာ။ ဒီမှာကျတော့လည်း ဒီနှစ်မှာမှ ကျလိုက်တဲ့ နှင်း..။ ရာသီဥတုက ခက်တော့ နေတာ အမှန်ပဲ နော်။
Comment by Anonymous — January 18, 2010 @ 1:15 am
မလေးရေ…….. ဒဏ္ဍာရီကတော့ ဘယ်နေရာရောက်ရောက် အေးတဲ့ရာသီဥတုကို အရမ်းနှစ်သက်တယ်။း)
ဒါကြောင့်လားတော့မသိဘူး ရောက်သမျှနေရာတွေအားလုံး ပူလိုက်တာ အရမ်းပဲ ဆောင်းရာသီတောင် မရှိဘူးလေ…။ မလေးနေတဲ့ မြို့လေးက အရမ်းလှတာပဲနော်.. အားကစားပွဲတွေ ကျင်းပရင် သွားကြည့်ပြီး သတင်းလေးတွေ မျှဝေပေးပါနော်။
မလေး ဒဏ္ဍာရီဆီကို အချိန်ယူပြီး လာလည်သွားလို့ ကျေးဇူးတင်ပါတယ်နော်..။
ခင်မင်လေးစားလျှက်
Comment by ဒဏ္ဍာရီ — January 18, 2010 @ 2:06 am
မလေးရေ….
ဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်နော်…ဗျ…။
တစ်ခါလောက်တော့ လာကြည့်ချင်သားဗျာ….။
ဆင်းရဲသားမို့ မတတ်နိုင်၍ လက်မှိုင်ချ နေရပါ၏…..း)
ခင်မင်တဲ့
ဏီလင်းညို
Comment by ဏီလင်းညို — January 18, 2010 @ 6:47 am
ဇွန်မိုးစက် ... မလေးလည်း အားကျမခံ ဆိုက်ဒ်နောက်ခံမှာ ကိုယ်လိုချင်တဲ့ရာသီ ဖန်တီးပစ်လိုက်တယ်။ ပူပြင်းလှပတဲ့ အမရပူရရဲ့နွေရာသီလေ..
Craton … ဒီရက်တွေ ရက်ဆက်ကို နေသာနေတော့တာပါပဲရှင်။ ဘာတွေဖြစ်လာမလည်းတော့ မသိပါဘူး။
Evergreen Phyo … လှတော့လှတယ်… လွမ်းစရာမြို့ကြီးပါကွယ်။
Anonymous.. ဒီမှာဆိုတာ ဘယ်မှာလဲဟင်
ဒဏ္ဍာရီ .. မလေးကတော့ တီဗွီကပဲ ကြည့်ပါတော့မယ်ကွယ်..
ဏီလင်းညို … လေယာဉ်ပျံလက်မှတ်ပို့လိုက်မယ် ထီပေါက်ရင်..
Comment by မလေး — January 18, 2010 @ 11:57 pm
နှင်းတွေ တဖွဲဖွဲကျရင် တော်တော်သဘောကျစရာ ကောင်းမှာဗျနော်။ ကြုံတော့ကြုံဖူးချင်သား။ ဆောင်းရတုပွဲလို့ နာမည်ကျော်တဲ့ မန္တလေးမှာ မြူတွေဆိုင်းတာပဲ ကြုံခဲ့ဖူးတာဗျ။
ဓါတ်ပုံလေးတွေကြည့်ရတာ စိတ်ချမ်းသာစရာပဲ။
ခင်မင်စွာဖြင့်
သီဟသစ်
Comment by ThihaThit — January 19, 2010 @ 7:26 am
မြို့ကလှလို့ လွမ်းစရာကောင်းနေတာပေါ့အစ်မရဲ့…။
Comment by Evergreen Phyo — January 20, 2010 @ 9:58 am
Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — January 22, 2010 @ 1:54 am
ကျနော် နှင်းကျတာ တစ်ခါမှ မမြင်ဖူးဘူး အမရယ်။ အမဆီမှာ ပန်းပုံလေးတွေ နဲ့ ning site တွေထဲကလို comment ပေးချင်တာ။ ကွန်က ကျနေတာလား ပေးလို့ မရတာလားမသိဘူး။ facebook နဲ့ gmail ပဲ ဖွင့်နေမိတာနဲ့ အမဆီ မရောက်ဖြစ်တာ။ အခု တော့ သေချာရောက်လာခဲ့ပါပြီ။
Comment by zwesoelwin — February 2, 2010 @ 4:46 am
မလေး နှင်းအတုရဲ့ ဗင်ကူးမားကို ဖတ်သွားပါတယ်
Comment by aye — February 18, 2010 @ 11:08 am