November 11, 2009

ပန်းစိုက်သူ

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 6:01 am

မိုးကဖွဲဖွဲကလေးရွာလာပြီ။ အဆောက်အဦးအ၀င်ဝက ပန်းခြုံတွေကြားမှာ မြေတူးနေရာမှ လုပ်လက်စအလုပ်ကို အမြန်အပြီးသတ်လိုက်သည်။ ဦးထုပ်ကို ခေါင်းရှေ့ကို ပိုငိုက်အောင် ဆွဲချလိုက်ပြီး ပန်းခြုံကြားမှ မတ်တပ်ရပ်လိုက်ပြီး ခါးကိုဆန့်လိုက်သည်။ ဆောင်းဦးဝင်ပြီမို့ မိုးက ကျွတ်ဆတ်အေးခဲလာနေပြီ။ မြေပြင်မှာ ရောင်စုံသစ်ရွက်တွေ ပျံ့ကြဲနေသည်မို့ မကြာခင် သစ်ရွက်တွေကို ကြုံးရဦးမည်။ ခပ်လှမ်းလှမ်းက လူလုပ်ရေကန်စိမ်းထဲက ရေညှိတွေက စိမ်းညိုရောင်သန်းနေသည်။ ရေကန်ဘေး နွံထဲမှာတော့ လိပ်ကလေးတွေ ငြိမ်သက်နေကြသည်။

အဆောက်အဦးအ၀င်ပေါက်ဝမှာ ဗော်လဗိုကားတစ်စင်းက အသံမမြည်ပဲထိုးဆိုက်လာသည်။ ပြောင်လက်တောက်ပနေသည့် ရှုးဖိနပ်ဝတ် လူတစ်ယောက်က ကားတံခါးဖွင့်ဆင်းလာသည်။ passernger seat မှ မိန်းကလေးကလည်း ကားအပြင်သို့ထွက်လာသည်။ ကားနားမှာ အနမ်းတစ်ခုကို အမြန်ဖလှယ်လိုက်ကြပြီး ရှုးဖိနပ်ဝတ်က ရုံးထဲသို့ တက်ကြွသောခြေလှမ်းများနှင့် ၀င်သွားသည်။ မိန်းကလေးက ကားကိုကျင်လည်စွာ မောင်းပြီးထွက်သွားသည်။ သည်လိုမြင်ကွင်းတွေက နံနက်ခင်းတိုင်းရဲ့ ရိုးအီနေတဲ့ မြင်ကွင်းတွေ…။

သည်နေရာမှာ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ digital photography နဲ့ digital printing ကို ဦးစားပေးတဲ့ Kodak၊ ဘီစီပြည်နယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအာမခံလုပ်ငန်းဆိုင်ရာ တစ်ခုလုံးကို ကိုင်တွယ်တဲ့ Blue Cross၊ နောက်ဆုံးပေါ် ဗွီဒီယိုဂိမ်းတွေထုတ်တဲ့ Electronic Arts၊ metabolism disorder တွေကို ရောဂါရှာဖွေဖော်ထုတ်ပြီး ကုသရေးပစ္စည်းတွေထုတ်တဲ့ Xenon Canada၊ စတဲ့လုပ်ငန်းတွေရှိသည်။

သူကတော့ နောက်ဆုံးပေါ် နည်းပညာတွေသုံးတဲ့ ရောဂါရှာဖွေရေးလုပ်ငန်း နဲ့ medical isotope တွေထုတ်တဲ့ MDSကုမဏီဝင်းအတွင်းမှ ပန်းခြံအလုပ်သမားတစ်ယောက်။ မြေကြီးတွေ ပေပွနေသော၊ အမှိုက်သရိုက်တွေတွယ်ကပ်နေတတ်သော မိုးကာဖျင်အညိုရောင်ကြီးတဖားဖားဝတ်ပြီး သည် business park ၀င်းထဲမှာ လျှောက်သွားနေတတ်သော သူ့ကို မည်သူကမျှ သိပ်သတိထားမိကြမည်မထင်။ သည်ဝင်းထဲလျှောက်သွားရင်း သည်တံခါးဝနားတစ်ဝိုက်က ပန်းခြုံတွေမှာ အလုပ်လုပ်ရင်း ဖြတ်သွားဖြတ်လာခြေသံတွေကို သူလေ့လာနေခဲ့သည်မှာ ကြာခဲ့ပြီ။ မ၀ံ့မရဲခြေလှမ်းတွေ၊ မအောင်မြင်လို့ စိတ်ဓာတ်ကျပြီးထွက်လာတဲ့ ခြေသံတွေ၊ လုပ်ငန်းခွင်အင်တာဗြူးအောင်သွားလို့ ပျော်ပြီးပြန်ထွက်လာတဲ့ ခြေသံတွေ၊ ကျောင်းပြီးကာစ တက်ကြွနေတဲ့ ခြေသံအသစ်တွေ၊ မာနတွေကို သယ်ဆောင်ထားတဲ့ ခြေသံတွေ၊ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုပြီး ကျောင်းကသင်ပေးလိုက်လို့ အားလုံးကို ပြောင်းပြန်မှောက်ခုံလုပ်ပစ်လိုက်မယ်ဆိုတဲ့ အဟုန်တွေကို သယ်ဆောင်လာတဲ့ ခြေသံတွေကို သူလေ့လာနေတတ်ခဲ့သည်။

အဆောက်အဦးတွေကြားထဲ စီတန်းစိုက်ထားတဲ့ ချယ်ရီပင်တွေ၊ မေပယ်ပင်တွေအောက်က ခုံတန်းတွေပေါ်မှာလည်း စကားသံတွေဝေ့၀ဲနေတတ်သည်။ ဟိုဘက်အဆောက်အဦးက လူတွေနဲ့ သည်ဘက်အဆောက်အဦးက လူတွေ၊ တစ်ဦးနဲ့တစ်ဦးမျှော်ငေးကြည့်ရင်း အပြန်အလှန် အားကျနေကြသံတွေကိုလည်း သူကြားရတတ်သည်။

“Electronic Arts ၀င်းထဲက basketball ကွင်းကြီးက ကောင်းလိုက်တာနော်.. ငါတို့ကွင်းလေးကတော့ လူရယ်စရာလေး”

“အင်းလေ… နေ့လည်ထမင်းစားချိန်တွေဆို ကွင်းထဲမှာ လူငယ်တွေ အပြည့်အားကစားလုပ်နေတာ၊ ငါ့မှာ အားကစားလုပ်ဖို့နေနေသာသာ ထမင်းတောင် အမြန်မြိုချရတယ်လေ”

“Blue Cross ကလူတွေကတော့ ရာသီဥတုကောင်းတာနဲ့ အပြင်မှာ ဘာဘီကျူးပဲ လုပ်စားနေကြတာပဲနော်၊ သူတို့ တစ်ပတ်ကို အနည်းဆုံးနှစ်ခါလောက်တော့ သူတို့အလုပ်သမားတွေကို နေ့လည်စာ အလကားကျွေးတယ်။ ငါတို့များတော့ကွာ…..။”

“Kodak ထဲမှာ ခွေးတွေတောင်ခေါ်ပြီး အလုပ်လာလို့ရတယ်။ ငါတို့ ဆီမှာတော့ ခွေးမပြောနဲ့ လူတောင် ဘယ်နားသွားနေရမှန်းမသိဘူး”

“Basketball ကွင်းတွေ၊ ခွေးခေါ်လို့ရတာလေးတွေ အတွက်တော့ စကားထဲ ထည့်ပြောမနေပါနဲ့၊ နိုက်ကီမှာဆိုရင် သူတို့အလုပ်သမားတွေအတွက် ဘောလုံးကွင်းတွေ၊ ရေကူးကန်တွေ၊ ကလေးထိန်းကျောင်းတွေတောင် တည်ထားပေးတာလေ”

“MDS က လူတွေကတော့ တက္ကသိုလ်တွေမှာ သင်တန်းတွေ အလကားတက်ခွင့်ရတယ်ပြောတယ်၊ စာအုပ်ဖိုးပဲ ကိုယ့်ဟာကိုယ် ပေးရတာဆိုလား၊ ငါတို့ကျ သင်တန်းလေးတစ်ခုတောင် အလကား မလွှတ်ဘူး၊ ခရစ်စမတ်ဘိုးနပ်စ်က ဘယ်လောက်လဲရတာ၊ ငါးဆယ်.. လူရယ်စရာလေး”

“Xenon Canada မှာ မိခင်တွေကလေးမွေးပြီးရင် လစာပြည့်နဲ့ တစ်နှစ်အိမ်မှာနေလို့ရတယ်တဲ့”

စတဲ့ အပြန်အလှန်အားကျသံတွေကို သူကြားရတတ်သည်။

♫ ♥●••·˙ ˙·••●♥♫

တစ်ခါတစ်လေတော့လဲ ကော်ပိုရိတ်လောကရဲ့ ညစ်ပတ်မှုတွေ၊ ကလိန်ကျမှုတွေ၊ ကလားဖန်ထိုးမှုတွေကို ချယ်ရီပင်တန်းအောက်က ခုံတန်းတွေဆီက ကြားရတတ်သည်။ တစ်ခါတစ်လေတော့လည်း အချစ်ရေးဆွေးနွေးပွဲတွေ၊ အိမ်ထောင်ရေး ရင်ဖွင့်သံတွေ၊ သားရေးသမီးရေး ဆွေးနွေးသံတွေလည်း ကြားရတတ်သည်။ တစ်ခါတစ်လေတော့လည်း ဒဿနဆွေးနွေးပွဲလေးတွေကို သူနားစွင့်မိသည်။

ဘ၀ဆိုတာ ငှက်ပျောသီးတစ်လုံးနဲ့တူတယ်။ အစပိုင်းတော့ စိမ်းစိမ်းမာမာလေး၊ အသက်ကြီးလာတာနဲ့အမျှ ပျော့တွဲပြီးဖြစ်လာလိုက်တာ။ အချို့တွေကလည်း အခိုင်ကြီးတစ်ခိုင်ထဲက ငှက်ပျောသီးတစ်လုံးဖြစ်ချင်တယ်။ အချို့လူတွေကျတော့လည်း ထိပ်ဆုံးက ငှက်ပျောသီးဖြစ်ချင်တယ်။ တစ်ကယ့်အနှစ်ကိုလိုချင်ရင်တော့ အခွံတွေကိုတစ်စစီ ခွာချလိုက်ရသလိုမျိုး။”

“ငါကတော့ ဘ၀ဆိုတာ ဟင်းချက်သလိုပဲလို့ ထင်တယ်။ ဟင်းတစ်အိုးထဲကို ကိုယ်ထည့်တဲ့ အပေါ့၊ အငန်၊ အချို၊ အချဉ် အရသာပေါ်မှာ မူတည်ပြီး ကွဲသွားတော့တာပဲလေ။ တစ်ခါတစ်လေတော့လည်း သူ့နည်းအတိုင်းချက်ကြသလို၊ တစ်ခါတစ်လေတော့လည်း အဆန်းထွင်ပြီး ချက်ပြုတ်တတ်ကြတယ်။”

ဘ၀ဆိုတာ တစ်ကယ်တော့ ၀င်္ကပါ တစ်ခုပဲ။ ထွက်ပေါက်ကို ရှောင်ပြီး လမ်းလျှောက်နေကြရတာလေ။”

“ငါတော့ ဘ၀ဆိုတာကို ဓတ်လှေကားနဲ့တူတယ်လို့ထင်တယ်။ အပေါ်တက်လိုက်၊ အောက်ပြန်ဆင်းလိုက်၊ တစ်ခါ အပေါ်တက်လိုက်.. ဟော ပြန်ဆင်းလိုက်နဲ့။ တစ်ယောက်ယောက်ရဲ့ အဆက်မပြတ် ခလုပ်နှိပ်ခံရခြင်းကိုလည်း ခံရသေးတယ်”

“ငါ့အတွက်တော့ ဘ၀ဆိုတာ ရူးပေါက်ချင်လွန်းလို့ လမ်းပေါ်က မီးသတ်ပိုက်ခေါင်းတွေကို အဆက်မပြတ်ရှာဖွေနေရတဲ့ ခွေးတစ်ကောင်ပဲ”

“အင်း.. မင်းကတော့ ဖောက်ပြီ”

“ငါကတော့ အသက်ကကြီးလာပြီဆိုတော့ ဘ၀ကို အသက်ကြီးလာလေလေ တံခါးချပ်တွေ တစ်ခုပြီးတစ်ခု ပိတ်ပိတ်သွားတဲ့ အခန်းကျယ်ကြီးတစ်ခုလို့ မြင်လာနေတယ်”

ထိုစကားပွဲတွေထဲမှ၊ ဆွေးနွေးပွဲတွေထဲမှ လူများကတော့ ပတ်ဝန်းကျင်မှ မြေတွေတူးဆွနေတတ်သည့် သူ့ကို အရေးတယူလုပ်လေ့မရှိ။

♫ ♥●••·˙ ˙·••●♥♫

သည်လို စကားဝိုင်းတွေထဲမှာ မပါဘဲ တစ်ယောက်တည်းနေ့လည်စာထိုင်စားတတ်သော Electronic Arts မှ လူငယ်လေးတစ်ဦးကိုလည်း သူ သတိထားမိသည်။ ထိုလူငယ်လေးက မိမိကိုယ်ကို ရှိသင့်တာထက်ပိုပြီး ယုံကြည်မှုတွေမြင့်နေသည့် မျက်နှာမျိုးဖြင့် ချယ်ရီပင်တန်းအောက်က ခုံတန်းလျားမှာ ထိုင်ကာ စာဖတ်တတ်သည်။ နွေနေ့လည်ခင်းတစ်ခုမှာ သစ်ရွက်တွေကို လေမှုတ်စက်ဖြင့်မှုတ်ထုတ်နေသည်ကို ၀တ်ထားသောအကျီ င်္အကောင်းစား မှာ ကပ်သွားတော့မည့် ပုံစံမျိုးဖြင့်၊ သူ့ကို မနှစ်မြို့စွာကြည့်ပြီး ထွက်သွားသည်ကို ငေးကြည့်နေခဲ့ဖူးသည်။

ပြောင်လက်တောက်ပနေတဲ့ ရူးဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေ၊ ကုတ်အနက်တွေ၊ ကုတ်အပြာတွေရဲ့ ဘ၀တွေကို သူစိတ်ဝင်တစား လေ့လာကြည့်မိသည်။ အချို့တွေကတော့ အလုပ်စ၀င်ကာစမှာ မတောက်ပကြသေး။ ဆင်းရဲသည့်ပုံစံတွေတောင် ထွက်နေကြသေးသည်။ ကျောင်းပြီးကာစမို့ ဘဏ်တိုက်ကို အကြွေးတွေ သောင်းနှင့်ချီ ဆပ်စရာကျန်နေသည့် လူငယ်လေးများ၊ တစ်သက်လုံးအလုပ်မလုပ်ဘဲ အိမ်မှာကလေးတွေထိန်းကျောင်းပြီးမှ၊ ကျောင်းပြန်တက်ကာ အလုပ်ကောင်းတစ်ခု ရှာဖွေတွေ့ရှိသွားသည့် အမျိုးသမီးများကလည်း သည်လိုအလုပ်တွေရပြီးနောက်ပိုင်း သိသိသာသာ ပြောင်လက်တောက်ပလာသည်ကို သူသတိထားမိသည်။ နေ့ချင်းညချင်း ကားအကောင်းစားတွေကို ၀ယ်စီးလိုက်ကြသည့် သူများကိုလည်း သူ သတိထားမိသည်။ အထူးသဖြင့် လူငယ်လေးတွေက သည်လိုအလုပ်တွေကို အားကိုးကာ၊ ကားအကောင်းစားကြီးများဝယ်ချလိုက်ပြီး အရင်းရှင်စနစ်အောက်မှာ တိုးတိုးတိတ်တိတ်ကျွန်ဖြစ်သွားရသည်ကို သူကြည့်နေမိသည်။ အားလုံးကိုယ့်ဘ၀ကို ကိုယ်ကျောင်းကြရသည်ပဲဟု ဖြေတွေးရင်း မြေကြီးတွေကို သူဆက်လက်တူးဆွနေမိသည်။

တစ်ခါတုန်းကတော့ ခုံတန်းတစ်ခုပေါ်မှာ အနားဖြေနေစဉ် Electronic Arts မှ ထိုလူငယ်လေးက နေရာလွတ်မရှိတော့၍ သူမြေတူးနေသော နေရာနားကခုံတန်းမှာ လာထိုင်သည်။ အသားညှပ်မုန့်ကို စားရင်း စာအုပ်တစ်အုပ်ကို ဟန်ပါပါထုတ်ဖတ်နေသည့် လူငယ်လေး၏ စာအုပ်ထဲက စာရွက်တစ်ရွက် လေနှင့်အတူ လွင့်လာ၍ သူဖမ်းပေးလိုက်သည်မှ အစပြုကာ စကားစမည် အနည်းငယ်ပြောဖြစ်ခဲ့သည်။

သည်မြို့က ထိပ်တန်းယူနီဗာစတီမှ သိပ္ပံဘွဲ့နှင့်ကျောင်းပြီးထားကြောင်း၊ သူလုပ်နေသည့်အလုပ်က မည်မျှလေးနက်ကြောင်း၊ အင်တာဗြူးအဆင့်ဆင့်ကျော်ဖြတ်အောင်မြင်ပြီးနောက်၊ တက်နော်လော်ဂျီကို မည်သူ့ကိုမျှ မမျှဝေရန် စာချုပ်တွေ အထပ်ထပ်ချုပ်ဆိုပြီးမှ သည်လိုအလုပ်ထဲကို ၀င်နိုင်ကြောင်း၊ ကုမ္ပဏီက လစာအပြင် benefits တွေ မည်သို့မည်ပုံကောင်းကြောင်း၊ လုပ်ငန်းသဘာဝက အလွန်မြင့်မားကြောင်း၊ စသည်တို့ကို စိတ်အားထက်သန်စွာနှင့် ပြောနေသည်ကို သူငေးမော နားထောင်နေခဲ့သည်။ ဒီလိုနှင့် ဒီလူငယ်လေးနှင့် သူ နေ့လည်ခင်းတွေမှာ မကြာခဏ စကားစမြည်ပြောဖြစ်လာသည်။ စကားပြောတိုင်းလည်း သူကနားထောင်သူ၊ လူငယ်လေးက သူ့ကို သင်ပြပေးနေသူ။ တစ်ခါတစ်ရံ လူငယ်လေး၏ လေသံတွေက ပန်းစိုက်သူတစ်ဦးမို့ အထင်သေးသည့်လေသံများနှင့် သူ့အပေါ်မှာ အထက်စီးက ဖြစ်နေတတ်ပေမယ့်လည်း သူ နားလည်ပေးရင်း တိတ်ဆိတ်စွာနားထောင်ပေးတတ်သည်။

♫ ♥●••·˙˙·••●♥♫

ဒီနေ့တော့ အမြဲတက်ကြွနေသည့် ထိုလူငယ်လေး ခုံတန်းမှာ မှိုင်နေသည်။ မိုးသက်လေနုအေးက တသုန်သုန်တိုက်ခတ်လာနေသဖြင့် ပန်းစိုက်သူက သူ၏ဦးထုပ်ကို ကျနစွာ ဆောင်းထားလိုက်သည်။

“နောက်နေ့တွေ ကျွန်တော်လာတော့မှာ မဟုတ်ဘူး”

“Electronic Arts က လူ၁၅၀၀ ဖြုတ်လိုက်သည့်အထဲမှာ မင်းပါသွားတာလား”

“ဟုတ်တယ်… ”

“လုပ်သားစွမ်းရည် ၁၆% လျော့ချလိုက်တာပဲ”

“ဇန်န၀ါရီတုန်းက လုပ်သားစွမ်းရည် ၁၁%နှုန်းလျော့ချတဲ့အနေနဲ့ လူ ၁၁၀၀ ဖြုတ်ပြီးပြီ။ အခု ဒီမြို့ကလူတွေ အကုန်နီးပါးဖြုတ်ချလိုက်ပြီ။ ဗွီဒီယိုဂိမ်း စနစ်ကနေ ဒစ်ဂျစ်တယ်ဂိမ်း စနစ်ကို ပြောင်းလိုက်လို့”

“မင်းတို့ EA ရဲ့ ပစ္စည်းရောင်းရမှုက ဒီနှစ် ၁၃ရာခိုင်နှုန်းလျော့သွားတယ်။ ကမ္ဘာ့စီးပွားရေးကျတာလည်းပါတယ်။ EA က Fackbook MySpace iPhone တွေရဲ့ ဂိမ်းတွေကို ကိုင်တွယ်တဲ့ Playfish ltd. ကို အနည်းဆုံး ဒေါ်လာသန်းပေါင်း ၂၇၅သန်း နဲ့ဝယ်လိုက်တာလည်းပါတယ်။ ဒစ်ဂျယ်တယ်လ် စနစ်ဘက်မှာ အမြတ်များတော့ အဲဒီဘက်မှာ ပိုပြီးရင်းနှီးမြုပ်နှံဖို့လဲ ဂျွန် က ဆုံးဖြတ်လိုက်တာလဲပါမှာပါ”

သူ့စကားအဆုံးမှာ လူငယ်လေးက အံ့သြသလို မော့ကြည့်နေသည်။ သူလို ပန်းစိုက်သမားတစ်ယောက်ဆီက ဒီလိုစကားတွေက အဆန်းတကျယ်များဖြစ်နေလို့လား။ အထူးသဖြင့် သူတို့ ကုမ္ပဏီရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ John Riccitiello ကို ဂျွန်ဟု ရင်းရင်းနှီးနှီးခေါ်လိုက်ခြင်းကို အံ့သြလို့လား၊ မနှစ်သက်လို့လား။

“ခင်ဗျားက တော်တော်သိတာပဲ”

“……..”

“ကျွန်တော် လောလောဆယ်တော့ ဘာဆက်လုပ်ရဦးမလဲ မသိသေးဘူး။ ကားကြွေးတွေကလည်း ရှိသေးတယ်”

” စိတ်မပျက်ပါနဲ့ကွာ.. ငါတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပဲလေ။ တံခါးချပ်တစ်ခုပိတ်သွားတာဟာ နောက်တစ်ချပ်ပွင့်လာဖို့ ဖြစ်တယ်ဆိုတာ မင်းမှတ်ထားလိုက်ပါ”

“ခင်ဗျားက ပန်းစိုက်သူပေမယ့် တော်တော်သိနေတာ ဘာကြောင့်လဲ။ နောက်ပြီး John Riccitiello ကို ရင်းရင်းနှီးနှီးခေါ်လိုက်တာ…..”

“သြော်.. ငါနဲ့ကျောင်းတုန်းက သူငယ်ချင်းပါ”

“ဟင်…”

“ဂျွန်နဲ့ငါနဲ့က ကျောင်းနေဘက်လို့ ပြောတာပါ။ ငါက ဒီကုမ္ပဏီက ပန်းစိုက်သူတစ်ဦးဖြစ်သလို၊ ဒီကုမ္ပဏီရဲ့ အစုရှယ်ရာဝင် တစ်ယောက်ဆိုလည်း မှန်ပါတယ်”

“ဗျာ….”

“ပန်းတွေစိုက်တာ ၀ါသနာပါလို့ ငါကိုယ်တိုင် မြေ၀င်တူးနေတယ်ဆိုပါတော့ကွာ၊ ငါတို့ ငယ်ငယ်ကလည်း ဘ၀ကို ဒီလိုပဲ စခဲ့ရတာပဲလေ။ ငါတို့ကျောင်းပြီးကာစတုန်းကလည်း ငါတို့သာလျှင် အတတ်ဆုံး အသိဆုံးသွေးသစ်တွေဆိုတဲ့ အသိတွေ ရှိခဲ့ဖူးတာပဲ။ ကော်ပိုရိတ်ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အစွမ်းအစတွေရှိတယ်လို့လည်း ကိုယ့်ကိုကိုယ်ထင်ခဲ့တာပဲ။ တစ်ကယ်တော့ အလုပ်ဆိုတာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလေးပါ။ ဘ၀ကြီးတစ်ခုလုံး မဟုတ်ဘူးဆိုတာ မင်းလည်းသိတာပဲ။ မင်းမနက်ဖြန်ကစပြီး EA ကို လာစရာ မလိုတော့ပေမယ့်လည်း မင်းမှာအခွင့်အလမ်းတွေ အများကြီးပေါ်လာဦးမှာပါ”

“……”

“မင်းကံကောင်းပါစေ”

ပန်းစိုက်သူက သူ၏ မိုးကာဖျင်ကြီးကို ဆွဲယူကာ ခုံတန်းမှာ ခြေလှမ်းကျဲများဖြင့်ထွက်ခွာသွားသည်။

လူငယ်လေးက ပန်းစိုက်သူကို ငေးမောရင်း ကျန်ခဲ့ပါတော့သည်။

hut1.png

 

ဖြစ်ရပ်မှန်များကို ၀တ္ထုတစ်ခုအဖြစ် ဖန်တီးထားခြင်းသာ…

20 Comments »

  1. အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ လှည့်ပြောင်းထားတဲ့ သိုဝှက်မှုတွေနဲ့ ဥယျာဉ်တစ်ခုကို လူတွေ ကိုယ်စီ စိုက်ပျိုးနေကြတယ်လို့ ထင်တယ်နော်……။

    Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — November 11, 2009 @ 1:49 pm

  2. ညကျမှလာဖတ်မယ်ဗျာ…
    စိတ်ကတော့ ဒီစာဆီပဲရောက်နေတော့မှာ…။
    အလုပ်သွားရဦးမယ်ဗျိုးးးးး

    Comment by ဏီလင်းညို — November 11, 2009 @ 3:59 pm

  3. လူ့ဘ၀ဆိုတာ ထူးဆန်းတဲ့ အလှည့်အပြောင်းတွေနဲ့ မမြင်နိုင်တဲ့ အရာတွေ များတယ်နော် ….
    “တစ်ကယ်တော့ အလုပ်ဆိုတာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလေးပါ။ ဘ၀ကြီးတစ်ခုလုံး မဟုတ်ဘူးဆိုတာ”
    မလေးရဲ့ စီစကားလေးကို မှတ်သားသွားပါတယ်။ ဘ၀ထဲက အစိတ်အပိုင်းလေး အဖြစ် ထားတတ်အောင် ကြိုးစားယူပါ့မယ်။

    ခင်မင်လေးစားလျှက်

    Comment by ဒဏ္ဍာရီ — November 11, 2009 @ 7:11 pm

  4. မမအိမ့်ရေ…
    စာကောင်းလေး ဖတ်လိုက်ရတာ အရသာရှိလိုက်တာ မမအိမ့်ရေ… အဲလိုဇာတ်လမ်းမျိုးလေးတွေများများရေးပါနော်
    စိတ်ခွန်အားတွေပြည့်ဝစေတယ် …. မထင်မှတ်ထားပဲ သိလိုက်ရတဲ့အခါ အံသြသွားရတဲ့ အဲဒီ့ခံစားမှုလေးကို နှင်းက သဘောကျတယ်
    အတုယူလေးစားထိုက်တယ် … ဗဟုသုတလည်းရပါတယ် …။
    ချစ်ခင်လေးစားလျှက်ပါ
    ညလေး နှင်း

    Comment by နှင်းဟေမာ — November 11, 2009 @ 9:58 pm

  5. အခုထိတော့ အလုပ်နဲ့ ဘဝနဲ့ ရုန်းကန်နေရဆဲပါပဲ အမရေ
    ဒီစာကို ဖတ်ပြီးသဘောကျမိပါရဲ့ 

    Comment by Hmwe — November 12, 2009 @ 12:47 am

  6. “မာယာကြွယ်တဲ့ လောကထဲ…ကျွန်တော် လမ်းပျောက်နေခဲ့ ” ဖတ်လို့တော့ကောင်းပါတယ်…
    ကျွန်တော်ကတော့ အံ့သြနေတဲ့ လူငယ်လေးကိုပဲ ရယ်ချင်တယ်… ဒီလောက်လူအကဲခေတ်ညံ့ဖျင်း
    လှချည်လားဆိုပြီး အပြစ်တင်ချင်နေတယ်…ခုဘာခေတ်ကြီးလဲ ဆိုပြီးပဲ မေးချင်နေတယ်…မင်းက
    လူတွေအကြောင်း ဘာမှမသိလို့ အံ့သြနေတာလား ဆိုပြီးပဲ နရင်းအုပ်ချင်တယ်…

    Comment by NLA — November 12, 2009 @ 5:09 am

  7. လှလိုက်တာ အိမ့်ရယ်…
    တပုဒ်လုံး မရိပ်မိခဲ့ဘူး… ဘယ်လိုများ ဖန်တီးလိုက်ပါလိမ့်…
    ပန်းစိုက်သူရဲ့ ပြတ်သားတဲ့ ဘ၀ရွေူးချယ်မှုကို နှစ်သက်မိပါရဲ့… ကိုယ်ကိုယ်တိုင်ရော ဘယ်တော့ ပန်းပင်လေးတွေချည်းသက်သက် စိုက်ပျိုးနိုင်မယ့် ငြိမ်းချမ်းတဲ့ဘ၀တခု ရနိုင်မလဲလို့  တွေးနေမိတယ်…

    Comment by တန်ခူး — November 12, 2009 @ 5:47 am

  8. မပြည့်တဲ့…. အိုးတွေဟာ…ဘောင်ဘင်ခတ်တတ်တဲ့သဘော…။
    လူထဲက လူတွေကို ကိုယ်နဲ့နှိုင်းပြီး… အထင်မကြီးစေဖို့… နောက်… အထင်မသေးစေဖို့ ဆိုတဲ့ သဘောလေးတွေကို မြင်လိုက်မိရသလိုပါပဲဗျာ…။
    “တံခါးချပ်တစ်ခုပိတ်သွားတာဟာ နောက်တစ်ချပ်ပွင့်လာဖို့ ဖြစ်တယ်ဆိုတာ မင်းမှတ်ထားလိုက်ပါ” … အဲ့ဒီစကားလေးကို ကြိုက်တယ်ဗျ…။
    (အပြေးလာပြီးဖတ်တာ…။)

    Comment by ဏီလင်းညို — November 12, 2009 @ 6:53 am

  9. ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … နားမလည်ဘူး.. ဒဲ့ရေးပါ :P
    ဏီလင်းညို … ဖြေးဖြေးလမ်းလျှောက်ပြီးမှ ဖတ်လဲရပါတယ်ကွယ်..
    ဒဏ္ဍာရီ .. မလေးလဲ ကြိုးစားနေပါတယ်..
    နှင်းဟေမာ… ကျေးဇူး ညလေးနှင်းရေ..
    Hmwe.. အစ်မလည်း ရုန်းကန်နေဆဲပါ..
    NLA … အဲဒါလေ..NLA နရင်းအုပ်ရင် လက်တောင်ညောင်းနိုင်တယ်.. အဲဒီနားကလူတွေ တော်၂များ၂ အဲဒီပန်းစိုက်သူ ဘယ်သူဆိုတာ မသိကြဘူး။ အဲဒီလူကြီးက တစ်ပတ်သုံးရက်လောက်လာလာပြီး ပန်းတွေ။မြေတွေ တူးဆွ၊ သူဘယ်သူမှန်း တော်ရုံလူတွေက မသိကြ။
    တန်ခူး … မ..ရေ.. မလေးတော့ ပန်းမစိုက်ချင်တော့ဘူးး(( မလေးရဲ့ ပန်းတွေလည်း ဒီနှစ်တော်တော်သေကုန်ပြီ

    Comment by မလေး — November 13, 2009 @ 12:51 am

  10. လာဖတ်သွားတယ်မရေ… နေမကောင်းလို့ အခုမှ ကျန်တဲ့ ပိုစ့်နှစ်ခုလာဖတ်ရတာ..
    ခံစားမှုတစ်ခုဆီတော့ရသွားတယ်..

    Comment by ကူးကူး — November 13, 2009 @ 5:23 am

  11. တိုင်ဆိုင်တယ် ..မလေးရဲ့စာကို ဖတ်နေတုံး မလေးကို ဖတ်ကနဲတွေ့လိုက်တယ်
    မလေးကတော့ သတိထားမိမယ် မထင်ပါ ..

    Comment by aye — November 13, 2009 @ 10:16 am

  12. တစ်ခုဆုံးတော့လဲ… နောက်ထပ်လုပ်စရာတွေကအများကြီးပေါ်လာမှာပါလေ…။ ကျွန်တော်လဲ ကွန်ပျူတာပျက်တော့ တစ်ခြားအလုပ်စရာတွေအတွက် အချိန်ပိုတွေက အများကြီးထွက်လာတာ..။ ပြန်တော့မရသေးဘူး ခုတောင် သူတို့ခဏပေးထားတာနဲ့သုံးနေတာ..။ အစ်မတက်ဂ်ထားတာလေး ရေးပြီးပြီနော်..။

    Comment by Evergreen Phyo — November 13, 2009 @ 11:30 am

  13. ကူးကူး.. နေကောင်းသွားပြီလား
    အေး… ဟုတ်လား.. မလေး အီးမေးလ် လာချက်တား))
    Evergreen Phyo .. ပျောက်လှချည်လားဖြိုးရေ… အစ်မလာဖတ်မယ်.. လုံးဝတော့ ပျောက်မသွားပါနဲ့

    Comment by မလေး — November 13, 2009 @ 11:39 am

  14. ဘယ်လိုမှစိတ်မရှိပါနဲ့…ကျွန်တော်မှန်ရှေ့ရောက်ရင် ရွတ်မိတဲ့စကားတွေ ရေးထားခြင်းသာ ဖြစ်ပါတယ်…း)

    Comment by NLA — November 14, 2009 @ 3:34 am

  15. မအိမ့်ချမ်းမြေ့ရေ

    စာလေးက ပေးချင်တယ်လို့ ထင်တဲ့ message ကို ယူသွားပါတယ်ခင်ဗျာ အလုပ်က ဘဝတစ်ခုလုံး မဟုတ်ပါဘူးဆိုတာ ကျွန်တော်လည်း ယုံတယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    Comment by ThihaTHit — November 14, 2009 @ 10:14 am

  16. EA က playfish ကို ဝယ်ပြီး သူ့မှာရှိတဲ့လူတွေကိုတော့ ဖြုတ်လိုက်တယ်လား..
    လူတွေကို နားလည်အောင် ကြည့်တတ်ဖို့ တော်တော်မလွယ်တာပဲနော်..

    Comment by ShwunMi — November 15, 2009 @ 7:08 am

  17. “ငါ့အတွက်တော့ ဘ၀ဆိုတာ ရူးပေါက်ချင်လွန်းလို့ လမ်းပေါ်က မီးသတ်ပိုက်ခေါင်းတွေကို အဆက်မပြတ်ရှာဖွေနေရတဲ့ ခွေးတစ်ကောင်ပဲ”

    ဒီမီးသတ်ပိုက်ခေါင်းကလည်း ဘယ်ပျောက်နေပါလိမ့်း)

    Comment by ဒီဝိုင်း — November 17, 2009 @ 7:07 pm

  18.ွှမရေ..
    မရဲ့စာဖတ်ပရိတ်သတ်ဖြစ်နေတာကြာပါပြီ..
    တိတ်တခိုးချစ်ရသူဆိုပါတော့ မရယ်..း)
    အရောင်စုံခံစားချက်လေးတွေပေးတဲ့ မရဲ့အရေးအသားလေးတွေကြောင့်ပါ..
    မဆီကိုတိတ်တိတ်လေး စာရှည်ရှည်ရေးပါဦးမယ်နော်.. :D

    လေးစားချစ်ခင်တဲ့
    ပန်းချီး))

    Comment by ပန်းချီး) — November 17, 2009 @ 11:10 pm

  19. Nice post, ma. I really enjoy reading your posts. :)

    Comment by Nan Thandar — December 1, 2009 @ 9:37 pm

  20. လှေကားထစ်တွေ အများကြီးမြင်နေရတယ်။ ဆက်ပြီးတက်ရဦးမယ်။ ကိုယ်လိုချင်တဲ့အရာကကော တကယ်ရှိပါ့မလားပဲ။ ကျနော်လည်းစာရေးပျင်းနေတယ်။ စာတစ်ပုဒ်ကို ဆယ်ရက်လောက်နဲ့ မပြီးဘူးဖြစ်နေတယ်။ ရေးဦးမှပါ။

    Comment by zwesoelwin — December 8, 2009 @ 2:17 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....