♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 1, 2009

ဝါသနာ

Filed under: tag game — အိမ့်ချမ်းမြေ့ @ 11:07 pm

ဝါသနာ….ဆိုတာ အားလပ်တဲ့အချိန်မှာလုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်အပန်းပြေစေတဲ့ အလုပ်တစ်ခုတဲ့။

ကျမအတွက်တော့ ၀ါသနာဆိုတာ မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားတယ်။

ကျမ ငယ်ငယ်က ကိုယ်လက်လှုပ်ရှား အားကစား သိပ်ဝါသနာပါတယ်။ ကြက်တောင်ရိုက်တာ၊ တောင်တက်တာ၊ ဘောလုံးကန်တာတွေကို သိပ်ဝါသနာပါခဲ့တယ်။ ကျမတို့ ခေတ်တုန်းက မိန်းကလေးတွေ ဘောလုံးကန်တာ၊ တောင်တက်တာတွေဟာ ဗိုင်းကောင်းကျောက်ဖိ ယဉ်ကျေးမှုတစ်ခုနဲ့ ဘယ်လိုမှ မသင့်တော်ခဲ့ဘူးလို့ ဆိုရမယ်ပေါ့နော်။ နောက်ပြီး အိုးပုတ်နဲ့ ကစားရတာ၊ စာအုပ်တစ်အုပ်အုပ်ယူပြီး သစ်ပင်ပေါ်တက် စာဖတ်နေရတာ၊ ဂစ်တာတီးရတာ သိပ်ဝါသနာပါခဲ့တယ်။ အဆိုးဆုံးကတော့ ကရာတေးကစားတဲ့ ၀ါသနာပါပဲ။ ၀ါသနာသာပါတာပါ၊ တစ်ခါမှ မကစားလိုက်ရပါဘူး။ ရှစ်တန်းလောက်တုန်းက အပေါင်းအသင်းတွေထဲမှာ ဂျုဒို၊ကရာတေး ခေတ်ထလိုက်သေးတယ်။ သိတဲ့အတိုင်းပဲ ဂျူဒို၊ကရာတေး တတ်တဲ့လူတွေဟာ သင်တန်းလေးစတက်ပြီဆိုတာနဲ့ လမ်းလျှောက်တာကိုက မြောက်ကြွမြောက်ကြွနဲ့ ကားပြီးလျှောက်တတ်ကြတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့တွေ ဘယ်လိုပဲကားနေကားနေ၊ ခါးပတ်နက်လောက်အထိ ကစားချင်တဲ့စိတ်တွေက ချိုးနှိမ်လို့မရဘူး။ အကိုတွေကတော့ပြောတယ် “မိန်းကလေးဖြစ်ပြီး ပခုံးကြီးကားပြီး အပေါ်ပိုင်းကြီး ကြီးချင်နေလား” တဲ့။ ကြီးချင်ကြီး၊ ကားချင်ကား ကိုယ်ကတော့ ကစားချင်တာပဲသိတယ်။ ဖြစ်ချင်တော့ အပေါင်းသင်းထဲက ခါးပတ်အညိုအဆင့် မိန်းကလေးတစ်ယောက်က လမ်းလျှောက်ရင် ယောင်္ကျားကြီးလို ကားပြီး မြောက်ကြွမြောက်ကြွဖြစ်နေရာကနေ၊ ရုတ်တရက် အရမ်းသိမ်မွေ့နူးညံ့ပြီး အရမ်းမိန်းကလေးဆန်သွားတယ်။ လမ်းလျှောက်ရင်လဲ ဆင်မယဉ်သာခြေလှမ်းကလေးနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်နေတော့ ညီအစ်မတတွေ “ဟဲ့… သူ..ဘယ်လိုဖြစ်သွားရတာလဲ” လို့ တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်မေးနေရင်းကနေ သိလိုက်ရတာက …. သူ ရည်းစားရသွားလို့တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျမကတော့ အိမ်နောက်ဘက်မြေကွက်လပ်မှာ ကရာတေး အတော်အသင့်တတ်တဲ့ သူငယ်ချင်းမိန်းကလေးတွေဆီကနေ ဖေဖေ မသိအောင် ခိုးပြီးသင်ခဲ့ဖူးတယ်။

ဝါသနာဟာ ဖိနှိပ်မှုအောက်မှာ မှေးမှိန်ပျက်သုန်းသွားတတ်ကြတယ်။

ခုနကပြောသလို ကရာတေးကစားတာ ၀ါသနာပါခဲ့တဲ့ကျမ၊ လိဒ်ဂစ်တာကို ပရိုဖက်ရှင်နယ်တစ်ယောက်လို ကျွမ်းကျင်စွာ တီးတတ်ချင်ခဲ့တဲ့ ကျမဟာ၊ အလွန်ပျင်းစရာကောင်းတဲ့ နွေနေ့လည်ခင်းတွေမှာ စန္ဒယားခုံပေါ်မှာ မှောက်ပြီးအိပ်ပျော်ခဲ့ဖူးတယ်။ ကောင်းစေချင်တဲ့ စေတနာနဲ့ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ မိဘတွေကို နားလည်ပေမယ့် အခုချိန်ထိ piano notes မည်းမည်းကြီးတွေဟာ ကျမကို ခြောက်လှန့်နေဆဲပဲ။ ဒီလိုနဲ့ notes မဖတ်တတ်ဘဲနဲ့ နားနဲ့ပဲတီးတတ်လာတယ်။ တစ်ခါတစ်ရံတော့ နောင်တရမိပါတယ်။ မိဘတွေစကားနားထောင်ပြီး စန္ဒယားကို တတ်အောင်သင်ခဲ့ရင်… ဆိုပြီး။

ဝါသနာတစ်ခုဟာ ပတ်ဝန်းကျင်ရဲ့ လှုံဆော်မှုအောက်မှာ အရောင်တောက်လာတတ်တယ်။

သနပ်ခါးလိမ်းရမှာ အလွန်ပျင်းခဲ့တဲ့ ကျမ၊ လက်သည်းရှည်ထားပြီး ဆေးဆိုးရတာကို ရွံစရာလို့ထင်ခဲ့တဲ့ကျမ၊ ထမီအရှည်ကြီးကို ဘိုသီဘတ်သီဝတ်တတ်တဲ့ကျမ၊ ဂစ်တာတီးပြီး ကရာတေးကစားတဲ့ ဆံတိုဂုတ်ဝဲသူငယ်ချင်းမတွေနဲ့ ဝေးသွားတဲ့ ဆယ်တန်းအောင်ပြီးနှစ်တွေမှာတော့ အလှပြင်ရတာကို ၀ါသနာပါလာတယ်။ ဆံပင်အရှည်ကြီးကို ထိုင်ဖီးနေတာ တစ်နာရီလောက်ကြာချင်ကြာတတ်တယ်။ “သမီးရယ်.. ပြင်နေတာမပြီးနိုင်ဘူး၊ ထွက်လာတော့လဲ ဒီပုံပဲ….” လို့ မေမေကအမြင်ကတ်ကတ်နဲ့ပြောလည်း တစ်အိမ်လုံးမှာရှိသမျှမှန်တွေ တစ်ချပ်မကျန် ကြည့်ပြီးမှ ကျောင်းကိုထွက်သွားတော့တာပါပဲ။ စကားမစပ် လူတွေတော်တော်များများက ထင်တတ်ကြတာ မိန်းမတွေဟာ ယောင်္ကျားတွေအတွက် အလှပြင်တာလို့ ဆိုတတ်ကြတယ်။ လုံးဝမဟုတ်ပါဘူး…….လို့ မငြင်းပါဘူး။ ဟုတ်သင့်သလောက်ဟုတ်ပါတယ်။ ဒါပေမယ့်လည်း မိန်းမတွေဟာ မိန်းမတွေအတွက်လည်း အလှပြင်တတ်ကြပါတယ်။ ကျမတို့ မိန်းမတွေ ဈေးသွားတယ်ဆိုရင် မိန်းမအချင်းချင်းပဲကြည့်တယ်။ သူနှုတ်ခမ်းနီလေးကို ဘယ်လိုအရောင်လေးဆိုးထားလဲ၊ ဆံပင်လေးကို ဘယ်လိုပြင်ထားလဲ၊ သူ့အကျီ င်္အဆင်လေးကလှတယ် စသဖြင့် တစ်ဦးနဲ့တစ်ဦးလဲ ကြိတ်ပြီးအသိအမှတ်ပြုတဲ့သဘောပေါ့နော်။ နောက်ပြီး မိမိစိတ်ပေါ့ပါးရွှင်လန်းဖို့အတွက်လည်း အလှပြင်တတ်ကြပါတယ်။ ညစ်ပတ်နံစော်ပြီး ဘယ်သူမှ အိမ်ပြင်မထွက်ချင်ကြပါဘူး။ လှလှပပလေး အိမ်ပြင်ထွက်တာဟာ ဆန့်ကျင်ဘက်လိင်တွေအတွက်ချည်းပဲ အလှအပပြုပြင်ကြတာ မဟုတ်ပါဘူး။ (ငါ့နှယ်… ဆယ်တန်းအောင်တော့ ရည်းစားထားချင်လို့ အိမ့်ချမ်းမြေ့တစ်ယောက် အလှပြင်တာပါလို့ အထင်မခံနိုင်လို့ ဖြေရှင်းလိုက်ရတာနော်…..အဟွန်း).. တစ်ကယ်ပါ.. မိန်းမတွေအလှပြင်တာ မိန်းမအချင်းချင်းတွက်လည်းဖြစ်ပါတယ်။ ကျမအဆိုတင်သွင်းတာကို အမျိုးသမီးထုကြီးတစ်ခုလုံးက ထောက်ခံပါလိမ့်မယ်။ မယုံရင်စောင့်ကြည့်ကြပါ။

ဝါသနာဟာ အချိန်ကာလနဲ့ နေရာဒေသပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတတ်တယ်

ကျမ မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ၀ါသနာပါခဲ့ဖူးတယ်လို့ဆိုရမယ်။ အထူးသဖြင့် မိုးနွေးနွေးလေးတွေရွာတတ်တဲ့ ရန်ကုန်မိုးလို စင်္ကာပူမိုးလိုမှာ ထီးမပါဘဲ လမ်းလျှောက်ရတဲ့ နေ့တွေဟာ ကျမအတွက်တော့ အပန်းဖြေစရာလုပ်ရပ်တစ်ခု။ ဒီမှာတော့ ၀ါသနာပါလို့ရယ်၊ မိုးရွာထဲလမ်းလျှောက်ရတာ ကဗျာဆန်လို့ရယ် ဆိုပြီး လျှောက်လို့ကတော့ ပါးတစ်ခြမ်းရွဲ့ပြီး အိမ်ပြန်ရောက်လာမယ့်ကိန်းရှိတယ်။

နောက်တစ်ခုက အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ ကျမ ပန်းချီလေးတွေဆွဲရတာ ၀ါသနာပါတယ်။ စာရေး၊စာဖတ် ၀ါသနာပါတယ်။ ငယ်ငယ်လေးထဲက ၀ါသနာပါတယ်။ မွေးရာပါဗီဇလို့ဆိုလို့ရသလို၊ စာရေးကိရိယာတွေရယ်၊ စာစကားတွေရယ်နဲ့ လူတွေတစ်ဦးကိုတစ်ဦး ဆက်သွယ်တဲ့ ခေတ်မှာ ကျမ မွေးဖွားကြီးပြင်းလာလို့လဲ ဖြစ်နိုင်ပါတယ်။ စာရွက်၊ ခဲတံ၊ မှင်၊ ကွန်ပြူတာ စတဲ့ စာရေးကိရိယာတွေ မပေါ်ပေါက်သေးတဲ့၊ တစ်ဦးနဲ့တစ်ဦး စာနဲ့ဆက်သွယ်မှုမရှိသေးတဲ့ ကျောက်ခေတ်မှာ၊ စာဆိုတာ မပေါ်သေးတဲ့ခေတ်မှာ ကျမ မွေးဖွားကြီးပျင်းခဲ့မယ်ဆိုရင်တော့ စာရေး၊ စာဖတ်ကို ၀ါသနာပါတယ်လို့ ပြောလို့မရနိုင်ပါဘူး။
နောက်ပြီး ကျမငယ်ငယ်က လက်တွေမြေကြီးပေပြီး အလှပျက်မှာကြောက်ခဲ့ပေမယ့် အခုချိန်မှာတော့ ပန်းကလေးတွေကို ပြုစုပျိုးထောင်ရတာကို ၀ါသနာပါတယ်။ ကိုယ်နေတဲ့အိမ်ကလေးကို လှလှပပသန့်သန့်ရှင်းရှင်းလေး ဖြစ်နေတာ၊ ခြံထဲမှာ ပန်းကလေးတွေပွင့်ဖူးလှပနေတာကိုကြည့်ပြီး ကိုယ့်ရဲ့အတ္တတွေဟာ တဖြည်းဖြည်း ပါးပါးသွားသလိုခံစားရတယ် (ဒါဟာလည်း နောက်အတ္တတစ်မျိုးဖြစ်နိုင်ပါတယ်)

အသက်အရွယ်ပြောင်းလာတာနဲ့အမျှ၊ အချိန်ကာလတွေ။ နေရာဒေသတွေပြောင်းလာတာနဲ့အမျှ၊ ကျမရဲ့ ၀ါသနာတွေဟာ ပြောင်းလာတာကို သတိထားမိတယ်။ အိုးပုတ်တမ်းကနေ၊ ဗွီဒီယိုဂိမ်း၊ နောက် ဂီတ၊ အလှအပပြုပြင်မှု၊ အားကစား စသဖြင့် အချိန်တွေရွေ့လျောလာတာနဲ့အမျှ ၀ါသနာတွေဟာလဲ ပြောင်းပြောင်းသွားတယ်။ ကျမရဲ့ စာရေး၊စာဖတ် ၀ါသနာပါခြင်းကတော့ ဘယ်အချိန်အထိ ရှင်သန်နေမလဲဆိုတာ ကိုယ့်ဟာကိုယ်ပဲ စောင့်ကြည့်ရမယ်ထင်ပါတယ်။

မောင်မျိုးက ၀ါသနာလေးများရေးပေးပါဆိုလို့..

hut1.png

12 Comments »

  1. အစ်မ ၀ါသနာတွေက ထူးထူးဆန်းဆန်းလေးတွေနဲ့ စုံလို့ပါလား ရေးပေးတာ ကျေးဇူးဗျ .။ နေကော ကောင်ပြီးလား နာလန်ထကို တက်စ်ပို့စ်နဲ့ နှိပ်စက်သလိုဖြစ်နေပြီး ။ မိန်းခလေးတွေ ယောက်ျားလေးတွေ ကြည့်စေချင်လို့ အလှပြင်တာမဟုတ်ဘူးပေါ့ ကြာလှပြီး အဲ့လိုထင်နေတာ ခုတော့မဟုတ်ဘူးဆိုတာ သိတော့တယ် :P ။ အသက်ရွယ်နဲ့ ၀ါသနာတွေက တိုက်ရိုက် အချိုးချတတ်ပါတယ် ဖြစ်ချင်တာမဖြစ် မဖြစ်ချင်တာဖြစ်တော့ ဖြစ်လာတာကိုပဲ ၀ါသနာလို့ ခံယူလိုက်တာ အကောင်းဆုံးဝါသနာပါပဲ ။

    Comment by မောင်မျိုး — April 2, 2009 @ 12:08 am

  2. မလေးရေ- မိန်းမတွေ အလှပြင် အလှကြိုက်ရတဲ့ အကြောင်းရင်း ကို ကျမလဲ ..သဘောတူပါတယ်။း)
    ကိုယ့်ဖာသာကိုယ် အဆင်ပြေ သပ်ရပ်တာ ..ထင်နေ..မြင်နေရ ရင်..အလိုလို လုပ်ကိုင်ရည်မှာလည်း တက်လာတာပဲ။
    နောက်- မိန်းမချင်း စိတ်ဝင်စားတယ်ဆိုတာ လည်း တကယ်ပါပဲ။ မိန်းကလေးတွေ ကိုယ်က.. အသွေးစုံ အရောင်စုံ ပိုပီး စွဲဆောင်မူ ကောင်းနေတာလဲ ဖြစ်မယ်။

    ၀ါသနာက..အခြေအနေကို လိုက်ပြီး ပြောင်းလဲနေတာလဲ သဘောတူတယ်။
    နောက်တချက်- ၀ါသနာနဲ့ ၀မ်းရေး ကိုက်ညီ နီးစပ်ဖို့ ခက်ခဲ တတ်တာလဲ.. သတိရမိတယ်။
    ခင်မင်တဲ့- မကေ

    Comment by K — April 2, 2009 @ 1:01 am

  3. ရေးတာ ကောင်းတယ် မလေးရေ.. ဟုတ်တယ် ၀ါသနာဟာ အသက်အရွယ်ကို လိုက်ပြီး ပြောင်းလဲတတ်တယ်။ စာဖတ်တာ ၀ါသနာပါတာတော့ မပြောင်းမလဲမို့ ထားပါတော့။ ငယ်ငယ်တုန်းကဆို အားနေရင် အပြင်သွားချင်နေတာ.. ၀ါသနာပေါ့။ ခုဆို အားနေရင် အိမ်မှာပဲ စာအုပ် တစ်အုပ်နဲ့ နေချင်ပြန်ရော။ ငယ်ငယ်တုန်းကဆို ထမင်း ဟင်းချက်ရမှာ အိမ်ရှင်းရမှာ အင်မတန် ပျင်းတာ။ ခုဆို ဒါလေး လုပ်နေရတာကို ကြည်နူးတတ်လာပြီ။ အရင်တုန်းကဆို စာရေးရမှာ ဘာအိုင်ဒီယာမှ မထွက်ဘူး။ ဘကုန်းရွာ ရောက်ပြီး သကာလမှာတော့ စာတွေရေးရတာ ၀ါသနာ ပါလာပြန်တယ်။

    Comment by Pinkgold — April 2, 2009 @ 4:46 am

  4. မသီတာ ထောက်ခံပါတယ်။
    စိတ်မကြည်ချင်တဲ့နေ့ဆို ရေတောင်မချိုးဘူး။
    ဒီလိုကိုထောက်ခံပစ်တာနော် မလေး။
    မသီတာကို ညစ်ပတ်လိုက်တာလို့ ပြောချင် ပြောကြပါစေ။

    Comment by S-C — April 2, 2009 @ 5:22 am

  5. ကရာတေးမတတ်တာဘဲကောင်းပါတယ်.. အစ်မနဲ့ဆိုလိုက်မှာမဟုတ်ဘူးထင်တယ်။ စန္ဒယားတော့တီးတတ်ချင်တယ်ခု ငယ်ငယ်တုန်းကတော့ဘာမှမသိဘူး.. အိမ်မှာလာသင်ပေးတဲ့စန္ဒယားဆရာကြီးလာရင် မောင်နှမတွေချောင်ထဲမှာပုန်းနေကြတယ်..မသင်ချင်လို့..တတ်လည်းမတတ်ခဲ့ဘူး ။ အလှပြင်တဲ့အကြောင်းတော့ထောက်ခံတယ်.. ဘယ်လိုသိတာလဲဆိုတော့ သူငယ်ချင်းတွေနဲ့ မိန်းကလေးတွေအတင်းပြောနေတုန်းခိုးနားထောင်တာ…အဟား..။ အပင်စိုက်ရတာတော့ တော်တော်ဝါသနာပါပါတယ်..စိုက်ထားတဲ့အပင်တွေရှိရင်ပြပါအုံး..။

    Comment by Phyo Evergreen — April 2, 2009 @ 7:20 am

  6. မလေးရေ အလှပြင်တယ် ဆိုတာ ပြင်တတ်ရင် အနုပညာ တမျိုးပါပဲ။ အဲဒါကိုဆိုလိုချင်တာ များဖြစ်မလား မသိဘူး။ တချို့ ၀ါသနာတွေဟာ အားစိုက်ထုတ်မှု တခုလိုလာရင် ရေရှည်မခံတတ်ကြဘူး။ ၀ါသနာ အတိမ်အနက် ရှိတယ် ထင်ပါရဲ့။

    Comment by ပုံရိပ် — April 2, 2009 @ 6:33 pm

  7. Ma Lay,

    It’s so fun to read this post. Yeah…we all want to look good for so many reasons. I am with you on that.Yay!!! Even though I did not leave the comment so often, I always visit to your blog (that is almost everyday).

    Ps 103 1-5

    Ain Shin Ma

    Comment by lynda — April 3, 2009 @ 9:53 am

  8. မောင်မျိုး .. ၀ါသနာနဲ့ဝမ်းရေးကိုက်ရင် အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်… ဒါပေမယ့် အမကို လခမှန်မှန်ပေးမယ်.. ပိုစ်တစ်နေ့တစ်ပုဒ်ရေးဆိုရင်တော့ ရေးချင်ပါတော့မလားမသိဘူး။ အမ ဖလူုးမိနေတာ.. ဒီတခါ တော်၂ကြာတယ်း(
    မကေ… မကေပြောတာမှန်တယ်.. မလေးတို့ မိန်းမတွေဟာ အရောင်စုံသလို အကွေ့အကောက်လေးတွေနဲ့ ဒုတ်ချောင်းတွေမဟုတ်ဘူးဆိုတော့ ဆွဲဆောင်မှုပိုတာမှန်ဘဲ.. :P
    Pinkgold … ဘကုန်းရွာဆိုလို့ မလေး တော်တော်လေး စဉ်းစားလိုက်ရတယ်။ မလေးလဲ အရင်က ဈေးဝယ်ရတာ (အသားငါး၊ဟင်းရွက်) သိပ်စိတ်ညစ်တာ.. ခုတော့ အဲဒီပဲ သွားချင်နေတယ်
    S-C … အမလေး.. ကိုဧရာရေ.. မသီတာကို စိတ်ကြည်စေပါနော်.. လေထုညစ်ညမ်းမှု များနေမယ် :D
    Phyo Evergreen.. အမ အပင်တွေ ဒီမှာကြည့်မလားမောင်လေး.. ဒီနှစ်တော့ သိပ်ပြီး အားစိုက်နိုင်မယ်မထင်ဘူး။ ခုထိအေးတုန်း.. စိတ်အတော်ပျက်နေပြီ ကနေဒါကို
    ပုံရိပ် .. တချို့ ၀ါသနာတွေဟာ အားစိုက်ထုတ်မှု တခုလိုလာရင် ရေရှည်မခံတတ်ကြဘူး… ဆိုတာ မှန်တယ်.. ခုနေမလေးကို စာရေးဖို့ပိုက်ဆံပေးမယ်၊ မှန်မှန်ရေးဆို ဘယ်လိုမှ ရေးချင်တော့မှာ မဟုတ်ဘူး.. သေချာတယ်..
    Lynda .. မလေးဆီကို အမြဲလာတဲ့တွက်ကော.. ဆာလံကျမ်းချက်လေးတွက်ပါ ကျေးဇူးတင်ပါတယ်နော်.. ဟုတ်တယ် အဲဒါဆိုဖို့လိုနေတယ်.. အမြဲကွန့်မင့်မရေးနိုင်တာကိုလဲ မလေး နားလည်ပါတယ်.. မလေးလဲ တူတူပဲ.. ဘလောဂ်တွေရောက်ဖြစ်ပေမယ့် ကော့မန့်မှန်၂ မရေးနိုင်ဘူး

    Comment by မလေး — April 3, 2009 @ 12:20 pm

  9. မမအိမ့်ရဲ့ ၀ါသနာတွေကို စိတ်ဝင်တစား ဖတ်သွားပါတယ်း)“မိန်းမတွေအလှပြင်တာ မိန်းမအချင်းချင်းတွက်လည်းဖြစ်ပါတယ်။” ထောက်ခံပါတယ် ထောက်ခံပါတယ် အစ်မး)) ညီမဆိုလည်း စိတ်ဝင်တစားကြည့်မိတယ်။ အားလည်းကျ အတုလည်း ယူမိပါတယ်။ နောက် ကိုယ့်အတွက် ကိုယ်ပြင်တာလို့လည်း ထင်ပါတယ်။ ကိုယ့်ဘာသာ သန့်ရှင်းသပ်ရပ် ကြည့်ကောင်းနေတယ်လို့ ထင်မိရင် ယုံကြည်မှုလည်း ပိုလာတတ်လို့ပါ။ အစ်မရဲ့ စာရေးစာဖတ်ဝါသနာတော့ ထာဝရရှင်သန်နေပါစေလို့ ဆုတောင်းပါတယ် (ဒါမှ ညီမတို့ ဖတ်ရမှာလေး)

    ချစ်ခင်လေးစားတဲ့
    ရွှေပြည်သူ

    Comment by ရွှေပြည်သူ — April 4, 2009 @ 3:06 am

  10. ကျန်သေးတယ်ဗျ အဖွားဝါသနာ ……. ကျွန်တော်တော့မပြောတော့ပါဘူးဗျာ နော် အဖွားနော် ( အိမ်ရောက်ရင်တဲ့ ……………………… …………. …. …… …………………………………………………၊ နောက်တစ်ခါ မြန်မာပြည်ပြန်လာရင်တဲ့ ……………………………………………………….. …….. …………………………………………… မလွှတ်ဘူးတဲ့) ကျွန်တော်မပြောဘူးနော် ဘာမှ ……

    Comment by ဒေါင်းသေချောင်းမှာပျော်သည့်ကျား — April 4, 2009 @ 12:57 pm

  11. Hey ma lay Yay,
    Ur everyletters ( meaned words)’ re real to me and nice.
    Just cheer U up Naw. I wished to express , but I can not use Myanmar font.
    PlS May I ask ur pardon Lay.
    U’re great.

    Comment by mgmoekhin — April 6, 2009 @ 7:47 pm

  12. ရွှေပြည်သူ... ညီမလေးပေးတဲ့ဆုနဲ့ ပြည့်ပါစေ..း)
    ဒေါင်းသေချောင်းမှာပျော်သည့်ကျား … ဘာမှမပြောသေးပေလို့ပဲနော်း)
    မောင်မိုးခင် … မတွေ့တာကြာပြီ။ ကိုမောင်မိုးခင်ဘယ်ပျောက်နေလဲလို့၊ အဆင်ပြေပါစေး)

    Comment by မလေး — April 7, 2009 @ 7:55 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------