♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 2, 2009

မြတ်နိုးတတ်ခြင်းများ၏ နောက်ကွယ်တွင်…

Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 5:52 pm

ကျွန်မ သတိရလို့ ကြည့်လိုက်တော့ ကတ္တီပါခင်းပေါ်မှာ ကျွန်မကို တမြတ်တနိုးတင်ထားကြတာကိုတွေ့ရတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလဲ မီးတွေက ထိန်ထိန်ညီးနေတယ်။ ကျွန်မရဲ့ ကိုယ်ပေါ်ကိုလဲ ခေါင်မိုးကနေ မီးဖြူတွေလင်းနေအောင် ထိုးထားတယ်။ မှန်တွေအကန့်လိုက်ကာထားတဲ့ အခြားသော အခန်းတွေထဲမှာလဲ ….

ကျွန်မလေ ကိုယ့်ကိုကိုယ်လှတယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် လူတွေက ကျွန်မကို သိပ်လှတယ်လို့ထင်ကြတယ်။ ကျွန်မကို ရုတ်တရက်မြင်လိုက်သူတွေရဲ့ မျက်ဝန်းတွေဆိုတာ အရောင်တလက်လက် တောက်ပသွားတတ်တယ်။ ကျွန်မရဲ့ ကြီးမြတ်ခမ်းနားတဲ့ အလှအပအောက်မှာ ကျရှုံးသွားကြတဲ့ သူတွေဆိုတာ ရေတွက်လို့ မရတော့ဘူး။ ကျွန်မကို ပိုင်ဆိုင်လိုကြတယ်။ ရူးသွပ်ကြတယ်။ ကျွန်မကြောင့် ရန်ပွဲတွေဖြစ်ဖူးတယ်။ အသက်စွန့်သွားရတဲ့ သူတွေတောင် ရှိသေးတယ်။ ကျွန်မကို ရူးသွပ်ကြမယ်ဆိုလဲ ရူးသွပ်လောက်ကြပါတယ်။ ကျွန်မရဲ့ အသားအရည်ဟာ ဖြူဝင်းနေတယ်။ သွေးဆုတ်နေတဲ့ ဖြူဖြူကြီးမျိုးတော့ မဟုတ်ဘူးရှင့်။ ပန်းသွေးရောင် ဒါမှမဟုတ် ရွှေရောင်လွှမ်းလို့ ကြည့်တိုင်းယဉ်တဲ့ အလှမျိုး။ နန်းတော်ခုနှစ်ဆောင် မီးမထွန်းဘဲ လင်းတဲ့ အလှမျိုးဆိုသလိုပါပဲ။

တစ်ကယ်တော့ ကျွန်မက ဟိုးရွာငယ်လေးတစ်ရွာက ရောက်ရှိလာတာပါ။ နေ့လည်ခင်းတစ်ခု၊ ကျွန်မနေတဲ့ ရွာလေးနဲ့ မနီးမဝေး ရေစပ်နားက ကျောက်တုန်းနားမှာ ကျွန်မ ရှိနေစဉ် တစ်ရက်ပေါ့။ ခပ်လှမ်းလှမ်းမှာ သေနတ်ကိုင်လူတစ်စုက ဒူးလောက်နက်တဲ့ ရေနောက်ထဲမှာ အလုပ်လုပ်နေတဲ့ ကလေးတစ်အုပ်စုကို စူးစူးရွားရွားမျက်လုံးတွေနဲ့ စောင့်ကြည့်နေကြတယ်။ ကလေးတွေဟာ အစာအဟာရချို့တဲ့နေမှန်းသိပ်သိသာနေတယ်။ ဒူးခေါင်းနဲ့ တံတောင်ဆစ်မှာ အရိုးတွေငေါထွက်နေတာကို အဝေးကနေ မြင်ရလောက်အောင် ပိန်လိန်နေကြတယ်။ နေပူခံနေရတဲ့ ကျောပြင်မှာ အ၀တ်ဗလာမို့ နေလောင်ထားတဲ့ အသားတွေဟာ မီးသွေးခဲက အဘ ခေါ်ရလောက်အောင် မဲမဲမှောင်နေတယ်။ သူတို့တွေဟာ ထမင်းဖိုး၊ ဟင်းဖိုး၊ ကျောင်းဖိုး၊ စာအုပ်ဖိုး၊ အတွက် မိုင်ပေါင်းများစွာဝေးတဲ့ ဒီကမ်းမှာ လာလာပြီး အလုပ်လုပ်ကြရတယ်။ သက်ကြီးရွယ်အို မိဘတွေ၊ ခြေလက်မရှိကြတဲ့ မိဘတွေကို အလုပ်လုပ်ကျွေးကြရတယ်။ သူတို့ရဲ့ ခြေထောက်တွေက အနာတွေဟာ ရေမှာနူးပြီး ပုပ်ပွမတတ်လဲ ဖြစ်နေတတ်တယ်။

ကျွန်မ ကျောက်တုန်းတွေနားမှာ ပုန်းအောင်နေတုန်း ဖြုန်းဆို ကလေးတစ်ဦးကို သေနတ်ကိုင် လူတစ်စုက ဆွဲခေါ်သွားတာကို တွေ့လိုက်တော့ ကျမ ထိတ်ထိတ်လန့်လန့်နဲ့ အသံမထွက်နိုင်အောင် ကြိုးစားနေရတယ်။ နောက်တော့ သေနတ်ကိုင်လူတစ်ဦးက အဲဒီကလေးရဲ့ ပါးစပ်ကို အတင်းဆွဲဟပြီး ပါးစပ်ထဲကို လက်နဲ့ နှိုက်လိုက်တယ်။ ပြီးတော့ အရာတစ်ခုကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့.. ပြီးတော့ .. အဲဒီကလေးကို အနားက သစ်တုံးတစ်တုံးနားကိုခေါ်သွားပြီး ကလေးရဲ့ လက်နှစ်ဖက်လုံးကို အနားက ဓါးတစ်လက်နဲ့ ဖြတ်ပစ်လိုက်တာကို ကျွန်မတွေ့လိုက်ရတယ်။ ကျွန်မ ကျောက်တုံးတွေကြားက ရွံတွေထဲ မြုပ်လုမတတ် ပုန်းခိုနေလိုက်တယ်။ ကျွန်မ အသားတွေကတော့ တဆတ်ဆတ်တုန်လာတော့တယ်။ တစ်ကယ်တော့ ကျွန်မအတွက် ဒါမျိုးမြင်ကွင်းတွေကို မြင်နေကြမို့ သိပ်တော့ မဆန်းတော့ပါဘူး။ ကျွန်မအနေနဲ့ကလဲ ဒီကလေးတွေကို ဘယ်လိုမှ မကူညီနိုင်ဘူးလေ။ ဒီအတိုင်း ငြိမ်ပြီးကြည့်နေကြရတယ်။ နောက်ပြီး ကျွန်မဟာ သိပ်မာ တဲ့ သူပါ။ ကျွန်မတို့ ညီအစ်မတွေကို ကမ္ဘာပေါ်မှာ အမာဆုံးတွေလို့လဲ တင်စားကြတယ်။ အချို့တွေကလဲ ကျွန်မတို့ဟာ ကြယ်တံခွန်တွေ မြေပေါ်အရှိန်နဲ့ သက်ဆင်းလာပြီး၊ ပြင်းထန်စွာ ပေါက်ကွဲမှုတွေအောက်မှာ၊ မီးတောင်တွေ ပေါက်ကွဲမှုတွေကြားမှာ၊ မွေးဖွားကြီးပြင်းလာကြလို့ ဆိုပြီး အထင်ကြီးလေးစားကြတယ်။ အချို့တွေကြတော့လဲ ကျွန်မတို့ အလှအောက်မှာ ရှုးသွပ်ပြီး ရန်ပွဲတွေ၊ လူသတ်ပွဲတွေ ဖြစ်ကြလို့ ကျွန်မတို့ကို သွေးစွန်းသူများလို့ တင်စားကြတယ်။ အဲသလို ကျွန်မတို့ကို အထင်ကြီးကြ၊ ရှုးသွပ်ကြတဲ့အတွက် ဖမ်းဆီးချုပ်နှောင်လို့ ရောင်းစားဖို့လဲ ကြိုးစားကြတယ်။ ကျွန်မတို့ကို ရောင်းစားပြီး ရတဲ့ငွေတွေဟာ စစ်ပွဲတွေတွက် လက်နက်တွေဝယ်ကြတဲ့အခါ၊ မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားတဲ့အခါတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးချလာကြတယ်။

ကျွန်မရဲ့ ဇာတိမြေက ဒီရွာငယ်လေးက ဆိုပေမယ့်လဲ ကျွန်မရဲ့ ဆွေမျိုးတွေက ကမ္ဘာအနှံ့အပြားမှာရှိတယ်။ ကနေဒါ၊ အင်းဒီယား၊ ရုရှား၊ ဘရာဇီး၊ သြစတေးလျ နိုင်ငံတွေမှာ ရှိတယ်။ ဒါပေမယ့်လဲ နောက်ဆုံးတော့ ကျမအမျိုး ၈၀ ရာခိုင်းနှုန်း ကတော့ အမေရိကန်နိုင်ငံမှာပဲ အခြေချလိုက်ကြတာ များပါတယ်။ ကျွန်မတို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ခွင့်ရှိမရှိကိုတော့ သြဇာကြီးတဲ့ စီးပွားရေးသမားကြီးတွေက ဆုံးဖြတ်ပေးပါတယ်။ ၂၀၀၁ခုနှစ်မှာတော့ အမေရိကန် သမ္မတ ကလင်တန်က စီရာလီအိုနီ (Sierra Leone) မှာနေတဲ့ ကျွန်မ အမျိုးတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်။ ၂၀၀၁ မေလ မှာ တစ်ခါ သမ္မတ ဘွတ်ရှ်က လိုင်ဘေးရီးယား (Liberia) က အမျိုးတွေကို ပြည်ဝင်ခွင့် တစ်ခါ ပိတ်လိုက်ပြန်ပါတယ်။ ကနေဒါနိုင်ငံကတော့ ဥပဒေတွေ အမျိုးမျိုးချပြီး ကျွန်မတို့ကို ပြည်ဝင်ခွင့်တွေ ၁၉၈၆ ခုနှစ်က စပြီး ကြပ်မတ်ထားပြီး ဖြစ်တယ်။

ကျွန်မ အတွေးလွန်နေတုန်း ရေထဲမှာ လမ်းလျှောက်လာတဲ့ ခြေသံတရှပ်ရှပ်က ကျွန်မ အနားကို နီးကပ်လာတာကို ကြားနေရပါတယ်။ ကျွန်မဟာ ဘယ်လောက်ပဲ မာတယ်ပြောပြော ကျွန်မကို ဖမ်းဆွဲဖို့ လှမ်းလိုက်တဲ့ လက်ကိုမြင်လိုက်ချိန်မှာတော့ မျက်စိတွေပြာဝေပြီး လောကကြီးတစ်ခုလုံး အမှောင်ဖုံးသွားပါတော့တယ်။

*****

ကျွန်မ သတိရလို့ ကြည့်လိုက်တော့ ကတ္တီပါခင်းပေါ်မှာ ကျွန်မကို တမြတ်တနိုးတင်ထားကြတာကိုတွေ့ရတယ်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလဲ မီးတွေက ထိန်ထိန်ညီးနေတယ်။ ကျွန်မရဲ့ ကိုယ်ပေါ်ကိုလဲ ခေါင်မိုးကနေ မီးဖြူတွေလင်းနေအောင် ထိုးထားတယ်။ မှန်တွေအကန့်လိုက်ကာထားတဲ့ အခြားသော အခန်းတွေထဲမှာလဲ ကျွန်မရဲ့ အစ်မတွေ၊ ညီမတွေကို လှမ်းမြင်နေရတယ်။ သူတို့ကိုယ်တွေမှာလဲ ရွှေဝါ၊ ရွှေဖြူ၊ ပလက်တီနမ်၊ ငွေ၊ ပတ္တမြား၊ နီလာ၊ ဥဿဖျား စတဲ့ အဖိုးတန်တွင်းထွက်တွေနဲ့ အရောင်တွေဟပ်လို့ ပျိုးပျိုးပျက်ပျက် မျက်စိလက်စရာ။ ကျွန်မလဲ မြို့ကြီးပြကြီး တစ်ခါမှ မရောက်ဖူးလို့ ဟိုငေးဒီငေး ပါးစပ်အဟောင်းသားနဲ့ ငေးနေတုန်း၊ ကျွန်မအနားကို စုံတွဲတစ်တွဲရောက်လာတယ်။ ကျွန်မကိုကြည့်လိုက်တဲ့ သူမ မျက်နှာကတော့ သိပ်ပျော်ရွှင်ပုံမရ။

“ဘာဖြစ်လို့လဲ၊ မကြိုက်ဖူးလား”
အမျိုးသားက အမျိုးသမီးကို မေးလိုက်တယ်။
“ဟင့် မကြိုက်ပါဘူး၊ ကိုကိုကလဲ သူများတို့ နှစ်ပတ်လည် မင်္ဂလာပွဲလက်ဆောင်အတွက် ဒီလို စိန်သေးသေးလေး ပေးမှာများ သူများက ဘယ်လိုပျော်နိုင်မှာလဲ။ carat ကလဲနိမ့်, cutting ကလဲမကောင်း, colorကလဲမလှ, clarity ကိုလဲကြည့်ပါဦး ကိုကိုရဲ့ ”

“ဟွန်း.. ဒီမိန်းမတော့… ”

ပျစ်ပျစ်နှစ်နှစ်ပြောပြီး တစ်ခြားဘက်ထွက်သွားတဲ့ ထိုမိန်းမကျောပြင်ကို ကြည့်ပြီး စိတ်ထဲကနေ မြင်ပြင်းကတ်ကတ်နှင့် ကျွန်မ ရေရွတ်လိုက်မိတယ်။ ကျွန်မရင်တွေလေးနေတယ်။ ကျွန်မ ဘ၀ ဘာဆက်ဖြစ်မည်မသိ။ ကျွန်မ ဘ၀ကို ထားလိုက်ပါတော့။ ရွာမှာကျန်ခဲ့သည့် ကလေးတွေရဲ့ဘ၀။ အနာပလပွ၊ ဒူးခေါင်းမှာ အရိုးငေါငေါနှင့် ထမင်းနပ်မှန်အောင်မစားရ၊ အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့ ကလေးတွေ။ စိန်တုန်းလေး ပါးစပ်ထဲခိုးထည့်မိသည်နှင့် လက်တွေ၊ ခြေတွေဖြတ်ခံရမယ့် ကလေးတွေ။ သူတို့လေးတွေကို ဘယ်သူကူမလဲ။ သူတို့ကို ဘယ်သူကယ်မလဲ။

*****

ဒီပိုစ်လေးက မွန် တက်ဂ်လို့ ရေးဖြစ်တဲ့ ပိုစ်လေးပါ။ တစ်ပတ်အတွင်းရေးရင် စိတ်ကူးယဉ်တာဖြစ်လာမယ်လို့ သူက ဆိုပါတယ်။ တစ်ပတ်အတွင်းရေးလိုက်ပါတယ်။ စိန်လက်စွပ်ကြီး အကြီးကြီးတစ်ကွင်းရချင်တဲ့ စိတ်ကူးမဟုတ်ပါ။ သွေးရောင်တွေလွှမ်းတဲ့စိန်တွေ၊ ဖားကန့်လိုနေရာက သွေးရောင်တွေလွှမ်းတဲ့ ကျောက်တွေ ရောင်းဝယ်ဖောက်ကားမှုတွေ၊ ပပျောက်ပါစေလို့ စိတ်ကူးယဉ်တဲ့ အတွေးတစ်ခုလို့ပဲ သတ်မှတ်ပေးနိုင်ကြပါတယ်ရှင်။

ဒီလို စိတ်ပြောင်းရုပ်လွှဲ ပိုစ်လေးတွေ ကျွန်မ ဟိုတုန်းကလဲ ရေးဖူးပါတယ်။

ရေဆန်ငါး (သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်းမှာ အောက်တိုဘာလ၊ ၁၀၀၆မှာ ပါဖူးတဲ့ ၀တ္ထုတို)

နဲ့

မျက်ဝန်းညိုမ (ချိုးလင်းပြာ မဂ္ဂဇင်းမှာ မတ်လ၊ ၁၀၀၈မှာ ပါဖူးတဲ့ ၀တ္ထုတို)

တို့ကို ဖတ်ရှုနိုင်ကြပါတယ်ရှင်။

ဒီလိုသွေးရောင်လွှမ်းတဲ့ စိန်တွေတင်သာမက၊ သွေးရောင်လွှမ်းတဲ့ ကျောက်မျက်ရတနာတွေကို ရောင်းဝယ်ဖောက်ကား၊ မြတ်နိုးဝယ်ယူမှုတွေ မလုပ်ခင် ဒီဆိုက်ဒ် (stop blood diamonds)လေးကို လူတွေကြည့်ပြီး ဆိုင်ရှင်တွေကိုလဲ မေးခွန်းထုတ်နိုင်ကြပါစေ….

hut1.png

11 Comments »

  1. Friend, it’s an excellent writing. I love it. I know this problem but your writing still touches my heart. It’s painful to think about those unfortunate young children around the world. Buddha, have mercy on them and God bless them!!!
    Cheers,

    Comment by Angel Eyes — January 2, 2009 @ 8:45 pm

  2. ကောင်းလိုက်တာ အစ်မအရေးသားကတော့ နောက်ဆုံးရောက်မှ သိအောင်ကို မြှုပ်ကွက်လေးတွေနဲ့ရေးသွားလိုက်တာ ။ ဒူးခေါင်းနဲ့ တံတောင်ဆစ်မှာ အရိုးတွေငေါထွက်နေတာကို အဝေးကနေ မြင်ရလောက်အောင် ပိန်လိန်နေကြတဲ့ ခလေးတွေဆိုတာ အာဖရိက ဘက်ကပေါ့ ဟုတ်လား အစ်မ အဲ့ဒီကစိန်က ကမ္ဘာကျော်လို့ကြားဖူးလို့ ။ ဒီပို့စ်လေးအတွက်ကျေးဇူးပါ ဆောင်းပါဆန်ဆန် စိတ်ကူးယဉ်ပို့စ်လေး ။

    Comment by မောင်မျိုး — January 2, 2009 @ 10:13 pm

  3. မလေးစာလေး ဖတ်ပြီး..ကမ္ဘာမှာ သယံဇာတတွေရဲ့ ကျိန်စာမိနေတဲ့ နိုင်ငံတွေ.. မိုက်မှောင်တဲ့စိန်တွေ..သွေးစွန်းတဲ့ပတ္တမြားတွေ.. ဘ၀ပျက်တဲ့ကျောက်စိမ်းတွေ..အတွက်..ရင်လေးမိပါတယ်။ အခုလိုခေတ်ကြီးမှာ..ဒါတွေကို ပိုပြီး..မီးမောင်းထိုးပြလာနိုင်တာကတော့..အားရ၀မ်းသာစရာပဲနော်။
    ခင်မင်တဲ့-

    Comment by K — January 2, 2009 @ 10:31 pm

  4. မလေးရေ ဖတ်ပြီး blood diamond ဆိုတဲ့ ရုပ်ရှင်ကိုတောင် သတိရတယ်။ စိန်တွေတော့ မ၀ယ်နိုင်သေးလို့ စစ်ဆေးစရာလည်း မလိုသေးဘူး :D။ ဘာပဲဖြစ်ဖြစ် အသိပေးပညာပေး လေးရေးတာ ကောင်းတယ်။

    Comment byုံပုံရိပ် — January 3, 2009 @ 11:03 am

  5. မမရေ အလုပ်ကပြန်ရောက်ရောက်ချင်း မမရေးထားတာလေးတွေ့တော့ သိပ်ပျော်သွားတာ
    စိန်ပွင့်လေးတစ်ပွင့်မှာ စာနာမေတ္တာထားစိတ်ကလေးနဲ့ဆိုတာ ဘယ်တုန်းကမှ မတွေးမိခဲ့ပေမယ့်
    သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေ သွေးစက်တွေအတွက် သူဘယ်လိုရင်ကွဲခဲ့ရမယ်ဆိုတာ နားလည်မိပြီ
    မွန်မြတ်တဲ့တောင်းဆုလေး ပြည့်ပါစေ
    မွန့်လိုကောင်မလေးကို အရေးတယူ ရေးပေးတဲ့အတွက် ပီတိဖြစ်ရတာကတော့ အတိုင်းအဆမဲ့ပါ ကျေးဇူးတင်ပါတယ်မမ

    Comment by မွန် — January 3, 2009 @ 6:21 pm

  6. အမရေးတာအရမ်းကောင်းတယ်.. ကြားဘူးတာလေးရှိတယ်.အဲဒီဘက်ကစိန်တွေကသွေးရောင်လွမ်းနေတဲ့စိန်တွေလို…
    စိန်ပွင်လေးပါးစပ်ထဲထည်မိတာနဲ့လက်ဖြတ်တာလူမဆန်လိုက်တာ..အဲဒီလိုအဖြစ်မျိုးဘယ်နေရာမှာမှမဖြစ်ပါစေနဲ့…..
    ကမ္ဘာမှာရှိကုန်သောလူသားအားလုံး.ငြိမ်းချမ်းပါစေလိုဆုတောင်းလိုက်ပါတယ်…..
    ဒေါင်းမင်း

    Comment by ဒေါင်မင်း — January 3, 2009 @ 11:40 pm

  7. Angel Eyes … ကျေးဇူးသူငယ်ချင်း …. သူငယ်ချင်းလာဖတ်တော့ ရေးရတာ ပိုအားရှိ၏။
    မောင်မျိုး .. ဟုတ်တယ်မောင်လေး၊ အာဖရိက က ကလေးတွေ၊
    ကေ .. မီးမောင်းထိုးပြလဲ စီးပွားရေးသမားတွေကတော့ ဂရုတောင် မစိုက်လောက်ဘူးထင်ရဲ့ ကေ..။
    ပုံရိပ်… မလေးလဲ ရေးနေတုန်း အဲဒီရုပ်ရှင် တွေးမိနေတာပါ။ ဟိုတလောကလဲ National Post မှာလဲ ခိုးရိုက်ထားတဲ့ ပုံတွေနဲ့ အကြီးအကျယ်ပါလာသေးတယ်။
    မွန် .. မွန်ရယ်… အမတို့က စာရေးသူမောင်နှမတွေပါး)
    ဒေါင်းမင်း … အမလဲ ဆုတောင်းပါတယ်။

    Comment by မလေး — January 4, 2009 @ 4:11 pm

  8. hi ma lay,
    it’s so nice. Please keep going on ………….more and more Naw.
    Thank to get to see yours.

    Comment by mgmoekhin — January 5, 2009 @ 9:05 pm

  9. ဟုတ်တယ်။ ဆနဒြတစ်ခုရဲ့နောက်ကွယ်က ဖြစ်လာမယ့် တစ်စုံတစ်ခုဆိုတာကို ညှာတာတတ်မယ်ဆိုရင်….
    မလေးရေးထားတာအတွက် ဘေးက ၀ိုင်းပြီး ပီတိဖြစ်လိုက်တယ်။

    Comment by အေးချမ်းသူ — January 6, 2009 @ 4:09 am

  10. စိန်တွေအကြောင်းကို ရိုးရိုးမဟုတ်ဘဲ အရမ်းကို ထူးခြားတဲ့ရှုထောင့်ကနေ ရေးသွားတာ ခါတိုင်းပို့စ်တွေလိုပဲ တန်ဖိုးရှိလှပါတယ် မမအိမ့်ရေ… ညီမကို အရင်က မမြင်ခဲ့တဲ့ အသိတရားတစ်ခုပါ ပေးလိုက်လို့ အရမ်းကျေးဇူးတင်ပါတယ်…

    Comment by ရွှေပြည်သူ — January 14, 2009 @ 8:10 am

  11. thanks mgmoekhin
    အေးချမ်းသူ .. . ညီမ ပျောက်နေတယ်နော်..
    ရွှေပြည်သူ .. ညီမ ကောမန့်က ထဲရောက်နေတာ ဒီနေ့မှတွေ့လို့

    Comment by မလေး — January 16, 2009 @ 12:47 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------