August 16, 2008

လယ်တောကအပြန် - ဇာတ်သိမ်း

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 2:46 am

ချောင်းလေးက နေရီရီအောက်မှာ တလက်လက်တောက်ပနေသည်။ မြက်ပင်ရိုင်းတွေကလေအဝှေ့မှာ လွန့်လူးနေသည်။ ချောင်းထဲမှာ တောဘဲလေးတွေ ညစာရှာနေကြသည်။ ချောင်းထိပ် မြက်ခင်းစပ်မှာ ထိုင်ရင်း ပင်လယ်ဝဘက်ကို မျှော်ငေးနေမိကြသည်။

“ပုံပြောပြမယ်”
“အင်း.. ပြော”

“တစ်ခါကတဲ့.. သစ်ပင်တစ်ပင်နဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့၊ သစ်ပင်က ကောင်လေးကို အရမ်းချစ်တယ်တဲ့၊ ကောင်လေးက နေ့စဉ် သစ်ပင်အောက်ကိုလာ၊ သစ်ရွက်တွေကိုစု၊ သရဖူလေးလုပ်ပြီး တောရဲ့ဘုရင်လုပ်တမ်းကစားတယ်တဲ့၊ သစ်ကိုင်းတွေပေါ်ကို တက်၊ ဟိုလွှဲဒီလွှဲ ကစား၊ ပြီးလို့မောရင် သစ်ရိပ်မှာ အိပ်တယ်တဲ့၊ ကောင်လေးက သစ်ပင်ကို အရမ်းချစ်တာပေါ့။ ဒါကိုသိတော့ သစ်ပင်ကလဲ ပျော်တယ်၊

ဒီလိုနဲ့ ကောင်လေးက အသက်ကြီးလာတယ်။ သစ်ပင်ဆီကိုလဲ သိပ်မလာတော့ဘူး၊ သစ်ပင်က အထီးကျန်ဆန်လာတာပေါ့၊ တနေ့ကျတော့ ကောင်လေးက သစ်ပင်ဆီလာတယ်။ သစ်ပင်က ကောင်လေးကို ပြောတယ်.. “ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးကပြန်ပြောတယ်၊ သစ်ပင်ပေါ်တက်ဖို့ ကိုယ်လုံးကြီးက သိပ်ကြီးနေပြီ၊ ငါလိုချင်တာ ပစ္စည်းဥစ္စာတွေ၊ ငွေလိုချင်တယ်၊ ပစ္စည်းတွေအဲဒီငွေနဲ့ ၀ယ်ချင်တယ်၊ ငွေပေးပါ လို့ပြောတယ်။ သစ်ပင်က ငါ့မှာငွေတော့မရှိဘူး သစ်သီးတွေတော့ရှိတယ်၊ လိုသလောက်ခူးရောင်းပြီး ငွေရှာပါလို့ ပြောတယ်..။ ကောင်လေးက ပန်းသီးတွေခူးပြီး မြို့ပေါ်တက်ရောင်းဖို့ ထွက်သွားတယ်တဲ့။ အချိန်တော်တော်ကြာကြာထိ ပြန်မလာဘူး။ သစ်ပင်က လွမ်းနေတာပေါ့။ ဒီလိုနဲ့တနေ့ ကောင်လေးက ပြန်ရောက်လာပြန်ရော။ သစ်ပင်ကပျော်လွန်းလို့ တုန်တောင်နေတယ်တဲ့။

အဲဒီမှာ သစ်ပင်ကပြောပြန်ရော..

“ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးက သူစိတ်ဝင်စားတာ အိမ်ထောင်ပြုဖို့ရယ်..၊ ကလေးလေးတွေ လိုချင်တာရယ်၊ နောက် အိမ်ကလေးတစ်လုံးလိုချင်တာရယ်ပဲ သိတယ်တဲ့။ အိမ်ကလေးတစ်လုံးပေးနိုင်မလားတဲ့။ သစ်ပင်က ငါ့ကို ခုတ်ထစ်လို့ အိမ်ဆောက်ပါလို့ပြောတယ်တဲ့။
ကောင်လေးက သစ်ကိုင်းတွေ ခုတ်ထစ်ယူပြီး အိမ်ဆောက်ဖို့ထွက်သွားတာ ပြန်မလာပြန်ဘူးတဲ့..။

နှစ်တွေကြာတော့ သစ်ပင်ကြီးက လွမ်းနာကျလာတာပေါ့။ တစ်နေ့တော့ ကောင်လေးက ပြန်လာတယ်တဲ့။ ဒီတစ်ခါတော့ သစ်ပင်ကြီးက ပျော်လွန်းလိုက စကားတောင်မပြောနိုင်ဘူး။ သစ်ပင်ကြီးက ထပ်ပြောပြန်တယ်..။ “ငါ့သစ်ကိုင်းတွေပေါ်ကိုတက်၊ ငယ်ငယ်ကလို ကစားပါဦး၊ သစ်ရွက်လေးတွေနဲ့ သရဖူလုပ်ပါဦး၊ ငါ့အသီးတွေကို စားပါဦး”လို့။ ကောင်လေးကပြောတယ်။ ငါ လှေလေးတစ်စင်းလိုချင်တယ်။ ငါလှေလေးနဲ့ ဒီနေရာကနေ အဝေးကြီးကို ထွက်သွားချင်တယ်လို့ပြောတယ်။ သစ်ပင်ကြီးက ငါ့ကိုခုတ်ထစ်ပြီးလှေလုပ်ပါ နောက်.. မင်းပျော်သလို သွားလိုရာသွားပါလို့ ပြောတယ်။ အဲဒီလူက သစ်ကိုင်းတွေကို ခုတ်ထစ်လှေလုပ်လို့ ထွက်သွားတာပေါ့.. သစ်ပင်ကြီးက ပျော်မလိုလိုနဲ့ ဒီတခါတော့ မပျော်ဘူးတဲ့..။

နှစ်တွေကြာတော့ အဲဒီလူပြန်ရောက်လာတယ်။ သစ်ပင်က ဒီတစ်ခါပြောတယ်..
ငါ့မှာ အသီးမသီးနိုင်တော့ဘူးလို့။ အဲဒီလူက ပြန်ပြောတယ်… ငါ့မှာလဲ သွားတွေမရှိတော့ဘူးတဲ့၊ သစ်ပင်ကပြောတယ် မင်းခုန်လွှဲကစားဖို့ သစ်ကိုင်းလဲ မရှိတော့ဘူးဆိုတော့ အဲဒီလူက ငါလဲ သိပ်အိုလို့ မကစားနိုင်တော့ပါဘူးတဲ့။ သစ်ပင်ကြီးကထပ်ပြောတယ်.. ငါ့မှာပင်စည်တွေတောင် မကျန်တော့ဘူး၊ ငါသစ်ငုတ်တိုဖြစ်နေပြီလေ တဲ့၊ အဲဒီမှာ အဲဒီလူက ပြန်ပြောတယ်။ ငါဘာမှ ဒီချိန်မှာ မလိုတော့ပါဘူး။ ငါ ခုချိန်မှာ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေးတစ်ခုနဲ့ နားခိုစရာလေး တစ်ခုပဲ လိုပါတော့တယ်တဲ့၊ အဲဒီအချိန်မှာ သစ်ငုတ်တိုဟာ အဲဒီလူမှီဖို့ သူ့ကိုယ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်လိုက်တော့တယ်တဲ့။ အဲဒီလူလဲ မောပန်းစွာမှီနေလိုက်တယ်တဲ့ သစ်ပင်ကြီးကလဲ ပျော်နေတော့တယ်တဲ့”

“အင်းးးး ပြီးပြီလား”

“ဒီလောက်နဲ့ ဘယ်ပြီးမလဲ.. မေးမယ်”

“မေးစေဗျား”

“ကောင်လေးက တကိုယ်ကောင်းဆန်လား”

“ဟင့်အင်း မဆန်ဘူး”

“ဘာလို့လဲ”

“တဘက်က လိုလိုလားလားပေးနေတာကို”

“သစ်ပင်ကကော… အဲလိုအကုန်အနစ်နာခံပေးတဲ့ သူကို ဘယ်လိုနာမယ်တပ်မလဲ”

“မြင့်မြတ်ခြင်းလို့ ကျွန်တော် တပ်မယ်”

“ဟင့်အင်း ကျမတော့ ဒါကို မြင့်မြတ်တယ် မထင်ဘူး”

“အင်း.. ပေးကမ်းခြင်းနောက်မှာပျော်ရွှင်မှုကို သစ်ပင်လိုချင်တယ်ထင်လို့လား”

“ဆိုပါတော့.. နောက်ပြီး တစ်ခါတစ်ရံ ကိုယ်က ပေးလိုက်ပြီးမှ နောင်တရဘူးလား”

“အကြိမ်ကြိမ်ပေါ့ဗျာ”

“ဘာလို့လဲ”

“တဘက်က အသိမှတ် မပြုလို့လေ”

“ဒါဆို အသိအမှတ်ပြုခြင်း ဆိုတာကို မျှော်လင့်တယ်ပေါ့”

“တစ်ခါတစ်ရံ တော့ မျှော်လင့်မိတယ်လေ”

“တစ်ခါတစ်ရံပဲလား…၊ နောက်ပြီး တစ်စုံတစ်ယောက်က ပေးတာကို ယူပြီးရင် တစ်စုံတစ်ရာ ပြန်ပေးရမယ်လို့ ခံစားရလား”

“ဒက်ထိပဲ”

“ကဲ.. ဒါဆိုမေးမယ်.. ဘာလို့ ပေးကမ်းစွန့်ကြဲကျလဲ”

“အင်း.. ကောင်းလိုက်တဲ့မေးခွန်း”

မြက်တစ်ပင်ကို လက်နှင့် ကောက်နှုတ်လိုက်မိသည်။
“ပေးကမ်းပြီးတော့ ဘာမှ ပြန်လည်မမျှော်လင့်တာ ဒါမှမဟုတ် ပြန်လည်မျှော်လင့်မိတာမျိုးဟာ မှားသလား”

“ဒါကတော့ တစ်ဦးတစ်ယောက်စီပေါ်မှာ မူတည်လိမ့်မယ်”

“နောက်စဉ်းစားစရာတွေအများကြီးရှိသေးတယ်၊ ကောင်လေးက သစ်ပင်ကိုချစ်တာလား၊ သစ်ပင်က ကောင်လေးကိုချစ်တာလား၊ ဘာကြောင့်ချစ်တာလဲ၊ နောက်ပြီး ကျွန်မတို့ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ၊ နောက်တစ်ခု ကျွန်မ သိပ်သိချင်တာ၊ အနေနီးတဲ့လူနဲ့ အနေဝေးနေတဲ့လူကို ဘယ်သူကို ပိုချစ်မလဲ”

“များသောအားဖြင့်တော့ အနေနီးတဲ့လူကို ပိုချစ်တာများတယ်”

“ဟင့်အင်း ပိုချစ်တယ်လို့ထင်တာပါ”

“ထိတွေ့ဆက်ဆံနေမှုဟာ အချစ်မှာ အတိုင်းအတာ တစ်ခုထိ အရေးပါတယ်”
ဆံပင်တွေထဲက ပန်းစေ့လေးကို သူ အသာဖယ်ပေးလိုက်ရင်း ပြောလိုက်သည်။

“နောက်ဆုံး သစ်ပင်ပျော်တယ်ထင်လား၊ ကောင်လေးကော ပျော်တယ်ထင်လား၊ ဘာလို့ ချစ်ကြလဲ၊ ချစ်တယ်လို့ကော ဘယ်လိုသိနိုင်မလဲ၊ အချစ်ဆိုတာဘာလဲ နောက်ဆုံးမေးရမယ်ဆိုရင်…”

“သိပ်မတွေးပါနဲ့လားကွာ”

“ဟင်.. မဟုတ်ဘူးနော်.. ဒါတွေက မူကြိုကလေးတွေလောက်ကိုတောင် ကစားနည်းတွေလုပ်ပြီး မေးနေကြပြီ”

“ကဲ ဒါဆိုလဲ.. မေးပါဗျာ”

“ပျော်ရွှင်ခြင်းဆိုတာဘာလဲ၊ ခံစားချက်လား၊ စိတ်အခြေအနေလား”

“စိတ်အခြေအနေ..”

“အင်…. ခံစားချက် မဟုတ်ဘူးလား”

“မဟုတ်ဘူး.. စိတ်ရဲ့အခြေအနေ”

“ပျော်ရွှင်မှုဆိုတာ တခြားတစ်ယောက်ယောက်ရှိနေမှ ကိုယ်က ပျော်မှာလား၊ ဥပမာ တစ်ယောက်ယောက်ကို လှုရမှ၊ ကိုယ်က ပျော်မှာလား၊ ကိုယ်ပျော်ဖို့တွက် လှုခံရမယ့်သူက ရှိပေးရမှာလား၊ နောက်ပြီး ကောင်းမှု တစ်စုံတစ်ရာ လုပ်ဆောင်ရမှ ကိုယ်က ပျော်မယ်ပေါ့၊ အဲဒီ ကောင်းမှုဆိုတာ ထလုပ်ဖို့ မရှိရင် ကိုယ်က မပျော်တော့ဘူးလား၊ You have to have reason to be happy ပေါ့”

“ကိုယ်မသိဘူးကွာ၊ မင်း ပုံပြင်လေး ပြီးတော့ ကိုယ်သိလိုက်ရတာက ကိုယ်ဟာ ကောင်လေးနေရာမှာ”

“ရှင်.. ဘယ်လို”

“ဟုတ်တယ်. ကိုယ် ဟာ ကောင်လေး”

“ဒါဆို သစ်ပင်ကကော”

“သစ်ပင်က မြန်မာပြည်နဲ့ မြန်မာပြည်သားတွေ”

“ဘယ်လို!!”

“ဟုတ်တယ်… ကိုယ် မြန်မာပြည်က မိဘနဲ့တကွ မြန်မာပြည်သားတွေဆီက အခြေခံပညာတွေနဲ့ ဒီမှာ နေနေတယ်.. အသက်ကြီးပြီး အိုတော့မှ ဘာမှ ပြန်မပေးနိုင်တော့မှ မြန်မာပြည် ပြန်ရမယ့်ပုံပေါက်နေတယ်ကွာ”

“ဟင်းးး အဲလိုလဲမဟုတ်ပါဘူးလေ”

“ဟုတ်ပါတယ်… အဲလိုပါပဲ”

“အင်းပါလေ.. ပြန်ရအောင်နော်”

“တစ်ခုခုသွားစားကြရအောင်၊ ခုနက မ၀ဘူး”

“ကုလားဆိုင်ပဲသွားရင်ကောင်းမလား၊ ဆာရီနဲ့ဆိုတော့ ကုလားဆိုင်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်”

“ဗီယက်နမ် ဆွပ်ပြုတ် သောက်ချင်နေလို့ကွာ၊ ဒါပေမယ့် သဘောပါ”

“အင်း.. ဒါဆိုလဲ ဗီယက်နမ်ပေါ့”

ချောင်းလေးက တစ်ဖြည်းဖြည်း ဝေးကျန်ခဲ့သည်၊ ကောင်းကင်က ပိုမှောင်လာသည်။ လယ်ကွင်းတွေကြားက လမ်းကလေးပေါ်မှာ ကားလေးတစ်စင်း တရိပ်ရိပ်မောင်းနှင်သွားပါတော့သည်။

လယ်တောကအပြန် - ပထမပိုင်း

10 Comments »

  1. Very good novel,fantastic one

    May u b Successful!

    It is right for each side.

    Sincerely urs,
    Moon

    Comment by moonnaungzin — August 17, 2008 @ 11:20 am

  2. အတွေးတွေကို တကယ်ပေးတယ်။ပျော်ရွှင်မှုဆိုတာ ကို ရှင်းပြနိုင်တယ်။ ကျေးဇူးပါပဲ

    Comment byှစိတ်ကူး — August 17, 2008 @ 11:43 pm

  3. မလေး

    ရှုထောင့်ပေါင်းစုံက အတွေးပေါင်းစုံထွက်ကြမှာပေါ့။ ကောင်လေးက သစ်ပင်ကြီးကို ချစ်တယ်၊ မချစ်ဘူးဆိုတာထက် သူ့စိတ်ရဲ့တစ်နေရာမှာ သစ်ပင်ကြီးကို တန်ဖိုးထားခြင်း ဆိုတဲ့ အရာဟာ စွဲမဲနေတယ်ဆိုတာတော့ ပေါ်လွင်တယ်။
    မျှော်လင့်ချက်တစ်စုံတစ်ရာမပါဘဲ ပေးဆပ်သူသက်သက်ပါလို့ ပြောလာသူတွေကို “မသိစိတ်ဆိုတာ မရှိရင်ပေါ့” လို့ ညီမကတော့ ပြောချင်တယ်။ ဘာလို့ဆို အဲဒီလောက် မလွယ်လို့လေ။ အနည်းဆုံးတော့ တစ်ဖက်ရဲ့ အသိအမှတ်ပြုမှုလေးတစ်ခုလောက်ကိုတော့ လိုချင်မိမှာပါ။

    ချစ်သူနှင့်ဝေး၊ တို့မလေးကား
    ရေးလည်းမတတ်၊ ဖတ်လည်းမဖတ်
    စာငတ်ပေငတ်၊ အသိငတ်သည်
    မတ်တတ်ခြောက်သည့် သစ်ပင်လို့

    ဆိုတဲ့ လတ်တလော ဖတ်ခဲ့ရတဲ့ ကဗျာလေးရဲ့ စာရေးဆရာဟာ အိမ့်ချမ်းမြေ့ ဆိုတဲ့ မလေးရဲ့စာတွေဖတ်ရတဲ့အခါ နောက်ထပ် ဇာတ်ကောင် မလေး တစ်ယောက်အနေနဲ့ ချက်ချင်းကဗျာစပ်လိုက်မယ်ထင်တယ်။ အမှတ်တရ ကဗျာလေးတစ်ပုဒ်တော့ မလေး ကို စပ်ပေးချင်သေးတယ်။ ခုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ဦးမယ် မလေး။

    မလေးရဲ့အနုပညာကို ချစ်မြတ်နိုးတဲ့

    Comment by နှင်း — August 18, 2008 @ 4:17 am

  4. မလေး

    ရှုထောင့်ပေါင်းစုံက အတွေးပေါင်းစုံထွက်ကြမှာပေါ့။ ကောင်လေးက သစ်ပင်ကြီးကို ချစ်တယ်၊ မချစ်ဘူးဆိုတာထက် သူ့စိတ်ရဲ့တစ်နေရာမှာ သစ်ပင်ကြီးကို တန်ဖိုးထားခြင်း ဆိုတဲ့ အရာဟာ စွဲမဲနေတယ်ဆိုတာတော့ ပေါ်လွင်တယ်။
    မျှော်လင့်ချက်တစ်စုံတစ်ရာမပါဘဲ ပေးဆပ်သူသက်သက်ပါလို့ ပြောလာသူတွေကို “မသိစိတ်ဆိုတာ မရှိရင်ပေါ့” လို့ ညီမကတော့ ပြောချင်တယ်။ ဘာလို့ဆို အဲဒီလောက် မလွယ်လို့လေ။ အနည်းဆုံးတော့ တစ်ဖက်ရဲ့ အသိအမှတ်ပြုမှုလေးတစ်ခုလောက်ကိုတော့ လိုချင်မိမှာပါ။

    ချစ်သူနှင့်ဝေး၊ တို့မလေးကား
    ရေးလည်းမတတ်၊ ဖတ်လည်းမဖတ်
    စာငတ်ပေငတ်၊ အသိငတ်သည်
    မတ်တတ်ခြောက်သည့် သစ်ပင်လို့

    ဆိုတဲ့ လတ်တလော ဖတ်ခဲ့ရတဲ့ ကဗျာလေးရဲ့ စာရေးဆရာဟာ အိမ့်ချမ်းမြေ့ ဆိုတဲ့ မလေးရဲ့စာတွေဖတ်ရတဲ့အခါ နောက်ထပ် ဇာတ်ကောင် မလေး တစ်ယောက်အနေနဲ့ ချက်ချင်းကဗျာစပ်လိုက်မယ်ထင်တယ်။ အမှတ်တရ ကဗျာလေးတစ်ပုဒ်တော့ မလေး ကို စပ်ပေးချင်သေးတယ်။ ခုတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ဦးမယ် မလေး။

    မလေးရဲ့အနုပညာကို ချစ်မြတ်နိုးတဲ့

    Comment by အေးချမ်းသူ — August 18, 2008 @ 4:19 am

  5. နူးနူးညံ့ညံ့လေးနဲ့ လှတယ် မလေးရေ။ မလေးအချိန်ရရင် ပြီးတော့ စိတ်ကူးလည်း ရရင်လေ ဘာသာကွဲနှစ်ယောက်ပေါ့နော် ချစ်ကြိုက်ကြပြီး အတူလက်တွဲဖို့ဆုံးဖြတ်ကြတဲ့အခါကြရင် တွေ့ကြုံကြတဲ့ အခက်အခဲလေးတွေကို အစ်မလို စာရေးတဲ့လူတစ်ယောက်အနေနဲ့ဘယ်လိုမြင်လဲဆိုတာလေးကို ရေးပေးပါလား။ အစ်မရဲ့ အမြင်ကို သိချင်လို့ပါ။ ဘာသာကွဲဆိုတာ အဓိကက မူစလင်နဲ့ ဗုဒ္ဓဘာသာပေါ့။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် အစ်မရဲ့အမြင်ကို ဦးစားပေးသိချင်လို့လေ။ အားရင်ပေါ့နော်။ ကျေးဇူး မလေး။

    Comment by winkabar — August 18, 2008 @ 3:07 pm

  6. တစ်ချို့က စွန့်လွှတ်လိုက်ရတာကို တန်ဘိုးထားတယ်..
    တစ်ချို့က ရယူလိုက်ရမှ ကျေနပ်ကြတယ်..
    တစ်ချို့က ဘာမှ မက်မောတွယ်တာလိုစိတ်မရှိကြဘူး..
    တစ်ချို့က ဆန္ဒနောက် တစ်ကောက်ကောက် လိုက်ကြတယ်..
    အားလုံးကို ချုံကြည့် လိုက်..
    အတ္တ..အနတ္တ..
    လောဘ..အလောဘ..
    သေချာတာက…နောက်ဆုံးမှာ ဘာမှယူသွားလို့မရ…
    တစ်ချို့က ဒါတွေကိုသိလို့
    တဏှာကို ပယ်သတ်နေကြ…။
    ငါတို့ စိတ်ကို ကြိုးစားရှုကြ…။

    Comment by kowinlatt — August 19, 2008 @ 6:42 am

  7. မမ..ပျော်ရွှင်ပါစေ

    Comment by ညီမလေးတစ်ယောက် — August 20, 2008 @ 5:26 am

  8. လာလည်တာကိုကျေးဇူးအထူးတင်ပါတယ်…အသစ်လေးတွေရှိလို့လာပြေားပြသွားပါတယ်….
    ခင်မင်စွာနဲ့
    ချစ်ဦး

    Comment by ချစ်ဦး — August 21, 2008 @ 3:21 pm

  9. ငှက်ကလေး တစ်ကောင် ဟာ လှောင်အိမ်ထဲမှာရှိတယ်
    နာကျည်းမှုတေးကို သီဆိုတယ်
    အပါယ်ခံရေကို သောက်တယ်
    ရိုးသား မှု ကိုစားတယ်
    နံနက်မိုးသောက်တော့ သူ့  ၀ိဥာန်မရှိတော့ဘူး

    Comment by kyaw swar tun — August 22, 2008 @ 7:35 am

  10. အနှစ်အရသာ အပြည့်အ၀ပေးတဲ့စာအတွက် ကျေးဇူးတင်မိပြန်ပါပြီ မမအိမ့်ရေ။ ပုံပြင်အတွက် ကောင်လေးမြင်တဲ့ အစားထိုးအမြင်ကို ဖတ်မိတော့ ၀မ်းနည်းမိပါတယ်။ စာဖတ်လို့တော့ ပြီးသွားပါပြီ… စိတ်ထဲမှာတော့ အများကြီးကျန်ခဲ့တုန်းပါပဲ…

    Comment by ရွှေပြည်သူ — August 28, 2008 @ 8:56 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips