August 16, 2008

လယ်တောကအပြန်

Filed under: ၀တ္ထု — မလေး @ 1:17 am

စိမ်းမြသောလယ်ကွင်းတွေက လမ်းဘေးမှာ တရိပ်ရိပ်ကျန်ခဲ့သည်။ ရွှေအိုရောင် ညနေခင်းအောက်မှာ တောင်တန်းပြာတို့ကို နောက်ခံထားလျှက် ငှက်တို့ တကျီကျီ အော်မြည်ပျံသန်းနေကြသည်။
“ဒီနေ့ညနေ မင်္ဂလာပွဲက တမူထူးခြားမယ့် မင်္ဂလာပွဲပဲသိလား”
ကားပြူတင်းပေါက်က ပြင်းပြင်းထန်ထန်တိုက်ခတ်လာတဲ့ လေတွေကြောင့် လွန့်လူးနေသော ဆာရီပုဝါကို လက်နှင့်ထိန်းရင်းပြောလိုက်သည်။

“အင်း.. ကြည့်လဲလုပ်ဦးနော်.. ဆာရီကြီးနဲ့ ချော်လဲနေဦးမယ်။ ဒါနဲ့.. ကောင်မလေးက တရုပ်မလေးပေါ့”

“ပြောတာပဲလေ… သတို့သားနဲ့က သိပ်အခင်ကြီးတော့ မဟုတ်ဘူး။ တစ်ခါက ရုံးနားက ထမင်းဆိုင်မှာ သူငယ်ချင်းတွေစုပြီး နေ့လည်စာ အတူစားတုန်းက သူ့ကောင်မလေးက တရုပ်မလေးလို့ ပြောတာပဲ၊ ဖိတ်စာထဲမှာလဲ အဲဒီမိန်းကလေးနာမယ်ပဲ”

“ဒါဆို ကောင်မလေးက ဘာသာပြောင်းလိုက်တာများလား”

“မသိဘူး။ မြန်မြန်မောင်းလေ.. နောက်ကျနေပြီ”
ဆာရီပုဝါကို လည်ပင်းမှာ ကသောကမျောပတ်ပြီး စိတ်လောစွာပြောလိုက်သည်။

“မောင်းနေပါတယ်ဗျာ.. ဒါနဲ့ လမ်းသိတယ်ဆို။ ခု ဘယ်လိုဖြစ်ပြီး လယ်ကွင်းတွေထဲ ရောက်နေတာလဲ”

“ဟင်.. မသိဘူးလေ.. မြေပုံတိုင်းလာနေတာပဲဟာ.. ဟော ရှေ့မှာရှေ့မှာ မှုန်ဝါးဝါးမြင်နေရပြီ။ အဲဒီ အဆောက်အဦးပဲ”

အဆောက်အဦးရှေ့ရောက်တော့ ၀တ်ကောင်းစားလှတွေနှင့် ဧည့်သည်တွေ၊ ဧည့်ကြိုတွေကိုတွေ့လိုက်ရသည်။ အဆောက်အဦးအပေါက်ဝရောက်တော့ လူတွေဟိုတစ်စု ဟိုတစ်စု စကားပြောနေကြသည်ကို ဆာရီတကားကားနှင့် ကျော်ဖြတ်ပြီး ဧည့်ကြိုခမ်းမထဲ ၀င်ခဲ့သည်။ ဧည့်ကြို ခမ်းမထိပ်က အဖြူစွတ်စွတ်စားပွဲပေါ်က မင်္ဂလာမောင်နှံ၏ ဓာတ်ပုံကြီးကို ကြည့်ပြီး မျက်မှောင်ရှုံ့ပစ်လိုက်မိသည်။

“ဟင်”

“ဘာဖြစ်လို့လဲ”

“သတို့သမီးက တရုပ်မလေးလဲ မဟုတ်ဘူးနော်”

“ဘယ်လိုဖြစ်တာလဲ၊ တရုပ်မလေးနဲ့ ယူတာဆို”

“အဲ.. မသိဘူး။ အိမ်က သဘောမတူလို့ထင်တယ်”

“ထားလိုက်တော့ သတို့သမီးကို နှုတ်ဆက်ရင်လဲ နာမယ်မှားပြီး သွားမခေါ်နဲ့ဦးနော်”

“အင်းပါ..။ မဟုတ်ဘူး ဒီနာမယ်ပဲ.. တစ်ခုခု မှားနေတယ်၊ သိလား”

“ထားလိုက်တော့.. ဆို”

ခမ်းမထဲမှာ လူတွေပြည့်နေသည်။ နံရံအပြည့် ရုပ်မြင်သံကြား မှန်သားပြင်လေးခုပေါ်မှာ သတို့သားကို ပန်းဆီ၊ အမွှေးနံ့သာများနှင့် ပက်ဖြန်းနေသည်ကို မြင်နေရသည်။ လူတွေဝိုင်းအုံပြီး အမွှေးနံ့သာ ပက်ဖျန်းနေကြ၍ သတို့သားကိုတော့ ထိုင်နေသည့်နေရာမှ မမြင်ရ..။ ခမ်းမရှေ့က သတို့သမီးနှင့် သတို့သား ထိုင်ရန်နေရာကိုတော့ ကျောက်သံစီ ရောင်စုံ ဖဲ၊ ကတ္တီပါ၊ အ၀တ်များနှင့် လှပစွာ တန်ဆာဆင်ထားသည်။ ဗယာကြော်နံ့၊ ကြက်သားကင်နံ့၊ မဆလာနံ့တို့ သင်းပျံ့နေသည်။ ပတ်ဝန်းကျင်မှာလဲ မျက်နှာစိမ်းတွေချည်း။

“ကျွန်မတို့ သင်္ကြန်ပွဲအတိုင်းပဲနော်… အရမ်းတူတာပဲ၊ အပေါက်ဝမှာလဲ လူတွေ စုစု စုစုနဲ့၊ ခုံတွေရှိရဲ့သားနဲ့ ဘာလို့ ငြိမ်ငြိမ် မထိုင်ကြတာလဲမသိဘူး”
“အင်း”
“စားလေ”
“အင်း”
“……”
“ခဏနေ ပြန်ကြရအောင်”
“ပြန်လေ.. ”
“သတို့သား သွားနှုတ်ဆက်လိုက်ဦးလေ”
“ဟင့်အင်း၊ တနင်းလာနေ့ ရုံးရောက်မှ လာကြောင်း သွားပြောလိုက်မယ်”

အဆောက်အဦး အပြင်ကို ပြန်ထွက်လာတော့ ပန်းရင့်ရောင် နှင်းဆီကောင်းကင်က လှပနေသေးသည်။ ညနေခင်းလေပြေက ဗယာကြော်နံ့သင်းနေသည်။

“ဟိုနား သွားရပ်၊ ဓာတ်ပုံရိုက်ပေးမယ်”

“ဟင့်အင်း၊ ဘာလုပ်ဖို့လဲ”

“အော်.. လာသွားကြောင်း သက်သေလေ၊ တနင်္လာနေ့ကျတော့ ပြဖို့”

“အရေးထဲနော်… သက်သေမလိုပါဘူး၊ လာတယ်ဆို လာတယ်ပေါ့”

“သွားပါ.. သွားရပ်”

လှပသော အဆောက်အဦးကို နောက်ခံထားလျှက် ပန်းခြုံထဲ ၀င်ရပ်နေလိုက်သည်။
“ဟိုဘက်တိုးဦး”
“မရတော့ဘူး၊ ခြုံထဲ ပြုတ်ကျတော့မယ်”
“နောက်က အဆောက်အဦး နာမယ် မမြင်ရဘူး”
“ရိုက်တော့.. စိတ်ညစ်တယ်၊ ဒီမှာ ပန်းခြုံနဲ့ ဆာရီ ကလဲ ငြိနေတယ်၊ မြန်မြန်သာရိုက်”
“ရပြီ.. လာတော့”

ဆာရီကို မ ပြီး ကားဘက်ကို ပြန်လျောက်လာကြသည်၊ ကားထဲဝင်ထိုင် အပြီး ခြေထောက်အောက်မှာ ခိုးလို့ခုလု အသိတစ်ခုကြောင့် ငုံ့ကြည့်လိုက်သည်။
“အိုးးးး”
“ဘာဖြစ်ပြန်ပြီလဲ”
“ဘာဖြစ်ပြန်ရမှာလဲ၊ ဖိနပ်မှာ ပေပြီ ဟိုဟာ”
“ဘယ်ဟာလဲ”
“အားး စိတ်ညစ်တယ်… ဘယ်ဟာရှိရမလဲ”
“အနံ့မရပါဘူး”
“မသိဘူး၊ အတင်းခြုံထဲ ရပ်ခိုင်းတာကိုး”

ကားထဲက ကမန်းကတန်းဆင်းပြီး ဖိနပ်ကို သစ်ပင်တစ်ပင်အောက်က မြက်များနှင့် ပွတ်လိုက်သည်။
“တော်ပါသေးရဲ့.. ရွံ့တွေ”
“သေချာလို့လား၊ ကိုယ် သွားကြည့်မယ်.. ရွံ့ဟုတ်လို့လား”
“အင်.. ဘာလို့ကြည့်မှာလဲ။ ကြည့်လဲ ဘာထူးမလဲ၊ ရွံ့ပါလို့ဆိုနေ”
“မဟုတ်ဘူးလေ၊ သေချာအောင်ကြည့်မှာ”

ပန်းခြုံဘက်ကို ထွက်သွားသူကို နားမလည်နိုင်စွာငေးကြည့်နေမိသည်။ ပန်းခြုံနား ဟိုရှာဒီရှာ ရှာပြီး ပြန်လှည့်လာသည်။
“ဘာမှလဲ မတွေ့ဘူး”
“ဘယ်တွေ့မလဲ.. ဖိနပ်မှာ အကုန်ကပ်နေတဲ့ ဟာကို”
“….”
“ပြန်မယ်…”

ကားလေးက တရိပ်ရိပ် လယ်ကွင်းတွေကြားက ဖြတ်ပြေးနေသည်။ လယ်ကွင်းတွေရဲ့ အလယ်က စိုက်ခင်းတွေက စိမ်းစိုနေသည်။ ရထားလမ်းနှင့် ချောင်းလေးတစ်ခုကလဲ ငြိမ်သက်စွာ လှဲလျောင်းနေသည်။

“ကိုယ်တို့ ဘာလို့ လယ်ကွင်းထဲ ရောက်နေတာလဲ”

“ဒီလမ်းက ဖြတ်လမ်းလေ၊ ဆီကုန်သက်သာတာပေါ့.. အဟွန်း”

“မင်းဟာလေ.. လမ်း မသိရင်မသိဘူးပြောပါတော့လား”

“သိသားပဲ… တမင် မြို့ပြကို ငြီးငွေ့လွန်းလို့ ဒီလမ်းကိုရွေးလာတာ.. ဟိုနားက တောအုပ်စပ်လေးနားက ချောင်းလေးနား သွားထိုင်ရအောင်.. နော်”

“ကြံကြံဖန်ဖန်ကွာ၊ မှောင်တော့မယ်”

“မမှောင်သေးပါဘူး၊ ၁၀နာရီမှ နေ၀င်တာ… နော်၊ ခဏလေးပဲ”

“အင်းအင်း သဘော၊ သဘော”

ဆက်ရန်…

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips