♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

April 28, 2017

စင်

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 4:11 pm

stage2.jpg

စင်တစ်ခုပေါ်ရောက်ရင် အဲဒီစင်ကို အကြောင်းပြုလို့ ပြောချင်တာပြောလို့ရတယ်လို့ အချို့လူတွေက ထင်တတ်ကြတယ်။ စင်တစ်ခုပေါ်ကို တက်နိုင်ဖို့ဆိုတာ စင်ပေါ်တက်သူတစ်ဦးတည်းရဲ့ တော်ခြင်း၊တတ်ခြင်း၊ ပြီးပြည့်စုံခြင်းကြောင့် မဟုတ်ဘူး။ ဘေးက ပံ့ပိုးမှုပေါင်းများစွာပါတယ်။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ်။ အနုပညာစင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးစင်၊ စာပေရေးရာဟောပြောပွဲစင်၊ ဘာသာရေးစင်မြင့်တွေဖြစ်တည်လာဖို့ဆိုတာ ငွေအား၊ လူအား အကုန်လိုတယ်။ အားလုံးအတူတူဝိုင်းလုပ်ပြီးတဲ့အခါမှ စင်ပေါ်တက်သူတစ်ဦးဟာ စင်အောက်က ကိုယ့်ထက် ပိုပြီးပညာတတ်နိုင်တဲ့၊ အသက်ပိုကြီးနိုင်တဲ့၊ ဝါပိုကြီးနိုင်တဲ့၊ အတွေ့အကြုံပိုရှိနိုင်တဲ့ ပရိတ်သတ်ကို လေးစားမှု မရှိ၊ ပြောချင်ရာပြောတာတွေ မြင်ရကြားရဖန်များလာတဲ့အခါ အဲသလို ပြောချင်တိုင်းပြောလို့ ရပါသလားဆိုတဲ့ မေးခွန်းဖြစ်လာတယ်။

ပြည်ပရောက်လူတွေဟာ ပြည်တွင်းမှ ကိုယ်လေးစားချစ်ခင်တဲ့ အနုပညာသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို အလည်အပတ်ခေါ်လေ့ရှိတယ်။ စတိတ်ရှိုး၊ ဘာသာရေးပွဲ စသည်လုပ်ကြတယ်။ အဲသလိုလုပ်ဖို့ လူအားငွေအား  လိုတယ်။ လေယာဉ်ပျံဖိုးကအစ နေစရာ၊ စားစရာအပြင်၊ သူတို့ကို အလည်အပတ်ခေါ်သွားဖို့ ပြည့်စုံလုံလောက်တဲ့ facility အမျိုးမျိုး လိုတယ်။ ကိုယ်ဖိတ်ခေါ်လို့လာကြတဲ့ ည့်သည်တွေဆိုတော့ ည့်သည်လို ကောင်းမွန်စွာ ပြုစုချင်ကြတဲ့ ဆန္ဒတွေကိုလည်း မြင်နေရတယ်။ အလည်ခေါ်သွားတဲ့ နေရာတွေဆိုတာကလည်း မြိုခံတွေတောင် တော်ရုံမသွားတဲ့ ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ tourist attraction နေရာတွေဖြစ်တယ်။ ကော်ဖီလေးတစ်ခွက်ကိုတောင် ၂၅ဒေါ်လာပေးရတဲ့ နေရာတွေကို ခေါ်သွားကြတာမျိုးဖြစ်တယ်။

မှန်ပါတယ်။ မြန်မာအများစုဟာ နိုင်ငံခြားရောက်တော့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြရတာရှိတယ်။ အခြားအလုပ်ကြမ်းတွေလည်း လုပ်ကြရတာတွေရှိမယ်။ အဲသလိုပဲ အခြား ပရိုဖက်ရှင်နယ်အလုပ်တွေလုပ်နေသူတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်းမှာလိုပေါ့… လုပ်ငန်းအဆင့်အမျိုးမျိုးမှာ လူ့အလွှာအမျိုးမျိုးမှာ ကျင်လည်နေကြသလိုပါပဲ။ ပြည်ပမှ မြန်မာတွေဟာလည်း အလွှာမျိုးစုံမှာ ကျင်လည်ကြခြင်းပါ။ မည်သည့်အလွှာမှာကျင်လည်သည်ဖြစ်စေ မည်သည့်လုပ်ငန်းခွင်မျိုးမှာမဆို လုပ်ကိုင်နေကြသည်ဖြစ်စေ၊ သူတို့ဟာ သူများပစ္စည်းခိုးဆိုးဓားပြတိုက်စားနေသူများမဟုတ်၊ ရိုးသားဖြူစင်စွာ ဝမ်းစာရှာနေကြသူတွေ။ ဥပမာ.. ကိုယ်နေတဲ့ ဗင်ကူးဗားမှာ မြန်မာဆရာဝန် ၁၀ယောက်ရှိတယ်ဆိုရင်၊ စက်ရုံမှာလုပ်နေတဲ့ မြန်မာတွေ ရာချီရှိနိုင်တယ် (ပညာရေးစနစ်လိုအပ်မှုကြောင့် မြန်မာအများစုဟာ ဆရာဝန်၊ အင်ဂျင်နီယာ စသည်လောက်ကိုသာ အထင်ကြီးလေးစားတတ်တဲ့ စိတ်ရှိကြတာမို့ ဆရာဝန်များကို ဥပမာပေးရခြင်းပါ) အဲဒီတော့ ဒီလိုပွဲတွေကို ပံ့ပိုးသူအများစုဟာ စက်ရုံအလုပ်သမားတွေဖြစ်တယ်။ သူတို့ချစ်ခင်လေးစားသူ ဘာသာရေးသမားတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေကို သူတို့ရဲ့ ချွေးနည်းစာထဲက မစားရက်မသောက်ရက်စုပြီး ခေါ်ဖိတ်ပြီး စင်ပေါ်မှာ ဟောပြော၊ သီဆို စေကြတာဖြစ်တယ်။

ခေါ်ဖိတ်သူတွေရဲ့ ရင်တွင်းကလာတဲ့ ချစ်ခင်မြတ်နိုးစိတ်ကြောင့် ငွေကုန်ကြေးကြခံ၊ အလုပ်ပျက်ခံပြီး ခေါ်ဖိတ်လို့ စင်ပေါ်တက်လာသော အချို့သော ဘာသာတရားဟောသူတွေဟာ စင်အောက်ကလူတွေကို မိမိတက်နေသော စင်ကို အသုံးချပြီး ပယ်ပယ်နယ်နယ်တွယ်တတ်တာကို  မြင်ရကြားရတယ်။

“အမေရိကားတိုင်းပြည်ကိုတော့ ဓာတ်ပုံထဲက အိမ်ကြီးတွေ ကားကြီးတွေကြည့်ပြီး အထင်ကြီးလိုက်ရတာ၊ ရောက်လည်းရောက်ရော အဲဒီအိမ်တွေ၊ ကားတွေရဲ့ ပိုင်ရှင်တွေဟာ တစ်လတစ်လ ဘီလ်တွေ ပေးနေရတာ လက်လှမ်းတောင် မမှီဘူး.. ဟားဟားဟား”

“ဈေးထဲခေါ်သွားလို့ လိုက်သွားတယ် ခင်ဗျ။ ပစ္စည်းတွေကြည့်ကြရင်း သူက ကုတ်တွေ ဆု တွေ တစ်ထည်ပြီးတစ်ထည်ဝတ်ဝတ်ကြည့်ပြီး ဝယ်မလားလို့ စောင့်နေတာ။ အကုန်ချွတ်ပြီးထားခဲ့တယ်။ ဟေ့လူ.. မဝယ်ဘူးလား မေးတော့.. မဝယ်နိုင်ပါဘူးဗျာ.. ဝတ်ကြည့်ရနည်းလားလို့ ပြန်ပြောတယ်။ ဟားဟားဟား…… သြော်… နိုင်ငံခြား၊ နိုင်ငံခြား…. ရယ်ရတယ်ဗျာ”

“နိုင်ငံခြားဆိုပြီး အထင်မကြီးလိုက်နဲ့ ပွဲလုပ်တဲ့နေရာခမ်းမလေးတွေကလည်း ရယ်စရာလေးတွေ”

ဒါဟာ ရိုးရိုး motivation speaker တွေပြောတဲ့ စကားတွေတောင် မဟုတ်ဘူး။ ဒါဟာ ဘာသာရေးသမားဆိုသူတွေ ပြောတဲ့စကား။ အံ့သြမိတယ်။ အောက်ကလူတွေမှာလည်း မရယ်ချင်ဘဲ ရယ်နေကြလောက်အောင် ကိုယ်တို့မြန်မာတွေက အားနာတတ်တာပါလားလို့ မှင်သက်မိတယ်။  နောက်တစ်ခုက အိမ်တွေကားတွေကို အကြွေးတွေနဲ့ဝယ်တာပါကွာလို့ စင်ပေါ်မှ ပြောသူအများစုဟာ finance ကို နားမလည်ဘဲ လက်လွတ်စပယ် ပြောလိုက်တယ်ဆိုတာ ပေါ်လွင်သွားစေပါတယ်။ credit system, banking system, finance, commerce စသည်နဲ့ မကျွမ်းကျင်သူ၊ လုပ်ငန်းကြီးတွေနဲ့ မနီးစပ်သူဆိုတာ ပရိတ်သတ်တွေအနေနဲ့က ရိပ်မိသွားစေတယ်။

ပွဲလမ်းသဘင်တွေထက် ပင်လယ်ကမ်းစပ်မှာ ထိုင်ပြီး ပင်လယ်လှိုင်းတွေနဲ့ ငှက်ကျေးသံတွေနားထောင်ရတာ ပိုမက်မောတတ်သူကိုယ်ဟာ မြို့ခံတွေစီစဉ်သမျှ ပွဲတွေကို သိပ်မသွားဖြစ်ပါဘူး။ စီစဉ်သူအများစုဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်ကြမ်းလုပ်ပြီး ချွေးနည်းစာထဲကစုပြီး ရလာတဲ့ငွေတွေနဲ့ လေယာဉ်ခ၊ စားစရိတ်၊ ခရီးစရိတ်အပြင်…. ည့်သည် အနုပညာသမားတွေနဲ့ ဘာသာရေးဆရာတွေ၊ ဘုန်းကြီးတွေအတွက် အလှူငွေဆိုပြီး ပုံးကြီးတွေထဲ cash တွေ လှူတာထည့်တာများ သူတို့ရဲ့စိတ်စေတနာကို မြင်နေရတယ်။ အဲသလိုလူတွေကို အချို့သော အနုပညာသမားတွေနဲ့ ဘာသာရေးခေါင်းဆောင်ဆိုသူတွေဟာ စင်ပေါ်ကနေ ရိသဲ့သဲ့ပြောရုံမက၊ စော်ကားတဲ့အဆင့်ထိ ရောက်လာတာကို မြင်တွေ့နေရတော့တာပါပဲ။

ကနေဒါ၊ ယူအက်စ်၊ အင်္ဂလန်၊  စင်္ကာပူ၊ သြဇီ၊ မလေးရှား၊ ကိုးရီးယား၊ ထိုင်း တို့ဆိုတာ မြန်မာတွေအတွက် မိခင်တိုင်းပြည်တွေ မဟုတ်ဘူး။ မိခင်တိုင်းပြည်မဟုတ်တဲ့ နေရာတစ်နေရာမှာ အကြောင်းအမျိုးမျိုးကြောင့်လာနေပြီး ရပ်တည်နေကြသူတွေဟာ တတ်နိုင်သမျှ ည့်သည်တွေကို ပြုစုတဲ့အခါ လိုအပ်တာရှိမှာပဲ။ ကိုယ့်တိုင်းပြည်မဟုတ်လို့ ဟောလီးဝုဒ်က အော်စကာပွဲကျင်းပတဲ့ ခမ်းမကြီးတွေလိုမျိုးမှာ နာရီဝက်လောက်အတွက် ဒေါ်လာသိန်းချီပြီး ငှားပေးနိုင်ချင်မှ ငှားပေးနိုင်မယ်။ ဒါပေမယ့် သူတို့ တတ်နိုင်သမျှ ကြိုးစားတယ်။

တစ်ခါက အာဇာနည် ဗင်ကူးဗားကိုလာသွားတယ်။ ထုံးစံအတိုင်းပွဲမှာ ပွဲခင်းထဲ ကလေးတွေက ကလေးသဘာဝ ပျော်ပြီးအရမ်းဆော့တာပဲ။ fire alarm ကိုသွားဖြုတ်တာ fire alarm ထအော်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့တောင် လာရတယ်။ ခံစားချက်အပြည့်နဲ့ဆိုနေတဲ့ အာဇာနည်မှာ alarm ထမြည်တော့ တန်းလန်းကြီး။ အာဇာနည်တစ်ချက်အပြုံးမပျက်ဘူး။ ဒါ့အပြင်… ‘ကလေးတွေကတော့ ဒီလိုပါပဲ.. ကျွန်တော့သားတောင် ပါမယ်ထင်တယ်’ ဆိုပြီး ရယ်မောစနောက်ပြီး ပွဲကို ထိန်းသွားတယ်။ အင်တာဗြူးမှာလည်း ကနေဒါကို အကောင်းတွေချည်းပဲ ပြောသွားတယ်။ ဘယ်တိုင်းပြည်မှ အလုံးစုံမပြည့်စုံဘူး၊ အေးချမ်းမနေဘူး ဆိုတာ အာဇာနည်သိတာပဲ၊ အခြားလူတိုင်းလည်း သိတာပဲ။ မကောင်းတာချည်းပဲ ရွေးပြောလို့လည်း ရတာပါပဲ။ ဒါပေမယ့် သူဟာ သူများစေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီရွေးချယ်မှုကို ပြုခဲ့တယ်လို့ ကိုယ်ကတော့ ထင်မိတယ်။

ကိုယ့်မိဘတွေ သွန်သင်ဖူးတာကို ပြန်သတိရသွားစေတယ်။ သူများအိမ်သွားလည်ရင် ကောင်းတာ အကုန်ယူခဲ့၊ သူများကိုယ့်ကို စေတနာရှိလို့ ဖိတ်ခေါ်ကျွေးမွေးတာကို စားပြီး ဟင်းကမကောင်းဘူးတို့၊ ဆားကပေါ့တယ်တို့၊ အိမ်ကြီးကဘယ်လို၊ စသည်ကဲ့ရဲ့ပြောဆိုခြင်း မပြုရဘူးဆိုတဲ့ သွန်သင်ပေးမှုမျိုးကို ပြန်သတိရစေတယ်။

နိုင်ငံခြားမှာနေပြီး နေရင်းထိုင်ရင်း ဘဝင်မြင့်နေသူ၊ နိုင်ငံခြားက ပြန်သွားရင်ကို ရေသောက်ပြီးဝမ်လျောကာ နေ့ချင်းညချင်း ဒုက္ခရောက်တော့မယ့်ပုံလုပ်တတ်သူတွေ၊ နိုင်ငံခြားသားတွေတောင် မြန်မာလိုသင်၊ မြန်မာပြည်မှာ အလုပ်လုပ်နေချိန်… မြန်မာပြည်တစ်သက်လုံးနေလာ၊ ကျောင်းတွေတက်လာတဲ့ မြန်မာတွေက မြန်မာစကား မေ့ရတာနဲ့၊ ဖုန်ကထူရတာနဲ့၊ ကိုယ့်ဟာကိုယ် မြန်မာအစာတွေ မစားရတာကြာလို့ အကုန်လျှောက်စားပြီးကာမှ ဗိုက်နာလို့ ဝမ်းလျောလို့၊ ဒါ့အပြင် နေရင်းထိုင်ရင်း လေဆိပ်က တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို (ယခင် အစိုးရဝန်ထမ်းဆိုတာနဲ့ အကြိတ်အခဲရှိထားတဲ့ စိတ်အခံတွေနဲ့) လေဆိပ် ဝင်သွားလိုက်တာနဲ့ မချေမငံပြောဆို စော်ကားချင်တဲ့ နိုင်ငံခြားပြန်ဆိုသူတွေလည်း အများကြီးရှိတော့ ပြည်တွင်းကလူတွေမှာ အချို့သောနိုင်ငံခြားပြန်မြန်မာတွေဆို အမြင်မရှင်းဖြစ်နိုင်တာတွေကိုလည်း နားလည်တယ်။

ဒါပေမယ့် အားလုံးက ဒီလူဒီလူတွေပဲ မဟုတ်ပါလား။ နိုင်ငံခြားက မြန်မာတွေနဲ့ မဆက်ဆံချင်လို့ မရသလို၊ နိုင်ငံခြားက မြန်မာတွေကလည်း ပြည်တွင်းက မြန်မာတွေနဲ့ မဆက်ဆံချင်ဘူးလို့ လုပ်လို့မရအောင် ကိုယ်တို့အားလုံးဟာ ယှက်နွယ်နေတာပါ။

ကိုယ်တိုင်လည်း ငယ်စဉ်က နိုင်ငံခြားထွက်သွားတဲ့ အကြီးတို့ ဦးကြီးတို့ အစ်ကို အစ်မတွေကို တိုင်းပြည်ကို မချစ်လို့ စွန့်ခွာသွားတယ် မြင်တာ။ တစိမ်းတရံစာတွေလို့ ခံစားရတဲ့အပြင်၊ တိုင်းပြည်နဲ့မသက်ဆိုင်ဘူးလို့ ထင်ခဲ့တယ်။ တကယ်ကတော့ နိုင်ငံခြားသွားတယ်ဆိုတာ ကမ္ဘာကြီးပြားလာတာနဲ့အမျှ တောင်ကြီးတို့ မေမြို့တို့ကနေ ရန်ကုန်တို့ မန္တလေးတို့မှာ အလုပ်သွားလုပ် ကျောင်းသွားတက်တဲ့ သဘောမျိုးထက် ဘာမှ မပိုပါဘူး။


နိုင်ငံရပ်ခြားရောက်နေတဲ့ အချို့သော မြန်မာတွေဟာဆိုရင် စစ်အာဏာရှင်ကို ဘဝပျက်ခံပြီး တိုက်ပေးခဲ့ကြတယ်။ တိုင်းပြည်ရဲ့တံခါးတွေပိတ်ခဲ့စဉ်ကာလကလည်း အဲဒီလူတွေပဲ ဖယောင်းတိုင်တွေထွန်းပြီး ထောင်ကျနေသမျှ လူတွေအတွက် ဆုတောင်းပွဲတွေ လုပ်ပေးခဲ့ကြတာ အေးခဲတဲ့ဆောင်းနှင်းတွေကြား ကလေးပစ်၊ အလုပ်ပစ်၊ အိုးပစ်အိမ်ပစ်ပြီး မြို့တော်ခမ်းမလို နေရာတွေမှာ ရက်ပေါင်းများစွာ အစာငတ်ခံဆန္ဒပြတာတွေလုပ်ခဲ့တယ်။ အချို့ဆို အလုပ်တောင် ပြုတ်တယ် ကြားတယ်။ တိုင်းပြည်လည်း စစ်အာဏာရှင်စနစ် မကျင့်သုံးတော့ဘဲ တံခါးတွေလည်းပွင့်ကော အဲဒီလူတွေကို မလိုတော့တဲ့ငြမ်းတွေလို ပြောဆိုနေကြတာတွေကို မြင်နေရတယ်။


အဆိုးဆုံးကတော့ ချစ်ခြင်းမေတ္တာတရားကို ရှေ့တန်းတင်ရမယ့် ဘာသာရေးဆရာဆိုတဲ့ motivation speaker တွေက စင်ပေါ်ကနေပြီး ပရိတ်သတ်ကို အားမနာဘဲ ပြောချင်ရာပြောတဲ့စကားတွေကို ကြားရတာ စိတ်မသက်သာ။ နယ်ခံတွေဖိတ်ခေါ်လို့လည်း လာတယ်၊ ရက်ပေါင်းများစွာ အပင်ပန်းခံချက်ပြုတ် တည်ခင်းတဲ့ နံနက်စာ၊ နေ့စာ၊ ညစာတွေကိုလည်း စားတယ်၊ ခေါ်သွားတဲ့ torrist attraction လို ဈေးကြီးနေရာတွေကိုလည်း လိုက်တယ် (တစ်ခါမှ သူတို့လည်း တစ်လှည့်ထုတ်ပါရစေဆိုတာ မရှိစေရအောင် ပြုစုတယ်) ပြီးတော့ အဲဒီလူတွေကို စင်တွေပေါ်ကနေပြီး နိုင်ငံခြားနေသူများဆိုတဲ့ ခေါင်းစဉ်အောက်မှာထားကာ သာသာနဲ့နာနာနှက်နေတာမြင်ရကြားရတော့ ထိုသူတွေကို ချစ်ခင်လေးစားစိတ်နဲ့ ခေါ်ဖိတ်သူတွေအတွက် စိတ်မကောင်းဖြစ်မိရင်း နိုင်ငံရေးသမားလည်း မဟုတ်.. ဘာသာရေးသမားလည်း မဟုတ်တဲ့ ကိုယ်ဟာ.. ဘေးကကြည့်ရင်း ခပ်ဝေးဝေးနေမိတာ မှန်တယ်လို့ပဲ တရားရနေမိတော့တယ်။

 

 

အိမ့်ချမ်းမြေ့

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------