♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 7, 2016

ကနေဒါ - အမေရိကားနှင့် ရန်ကုန် ( ၃ )

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:29 am

 keychain.jpg
ရန်ကုန်ဘူတာကြီးရှေ့မှ ကျွန်တော်တို့ငှားစီးလာသော တက္ကစီသမားသည် အဲကွန်းဖွင့်မောင်းပေးသော်လည်း ကျွန်တော်တို့အား မျှော်စင်ကျွန်းဘက်ကို မပို့ပေး။ ကျွန်တော်တို့တစ်သိုက်အား မလိမ့်တစ်ပတ်ဖြင့် ဖျံကျကာ ကရ၀ိတ်ရှိရာ ၀င်ပေါက်ဘက်နားသာ ပို့ပေးလေ၏။ ကျွန်တော်သည် ဘာပဲဖြစ်ဖြစ် ကွန်ပလိမ်းမတက်တော့ပါဘူးလေဟု တွေးကာ မလေးတို့တစ်သိုက်အား ဦးဆောင်၍ ၀န်းထဲသို့ ၀င်ရန်ပြင်လေ၏။အပေါက်ဝနားမှ ပန်းခြံဝင်ခွင့် စတေကာကပ်သည့်ကောင်လေးအား ဘယ်လောက်လဲဟု ကျွန်တော်က မေးရာ သူက ထောင့်နှစ်ရာဟု ဖြေလေ၏။ ထိုအခါ ကျွန်တော်က…

ဘာ… တစ်ယောက်ကို ထောင့်နှစ်ရာ၊ ဟုတ်လားဟု သွေးပျက်စွာ မေးရာ အသံနည်းနည်းကျယ်သွားခြင်းကြောင့် ထင်၏။ ထိုကောင်လေးက နည်းနည်းလန့်သွားပုံဖြင့် …

မဟုတ်ဘူးလေ။ အားလုံးကို ထောင့်နှစ်ရာပါဟု လေပြည်ထိုးကာ စတေကာဝိုင်းလေးတစ်ခုအား ကျွန်တော့်ပခုံးပေါ်မှာ ညင်သာစွာ ကပ်ပေးရှာ၏။

ထို့နောက် ၀င်ခွင့်စတေကာကိုယ်စီဖြင့် ကျွန်တော်တို့တစ်သိုက်သည် အတွင်းသို့ ၀င်ခဲ့ကြ၏။ တစ်နေရာအရောက်တွင် ရေစပ်၌ ရုပ်ရှင်ရိုက်နေကြသော ရိုက်ကွင်းတစ်ခုကို မြင်ကြရ၏။

မင်းသမီးလေးသည် ကျွန်တော်တစ်ခါမျှ မမြင်ဖူးသော ပေါက်စနိုး ပေါက်စနလေးဖြစ်၏။ ဒူးအောက်နား မရောက်တရောက်ရှိသည့် တစ်ဆက်တည်း တစ်ဖြောင့်တည်း ချောကလက်ရောင် လက်ပြတ် ဂါဝန်ရှည်ကို ၀တ်ထားတာ တွေ့ရ၏။ ထိုဒီဇိုင်းသည် ခုခေတ်စားနေသော နောက်ဆုံးပေါ် ဒီဇိုင်းလားတော့ မသိပါ။ ကျွန်တော့်စိတ်ထဲတွင်တော့ ဖျာပုံထည်လို ပုံတုံးသော ဒီဇိုင်းမျိုးဟု ထင်မိတာ အမှန်ပင်။ ဆံပင်များကတော့ လှိုင်းတွန့်လေးများနှင့် မတိုမရှည်။

ထိုမင်းသမီးလေးသည် ပန်းရောင်မိုးပျံပူပေါင်းတစ်တွဲကြီးပါသော အမိုးပွင့် ပြိုင်ကားလှလှလေးလေးဘေးတွင် ရပ်နေ၏။ မင်းသမီးဘေးမှာကတော့ မင်းသားတစ်ယောက် ရှိနေ၏။ သူသည် ကျွန်တော့်လို သေးသေးကွေးကွေး လူ့ဖလံလေးပင် ဖြစ်၏။ အကောင်လေးက သေးရသည့်ကြားထဲ ကိုယ်ကျပ်ဘောင်းဘီရှည်ကို ကျပ်ထုပ်နေအောင် ၀တ်ထားလေသည်။ ပူရသည့်အထဲ ကုတ်အင်္ကျီရှည်ကို ၀တ်ထားသေး၏ ခေါင်းပေါ်မှ ဆံပင်ဒီဇိုင်းကတော့ နာနတ်သီးပုံပင်။ ဘေးအကုန်အပြောင်ရှိတ်ထား၍ ထိပ်တည့်တည့်မှာ ကြက်တောင်စည်းထားသော ဒီဇိုင်းဖြစ်လေ၏။

ထိုအချိန်တွင် မလေးသည် ထိုရိုက်ကွင်းအား ဓာတ်ပုံရိုက်ရန် ကျွန်တော်တို့ဘေးမှ ထွက်သွားလေတော့၏။ မဟေမာန်သည် မင်းသမီးလေးကို ငေးကာ…

နေပါဦး၊ ဒီကောင်မလေးနာမည် ငါသိပါတယ်။ ဘယ်သူပါလိမ့်၊ ကျွတ်စ်၊ ဟင်းး

ဟု ဆိုသောစကားကို ကြက်တူရွေးစာအံသလို တတွတ်တွတ် ရွတ်နေလေတော့၏။ ကျွန်တော်သည် နားကြားပြင်း ကပ်လွန်းမိလာသဖြင့် သေချာသိအောင် ခင်ဗျား သွားမေးကြည့်လိုက်ပါလားဗျာဟု အငေါ်တူးမိလိုက်သေး၏။

သို့သော် ကျွန်တော်ကတော့ ထိုမင်းသမီးလေးအား အရှင်းမသိသည့်အပြင် မင်းသားပိစိလေး၏ ထူးခြားသော အဆင်အပြင်ကိုငေးရင်း ဘေးမှ နတ်ရဲအား မနေနိုင်တော့ဘဲ …

မင်းသားလုပ်တဲ့ကောင်လေးရဲ့ ကေနဲ့ ဒီဇိုင်းက လန်းတယ်နော် ဟု ပြောမိရာ နတ်ရဲက ကျွန်တော့်ဘက်လှည့်၍…

အဲဒါ ကောင်လေးမဟုတ်ဘူးလေ ကိုဏီ၊ ဦးခင်လှိုင်လေ ဟု ပြန်ဖြေလေ၏။ ထိုအခါမှ ကျွန်တော်သည် မင်းသမီးလေးအား ဦးခင်လှိုင်ထက် ပိုအာရုံစိုက်နေမိတာကို ပြန်သတိရမိလေတော့၏။ နည်းနည်းလှမ်းတာမို့ သိပ်မသဲကွဲဘဲ ရမ်းတုတ်မိသော အဖြစ်ကိုလည်း ရှက်မိရသေး၏။

ထို့နောက် ကျွန်တော်သည် မလေး ဓာတ်ပုံရိုက်ဖို့သွားသည့်နေရာအား လှမ်းအကဲခတ်မိ၏။ ထိုအခါ စက်အဖွဲနှင့် နီးသည့်နေရာတွင် သူ့ကင်မရာကြီးထုတ်၍ အကျအန ဓာတ်ပုံရိုက်နေသော မလေးကို တွေ့ရသဖြင့် စက်အဖွဲ့ကများ နှင်ထုတ်လိုက်လေမလားဟု စိုးရိမ်ကာ မလေးနားသို့ မယောင်မလည်ဖြင့် သွားမိလေ၏။

ထိုအနားအရောက်တွင် အနီးရှိ နိုင်ငံခြားသူက မလေးအား အင်္ဂလိပ်လိုမေးလေရာ မလေးကလည်း အင်္ဂလိပ်လို ကျွမ်းကျင်စွာ ရွှတ်ခနဲ ဒက်ခနဲ ပြန်ပြောလေ၏။ မင်းသမီး၏ အဖော်ဖြစ်ဟန်တူသော စက်အဖွဲ့နောက်မှ ဆေးရောင်စုံ ကောင်မလေးတစ်သိုက်သည် မလေးအား အားကျသော မျက်လုံးများဖြင့် ငေးနေတာကိုလည်း မြင်ခဲ့ရသေး၏။

ကျွန်တော်ကတော့ ဘိုသံသိပ်ပီပြင်သွားလျှင် သိပ်နားမလည်တတ်တော့တာ အမှန်ပင်။ ထို့ကြောင့် ထိုနေရာမှ အခွာတွင် အဲနိုင်ငံခြားသူက ဒါကို ရုပ်ရှင်ရိုက်ကွင်းမဟုတ်ဘဲ အပျော်တမ်း ဓာတ်ပုံရိုက်တာ၊ မွေးနေ့စပရိုက်လုပ်တာမျိုးလို့ ထင်နေတာဟု မလေးက ရှင်းပြလေမှ ကောင်းကောင်း သဘောပေါက်လေတော့၏။

ထို့နောက် ကျွန်တော်တို့သည် ထိုနေရာမှ ဆက်လျှောက်ခဲ့ကြ၏။ သူတို့အား သန့်စင်ခန်း လိုက်ရှာပေးရသေး၏။ ထို့နောက် သန့်စင်ခန်းသွားကြသည့် သူတို့ကို စောင့်ရင်း ပန်းချီများ၊ အမှတ်တရပစ္စည်းများ ရောင်းသည့် ဆိုင်ခန်းလေးများနားရှိ မြက်ခင်းဘောင်လေးပေါ်တွင် လွယ်ထား၊ ဆွဲထားသမျှ အထုတ်အပိုးများကို ဖုတ်ခနဲ ဖုတ်ခနဲ ပစ်ချကာ ကျွန်တော် ထိုင်ချမိတော့၏။ သူတို့ကို ဟန်လုပ်ကာ ရောက်စေချင်၍ ခေါ်ခဲ့မိသော်လည်း ကျွန်တော်လည်း တော်တော်မောနေပြီမို့ပင်ဖြစ်၏။ ထို့ကြောင့် နားနားနေနေထိုင်ရင်း အေးအေးဆေးဆေး ဆေးလိပ်သောက်မိလေတော့၏။

သန့်စင်ခန်းမှ ပြန်ထွက်လာကြပြီးနောက် မလေးကတော့ ပတ်ဝန်းကျင်ကို သူ့အိတ်ထဲမှ ကင်မရာကြီးဖြင့် ဓာတ်ပုံရိုက်လေ၏။ ထို့နောက် ကျွန်တော်က ထိုကင်မရာကြီးကိုသုံးကာ ထိုဆိုင်များနှင့် မလေးကိုတွဲရိုက်ပေးရပြန်သည်။ တကယ်တော့ ကျွန်တော်သည် ဖုန်းများနှင့်သာ ဓာတ်ပုံရိုက်တတ်သူ ဖြစ်၏။ ဒါတောင်မှ တချို့အဆင့်မြင့်ဖုန်းတွေဆို သိပ်မကိုင်တတ်ပါ။ မလေး၏ ကင်မရာလိုမျိုးနှင့်ဆို ပိုဝေးပါသည်။ ထို့ကြောင့် ဒီကင်မရာကြီးဖြင့် ဓာတ်ပုံရိုက်လျှင် ဘယ်ဟာကိုနှိပ်ရမလဲ၊ ဘယ်ထဲကို ချောင်းကြည့်ရမလဲဆိုတာကို မလေးထံမှာ အရင် သင်တန်းတက်ရသေးတာ အမှန်ပင်တည်း။

1 Comment »

  1. ဦးခင်လှိုင်ရဲ့ ကောင်လေးပိစိပုံကိုမြင်ယောင်ပြီး ရယ်သွားတယ်

    Comment by ငြိမ်းမိန်းကလေး — December 7, 2016 @ 6:57 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------