♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 29, 2016

ကနေဒါ - အမေရိကားနှင့် ရန်ကုန် ( ၂ )

Filed under: ၀တ္ထု (Novels) — မလေး @ 2:03 am

 train.jpgနောက်တစ်နေ့ဖြစ်သော နိုဝင်ဘာ ၁၈ရက်တွင် ၁၇ရက်နေ့က အစီအစဉ်ဆွဲထားသည့်အတိုင်း မလေးတို့နှင့် ချိန်းဆိုထားရာ ရန်ကင်း ကျောက်ကုန်းအနီးမှ ဘောက်ထော်မှတ်တမ်းရုံးနားသို့ ကျွန်တော် သွားလေသည်။ မလေးသည် ကျွန်တော် ဘတ်စ်ကားပေါ်မှာ ရှိစဉ်တွင် ဖုန်းဆက်၍ သူရောက်ခါနီးပြီဖြစ်ကြောင်း လှမ်းပြောလေ၏။ သူသည် သူ့သူငယ်ချင်းတစ်ယောက်က နေ့လယ်စာကျွေးနေတာကို အမုန်းဆွဲပြီးမှ လာခြင်းဖြစ်ကြောင်း ပြောသေး၏။

ထို့ကြောင့် ကျွန်တော်သည် သူမရောက်လောက်သေးဟုထင်ကာ ကျောက်ကုန်းမီးပွိုင့်တွင် ဘတ်စ်ကား ပွိုင့်မိသွားခိုက် နိုင်ငံကြီးသားပီသစွာ ကားပေါ်မှ ခုန်ဆင်း၍ မှတ်တမ်းရုံးဘက်သို့ ဆေးလိပ်တဖွာဖွာဖြင့် အေးဆေးလမ်းလျှောက်မိတော့၏။ နေ့ခင်း ဆယ့်နှစ်နာရီကျော်အချိန်မို့ နေက ပူလွန်းလှသဖြင့် ကျွန်တော်သည် တတ်နိုင်သမျှ လမ်းဘေးကပ်ကာ သစ်ပင်ရိပ်များကို ခိုလှုံရင်း လျှောက်မိလေ၏။ လျှောက်ရင်း လမ်းတစ်ဖက်မှ ဆိုင်ခန်းများကိုလျှောက်ငေးကာ မလေးလာလျှင် ဘယ်ဆိုင်မှာထိုင်ကြရင် ကောင်းမလဲဟု စဉ်းစားမိလာသေး၏။

ထိုသို့ လျှောက်လာရင်း ချိန်းထားကြသည့် မြ၀တီမဂ္ဂဇင်းတိုက်ရှိရာ အ၀င်အ၀ ဂိတ်နေရာကို အမှတ်တမဲ့ ကျွန်တော် ကျော်သွားမိသည်။ ထိုစဉ် အနောက်မှ…

ကိုဏီ ကိုဏီ ဟု ခေါ်သံကြား၍ လှည့်ကြည့်မိရာ မြန်မာအင်္ကျီ၊ ချိတ်လုံချည်တို့ဖြင့် မလေးကို တွေ့ရလေတော့၏။ မလေးသည် ဂိတ်ဝရှိ နားနေဆောင်လေးထဲမှနေ၍ ကျွန်တော့်ကိုမြင်သော်လည်း ကျွန်တော်က သူ့ကိုမမြင်ဘဲ ကျော်သွားမိသဖြင့် အနောက်မှ ပျာပျာသလဲ လိုက်ခေါ်ရရှာခြင်း ဖြစ်လေသည်။ ကျွန်တော့်စိတ်ထဲတွင်လည်း မလေးမရောက်လောက်သေးဘူးဟု ထင်ထားမိတာလည်း ပါပါသည်။

ထို့နောက် ကျွန်တော်တို့မောင်နှမသည် လှည်းတန်းမှ လာကြမည့် မဟေမာန်တို့သားအမိကို စောင့်ရန် သပြေရိပ် လက်ဖက်ရည်ဆိုင်ထဲသို့ ခဏ၀င်စောင့်ကြလေ၏။ ကျွန်တော်တို့နှစ်ယောက် ဆိုင်ထဲရောက်၍ ထိုင်ရုံရှိသေးသည်။ မဟေမန်နှင့် နတ်ရဲတို့သားအမိနှစ်ယောက်ပါ ရောက်လာလေတော့၏။ သူတို့သည် ဖုန်းမဆက် ဘာမဆက်ဘဲ ကျွန်တော်တို့ ထိုင်မိသော လက်ဖက်ရည်ဆိုင်ကို တန်းတန်းမတ်မတ် ရောက်လာကြသဖြင့် ကျွန်တော်က အံ့သြသင့်စွာ မေးမိတော့ မဟေမာန်က…

ညည်းတို့မောင်နှမတွေ အရှေ့က လျှောက်သွားနေတာကို ကျုပ်တို့သားအမိတွေက နောက်ကနေမြင်ပါ့။ ဒါကြောင့် အေးဆေး လိုက်လာတာဟု ဂုဏ်ယူဝံ့ကြွားစွာ ဖြေလေသည်။

လက်ဖက်ရည်ဆိုင်တွင် တောပြော တောင်ပြောနှင့် အမောတွေဘာတွေဖြေကာ ခဏထိုင်ကြပြီးနောက် မြ၀တီမဂ္ဂဇင်းတိုက်သို့ ကျွန်တော်တို့သွားကြ၏။ ထိုဝန်းကြီးသည် သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးချမ်းတိတ်ဆိတ်လှသဖြင့် ကျွန်တော်က နတ်ရဲအား…

ဒီနေရာလေးမှာ ဖျာလေးခင်းပြီး စာလေးအေးဆေးရေးရရင် သိပ်ကောင်းမှာပဲနော် ဟု ပြောမိရာ နတ်ရဲက…

ဟုတ်တယ် ကိုဏီ။ ညီဆို စာရေးရင်း အိပ်ပျော်သွားမှာတောင် စိုးမိတယ်။ ဟီးဟီးဟု ပြန်ပြောလေ၏။

ထို့နောက် မဂ္ဂဇင်းတိုက်ထဲဝင်ကာ မလေး၏ စာမူပါထားသမျှ တစ်နှစ်စာ မြ၀တီ၊ ငွေတာရီစသည့် မဂ္ဂဇင်းများနှင့် ကျွန်တော့်စာမူပါသော ၂၀၁၆ ဒီဇင်ဘာလထုတ် မြ၀တီမဂ္ဂဇင်းများအား ထုတ်ယူကြသည်။ မလေးနှင့် နတ်ရဲတို့၏ စာအုပ်မိတ်ဆက်ပွဲလေးအတွက် ဖိတ်စာများပေးမိကြ၏။

အပြန်တွင် ၁၉၅၂ ခုနှစ်မှစ၍ အခုချိန်ထိ ထွက်ဖြစ်သမျှသော မဂ္ဂဇင်းဟောင်းများအား ခင်းကျင်းပြသထားရာ အခန်းလေးအား ခဏ၀င်ရောက်ကြည့်ပါရစေဟု ခွင့်တောင်းကြရာ သဘောကောင်းသော တာဝန်ရှိလူကြီးက ကျွန်တော်တို့ကို ကြည်ကြည်သာသာ ခွင့်ပြုခဲ့လေ၏။ ကျေးဇူးတင်ရပါသည်။

မြ၀တီတိုက်မှ အထွက်တွင် မနေ့က မြို့ပတ်ရထားစီးချင်သည်ဟု ဆန္ဒပြုထားသော မလေး၏ တောင်းဆိုချက်အား အကောင်အထည်ဖော်ရန် ဘောက်ထော်ဘူတာသို့ သွားဖို့ပြင်မိကြ၏။ မှတ်တမ်းရုံးမှနေ၍ ဘောက်ထော်ဘူတာသို့ သိပ်မဝေးတော့သော်လည်း နေပူလွန်းသော နေ့ခင်းပိုင်းကြီးဖြစ်နေတာမို့ ကားငှားကြသည်။

တချို့ကားဆရာများသည် လမ်းမသိလည်း လိုက်ချင်ကြ၏။ တချို့ကျတော့ ခရီးအကွာအဝေး သိပ်မရှိတာကို ဈေးပိုတောင်းရဲကြ၏။ ရရင်လည်း အမြတ်၊ မရရင်လည်း အရင်းဟု သူတို့ထင်ကြမလားတော့ မသိပါ။ သို့သော် သူတို့အစား ကျွန်တော် နည်းနည်းတော့ ရှက်မိတာ အမှန်ပင်။

ဘောက်ထော်ဘူတာရုံနားအရောက်တွင် ကျွန်တော်တို့သည် ကားပေါ်မှဆင်း၍ သံလမ်းအတိုင်း လမ်းနည်းနည်းလျှောက်ကာ ဘူတာရုံအဆောက်အဦရှိရာသို့ သွားကြ၏။ မလေးသည် ထိုကဲ့သို့လမ်းများအား မလျှောက်ဖြစ်တာ ကြာပြီမို့လားမသိ။ သူ့ကင်မရာအိတ်၊ ဆလင်းဘတ်အိတ်တို့ဖြင့် ယိုင်တိယိုင်ထိုး ဖြစ်နေရှာလေ၏။ သို့သော် သူသည် သံလမ်းဘေးမှ ဘောက်ထော်ဘူတာဟူသော အဖြူအမည်း မတ်တပ်ဆိုင်းဘုတ်လေးနားအရောက်တွင် ကိုဏီ… မလေးကို ဓာတ်ပုံရိုက်ပေးပါဦးဟု သူ့ဖုန်းလေးကို ပေးကာ ရိုးရာမပျက် တောင်းဆိုလာလေတော့၏။

ကျွန်တော်သည် လွယ်ထားသော စာအုပ်အိတ်များ၊ လက်ထဲမှအိတ်များအား ပလက်ဖောင်းနားမှ မြက်ခင်းပေါ်သို့ ဖုတ်ခနဲပစ်ချကာ မလေးအား ဓာတ်ပုံရိုက်ရန် ပြင်လေ၏။ ထိုစဉ် အနီးရှိ အောင်နက်တို့အုပ်စုသည် အိပ်နေရာမှ ထကာ မလေးရပ်နေသော နေရာနားတွင် ဟိုဟိုဒီဒီ လမ်းသလားကြလေတော့၏။ ကျွန်တော့်မှာ ထိုကောင်များ မပါစေချင်၍ ရှောင်ရိုက်ဖို့ ကြိုးစားသော်လည်း မလေးကတော့ အောင်နက်တို့ကို ကြောက်၍ သိပ်တောင် မပြုံးနိုင်ရှာတော့ပေ။

ထို့နောက် ဘူတာရုံစင်္ကြန်အောက်သို့ ကျွန်တော်တို့သွားကြ၏။ အမိုးအောက်မှ ထိုင်စရာရှိသော နေရာတွင် အမျိုးသားတစ်ယောက်သည် ဒူးထောင်ပေါင်ကား ပက်လက်အိပ်နေခဲ့လေသည်။ ကျွန်တော်သည် ပထမတွင် ဒီနေရာမှာ မလေးနှင့် မဟေမာန်တို့ကို ခဏထား၍ ဟိုးတစ်ဖက်အစွန်ရှိ ကုန်းလေးပေါ်မှ လက်မှတ်ရောင်းသည့်နေရာတွင် ကျွန်တော်နှင့် နတ်ရဲတို့ လက်မှတ်သွားဝယ်ဖို့ စဉ်းစားမိထား၏။ သို့သော် ထိုင်နေ အိပ်နေကြတာက အမျိုးသားချည်းမို့ နတ်ရဲကို မလေးတို့နှင့် ထားခဲ့ကာ ကျွန်တော်တစ်ယောက်တည်း လက်မှတ်သွားဝယ်မိတော့၏။

ကံကောင်းသည်။ ကျွန်တော်တို့ လက်မှတ်ဝယ်ချိန်တွင် မြို့ထဲသို့သွားမည့်ရထားက လာခါနီးနေခဲ့ပြီ။ နှစ်နာရီ လေးဆယ့်ငါး ဆိုလား။ လက်မှတ်တစ်စောင်ကို တစ်ရာကျပ်ပေးရသဖြင့် ကျွန်တော်က ရန်ကုန်ဘူတာကြီးရောက်တာ သေချာပါတယ်နော်ဟု ဇဝေဇ၀ါမေးရာ လက်မှတ်ရောင်းသူက ဘူတာကြီးဟိုဘက်အထိ လိုက်စီးချင်ရင်တောင် ရသေးတယ်ဟု ရက်ရောသော လေသံဖြင့် ပြောလေ၏။

လက်မှတ်ဝယ်ပြီးနောက် ထိုဘူတာကုန်းနေရာလေးက သစ်ရိပ်ဝါးရိပ်တို့နှင့် အေးချမ်းသဖြင့် စောစောက နေရာမှ နတ်ရဲတို့အုပ်စုအား ဖုန်းဆက်ခေါ်မိသည်။ သူတို့ရောက်လာချိန်တွင် ခဏထိုင်ကြ၊ ရထားလာခါနီးပြီဟု ပြောရာ သူတို့က စိတ်စောနေကြ၏။ ကျွန်တော်က အေးဆေးပါဟု ပြောသော်လည်း မထိုင်ကြ။ ထို့ကြောင့် ကျွန်တော်သည် သံလမ်းပေါ်တက်၍ အကွေ့နေရာအား မျှော်ကြည့်ရာ ရန်ကုန်ဘက်သွားမည့် ရထားတစ်စင်းက ဥသြဆွဲ၍ လာနေတာကို တွေ့လိုက်ရလေ၏။

ထို့ကြောင့် လှမ်းခေါ်မိတော့ မလေးတို့အုပ်စုသည် ပျာပျာသလဲဖြင့် ကျွန်တော်ရှိရာ ပလက်ဖောင်းတစ်ဖက်သို့ ပြေးကူးကြလာလေတော့၏။ ထို့နောက် ရထားက ဘူတာဝင်လာရာ ကျွန်တော်က နောက်ဆုတ်နေကြ၊ ဒီမှာ ဆေးဖတီး မျဉ်းကြောင်းဘာညာ မရှိဘူးဟု သတိပေးရသေး၏။

ရထားသည် တွဲတို၏။ ထို့ကြောင့် ကျွန်တော်တို့ရပ်နေသော နေရာကို နည်းနည်းကျော်သွား၏။ နောက်မှ အပြေးအလွှား လိုက်ပြေးတက်ရာ နောက်ဆုံးတွဲ၏ နောက်ဆုံးပေါက်မှ တက်ကြရလေတော့၏။

ကျွန်တော်တို့တစ်အုပ်လုံး ရထားပေါ်သို့ ၀ရုန်းသုံးကားဖြင့် ရောက်ကြသောအခါ ရထားသည် ဂျိန်းခနဲမြည်၍ စထွက်လေတော့၏။ ကျွန်တော်ကတော့ ထိုင်စရာနေရာကို တွဲထဲတွင် မျက်စိကစားကာ ရှာမိလေ၏။ အားလုံး စုစုစည်းစည်း ထိုင်ရမည့် နေရာက မရှိ။ ထို့ကြောင့် နောက်ဆုံးတွဲမှနေ၍ အကုန် အတူထိုင်ဖို့နေရာရှာရန် တွဲကူးသွားရာ မလေးတို့အုပ်စုသည် ကျွန်တော့်နောက်မှ ယိမ်းတိုက်ထားသလို၊ ရှင်လောင်းလှည့်သလို တန်းစီကာ လိုက်ပါလာကြလေတော့၏။

တချို့နေရာများတွင် ရထားသည် အင်မတန် လှုပ်ခါလေ၏။ ထို့ကြောင့် တွဲဆက်နေရာများသည် မို့ချည် မောက်ချည်ဖြစ်ကာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေလေ၏။ သို့သော် တွဲကူးရာဝန်းကျင်ရှိ ဘေးဘက်တွေကတော့ အကာအရံနှင့်မို့ လုံခြုံပါသည်။ ထို့ကြောင့် ကျွန်တော်ကတော့ အမှုမဲ့အမှတ်မဲ့ ကူးသွားမိ၏။ ဒီကြားထဲ လိမ္မော်သီးသည်တစ်သည်က ထိုတွဲကူးနေရာတွင် ခြင်းတောင်းချကာ ပိတ်ရောင်းနေသေး၏။

တွဲများအား ကျွန်တော်နှင့် နတ်ရဲတို့ကသာ အလွယ်တကူ ကူးသွားသော်လည်း မြန်မာပြည်ပြန်ရောက်တာ လေးဆယ့်ရှစ်နာရီမပြည့်သေးသော မလေးနှင့် မဟေမာန်တို့ခမျာ နောက်မှာ ကျန်ခဲ့ကြရရှာ၏။ သူတို့ တွဲကူးဖို့ ကြောက်ကြလေသည်။ ထို့ကြောင့် စောင့်ခေါ်ရပြန်သည်။

ကျွန်တော်တို့သည် အကုန် စုစုစည်းစည်း ထိုင်လို့ရမည့် ထိုင်စရာတစ်နေရာကို နောက်ဆုံးမှာ တွေ့ကြလေသည်။ ထိုအချိန်တွင် နောက်တစ်ဘူတာသို့ပင် ရောက်ပြီးဖြစ်၍ ကျွန်တော်တို့အုပ်စုသည်လည်း ရထား၏ ထိပ်ဆုံးတွဲနားသို့ပင် ရောက်လုနေခဲ့လေပြီတည်း။ ထိုအခါမှ …

ငါဟာ မလေးတို့ကို သွားနေတဲ့ ရထားပေါ်မှာ တစ်ဘူတာစာ လမ်းလျှောက်ခိုင်းခဲ့မိပါသလားဟု တွေးကာ ရယ်ချင်မိသွားရသေး၏။

ထို့နောက် ကျွန်တော်တို့သည် ရထားပေါ်တွင် ဘေးလူတွေကြည့်တာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ရိုးရာမပျက် ဓာတ်ပုံရိုက်ကြပြန်၏။ တစ်ဘူတာစာလောက်ကျော်မှ အသီးသီး ငြိမ်ကြလေ၏။

တကယ်တော့ ကျွန်တော်လည်း မြို့ပတ်ရထားမစီးဖြစ်တာ နှစ်တွေတော်တော်ကြာခဲ့လေပြီ။ ဆယ်နှစ်တော့ ကောင်းကောင်းကျော်လောက်ပြီ။ အခုတော့ သူတို့ကောင်းမှု အကြောင်းပြု၍ ကျွန်တော်လည်း စီးဖြစ်သွားရခြင်းမို့ ကျေးဇူးတင်ရသေးသည်။ သတိထားမိသလောက်တော့ မြို့ပတ်ရထားတွဲများသည် ဟိုတုန်းကလို မဟုတ်တော့။ သူ့ဟာလေးနှင့်သူ အထိုက်အလျောက် သန့်သန့်ရှင်းရှင်းရှိကာ သပ်သပ်ရပ်ရပ်လည်း ရှိလှပါသည်။ ဆိုဖာတွေဘာတွေပါကာ အလိုအလျောက် တံခါးအဖွင့်အပိတ်စနစ်လေးတောင် ပါသေး၏။

သိပ်မကြာခင် ရန်ကုန်ဘူတာကြီးသို့ရောက်သောအခါ ကျွန်တော်တို့ ဆင်းကြလေသည်။ ဘူတာကြီး ကုန်းကျော်တံတားပေါ်တက်ကာ အောက်သို့ဆင်းဟန်ပြင်စဉ် မဟေမာန်က တ၀ါးဝါး သမ်းဝေလေ၏။ မလေးသည် မဟေမာန်အား ကရုဏာသက်လွန်းကာ သူ့ဟိုတယ်မှာ တစ်ဖွဲ့လုံး လိုက်နားဖို့ ပြော၏။ ညနေကျမှ အစ်မမြသွေးနီတို့နှင့် ချိန်းထားရာ လှည်းတန်းစင်တာသို့ သွားကြဖို့ပြော၏။ ကျွန်တော့်စိတ်ထင် သူပါ ဟိုတယ်မှာ ပြန်ခွေချင်နေပုံလည်း ရပါသည်။ စတွေ့စဉ်က ညက အိပ်မရလို့ မျက်လုံးတောင် မပွင့်ချင်ဘူးဟု ဆိုခဲ့သေးတာမို့ပင်။

သို့သော် မဟေမာန်က ရပါတယ်ဟု ပြော၏။ ကျွန်တော်ကလည်း အစီအစဉ်အတိုင်း သူတို့ကို ကန်တော်ကြီးထဲသို့ နားနားနေနေနေရန် ခေါ်သွားချင်သည်။ ထို့ကြောင့် မလေးခများ မဟေမန်နှင့် ကျွန်တော့်ကြား ဗျာများရရှာလေ၏။ နတ်ရဲကတော့ ကြားနေ၀ါဒ။ သူသည် ကျွန်တော်တို့အလယ်တွင် အငယ်ဆုံးမို့ သူ့အစ်ကိုတွေ အစ်မတွေ စီရင်သမျှကို လည်စင်းခံပါ့မည်ဟူသော မျက်နှာထားနှင့် ရှိနေခဲ့လေ၏။

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------