♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 29, 2016

ကနေဒါ - အမေရိကားနှင့် ရန်ကုန် (၁)

Filed under: ၀တ္ထု (Novels) — မလေး @ 2:00 am

နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျွန်တော့် Facebook မှ မက်ဆင်ဂျာထဲသို့ ကနေဒါမှ မြန်မာပြည်သို့ စာအုပ်မိတ်ဆက်ပွဲကိစ္စလေးဖြင့် ခဏပြန်လာတော့မည့် မလေး ( အိမ့်ချမ်းမြေ့ ) က မက်ဆေ့လေးတစ်စောင် ပို့ထားခဲ့သည်။

ကိုဏီ… မလေး ရောက်ပြီ။ ညနေကျရင် လာခေါ်ကြပါ။ တောသားကို ပစ်မထားကြပါနှင့် ဟူ၍။

ထို့နောက် သိပ်မကြာခင်တွင် စာအုပ်မိတ်ဆက်ပွဲကြောင့်ပင် အမေရိကားမှနေ၍ မလေးထက် နှစ်ရက်သုံးရက်ခန့် မြန်မာပြည်စောရောက်နေလေသော ထုတ်ဝေသူ မဟေမာန်က ကျွန်တော့်ကို ဖုန်းခေါ်လာပြန်သည်။

ကိုဏီ၊ ဟေမာန်နဲ့ သားနဲ့ အခု စာအုပ်ပွဲတစ်ပွဲသွားနေတယ်။ မလေးကလည်း ရောက်ပြီလို့ ပြောတယ်။ နှစ်နာရီလောက် ဆုံကြမလားဟူ၍။

ထိုအခါ ကျွန်တော်က ခပ်ငေါ့ငေါ့ ပြန်ပြောမိတော့၏။

“ အောင်မာ… ခင်ဗျားက ရန်ကုန်ကို ဘာထင်နေလို့တုန်း။ တစ်နေရာနဲ့ တစ်နေရာ သွားရတာ ဒီလောက် ကားတွေ ကျပ်ကျပ်နေတတ်တဲ့ဟာကြီးကို။ ချက်ချင်း ဘယ်လိုလာရမှာတုန်းဗျ။ ခုပဲ တစ်နာရီထိုးတော့မယ့်ဟာ။ ပြီးတော့လည်း နေ့ခင်းကြောင်တောင် နေပူကျဲတဲကြီး နည်းနည်းစဉ်းစားဦး။ နေပါ့စေ။ ညနေစောင်း လေးနာရီကျော် ငါးနာရီလောက်ကျမှ ကျုပ်တို့ဆုံကြမယ်။ မလေးကို ကျုပ်သွားခေါ်ပြီး ခင်ဗျားတို့နဲ့ဆုံမယ့်နေရာကို လာခဲ့မယ် ”

“ အိုကေ အိုကေ။ ဒါဆို ညနေကျရင် ဟေမာန်တို့ ဆူးလေမှာ ဆုံကြမယ်နော် ”

ဟု မဟေမာန်မှ ကသောကမျောပြော၍ ဖုန်းချသွားလေတော့၏။

ညနေ လေးနာရီကျော်လောက်တွင် မလေးအား သူခဏတည်းသော ဟိုတယ်လ်မှသွားခေါ်ဖို့ ကျွန်တော် ပြင်ဆင်လေတော့သည်။ ဒါကို အိမ်မှ ကျွန်တော့်မိဘနှစ်ပါးက လိုက်ကြည့်နေကြသည်။ ၀ရန်တာမှ ဖိနပ်ချွတ်နေရာတွင် ဖိနပ်ကြိုးထိုင်ချည်နေဆဲ အမေက မအောင့်နိုင်ဟန်ဖြင့် မေးလာသည်။

“ ဟဲ့… မင်းက နေ၀င်ခါနီးမှ ဘယ်သွားမလို့တုန်း ”
“ ဆီဒိုးနား ခဏသွားမလို့အမေ ”
“ အောင်မာ၊ မင်းကများ။ ဆီဒိုးနားမှာ မင်းကိစ္စ ဘာရှိလို့တုန်း ”

ထိုကဲ့သို့နေရာများအား ကျွန်တော် သွားလေ့သိပ်မရှိ။ ထို့ပြင် တစ်ခါတလေတွင် အမေက ဘယ်ကပြန်လာသလဲဟု မေးလာပါက ကျွန်တော်က အင်းလျားလိပ်မှာ လက်ဖက်ရည်သွားသောက်တာ၊ ဆီဒိုနားမှာ မုန့်ဟင်းခါးသွားစားတာ စသဖြင့် ပေါက်ပန်းဆေး လျှောက်နောက်တတ်သောကြောင့် ကျွန်တော့်စကားကို အမေသိပ်မယုံတာ မဆန်းပါ။။ ထို့ကြောင့် ရယ်ရင်း …

“ မလေးက ဒီကနေ့မနက်ကပဲ မြန်မာပြည်ပြန်ရောက်နေပြီလေ အမေရဲ့။ သူ ခုတစ်ခါ ပြန်လာတာ စာအုပ်မိတ်ဆက်ပွဲနဲ့ သူ့ညီမတစ်ယောက်ရဲ့ ၀ယ်ဒင်အတွက်ပဲမို့ သူတစ်ယောက်တည်းရယ်။ အဲဒါ သူက ဒီညနေ ဆရာတချို့ဆီသွားပြီး ဖိတ်စာဘာညာ ပေးချင်လို့ တွေ့ချင်လို့ သားတို့က အဖော်လိုက်ပေးရမှာ။ သူတစ်ယောက်တည်း မြို့ထဲမှာ လည်နေမှာစိုးလို့ သားက ဟိုတယ်ကနေ သူငယ်ချင်းတွေရှိတဲ့နေရာကို ခေါ်သွားပေးရမှာ ”

ဟု သေချာပြောပြရတော့၏။

နောက်… အိမ်ပေါ်မှဆင်းကာ လမ်းထိပ်အရောက်တွင် တက္ကစီတစ်စီးငှား၏။ ဒရိုင်ဘာကို ကျွန်တော်က လမ်းကြောင်းပြောပြကာ ဆူးလေအထိငှားမိတော့ သူက ခြောက်ထောင်ပေးဟု ဆိုသည်။ ကျွန်တော်က ငါးထောင့်ငါးရာထားဟု ဈေးဆစ်သောအခါ သူက သဘောတူလေ၏။

ထို့နောက် ကျွန်တော်သည် ဒရိုင်ဘာအား ကျွန်တော်တော်ငှားစီးသော သင်္ဃန်းကျွန်းမှနေ၍ ရတနာလမ်းအတိုင်းမောင်းပြီး ကျောက်ကုန်းပေါ်တက်ကာ ရန်ကင်းဆယ့်နှစ်လုံးတန်းဘက်က ဖြတ်ချလိုက်လျှင် ဆီဒိုးနားနှင့် နီးသည်ဟု ဆရာလုပ်မိပြန်၏။ ဒရိုင်ဘာကလည်း ထိုအတိုင်း မောင်းရှာလေ၏။ ကားစအထွက်တွင် ကျွန်တော်သည် မလေးကို ဖုန်းခေါ်၍ ဟိုတယ်အောက်က ဧည့်ခန်းနားမှာ အသင့်စောင့်နေပါဟု မှာလိုက်ရသေး၏။

ကားသည် ဆယ့်နှစ်လုံးတန်းမီးပွိုင့်ကို တည့်တည့်ဖြတ်မောင်း၍ ဆီဒိုးနားပွိုင့်ရှိသည့်စက်မှုတစ်လမ်းဘက်သို့ ချိုးကွေ့ကာ ဆက်မောင်းစဉ် ကားသမားက ဟိုတယ် နောက်ဘက်ဂိတ်ပေါက်မှ ၀င်မည်ဟု ပြောကာ ဆီဒိုးနားနောက်ဘက်ရှိ စူနီယမ်ပါ့ခ်ထဲသို့ ချိုးဝင်သွားလေ၏။ ထိုအချိန်တွင် ကျွန်တော်သည် မလေးကို ဖုန်းခေါ်ရာ လုံးဝမရတော့။ ဖုန်းထဲမှ အမျိုးသမီးက ဆက်သွယ်မှုဧရိယာပြင်ပဟုသာ ထပ်ကာတလဲလဲ ပြောနေလေတော့၏။

ကျွန်တော် တွေးမိသည်။ စောစောက ဖုန်းထူးသော မလေးအသံသည် အိပ်ချင်မူးတူးအသံ။ အိပ်ချင်မူးတူးဖြင့် ဖုန်းထဲမှ အဲပလိန်းမုဒ်ဆိုသော လေယာဉ်ပျံပုံကိုများ မှားနှိပ်ကာ ဖုန်းချပြီးနောက် အိပ်များပျော်သွားလေသလား။ ဒါဆို ရီဆက်ရှင်ကောင်တာမှာ အခန်းနံပါတ်ပြော၍ သွားနှိုးခိုင်းရလေတော့မလား စသဖြင့်တွေးကာ ဖုန်းကိုသာ ထပ်ခါထပ်ခါခေါ်ရင်း ချွေးပျံချင်လာရ၏။

လျှာရှည်ကာ နောက်ဘက်ဝင်သွားသော ကားဆရာသည်လည်း နောက်ဘက်ဂိတ်မှ တံခါးပိတ်ထားသည်ကို မြင်ရ၍ လာလမ်းအတိုင်း ပြန်ထွက်ကာ ဘေးဘက်အပေါက်မှ ဟိုတယ်ပေါ်တီကိုအောက်သို့ ၀င်ရလေတော့၏။

ကျွန်တော်သည် မလေးအား ဟိုတယ်ဝရောက်သည့်အထိ ဖုန်းခေါ်၍မရတာမို့ ကားပေါ်မှ ကပျာကယာဆင်းကာ အထဲသို့ ၀င်ရလေတော့၏။ ထိုအခါ အသင့်ထိုင်စောင့်နေသော မြန်မာဝတ်စုံ အ၀ါရောင်ဝမ်းဆက်နှင့်မလေးသည် ကျွန်တော်ရှိရာဆီသို့ ကမန်းကတမ်းလျှောက်လာနေတာကို မြင်လိုက်ရ၏။ ထိုအခါမှ ကျွန်တော် စိတ်အေးသွားရပါသည်။

မောင်နှမနှစ်ယောက်သား ပေါ်တီကိုအောက်မှ တက္ကစီနောက်ခန်းတွင် တက်ထိုင်ကြ၏။ ကားအထွက်တွင် ကျွန်တော်သည် မအောင့်နိုင်တော့ဘဲ…

“ မလေးဖုန်းက ဘာဖြစ်တာတုန်း။ စောနက ကျွန်တော်ခေါ်နေတာ လုံးဝမရဘူး။ ဆက်သွယ်မှု ဧရိယာပြင်ပချည်းပဲ ”

ဟု ပြောမိရာ မလေးသည် ပျာပျာသလဲဖြင့်…

ဟင်… ဟုတ်လား။ မလေး ဘယ်မှမသွားဘူး။ ကိုဏီဖုန်းဆက်ပြီးကတည်းက အောက်မှာပဲ ထိုင်နေတာ။ ဖုန်းလည်း မပိတ်ဘူး။ ဒီမှာ ကြည့်ဟု ဆိုကာ မျက်စိသူငယ်ဖြင့် သူ့ဖုန်းလေးအား ကျွန်တော့်ကို ပြလာခဲ့လေ၏။

ကျွန်တော်ကြည့်မိတော့ သူ့ဖုန်းသည် ၀ိုင်ဖိုင်တွေရော မိုဘိုင်းဒေတာတွေရော အကုန်ဖွင့်ထားတာ တွေ့ရသည်။ ထို့ကြောင့် လိုင်းတွေများ ကျပ်သလားဟု တွေးကာ ကျွန်တော် ဘာမှ ကွန်ပလိမ်းမတက်ဖြစ်တော့။

ထို့နောက်မှ လေယာဉ်ဘယ်အချိန်ဆိုက်သလဲ၊ ဘာညာ အလ္လာပ သလာပ ပြောမိတော့၏။ နောက်… မလေးက ပြောသည်။ အချိန်တွေ ပြောင်းပြန်ဖြစ်လို့ မလေးအိပ်လို့လည်း မရ၊ ပင်ပန်းလွန်းလို့ မျက်စိတောင် မဖွင့်နိုင်တော့ဘူးဟူ၍။ ကျွန်တော်ကလည်း ဒီည ဟိုတယ်ပြန်ရောက်ရင် ကောင်းကောင်းအိပ်ပေါ့ မလေးရာဟု အားပေးရလေ၏။

ထို့နောက်… ကျွန်တော်တို့မောင်နှမနှစ်ယောက်သည် ကားပေါ်တွင် ထုံးစံအတိုင်း စာအကြောင်း ပေအကြောင်းပြောကာ စကားကောင်းကြ၏။ ဒရိုင်ဘာကိုတောင် မေ့နေခဲ့လေတာ အမှန်ပင်။ ရွှေဂုံတိုင်အလွန်လောက်တွင် ထုတ်ဝေသူ မဟေမာန်က ဖုန်းဆက်လာ၏။ သူသည် ရန်ကုန်ရောက်တာ နှစ်ရက်တစ်ပိုင်းရှိသေးသော်လည်း လူတတ်ကြီးလုပ်၍ သူတို့ မြို့ထဲရောက်တော့မည်ဖြစ်ကြောင်း။ လက်ရွေးစင်ကော်ဖီဆိုင်တွင် ဆုံကြမည်ဖြစ်ကြောင်းပြောရာ ကျွန်တော်က…

“ ဟာဗျာ။ ဆူးလေက လက်ရွေးစင် ကော်ဖီဆိုင်ကို ညနေပိုင်းထိုင်ရတာ မမိုက်ပါဘူး။ သူ့ဆိုင်ခန်းလေးက ကျဉ်းကျဉ်းလေး၊ ဆေးလိပ်ငွေ့တွေ လူတွေနဲ့ ကျုပ်တို့မောင်နှမတွေ အေးဆေး ဘယ်စကားပြောလို့ရမှာတုန်း။ သူ့နဲ့ တစ်တိုက်နှစ်တိုက်လောက်ပဲဝေးတဲ့ နေရာမှာ ဂျေဒိုးနတ်တို့ ပက်ဒီဆန်တို့လို အအေးကော်ဖီအစုံရတဲ့ ဆိုင်လေးတွေ ရှိတယ်။ ဖုန်းကို ခင်ဗျားသားဆီပေးလိုက် ”

ဟုဆိုကာ သူ့သားဖြစ်သော စာရေးဆရာလေးဖြစ်သူ ကျွန်တော့်ညီငယ် နတ်ရဲအား ပက်ဒီဆန်ဆိုင်အပေါ်ထပ်မှာ စောင့်ခိုင်းလိုက်ရလေ၏။

ကျွန်တော် ဖုန်းချအပြီးတွင် မလေးကို ထိုအကြောင်းပြောပြမိတော့ မလေးက…

“ ဟေမာန်က မလေးကိုလည်း ဖုန်းဆက်ထားသေးတယ်။ ဆူးလေမှာ စောင့်နေတဲ့။ မလေးက တစ်ယောက်တည်းဖြစ်နေရင် ဘယ်က စောင့်ရမလဲဆိုတော့ ဆူးလေနားမှာ ပန်းခြံရှိတယ်မဟုတ်လား။ အဲပန်းခြံထဲက ထိုင်စောင့်နေလို့ ပြောသွားတယ် ကိုဏီ ”

ဟု ပြောလာသဖြင့် ကျွန်တော်သည် မအောင့်နိုင်တော့ဘဲ…

“ ဟာဗျာ၊ ဒီ ကြီးဒေါ်ကတော့ ရန်ကုန်ကို ဘာများမှတ်နေလဲမသိဘူး။ မိန်းကလေးတစ်ယောက်တည်းကိုများ နေ၀င်ရီသရောကြီး ပန်းခြံထဲ တစ်ယောက်တည်းစောင့်ခိုင်းရတယ်လို့။ နေဦး.. တွေ့မှ ကောပစ်ရဦးမယ် ”

ဟု မြည်တွန်တောက်တီးရာ မလေးက ရယ်လေ၏။

ဆူးလေးအရောက်တွင် ကားလမ်းမကူးရဲသော ကျွန်တော်တို့မောင်နှမနှစ်ယောက်သည် ဒရိုင်ဘာအား ဆူးလေဘုရားကို တစ်ပတ်ပတ်ကာ မြို့တော်ခန်းမနံဘေးမှာ ရပ်စေ၏။ ကားပေါ်မှအဆင်းတွင် စူနီယမ်ပါ့ခ်ထဲ အလကားဝင်သွားရခြင်း၊ ဆူးလေ အ၀ိုင်းကို ပတ်ပေးခြင်းတို့ကြောင့် တက္ကစီဆရာအား သနား ကျေးဇူးတင်ကာ သူပြန်အမ်းထားသော ပိုက်ဆံငါးရာကို ကျွန်တော် ဘောက်ဆူးပြန်ပေးခဲ့မိလေသည်။

ကော်ဖီဆိုင်တွင် ထုတ်ဝေသူ မဟေမာန်၊ နတ်ရဲ၊ မမေဇူး၊ မလေးနှင့် ကျွန်တော်တို့သည် ကော်ဖီသောက်ရင်း ရိုးရာမပျက် ဓာတ်ပုံရိုက်ကြကာ ဖဘပေါ်တင်ရန် အားထုတ်ကြလေ၏။ ပြီးမှ တာမွေဘက်တွင်နေထိုင်သော ဆရာမနုဿကျော်ဝင်း၏ ကွန်ဒိုဘက်သို့ တက္ကစီတစ်စီးဖြင့် ရွေ့ကြလေတော့၏။

ကားပေါ်တွင် ကျွန်တော်၊ မလေး၊ နတ်ရဲနှင့် ထုတ်ဝေသူတို့က နောက်ခန်းမှာ ထိုင်၏။ မမေဇူးက ရှေ့ခန်းမှာ ထိုင်၏။ ကျွန်တော်တို့သည် ဆရာကျော်ဝင်းဆီမ၀င်ခင် စူပါမားကတ်တစ်ခုသို့ ခဏ၀င်ကြဖို့တိုင်ပင်ရင်း ကားပေါ်တွင် စကားတွေ အလုအယက် ပြောကြပြန်၏။ မမေဇူးသည် တစ်ဖွဲ့လုံးရှိနေသော ကျွန်တော်တို့နောက်ခန်းဘက်သို့ စကားလှည့်လှည့်ပြောရာ ကားဆရာသည် သူ၏ခေါင်းကို သူ့ဘက်ရှိ ပြတင်းပေါက်ဘက်သို့ စောင်းထားရရှာလေ၏။

ကားပေါ်မှဆင်းခါနီးတွင်တော့ ဒရိုင်ဘာက ပြောရှာသည်။ တကယ်တော့ ဒီလမ်းက တစ်ထောင့်ငါးရာလောက်ပဲဆိုလား။ စကားပြောတာ နားထောင်ခက ငါးရာ။ စုစုပေါင်း နှစ်ထောင်ဆိုလားပင်။

ထိုညက စူပါမားကတ်မှတစ်ဆင့် ဆရာကျော်ဝင်း၏ အိမ်သို့ တက္ကစီငှားကာ သွားကြပြန်လေသည်။ ကျွန်တော်သည် လူတတ်ကြီးလုပ်၍ မလေး၏ လိပ်စာစာအုပ်ထဲမှ ဆရာကျော်ဝင်းအိမ်လိပ်စာအား မေတ္တာရိပ်မွန်ကွန်ဒိုအစား မုဒိတာကွန်ဒိုဟု မှားပြောကာ ငှားသဖြင့် တက္ကစီဆရာမှာ နည်းနည်းရွာလည်ရသေး၏။ နောက်မှ အဖြေမှန်ကို သိကြရသည်။ ဆရာကျော်ဝင်း၏အိမ်တွင် ခဏထိုင်ကာ စကားပြောကြပြီးနောက် ကျွန်တော်တို့မောင်နှမတစ်သိုက်သည် YKKO တွင်စားကြသောက်ကြရင်း ဓာတ်ပုံရိုက်ကာ ရိုးရာမပျက် ဖဘပေါ်တင်ကြပြီးနောက် ပြန်ဖို့ ပြင်ကြလေတော့၏။

ထုတ်ဝေသူ မဟေမာန်သည် သမိုင်းပြန်မည်ဆိုသဖြင့် သူ့အား တက္ကစီအရင်ငှားပေးလိုက်ရလေ၏။ ကားအထွက်တွင် မဟေမာန်က ကျွန်တော်တို့ကို တာ့တာလုပ်ပြသွားသည်။ သူ့သားကမူ …

“ မေမိုးကိုတော့ ဒီတက္ကစီနဲ့ စိတ်ချရပါပြီ။ မောင်းသူက အဖိုးကြီးကိုး ”

ဟု ခပ်ပျော်ပျော် ပြောလာသည်။ ထို့နောက် နတ်ရဲနှင့် မမေဇူးတို့က လမ်းကြောင်းနည်းနည်းတူ၍ အတူပြန်ဖို့ ပြင်ကြ၏။ ကျွန်တော်နှင့် မလေးတို့ကလည်း တက္ကစီတစ်စီးငှားမိကြသည်။

မလေးသည် တစ်ယောက်တည်း မြန်မာပြည်ပြန်ရောက်လာတာ တစ်ရက်တောင် မပြည့်သေးတာမို့ သူ့ဟိုတယ်ရှေ့ထိ လိုက်ပို့ပြီးမှ ကျွန်တော့်ဘက်ကို ဆက်သွားဖို့ စဉ်းစားရင်း တက္ကစီကို ငှားခြင်းဖြစ်သည်။ သို့သော် တက္ကစီဆရာက တာမွေမီးပွိုင့်အရောက်တွင် ကျွန်တော်တို့ သင်္ဃန်းကျွန်းဘက်ကို အရင်ပို့ပေးရမလား၊ နီးလို့ဟု အထွန့်တက်လာသဖြင့် ကျွန်တော်က ဆီဒိုးနားကိုပဲ အရင်မောင်းပေးပါ၊ ပြီးမှ ကျွန်တော့်ကို သင်္ဃန်းကျွန်းဘက်ပို့ပါဟု ဆိုရလေ၏။ မလေးက သူမဆင်းခင် ကားခ ငါးထောင် ထုတ်ပေးလေ၏။

ဆီဒိုးနားဟိုတယ်၏ ပေါ်တီကိုအောက်တွင် မလေးဆင်း၍ ကျွန်တော်တို့မောင်နှမ ဂွတ်နိုက် ဆီးယူ စသဖြင့် ဘာညာသာရကာ နှုတ်ဆက်ပြီးသကာလ တက္ကစီသည် ဟိုတယ်ဝန်းထဲမှ ထွက်လေ၏။ ကမ္ဘာအေးဘုရားလမ်းမှ သစ္စာလမ်းဘက်အချိုးတွင် တက္ကစီသည် ဆန့်ငင်ဆန့်ငင်ဖြစ်ကာ ရပ်တန့်သွားလေတော့၏။

ကျွန်တော်က နောက်ခန်းမှနေ၍ ကားဘာဖြစ်သလဲ အစ်ကိုဟု မေးသောအခါ ဂက်စ်ကုန်သွားပြီဟု ဖြေလေ၏။ ထိုအခါ ကျွန်တော်သည် ကားပေါ်မှ ချက်ချင်းမဆင်းဘဲ ခဏထိုင်နေလိုက်သေး၏။ ပြီးမှ ဆင်းကာ ကားဒရိုင်ဘာနား ခပ်တည်တည် ရပ်၍ ပိုက်ဆံနှစ်ထောင် ပြန်တောင်းပစ်လိုက်၏။ ဒရိုင်ဘာကလည်း ပေးရှာပါသည်။ ထို့နောက် ကျွန်တော်သည် ထိုငွေနှစ်ထောင်ကို သုံး၍ နောက်တစ်စီးငှားစီးဖို့ အားထုတ်မိတော့လေသည်။

တားမိသော တက္ကစီက နှစ်ထောင့်ငါးရာဟု ဆိုသည်။ သို့သော် ကျွန်တော်က စောစောကရပ်သွားသော ကားကို လက်ညှိုးထိုးပြကာ ခုတုံးလုပ်၍

“ ဟိုကားကို တွေ့လား။ အဲဒါ ကျွန်တော် ငှားစီးလာတဲ့ကားပဲ။ နှစ်ထောင်နဲ့။ ဒါပေမဲ့ ဂက်စ်ကုန်သွားလို့ အခု ခင်ဗျားကားကို ကျွန်တော် ငှားတာ ”

ဟု ဆိုမှ ထိုတက္ကစီဆရာက နှစ်ထောင်ဖြင့်လိုက်ပို့ဖို့ သဘောတူလေတော့၏။

*****

ဆက်ရန်…..

:D :D :D

p.s - ကျွန်တော့် မောင်နှမတွေနဲ့ပတ်သတ်ပြီး အမှတ်တရရေးထားမိတဲ့ စာစုလေးပါ။ ဒီထဲမှာပါတဲ့ သက်ဆိုင်သူတွေကနေပြီး အမှားပါရင် ခွင့်လွှတ်ပေးကြပါဦးလို့ဗျာ။ ပုံကတော့ YKKO မှာပါ။ ဘာမှ မစားရမသောက်ရသေးခင် ရိုးရာမပျက် ဓာတ်ပုံရိုက်ကြခြင်းပေါ့လေ :D ;) :P

————————–
ခင်မင်စွာ
ကိုဏီ။
၂၇၊ နိုဝင်ဘာလ။ ၂၀၁၆
တနင်္ဂနွေနေ့။
၁၂း ၃၆ နာရီ။
ရန်ကုန် - မြန်မာပြည်။

2 Comments »

  1. ဏီဏီရေးတဲ့စာတွေမဖတ်ရတာကြာပေါ့…ခုတထိုင်တည်း အပိုင်းသုံးပိုင်းလုံးဖတ်သွားပါတယ် တချို့နေရာမှာ ဖတ်ရင်းနဲ့တခွီးခွီးရီးရသေး…။ မောင်နှမတွေပြန်ဆုံကြတာ ၀မ်းသာကြည်နူးစရာ…။

    Comment by မိုးငွေ့ — December 8, 2016 @ 11:57 pm

  2. မိုးငွေ့တို့ ကော့မန့်လေးတွေ FB ကနေတဆင့် ကိုဏီ့ကို မလေး ပြလိုက်ပါတယ်။
    FB မှာ မိုးငွေ့ ကိုယ်ရောင်ဖျောက်သွားတာပဲ မလေးရေလို့ ကိုဏီက ပြောတယ်… :) :)

    Comment by မလေး — December 13, 2016 @ 10:35 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------