♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 5, 2016

ရှိုက်ခဲ့ဖူးသော…

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 2:05 am

 rooftop.jpg သာယာတဲ့နွေညတစ်ည….။
နားထဲကို နားကြပ်ထိုးထည့်ပြီး လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်။

တစ်ကယ်က… လမ်းလျှောက်ထွက်ရင်း အိမ်တစ်အိမ်ဘက်ကိုသွားတာ။
အဲဒီအိမ်က အကွေ့သုံးကွေ့လောက်ကွေ့ရင် ရောက်တယ်။

အဲဒီအိမ်မှာ ဟိုးတုန်းကတော့ ကောင်မလေးတစ်ယောက် နေတယ်။ ကောင်မလေးကို စတွေ့တဲ့နေ့က နွေနေ့လည်ခင်းတစ်ခု။ ကောင်မလေးရဲ့ အိပ်ခန်းက လေသာဆောင် မရှိပါဘူး။ ပြတင်းပေါက်ခပ်သေးသေးတစ်ပေါက်ပဲရှိတယ်။ ပြတင်းပေါက်ကလည်း အမိုးစွန်းတစ်ခုရဲ့အပေါ်မှာ။ ကောင်မလေးကရဲ့ ပြတင်းပေါက်ကထွက်ပြီး အဲဒီအမိုးစွန်းကနေ နောက်ထပ်အမိုးစွန်းတစ်ခုကို ထပ်တက်လို့ ရနိုင်သေးတယ်။ ထပ်တက်လို့ရတဲ့ အမိုးစွန်းကတော့ သူတို့အိမ်မှာ အမြင့်ဆုံး အမိုးစွန်းဖြစ်လိမ့်မယ်။

ကောင်မလေးကို စတွေ့တဲ့နေ့က ကောင်မလေးက အပေါ်ဆုံး
အမိုးစွန်းမှာ ထိုင်နေတာ။ သူ့ကို လမ်းပေါ်ကလူတွေက တော်ရုံ မမြင်ရနိုင်ဘူး။ ကောင်မလေးရဲ့ အိပ်ခန်းပြတင်းပေါက်ကကို တော်တော်လေးမြင့်နေပြီ။ နောက်ပြီး အဲဒီနေရာက ဘေးလမ်းကြားလေးထဲကနေမှ မြင်ရနိုင်တဲ့နေရာ။

ကောင်မလေးကို အဲဒီနေ့က စတွေ့တယ်၊ ဟုတ်တယ်။ ကောင်မလေးကို ကျောင်းမှာအမြဲတွေ့နေရတာပဲ။ အတန်းချင်းမတူလို့ အမြဲတမ်း မတွေ့ရတတ်ပေမယ့် ကော်ရစ်ဒါတွေမှာ၊ ခမ်းမကြီးထဲမှာ၊ ကျောင်းဘောလုံးကွင်းထဲမှာ အားကစားလုပ်ကြရင်း တွေ့နေရတာပါပဲ။ တစ်ကယ်ကတော့ သူအမိုးစွန်းမှာ တက်တက်ထိုင်တတ်တယ်ဆိုတာ သိခဲ့ရတဲ့နေ့ကမှ ကောင်မလေးကို နှလုံးသားနဲ့ စတွေ့ခဲ့တယ်လို့ ဆိုရမှာပေါ့။

ဒီလိုနဲ့ တစ်နေရာရာသွားတိုင်း အဲဒီဘက်ကို ရောက်ရောက်သွားတတ်တယ်။ ကောင်မလေးကို အမိုးစွန်းမှာ ထိုင်နေတတ်တာကိုလည်း တွေ့ရတတ်တယ်။
ကောင်မလေးထိုင်နေတဲ့ အမိုးစွန်းကို စိတ်မှန်းနဲ့သွားထိုင်ကြည့်ဖြစ်တယ်။ အဲဒီနေရာကနေကြည့်ရင် မြစ်ပြင် ကိုမြင်နေရမှာ၊ မြစ်ထဲက လှေလေးတွေ၊ သဘောင်္လေးတွေ၊ မြစ်ကမ်းပါးက ရထားလမ်း၊ မြစ်ကူးတံတားတွေနဲ့ အဝေးကတောင်ပြာတန်းတွေကိုလည်း သူမြင်နေရမှာ။ ညာဘက်ကိုကြည့်လိုက်မယ်ဆိုရင် ဆောက်ပြီးခါစ တံတားသစ်တစ်ခုကို ပန်းချီတစ်ချပ်လို သူမ မြင်နေရမှာ။ ဘယ်ဘက်မှာတော့ အိမ်ခြေတွေနဲ့ မြောက်ဘက်အစွန်းမှာတော့ ပန်းခြံကြီးတစ်ခုကို သူမ လှမ်းမြင်နေရလိမ့်မယ်။ ကောင်မလေးရဲ့ဆံပင်တွေထဲ မြစ်ပြင်ပေါ်ကလေတွေ ဖြတ်တိုက်လာလေမလား။ သူ့မျက်တောင်တွေ လေပြေကြောင့် တုန်ခါနေမှာလား..။

ကောင်မလေးက အမိုးစွန်းမှာ တက်ပြီးဘာထိုင်ထိုင်လုပ်နေတာလဲ။ မိဘဆူလိုက်လို့ စိတ်ညစ်ပြီး တက်ထိုင်နေတာလား၊ စာအုပ်တစ်အုပ်အုပ်ကို ဖတ်နေတာလား၊ သီချင်းနားထောင်နေတာလား၊ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ဖုန်းတက်ပြောနေတာလား၊ ဒါ… ဒါမှမဟုတ်.. သူမချစ်သူနဲ့ ဖုန်းပြောနေတာလား။ အဲဒီအတွေးရဲ့အဆုံးမှာ ရင်ဘတ်ရဲ့တစ်နေရမှာ ကျင်ကနဲ။

တစ်နေ့တော့ ကိုယ်အဲဒီဘက်ကိုလမ်းလျှောက်လို့ ကောင်မလေးအိမ်ဘက်အရောက် မော့အကြည့်၊ သူမကလည်း အမိုးစွန်းက ဆင်းလာပြီး သူမရဲ့ပြတင်းပေါက်ထဲကို ပြန်ဝင်ဖို့လုပ်နေချိန် အကြည့်ချင်းဆုံမိကြတယ်၊ ပြုံးပြဖြစ်ကြတယ်။ အဲဒီမှာ ကောင်မလေးက ကိုယ့်ကိုစပြီး သတိထားမိခဲ့တာလို့ ဆိုလို့ရတယ်။ ကောင်မလေးရဲ့လက်ထဲမှာ ဖုန်းတစ်လုံး ရှိမနေဘူး၊ စာအုပ်တစ်အုပ် ရှိမနေဘူး၊ ဂစ်တာတစ်လက်လည်း ရှိမနေဘူး။ တစ်ကယ်ဆို ဂစ်တာကိုင်ပြီးတော့လည်း ဒီလိုအမိုးစွန်းကို တက်ဖို့ သိပ်တော့ လွယ်မယ် မထင်ဘူး။
ကောင်မလေးရဲ့လက်ထဲမှာ ဖုန်းတစ်လုံး ရှိမနေလို့ စိတ်ထဲမှာ သက်သာရာရသွားပေမယ့် ဖုန်းက ဘောင်းဘီအိတ်ထဲမှာဖြစ်ဖြစ် ရောက်နေနိုင်တယ်ဆိုတဲ့ အတွေးက တစစ်စစ်နှိပ်စက်ပြန်တယ်။

ဒီလိုနဲ့ ကောင်မလေးနဲ့ ခင်မင်သွားကြတယ်။ ခင်မင်သွားရတာ သူ့အိမ်ဘေးလမ်းက ဖြတ်လျှောက်တိုင်း သူရှိတတ်ရာ အမိုးစွန်းကို မော့ကြည့်ရင်း တစ်ယောက်နဲ့တစ်ယောက် မြင်မိကြလို့ ခင်သွားကြတာတော့ မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲမှာ ဆုံဖြစ်ကြရင်း အရဲစွန့် စကားသွားပြောရင်း ခင်သွားကြတာ။
ဒီလိုနဲ့ ညည အိပ်ရာဝင်ခါနီးတိုင်း အညိုရောင်ဖျော့ဖျော့ဆံနွယ်ပျော့ပျော့လေးတွေကို မြင်ယောင်နေမိတယ်။ အဲသလိုမြင်ယောင်မိတိုင်းလည်း ရင်ထဲမှာ နွေးကနဲ။

ကောင်မလေးနဲ့ ခင်မင်ရင်းနှီးအောင် ကြိုးစားရင်း နေ့ရက်တွေဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဖြစ်ခဲ့ရတယ်။ ကောင်မလေးနဲ့ တော်တော်လေးရင်းနှီးလာတော့ သူ့ကိုအရဲစွန့်ပြီး တစ်ခုတောင်းဆိုမိတယ်။ သူမထိုင်နေကျ အမိုးစွန်းလေးမှာ သူမနဲ့အတူ တစ်ခါလောက် ထိုင်ဖူးချင်တဲ့အကြောင်းကိုပေါ့။
သူမထိုင်နေကျ အမိုးစွန်းကလေးဟာ ပြတင်းပေါက်တစ်ပေါက်က ဖြတ်ထွက်ရတာဖြစ်ကြောင်း၊ အဲဒီပြတင်းပေါက်ဟာလည်း သူမအိပ်ခန်းထဲက တစ်ခုတည်းသော ပြတင်းပေါက်ဖြစ်ကြောင်း သိလိုက်ရတော့၊ သူမနဲ့အတူတူ ဒီအမိုးစွန်းကလေးမှာ အတူတူထိုင်ရင်း မြစ်ပြင်ကြီးကို ငေးခွင့်ရမယ့် နေ့ဆိုတာ ဖြစ်လာဖို့ မလွယ်မှန်း သိလိုက်ရတယ်။

သူမနဲ့ရင်းနှီးလာတော့ သူမအကြောင်းပိုသိလာရတယ်။ သူမမှာ ငယ်စဉ်ကတည်းက မိဘတွေက သဘောတူစေ့စပ်ထားပြီးသားလူရှိတယ်ဆိုတာ သိခဲ့ရတယ်။ ဒီလိုကိစ္စတွေကို ကြားဖူးနေခဲ့ပြီးသားပေမယ့်လည်း ရင်ထဲမှာ တစစ်စစ်နာကျင်မှုကိုတော့ သူငယ်ချင်းဆိုတဲ့ စည်းနဲ့ ကာထားရင်း ကုစားသွားရမှာပဲ ဆိုတာကိုလည်း သိနေခဲ့တယ်။ သူမကတော့ စေ့စပ်ထားသူအပေါ်မှာ ခံစားချက်ရှိပုံ မပြသလို၊ ကိုယ့်အပေါ်မှာလည်း ခံစားချက်ရှိပုံ မပြခဲ့ပါဘူး။ ကိုယ်ကသာ သူမမျက်လုံးတွေထဲ အမှတ်တမဲ့ ငေးကြည့်လိုက်မိတိုင်း၊ ကိုယ့်မျက်လုံးထဲက အရိပ်တွေကို သူမ မမြင်နိုင်အောင် ဖုံးကွယ်ကြိုးစားရင်း ပင်ပန်းနေခဲ့ရတာ။
ဘယ်လောက်ပဲ ဟန်ဆောင်ခဲ့ပေမယ့် ဟန်ဆောင်ဖုန်းကွယ်ထားမှုတွေကို ကောင်မလေး သိနေခဲ့တာပဲ မဟုတ်လား။

ကောင်မလေး အကြောင်းတွေးရင်း အဲဒီအိမ်ဘက်ကို ရောက်လာခဲ့တယ်။ လမင်းကလည်း ထိန်ထိန်သာနေတော့ သူမတို့အိမ်ကြီးရဲ့ အမိုးစွန်းတွေကို လှမ်းမြင်နေရတယ်။ လမ်းမီးတိုင်အောက်ကနေ အိမ်ကြီးရဲ့ အမိုးစွန်းကို လှမ်းကြည့်နေတုန်း အိတ်ထဲက ဖုန်းလေးက အသံမြည်လာတယ်။ ကောင်မလေး ပို့လိုက်တဲ့ မက်စေ့ခ်ျ။

‘ဟိတ်… ငါနဲ့ဒီအပေါ်မှာလာထိုင်မလား၊ ဒီည ဖေဖေနဲ့မေမေ ညနက်မယ်၊ အိမ်မှာ ငါတစ်ယောက်တည်းပဲ’

‘အေး.. လာမယ်လေ၊ နင့်အဒေါ်ကော၊ နောက်… နင့်မိဘတွေ ပြန်လာရင်ကော’

‘အဒေါ်က အိပ်နေပြီ၊ ဖေဖေနဲ့မေမေလည်း ညနက်မယ်ပြောပြီးသား။ ပြန်လာလည်း ငါခေါင်မိုးပေါ်တက်တက်ထိုင်ပြီး စိတ်ကူးယဉ်တတ်တာ သူတို့သိသွားတာပေါ့ဟာ’

‘အင်း…’

‘ဒါဆို နောက်ဘက်အပေါက်ကစောင့်နေ .. ငါလာခေါ်မယ်’

ဒီလိုနဲ့ ကောင်မလေးတို့အိမ်နောက်ဘက် ခြံတံခါးနားကစောင့်နေခဲ့တယ်။ ကောင်မလေး တံခါးလာဖွင့်ပေးတယ်။ ညလေက သုတ်ကနဲအတိုက်၊ ကောင်မလေးဆံနွယ်တွေက သင်းသင်းပျံ့ပျံ့။ အိမ်နောက်လှေကားကဖြတ်တက်ပြီး အိမ်ထဲ၊ အိမ်ထဲကနေ သူမအိပ်ခန်းရှိရာ အပေါ်တက်ကို တက်လာခဲ့တယ်။

‘ဟဲ့… ငါ့အခန်းက ပွထနေတာပဲနော်’

‘ငါ့အခန်းက ပိုဆိုးသေးတယ်’

ကောင်မလေးက သူ့အခန်းထဲမှာ မီးအမှောင်ချထားတော့ တစ်ခန်းလုံးမှာ ကပ်ထားတဲ့ ညအမှောင်ထဲလင်းတဲ့ စတစ်ကာကြယ်လေးတွေ၊ လိပ်ပြာလေးတွေဟာ ပိုးစုန်းကြူးလေးတွေ လက်လက်ထနေတာ။ အခန်းထောင့်မှာ အမှောင်ထဲလင်းတဲ့ ကျူပင်ချောင်းစတစ်ကာတွေ။ ကောင်မလေးအခန်းဟာ တစ်ကယ်ကို မှော်ရုံတောလို။
သူမ ပြတင်းပေါက်ဆီလျှောက်သွားပြီး တွန်းဖွင့်လိုက်တယ်။

‘ကဲ… ထွက်’

‘နင်အရင်သွားလေ.. နင်ကတက်နေကြ’

‘ဟွန်း… ငကြောက်’

ကောင်မလေးက ပြတင်းပေါက်ကနေ ကြောင်လေးတစ်ကောင်လို လျှိုပြီး တက်သွားလိုက်တာ ဖတ်ကနဲ။ ကိုယ်ကတော့ ပြတင်းကအထွက် လက်ကိုင်စရာနေရာမရှိ၊ ခေါင်းမိုးစွန်းကလည်း ချွန်းတော့ ရင်ထဲမှာလှိုက်ကနဲ။ မိန်းကလေးတစ်ယောက်ကတောင် တက်သွားနိုင်တာ ငါဘာလို့ မတက်နိုင်ရမှာလည်းဆိုပြီး အားတင်းတက်ရတယ်။ ကုန်းကွကွဖြစ်နေလို့ ကောင်မလေးရဲ့ ရယ်သံခပ်သဲ့သဲ့က အထက်အရပ်ကလွင့်လာသေးတယ်။

‘ငါ့လက်ကိုကိုင်’
မိန်းကလေးက ကမ်းပေးလာတဲ့လက်ကို အားပြုတက်ရတာကော၊ တစ်ခါမှ မကိုင်ဘူးတဲ့ သူမလက်နူးနူးညံ့ညံ့လေးရဲ့အထိအတွေ့ကို ခံစားလိုက်ရတာကော နှစ်ခုပေါင်းပြီး ရှက်စိတ်တွေနဲ့။
ကောင်မလေးဘေးမှာကပ်ထိုင်ရင်း ဆံပင်ကိုသပ်တင်လိုက်တယ်။ ဒါက ကိုယ်ရှက်ရင်လုပ်မိနေကျထင်တယ်။

‘သွားစမ်းပါဟာ… သူငယ်ချင်းတွေပဲ ရှက်စရာလားဟ၊ ငါက တက်နေကျမို့’

ရှက်ရင်ဆံပင်သပ်တင်တတ်တာကို သတိထားမိလောက်အောင် ဂရုစိုက်တတ်နေတာလား ကောင်မလေးရယ်..
စိတ်ထဲက ရေရွတ်မိလိုက်တဲ့ အတွေးဟာ နှလုံးအိမ်နံရံတွေမှာ ပဲ့တင်ထပ်ပြီး နှလုံးသားထဲမှာပဲ ပျောက်ကွယ်သွားခဲ့တယ်။ ကောင်မလေးကလည်း ‘သူငယ်ချင်းတွေပဲ..’ လို့ မသိမသာ ကြေငြာလိုက်ပြီးပြီ မဟုတ်ပါလား။

အဲဒီညက အမိုးစွန်းမှာ ထိုင်စရာနေရာလေးကလည်းသေးတော့ ကောင်မလေးနဲ့ထိပြီး ထိုင်နေရတာကော၊ အောက်ကို မကြည့်ရဲကြည့်ရဲ ကြည့်ရတာကော၊ ကောင်းကင်ကြယ်တွေလက်နေတာကော ပေါင်းပြီး တစ်ကိုယ်လုံး ပူထူနေခဲ့တယ်။
အဲဒီညက မြစ်ပြင်ထဲက တလက်လက်လင်းနေတဲ့ သဘောင်္လေးတွေကို ငေးရင်း ရောက်တတ်ရာရာတွေ စကားပြောဖြစ်ခဲ့တယ်။ လေအဝှေ့မှာ လွင့်လာတဲ့ သူမရဲ့အညိုရောင်ဆံနွယ်တွေကို မနမ်းပါဘဲ ရှိုက်ခဲ့ရတယ်။ ကောင်မလေးတို့အိမ်ထက်မြင့်အောင်ပေါက်နေတဲ့ ထင်းရူးပင်ပေါ်က ထင်းရူးသီးတစ်လုံး ဖုတ်ကနဲကြွေကျလာတာကို အကြောင်းပြုလို့ သူမဘက်ကို တိုးကပ်ထိုင်ခဲ့ရင်း ရင်တွေခုန်နေခဲ့တယ်။ သူမ အတွက်ကတော့ ကောင်းကင်က ကြယ်တစ်လုံး ကြွေကျသွားသလောက်တောင် ကိုယ်ဟာ ရင်ခုန်ချင်စရာ မကောင်းဘူးဆိုတာ သိနေခဲ့တယ်။

‘ငါ အထက်တန်းပြီးရင် ဟိုလူနဲ့ လက်ထပ်ပေးတော့မယ်ဆိုနေကြတယ်’

ကောင်မလေးက ရုတ်တရက်ကြီး ဆိုလာတယ်။
ဒီစကားပြောဖို့များ ခေါ်လာတာလား ကောင်မလေးရယ်…။

‘နင် ကျောင်းဆက်မတက်ဘူးလား .. နင်…သူတို့ကို လွန်ဆန်ကြည့်ပါလားဟာ’

‘အိမ်ထောင်တစ်ဘက်နဲ့ ဆက်တက်လို့ရတယ်လို့ ပြောနေကြတယ်၊ ဟိုးငယ်ငယ်လေးထဲက စေ့စပ်ထားကြတာ… ငါ…ငါလေ.. သူတို့ကို.. မလွန်ဆန်နိုင်ဘူး’

သက်ပြင်းမောကို ချလိုက်မိတယ်။ ကောင်မလေးလည်း သက်ပြင်းချလိုက်တာကို ကြားလိုက်တယ်။

‘ငါ.. ဘာလို့ ဒီအမိုးစွန်းမှာ လာလာထိုင်နေတာလဲ ဆိုတာ နင်အခုတော့ သိပြီပေါ့၊ အားလုံးကို အပေါ်စီးက မြင်နေရတယ်၊ တိတ်ဆိတ်တယ်၊ လွတ်လပ်တယ်၊ သန့်ရှင်းတယ်၊ နောက်ဆို ငါ.. ဒီလိုလာလာပြီး တက်ထိုင်ငေးနေလို့ ဘယ်ရတော့မှာလဲ… ဟုတ်တယ် မဟုတ်လားဟင်’

`အင်း…´

`ဟိုကဗျာဆရာမပြောသလို လက်ရှိလူ့ကမ္ဘာကြီးကဝေးရာ ခေါင်မိုးစွန်းမှာထိုင်ရင်း မြေပြင်ပေါ်က မြိ့ပြအလင်းနဲ့ ကောင်ကင်းကြယ်တွေရဲ့ အလင်းမျှင်တွေကို စုပ်ယူစားသုံးတယ်.. ဆိုသလို´

`ဗစ်တိုးရီးယားအဲရစ်ဆန်လား´

`အေး.. ဟုတ်တယ်ဟာ…´

‘မထိုင်ပါနဲ့တော့ဟာ…. နင်.. ပြုတ်ကျသွားမှာ ငါက စိုးရိမ်နေတာ..’

အသံတွေက အလိုလိုနေရင်း တိမ်ဝင်သွားတယ်။
ကောင်မလေး တစ်ချက်ရယ်လိုက်တယ်၊ ဆံပင်တွေကို သပ်တင်လိုက်ပြီး ဖျတ်ကနဲ ကိုယ့်ကိုလှမ်းကြည့်လိုက်တယ်။ ကိုယ် ခေါင်းငုံ့ချလိုက်ပေမယ့် နောက်ကျသွားခဲ့ပြီ။ စိုစွတ်နေတဲ့ မျက်ဝန်းတွေကို သူမ မြင်သွားခဲ့တယ်။

‘ဟင်… နင် ဘာဖြစ်တာလဲ…’

‘အဟက်.. မျက်လုံးထဲ ပိုးကောင်ဝင်သွားတယ်ထင်တယ်’

ရယ်သံစွပ်ပြီးပြောလိုက်မိတဲ့ အသံတွေဟာ ထိန်းမရအောင်တုန်နေခဲ့တယ်။

‘မငိုပါနဲ့…။ မချစ်တတ်တဲ့ မိန်းမတစ်ယောက်အတွက် မျက်ရည်မကျတာ အကောင်းဆုံးပဲ’

ကောင်မလေးရဲ့ စကားသံတွေဟာ ကျယ်လာလိုက် တိုးသွားလိုက်နဲ့ တဖြူးဖြူးတိုက်နေတဲ့ ညလေတွေလိုပဲ။

ဘယ်လိုမှ မထိန်းနိုင်၊ မထိန်းချင်တော့လို့ ကောင်မလေး ပခုံးမှာ မျက်နှာအပ်ထားလိုက်တယ်။ ကောင်မလေးက ကိုယ့်မျက်နှာကို လက်ချောင်းသေးသေးလေးတွေနဲ့ မယူလိုက်တယ်။
နှစ်ယောက်လုံးရဲ့ ဆံပင်တွေဟာ လေတိုက်လို့ ဝဲနေကြတယ်။ အဲသလိုဝဲနေတဲ့ ဆံနွယ်မျှင်တွေကြားကနေ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြရင်း ကောင်မလေးရဲ့ မျက်လုံးတွေကို သေသေချာချာမြင်ချင်လို့ သူမ ဆံနွယ်တွေကို လက်နဲ့အသာလေးယူထားရင်း သူမမေးစေ့လေးကို လက်ဖမိုးနဲ့ ထိထားလိုက်မိတယ်။

‘ထပ်ပြောမယ်.. သိလား၊ မချစ်တတ်တဲ့ မိန်းမတစ်ယောက်အတွက် မျက်ရည်မကျတာ အကောင်းဆုံးပဲလို့၊ ငါ့အတွက်ကလေ… ဟောဟိုမိုးကောင်းကင်ပေါ်က လက်နေတဲ့ ကြယ်လေးတွေလောက် ဘယ်ယောင်္ကျားမှ စိတ်ဝင်စားစရာ မကောင်းဘူး… အဲဒါ နင်.. မှတ်ထားနော်..’

ကောင်မလေးရဲ့မေးစေ့ကို ထိထားတဲ့ ကိုယ့်လက်ပေါ်ကို ခပ်နွေးနွေးရေစက်လေးက ပေါက်ကနဲ။ ကောင်မလေးက ရှက်သွားသလို ခေါင်းငုံ့ချလိုက်တယ်။

‘ဟော… မိုးတောင်ရွာလာပြီလားမသိဘူး၊ မိုးစက်လေးတစ်စက် ငါ့လက်ပေါ်ကျလာတယ်’

ကိုယ်.. ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရယ်သံစွက်ရင်းပြောလိုက်တယ်။ အရယ်ရောရင်းပြောရတဲ့ ကိုယ့်အသံတွေဟာ အငိုလှိုင်းတွေနဲ့။
ကောင်မလေးက တစ်ချက်ရှိုက်ရင်းခေါင်းကိုခါပြီး ကိုယ့်ကိုစူးစူးရဲရဲ ပြန်မော့ကြည့်လာတယ်။

‘မဟုတ်ဘူး……. မျက်စိထဲ ပိုးကောင်ဝင်သွားတာ..’
ကောင်မလေးကော.. ကိုယ်ကော.. ရယ်မောလိုက်ကြတယ်။

အဲဒီညက… နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေထဲက မျက်ရည်တွေဟာ ကြွေသွားတဲ့ ကြယ်ရောင်တွေကို အလင်းပြန်ပေးနေခဲ့ကြတယ်။

အခုအချိန်မှာတော့ အဲဒီအိမ်မှာ ကောင်မလေး မနေတော့ပါဘူး။ ကောင်မလေး ဘယ်မြို့ကိုပြောင်းသွားပြီလဲဆိုတာလည်း မသိတော့သလို၊ စုံလည်း မစုံစမ်းတော့ပါဘူး။ သူ့မိဘရည်ရွယ်ထားခဲ့သူနဲ့ အိမ်ထောင်ကျပြီး ဘဝက တည်တည်ငြိမ်ငြိမ်ဖြစ်သွားခဲ့ပြီလား။ ကောင်မလေး တစ်ကယ်ကိုပဲ ကြယ်တွေကလွဲလို့ ဘယ်သူ့ကိုမှ မချစ်တတ်တာလား။ ကိုယ်မသိသလို… သိလည်း မသိချင်တော့ဘူး။

အဲဒီညမှာ ကောင်မလေးရဲ့ အိမ်ခေါင်မိုးစွန်းမှာ ကောင်မလေးနဲ့အတူတူ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ထိုင်ဖူးခဲ့ခြင်းပါပဲ။
နောက်တစ်ခု သေချာတာကတော့…
အဲဒီညမှာ.. ကိုယ်ဟာ.. ကောင်မလေးကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် နှလုံးသားနဲ့ အခါခါ နမ်းရှိုက်ခဲ့ခြင်းပါပဲ…။

အိမ့်ချမ်းမြေ့
၂၀၁၆ နွေယံညများ

2 Comments »

  1. ဆောင်းပါးကောင်းလေးတစ်ပုဒ် ဆွေးဆွေးလေးဖတ်သွားပြီ မလေးရေ။
    အဲ့လိုအဲ့လိုလေးတွေဖတ်နေရတော့ တီတင့်အတွေးလွဲတာ အပြစ်မရှိပါဘူးနော် ^_^

    Comment by တီတင့် — June 5, 2016 @ 9:04 pm

  2. ခေါင်မိုးပေါ်မှာ ကြယ်ထိုင်ကြည့်တတ်တဲ့ကောင်မလေးနဲ့အတူလိုက်ခံစားရင်း အလည်လာသွားပါတယ်မလေးရယ်…

    Comment by hsumyat — June 14, 2016 @ 2:29 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------