♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 18, 2016

ပညာတတ် - မိတော

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:21 pm

ထိုနေ့က ကိုရင်နှင့်မိတောသည် ကားဆီအကပ်လေးနှင့် ကျောက်တန်းဘက်မှ ပြန်လာကြလေသည်၊။ ဆီအကပ်ဆို၍ မိတောသည် ဆီကုန်နေကြောင်းအချက်ပြမီး လင်းနေသည်တိုင် နှစ်ရက်ခန့်မောင်းတတ်သည့် အကျင့်လေးက ရှိတတ်သေးသည်။

တစ်ခါကလည်း ကနေဒါအနောက်အလယ်ပိုင်း ဒေသမှ ကမ်းရိုးတန်းဘက်သို့ ဟိုင်းဝေးလမ်းကြီးပေါ် စကားတပြောပြောမောင်းလာကြရာဝယ် နောက်ခုံမှ ဂျူနီယာတော၏ အသံကထွက်လာလေသည်။

`ဖေဖေနဲ့မေမေ ဆီတစ်ချက်ကြည့်လိုက်ဦးနော်´

သူပြောမှ ဆီကိုကြည့်ရာ အကပ်လေးပဲကျန်ကာ မီးနီပြနေသည်ကို သတိထားလိုက်မိလေသည်။

`ဆီဆိုင်က နောက်ကမြို့မှာ ကျန်ခဲ့ပြီ..
လမ်းဘေးက ဆိုင်းပုဒ်မှာရေးထားတာ နောက်ထပ်ဆီဆိုင်ရောက်ဖို့ ××××ကီလိုမီတာ လိုဦးမယ်ဆိုရင် ခုနှုန်းတိုင်းမောင်းမယ်ဆို
နောက်ထပ်ဆီဆိုင်ရောက်ဖို့ အနည်းဆုံး လေးငါးနာရီမောင်းရဦးမယ်၊ လောက်မယ်မထင်ဘူး´

မိဘနှစ်ပါးကို ပြန်လည်တွက်ချက်ပြနေသဖြင့် စကားကောင်းနေကြသည်မှာ ဆီကုန်မှန်းတောင် မသိလိုက်သဖြင့် ရှက်သလိုလိုဖြစ်ရုံမက၊ သူမကို စိတ်ထဲက ချီးကျူး၊ တစ်ချိန်တည်းမှာ စိတ်တွေပူကာ ရှေ့ဆက်မောင်းရမလား၊ နောက်ပြန်လှည့်ရမလား တွက်နေမိသည်။ နောက်တစ်ဆိုင်ထိရောက်ဖို့ အကွာအဝေးနှင့် ကျန်မည့်ဆီ၊ လမ်းကလည်း တဝက်နီးနီးကို လွန်လာသည်မို့ ပြန်လှည့်လျှင်ကြာမည့်အချိန်နှင့် ကျန်မည့်ဆီကို တွက်ရတော့သည်။

ကိုရင်လည်း မိတောကဲ့သို့တွက်ချက်အပြီး နောက်ပြန်လှည့်ရန် ဆုံးဖြတ်ကြရာဝယ်၊ ပြန်လှည့်စရာလမ်းများပင်မရှိ၊ အလယ်တွင် ချောက်ကြီးများသာရှိသော တစ်လမ်းသွားများ ဖြစ်နေလေသည်။

နေကလည်းဝင်တော့မည်။ ကနေဒါညနေခင်း၏ အအေးဓာတ်ကလည်း တိုးဝင်လာ၊ တောကောင်တို့ အရိပ်အရောင်များပင် မြင်နေရသည်။ ယခင်ကဆို နေဝင်ရီတရော ရေသောက်ဆင်းသော ဒရယ်ကြီးများ သမင်၊ ချေ စသည်များ၊ လမ်းကူးနေသော ဝက်ဝံကြီးများကို အရှိန်လျော့ချပြီး ရင်သပ်ရှူမော ကြည့်ရသည်မှာ အမော။

ယခုတော့ ကြောက်နေမိသည်။
ဒီညဆီကုန်ခဲ့ရင်တော့ ဝက်ဝံတွေကြား အိပ်ရလေတော့မလား မသိဟု ကြောက်ကြောက်နှင့် တွေးမိတွေးရာ တွေးရင်း ကိုရင်သင်ပေးသည့်အတိုင်း ကနေဒါချောက်ကြီးများကို ရင်တမမဖြင့် ဖရီးရိုက်ဆင်းရင်း ပြန်ကွေ့နိုင်မည့် လမ်းကို ရှာရသေးသည်။

နောက်ဆုံး ဝက်ဝံများ တောကောင်များ လမ်းဖြတ်ကူးရန် ဆောက်ပေးထားသော လှိုင်ခေါင်းထဲမှတဆင့် ကွေ့ပတ်ကာ လာရာလမ်းအတိုင်း ပြန်လှည့်ကာ ဆီပြန်ထည့်ရသော အဖြစ်။

ထိုနေ့ကလည်း ကျောက်တန်းဘက်ကအပြန်၊ မိတောနားမလည်သော ဂျပန်လား၊ ကိုရီးယားသံလား မိန်းမအသံတစ်သံက ကားထဲတစ်နေရာမှ တောက်လျောက် ထွက်နေသဖြင့် ကိုရင့်ကို မေးရာဝယ်…

`အဲဒါဆီကုန်နေလို့´ ဟု ဆိုလေသည်။
ကိုယ့်ပြည်ကိုယ့်ရွာမို့ ဆီကုန်လည်း ဘာအရေးလဲဟု တွေးမိသော မိတောသည် သီချင်းလေးပင် ည ည်းနေလိုက်သေးသည်။

တံတားအဆင်း ရန်ကုန်ဘက်ခြမ်းအရောက်…

`ဒီလမ်းလေး မသွားဘူးသေးဘူး၊ မောင်းကြည့်လိုက်မယ်၊ ဆီဆိုင်ရှိနိုင်တယ်´

ကိုရင့်ကို ယုံကြည်မှု အပြည့်ရှိလေသော.. နောက်ခန်းမှာ တစ်ယောက်တည်း ထိုင်ငေးလာသော.. မိတော.. ကိုရင်မောင်းသည်ကို စီးနင်းလိုက်ပါလာရင်း မှေးကနဲတောင် ဖြစ်သွားလေသည်။

`အစ်ကိုရေ… ဆီဆိုင်ဘယ်နားမှာရှိလဲ..
အစ်ကို….. ဆီဆိုင်´

ကိုရင့်အသံကျယ်ကြီးကြောင့် မိတောမှာ လန့်နိုးသွားရလေသည်၊ တစ်ဘက်ကားကို ဆီဆိုင်လှမ်းမေးနေခြင်းပင်။

`ရှေ့ကွေ့နား.. ဟိုဘက်ခြမ်း´

ဘယ်ရှေ့ကွေ့နားလဲ၊ ဟိုဘက်ခြမ်းဆိုတာ ဘယ်ခြမ်းလဲ ဟု မိတော စိတ်ထဲက မေးမိသည်။

ကိုရင်သည် ဟိုကဖြေချင်သလို ဖြေလိုက်သည်ကို သေချာပြန်မမေးတော့ဘဲ ညာဘက်လိုင်းထဲဝင်သွားကာ ဆက်မောင်းသည်။ ဆယ်မိနစ်ခန့်ဘာဆီဆိုင်မှ မတွေ့။

ကားထဲက အော်တိုမစ်တစ် ဂျပန်မအသံကလည်း ပိုပိုကျယ်လာသည်။ ဘယ်ရောက်လို့ ရောက်နေကြမှန်းတောင် မသိ။ ဖုန်းနှစ်လုံးလုံးလည်း ဘက်ထရီကုန်နေသဖြင့် ဘယ်သူ့မှ ဖုန်းဆက်မေး မရ။ ကိုယ့်ပြည်ကိုယ့်ရွာ ဆီကုန်တာ မကြောက်သေး.. ဟု ကြွေးကြော်လေသော မိတောလည်း မျက်နှာပျက်လာစဉ် ကိုရင်က ဆီစားသက်သာရန်ဟုဆိုကာ အဲကွန်းပိတ်ချလိုက်သဖြင့် ချွေးတွေကလည်းထွက်လာလေ၏။

ကိုရင်က နောက်တစ်ယောက်ကို မေးသည်။

`ညာချိုး ကုန်းအဆင်းမှာ ´

ဟုဖြေသည်၊ နှုတ်ကညာဖြေသော်လည်း လက်က ဘယ်ချိုးကို ပြသည်။

`ရှင့်လူက လက်ကအပြတစ်မျိုး နှုတ်ကအပြောတစ်မျိုး´

`မင်းကလည်း ဒီမှာ ဆီကုန်တော့မှာ မစိုးရိမ်ဘဲ အိပ်တောင်အိပ်နေသေးတယ်နော်´

`ဟင်.. မသိဘူးလေ..´

`မသိဘူးမလုပ်နဲ့…
ခုဘယ်ရောက်နေလဲတောင် မသိဘူး။´

`ခုဘယ်နေရာရောက်နေကြတာလဲ..´

`တစ်ကယ်မသိတာ… မြောက်ဥက္ကလာပထင်တယ်.. မင်းကလည်း နည်းနည်းကူကြည့်ပေးလေ´

`အို…. ဘယ်သိမလဲလို့၊ တစ်ခုခုဆို ငါဒီမှာမွေးပြီး ဒီမှာကြီးလာတဲ့ သူပါကွာ…ဆို၊ အကုန်သိတယ်.. ဆို၊
ဆီကုန်တော့လည်း တစ်အိမ်အိမ်မှာ ဆီလေးတောင်းထည့်လို့ရမှာပေါ့ .. ကိုယ့်ပြည်ကိုယ့်ရွာပဲကို´

`အောင်မလေး… သူက ဆီဝင်တောင်းဦးမတဲ့၊ ဒါမင်းသိခဲ့တဲ့ မြန်မာပြည် မဟုတ်တော့ဘူး ဒေါ်မိတောရဲ့´

ထိုသို့နှင့် ကိုရင်မှာ တွေ့သမျှလူကိုမေး၊
တော်တော်များများကလည်း ..
`ရှေ့နားကကွေ့လေးမှာ ညီလေး.. ´
`ရှေ့နားကုန်းဆင်းလေးမှာအစ်ကို…´
`ရှေ့နားလေးမှာ ဦးလေး´
စသည်… ဖြေကြလေ၏။

မိတောတို့လည်း သူတို့ ရှေ့နားလေး.. ဆိုတိုင်း… ရှေ့နားလေး လာရသည်မှာ
ကနေဒါတောင် ပြန်ရောက်သွား မလား အထင်ရှိမိသည်။

သည်ကြားထဲ တစ်ယောက်က `ရှေ့နားလေးမှာ ညာချိုးချလိုက်´ ဟုဆိုလေသဖြင့် ချိုးလာရာ.. ငါးပိ ငါးခြောက် ကုန်ခြောက်မျိုးစုံရောင်းသော ဈေးတန်းထဲ ကြပ်ညှပ်ကာ ကားတောင် လှုပ်မရတော့။

`ညာချိုးဆိုပြီး ထည့်လွှတ်လိုက်ပြီထင်တယ်..´

ကိုရင် ခပ်တိုးတိုးဆိုသည်။

အဲကွန်းမဖွင့်သဖြင့်
အိုက်ကအိုက်၊ ကားထဲက ဂျပန်မကလည်း ဂျပန်လိုတွေ ဆက်တိုက်ရွတ်နေ၊ ငါးခြောက်နံ့ ငါးပိနံ့လေးတို့ကလည်း လှိုင်လှိုင်သင်းလေသဖြင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ခါနီးဆဲဆဲဝယ် ယာဉ်ထိန်းရဲများကို လှမ်းတွေ့လိုက်ရသဖြင့် အားအတော်တက်သွားမိသည်။

`ဟိုမှာ.. ဟိုမှာ.. ယာဉ်ထိန်းရဲတွေကိုမေးပါလားဟင်´

ကိုရင်က ယာဉ်ထိန်းရဲလေးကို ဆီဆိုင်မေးရာဝယ်.. အခြားသူများထက် အနည်းငယ်ပိုတိကျပြီး ဖြေလေသည်။

အခြားသူများထက် အနည်းငယ်ပိုတိကျစွာ လမ်းညွှန်လေသော ယာဉ်ထိန်းရဲပြောသည့်အတိုင်း အတော်ကြာကြာဆက်မောင်းလာသည့်တိုင် ဆီဆိုင်ကို မတွေ့။

`ဟို.. ကွမ်းယာဆိုင်လေးကိုမေး´

မိတောလည်း မဲမဲမြင်ရာ အကုန်မေးခိုင်းတော့သည်။

ကိုရင်က ကွမ်းယာဆိုင်ရှေ့ ကားကို ထိုးရပ်၊ ဖုန်တွေတထောင်းထောင်းထသွား၊ ဆိုင်ထဲက ကောင်လေးတစ်ယောက်ကို ညီလေးရေ.. ဟုလှမ်းခေါ်၊ သွယ်သွယ်နွဲ့နွဲ့ကောင်လေးတစ်ယောက်က သွက်သွက်လေးထွက်လာ၊ ကိုရင်က..
`ဓာတ်ဆီဆိုင်ဘယ်နားလဲ ညီလေး..´
ဟုမေးရာဝယ် ခပ်ပါးပါးအရောင်တင်ထားသော နှုတ်ခမ်းကို စူတူတူလုပ်ရင်း ဖြေရန်ဟန်ပြင်၊ နောက်ခန်းထဲမှ နေကာမျက်မှန်အကာကွယ်ယူကာ ကြည့်နေသော မိတောကိုလှမ်းမြင်၊ မျက်လုံးကို ဝိုက်သွား၊ မေးကိုဆတ်ကနဲထိုး၊ သက်ပြင်းရှိုက်ကာ ဖြေလေသည်။

`ဒီကနေ ရှေ့ကို တည့်တည့် သုံးမှတ်တိုင်သွား၊ အဝိုင်းတွေ့ရင် ဒုတိယလမ်း ××× အဲဒီလမ်းထဲဝင်ပြီး နောက်ထပ် ၂မှတ်တိုင်လောက်မောင်းရင် ညာဘက်မှာ ဆီဆိုင်အစ်ကို´

မိတော ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။ ပြီးတော့ သူ့ကိုကြည့်လိုက်သည်။ သူက ကိုယ်ကိုလိမ်ပြီး မိတောကိုကြည့်သည်၊ မိတော ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူက မျက်စောင်းထိုးကာ အကြည့်လွှဲသွားသည် (တမင်ထိုးခြင်းမဟုတ်၊ အမူယာပိုသဖြင့် နေရင်းထိုင်ရင်း မျက်စောင်းထထိုးသလို ဖြစ်နေရခြင်း) ထို့နောက်.. ခါးလိမ်တင်ကိုနောက်ပစ်ကာ သူ့ကွမ်းယာဆိုင် ခနော်ခနဲ့လေးထဲသို့ ဝင်သွားလေတော့သည်။

မိတောတို့လည်း ဆီဆိုင်သို့ ချောချောမောမော ရောက်ရှိခဲ့သည်။

ထိုနေ့ ထိုအချိန်က ထိုကွမ်းယာသယ်လေး၏ တိတိကျကျ လမ်းညွှန်တတ်မှုကို မိတောသည် ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်။

အိမ့်ချမ်းမြေ့

——————
ကော့မန့်များ အမှတ်တယသိမ်းပါရစေရှင်..
ss12.JPG

ss22.JPG

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------