♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 29, 2008

သီရေတာနံပါတ် ၁၄၁၅ (၃)

Filed under: ၀တ္ထု (Novels) — မလေး @ 12:28 am

E-mail Print

 

ရောင်စုံပန်းကလေးတွေ ဖွင့်ဖူးနေတဲ့ တိုက်ပုလေးရှေ့မှာ ကားရပ်လိုက်တော့ မွှေးပျံ့တဲ့ ပန်းရနံ့လေးတွေ ကားပြူတင်းပေါက်က တဆင့်ဖြတ်ဝင်လာသည်။ ကားထဲက အဆင်း အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားရှစ်စီးကို တွေ့လိုက်တော့ မိတ်ဆွေ၊ သူငယ်ချင်းတွေ ရောက်နှင့်နေပြီဆိုတာ သိလိုက်သည်။ လူခေါ်ခေါင်းလောင်းတီးလိုက်လို့ မှန်တံခါးဝနောက်က မှုန်ဝါးဝါးအရိပ်ကို တွေ့လိုက်ချိန်မှာ အနဲငယ်စိတ်လှုပ်ရှားသွားမိသည်။ တံခါးဝမှာ တည်ငြိမ်တဲ့ မျက်ဝန်းညိုတစ်စုံ ပေါ်လာသည်။
“ဟိုင်း..မင်း.. လာလေ.. အထဲကိုဝင်ပါ”
“ဟိုင်း.. ကျေးဇူးပါ”
“လိပ်စာရှာရတာလွယ်ရဲ့လား”
“လွယ်ပါတယ် သီယာ”

လက်ထဲက ၀ိုင်ပုလင်းကို သူမကို လှမ်းပေးလိုက်သည်။ ယူလာစရာမလိုပါဘူး၊ ဒါပေမယ့် ကျေးဇူးဟု သူမပြောသည်။ ဧည့်ခန်းထဲ က သူငယ်ချင်းတွေထံ လမ်းညွှန်ပြရင်း သူမက မီးဖိုထဲသို့ ၀င်သွားသည်။ အချို့က ခုံတွေပေါ်မှာ ထိုင်နေကြသည်။ အချို့ကတော့ ၀ိုင်ခွက်လေးများ ကိုယ်စီနှင့် ပြူတင်းပေါက်အပြင်ဘက်က လှပသော ပင်လယ်ပြင်ကို ငေးရင်း ရောက်တတ်ရာရာတွေ ပြောနေကြသည်။ သူငယ်ချင်းများအနားသို့ သွားထိုင်ရင်း သူမ အိမ်လေးကို မသိမသာ အကဲခတ်နေမိသည်။

အဆောင်အယောင်နဲပါးသော တက္ကသိုလ် ဆရာမ တစ်ယောက်၏ နေအိမ်လေးက သန့်ရှင်း၊ မွှေးပျံ့၊ ငြိမ်းချမ်းနေသည်။ နံရံတွေ ပေါ်မှာ ရိုးရှင်းသော ပန်းချီလေး တစ်ခု နှစ်ခုသာ ချိတ်ထားသည်။ ကြည်လင်သော မှန်တွေကိုဖြတ်လို့ ပြာလဲ့တောက်ပနေသော ပစိဖိတ်ရေပြင်နှင့် မြင့်မားသော ထင်းရှုးပင်၊ မေပယ်ပင်တွေကို လှမ်းမြင်နေရသည်။ ရေပြင်ကျယ်က လေညှင်းကြောင့် လှိုင်းကြက် ခွပ်လေးတွေ ခပ်ဖြေးဖြေး ပြေးလွှားနေသယောင်။

နံရံထောင့်က စားပွဲလေးတွေပေါ်မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မွှေးမွှေးလေးတွေထံမှ ရနံ့လေးက သင်းပျံ့နေသည်။ ပွင့်နေ သောတံခါးတစ်ခု၏ နောက်တွင်တော့ နံရံပြည့် စာအုပ်စင်များကို လှမ်းတွေ့လိုက်ရသည်။ မဟော်ဂနီရောင် ထမင်းစားပွဲ ပေါ်တွင်တော့ လူဆယ်ယောက်စာ ညစာအတွက်၊ ငွေပန်းကန်၊ ဇွန်း၊ ပြောင်လက်နေသော ၀ိုင်ခွက်နှင့် ရေခွက်များက အဆင်သင့်။ သူမနှင့် မိန်းကလေး သူငယ်ချင်း အချို့ မီးဖိုထဲမှာ အလုပ်ရှုပ်နေကြသည်။

သူမရှိရာ မီးဖိုချောင်သို့ လိုက်သွားပြီး ဘာအကူအညီပေးရမည်လဲဟု လှမ်းမေးလိုက်သည်။ သူမက ပြင်ဆင်ပြီးသား ဟင်းခွက်များကို ထမင်းစားပွဲပေါ်သို့ သယ်ယူသွားနိုင်မလားဟုမေးသည်။ သူမနှင့် ကျွန်တော့်သူငယ်ချင်းမများ (သို့) သူမ တပည့်မလေးများ ပြင်ဆင်ထားသော အမဲသားရိုစ့်၊ သိုးသားကင်၊ အာလူး၊ ဟင်းသီးဟင်းရွက်ပေါင်းများနှင့် ကယ်စရိုလ်း ပန်းကန်များကို ကျွန်တော်ချပေးလိုက်သည်။

စားပွဲမှာ ၀ိုင်းထိုင်ကြစဉ် အားလုံးက သူမကို ကျေးဇူးတင်ကြောင်း ပြောနေကြသည်။ ကျွန်တော် သူမ မျက်နှာကို စူးစိုက်ကြည့်နေ မိသည်။ သူမ မျက်နှာလေးက မီးရောင်အောက်မှာ လှပစွာ ပန်းနုရောင်သန်းနေသည်။ “အားလုံးကို တပည့်တွေလို့ စိတ်ထဲမှာမရှိ ဘူး။ ကျွန်မရဲ့ မိတ်ဆွေတွေလို့ သဘောထားတယ်။ အခုလို ပြန်ဆုံရလိမ့်မယ်လို့လဲ မမျှော်လင့်မိဘူး။ ဒီညစာစားပွဲလေးက အမှတ် တယပါ၊ ဘာမှ အပန်းမကြီးပါဘူး။ အများဆုံး ရှာလိမ်းပဲလုပ်သွားတာ” ဟု သူမဆိုသည်။ အားလုံးက ရှာလိမ်းကို ကျေးဇူးဝိုင်းတင် တော့ ရှာလိမ်းက ၀ိုင်ခွက်ကို မော့လိုက်ပြီး ဟက်ဟက်ပက်ပက် တစ်ချက်ရယ်လိုက်သည်။

ညလေက ဝေ့၀ဲတိုက်ခတ်သွားသည်။ ထမင်းစားပွဲဝိုင်းက ဇွန်း၊ ခက်ရင်းသံတို့ တိုးတိတ်ညင်သာနေသော်လည်း ညဉ်နက်လာသည် နှင့်အမျှ စာရေးဆရာမ ဂျိမ်းယာကုပ်၏ အသက်ရှင်နေထိုင်မှု စနစ်များ ကိုအခြေခံသည့် စကားဝိုင်းက အရှိန် အနည်းငယ်မြင့်လာ သည်။

“လူတွေရဲ့ အတွေးခေါ်၊ အပြုအမှု၊ အပြောအဆိုတွေနဲ့ ထုံးတမ်း အစဉ်အလာတွေကို မိမိဘာသာ ထိမ်းသိမ်းနိုင်မှုက ဥပဒေတွေ ရှိနေတာထက် အရေးပိုကြီးတယ်လို့ ယာကုပ် ကပြောပေမယ့် ဥပဒေတွေ မရှိလို့မှ မဖြစ်တာ”

“ဟုတ်တယ်။ ဥပဒေတွေ ဘယ်လောက်ရှိရှိ၊ တစ်ယောက်မှ ဘာကိုမှ မလိုက်နာဘူးဆိုရင်လဲ အလကားပဲလေ၊ ပတ်ဝန်းကျင်တစ်ခု လုံး ပျက်စီးနေတာနဲ့ အတူတူပဲ”

“ဒါဆို ဥပဒေတွေ မရှိရတော့ဘူးလား”

“ဥပဒေကို လက်ကိုင်ထားပြီး အားလုံးရဲ့ စိတ်ဓာတ်တွေက ဖောက်ပြန်နေရင်လဲ ဘာမှ မှ လုပ်လို့မရတာ။ အထူးသဖြင့် အုပ်ချုပ်သူ၊ ကာကွယ်စောင့်ရှောက်သူတွေူ Guardian တွေရဲ့ စိတ်ဓာတ်တွေ ဖောက်ပြန်နေရင်ပေါ့”

“ကုန်သွယ်မှုလုပ်သူတွေရဲ့ လက္ခဏာစုတွေနဲ့ (Commercial Syndrome) အုပ်ချုပ်သူတွေရဲ့ လက္ခဏာစုတွေကို (Guardian Syndrome) လုံးဝခွဲခြားလို့တော့ ရမယ်မထင်ဘူး၊ အနဲနဲ့အများ ရောယှက်မှုတွေတော့ ရှိနေမှာပဲ”

“ဟုတ်တယ်။ အားလုံးက သူနဲ့ငါလို့ ခွဲနေသမျှတော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့ အစည်းမှာပဲ ဖြစ်ဖြစ်၊ မင်းတို့ နဲ့ ငါတို့ ဆိုပြီး ကွဲနေသမျှ ဘယ် ရည်မှန်းချက်မှ အောင်မြင်မှာ မဟုတ်ဘူး”

“ဒါတော့ သဘောမတူဘူး၊ ခွဲထားရမယ်၊ အထူးသဖြင့် တာဝန်တွေကိုခွဲရမယ်၊ ကိုယ့်တာဝန်လဲ ကိုယ်ကျေသင့်တယ်”

“တာဝန်ခွဲတာကို သဘောတူတယ်။ အချင်းချင်း ကွဲပြားတာကိုပြောနေတာ”

“ကုန်သွယ်မှုလုပ်သူတွေက ဖိအား၊ တွန်းအားတွေ မသုံးပဲ အရောင်းအ၀ယ်တွေလုပ်တယ်၊ Guardian တွေက ဘယ်လိုနည်းနဲ့ဘဲ ဖြစ်ဖြစ် အဲလို အလဲအလှယ်လုပ်မှု၊ စီးပွားရှာမှု ကို ရှောင်သင့်တယ်။ ကုန်သွယ်မှုပြုသူတွေက တရားနည်းလမ်းကျစွာ အမြတ်အစွန်းကို ရှာတယ်။ Guardianတွေက အမြတ်အတွက် လုပ်တာမှမဟုတ်တာ”

“ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ လက္ခဏာစုတွေက တစ်အုပ်စုနဲ့ တစ်အုပ်စုမတူ လုံးဝ ကွဲပြားနေတာလို့ ယာကုပ်က ဒါကြောင့် ပြောတာ”

“အုပ်စုလိုက်နေတဲ့ တိရစ္ဆာန်တွေတောင် ဒါတွေလိုက်နာတာပဲ။ အစားအသောက်ရှာဖွေသူများနဲ့ သူတို့ကို ကာကွယ်သူများ။ တကယ်ဆို တိရစ္ဆာန်တွေက လူတွေထက်တောင် အကုသိုလ်တောင်ပိုနဲသေးတယ်။ မခိုးတတ်ဘူး။ မလိမ်တတ်ဘူး။ လျော့ဈေးနဲ့ လိမ်မရောင်းတတ်သလို၊ ဈေးလဲမတင်တတ်ဘူး”

“ဒါကလဲ လူတွေက သူတို့အကြောင်း အကုန်မသိသေးလို့ပါ။ မျောက်တွေကတော့ ခိုးတတ်တယ်လေ”

“မျောက်တွေမှာ Guardian တွေရှိတယ်လို့ မင်းဖတ်တဲ့ အဲဒီစာထဲမှာပြောထားလား”

“အဲဒါတော့ ငါလဲမသိဘူး နေပါဦး၊ အဲသလို အုပ်စုနှစ်စုလုံးနဲ့ သက်ဆိုင်တဲ့ လက္ခဏာစုတွေရှိတယ်လို့တော့ ယာကုပ်ကပြောတယ်၊ အဲဒါပြောပြချင်လို့”

“ဘာတွေလဲ”

“အားလုံးသိတဲ့ အတိုင်းပါပဲ။ အိုဟောင်းနေတဲ့ သမ္မာရိုးကျ သမ္မာတွေပဲလေ၊ လိုက်နာနိုင်ဖို့သာ ခက်ကြတဲ့အရာတွေပေါ့။ စည်းလုံး ညီညွှတ်ခြင်း၊ သတ္ထိရှိခြင်း၊ အစွန်းမရောက်ခြင်း၊ ကိုယ်ချင်းစာစိတ်၊ တရားမျှတမှု၊ အမြော်အမြင်ရှိမှု၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်းတွေဘဲ”

“………….”

“…………..”

ထမင်းစားပွဲ ၀ိုင်းမှာ အရှိန် မသေသေးတဲ့ သုံး၊လေး၊ ယောက်က ဆက်လက် ဆွေးနွေးနေကြသည်။ အချို့က သူမနှင့်အတူ စာအုပ် စင်ကိုမွှေနှောက်ဖို့ ထွက်သွားကြသည်။ နှစ်ယောက်က မီးဖိုထဲသို့ ပန်းကန်ကိုယ်စီကိုင်လျှက်ဝင်သွားသည်။ ကျွန်တော်က ၀ရံတာ ကို ထွက်လာခဲ့သည်။ အပြင်မှာ နေလုံးက နီနေပြီ။ ၀ရံတာက နံရံကပ်ခုံရှည်လေးပေါ်မှာ ထိုင်ပြီး ထင်းရှုးနံ့သင်းတဲ့ ပင်လယ်လေကို ရှုရှိုက်လိုက်သည်။

ခဏအကြာ ၀ရံတာ တံခါးက ပွင့်လာသည်။ သူမ ၀ရံတာဘက်ကိုတန်းတန်းမတ်မတ်သွားပြီး တိုင်ကိုမှီလျှက် ပင်လယ်ပြင်ကို ကြည့်နေသည်။ ကျွန်တော့ကို မမြင်။ သူမကို မကြည့်မိဖို့ ကိုယ့်ကိုကိုယ် ကြိုးစားပြီး ထင်းရှုးပင်တွေဘက် အကြည့်ကိုပို့ထား မိသည်။ အော်..လူ့စိတ်ဆိုတာကလဲ ခက်လှပါလားနော်။ ထိန်းချုပ်လေ စိတ်ကရုန်းကန်လှုပ်ရှားနေလေလေ။

ကဲ..မထူးတော့ပါဘူး။
သူမကို ရင်ခုန်စွာ ငေးကြည့်နေလိုက်မိသည်။ သူမဂါဝန်က လေအဝှေ့မှာ ကဗျာဆန်စွာ လွန့်လူးနေသည်။ ဆံပင်အညိုလေးတွေလဲ လွင့်နေသည်။ ဆည်းဆာအောက်မှာ သူမကောက်ကြောင်းတွေက မှုန်ဝါးဝါး၊ သူမ ဆံပင်ကို ဟန်ပါပါတစ်ချက်သတ်လိုက်သည်။ ကျွန်တော်လက်ထဲက စူးရှရှ ၀ိုင်ကို အသံမဲ့သောက်လိုက်သည်ရင်း သူမ ခြေသလုံးကို တစ်ချက်ကြည့်လိုက်မိသည်။ ကိုယ့်ဟာ ကိုယ်ရှက်ပြီး ချောင်းသီးသွားသည်။ သူမ လှည့်ကြည့်လာသည်။

“မင်းက ဒီမှာ လာထိုင်နေတာကိုး”
“ဟုတ်တယ်..လေလာရှုတာ.. အထဲမှာ စကားဝိုင်းက အရှိန်တွေမြင့်လာလို့”
ကျွန်တော့်လေသံတွေက မှုမမှန်။
“ထိုင်လို့ရမလား”
“ရပါတယ်”

သူမကဘေးမှာ ၀င်ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေ သည်။ သူမ နှုတ်ခမ်းပေါ်က စတော်ဘယ်ရီရောင် နှုတ်ခမ်းနီ လေးကို သူမ မသိအောင် ခိုးကြည့်လိုက်မိသည်။ အိမ်ထဲက စကားပြောသံသဲ့သဲ့၊ ဖန်ခွက်သံ သဲ့သဲ့တို့ကို တစ်ချက်တစ်ချက် ကြားနေရသည်။ ထိန်းထားသည့်ကြားထဲက သူမ မျက်လုံးတို့ နှင့် အကြည့်ချင်းသွားဆုံလိုက်သည်။ ကျွန်တော့အကြည့်တွေ ထဲမှာ တမ်းတခြင်းတွေ၊ မြတ်နိုးခြင်းတွေ ပျော်ဝင်နေတာကို ဘယ်လိုမှ အချိန်မှီ မထိန်းလိုက်နိုင်တော့။ သူမ မသိမသာလေး အံ့သြသွားသည်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူမ လည်ပင်း ပေါ်က ထွက်သက်ငွေ့ငွေ့ကို သူမ သတိရလိုက်မိလို့များလား။

“မင်း..သီယာ အိမ်ထဲမှာ သွားကူလိုက်ဦးမယ်နော်”
သူမ မတ်တပ်ရပ်လိုက်သည်။ ကျွန်တော် ဘယ်လိုမှ မတားဆီး နိုင်တော့။
“အို…မသွားပါနဲ့ဦးနော်၊ မင်း နဲ့ ခဏ နေပေးပါ သီယာ”
သူမ လက်နှစ်ဖက်လုံးကို အနည်းငယ်အားသုံးပြီး ဆွဲကိုင်လျှက် ဘေးနားမှာ ပြန်ထိုင်ခိုင်းလိုက်မိသည်။

ရုတ်တရက်မို့ သူမ ကျွန်တော့ဘေးသို့ ကပိုကရို ပြိုကျလာသည်။
“သီယာ”
တိုးညှင်းစွာ ခေါ်လိုက်ပြီး သူမ လက်ချောင်းတွေကို နမ်းရှိုက်လိုက်မိသည်။ ပြီးတော့ ကျွန်တော့ ပါးပြင်မှာ ထိကပ်ထားစေလိုက် သည်။ သူမနဲ့ ကျွန်တော် အကြာကြီး အကြည့်ချင်းဆုံမိကြသည်။ သူမ မျက်လုံးလေးတွေ အရောင်တောက်နေသည်။ သူမ လက်ချောင်းလေးတွေ တုန်နေသည်။သူမ ပါးပြင်ပေါ်မှာ ဆံနွယ်လေးတွေ ဝေ့၀ဲနေသည်။

အဲဒီညက ကျွန်တော့ နှုတ်ခမ်းပေါ်မှာ သူမ၏ စတော်ဘယ်ရီ ရနံ့လေး စွဲထင်ကျန်ခဲ့သည်။

Tuesday, 05 June 2007 01:34

ဆက်ရန်…….

ပထမပိုင်းသို့….

ဒုတိယပိုင်းသို့ …

6 Comments »

  1. ဝတ္ထုက တကယ့်ကို အစပဲရှိသေးတယ်နော်။ အခင်းအကျင်းအားလုံးကို မျက်မြင်တွေ့နေရသလို သရုပ်ပေါ်အောင် ရေးဖွဲ့ထားတယ်။ ဇာတ်လမ်းက အဆက်အစပ်သိပ်မမိသေးဘူး၊ နောက်ပိုင်းကို မှန်းလို့မရသေးဘူး။ အဆက်ကို စောင့်နေမယ်နော်။
    မလေးရဲ့ နူးညံ့မှုမှာ mouse pointer တောင် မခံနိုင်ဘူးပဲ :P အားလုံးခြုံကြည့်လို့ လှနေတာထက် တစ်စစီဆွဲထုတ်လိုက်ရင်တောင် အစိတ်အပိုင်းအားလုံး ရှုမငြီးနိုင်အောင် မလေးက အနုပညာဆန်တယ်။
    မလေးရဲ့ lyricswithoutmelody ကို သိုးလေး လက်ခံရတယ်။ အဲဒီကိုမကြည့်ဖြစ်တော့ ဒီနေ့မှသိရတယ်လေ။ တကယ့်ကို တစုတစည်းပါပဲ။ offline မှာ ဖတ်မရတာပဲ ဆိုးတယ်။ :) ပရင့်ထုတ်ရင် မွဲပြီလေ။ သိမ်းထားချင်တာက အားလုံးဆိုတော့ … အင်း… ဒီတိုင်းလေးပဲ ကောင်းပါတယ်နော် မလေး။
    မလေးရဲ့အနုပညာကို ချစ်မြတ်နိုးတဲ့
    အေးချမ်းသူ

    Comment by အေးချမ်းသူ — July 30, 2008 @ 3:52 am

  2. မလေးရေ..

    ဖတ်ရတာ ဆွဲဆောင်မှု့ အပြည့်ရှိတယ်။
    အရမ်းမိုက်တယ်.. ကြိုက်တယ်။ :))

    SMNTL

    Comment by Soe Mya Nandar Thet Lwin — July 30, 2008 @ 4:49 am

  3. သိုးလေးရေ..
    မလေးက သဘောပေါက်မလွယ်ဖြစ်သွားလို့.. ဒါဆိုပရင့်မထုတ်နဲ့တော့..
    လောလောဆယ်တော့ သက်ငြိမ်ပန်းပွင့်များကို နှိပ်လိုက် http://www.ainchannmyay.com/?page_id=148 အဲဒါလေ.. ဒါပဲလုပ်ထားသေးတယ်.. ပျင်းတာရော မအားတာရောပါတယ် :D
    မလေးရဲ့ အနုပညာဆန်ခြင်းဟာ သိုးလေးတို့လို အားပေးသူတွေကြောင့် ပိုမိုပြောင်မြောက်တာပါကွယ်..

    စိုးမြတ်နန?ာသက်လွင်..
    ညီမရေ.. အားလုံးအဆင်ပြေပါစေနော်..

    Comment by အိမ့်ချမ်းမြေ့ — July 30, 2008 @ 10:50 pm

  4. ဒီ post ရဲ့ အဆက်က တင်ပြီးသွားပြီလား မတင်ရသေးဘူး လား သိပါရစေ။ အဆက်ကို လိုက်ရှာရင်း ချာချာလည်လာပြီ။
    မတင်ရသေးဘူးဆိုလဲ အဆက်လေးမျော်နေပါတယ် ဆရာမ။

    လေးစားစွာဖြင့်

    Comment by မြစ်ချေသူ — November 2, 2009 @ 10:12 am

  5. မြစ်ချေသူ….

    မလေး အဲဒီပိုစ်ရဲ့အဆက်ကို မတင်ဖြစ်သေးလို့ပါ မြစ်ချေသူရေ…။ တင်သင့်လား မတင်သင့်လား စဉ်းစားနေတာ ၂နှစ်ရှိတော့မယ် :D

    Comment by မလေး — November 2, 2009 @ 3:29 pm

  6. Merry Christmas to you Malay,
    Still waiting the end of this post.
    :)

    Comment by Myatchaythu — December 24, 2009 @ 11:33 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------