သီရေတာနံပါတ် ၁၄၁၅ (၂)

got this pic from google images.
အော်ဝဲလ်ရဲ့ ဆင်ပစ်ခြင်း စာစုလေးကို အတန်းသားတွေနဲ့ ဝေမျှရန် သင့်၊ မသင့် ကျွန်တော် အကြီးအကျယ်စဉ်းစားခန်းဝင်ပြီး နောက်ဆုံးဝေမျှရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အမှန်တော့ အော်ဝဲလ်၏ စာများကို လူတော်တော်များများက ဖတ်ရှုပြီးသား ဖြစ်သည်။ သူ၏ Animal Farm က လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတာလဲ ကြာခဲ့ပြီ။ ဆင်ပစ်ခြင်းကိုဖတ်အပြီး ကျွန်တော်နှင့် ကျွန်တော့လူမျိုးအပေါ်မှာထားမည့် အတန်းသားတွေ၏ အမြင်တွေ၊ အတွေးတွေကိုလဲ ကျွန်တော် သိလိုသည်။ အမြင်သည် အမြင်သာဖြစ်သည်။ ဆိုးသည်ပဲဖြစ်ဖြစ် ကောင်းသည်ပဲဖြစ်ဖြစ် ကျွန်တော်သိလိုသည်။
ထိုနေ့က တစ်တန်းလုံး ထူးထူးခြားခြားငြိမ်ချက်သားကောင်းနေသည်။ ကျွန်တော် မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်အကြောင်းဖြစ်လို့ လဲ သူတို့ပိုလို့စိတ်ဝင်စားနေကြသည်။ စိတ်ဝင်တစားဖတ်နေသော အတန်းသားတွေ၏မျက်နှာကို တိတ်တဆိတ်လေ့လာနေမိ သည်။ သီယာကတော့ သူ့စားပွဲမှာ ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်နေသည်။
“မင်းတို့တစ်မျိုးသားလုံးကို စော်ကားခံထိတယ်လို့ “မင်း” မခံစားရဘူးလား”
ဘေးနားက အာမခံရုံးမှ အရပ်ထောင်ထောင်မောင်းမောင်း အမျိုးသမီးက ခပ်တိုးတိုးလှမ်းမေးသည်။
“ခံစားရတာပေါ့၊ သိပ်ခံစားရတယ်”
စာစုလေးကို မိနစ်၂၀လောက်အတွင်းမှာ သူတို့ဖတ်ပြီးသွားကြသည်။ ဆွေးနွေးပွဲပေါင်း များစွာထဲတွင် သည်ဆွေးနွေးပွဲက အထူးခြားဆုံးဖြစ်သည်။တော်ရုံဆွေးနွေးပွဲတွေမှာ လှပ တောက်ပြောင်တဲ့၊ ယဉ်ကျေးသိမ်မွေ့တဲ့၊ အထက်တန်းစား စကားလုံးတွေနဲ့ အလျော့အတင်း စောင်းကြိုးညှင်းသကဲ့သို့၊ ပြောတတ်၊ ဆိုတတ်၊ ထောက်တတ်၊ ဖွင့်တတ်၊ ပိတ်တတ်တဲ့ Mid-Career Generation X တွေ၊ ထိုနေ့က ယဉ်ကျေးသိမ်မွေ့ခြင်း ၀တ်ရုံတွေ ကွာကျခဲ့ကြသည်။
“ဒီရွာလေးရဲ့ သေနတ်ကိုင်ထားတဲ့ ခေါင်းဆောင်တစ်ယောက် လမ်းလွဲသွားတာကို ဘာမှ အကျယ်တ၀င့်ပြောနေစရာ မလိုပါဘူး။ သေနတ်ကိုင်ပြီးထွက်လာတာ တစ်ကယ်တော့ သူ့အမှားပဲ”
“သေနတ်မကိုင်ဘဲ အခြေအနေကို လေ့လာရုံသက်သက် ထွက်လာတော့ကော ဘာဖြစ်မှာမို့လို့လဲ”
“ရွာသားတွေက သေနတ်မြင်တာနဲ့ ဆင်သားပဲမြင်တော့မှာပေါ့။ သူတို့ မိသားစုတွေ ငတ်နေကြတာကိုလဲ ထည့်စဉ်းစားကြဦးလေ”
သူ့ရဲ့ ဘိုးဘွားတွေကို အင်္ဂလိပ်တွေက ကူလီလို့ ခေါ်လို့ နာနေတဲ့ ရဲအရာရှိပေါက်စက ၀င်ထောက်သည်။
“အာဏာရှိတာနဲ့ လွှမ်းမိုးကြီးစိုးနိုင်တာနဲ့ သူ့ကိုယ်သူ ခေါင်းဆောင်လို့ထင်လိုက်တာ သူမှားသွားတယ်။ ဆင်လေးကို မသတ်ချင်ပေ မယ့် ရွာသားတွေရဲ့ တွန်းအားကြောင့်ရယ်၊ သူ့ကိုရွာသားတွေ နဲနဲများ ခင်မင်လာမလားဆိုတဲ့ အတွေးကြောင့်ရယ် ဆင်ကို သတ်လိုက်တယ်ထင်တယ်။ နောက်ပြီး ဆင်နင်းခံရတဲ့ ကူလီနေရာမှာ အင်္ဂလိပ်ကလေးမလေး တစ်ယောက်ဖြစ်နေမယ်ဆိုရင်ကော ဆိုတဲ့ အတွေးလဲ ကျွန်တော်တွေးမိတယ်” ကျွန်တော် ခပ်အေးအေးပဲ ပြောလိုက်သည်။
“ဒီလူရေးထားတာ အပိုတွေပါ။ ကိုယ့်အပြစ်ကို၊ ကိုယ်ပျော့ညံ့တာကို၊ ဒီဆင်လေးဟာ ရွာသားတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ဆင်လေးဆိုတာကို၊ သတ်စရာမလိုကြောင်း ရွာသားတွေ နားလည်အောင် ရှင်းပြနိုင်မှု အရည်အချင်းမရှိတဲ့၊ ခပ်ညံ့ညံ့ဗြိတိသျှ စစ်ဗိုလ်တစ်ယောက်ရဲ့ မိမိကိုယ်ကို အရှက်ခွဲမိလိုက်ခြင်းဘဲ”
“ကြည့်ပါဦး နယ်ချဲ့တွေက နယ်ခံတွေကို ၀ါးကြိမ်လုံးနဲ့ တင်ပါးကိုရိုက်မှတော့ သူလာရင် ရွာသားတွေက တံတွေးမထွေးလို့ ဘာလုပ်ရမှာလဲ”
ရုပ်ရည်အလွန်သန့်ပြန့်တဲ့ မျက်လုံးပြာပြာ ရှာလိမ်းဆိုသူ အိုင်းရစ်မလေးက ၀တ္ထုထဲက အင်္ဂလိပ်စစ်ဗိုလ်ကို ပြင်းထန်တဲ့ စကားလုံး တွေနဲ့ ဝေဖန်လိုက်သည်။ တစ်ခန်းလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။ သီရေတာ ညာဖက် အပေါ်ထောင့်မှာ အမြဲထိုင်နေကျ ဆက်သွယ်ရေးရုံးက စာရင်းကိုင် အင်္ဂလိပ်မလေးက ခေါင်းငုံ့ထားသည်။
“ဟာ..ရှာလိမ်း သိပ်သတ္တိရှိတယ်နော်”
ကျွန်တော့ဘေးမှာ ထိုင်နေတဲ့ လန်ဂါရာကောလိပ် marketing assistant ဖြစ်သူ ဂျပန်မလေးက ခပ်တိုးတိုးလာပြောသည်။ ကျွန်တော်ကတော့ ကြားထဲက မျက်နှာအရမ်းပူနေသည်။
“ရေးထားတဲ့ အသုံးအနှုန်းတွေကိုလဲ ကြည့်ပါဦး။ လူဝါတွေတဲ့။ ၁၉၃၀ ပတ်ဝန်းကျင်က အသုံးအနှုန်းတွေမို့ တော်တော့တယ်။ ခုခေတ်မှာ ဒါမျိုးလာသုံးလို့ကတော့ ဘယ်ရမလဲ” လူဝင်မှုကြီးကြပ်ရေးမှ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တော့ ကိုယ့်ကိုကိုယ် တစ်ခါမှ လူဝါလို့မထင်ဘူး။ လူညိုလို့ပဲထင်တယ်။ အော်ဝဲလ်က လူဝါဆိုတော့ အံ့သြသွားမိသေး တယ်။ နောက်မှသတိရတယ်။ မော်လမြိုင်ဆိုတော့ အဲဒီအရပ်ကလူတွေက လူဝါတွေပေါ့။ ကျွန်တော်ကတော့ လူညိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့မျက်စိထဲမှာတော့ ကျွန်တော်တို့ အာရှတိုက်သားတွေကို တစ်ပုံစံထဲ တစ်ရောင်ထဲလို့မြင်တာ ကျွန်တော်သိပါတယ်။ ကျွန်တော်လဲ ခင်ဗျားတို့ အဖြူတွေအားလုံးကို တစ်ပုံစံထဲ တစ်ရောင်ထဲပဲမြင်တယ်” ကြိုးစားပြီး ရယ်စရာ ပြောလိုက်ပေမယ့် မည်သူမျှ မရယ်ကြ။
“ကျွန်တော်ကတော့ ဒါ သက်သက် အာဏာပြတာလို့ထင်တယ်။ မင်းတို့ နားထောင်ရင်ထောင် မထောင်ရင် သေနတ်နဲ့ ပစ်မယ်ဆို တဲ့ သဘောပဲ” စိတ်တိုနေပုံရသည့် ဟောင်ကောင်ဇာတိ တရုပ်အမျိုးသားတစ်ဦးက ၀င်ထောက်သည်။
“အော်ဝဲလ်ဟာ နယ်ချဲ့စနစ်ကို အလွန်မုန်းတယ်။ သူကိုယ်တိုင်ကလဲ မတွန်းလှန် မကန့်ကွက်နိုင်ဘူး။ မြန်မာပြည်မှာနေရတာလဲ မပျော်ဘူး …..” အစချီတဲ့ အပိတ် မှတ်ချက်တွေကို သူမက ထိန်းပြီး ပြောသွားသည်။
ထိုနေ့က သီရေတာထဲမှာ အိုင်းရစ်တွေနဲ့ အင်္ဂလိပ်တွေကြားက မသိမသာ တင်းမာမှုကို ကျွန်တော် ခံစားနေခဲ့ရသည်။
Friday, 25 May 2007 00:26
ဆက်ရန်……
























