♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

July 28, 2008

သီရေတာနံပါတ် ၁၄၁၅ (၁)

Filed under: ၀တ္ထု (Novels) — မလေး @ 11:41 pm

E-mail Print

 

အေးစက်သော မီးမှိန်မှိန် သီရေတာထဲတွင် ဝေေ၀၀ါးဝါး အရိပ်တို့ ထိုင်နေကြသည်။ လေအေးစက်၏ အရှိန်ကြောင့် ဂျာကင်အကျီ င်္ကိုဆွဲစေ့လိုက်သည်။ ပတ်ပတ်လည် စပီကာများမှ Cheryl Wheeler ၏ သာယာ ငြိမ့်ညောင်းသည့် Alice က ငြိမ့်ငြိမ့်လေး လွင့်မျောနေသည်။ မျက်လုံးများကို မှိတ်ထားရင်း သီချင်းစာသားတွေထဲ အာရုံကို ပို့လွှတ်ထားလိုက်သည်။

And she said “The more I travel the more I wanna see
My kids want some settled life for me……

မျက်လုံးတွေကို မှိတ်ထားရင်း သီချင်းစာသားတွေထဲမှ “ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်း”ဆိုသည့် အရာတစ်ခုခု ကို ရှာဖွေဖို့ ဦးနှောက်ကို အလုပ်ထားပေမယ့် အမြင်အာရုံတွေထဲတွင် သူမပုံစံကိုသာ မြင်နေမိသည်။

အညိုနုရောင်ဆံနွယ်တွေ၊ အနက်ရောင်ရှပ်အကျီ င်္၊ ခေါက်ရိုးမကျိုးတဲ့ ဘောင်းဘီရှည်၊ ပြောင်လက်နေ့တဲ့ ရှုးဖိနပ်၊ သွယ်လျှတဲ့ပုံစံ၊ မိတ်ကပ်မလိမ်းကျံထားတဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ပြုံးနေတဲ့မျက်နှာ၊ သီရေတာထဲက ပရိုဂျက်တာရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း ယုံကြည်ချက်တစ်ခုကို သိမ်မွေ့ယဉ်ကျေးတဲ့ အဆင့်အတန်းမြင့်တဲ့ အသုံးအနှုန်းတွေနဲ့ အာဘောင်အာရင်းသန်သန် ပြောနေတတ်တဲ့ သူမ၏ ပုံရိပ်တွေက ညံ့သက်တဲ့အရောင်မဲ့ တေးသွားတွေနဲ့အတူ အာရုံထဲမှာ လူးလာခေါက်တုန့်။

သူမနှင့် ရင်းနှီးနေခဲ့တာတော့ကြာပါပြီ။ ယခုအချိန်မှာ ထပ်မံပြန်တွေ့ရတော့ ဟိုအရင်အချိန်တွေကလိုပဲ ခံစားနေရဆဲပင်။ ကျွန်တော့ရင်ထဲက အရောင်ပျက်ကာစ ခံစားချက်တွေ ဒီနေ့ တဖန် ပြန်နိုးထလာမှာကိုတော့ ကြောက်နေမိသည်။ မဖြစ်နိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုကို ဘယ်တုန်းကမှ ရှေ့ဆက်တိုးဖို့ မကြိုးစားခဲ့တာ ပျော့ညံ့ချက်တစ်ခုတော့မဟုတ်ဟု ကျွန်တော်ထင်သည်။

သီချင်းဆုံးတော့ ပရော်ဖက်ဆာနဲ့ ကျောင်းသားတွေရဲ့ ဆွေးနွေးပွဲလေးထဲမှာ မကြားတစ်ချက် ကြားတစ်ချက်၊ သီရေတာထဲက မီးရောင်ကတော့ ပြာလဲ့လဲ့ဆက်ဖြာနေဆဲ။

“ကဲ..လုပ်အားပေးတစ်ယောက်လိုတယ်။ Technical ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ adaptive ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ ကွာခြားချက်ကို လက်တွေ့သရုပ်ဖော်ပြပေးချင်လို့်၊ “မင်း” ထွက်ခဲ့ပါလား”သူမရှိရာ သီရေတာအောက်ဘက်ကို ဆင်းသွားလိုက်သည်။“country ကနည်းတစ်ခုသင်ပေးမယ်။ အဲဒီနည်းအတိုင်း ဖွင့်ပေးမယ့် သီချင်းနဲ့ လိုက်ဖက်ညီအောင် မင်းနဲ့ကိုယ် ကမယ်။ ကိုယ်ကသင်ပေးရမယ့်သူဆိုတော့ ယောက်ျားလေးနေရာမှာနေမယ်။ မင်းကတော့ မိန်းကလေးနေရာမှာနေပေါ့”ရယ်သံအချို့ထွက်လာသည်။

သူမရဲ့ညာလက်သွယ်သွယ်လေးတွေက ခါးကို ထိသည်ဆိုရုံထိလိုက်သည်။ ကျွန်တော့်ဘယ်လက်ကလဲ သူမရဲ့ ညာပုခုံးစွန်းကို ထိသည်ဆိုရုံလေး။ ကျွန်တော့ရဲ့ညာလက်ကတော့ သူ့မရဲ့နှုးညံ့တဲ့ ဘယ်လက်ဖ၀ါးထဲမှာ အမိန့်နာခံတဲ့ ကလေးငယ်တစ်ယောက်လို။ သီချင်းသံကထွက်လာသည်။ ညာဘက်ကို သုံးလှမ်း၊ ပြီးတော့ ဘယ်ဘက်ကို နှစ်လှမ်း၊ နောက်ကိုနှစ်လှမ်း၊ ကိုယ်ကိုလှည့်။ သည်လိုနှင့် အကနည်းနဲ့ ယှဉ်ပါးလာတော့ သီချင်းနှင့် လိုက်ဖက်ညီအောင် ကကြဖို့က တဖြည်းဖြည်း ပိုလွယ်ကူလာသည်။ သူမရဲ့မျက်နှာကို ခိုးကြည့်လိုက်မိသည်။ သူမနားသယ်စပ်က မွှေးညှင်းနုလေးတွေကို ခိုးကြည့်မိလို့ ခပ်တိုတိုး ရင်ခုန်နေမိသည်။ သီရေတာ ခုံတွေပေါ်မှာ ထိုင်နေကြတဲ့ ရုံးဝတ်ရုံးစားတွေနဲ့ Mid-Career Generation X တွေကို ကျွန်တော် တစ်ချက်မေ့လျော့ သွားသည်။ သူမပုခုံးစွန်းမှာ ခေါင်းမှီလိုက်ချင်သည့်စိတ်က ဘယ်ကပေါ်လာမှန်းမသိ။ မလုံမလဲနှင့် သူမမျက်နှာကို ထပ်မံခိုးကြည့် လိုက်မိသည်။ သူမကတော့ ဘာမှခံစားရသည့်ပုံမရှိ။

 

သူမက အနားက စားပွဲပေါ်မှ အဝေးထိန်းခလုတ်ကိုလှမ်းယူပြီး သီချင်းကို ရုတ်တရက်ပြောင်းပြစ်လိုက်သည်။ ငြိမ်းငြောင်းသော country တေးသံမှ ဟစ်ဟော့ပ်တေးသံသို့ ရုတ်တရက် ကူးပြောင်းသွားသည်။ တေးသွားနှင့် ကကွက်က လုံးဝမလိုက်ဖက်တော့။ တေးသွားပြောင်းသွားလို့ ကကွက်တွေပုံပျက်သွားသည်။ ဟန်ချက်တွေလွဲသွားသည်။ တစ်ယောက်နှင့်တစ်ယောက် အပေး အယူတွေ မတည့်ကြတော့။သူမက သီချင်းကိုပိတ်လိုက်သည်။“ကျေးဇူးတင်ပါတယ် “မင်း” ကိုယ့်နေရာကိုယ်ပြန်ထိုင်လို့ ရပါပြီ”

ကျွန်တော့်နေရာပြန်ရောက်တော့ ထုံးစံအတိုင်း ဆရာမနှင့် အတန်းသားတွေ၏ ဆွေနွေးပွဲက အရှိန်ပြန်မြင့်လာသည်။

“အဖွဲ့အစည်းတစ်ခုခုမှာဖြစ်စေ၊ မိမိအိမ်အတွင်းထဲမှာပဲဖြစ်စေ၊ တိုင်းပြည်တစ်ခုခုမှာပဲဖြစ်စေ၊ ပတ်ဝန်းကျင်၊ အခြေအနေ တစ်စုံ တစ်ရာပြောင်းလဲသွားတာနဲ့ ဟန်ချက်လွဲသွားကြတဲ့အခါadaptive ခေါင်းဆောင်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကို ထုတ်သုံးတတ်ရမယ်။ တစ်သက်လုံး ဒီလိုပဲလုပ်ခဲ့လို့ ဒီနည်းပဲ တစ်သက်လုံးဆက်သုံးရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ခတ္တဖယ်ထား နိုင်ရမယ်၊ ဒီတေးသွားနဲ့ ဒီလို ကနည်းအတိုင်း တစ်သက်လုံးကခဲ့လို့ တေးသွားဘယ်လိုပြောင်းပြောင်း ဒီကနည်းနဲ့ဘဲ ဆက်သွားလို့ မဖြစ်နိုင်ဘူး၊ ကွဲလွဲသွားတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး ခေါင်းဆောင်နဲ့နောက်လိုက် နှစ်ဦးလုံးက အပေးအယူညီတတ်ရမယ်”

“ခေါင်းဆောင်ကောင်းဆိုတာ မွေးလာတာ၊ လုပ်ယူလို့မရဘူး”

“လုပ်ယူလို့မရဘူးဆိုပြီး ခေါင်းဆောင်ဖြစ်ဖို့ ဘယ်တော့မှ မကြိုးစားကြတော့ဘူးလား”

“ဒါပေမယ့် မွေးရာပါ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ ပါမလာတဲ့ သူတစ်ယောက်ဆိုရင်ကော”

“တစ်ခါတစ်ရံ ကိုယ်တိုင်တောင် မသိတဲ့ အရည်အချင်းတွေဟာ အခြေအနေပေါ်မှာ မူတည်ပြီး ပေါ်လာတတ်ကြတာပဲလေ”

“ခေါင်းဆောင်ကောင်း တစ်ယောက်ဟာ နောက်လိုက်ကောင်းတစ်ယောက်လဲဖြစ်ရမယ်၊ ပတ်ဝန်းကျင်က ကိုယ့်နောက်လိုက်တွေ အပေါ်မှာ ယုံကြည်စိတ်ချမှု၊ မိမိရဲ့ နောက်လိုက်တွေအပြင် မိမိကိုယ်ကိုပါ အမှားလုပ်ခွင့်နဲ့ ဒီအမှားတွေက သင်ခန်းစာယူခွင့် ပေးနိုင်တဲ့သူလဲ ဖြစ်ရမယ်”

“ခေါင်းဆောင် ဆိုရင် နိုင်ငံခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ စစ်တပ်ခေါင်းဆောင်၊ အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်တွေကိုမှ ခေါင်းဆောင်လို့ ပုံသေသတ်မှတ်ကြတတ်တာ လူတွေရဲ့သဘာဝပဲ။ ကိုယ့်မိခင်၊ ကိုယ့်ဖခင်၊ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်သားသမီးတွေတောင် ကိုယ့်ရဲ့ခေါင်းဆောင် တစ်ခါတစ်ရံမှာ ဖြစ်နေတတ်တာကိုလဲ မမေ့သင့်ကြဘူး”

*********

အတန်းလွှတ်တော့ သူမက သူမရုံးခန်းကို ခဏလိုက်ခဲ့ဖို့ခေါ်သည်။ ရင်ထဲမှာ အနည်းငယ်စိုးရိမ်သွားသည်။ ဟိုတစ်ပတ်က တင် ထားတဲ့ ပေပါ အမှတ်နဲလို့များလား။ ရင်တထိတ်ထိတ်နှင့် သူမရုံးခန်းထဲရောက်တော့ စာရွက်တစ်ရွက် ထုတ်ပြသည်။ Shooting an Elephant by George Orwell စာစု။

“ဒီစာစုကို အတန်းသားတွေနဲ့ ဝေမျှခွင့်ပြုဖို့ “မင်း”ဆီက ခွင့်တောင်းတာပါ၊ “မင်း”ဖတ်ပြီးပြီမို့လား”
“ငယ်ငယ်ကတည်းက ဖတ်ဖူးပါတယ်။ ဒါပေမယ့် အတန်းသားတွေနဲ့ ဝေမျှဖို့ သင့်မသင့် ကျွန်တော့ကို စဉ်းစားခွင့်ပြုပါ”
“ရပါတယ်။ “မင်း”လူမျိုးတွေအပေါ်မှာ အတန်းသားတွေ ထားနိုင်တဲ့ အမြင်တွေကို ကြိုသိလို့ “မင်း”ဆီက ခွင့်ပန်တာပါ”
“ကလေးဘ၀တုန်းကတော့ အော်ဝဲလ်ရဲ့ ဘားမိစ်ဒေးစ် ကိုဖတ်ပြီး ရန်ကုန်မြို့ လမ်ဘေးစာအုပ်ဆိုင်တွေက ဘားမိစ်ဒေးစ်တွေကို အကုန်မီးရှို့ပစ်ချင်စိတ်တော့ ပေါက်ဖူးခဲ့တယ်.. သီ..သီယာ”
သူမ နာမည်ကို ထိပ်က အဖျားဆွတ်ခေါ်ဖို့ နှစ်တွေအများကြီးကြာခဲ့တာတောင် မ၀ံ့မရဲဖြစ်နေဆဲပင်။ တစ်ကယ်ဆို အခုချိန်ထိ သူနှင့် ကျွန်တော်က ဆရာတပည့် အခြေအနေထက် မပို။ ဘယ်တုန်းကမှလည်း မပိုခဲ့။ ဘယ်တော့မှလည်း ပိုမည်မထင်။

“အဟင်း”
သူမ မပွင့်တပွင့်ရယ်လိုက်တော့ ကျွန်တော်အံ့သြသွားမိသည်။
“ဟုတ်တယ်.. ဒါပေမယ့် သမိုင်းဟာ သမိုင်းပဲလေ။ ဘယ်သူမှ ဖုံးဖိထားဖို့မသင့်ပါဘူး၊ ဒါမှလဲ ဗြိတိသျှတွေ ကိုယ့်အပေါ်မှာ ဘယ်လိုမြင်ခဲ့တာ၊ ဘယ်လိုဆက်ဆံပြောခဲ့တာတွေ၊ တခြားလူတွေကိုလဲ ကန့်လန့်ကာ လှစ်ပြရမှာပေါ့”
သူမရှေ့မှာ စကားလုံးတွေပျောက်နေလို့ ပြောမိပြောရာ ပြောခဲ့လိုက်သည်။

******

သူမနဲ့ ကျွန်တော်တွေ့ခဲ့တဲ့ နေရာလေးက ဒီသီရေတာလေးထဲမှာပင်ဖြစ်သည်။ ပထမတော့ ကိုယ့်ရဲ့ဆရာမ တစ်ယောက်ထက် မပိုခဲ့၊ အဲဒီတုန်းက ကျွန်တော်က ဒုတိယနှစ်၊ သူမကတော့ အောင်မြင်မှုတွေရှိပြီးသား တက္ကသိုလ်က ဆရာမတစ်ယောက်။ အေးဆေးတည်ငြိမ်တဲ့၊ ပြတ်သားတိကျတဲ့၊ ယဉ်ကျေးသိမ်မွေ့တဲ့၊ လူတွေကို စာနာစိတ်ရှိတဲ့ စတဲ့ အရည်အချင်းတွေပြည့်စုံတဲ့ သူမကို အတန်းသူ၊ အတန်းသားတွေအားလုံးက ခင်မင်လေးစားကြသည်။

အချိန်ကြာလာတော့လဲ သူမရဲ့ အိနြေ္ဒရတဲ့ ၀တ်စားဆင်ယင်ပုံ၊ အကြောင်းအရာတစ်ခုခုကို စိတ်ပါလက်ပါ ဆွေးနွေးပြော ဆိုတတ် ပုံများနဲ့ သူမရဲ့ဦးနှောက်ကို ကျွန်တော် ချစ်သွားခဲ့မိသည်။ မိန်းမတစ်ယောက်ကို တစ်ယောက်တည်း တိတ်တဆိတ် ချစ်နေရတာ အတ္တကင်းသည်ဟု ကျွန်တော်ထင်သည်။ သူမထံက ဘာကိုမှ မမျှော်လင့်။ မျှော်လင့်နေလို့လဲ ဘာမှဖြစ်မလာမည်ကို ကြိုသိထား နေလို့ မိမိရည်မှန်းချက်ပန်းတိုင်ကိုသာ အာရုံပြုထားလိုက်သည်။ ဒါပေမယ့် သူမနဲ့ အကြောင်းတခုခုကြောင့် နီးကပ်နေလျှင်ပဲ ဖြစ်ဖြစ်၊ သီရေတာရှေ့မှ လက်ချာပေးနေတဲ့ သူမကိုငေးကြည့်နေစဉ်ပဲဖြစ်ဖြစ် ကျွန်တော် တိတ်တဆိတ်ရင်ခုန်နေခဲ့မိသည်။ ယောက်ျားလေးတစ်ယောက်၏ ရင်ခုန်မှုက မိန်းကလေးတစ်ယောက်၏ ရင်ခုန်တတ်မှုနှင့် တူညီနိုင်ပါ့မလား။ ကျွန်တော်ကတော့ နှလုံးခုန်သံ အချက်ကျော်သွားတတ်သည်။ လက်ဖျားခြေဖျားတွေ အေးချင်လာသည်။ နေမကောင်းချင် သလိုလိုဖြစ်လာတတ် သည်။ ဒါပေမယ့် ကျွန်တော့ခံစားချက်ကို ကျွန်တော့ဘာသာပဲ နှစ်ပေါင်းများစွာ သိမ်းထားဖို့ ဆုံးဖြတ်ထားသည်။

ဒီလိုနဲ့ ကျွန်တော် ကျောင်းတက်နေတဲ့ နှစ်တွေမှာ ကျွန်တော့် ဖခင် ရုတ်တရက်ဆုံးသွားသည်။ အားကိုးရာ မြင့်မိုရ်တောင်ပြို ပျက်သွားခဲ့ပြီ။ အခြေအနေအကြောင်းကြောင်းကြောင့် ဖခင်ရဲ့ ဈာပနကိုတောင် မတက်ရောက်နိုင်ခဲ့တဲ့ ကျွန်တော် မြစ်ကမ်းစပ် တစ်ခုမှာသွားထိုင်ပြီး ကြေကွဲမှုကိုဖြေသိမ့်ခဲ့ရသည်။ ပရော်ဖက် ဆာတွေ၊ အတန်းသားတွေရဲ့ ပန်းခြင်းတောင်းလေးတွေ၊ ဂရုဏာ သက်တဲ့ စာလေးတွေနဲ့ ကပ်ပြားလေးတွေထံမှ ရသမျှခွန်အား လေးယူပြီး ကျောင်းဆက်တက်ခဲ့သည်။ တစ်ခါတစ်ရံ မနက် လေးနာရီလောက်တွေမှာ ကားကိုပြင်းပြင်းမောင်းပြီး တတိယ ရေလက်ကြားကို ဖြတ်တဲ့ တံတားမှတဆင့် ကျွန်တော်ထိုင် နေကျနေရာလေးဆီ သွားဖြစ်သည်။ အဲဒီနေ့ကတော့ ထိုင်နေကျ ကျောက်ဆောင်နားရောက်တော့ မနက်ငါးနာရီထိုး နေပြီ။

လရောင်က နီယွန်မီးတွေကို အားမပြိုင်နိုင်လို့ ပစိဖိတ်ပင်လယ်ရေပြင်ပေါ်ကို ခွန်အားမဲ့စွာ ဖျော့ဖျော့လေး သွန်းကျနေသည်။ ခပ်ဝေးဝေးက တောင်တန်းပြာတွေနဲ့ ထင်းရှုးပင်တွေက ညို့မှိုင်းနေသည်။ ပင်လယ်လေပြင်းအောက်မှာ ဆေးလိပ်က မီးမစွဲနိုင်လို့ ကျောက်တောင်နဲ့ကွယ်ပြီး မီးငြိလိုက်သည်။ ဆေးလိပ်ကို နှုတ်ခမ်းမှာတေ့ပြီး ရှိုက်သွင်းလိုက်သည်။ ပြီးတော့ မှုတ်ထုတ်လိုက် သည်။ မီးခိုးငွေ့တွေ ဦးတည်ရာမဲ့ ကစင့်ကလျားရွေ့လျားသွားတာကို ငေးကြည့်နေမိသည်။ ပင်လယ်ဝမှာ ကျောက်ချထားတဲ့ ကာဂိုသင်္ဘောတွေကို ငေးကြည့်ရင်း နောက်မှ ခြေသံကိုကြားလိုက်သည်။ခြေသံက နောက်တည့်တည့်မှာ ရပ်သွားသည်။

“မင်း”
ရင်းနှီးကျွမ်းဝင်နေတဲ့ အသံရှင်ကို လှည့်ကြည့်လိုက်သည်။ ထရက်ဆုနဲ့ မတ်တပ်ရပ်နေတဲ့ သူမဆံနွယ်တွေ ပင်လယ်လေထဲမှာ ဝေ့၀ဲနေသည်။
“အိုး….ဟိုင်း..သီယာ”
“ဟိုင်း..မင်း ဒီမှာဘာလာလုပ်နေတာလဲ၊ ထိုင်ခွင့်ပြုပါ”
သူမ ဘေးမှာဝင်ထိုင်လိုက်သည်။
“သီယာ ဒီနားမှာနေတာလား၊ ကျွန်တော်မသိခဲ့ဘူး”
“ဟုတ်တယ်.. “မင်း”ရော.. ဒီနားမှာနေတာလား”
“ဟင်းဟင်း… အထက်တန်းလွှာတွေနေတဲ့ ဒီလိုနေရာမျိုးမှာနေဘို့ ကျွန်တော်မတတ်နိုင်ပါဘူး သီယာရယ်”
“အို..အဲလိုလဲမဟုတ်ဘူးလေ”
“ကျွန်တော် စိတ်ညစ်လို့ လာထိုင်နေတာ.. ခေါင်းရှင်းအောင်လို့၊ ဒီနေရာက ဒီမြို့မှာ ကျွန်တော့ကို စိတ်ချမ်းသာမှုပေးနိုင်တဲ့နေရာ လေ၊”
“မင်း ဆေးလိပ်သောက်လား”
“၃နှစ်တစ်ခါလောက် သောက်တယ်လေ၊ ဟားဟား”
လောကကြီးကို အရွဲ့တိုက်လို့ ခြောက်ကပ်အက်ကွဲစွာ ရယ်မောလိုက်မိသည်။
“မင်း ဘယ်လိုခံစားနေရမလဲဆိုတာ နားလည်ပါတယ်။ ကိုယ့်မှာလဲ အမေမရှိတော့ဘူးလေ”
အဲဒီနေ့က ကျွန်တော် သူမကို ဘာတွေပြောလို့ ပြောခဲ့မိမှန်း မသိတော့။ လူတိုင်းသွားကြရမှာပါ။ မေ့နေကြတာပါ၊ အလွန်ဆုံးနေရ ရက်ပေါင်း သုံးသောင်းတစ်ထောင်နဲ့ နှစ်ဆယ့်ငါးရက်ပေါ့၊ အသိတရားတွေထားထားရင်းတောင် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ၊ အချစ်ဆုံးဖခင်ကို လွမ်းဆွတ်တမ်းတမှုများနဲ့အတူ မျက်ရည်စအချို့လိမ့်ဆင်းကျလာသည်။ မျက်နှာတစ်ပြင်လုံးကို လက်ဖ၀ါးကြမ်း ကြမ်းနဲ့ မညှာမတာပွတ်ပစ်လိုက်သည်။ဆေးလိပ်ကို သဲထဲ ထိုးခြေပြီးထည့်လိုက်သည်။ သက်ပြင်းရှိုက်လိုက်သည်။ သူမ သူမရဲ့လက်ဖ၀ါးလေးကို ကျွန်တော့ ပခုံးပေါ် အသာတင်လိုက်သည်။

“..မင်းကို hug လုပ်လို့ရမလား၊ တို့ သွားတော့မယ်”
ပြောပြောဆိုဆို သူမ ကျွန်တော့ကို နှစ်သိမ့်တဲ့အနေနဲ့ ဖက်လိုက်သည်။ သူမတို့ ယဉ်ကျေးမှုမှာ ဒါတွေဟာ လက်ဆွဲနှုတ်ဆက် သလောက်ပဲဖြစ်မည်ထင်သည်။ ကျွန်တော်သူမကို အလိုက်သင့်ပြန်ဖက်လိုက်သည်။
“သွားပြီ”
ကိုယ့်ကိုကိုယ်သိလိုက်သည့် အချိန်မှာ ကျွန်တော်နောက်ကျသွားခဲ့ပြီ။ သူမ ကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိသည်။ သူမ ဆံနွယ်တွေထဲမှာ မျက်နှာကိုအပ်ထားမိသည်။ သူမလည်ပင်းကို နှုတ်ခမ်းနဲ့ ဖိထားလိုက်မိသည်။ ပင်လယ်လေတွေက တ၀ုန်းဒိုင်း ဒိုင်းတိုက်ခတ်နေသည်။ သူမနှင့် ကျွန်တော့ ဆံပင်တွေ လွင့်မျောနေသည်။ ကိုယ့် ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည်။ ဖြစ်နိုင်ရင် သူမကို တစ်သက်လုံး အခုလိုဖက်ထားလိုက်ချင်သည်။ သူမထံက ပင့်သက်ရှိုက်သံကြားမှ အထိတ်တလန့်နဲ့ ပြန်လွှတ်လိုက်မိ သည်။

“ကျွန်တော် အနှုးအညွတ်တောင်းပန်ပါတယ်၊ မရည်ရွယ်ပါဘူး”
ကျွဲချီးပဲ..ကိုယ့်ကိုကိုယ် တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဘာလို့မရည်ရွယ်ရမှာလဲ။ မင်းဝန်ခံရဲတဲ့ သတ္တိမရှိဘူးလား။ သူမကို ချစ်တဲ့စိတ်နဲ့ လုပ်လိုက်တယ်လို့၊ ဒါပေမယ့် စည်းဆိုတာ မကျော်သင့်တဲ့ အရာတစ်ခုမဟုတ်ဘူးလား။ တက္ကသိုလ်က ဆရာမတစ်ယောက်ကို အိနြေ္ဒပျက်စေမှုနဲ့ အနည်းဆုံးတော့ ကျောင်းမှ ခေတ္တရပ်ဆိုင်းခွင့် ကြုံရနိုင်တယ် ဆိုတာမင်းမသိဘူးလား။

“ရပါတယ်”
ကျွန်တော့အတွေးစတို့ ပျက်သွားသည်။ ပညာရှိတို့ရဲ့ လှည့်ကွက်လား။ သူမကိုကြည့်ရတာ ဘာမှ မဖြစ်လိုက်တဲ့ပုံစံမျိုး၊ သိပ် ဟန်ဆောင်ကောင်းတာများလားကွယ်။

“သီယာ..ကျွန်တော်တောင်းပန်ပါတယ်” ပြောရင်းသူမ မျက်နှာအရိပ်အကဲကို လိုက်ဖမ်းကြည့်နေမိသည်။ သူမ ကျွန်တော့လို နဲနဲ လေးမှ မခံစားတော့ဘူးလား။

“အိုး..ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ ဒီလိုပဲ အားလုံး မသေမချင်း ရှေ့ဆက်လမ်းလျှောက်ကြရမှာပဲ။ မင်း စိတ်ညစ်ရင် ကြိုက်တဲ့အချိန် စကားလာပြောနော်၊ ကိုယ်မင်းအတွက်ရှိနေမယ်”

သူမ လာရာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားသည်။
“ချစ်တယ် သီယာရယ်..”
သူမကျောပြင်ကို ကြည့်ပြီး ပဲ့တင်ထပ်နေတဲ့ ကျွန်တော့ရင်ထဲက စကားသံတွေကိုတော့ သူမဘယ်တော့မှ ကြားလိမ့်မည်မဟုတ်။ အဲဒီနေ့က ကျောက်ဆောင်နားမှာ တစ်နေကုန်သည်အထိ ကျွန်တော် ဆက်ထိုင်ဖြစ်ခဲ့သည်။

****

ဆက်ရန်……

Sunday, 20 May 2007 16:16

 ဒုတိယပိုင်းသို့…..

No Comments »

No comments yet.

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------