♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

May 18, 2015

~~ဒဏ္ဍာရီတွေထဲက သူရဲကောင်းလင်းယုန်~~

Filed under: my notes, အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 12:49 am

 eagle.jpg

(Bald eagles) တွေနဲ့ပတ်သက်ပြီး အကြောင်းလေးတစ်ခုကို ဖတ်ဖူးနေခဲ့တာ ကြာပါပြီ။ ဒီစာကို မြန်မာတွေထဲမှာလည်း ဘာသာပြန်ပြီး ဖြန့်ဝေကြတာလည်း ဖတ်ဖူးခဲ့တယ်။ မြန်မာတွေထဲမှာတော့ သိမ်းငှက်လို့ ဆိုထားကြတယ်။ လက်လှမ်းမှီသလောက် သိမ်းငှက်က hawk ဖြစ်ပြီး၊ လင်းယုန် က eagle ဖြစ်တယ်။ မြန်မာတွေဘာသာပြန်တဲ့ အချို့စာတွေမှာ အဲဒီအကြောင်းကိုရေးရာမှာ သိမ်းငှက် လို့ သုံးထားပြီး အချို့စာတွေမှာ လင်းယုန်လို့ သုံးထားတယ်။ သိမ်းငှက်နဲ့ လင်းယုန်ဟာ ဆိုက်ခြင်းလည်း မတူ၊ ဓလေ့တွေလည်းမတူတော့ မှားမှာစိုးလို့ ‘Bald eagles’ ကို ဒီစာမှာ ‘လင်းယုန်’ လို့ပဲ သုံးခွင့်ပြုပါ။

လင်းယုန်တွေဟာ နှစ်ပေါင်း ရ၀လောက်အသက်ရှင်ကြပေမယ့် အသက် ၄၀လောက်မှာ ဘဝရဲ့အပြောင်းအလဲကို လုပ်ကြတယ်ဆိုတယ်။ နှုတ်သီးကိုချိုး၊ အတောင်တွေကို နှုတ်ပစ်ပြီး အသစ်ပြန်ပေါက်တဲ့အထိ စိတ်ရှည်ရှည်စောင့်ကြတယ်လို့ ပြောကြတယ်။ အဲသလို နှုတ်သီးနဲ့အတောင် ပြန်ပေါက်ဖို့ကို ငါးလလောက်စောင့်ကြရတယ်။ စောင့်ပြီးတဲ့အခါမှာတော့ အသက် ၇၀ထိ ပျော်ရွှင်စွာနေထိုင်ကြလေသတည်းဆိုတဲ့ စာတွေကို အင်္ဂလိပ်လိုကော မြန်မာလိုဘာသာပြန်တွေပါ ဖတ်ရတယ်။

အမေရိကန်တွေ (အနောက်နိုင်ငံသားအများစု) ကလည်း အသက် ၄၀ မှာ ဘဝစတယ်ဆိုပြီးတော့လည်း သူတို့ကိုယ်သူတို့ ဆိုကြတယ်။ အဲဒါကလည်း ဟုတ်သင့်သလောက်ဟုတ်တယ်။ ဘဝက ပညာ၊ ငွေ၊ ကြင်ရာ၊ ဥစ္စာ၊ သားသမီး စသည်က အဲဒီအရွယ်လောက်မှာ အတော်အတန့်စုံလင်လာကြတာကိုး။ အဲဒီတော့ သူတို့ဘဝနဲ့ လင်းယုန်ဘဝကိုလည်း တန်းညှိပြီး ခံစားရတာကလည်း ကျေနပ်စရာတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကိုယ့်အနေနဲ့ကတော့ ဒီပုံပြင်ကို စဖတ်ရကြားရကတည်းက စိတ်ထဲက မတင်မကျ ခံစားရတယ်။
ဒီလိုနဲ့ လင်းယုန်တွေကို လိုက်ချောင်းလာတတ်ခဲ့တယ်ဆိုပါတော့။

ဒီမြို့မှာကလည်း လင်းယုန်တွေကို ရှာတတ်ရင်၊ စိတ်ရှည်ရင် တွေ့ရတတ်တယ်။
လူသူနည်းနဲ့ပင်လယ်ကမ်းစပ်တွေနားက ထင်းရူးပင်မြင့်ကြီးတွေပေါ်မှာ နေတတ်တယ်။ သူတို့စိတ်လိုလက်ရနေ့တွေဆို ကမ်းမှာသောင်ပေါ်နေပြီဆိုရင်လည်း အုပ်စုလိုက် ပျံဝဲ ဆင်းလာတတ်ကြသေးတယ်။ သောင်ပြင်ပေါ် လမ်းလျှောက်သွား၊ ဆော့ကစားနေတတ်သေးတာ၊ သူတို့ ပျံဝဲဆင်းလာတာမျိုး၊ အတောင်တွေဖြန့်လို့ ပျံတက်သွားတဲ့အခါမျိုးတွေမှာ ကြည့်ရတဲ့သူတွေတောင် သူတို့ဆီက ခွန်အားတွေ ရလာသလိုလို။
လူဆိုတဲ့သဘာဝကလည်း နေရင်းထိုင်ရင်း ခွန်အားကြီးချင်ကြတာကိုး။ ချုံပုတ်ထဲက မြေလူးငှက်လေးတစ်ကောင်ကို စာဖွဲ့ကြတာနဲ့ နှုတ်သီးချွန်ချွန် အေရာမအတောင်ကြီးတွေနဲ့ လင်းယုန်တစ်ကောင်ကို စာဖွဲ့တာနဲ့တော့ ဘယ်တူပါ့မလဲ။ တစ်ကယ်ဆို ဒီဘက်နိုင်ငံသားတွေကို ကြာကြာကြည့်လေ လင်းယုန်တွေနဲ့တောင် တူတူလာတတ်သေးတာ၊ နှာခေါင်းချွန်ချွန်၊ မျက်လုံးစူးစူးနဲ့ ထက်မြက်တယ်လို့ လူတွေရဲ့ ယူဆချက်ပေါ့။

အဲဒီလင်းယုန်ကိစ္စကို ဒီဘက်မှာ လူတွေတော်တော်များများ အငြင်းပွားကြတယ်။ မိုတီဗေးရှင်းစပီကာတွေရဲ့ လက်ချက်လို့ ဆိုကြတဲ့သူတွေလည်း ရှိတယ်။

ကိုယ်သိတာကတော့ ငှက်တွေ သူတို့အမွှေးအတောင်ကို သူတို့နှုတ်ပြီဆိုရင် စိတ္တဇဖြစ်နေလို့ပဲ။ အထူးသဖြင့် လှောင်ချိုင့်ထဲက ပျံသန်းခွင့်မရတဲ့ သနားစရာငှက်လေးတွေ လုပ်တတ်တယ်။ pterotillomania လို့ ခေါ်တယ်။ လူတွေမှာလည်း ဖြစ်တတ်တယ်။ stress သို့မဟုတ် စိတ်ဝေဒနာတစ်ခုခုဖြစ်နေရင် လူတွေလည်း လုပ်တတ်တယ်။ Trichotillomania ဖြစ်နေသူတွေဟာ ဆံပင်သာမက၊ မျက်ခုံးမွှေ၊ မျက်တောင်မွှေး၊ ခြေထောက်ကအမွှေးပါ နှုတ်တတ်ကြတယ်။ အဲသလို.. ကိုယ်သိခဲ့တဲ့ အမွှေးအတောင် နှုတ်ခြင်းကိစ္စကို လင်းယုန်တွေလည်းလုပ်တယ်ဆိုတော့ အသက် ၄၀ လောက်မှာ ဒီလင်းယုန်တွေ စထရက်စ်တွေများ ရလို့လားပေါ့။

ကိုယ်လိုပဲ တွေးကြတဲ့လူတွေနဲ့ လင်းယုန်ကို ယုံကြည်ချင်သူတွေ ပြောကြဆိုကြဖြစ်နေချိန်…
မယ်နီဆိုတာယူနီ ငှက်သုတေသနဌာနကနေ စာတစ်စောင်ထွက်လာခဲ့တယ်။

လင်းယုန်တွေဟာ တစ်ခုခုမဖြစ်ဘဲနဲ့ သူ့နှုတ်သီးဟာ ကျိုးမသွားတတ်ပါဘူးလို့ဆိုတယ်။ နှုတ်သီးကိုလည်း နေရင်းထိုင်ရင်း ချိုးမပစ်ကြပါဘူးတဲ့။ သူတို့နှုတ်သီးဟာ လူ့လက်သည်းတွေမှာဖွဲ့စည်းထားတဲ့ keratin ဓာတ်ပါတဲ့အပြင် လူ့လက်သည်းမာခြင်းအဆင့်ထက် အဆပေါင်းများစွာမာလို့ ချိုးပစ်ဖို့လည်း မလွယ်ပါဘူးတဲ့။ တစ်ကယ်လို့ နှုတ်သီးကျိုးခဲ့တယ်ဆိုရင်လည်း လင်းယုန်အတွက် ပြန်ပေါက်ဖို့ မလွယ်တဲ့အတွက်၊ အစာမရှာနိုင်ဘဲ လင်းယုန်ဟာ သေသွားနိုင်ပါတယ်တဲ့။ keratin အလွှာတွေဟာ လင်းယုန်မွေးကတည်းက အမြဲတမ်း ထပ်ဆင့်တည်ဆောက်နေတာမို့ နှုတ်သီးဘယ်လိုသွေးရမယ်ဆိုတာလည်း လင်းယုန်တွေက သိပြီးသားဖြစ်တယ်တဲ့။ အစာတောင် ပျော့တဲ့အစားတွေ မစားဘူး၊ မာတဲ့အသားတွေစားတယ်၊ ကျောက်တုံးတွေနဲ့ နှုတ်သီးကိုသွေးတယ်.. အဲသလိုမျိုး သူတို့နှုတ်သီးကို သူတို့ ထိန်းသိမ်းတယ်လို့ ဆိုတယ်။

နောက်တစ်ခုက လင်းယုန်တွေဟာ သူတို့အတောင်တွေကို နှုတ်ပစ်တယ်ဆိုတဲ့အပေါ်မှာ တစ်ခါ ဆွေးနွေးကြပြန်တယ်။ ငှက်တွေဟာ အတောင်ကျွတ်တယ်၊ မကျွတ်ဘူး မဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝအတိုင်းကျွတ်တာပါလို့ ဆိုတယ်။ နှုတ်ပစ်လို့ မကျွတ်ပါဘူးတဲ့ (စိတ္တဇဖြစ်နေတဲ့၊ စိတ်မကောင်းဖြစ်နေတဲ့ ငှက်လေးတွေကလွဲလို့)။ ဘာဖြစ်လို့လည်းဆိုတော့ စဉ်းစားကြည့်ပါ။ လင်းယုန်ဟာ သူ့တစ်ကိုယ်လုံးက အမွှေးတွေကို နှုတ်လိုက်တယ်ပဲထား၊ လင်းယုန် လုံးတီးဖြစ်နေပြီ။ ကိုယ်တော့ သုံးလေးနှစ်ရှိပြီ လင်းယုန်တွေကို လေ့လာနေတာ၊ တစ်ခါမှ လင်းယုန်ကိုယ်လုံးတီး မမြင်ဖူးသေးပါဘူး၊ ရှက်လို့ပုန်းနေရင်တော့ မသိဘူး။ လင်းယုန်တွေ အစာသိုလှောင်တယ်လည်း တစ်ခါမှ မကြားဘူး၊ မမြင်ဘူး။ ဘာအမွှေးအတောင်မှ မရှိဘဲ၊ ဘယ်လောက်ချမ်းနေမလဲ၊ ဘယ်လိုပျံသန်းပြီး ဘယ်လိုအစာရှာမလဲ၊ စဉ်းစားစရာပါ။

ကိုယ်လို မေးခွန်းထုတ်သူတွေကို ပြန်ချေပထားတာတွေလည်း အများကြီးရှိပါတယ်။ သီအိုရီမျိုးစုံနဲ့ပါ။ လူသူမသွားနိုင်တဲ့ အမြင့်ဆုံးတောင်ထိပ်ဖျားမှာ တစ်ကိုယ်တည်း အမွှေးမရှိနေတယ်။ အမွှေးတောင်တွေကို တစ်ထပ်ချင်းစီ နှုတ်တယ်၊ အကုန်မနှုတ်ဘူးပေါ့ layer နဲ့နှုတ်တယ်၊ တစ်လလုံးမှ ကြွက်တစ်ကောင်နဲ့ အသက်ရှင်တယ် စသဖြင့် (ကိုယ်လိုလူကလည်း ပြန်မေးချင်တယ် - လူသူမသွားနိုင်မှတော့ ဘယ်လိုသိလဲလို့ - ရေးတဲ့သူ အဲဒီတောင်ထိပ်ဘယ်လိုများတက်လဲလို့ - လူမသွားနိုင်ဘူးဆိုထားတော့လေ.. အဲသလိုမေးချင်ပါတယ်)။

သိပ္ပံပညာရှင်တွေကတော့ လင်းယုန်အတောင်တွေရဲ့အဖျားထိ သွေးကြောတွေရှိတယ်လို့ဆိုတယ်။ နို့တိုက်သတ္တဝါတွေလိုပဲ follicle မွှေးညှင်းပေါက်ထဲကနေ အမွှေးတောင်ထွက်လာတာဖြစ်တယ်။ blood supply တွေနဲ့ အတောင်တွေပေါက်တာဖြစ်တယ်။ တစ်ကယ်သာ အမွှေးကိုနှုတ်ရင် သူတို့ရဲ့သွေးကြောတွေပါ ပြတ်တောက်ပြီး အတောင်ပြန်ပေါက်ဖို့ နေနေသာသာ သွေးလွန်သေနိုင်ပါတယ်။ follicle တွေလည်း ပျက်စီးသွားမယ်။ မွှေးညှင်းပေါက်ပျက်စီးသွားရင် အတောင်တစ်ခုပြန်ထွက်လာဖို့ တစ်နှစ်စောင့်ရမှာဖြစ်တယ်။ ငှက်တွေအတောင် မကျွှတ်ဘူးလားဆို မဟုတ်ဘူး။ ကျွတ်ပါတယ်။ လူတွေ ဆံပင်ကျွတ်သလိုပဲ၊ အဲသလို အတောင်ကျွတ်တဲ့ molt ဆိုတဲ့ အချိန်မှာ ကျွတ်ရင်တောင်… စနစ်တကျ အတောင်ကျွတ်တာဖြစ်တယ်။ သဘာဝတရားက အကုန်လုပ်ထားပေးပြီးသား။ symmetrical pattern နဲ့ အတောင်ကျွတ်တာပါ။ ဥပမာ.. ဘယ်ဘက်က အတောင်တစ်ခုကျွတ်ရင်၊ ညာဘက်ကလည်း တစ်ခုကျွတ်တယ်။ အဲဒါမှ balance ဖြစ်ပြီး ပျံသန်းနိုင်မှာဖြစ်တယ်။ ငှက်တွေဟာ ပျံသန်းရမယ်၊ ဒါ သူတို့သဘာဝ၊ ပျံသန်းရမယ်၊ အစာရှာရမယ်။ ဒါကို မပျံဘဲ လပေါင်းများစွာ ဘယ်ငှက်မှထိုင်နေပြီး အသက်မရှင်နိုင်ဘူး။

မယ်နီဆိုတာယူနီဗာစတီ စင်တာက ထွက်လာတဲ့စာမှာ.. လင်းယုန်ဟာ အနှစ် ၃၀ပဲ အသက်ရှင်တယ်။ ကမ္ဘာပေါ်မှာ ဘယ်သတ္တဝါမှ ချမှတ်သတ်မှတ်ပေးထားပြီးသား သက်တမ်းထက် ပိုပြီး နေချင်တယ်ဆိုပြီး လုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။ အနည်းအကျဉ်း သုံးလေးငါးနှစ်ပိုတာတော့ ရှိမှာပါ။ လူတွေလည်း အဲသလိုပါပဲ၊ အလွန်လုံး ၁၂၀ပေါ့၊ ပိုပိုလိုလို ၁၅၀ပေါ့။ အသက် ၂၀၀ တော့ ဘယ်သူမှ မနေသေးပါဘူး။ အပေါ်ကစာလေးကို အင်္ဂလိပ်လို ပြောထားတာလေးက ပိုကောင်းတယ်။ တော်တော်လေး သဘောကျမိတယ်။
The average life span of an eagle is approximately 30 years. The eagle, like many other living organisms, does not have the luxury of making the decision to extend their life cycle far beyond what is normal for its species.

တစ်ကယ်လို့သာ လင်းယုန်တွေဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချပြီး ဆက်လက်အသက်ရှင်ကြတယ်ဆိုတာ တစ်ကယ်သာမှန်ရင် ကနေဒါနဲ့ ယူအက်စ်နိုင်ငံတွေမှာ 1967 ကစပြီး လင်းယုန်တွေကို endangered species အနေနဲ့ ဘာဖြစ်လို့ သတ်မှတ်ခဲ့ကြသလဲဆိုတဲ့ မေးခွန်းတွေ ထုတ်ကြပါတယ်။
မိုတီးဗေးရှင်းစပီကာတွေရဲ့ ရည်ရွယ်ချက်လေးက ကောင်းပါတယ်။ စိတ်ဓာတ်မြင့်တက်စေနိုင်တယ်၊ ခွန်အားတွေရစေနိုင်တယ်။ ဘဝရဲ့ဆုံးဖြတ်ချက်ကို ရဲရဲရင့်ရင့်ချစေတယ်။ Change ဆိုတာကို လက်ခံရမယ်၊ အဲဒီအတိုင်းအလိုက်သင့် ကိုယ်ပါ change ရမယ်။

ဒါပေမယ့်လည်း အရာတိုင်းမှာ risk ရှိတယ်ဆိုတာလည်း သတိမေ့လို့ မဖြစ်ပါဘူး။ လင်းယုန်က ဒီလိုလုပ်ပါတယ်ဆိုလို့ ကိုယ့်အတောင်ချိုးပြီး ဘယ်နှစ်ယောက် မပျံနိုင်ဖြစ်ခဲ့ပြီလဲ၊ follicle တွေပါ ပျက်စီးသွားလို့ အတောင်ပြန်မပေါက်တော့သူတွေ ဘယ်လောက်များခဲ့ပြီလဲ၊ ကိုယ့်နှုတ်သီးကို ကိုယ်ချိုးပစ်လို့ ဘယ်နှစ်ယောက် ငတ်မွတ်ဆုံးပါးခဲ့ရပြီလဲ၊ ဒါတွေကိုလည်း မေ့ထားလို့ မရပါဘူး။

တစ်ခါတစ်လေ မျှော်လင့်ချက်လေးနဲ့ ကိုယ့်ကိုကိုယ်တွေ ပြန်လိမ်နေရတာ ချိုမြိန်နေတတ်တယ်။
ကိုယ်လိုလူကလည်း ခါးပါစေ… အမှန်ပဲသိချင်တယ်။
ဟုတ်တယ်…. အမှန်တရားဟာ ခါးသက်တယ်။
ဘာဖြစ်လို့လဲဆိုတော့……..
ကိုယ်တွေရဲ့ စိတ်ထဲကဖန်တီးထားတဲ့ လင်းယုန်သူရဲကောင်းဆိုတာ …
ဘယ်တုန်းကမှ ရှိမနေခဲ့လို့ပါပဲ…။

ကိုယ့်ရဲ့ဒီစာလေးက ခါးသက်ခဲ့မယ်ဆိုရင် ခွင့်လွှတ်စေချင်တယ်…။

ကိုယ်တွေ…
ခါးသက်တဲ့အမှန်တရားကို ရင်ဆိုင်မလား…
ချိုမြိန်စွာ ကိုယ့်ကိုကိုယ် လိမ်နေမလား….
တစ်ကယ်တော့…. သူရဲကောင်းဆိုတာ ..
လင်းယုန်တစ်ကောင် မဟုတ်ဘဲ…
ကိုယ်ကိုတိုင်ပဲ ဖြစ်နေတတ်တာ မဟုတ်ပါလား…။

3 Comments »

  1. The last sentence is so inspiring ma lay :)

    Comment by phyo phyo — May 18, 2015 @ 1:18 am

  2. တစ်ကယ်တော့…. သူရဲကောင်းဆိုတာ ..
    လင်းယုန်တစ်ကောင် မဟုတ်ဘဲ…
    ကိုယ်ကိုတိုင်ပဲ ဖြစ်နေတတ်တာ မဟုတ်ပါလား…
    I meant this one :)

    Comment by phyo phyo — May 18, 2015 @ 1:19 am

  3. စာအရေးအသားနဲ့အတွေးလေးတွေ ချိုမြိန်ပါတယ်။ လင်းယုန်တွေအကြောင်း သိခွင့်ရသွားတယ် မလေးရေ….
    အရာရာမှာခါးသက်တဲ့အမှန်တရားကို ရင်ဆိုင်နိုင်ဘို့ ပြင်ဆင်ထားသင့်တယ် :)

    Comment by တီတင့် — May 19, 2015 @ 4:46 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------