♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 17, 2015

ရှိသည့်အတိုင်း

Filed under: တစ်မျက်နှာဝတ္ထု (Short Novels), စာစု — အိမ့်ချမ်းမြေ့ @ 12:12 am

 window-at-night1.jpgသူမ ဒီရက်တွေမှာ ဘဝမှာ မဖြစ်ဘူးသောအရာများနှင့် ကြုံတွေ့နေရသည်ဟု ဆိုရပေမည်။ သူမသည်

မိဘအသိုင်းအဝိုင်းထဲတွင် ငယ်စဉ်ကတည်းက လိမ္မာသူ ဟု တံဆိပ်တပ်ခံရသူ ဖြစ်သည်ဟု ဆိုရပေဦးမည်။ ပျော့ပျော့လေးနှင့် မာသူ ဟုလည်း ဆိုတတ်ကြသေးသည်။ အချိန်အတော်များများ တစ်ဦးတည်းနေတတ်သော သူမသည် ဖြစ်သင့်သောအရာများကိုလည်း အမြဲတမ်းတစိုက်မတ်မတ်လုပ်ခဲ့သူ။ ကံကောင်းထောက်မချင်တော့ သူမဖြစ်ချင်သောအရာများသည်လည်း ဖြစ်သင့်သော အရာများ ဖြစ်နေတတ်ခြင်းပင်။ တစ်ကယ်ဆိုလျှင်.. ဘဝမှာ အရာများများကို သိပ်မလိုချင်သူဟု သူမကိုယ်သူမလည်း ထင်ထားခဲ့မိသူ။

 

ပူလောင်သောအချစ်၊ မျှော်လင့်ရသောအချစ်၊ ဆွေးမြေ့ရသောအချစ်၊ တမ်းတရသောအချစ်၊ စိတ်ပျက်ရသောအချစ်၊ စိတ်ကုန်ရသောအချစ်၊ စသော အမျိုးအမည်များလှစွာသော အချစ်များစွာထဲတွင်မှ ညနေခင်းလေပြေလေးညင်သာစွာတိုက်ခတ်နေသလို အချစ်၊ အနားမှာထိုင်နေရရုံဖြင့် အရာရာပြည့်စုံသလို ခံစားစေသောအချစ်၊ သူနှင့်ဆိုလျှင် ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမတစ်ဦးလို ခံစားရစေသော အချစ် တစ်ခုကို သူမ ရွေးချယ်ခဲ့လေသည်။ တစ်ခါ.. ကံကောင်းထောက်မလွန်းစွာ ထိုအချစ်မျိုးကို ပေးဝေနိုင်သူသည် သူမ၏ခေါင်းမာမှုများ၊ သူမ၏စိတ်ကြီးတတ်ခြင်းများ၊ ယောင်္ကျားများနှင့်ရင်ဘောင်တန်းပြီး အတွေးခေါ်ချင်းစီးချင်းထိုးတတ်ခြင်းများ၊ ယောင်္ကျားတွေလုပ်နိုင်ရင် မိန်းမတွေလည်း လုပ်နိုင်တယ်ဆိုသည့် စိတ်များကိုလည်း ကျေနပ်နေတတ်ရုံသာမက၊ သူမအတွေးများကို ပိုမိုပြောင်မြောက်စေသူ ဖြစ်လာခဲ့လေသည်။

 

သူနှင့်ချစ်သူရည်းစားဘဝက ငယ်ရွယ်သူ သူမ၊ တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး စိတ်ကြီးကာ စီးထားသောဖိနပ်ကိုကန်ကြောက်ချွတ်ပြီး လူသူတိတ်ဆိတ်သော၊ စံပယ်ပန်းရိုင်းရုံများတန်းစီနေသော မြေနီလမ်းသွယ်လေးအတိုင်း ငိုယိုကာထွက်ပြေးခဲ့ဖူးသည်။ သူ ရှာမတွေ့နိုင်သော အဆောက်အဦးပျက်တစ်ခုနောက်တွင် နံရံကိုမှီကာ ငိုယိုနေခဲ့စဉ်၊ သူမချွတ်ထားခဲ့သော ဖိနပ်လေးကို ကိုင်ကာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေခဲ့ဖူးသော သူ့ပုံရိပ်ကို သူမ မှတ်မိနေသေးသည်။

တစ်ခါကလည်း ညနေခင်းဌက်များအိပ်တန်းတက်ချိန်တွင် မီးရှို့ထားအပြီးသစ်ရွက်ပုံနား မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို ငေးနေသော သူမမြင်ကွင်းထဲကို သူရောက်လာခဲ့လေသည်။ လွန်ခဲ့သော နှစ်များစွာကဖြစ်သည့်အတွက် ပန်းဆိုင်များအလွန်နည်းပါးသေးသော ကာလတစ်ခုတွင် ဖြစ်ခဲ့သော်လည်း သူ့လက်ထဲတွင် သူမအတွက် လှပစွာထုတ်ပိုးထားသော နှင်းဆီပန်းစည်းတစ်စည်းက ရှိနေခဲ့ဖူးသည်။ မီးခိုးငွေ့များကြား အပြာရောင်ပုဆိုးကွက်လေးနှင့် ပန်းစည်းလေးကိုင်ကာ ရပ်နေသာ သူ့ပုံရိပ်ကို ယခုတိုင် သူမတစ်ယောက် ပြက်ပြက်ထင်ထင် မြင်ယောင်နေမိဆဲ။

သူ့ကိုထားခဲ့ပြီး ရေမြေသစ်တွင် ကျင်လည်နေခဲ့စဉ်ကာလများတွင်လည်း အလွမ်းအဆွေးများထက် လုပ်သင့်သည့်အလုပ်များကိုသာ ယောင်္ကျားတစ်ယောက်ကဲ့သို့ သူမ တစိုက်မတ်မတ်လုပ်ခဲ့လေသည်။ ဗိုင်ဘာ၊ တွတ်တာ၊ ဖဘ စသည့်အရာများ ဘယ်ဆီဘယ်ဝယ်မှာမှန်းမသိခဲ့သောကာလများ၊ တစ်မိနစ်လျှင် ဖုန်းဖိုး သုံးဒေါ်လာခွဲပေးရသော ခေတ်တွင် နေကောင်းလားဟင်၊ အဆင်ပြေရဲ့လားဆိုသည့် စကားများကို တစ်ရပ်ကွက်လုံးကြားအောင် အော်မေးရခဲ့သည့် အဖြစ်များထက် မပိုခဲ့ကြ။ သူ့ထံမှ နှစ်ပတ်တစ်ခါရောက်လာမည့် စာလေးများကို မျှော်ရသောအလုပ်သည် တစ်ကယ်တော့ သူမအတွက် ချိုမြိန်ခဲ့ဖူးသည် မဟုတ်ပါလား။ သေချာသည်ကတော့ သူမသည် သူ့ကို ကြိုးရှည်ရှည်နှင့်တစ်ခါမျှ လှန်မထားခဲ့။

သူ့စာလေးကို အိမ်ရှေ့မြက်ခင်းစိမ်းပေါ်ဝယ်လှဲလျောင်းဖတ်ရင်း ကောင်းကင်ပြင်ကြီးကို မိနစ်ပေါင်းများစွာ ငေးကြည့်ခဲ့ဖူးသည်။ ငယ်ရွယ်စဉ်ကာလ ဝေးကွာနေခဲ့ကြသည်မို့ သူ့ကိုအသိပေးခဲ့သည့်အတိုင်း တစ်ခါတစ်ရံ တစိမ်းယောင်္ကျားလေးများနှင့် အအေးဆိုင်ထိုင်ခဲ့ဖူးသော နေ့ရက်များရှိခဲ့သော်လည်း သူမသည် ယခုနေ့ရက်တိုင်အောင် အရက်တစ်ခွက်တောင် မသောက်ဘူးသေးသူ ခပ်ညံ့ညံ့ မိန်းမတစ်ယောက် ဖြစ်ပေလိမ့်မည်။ ဝိုင်ဆိုလျှင်လည်း လူအထင်ကြီးရုံ ရှေ့ချထားပြီး နှုတ်ခမ်းနှင့်တေ့ရုံလုပ်ပြီး မသိမသာနှာခေါင်းရှုံ့တတ်သူတစ်ဦးလည်း ဖြစ်လေသည်။

အတူတူနေနေစဉ်ကာလများတွင်လည်း သူမသည် အင်ဒီဗစ်ဂျူရယ်တစ်ယောက်လိုလို၊ အိတ်ဇစ်တန်ရှာလစ် တစ်ယောက်လိုလို နေသော နေ့များလည်း ရှိသေးသည်။ သူမအခန်းတွင်းဝယ် သူမနှစ်သက်မြတ်နိုးလေသော စာအုပ်များ၊ စာပေများ၊ ပရင့်ထုတ်ထားသော စာရွက်များ၊ ရေးလက်စ စာများ၊ ဆွဲလက်စပန်းချီကားများ၊ စုတ်တံများ၊ ဆေးများ သာမက၊ သီချင်းစာရွက်များ၊ တူရိယာပစ္စည်များနှင့် မိဘနှင့်နေစဉ်တုန်းကအချိန်တွေအတိုင်း၊ ပုံစံအတိုင်း၊ အခြေအနေအတိုင်း သူမကို နေခွင့်ပေးသူလည်း ဖြစ်လေသည်။ သူမသည် အိမ်ရှေ့မီးလင်းဖိုဘေးတွင် သူနှင့်အတူ အကြောင်းအရာများစွာကို ဆွေးနွေးပြောဆို၊ တစ်ခါတစ်ရံတွင်လည်း စကားစစ်ထိုးရသည်ကို အလွန်မြတ်နိုးသူ ဖြစ်လေသည်။ အများအားဖြင့်တော့ သူ သည် စကားပြောသူ၊ သူမ သည် နားထောင်သူ။

သူမသည် သူ့ကို ဂျူး ဝတ္ထုတစ်ပုဒ်ကို ပုံပြင်သဖွယ်ပြောပြဖူးသေးသည်။ စာရေးဆရာလင်မယားဝတ္ထုလေးဖြစ်လေသည်။ ဝတ္ထုထဲတွင် ယောင်္ကျားလုပ်သူက စာရေးဆရာ ဖြစ်လေသည်။ သူတို့သည် စကားများစွာကို ပြောဖြစ်ကြလေသည်။ အများအားဖြင့် မိန်းမလုပ်သူက ပြောသူဖြစ်ပြီး၊ နားထောင်သူသည် စာရေးဆရာဖြစ်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ စာရေးဆရာရေးသောစာများသည် ပြောင်မြောက်လာလေသည်။ တစ်နေ့တွင် အမျိုးသမီးသည် သေဆုံးသွားလေသည်။ သူမ မသေဆုံးခင် ထိုနေ့က ထိုအမျိုးသမီး ပြတင်းပေါက်တွင်ရပ်ကာ အပြင်ကိုငေးနေသည်ကို သူမတို့ကိုမကြာခဏ ကားမောင်းပို့တတ်သော တက္ကဆီသမားလေးက နောက်ဆုံးမြင်လိုက်ခြင်းဖြစ်လေသည်။ စာရေးဆရာမိန်းမသေဆုံးသွားတော့ စာရေးဆရာသည် သိပ်တန်ဘိုးရှိတဲ့မိန်းမဟုဆိုကာ သူ့အမျိုးသမီးကို တငိုလေသည့်အကြောင်းကို ပုံပြင်သဖွယ်ပြောပြတိုင်း သူသည် ပြုံးကာ နေတတ်လေသည်။ သူမကတော့ သူပြုံးနေသည်ကို ကြည့်မိတိုင်း သူ့ကို တင်းတင်းကြပ်ကြပ်ဖက်တွယ် ထားမိလေသည်။

ယခုရက်များတွင်မတော့ ဘဝမှာ မဖြစ်ဘူးသောအရာများနှင့် သူမ ကြုံတွေ့ခံစားနေရသည်ဟု ဆိုရပေမည်။ တစ်ကယ်တော့ သူမသည် အရှိတရားဆိုသည့်အရာများထဲမှ တစ်ခုကို တေ့တေ့ဆိုင်ဆိုင် ရင်ဆိုင်တွေ့နေရခြင်းဖြစ်သည်။ .. ဘဝမှာ အရာများများကို သိပ်မလိုချင်သူဟု သူမကိုယ်သူမလည်း ထင်ထားခဲ့မိသူ။ လိုချင်သောအရာများလည်း ပြည့်မြောက်နေပြီဟု ထင်ထားတတ်သူ။ ယခုတော့………… လမင်းတစ်စင်းကိုရင်ဝယ်ပိုက်ချင်နေသော ကလေးတစ်ယောက်လို ဖြစ်နေရသော အဖြစ်တစ်ခုကို သူမ ရင်ဆိုင်နေရလေသည်။

တစ်ကယ်ဆို.. လမင်းသည် လမင်းဖြစ်သည်၊ လမင်းသည် ကောင်းကင်တွင်နေသည်။ သူမသည် မြေပြင်တွင်နေသည်။ လမင်းသည် ကောင်းကင်တွင်လှည့်ပတ်သွားလာနေစဉ် လူသားသူမသည် မြေပြင်ပေါ်တွင် ခြေစုံရပ်လျှင် လမင်းကိုသာ ငေးကြည့်ခွင့် ရပေလိမ့်မည်။ လသာရက်တွင် လမင်းကို သူမ မြင်ရမည်၊ လမိုက်ညများတွင်တော့ လမင်းသည် သူမနှင့်အဝေးဆုံးမှာ ရှိနေပေလိမ့်မည်။ လသာညများချည်းပဲ မဖြစ်နိုင်သလို၊ လမိုက်ညချည်းပဲလည်း ဖြစ်မည် မဟုတ်။ ထိုသို့သော လမင်းနှင့်လူသား ကဲ့သို့အဖြစ်မျိုးတွင် လမင်းသည်လည်း ကမ္ဘာမြေပြင်ပေါ်သို့ ခုန်ဆင်းချမလာနိုင်သလို၊ သူမသည်လည်း လမင်းကို ရင်ခွင့်ပိုက်ထားနိုင်လိမ့်မည် မဟုတ်။

ထိုအရှိတရားကို လက်မခံနိုင်သော သူမကိုယ်သူမလည်း မယုံနိုင်အောင်ဖြစ်နေရသည်။ အတ္တကြီးလှချည်းလားဟု သူမကိုယ်သူမလည်း ပစ်ပစ်နှစ်နှစ် အပြစ်တင်သည်။ လမင်းကို ရင်ဝယ်ပိုက်ထွေးချင်၍ တမ်းတငိုယိုနေသူတစ်ယောက်လို ခံစားချက်မျိုးသည် သူမနှလုံးသားများကို တင်းကြပ်စွာ ညှစ်ထားလေပြီ။

ထိုနေ့ညက သူရှိနေရာ မီးလင်းဖိုအနားတွင် သူမ အသာအယာဝင်ထိုင်လိုက်သည်။ သူ့ရှေ့တွင် ဝိုင်တစ်ပုလင်းနှင့် သောက်လက်စ ဖန်ခွက်တစ်ခွက် ရှိနေလေသည်။ သူမလက်ထဲပါလာသော ဖန်ခွက်ကို ဝိုင်ပုလင်းဘေးတွင် အသာချလိုက်တော့ သူက အံ့သြသလို သူမအား ကြည့်လေသည်။ ပြီးတော့ ဖန်ခွက်ထဲသို့ ဝိုင်နီနီအနည်းငယ် ထည့်ပေးလေသည်။ သူမသည် တစ်ရှိန်ထိုးမော့ချပြီး နောက်ထပ် သုံးခွက် ထပ်ဆင့်သောက်လိုက်လေသည်။ သူသည် သူမကို စကားတစ်ခွန်းမှ မပြောဘဲ ဒီအတိုင်း ကြည့်နေခဲ့လေသည်။

ညနက်လာသည့်အခါတွင် သူမသည် သူမ၏အေးမြသောအခန်းလေးထဲက ကုတင်ပေါ်တွင် လှဲလျောင်းကာ လူလိမ္မာမကြီး၊ စိတ်မာသူကြီး ခံနေရပြီမဟုတ်လား ဟု တွေးထင်ကာ တစ်ယောက်တည်း ကြိတ်ရယ်နေမိပြန်သည်။ သိုးသားရေကိုယ်ကျပ်ဘောင်းဘီအကျီ င်္တစ်စုံနဲ့ ဟာလီဒေဗစ်ဆင်လေးတစ်စီးလောက်တော့ ငါပိုင်သင့်တယ်ဟူသော အတွေးအဆုံးတွင်မတော့ သူမ အော်ပြီးရယ်မောလိုက်မိသည်။ သူမအခန်းတွင်းဝယ် အပြာနုရောင်မီးလေးက ဝိုးတဝါးလင်းနေလေသည်။ အပြင်ဘက်မှာ ညလေတိုးသံများကို ကြားနေရသည်။

သူမသည် သူရှိရာအခန်းသို့ စင်္ကြတစ်လျှောက် ဖြည်းညှင်းစွာလျှောက်ကာ ထွက်လာခဲ့လေသည်။ သူမနှင့်သူ၏အိပ်ခန်းသည် ကပ်ရက်မဟုတ်။ သူမအခန်းသည် မြောက်ဘက်တောင်တန်းများဘက်ရှိရာအရပ်ဘက်တွင်ဖြစ်သည်။ သူ၏အိပ်ခန်းကတော့ လမင်းထွက်လာတတ်ရာ တောင်ဘက်အရပ်တွင် ရှိလေသည်။ စင်္ကြတစ်လျှောက် သူမနှင့်သူတို့၏ ရင်သွေးလေးမျာူး၏အိပ်ခန်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာခဲ့လေသည်။ သူမသည် တစ်ခါမျှ မသောက်ဘူးသော ဝိုင်အပြင်းစားကို သုံးလေးခွက်ဆင့်သောက်ထားသဖြင့်လည်း တရိပ်ရိပ်မူးနေလေသည်။

သူမသည် သူ၏အိပ်ခန်းတံခါးကို အသာလှည့်ဖွင့်လိုက်လေသည်။ သူမတို့အိမ်ခန်းတံခါးများသည် သော့များချက်များမရှိသော်လည်း တစ်ယောက်အခန်းကိုတစ်ယောက်မဝင်ခင် တံခါးခေါက်ပြီးမှ ဝင်လေ့ရှိသော်လည်း၊ သူအိပ်ပျော်နေသည်ကို နိုးသွားမည်စိုး၍ သူမ တံခါးချက်ကို အသာလှည့်ကာ ဖွင့်လိုက်ခြင်းပင်။

သူ၏အခန်းသည် မနာလိုချင်စရာကောင်းစွာ လရောင်အောက်တွင် ကဗျာဆန်လွန်းနေသည်။ ကုတင်ပေါ်တွင် လှဲလျောင်းအိပ်စက်နေသာ သူ့အရိပ်ကို မှိန်ဖျဖျလရောင်ကြောင့် ဝိုးတဝါးမြင်နေရလေသည်။ သူ့ဘေးနားတွင် သူမ အသာလှဲလိုက်သည်။ အိပ်ပျော်ပုံမရသေးသောသူက သူမဘက်သို့အသာလှည့်လာသည်။ သူမခေါင်းကို အသာယူကာ သူ့ရင်ခွင်ထဲသို့ မှီထားစေသည်။

‘ခုတစ်လော.. အရှိတရားကို လက်မခံချင်တဲ့စိတ်တွေဖြစ်နေတယ်’ သူမ ခပ်တိုးတိုးဆိုမိလေသည်။ သူသည် သူမဆံပင်များကို ပွတ်သပ်ကာ ‘ကိုယ်သိပါတယ်’ ဟု ဆိုလေသည်။

‘ ကိုယ်က မင်းအကြောင်းတွေကို မင်းမပြောပြလည်း သိနေတာပဲ…..’

‘အင်း…… ဘယ်လိုသိလဲ…..’

‘မင်းအကြောင်းမက်တဲ့ အိပ်မက်တွေကနေတဆင့် ကိုယ်အမြဲသိနေတတ်တယ်ဆိုတာ မင်းသိတာပဲလေ….’

သူမ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။

သူမ မျက်ရည်တစ်စက သူ့ရင်ဘတ်ပေါ်သို့ တိတ်ဆိတ်စွာ စီးကျသွားလေသည်။

‘အရှိတရားကို လက်ခံနိုင်ရမှာပေါ့’

သူ့စကားအဆုံးတွင် သူမ သူ့လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အားယူထားမိလေတော့သည်။

We live alone, we die alone.
Everything else is just an illusion.

ချစ်ခင်စွာဖြင့်…
အိမ့်ချမ်းမြေ့

____

2 Comments »

  1. အရှိတရားတွေ အမှန်တ၇ားတွေဆိုကလည်း လက်ခံသင့်မှန်း ပြုပြင်သင့်မှန်းသိပေမယ့်လည်း ခက်တော့ခက်သားပဲ အရှိတရားကိုလက်ခံလိုက်ရင်းနဲ့ နာကျင်ကြေကွဲရခြင်းတစ်ချို့အဆစ်ပါလာတတ်တယ် ။
    ဘာပဲဖြစ်ဖြစ် သူမ အနားမှာ ခုလိုကြင်နာနွေးထွေးတဲ့ သူတစ်ဦးရှိနေတာကတော့ ကံကောင်းခြင်းလက်ဆောင်ပဲ ။

    ရုပ်ရှင်လက်မှတ်လေးနှစ်စောင်ကအငွေ့သက်လေးခံစားလိုက်ရတယ် မလေးရေ

    Comment by MgMyo — March 18, 2015 @ 8:35 pm

  2. ကောင်းတယ်..ထက်ကိုသာတယ်လို့ပြောရမယ်။ ကြိုက်လို့လည်းဖြစ်နိုင်တာပေါ့ဒီလိုလိုရငိးတိုရှင်းလေးရေးနိုင်တာလည်းအရည်အချင်းတခုပေါ့။အားပေးရကြိုးနပ်တယ်ပေါ့ဆက်ပြီးကြိုးစားစေချင်တယ်
    စာအုပ်အဖြစ်ထွက်လာနိုင်ဖို့အားပေးပါတယ်။ စာအုပ်အဖြစ်ဖတ်ရတာပိုပြီးအရသာရှိတယ်လေ။

    Comment by soe kyi — September 13, 2015 @ 9:16 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------