♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 30, 2015

♫♥●••·˙မိုးသောက်ကြယ်˙·••●♥♫

Filed under: ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:18 am

love.JPG

 

  “အိပ်မရတဲ့ ညတွေထဲ..

ကော်ဖီခါးခါးတစ်ခွက်နဲ့…
အပြင်းစားရော့ခ်တေးသွားကြား..
ခေါင်းတွေလည်းချာချာလည်…။

ကလေးရယ်…..
အိပ်မောကျနေတဲ့ မင်းနှုတ်ခမ်းပေါ်က
အငွေ့ပျံ လွင့်ထွက်တော့မယ့်
ပျားရည်တစ်စက်..
ငါဖြစ်ချင်နေမိခဲ့…. ”

သက်ပြင်းမောများကို ဆေးလိပ်ငွေ့များနှင့်အတူ မှုတ်ထုတ်လိုက်မိသည်။ အိပ်မရသောညများက တစ်ဆစ်ဆစ်ကိုက်ခဲနာကျင်လှိုက်စားနေသော အနာပုပ်တစ်ခုကဲ့သို့။ အိပ်ရာဘေးစားပွဲပေါ်မှ ဆေးလိပ်ပြာခွက်ထဲသို့ ဆေးလိပ်လက်ကျန်လေးကို မမှီမကမ်းနှင့် ထိုးဖိချလိုက်မိသည်။ အိပ်ခန်းထဲမှ ကိုယ့်ဆေးလိပ်ငွေ့ကို ဘာသာမခံနိုင်တော့အောင် ဒီရက်ပိုင်းတွေမှာ ဖိသောက်နေမိသည်။

“တစ်ကယ်ဆို နင်အပြစ်မရှိ…
…………………..
ငါဘယ်လိုနေရမလဲ…
ငါဘယ်လို ဖြေရမလဲ..
တို့နှစ်ယောက် ဝေးခဲ့ရင်….”

ဖွင့်ထားမိသော သီချင်းသံသဲ့သဲ့ကြောင့် အိပ်ရာထဲမှာ လူးလဲကာထလိုက်မိသည်။ သီချင်းကို ပိတ်ပစ်လိုက်ပြီး ပြတင်းပေါက်နားမှာ သွားရပ်နေမိသည်။ ခေါင်းရင်းစားပွဲက အစိမ်းရောင်တောက်နေသည့် နာရီလေးကို လှမ်းကြည့်လိုက်မိတော့ နံနက် နှစ်နာရီတောင် ထိုးတော့မည်ပဲ။ ပြတင်းအပြင်မှ လေပြေလေးက သုတ်ကနဲ။

“မနက်ဖြန်ကို ကိုယ်ဘယ်လိုရင်ဆိုင်ရမလဲ ကလေးရယ်….”

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫

ငယ်စဉ်ကတည်းက အမြဲတပူးတွဲတွဲနေခဲ့တဲ့ သူငယ်ချင်းစိုးကြီး။

သူ့အိမ်ဟာ ကိုယ့်ရဲ့ စားအိမ်သောက်အိမ်လည်းဖြစ်နေတတ်သေးတာ။ အတူတူဂစ်တာတီးသီချင်းဆိုရင်း ညနက်သွားလို့ စိုးကြီးကုတင်ပေါ်မှာ အိပ်ပျော်ခဲ့သည့်နေ့တွေတောင် ရှိသေးသည် မဟုတ်ပါလား။ ဒါတင်ဘယ်ဟုတ်ဦးမလဲ၊ အမေနဲ့ရန်ဖြစ်လာရင်လည်း အဲဒီမှာ၊ အစားမှားပြီး အိမ်သာပြေးရလွန်းလို့ ယဲ့ယဲ့ပဲကျန်တဲ့အချိန်တွေမှာလည်း အဲဒီမှာ၊ ကုန်ကုန်ပြောရရင် ရည်းစားနဲ့ကွဲလို့ အသည်းတွေဟက်တက်ကွဲ လူမသိသူမသိ မူးခဲ့ရတုန်းကလည်း အဲ့ဒီမှာ။

စိုးကြီးနဲ့က ငယ်ငယ်လေးထဲက တွဲလာတာ။ သူ့အိမ်ကလည်း အေးဆေးပဲ။ ဟိုဒီဘာညာဝင်မပြောတတ်တဲ့ စိုးကြီးမိဘတွေရယ်၊ အသက် ဆယ်နှစ်ကျော်ကျော်ခြားတဲ့ စိုးကြီးညီမလေး မိုးသောက်ကြယ် ရယ်ပဲ ရှိတယ်။

မိုးသောက်ကြယ်ကတော့ အရွယ်ကလည်း ခြား၊ ဝါသနာတွေကလည်း မတူတော့ စကားတောင် ကောင်းကောင်းမပြောဖြစ်ကြပါဘူး။ ဝန်ခံရရင် သူငယ်ချင်းညီမမို့ ကိုယ့်ညီမလေးလို စိတ်ထဲရှိတာတွေဘာတွေလို့ လူတွေပြောနေကြအတိုင်းလည်း မဟုတ်ဘူး။ တစ်ကယ်ကို စိတ်ထဲ ဘာမှကို ရှိမနေခဲ့တာ၊ မိုးသောက်ကြယ်ရဲ့ မျက်နှာတောင် စေ့စေ့ မကြည့်ဖြစ်ခဲ့လို့ သူ ဘယ်လိုပုံစံရှိမှန်းတောင် သေသေချာချာ မသိခဲ့။

မိုးသောက်ကြယ်ကလည်း သူ့အပေါင်းအသင်းနဲ့ သူ့စိတ်ဝင်စားမှုနဲ့သူ၊ ကိုယ်ကလည်း ကိုယ့်အပေါင်းသင်း ကိုယ့်စိတ်ဝင်စားမှုနဲ့ ကိုယ်….။
သူ့အစ်ကိုရဲ့ သူငယ်ချင်းမို့ အစ်ကိုလို့တပ်ပြီး အရေးအကြောင်းရှိမှ စကားပြောဖူးတာ။
ကိုယ်နဲ့သူရဲ့အဖြစ်က စည်းဝါးမညီတဲ့၊ ဘယ်လိုမှ ကြိုးညှိလို့မရတဲ့ တူရိယာနှစ်ခုလို။

ဒါပေမယ့်… အဲဒီနေ့ကပေါ့။

မှတ်မှတ်ရရပြောရမယ်ဆိုရင် စိုးကြီးအမေက အဲဒီနေ့က မိုးသောက်ကြယ်ကို ကျောင်းသွားကြိုခိုင်းတာပဲ။ သူ့ဟာသူလည်း ပြန်လာနေကြကို မိုးသောက်ကြယ် နေမကောင်းဖြစ်အပြီး နာလန်ထစအချိန်မို့ အားအလွန်နည်းနေသေးတယ်ဆိုတဲ့ အကြောင်းရယ်၊ စိုးကြီးကလည်း ဘယ်နေရာရောက်နေမှန်းမသိလို့ရယ်၊ အဲသလိုအကြောင်းတိုက်ဆိုင်မှုတွေရဲ့အဆုံးမှာ ကိုယ့်မှာ မိုးသောက်ကြယ်ကို ကျောင်းသွားကြိုရတယ်။

စိုးကြီးမိခင်ကလည်း ကိုယ့်မိခင်လိုဖြစ်နေ၊ တစ်ခါတစ်ရံမှလည်း အကူညီတောင်းတာမို့ ကိုယ့်မှာ ငြင်းရအခက်။ အကြောင်းကတော့ မယ်မယ်ရရ မဟုတ်ပါဘူး။ ဘတ်စကားစီးပြီး ကလေးကျောင်းသွားကြိုရမှာ စိတ်ညစ်လို့။

ဒီလိုနဲ့ ဘတ်စကားတတန်နဲ့ မိုးသောက်ကြယ်ကျောင်းရှိရာကို ထွက်ခဲ့တယ်။ ကားပေါ်ကဆင်းပြီး ကျောင်းရှိရာကို သုံးဘလောက် လျှောက်ရသေးတယ်။ ဘတ်စကားပေါ်က ဆင်းတော့ ကောင်းကင်မှာ မိုးရိပ်တွေက ညို့တက်လာတာကို သတိထားလိုက်မိတယ်။ သစ်ပင်တွေကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေပြေကို တဝကြီးရှုလိုက်မိသေးတယ်။ လေထဲမှာ သရက်ပွင့်နံ့လိုလို၊ ပန်းပွင့်ရနံ့လိုလို။ ကျောင်းရဲ့ညစ်ထေးထေးအုတ်နံရံတွေပေါ်မှာ ပန်းရောင်အပွင့်သေးသေးလေးတွေပွင့်တတ်တဲ့ တိုက်ပန်းနွယ်လေးတွေကလည်း မိုးလေပြေထဲမှာ အသာလေးလူးလွန့်လို့။

သူတို့ကျောင်းနားကိုရောက်တော့ ကျောင်းရှေ့လမ်းပေါ်မှာ ကျောင်းကြိုကားတွေဆိုတာ ကြပ်ပိတ်နေတာပဲ။ ကျောင်းရှေ့ ဆေးရုံကြီးခြံစည်းရိုးတွေပေါ်မှာလည်း ချာတိတ်တွေဆိုတာ နည်းတာမဟုတ်ဘူး။ သူတို့ကျောင်းကလည်း မိန်းကလေးတွေချည်းပဲ တက်တဲ့ကျောင်းကိုး။ ကျောင်းဆင်းလာတဲ့ ကောင်မလေးတွေကို ရှိုးနေတာ။ ခြံစည်းရိုးတွေမှာ ထိုင်စရာမရှိတော့လို့ ရှေ့က ရေမြောင်းအုတ်ခုံတွေပေါ်မှာ ထိုင်နေကြသူတွေတောင် ရှိသေးတာ၊ မျောက်တွေ တို့လို့တွဲလောင်း ဖြစ်နေသလိုပါပဲလားလို့တောင် စိတ်ထဲကတောင် ဖြစ်မိသေးတာ။

ဒီလိုနဲ့ မိုးသောက်ကြယ်နဲ့ သူ့သူငယ်ချင်းတစ်အုပ်ကို ကျောင်းကြိုလာခဲ့တယ်။ ဘတ်စ်ကားဂိတ်သွားတဲ့ တစ်လမ်းလုံးမှာလည်း တွတ်ထိုးဆူညံပြီး တစ်ယောက်တစ်ပေါက်နဲ့။ ကိုယ်က နောက်ခပ်လှမ်းလှမ်းကနေ လျှောက်လိုက်လာရင်း သူတို့ပြောနေတဲ့ စကားတွေကို နားစွင့်နေမိတယ်။ ၁၀နှစ်ကျော်ကျော် ရှေ့ကိုလွန်နေသူမို့ ခေတ်ကာလကွာခြားသွားလို့ပဲလား၊ သူတို့ပြောနေတဲ့ စကားလုံးအချို့ကို နားလည်လိုက်၊ နားမလည်လိုက်နဲ့။

ကားပေါ်ရောက်တော့လည်း တွတ်ထိုးနေကြတာ မပြီးသေးဘူး။ သူတို့မိန်းကလေးအုပ်စုထိုင်နေတဲ့ ခုံရဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး အပြင်ကိုပဲ ငေးမောလိုက်ပါလာခဲ့မိတာ။

လူတွေဆင်းသွားလို့ ကားချောင်သွားတော့ ကလေးတွေအခြေအနေဟန်ရဲ့လား ဆိုတဲ့ အတွေးနဲ့ မိုးသောက်ကြယ်ကို တစ်ချက်လှမ်းကြည့်လိုက်တော့၊ သူငယ်ချင်းတွေနဲ့ စကားပြောရင်း နှုတ်ခမ်းလေးကို စူပြီး၊ ဆံပင်လေးကို ဝဲကနဲဖြစ်သွားအောင် ခေါင်းလေးကိုငဲ့လိုက်သေးတယ်။ နောက်တော့ အမှတ်မထင် ကိုယ့်ကိုလှမ်းကြည့်လိုက်တာတော့ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ နားကပ်သေးသေးက လက် ကနဲ။
ဒီလိုနဲ့ သူမရဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုင်ရာမှတ်တိုင်မှာ ဆင်းသွားကြတယ်။ သူနဲ့ကိုယ်ပဲ ဂိတ်ဆုံးအထိ ဆက်လို့စီးခဲ့ရတယ်။
အဲဒီနေ့က သူမကို အိမ်ကိုကောင်းမွန်စွာရောက်အောင် ပြန်ပို့ခဲ့တယ်ဆိုပါတော့။

ဒါပေမယ့် ဒီဇာတ်လမ်းက ဒီမှာ ရပ်မသွားခဲ့ဘူး။

ညအိပ်ရာထဲရောက်တော့ မိုးသောက်ကြယ်ရဲ့ အပြုံးလေးတွေ၊ စကားသံလေးတွေ၊ ဆံပင်လေးတဝဲဝဲနဲ့ ခေါင်းလေးငဲ့ပြောပုံလေးတွေ၊
နောက်……. ဖျတ်ကနဲ့လက်သွားတဲ့ သူ့ရဲ့ ဘယ်ဘယ်နားက စိန်နားကပ်ကလေး သေးသေးလေး၊ အိမ်အပြန်လမ်းပေါ်မှာ အတူတူလျှောက်လာတုန်း ညနေခင်းလေပြေအဝှေ့ သူ့ဆံနွယ်တွေဆိက ဝေ့ဝဲပျံ့လွင့်လာတဲ့ သင်းပျံ့ပျံ့ရနံ့လေးဟာ စိတ်ထဲကို ရောက်နေတော့တာ။

မျက်လုံးက မှောင်နဲ့မည်းမည်း မျက်နှာကြက်ကြီးကို ငေးကြည့်နေမိရင်း အဲဒီပုံရိပ်တွေကို မြင်နေရတော့တာပဲဗျာ…။
ကျွန်တော်…. ရင်တွေခုန်လာနေခဲ့တယ်…။

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫

ရင်ခုန်ခြင်ဆိုတာကို
လေ့လာဆန်းစစ်မိနေတဲ့ နေ့တွေအတွက်..
ကြာလာရင်…
ကိုယ့်အလွန်ဖြစ်ရတော့မယ် ချစ်သူ။

မိုးသောက်ကြယ်ရဲ့အကြောင်း ဖျတ်ကနဲခေါင်းထဲဝင်သွားတာနဲ့… ကျနော်လေ… ပထမဆုံး လက်ဖျားတွေ ကျင်တက်လာတယ်၊ နောက်တော့ ရင်ဘတ်တစ်ခုလုံးကို လျှပ်စီးတွေ ခပ်ဖြည်းဖြည်းလေး ဖြတ်စီးလာသလိုမျိုး။ နောက်တစ်ဆင့်တက်လာတော့ အသက်ရှုကြပ်လာပြီး၊ ရင်ဘတ်တစ်ခုက လေးလံလာတော့တာပဲဗျာ…။ သက်ပြင်းကိုကြိတ်လို့ ရှိုက်လိုက်မိချိန်မှာ တစ်ကိုယ်လုံးက ထုံကျင်နေတော့တာ…။
ကျွန်တော်လား….. ရင်ခုန်ဖူးပါတယ်ဗျာ…။

အသက်ပဲ ၂ရ နှစ်ရှိနေပြီပဲ။

ကျောင်းပြီးတော့လည်း ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း၊ တစ်ဘက်ကလည်း စာလေးဘာလေးမတောက်တခေါက်ရေးရင်း၊ အဲသလို.. ဘဝတစ်ခုကို ခပ်ရိုးရိုးလေး ဖြတ်သန်းနေထိုင်ခဲ့ရင်းပါ။ ချစ်သူရည်းစားလည်း ရှိခဲ့ဖူးတယ်၊ ရင်လည်း ခုန်ဘူးတာပဲ။ ဒါပေမယ့် ဒီတစ်ခါ ရင်ခုန်ရတဲ့ပုံစံက ဘာနဲ့မှကို မတူတာ…။

နောက်ရက်တွေမှာတော့ မိုးသောက်ကြယ်တို့အိမ်ကို မသွားဖြစ်အောင် နေလိုက်တယ်။ ဒါပေမယ့် တစ်နေကုန် မိုးသောက်ကြယ်ရဲ့ အမူအရာလေးတွေက စိတ်ထဲက မထွက်ဘူး။ မိုးသောက်ကြယ်ရဲ့ အကြောင်း မတွေးဘဲ ခေါင်းထဲ ရောက်လာတိုင်းလည်း ရင်ခုန်ရတာ ရင်ဘတ်တွေတောင် အောင့်သလိုဖြစ်နေရလို့ ကိုယ့်ကိုကိုယ်တောင် ကြောက်လာမိတယ်။

ပြောပြီးပြီပဲလေ…. ဘဝကြီးတစ်ခုကို လေးလေးနက်နက်နဲ့ တည်တည်တံ့တံ့ နေခဲ့သမျှ…
အခုလို ဖရိုဖရဲတွေဖြစ်နေရတော့ ကိုယ့်ကိုယ်ကိုပဲ ရှက်ရမလား၊
အသက်အရွယ်နဲ့မလိုက်လွန်းစွာ ဖြစ်ရပါမလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရွံရှာရမလား။

တစ်ကယ်ဆို..သူမက ကိုယ့်သူငယ်ချင်းစိုးကြီးရဲ့ ချစ်ညီမလေး..။
ကိုယ့်နှမလေးလိုပဲ ဖြစ်သင့်တာပေါ့။
အခုတော့……။

‘ကိုယ်.. မင်းဆံပင်လေးကို မြတ်နိုးစွာ ထိကိုင်မွှေးရှိုက်ခွင့်ရချင်မိတယ်.. ချစ်သူ…’

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫

“နံနက်ခင်း၏ နေရောင်ခြည်တို့သည် လင်းလက်လျှက်..
လေပြေတို့ ဖြာသွေးသော်လည်း….
ဌက်ကျေးတို့ တေးမဆိုကြကုန်ပြီ….။
ချစ်သူရယ်…
မင်းရဲ့နားမှာ ပန်ဆင်ထားသော..
နားကပ်လေး..
ကိုယ်… ဖြစ်လိုတယ်..”

ဒီလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး စိုးကြီးအိမ် သိပ်မသွားတော့ဘူး။ သွားဖြစ်ရင်လည်း စိုးကြီးအခန်းထဲမှာပဲ အောင်းနေခဲ့မိတယ်။ အိမ်ထဲမှာ လမ်းလျှောက်သွားတဲ့ မိုးသောက်ကြယ်ရဲ့ ခြေသံလေးတွေ၊ သူမရဲ့ ရယ်သံလေးတွေကြားရုံနဲ့တင် တစ်ကိုယ်လုံး ကျင်ပြီး နေရခက်နေတော့တာ…။

တစ်ရက်က ရေသောက်ချင်လို့ ထမင်းစားခန်းထဲကို အလာ၊ ထောင့်တစ်နေရာမှာ မိုးသောက်ကြယ် ဖုန်းပြောနေတယ်။ ကိုယ်လည်း အယောင်ယောင်အမှားမှားဖြစ်ပြီး ရေခွက်တောင် ရှာမတွေ့တော့ဘူး။ အဲဒါကို မိန်းကလေးက ဖုန်းပြောနေတာကို ခဏဖြတ်ပြီး ပန်းကန်လုံးလေးတစ်လုံး ထ ယူပေးရှာတယ်။ တော်တော်ယဉ်ကျေးအလိုက်သိတတ်တဲ့ မိန်းကလေးလို့ စိတ်ထဲက ထင်လိုက်မိသေးတော့…။

“ညည်း…… လိမ္မာတယ်…”

ပြုံးပြီးပြောလိုက်မိတယ်။ ဘာရယ်မဟုတ်ပါဘူး။ သူငယ်ချင်းရဲ့ ညီမလေးကို ရှောင်ဖယ်ဖယ်လုပ်နေတဲ့ ကိုယ့်ပုံစံက ရိုင်းသလိုဖြစ်နေမှာစိုးတာ။ တစ်ကယ်က ကိုယ့်မှာက ကိုယ့်အကြောင်းနဲ့ ကိုယ်…။

“လူတစ်ယောက်ကို ဒါလေးတစ်ခုနဲ့ ဆုံးဖြတ်လို့ မရပါဘူး…”

စသလိုလို နောက်သလိုလိုနဲ့ ခေါင်းလေးငဲ့ပြီး ပြန်ပြောလိုက်သေးတယ်။ အဲဒီမှာ သူမရဲ့ နားကပ်လေးက လက်ကနဲဖြစ်သွားပြန်တယ်။ အဲဒီမှာ နေရင်းထိုင်ရင်း ရင်တွေခုန်လာမိပြန်တယ်။ နားကပ်ဆိုတာ သူ့ဘာသာ သူ လက်မှာပဲပေါ့။ ဒါပေမယ့် အဲဒါကလည်း ကိုယ့်အတွက်က ရင်ခုန်ဖို့အကြောင်းဖြစ်လာရတာ။

“စာရေးဆရာကို ဆရာလုပ်သလို ဖြစ်များသွားလားမသိဘူး… ဟင်.. အစ်ကို..”

“အာ… စာရေးဆရာ မဟုတ်ပါဘူး ကလေးရယ်…”

ပါးစပ်ကနေ လွှတ်ကနဲထွက်သွားတော့ ကိုယ့်ဘာသာ အတော်လေး ရှက်သွားပြီး မျက်နှာကို လွှဲလိုက်မိတယ်။

“အင်းပေါ့….။ ကလေးဆိုတော့ ဘာကိုမှ တိတိကျကျ ရေရေရာရာ မသိနိုင်ဘဲကိုး… နော့..၊ ကလေးဆိုတော့လေ”

မိုးသောက်ကြယ်ရဲ့ စကားသံလေးက စူးစူးလေးဖြစ်သွားတာကိုး။ ‘ကလေး’.. လို့ ခေါ်တာကို သူ မကြိုက်ဘူးထင်တယ်ဆိုတဲ့ အတွေးနဲ့… သူ့ကို စိုက်ကြည့်လိုက်မိတယ်။
“လူကိုများ ကလေးဆိုတော့…. မတန်မရာလိုဘဲ ခံစားလိုက်ရတယ်”

မိုးသောက်ကြယ်က အောင့်ထားရတဲ့ မကျေနပ်ချက် သေးသေးလေးကို ရင်လေးကော့ပြီး ပြောရှာတယ်။

“ဟာ.. အဲသလို သဘောမျိုး မဟုတ်ရပါဘူးဗျာ..”

ပျာပျာသလဲ ပြန်ပြောလိုက်မိပေမယ့်.. နောက်ထပ် ဘာဆက်ပြောလို့ ပြောရမှန်းမသိတော့တဲ့ ကိုယ့်အဖြစ်။ သူမ ကတော့ နှုတ်ခမ်းစူပြီး ချာကနဲလှည့်သွားပြီး သူငယ်ချင်းနဲ့ ဖုန်းဆက်ပြောနေလိုက်တယ်။ သူ့ရဲ့အမူအရာလေးက ချစ်စရာကောင်းလွန်းနေတော့ တဒင်္ဂ မှင်တက်လို့ သွားမိသေးတယ်။ ချစ်နေမိတော့လည်း ဘယ်အရာမဆို ချစ်စရာကောင်းနေတတ်တာမျိုးလား….။

နောက်တော့… ကိုယ်လည်း ရေအမြန်သောက်ပြီး ထမင်းစားခန်းထဲက ထွက်လာခဲ့လိုက်တယ်။

‘တစ်ကယ်ဆို… ကိုယ်က မြတ်နိုးစွာ ခေါ်မိလိုက်တာပါ. ကလေးရယ်..’

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫

ကိုယ့်အသက် ကိုယ့်အရွယ်ကို
အားနာနေမိသော.. ခံစားချက်များဟာ..
သစ်ကိုင်းခြောက်ပေါ် နှင်းစက်တို့ ခိုတွဲသကဲ့သို့
ယခုတစ်လော… ထူးခြားဆန်းကျယ်လွန်းစွာ
ဖြစ်နေရလေပြီ။
ကောင်းကင်ပြာကြီးကို မော့ကြည့်၍
ကျွန်ုပ်ဆိုမိလေပြီ…။
နှုတ်ပိတ်ဆွံအသူတစ်ယောက်အနေနှင့်
နေသွားရခွင့်ကို ရုတ်သိမ်းပေးပါ..။

လှေငယ်သည် ကမ်းမှ တိတ်ဆိတ်စွာ ခွာသကဲ့သို့
အကျွန်ုပ်…
ထိုကောင်းကင်ပြာထဲက ခွဲခွာလို့ မသွားခင်..
ထိုအခိုက်အတန့်လေးမှာပေါ့…..။

ဟိုဝေ့ဒီဝိုက်နဲ့….။

ဦးတည်ရာမဲ့တိုက်ခတ်နေတဲ့ လေပွေထဲမှာ ကြားညှပ်ပါနေရတဲ့ သစ်ရွက်အိုတစ်ရွက်လို….။
အဲသလိုပါပဲ.. မိုးသောက်ကြယ်နဲ့ ကိုယ့်ရဲ့ အဖြစ်က…။
ဦးတည်ရာမဲ့ ဖမ်းဆုပ်ရခက်စွာနဲ့ပေါ့….။
ဖွင့်ချလိုက်ရရင်ဆိုတဲ့ စိတ်မျိုးတော့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ဖြစ်နိုင်မှာလည်း မဟုတ်ဘူးဆိုတာကို ဒီထက်ပိုပြီး တိတိကျကျ သိနေနိုင်စရာအကြောင်းလည်း မရှိဘူးလေ။
ဘာဖြစ်လို့လည်းဆိုတော့ မိုးသောက်ကြယ် တက္ကသိုလ်ရောက်သွားချိန်မှာ ချစ်သူရည်းစား ရှိလာခဲ့တယ် မဟုတ်လား။ မိဘတွေကလည်း သဘောတူထားကြတော့ သူတို့နှစ်ယောက်မှာ အခြားသမီးရည်းစားတွေလို ခိုးကြောင်ခိုးဝှက် ချိန်းတွေ့စရာမလိုပါဘဲ၊ အိမ်မှာပဲ အိနြေ္ဒရရ ထိုင်စကားပြောတတ်ကြတယ်။

ဒီလိုနဲ့ သိုဝှက်သိမ်းဆည်းချုပ်ထိန်းထားရခြင်းတွေရဲ့ နောက်ဆက်တွဲရလဒ်ဖြစ်တဲ့ ဆွေးဆွေးမြေ့မြေ့နဲ့ တိတ်တခိုးရင်ခုန်နေရတာကို ကြိုက်လာနေမိတဲ့ စိတ်ရောဂါ။ ဟုတ်တယ်.. အဲသလို ခံစားနေရတာကိုတောင် ကျေကျေနပ်နပ်နဲ့ နှစ်သက်နေတာမျိုး ဖြစ်လာနေခဲ့တာ..။

တစ်ခါတစ်လေတော့လည်း…. မိုးသောက်ကြယ်က သူ့ချစ်သူကို ရွှန်းရွှန်းစားစားလှမ်းကြည့်နေတဲ့အခါ.. မိုးသောက်ကြယ်ရဲ့ အဲသလိုအကြည့်မျိုးကို ရူးရူးမိုက်မိုက် တစ်ခါလောက် လိုချင်မိတာ။ ကိုယ်ရဲ့ရင်ခုန်ခြင်း အပုံတစ်ထောင်ပုံ တစ်ပုံလောက်များ၊ သူ .. ကိုယ့်အပေါ်ရင်ခုန်ရင် ကောင်းမှာပဲလို့လည်း မဖြစ်နိုင်ပေမယ့် တွေးမိသေးတာ။

ကိုယ်ချစ်ရတဲ့သူုဖြစ်တဲ့ မိုးသောက်ကြယ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုခု ဖြစ်ချင်မိတဲ့ စိတ်တွေဟာလည်း ထူးဆန်းလို့ နေခဲ့တာ မဟုတ်လား။

ချစ်ခြင်းဆိုတာ သိပ်လှပပါတယ်…။
တစ်စုံတစ်ရာ ပြန်လည် မမျှော်လင့်မိသ၍ပေါ့….။

♫ ♥●••·˙˙·••●♥♫ ♫ ♥●••·˙˙·••●♥♫

ပြတင်းပေါက်မှ ဝေ့ဝဲတိုက်ခတ်လာသော လေပြေနှင့်အတူ ဝေ့ဝဲပျံလွင့်သွားသော ဆေးလိပ်ငွေ့များ။
သက်ပြင်းရှိုက်မိစဉ်… ဘယ်ဘက်ရင်အုံက တစစ်စစ်ကိုက်ခဲလာရသည်။

အချစ်ဆုံးသူငယ်ချင်းနှမ၏ မင်္ဂလာပွဲမို့ ဝေယာဝစ္စ အကုန်လိုက်လုပ်ပေးရင်း၊ သူလည်းသူ့ကိစ္စတွေကို အလုပ်ရှုပ်နေရင်း တစ်ခါတစ်ရံ အနီးအနားလေးမှာ ပြုံးပျော်ရွှင်နေသော မိုးသောက်ကြယ် မျက်နှာလေးကို အမှတ်မထင် ငေးကြည့်မိသည့်အခါတိုင်း၊ တစ်သက်စာထိန်းသိန်းခဲ့သမျှ သိက္ခာတရားတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချနင်းလို့ သူမကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ငိုချလိုက်ရရင် ကောင်းမလားဟု ရူးနှမ်းစွာ တွေးမိသေးသည်။

နာရီဒိုင်ခွက်က နံနက် ၃ နာရီကို ညွှန်ပြနေပြီ။
အခန်းထဲမှာ တိတ်ဆိတ်မှုတစ်ခုက ခြောက်ခြားစရာ ကောင်းလွန်းလှစွာ……။
မနက်ဖြန်ဆိုတာကို အကောင်းဆုံးရင်ဆိုင်ဖို့ ခွန်အားတွေကို ရှာဖွေကုတ်တွယ် ထားမိသည်။
အပြင်ဘက်ကောင်းကင်ကတော့ မည်းမည်းမှောင်နေဆဲ။

နှင်းငွေ့တို့သည်…..
နေရောင်လာသည့်အခါတွင် ပျောက်ကွယ်သွားသကဲ့သို့..၊
နေ့မှာပွင့်သော ပန်းတို့သည် …..
ညဉ့်အခါဝယ် အငုံဘဝသို့ ရောက်သွားသကဲ့သို့…၊
လှေငယ်သည် တရွေ့ရွေ့နှင့် ကမ်းမှခွာသကဲ့သို့…၊
ကြယ်တံခွန်တို့သည်….
နေနှင့်အဝေးဆုံးသို့ ပြေးထွက်သွားသကဲ့သို့…၊
တစ်နေ့သောအခါဝယ်..
ချစ်သူ၏ဘဝထဲမှ …
ဒဏ္ဍာရီတစ်ပုဒ်လို…
…..
ကိုယ်….
ပျောက် ဆုံး သွား မည် ပဲ မို့….။

♫♥●••·˙အိမ့်ချမ်းမြေ့˙·••●♥♫

6 Comments »

  1. ဖတ်လို့တောင် မ၀သေးဘူး… ပြီးသွားတယ်။း(

    နှင်းငွေ့တို့သည်…..
    နေရောင်လာသည့်အခါတွင် ပျောက်ကွယ်သွားသကဲ့သို့..၊
    နေ့မှာပွင့်သော ပန်းတို့သည် …..
    ညဉ့်အခါဝယ် အငုံဘဝသို့ ရောက်သွားသကဲ့သို့…၊
    လှေငယ်သည် တရွေ့ရွေ့နှင့် ကမ်းမှခွာသကဲ့သို့…၊
    ကြယ်တံခွန်တို့သည်….
    နေနှင့်အဝေးဆုံးသို့ ပြေးထွက်သွားသကဲ့သို့…၊
    တစ်နေ့သောအခါဝယ်..
    ချစ်သူ၏ဘဝထဲမှ …
    ဒဏ္ဍာရီတစ်ပုဒ်လို…
    …..
    ကိုယ်….
    ပျောက် ဆုံး သွား မည် ပဲ မို့….။

    စိတ်ထဲမှာ မကောင်းဘူး၊ ဒါပေမယ့် အရမ်းကြိုက်တယ်။

    ချစ်ခြင်းဖွဲ့ဝတ္ထုတိုလေးအတွက်ရော ဇွန်ခရီးမသွားခင် အချိန်မီဖတ်ခွင့်ရလို့ရော ကျေးဇူးတင်ပါတယ် မလေးရေ။ အရမ်းတော့လည်း နောက်မကျပါဘူး မရဲ့။ မမေ၊ မသီတာနဲ့ မတန်ခူးတို့တောင် မရေးရသေးဘူး ဆိုတော့လေ။ :D

    စာကြွင်း။ ဖဘမှာ မလေးတဂ်ထားတဲ့ စာမျက်နှာကို ဘယ်လိုမှရှာမရဖြစ်နေလို့ ဘလော့ဂ်မှာပဲ လာဖတ်သွားတယ်နော်။

    Comment by ဇွန်မိုးစက် — January 30, 2015 @ 10:12 am

  2. မလေး ဖြုတ်လိုက်တယ်ကွယ်…
    အချို့ကတော့ ချစ်လို့ခင်လို့ စတာပေမယ့်
    ကိုယ်က အလေးအနက်ထားရေးထားတဲ့ စာတစ်ပုဒ်ကို စတာနောက်တာကို
    စိတ်က နည်းနည်း ခံစားသွားရလို့ကွယ်….

    ဒီမှာပဲ တိတ်တိတ်လေး သိမ်းထားတော့မယ်…

    Comment by မလေး — January 30, 2015 @ 11:22 am

  3. ခုတစ်လောက နည်းနည်း ထိခိုက်ခံစားလွယ်ဖြစ်နေတာ… ဟိဟိ

    Comment by မလေး — January 30, 2015 @ 11:41 am

  4. မလေးရေ။ သိပ်ကြိုက်တယ်။ မေလေး ကွန်မနမ့်က စာသားပြောင်းနေတယ်ထင့်။

    Comment by maylay — January 31, 2015 @ 12:56 am

  5. နုတယ်မလေးရယ်..သဘောကျလိုက်တာ..။ အသက် ၂၅ ကိုကျော်ပြီးတည်းက စာနုပေနုတွေမထွက်တော့သလို စာရေးဖို့နှလုံးသားလည်းမရှိတော့သလိုပဲ ။ ရာသီဥတုပူ၊ အလုပ်ကများ၊ မအားတာတွေနဲ့ပဲ စာရေးချင်တဲ့အကြည်ဓာတ်တွေခမ်းသွားတာ ၂ နှစ်လောက်ရှိပြီ။ ဒါလေးကိုအရမ်းသဘောကျတယ်..။

    Comment by ဆုမြတ်မိုး — March 11, 2015 @ 8:11 pm

  6. မလေးရဲ့အရေးအသားနဲ့ ခံစားချက်ကတော့ရှယ်ပဲနော်..။အားကျလိုက်တာ..။

    Comment by ဆုမြတ်မိုး — March 11, 2015 @ 8:12 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------