♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 11, 2015

ယောက်ျားကောင်း မောင်းမတစ်ထောင်

Filed under: my notes, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 6:25 pm

“ယောင်္ကျားကောင်း မောင်းမတစ်ထောင်ဆိုတာ တိုးတက်တဲ့တိုင်းပြည်အများစုမှာတာ့ အထင်ကြီးစရာကိစ္စတစ်ခု မဟုတ်ပါဘူး”

ကျမ အိမ်ထောင်ရေးဝတ္ထုလေးတစ်ပုဒ်ရေးနေတာပါ။ ကိုယ်တွေ့ဝတ္ထုလေးပါ။ ဒါပေမယ့် base လုပ်တဲ့ နေရာဒေသက ကနေဒါဖြစ်နေတယ်။ ဒါကို မြန်မာမှုပြုပြီးရေးတဲ့အခါ ထင်တာထက်ပိုပြီး ခက်ခဲတာကို တွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကနေဒါမှာ ယောင်္ကျားတစ်ဦးဟာ မိန်းမတစ်ဦးပဲ တရားဝင် လက်ထပ်ယူခွင့်ရှိတယ်။ ရုံးတွင်းမှာ အိမ်ထောင်သယ်တွေ ဖောက်ပြန်တဲ့အခါမှာလည်း အဲသလိုဖောက်ပြန်သူတွေဟာ တစ်နည်းမဟုတ်ရင်တစ်နည်းနဲ့ ချောင်ထိုးခံရပြီး နောက်ဆုံးမှာ အကြောင်းအမျိုးမျိုးပြပြီး human resources က အလုပ်က ထုတ်ပစ်တာတွေရှိတယ်။

ဘယ်လောက်ပဲ ရာထူးကြီးပါစေ၊ ရုံးအတွင်းရုံးသူရုံးသား အချင်းချင်း စည်းမထားဘူးဆိုရင် disciplinary action ယူခံထိပါတယ်။ ရုံးသူရုံးသားအချင်းချင်းမှာ အပျိုလူပျိုတောင်မှ အလွန်သတိထားရပါတယ်။ အပျိုလူပျိုမို့လို့ဆိုပြီး အနေထိုင် မတတ်ရင်လည်း Human resources က ပရိုဖက်ရှင်နယ်ဆန်ဆန် မနေထိုင်နိုင်မှုနဲ့ စာထုတ်ပါတယ်။ ဒီကြားထဲ… အခန့်မသင့်ရင် sexual harassment case တွေ တောင် ဖြစ်ပါတယ်။

polygamy.JPG

ဥပမာ.. ကိုယ်က မြန်မာပြည်ကလာတော့ မြန်မာစိတ်နဲ့ မိန်းကလေးတစ်ယောက်ကို ကားကြုံခေါ်တင်မယ်။ မတော်လို့များ ကားတံခါးလှမ်းအဖွင့် သူ့ကိုယ်တစ်နေရာရာထိသွားတယ်ဆိုပါတော့။ မိန်းကလေးက စိတ်အခန့်မသင့်ရင် harassment နဲ့ ထိုသူကို တရားစွဲနိုင်ပါတယ်။ ဒါတွေလည်း နိုင်ငံခြားမှာ ထွက်အလုပ်လုပ်တဲ့ လူငယ်ယောင်္ကျားလေးတွေ သတိထားနိုင်ရင် ကောင်းပါမယ်။ အချို့မိန်းမတွေကလည်း ဒါကို အခွင့်ကောင်းစောင့်နေတာမျိုး ရှိပါတယ်။ နစ်နာကြေး၊ လျော်ကြေး စသည်တို့အတွက်ပါ။

အဲသလို အိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ ယောင်္ကျားတွေဖြစ်ခဲ့ရင် ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတွေ၊ အိမ်တွေကို မိန်းမနဲ့ သားသမီးတွေအတွက် အကုန်ထားခဲ့ရပါတယ်။ ပြီးတော့မှ court မှာ ပြန်ခွဲဝေယူပေါ့။ သားသမီးတွေ အသက် ၁၈နှစ် မပြည့်မချင်းလည်း အလုပ်လုပ်ပြီး ထောက်ပံ့ရပါတော့တယ်။ နောက်မိန်းမယူပြီး ပထမမိန်းမနဲ့ကလေးတွေကို ဒီအတိုင်း ပစ်သွားလို့ မရပါဘူး။

မြင်ဖူးသမျှ ဖောက်ပြန်တဲ့ ယောင်္ကျားတွေမှာ ဘဝတစ်ခုလုံးသေသွားမတတ်ပါပဲ၊ ပထမမိန်းမနဲ့ ကလေးတွေကိုလည်း ထောက်ပံ့ရ၊ နောက်မိန်းမလည်း ထောက်ပံ့ရ၊ ကိုယ့်ကိုကိုယ်လည်း ထောက်ပံ့ရနဲ့ ဖွတ်ဖွတ်ညက်ညက်ကို ကြေတော့တာပါပဲ။ (ဘီလျှံနာတွေကလွဲလို့…)

မိန်းမတွေ စ ဖောက်ပြန်ရင်၊ မိခင် မပီသဘူးဆိုရင်၊ သားသမီးတွေကို မထောက်ပံ့နိုင်ဘူးဆိုရင်လည်း သားသမီးတွေကို ပိုင်ဆိုင်ခွင့် မရတော့ပါဘူး။

အဲသလိုမျိုး တစ်လင်တစ်မယားစနစ်ထဲမှာ ဖြစ်တဲ့ တစ်ကယ့်အဖြစ်အပျက်ကလေးကို မြန်မာပြည်ရဲ့ polygamy စနစ်ထဲ မြန်မာမှုပြုပြီး ရေးတဲ့အခါမှာ အခက်အခဲရှိလို့ ဇာတ်လမ်းကို ဆက်ရန်ခက်ရင်း ထိုင်းစဉ်းစားရင်း ဒီပိုစ်လေးကို တင်မိပါတယ်။

ပုံမှာ မြင်ရတဲ့ အနက်ရောင်ခြယ်ထားတဲ့ တိုင်းပြည်များဟာ ယောင်္ကျားတစ်ဦးဟာ တရားဝင် မိန်းမတစ်ယောက်ထက် ပိုယူခွင့်ရှိတဲ့ တိုင်းပြည်တွေပါ။ အဲဒီတိုင်းပြည်တွေ အထဲမှာ မြန်မာပြည်လည်း အပါဝင်ဖြစ်ပါတယ်။

ဒါကို ကျမ အလွန်နောက်ကျမှ သိခဲ့တာပါ။ ကျမ မွေးဖွားကြီးပြင်းလာရာ၊ ကျမ အသိုင်းဝိုင်းထဲမှ သိသမျှ မြန်မာယောင်္ကျားအများစုကတော့ မိန်းမတစ်ယောက်တောင် မနည်းနိုင်အောင် ယူထားကြရတော့တာပါပဲ။ မယားနှစ်ဦးယူထားတာတော့ တော်ရုံကို မတွေ့ဖူးခဲ့တာပါ။ အခုထိလည်း ယုံကြည်ချင်နေသေးတာ.. Law က လက်ခံတယ်ဆိုရင်တောင်၊ society က မြန်မာပြည်ရဲ့ polygamy စနစ်ကို လက်မခံဘူးလို့ပဲ ယုံကြည်ထားချင်တယ်။

မည်သို့ပင်ဖြစ်စေ….ကျမလို မြန်မာပြည်ရဲ့ polygamy စနစ်ကို မယုံနိုင်သူတွေအတွက်… ဗဟုသုတအနေနဲ့ ဝေမျှလိုပါတယ်ရှင်..။

“ယောင်္ကျားကောင်း မောင်းမတစ်ထောင်ဆိုတာ တိုးတက်တဲ့တိုင်းပြည်အများစုမှာတာ့ အထင်ကြီးစရာ ကိစ္စတစ်ခု မဟုတ်ပါဘူး၊ ရေသည်ယောင်္ကျားလို ကျောမွဲပြာကျစေနိုင်တဲ့၊ လူအထင်သေးစရာ ကိစ္စတစ်ခုပဲဖြစ်ပါတယ်..”

harassment.jpg

ဟိုတစ်နေ့က ကျမတင်တဲ့ ‘ယောက်ျားကောင်း မောင်းမတစ်ထောင်’ ကိစ္စကို ဆက်လိုပါတယ်။ ဒီ ကေ့စ်တွေကတော့ ကျမရဲ့ ရုံးသက် ၁၅နှစ်ကျော် ကြုံရသမျှတွေထဲက ဖြစ်ရပ်မှန်အချို့ကို ဗဟုသုတအနေနဲ့ မျှဝေခြင်းသက်သက်သာ ဖြစ်ပါတယ်။

လက်ထပ်ထိမ်းမြားခြင်းမှာလည်း ကနေဒါဟာ တစ်လင်တစ်မယားစနစ်ဖြစ်ပါတယ်။ ဒါဆိုလက်မထပ်ဘူး။ လက်မထပ်ဘဲ အတူတကွ နေချင်သလို နေလို့ရတယ်.. အဲသလိုလည်း အထင်မရောက်စေချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်မထပ်ဘဲ အတူတူ နေပြီးရင် (ပြည်နယ်ဥပဒေများအပေါ်မူတည်၍) ၆ လ သို့မဟုတ် ၃ နှစ် အတူနေပြီးရင်- လင်မယား အရာမြောက်လို့ပါပဲ။ မသိဘဲနဲ့ ကိုယ်တို့ကတော့ လက်မထပ်ဘူး LT ပဲ သွားလုပ်ရင်၊ တစ်သက်လုံး ကျွေးမွေးပြုစု စောင့်လျှောက်နေရမှာပါပဲ။ အတူတူနေပြီးရလာတဲ့ ကလေးတွေကိုလည်း ပစ်ထားလို့ မရဘူး။ နောက်မိန်းမကိုယူပြီး ပထမမိန်းမကိုလည်း ပစ်ပြေးလို့ မရပါဘူး။ မထောက်ပံ့နိုင်ဘူးဆိုပြီးလည်း လုပ်လို့ မရပါဘူး။ ကွန်ပြူတာစနစ်တွေကနေ အလုပ်လုပ်သမျှလခထဲကနေပြီး လစဉ်နှုတ်ပြီး မိန်းမနဲ့ကလေးတွေရဲ့ ဘဏ်အကောင့်ထဲကို တစ်ခါတည်း အစိုးရက ထည့်ပေးလိုက်တော့တာပါပဲ။

တိုင်းပြည်တွင်း နှစ်ပေါင်းများစွာ အမှောင်ချပိတ်ဆို့ခံထားရမှု၊ (အချို့သော) မြန်မာ့စာပေရုပ်ရှင်ဂီတများရဲ့ ဦးနှောက်လျှော်ဖွပ်မှုကို လူငယ်တွေခံခဲ့ရတော့ နိုင်ငံခြားဆိုတာ လွတ်လပ်တယ်၊ နေချင်သလိုနေ၊ စားချင်သလိုစား၊ ဒီမိုကရေစီပဲ .. စိတ်မထင်ရင်မထင်သလို လူတစ်ယောက်ကို ပြောချင်သလိုပြော၊ ပါးရိုက်၊ တုတ်နဲ့ရိုက်၊ အုတ်ခဲနဲ့ထုလို့ ထင်နေတာတွေ အကုန်မမှန်ဘူးဆိုတာ သိစေချင်တာလည်း ပါပါတယ်။

ဒီပိုစ်ကိုဖတ်ပြီးနောက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူများသာမက၊ ပြည်တွင်း/ပြည်ပ လူငယ်ယောက်ျားလေး/မိန်းကလေများ အကျိုးအမြတ်တစ်ခုခု (အနည်းဆုံး ဗဟုသုတဖြစ်ဖြစ်) ရသွားရင် ကျေနပ်တယ်။

(Case 1)

ရုံးမှာ ယောက်ျားလေးနဲ့မိန်းကလေးနှစ်ယောက်ရှိပါတယ်။ သူတို့ဟာ ဌာနတစ်ခုထဲမှာ အတူလုပ်ကြသူတွေပါ။ မိန်းကလေးက အပျိုဖြစ်ပြီး ယောက်ျားလေးက အိမ်ထောင်သယ်ဖြစ်ပါတယ်။ ယောက်ျားလေးက မိန်းကလေးကို ညနေရုံးအဆင်းတွေမှာ ကားကြုံခေါ်ခေါ်သွားပါတယ်။ တစ်နေ့ကျတော့ မိန်းကလေးက human resources ကို တိုင်ပါတယ်။ ဘာတိုင်တယ်ဆိုတာတော့ မဆိုင်သူတွေမို့ တိတိကျကျ မသိရပါဘူး။ ရုတ်တရက် ရုံးမတက်ဘဲ ပျောက်နေကြတော့ သတင်းသိုးသိုးသန့်သန့်ကြားခြင်းပါ။ နှစ်ယောက်လုံးကို ရုံးတက်ခွင့် မပေးဘဲ suspend လုပ်ထားခြင်းဖြစ်တယ်။

အဲဒီကာလမှာပဲ စုံစမ်းစစ်ဆေးရေးတွေ အကြီးအကျယ်ဝင်တယ်။ ရုံးတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ မဟုတ်ပါဘူး။ အပြင်က third party နဲ့ကို စစ်ဆေးတာပါ။ နှစ်ပတ်ကျော်တော့ နှစ်ယောက်စလုံးကို ရုံးပြန်တက်ခွင့်ပေးတယ်။ ဒါပေမယ့် ရုံးချိန်မတူစေရဘူး။ မိန်းကလေးက နံနက်စောစော လာရင်၊ ယောက်ျားလေးကို မိန်းကလေးပြန်ပြီးမှ အလုပ်စခိုင်းတယ်။ တစ်ဦးနဲ့တစ်ဦး လုံးဝအဆက်ဆံမရှိစေရဘဲ ဖြတ်ထားတယ်။ အဲဒီအတောအတွင်းမှာ သူတို့ရဲ့ ကွန်ပြူတာ၊ ဆဲလ်ဖုန်း ရှိသမျှကို အကုန်သိမ်းပြီး စစ်ပါတယ်။

မဆိုင်တဲ့ဌာနက အကြီးအကဲတွေကိုယ်တိုင်လည်း သူတို့နှစ်ယောက်ဘာဖြစ်တယ်ဆိုတာ တိတိကျကျ ဘာမှ မသိရပါဘူး။ ထိုသူနှစ်ဦးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ဌာနအကြီးအကဲသာ သိခွင့်ရှိတယ်။ Human resources ကလူတွေမှာလည်း ပြောပိုင်ခွင့်မရှိဘူး။ သတင်းလေးထွက်တာနဲ့ ထွက်လာတဲ့ source ဟာ အလုပ်ပြုတ်နိုင်တဲ့အထိ ဖြစ်နိုင်တယ်။ checks and balances တွေ ရှိတယ်၊ ဒါကြောင့် အားလုံးကလည်း ကိုယ်နဲ့မဆိုင်သည်အတိုင်းဘဲ နေကြတယ်။

စုံစမ်းစစ်ဆေးရေးတွေ အပြီးမှာ မိန်းကလေး အလုပ်ပြုတ်သွားတယ်။

မိန်းကလေး အလုပ်ပြုတ်သွားတယ်ဆိုကတည်းက မိန်းကလေးဘက်က အမှားဖြစ်တယ်လို့ ထင်မိတယ်။ အဲဒီမှာ ကိုယ့်ဘက်က မခိုင်လုံဘူးဆိုရင် ယောက်ျားလေးမှာ လျော်ကြေးသာမက၊ ထောင်နန်းတောင် စံရနိုင်ပါတယ်။
မိန်းကလေးဟာ ဗင်ကူးဗားရဲ့ technical လုပ်ငန်းကြီးတစ်ခုမှာ အလုပ်လျှောက်တယ်။ ဒါပေမယ့် နောက်ကြောင်းမရှင်းတဲ့အတွက် သူမကို ထို လုပ်ငန်းကြီးက အလုပ်မခန့်အပ်ခဲ့ပါဘူး။

(case 2)

မိန်းမက အသက်သုံးဆယ်ကျော်စ ကလေးတစ်ယောက်မိခင်ဖြစ်တယ်။ အလှတွေလည်း အရမ်းပြင်တဲ့အပြင် အလွန်ချောမောလှပပြီး ဆွဲဆောင်မှုရှိတယ်။ တိတိကျကျပြောရရင် molecular diagnostic ဌာနက သိပ္ပံပညာရှင်။ ယောက်ျားလုပ်သူက ထိပ်ဆုံးကရည်တွက်ရင် သုံးဆင့်မြောက်ရာထူး။ တော်တော်မြင့်မြင့်မားမား ပညာလည်း တတ်ထားတယ်။ မိန်းမက single-mother ဖြစ်တဲ့အတွက် လွတ်လပ်သူဖြစ်တယ်။ ယောက်ျားကတော့ အိမ်ထောင်သယ်။ သူတို့နှစ်ဦးစတဲ့ ဇာတ်လမ်းဟာ ရုံးတွင်း café မှာ နေ့လည်စာ အတူတူစားတာကနေစတာဖြစ်တယ်။ လုပ်ဘော်ကိုင်ဘက်တွေ အတူတူနေ့လည်စာစားတာ မဆန်းသော်လည်း၊ သူတို့နှစ်ဦးကတော့ နေ့စဉ်တူတူစားတယ်။ အားလုံးရှေ့မှာပါပဲ။ ဒါပေမယ့် သူတို့က နှစ်ယောက်ပဲ စားတယ်။ ဒီလိုနဲ့ ရုံးတွင်းမှာ ထမင်းစားရာကနေ.. အပြင်ကိုအတူတူ ထမင်းထွက်စားတယ်။ အားလုံးက တစ်ခွန်းမှ မဟဘဲ စောင့်ကြည့်နေတယ်။ သူတို့ဟာ နေ့လည်စာ အတူတူစားတဲ့အဆင့်ကနေ ကျော်ချင်မှ ကျော်လိမ့်မယ်။ ဒါပေမယ့် အားလုံးရဲ့ မျက်စိထဲမှာတော့ မသင့်တော်နေခဲ့ဘူး။

မကြာခင်မှာ သူတို့နှစ်ဦးကို တွဲပြီး မတွေ့ရတော့ဘူး။ ဌာနအကြီးအကဲယောက်ျားလုပ်သူဟာ သူ့အခန်းထဲမှာပဲ နေ့လည်စာ စားတော့တယ်။ အဲဒီမကြာခင်မှာဘဲ ဌာနအကြီးအကဲယောက်ျားဟာ အလုပ်ပြုတ်သွားတယ်။ ရုံးတွင်းစာတွေမှာ အလုပ်က အနားပေးလိုက်ကြောင်း တစ်ရုံးလုံးရဲ့ outlook express ကနေ စာတွေလာတယ်။
မိန်းမကတော့ ဆက်လက်ကျန်ရှိနေတယ်။ သူမလည်း လ အနည်းငယ်အကြာမှာ အလုပ်ထုတ်ခံထိလိုက်တယ်။

ရုံးတွင်းမှာ မိန်းကလေး ငယ်ငယ်ချောချောလေးတွေ ရောက်လာလို့ ယောက်ျားလေးတွေ ယောင်လို့ စ မိတာတို့၊ ရိသဲ့သဲ့လုပ်တာတို့၊ ကားစပယ်ယာက ကားပေါ်တက်တဲ့ မိန်းကလေးတွေ ကျောကုန်းကို ကိုင်သလိုမျိုး ကိုင်မိလို့၊ တစ်ဘက်သားက မကျေနပ်ရင်.. ထိုယောက်ျားဟာ သတိပေးခံရရုံမက၊ အလုပ်ဖြုတ်ခံရရုံမက၊ နောက်အလုပ်ကောင်းကောင်းရဖို့ မလွယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မိန်းကလေးတွေအနေနဲ့လည်း အထက်အရာရှိပဲဖြစ်ဖြစ်၊ ရာထူးတူတူပဲဖြစ်ဖြစ်၊ လက်အောက်ငယ်သားပဲဖြစ်ဖြစ်၊ ကိုယ့်ပခုံးကို ကိုင်တာတို့၊ ခါးကိုကိုင်တာတို့၊ ရင်းနှီးတယ်ဆို အကြောင်းပြလို့ စနောက်တာကတဆင့် သားပြောမယားပြော အပြောတွေကို လုံးဝ လက်သင့်မခံပါနဲ့။ အင်တာဗြူးမှာ ရည်းစားရှိလားလို့ မေးတဲ့မေးခွန်းမျိုးဟာလည်း (အလုပ်နဲ့တိုက်ရိုက်မပတ်သက်ရင်) လုံးဝ တရားမဝင်ပါဘူး။ ဒီမေးခွန်းက အလုပ်နဲ့ပတ်သက်လို့ မေးတာလားလို့ ပြန်မေးပါ။

ဆက်ပါမယ်ရှင်…။

62 Comments »

  1. Thanks for Sharing Sis!

    Comment by Khine Zar Tun — January 11, 2015 @ 6:26 pm

  2. Like ရုံတင်မက share ပါ share ဘီ…

    Comment by Ma BayDar — January 11, 2015 @ 6:26 pm

  3. One more woman Ma Lay

    Comment by Susu Hlaing — January 11, 2015 @ 6:26 pm

  4. မလေး ရေ . ပညာတတ်လူလတ်တန်းစားတချို့လောက်က မိန်းမတစ်ယောက်ပဲ ယူပေမယ့် ခုဆို မြန်မာပြည်မှာ ဘယ်လောက်ဝင်ငွေနည်းပါစေ အငယ်ထားတဲ့အကျင့်စရိုက်တွေ ဝင်နေလေရဲ့ . လမ်းတွေမှာ bus တွေပေါ်မှာ ကိုယ်ပိုင်ကားပေါ်မှာ သူ့အိုးသူ့ဆန် small တွေကိုယ်စီနဲ့ခေတ် ဖြစ်နေတာ တွေ့ရတယ် မလေး ရယ်

    Comment by Moe Thae Phyu — January 11, 2015 @ 6:27 pm

  5. မချင်းစာနာတတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုလည်းတန်ဖိုးထားတတ်မယ်ဆိုရင် နောက်တစ်ယောက်မမြင်တော့ပါ

    Comment by Moe Aung San နှ — January 11, 2015 @ 6:27 pm

  6. တလောကတော့ သတင်းလေးတခု အောက်မှာ ပွက်လောရိုက်သွားတဲ့ လူတွေဟာလည်း ယောက်ကျားတွေ များမလား ပဲ မလေးရေ။ တကယ်ဆို တလင်တမယားစနစ်ဟာ သူ့ အလို လို ကို လူတိုင်းနားလည်သင့် တဲ့ အရာ

    Comment by Susu Hlaing — January 11, 2015 @ 6:27 pm

  7. စီးပွားရေးကြပ်တည်းမှု… မိန်းမတွေ မိမိကိုယ်ကို ရပ်တည်နိုင်အောင် အခြေအနေ မပေးမှု၊ (အချို့သော) ယောင်္ကျားတွေရဲ့ အခွင့်အရေးယူတတ်မှု (သို့မဟုတ်) ကယ်တင်ရှင်လူစွမ်းကောင်းလုပ်ချင်သော (အချို့သော**) ယောင်္ကျားတို့ဗီဇ ရိုက်ခတ်မှု…
    အဲဒါတွေကြောင့်များလား…. တွေးမိပါတယ်….။

    Comment by မလေး အိမ့်ချမ်းမြေ့ — January 11, 2015 @ 6:27 pm

  8. Thank you so much!!!!!! Ma

    Comment by Thae Phyu San — January 11, 2015 @ 6:29 pm

  9. ဟုတ်တယ်နော် မလေး။ အိမ်ထောင်ရှိပြီး ဖောက်ပြန်တဲ့လူတွေကိုဆို အလုပ်တူတူလုပ်နေတဲ့ လူအချင်းချင်းတောင် တော်တော်လေး အဖက်မလုပ်ချင်သလို လုပ်ကြတာ တွေ့ဖူးတယ်။

    Comment by Zu Aung — January 11, 2015 @ 6:29 pm

  10. ယောက်ကျားကောင်းမောင်းမ တစ်ထောင်တို့ ၊ ရှက်စရာ အဖြစ် အပြစ်ပေး အရေးယူမှု့တွေ မရှိတာတွေ ၊ မိန်းမ တွေရဲ့ အချောင်ရယူလို မှု့တွေလည်း စဉ်းစားရမယ့် အချက်တွေများလား

    Comment by Susu Hlaing — January 11, 2015 @ 6:32 pm

  11. like သွားပါတယ်။

    Comment by ဏီလင်း ညို — January 11, 2015 @ 6:32 pm

  12. LIKE

    Comment by Sayar Mya — January 11, 2015 @ 6:33 pm

  13. ကိုယ့်ဟာကိုယ် တစ်ယောက်တည်းတောင် ယက်ကန် ယက်ကန် ရယ်

    Comment by Florie Win Myint — January 11, 2015 @ 6:33 pm

  14. Like tal byarrr

    Comment by Ag Min Nwe — January 11, 2015 @ 6:33 pm

  15. likeeee

    Comment by U Kyaw Kyaw — January 11, 2015 @ 6:34 pm

  16. ညီမလေးရေ. အမလဲ ညီမလိုပါပဲ။. မြန်မာယောက်ကျားတွေ မိန်းမများများယူခွင့် ရှတာ. ဟိုတလောကဥပဒေထုတ်မှသိတော့ တယ်

    Comment by Min Min — January 11, 2015 @ 6:34 pm

  17. Like…

    Comment by Kyaw Minn Htun — January 11, 2015 @ 6:34 pm

  18. like.!

    Comment by Kathary Khine — January 11, 2015 @ 6:34 pm

  19. ကျနော်ကယောက်ပြား..အဲဟုတ်ပါဘူး ယောက်ကျားလေးပါ LIKE သွားပါတယ်လို့။
    ပြီးတော့ ကျနော်တို စီမှာ ဆိုရင် အလုပ်ထည်းက ယောက်ကျားလေး အဖြူတွေရော အမဲတွေ ရော ငယ်ငယ်ရွယ်ရွယ် နဲ့ ကလေးထောက်ပံကြေးပေးနေရလို့ 2 job 3 job လုပ်နေရတယ် သူတွေ တပုံကြီး။သူတော့ကျတော့ဖောက်ပြန်တာတော့ လို့ပြောလို့မရဘူး living together တွေ Wife တွေ Husband မဟုတ်ပဲ SPOUSE တွေလေ။ကလေး ရပြီဆိုလိုကတော့ လာထား ထောက်ပံကြေး သေအောင်သာရုန်းပေတော့။

    Comment by Van Ruatta — January 11, 2015 @ 6:35 pm

  20. ဖတ်ချင်လာပီမမရေ။ တလင်တမယားစနစ်ကို အိုအောင်မင်းအောင် ပျင်းအောင် မပေါင်းကြတော့တဲ့ အယူအဆတွေ၊ ပြောင်းလဲမှုတွေကို ဗြောင်းပြန်လှန်ပစ်ချင်တာကတော့အမှန်ပဲ။ နောက်ပြီး နံပါတ်တိုးဘ၀ကိုမှ လက်ခံကြတဲ့၊ ခုံမင်ကြတဲ့မိန်းကလေးတွေကိုလည်း အမြန်ဆုံးကွယ်ပျောက်သွားစေချင်မိတာပဲ။

    Comment by Yekyi Thu — January 11, 2015 @ 6:35 pm

  21. ကြိုက်လို့ ရှယ်သွားပြီးနော် ဆရာမရေ ။ ။

    Comment by Mo Ke Tai — January 11, 2015 @ 6:35 pm

  22. မလေးရေ..အရမ်းကြိုက်သွားပြီ..
    ဒီခေတ်မှာလဲတလင်တမယားနဲ့
    အိုအောင်မင်းအောင်ပေါင်းတဲ့
    ခေတ်ကလဲရှားပါးတယ်.
    ချိုတို့မိဘတွေပြောတဲ့
    သစွာဆိုတာကိုဘယ်ရှာရမှန်းမသိတဲ့ခေတ်ဖြစ်နေပြီ..မလေး..
    Share.လိုက်ပရစေ..

    Comment by Koko Chocho — January 11, 2015 @ 6:36 pm

  23. အရမ်းကြိုက်လို့shareပီနော်

    Comment by Seven Seven Seven — January 11, 2015 @ 6:36 pm

  24. ကောင်း လိုက် တာ

    Comment by May Thingyan — January 11, 2015 @ 6:36 pm

  25. super like

    Comment by Cho Mya — January 11, 2015 @ 6:36 pm

  26. ရေးထားတာကို သဘောကျပါတယ်။ ဝတ္ထုရေးတယ်ဆိုတော့ စာရေးဆရာမတစ်ယောက်လို့လည်း ယူဆပါတယ်။

    ယောက်ျား ကို စာလုံးပေါင်းမှားတော့ ယောင်ကျားဖြစ်နေတာလေးတစ်ခု တော့ ပြောပါရစေနော်။ ဘယ်လိုမှ သဘောမထားပါနဲ့။ ကျွန်မလည်း အမှားနဲ့မကင်းပါဘူး။ မြန်မာ အများစု မှားနေကျ ဖြစ်ပြီး စာရေးဆရာ/ဆရာမတွေကတော့ သူများထက်ပိုပြီး သတိထားသင့်တာမို့ပါ။

    Comment by Thu Mar Lar — January 11, 2015 @ 6:37 pm

  27. ကျမ စာရေးဆရာမ မဟုတ်ပါဘူး။ စာရေးသူပါရှင်.. စိတ်ဝင်စားလို့လည်း ကျေးဇူးပါ.. ကျန်တဲ့ အိုင်ဒီယာပိုင်းလည်း ဝင်ရောက်ဆွေးနွေးပါလို့ ဖိတ်ခေါ်ပါတယ်ရှင်..။

    Comment by မလေး အိမ့်ချမ်းမြေ့ — January 11, 2015 @ 6:37 pm

  28. ဘုန်းဘုန်းကတော့ကာလာမသုတ်အားကိုးနဲ့ဝေဖန်ရတော့မှာပဲ … နေဦးပြန်ရှာလိုက်ဦးမယ်

    Comment by Sitthway Eain — January 11, 2015 @ 6:38 pm

  29. ပုံမှာ မြင်ရတဲ့ အနက်ရောင်ခြယ်ထားတဲ့ တိုင်းပြည်များဟာ ယောင်္ကျားတစ်ဦးဟာ တရားဝင် မိန်းမတစ်ယောက်ထက် ပိုယူခွင့်ရှိတဲ့ တိုင်းပြည်တွေပါ။
    အဲဒီတိုင်းပြည်တွေ အထဲမှာ မြန်မာပြည်လည်း အပါဝင်ဖြစ်ပါတယ်။

    Comment by David Kyaw Swar — January 11, 2015 @ 6:39 pm

  30. We can’t practice Monogamy as we are located between two populated countries. The birth rate is declining except some areas and that is unwanted results. The illegal abortion rate is increased at alarming rate. My point being is I support monogamy but i neither object polygamy period.

    Comment by Ming Chen — January 11, 2015 @ 6:40 pm

  31. Myanmar is a small country and is facing economic deprivation. Over populating won´t solve the problem.All we need is a few good men and a few smart men if we ever wish to conquer them. Quantity is not the answer. Who´s going to feed these over-populated cities? How are we going to educate ourselves? Nurture ourselves? Cure ourselves? Do we have enough resources to support ourselves? These are the questions one might ask.

    Comment by မလေး အိမ့်ချမ်းမြေ့ — January 11, 2015 @ 6:57 pm

  32. I couldn’t agree more with the quality men. The goal you mentioned will attain in decades; 2 if we try hard enough. I’m implying at the moment we need manpower. Then we make quality men. We can’t build the country without involving the grass-root level people. A country economy is always challenging. A great government can turn around and improve in short time.

    Comment by Ming Chen — January 11, 2015 @ 6:57 pm

  33. ဒီပို့ စ်လေးတောင် ဒီလောက်ထိမိနေတော့ အိမ့်ရေးနေတဲ့အိမ်ထောင်ရေးဝတ္ထုလေးက အရမ်းကိုကောင်းမှာဆိုတာ ကြိုသိနေတယ်… မျှော်နေတယ်အိမ့်ရေ… အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့အတွေးတွေက ထပ်တူပါပဲ… ကိုယ့်တိုင်းပြည်လေးမဲနေတာတွေ့ ရတာ ရင်ထဲတကယ်မချိဘူး… စိတ်တွေပါမဲမှောင်လာတာတွေ့ တော့ ပိုလို့ တောင် စိတ်မကောင်းဖြစ်မိသေးတယ်… အိမ်ထောင်ရေးဖောက်ပြန်မှုရဲ့အပြင်းထန်ဆုံးကျိုးဆက်ကတော့ broken familyမှာ ကြီးရတဲ့နှလုံးသားအနာတရကလေးတွေ များလာတာပါပဲ… ကိုယ်ပေးတဲ့ဘဝကိုရကြရရှာတဲ့ သားသမီးလေးတွေကို မိဘက ကိုယ်ချင်းစာစဉ်းစားပေးရင် ဘဝလေးတွေ အကျည်းတန်စရာမရှိပါဘူး

    Comment by Khine Khine Win — January 11, 2015 @ 6:58 pm

  34. ရှယ်ပါရစေ မမ

    Comment by Cherry Berry — January 11, 2015 @ 6:58 pm

  35. အားပေးမယ်နော် ဆက်ရေးပါ

    Comment by Zinlei Leioo — January 11, 2015 @ 6:58 pm

  36. မြန်မာပြည်မှာ သူများမိန်းမ ယောင်္ကျားကိုတော့ယူလို့မရပါဘူး ဒါပေမယ့်ယောင်္ကျား ၃ ၄ ယောက်ယူထားတဲ့မိန်းမလို့ကြားဖူးသလို မိန်းမတွေတစ်မြို့တစ်ယောက်ထားတဲ့ယောင်္ကျားတွေလည်းရှိပါတယ် ခက်တာကမြန်မာဥပဒေက ယောင်္ကျားနဲ့မိန်းမလက်ထပ်စာချုပ်လုပ်ရင် နောက်ကြောင်းရှင်းမရှင်းဘာမှပြောစရာမလိုပဲ သက်သေလေး ၂ ယောက်လောက်လက်မှတ်ထိုးပေးရင် ဘယ်တရားရုံးမဆိုလက်ခံတာပါပဲ အဲ မိန်းမကယောင်္ကျားကြီးရှိနေလို့အဲဒီယောင်္ကျားကသဘောမတူရင်နောက်ယောင်္ကျားကမယားခိုးမှုမြောက်ရောပဲ မိန်းမတွေကျတော့အဲလိုတိုင်လို့မရတော့ဘူး ကိုယ့်ယောင်္ကျားကနောက်မိန်းမနဲ့လက်မှတ်ထိုးပြီးသွားရင်သွားပြီ
    ဒါပေမယ့်မြန်မာ့ယဉ်ကျေးမှုကတော့တစ်လင်တစ်မယားစနစ်ဆိုတာပဲရှိပါတယ်ဗျာ

    Comment by Aung Than Win — January 11, 2015 @ 6:59 pm

  37. Let me share…. Ma

    Comment by Mya Thida — January 11, 2015 @ 6:59 pm

  38. Let me share Ma Lay,Thanks.

    Comment by Joey Han — January 11, 2015 @ 6:59 pm

  39. ကျေးဇူးပါ မလေးရေ ဗဟုသုတအများကြီးရပါတယ် ဆက်ဖတ်ဘို့စောင့်နေပါမယ်

    Comment by Khinohnmyintoo Ohnohn — January 11, 2015 @ 6:59 pm

  40. ကြိုက်တယ် အမ

    Comment by Nwe Aye Marzo — January 11, 2015 @ 7:00 pm

  41. မြန်မာဥပဒေမှာ မယားငယ်ဆိုတာ မရှိဘဲ၊ မယားပြိုင်ပဲရှိတယ်ဆိုတာကို ဥပဒေ၀န်ထမ်းမေမေ့ဆီက သိခဲ့ဖူးတယ်။ ဒါကြောင့် လင်ယောက်ျားပိုင်ဆိုင်မှုကိုလည်း မယားကြီးနည်းတူ ဝေစုရမယ့် မယားငယ်တွေဟာ ထောင်ထောင် ထောင်ထောင် ဖြစ်ကြတယ်လို့ လူကြီးများက ဆိုလေ့ရှိကြတယ် ထင်ပါရဲ့။ ခုခေတ်ကတော့ မယားငယ်လည်းမဟုတ်၊ အငယ်အနှောင်းလည်း မဟုတ်တဲ့ စပွန်ဆာခေတ်ဖြစ်နေပြီ မလေးရေ။ စပွန်ဆာကျတော့ ဇာတ်လမ်းသိပ်မရှုပ်တော့ဘူး။ မိန်းကလေးတွေက ကလေးလည်း မွေးစရာမလိုဘဲ အပျိုလိုပဲ နေကြတော့ ယောက်ျားက ကလေးစရိတ်လည်း ပေးစရာမလို၊ တရားဝင်လက်မထပ်ထားတော့ အမွေခွဲစရာဘာညာလည်း မလိုတော့ဘူးဆိုတော့ စပွန်ဆာထားတာ နှစ်ဦးနှစ်ဖက် တော်တော်အဆင်ပြေတယ်လို့ ကြားနေရတယ်။ ဒါက လက်ရှိ မြန်မာပြည်ရဲ့ အနေအထားတစ်ခုပါ။

    တကယ်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာနိုင်ငံဟာ မြတ်စွာဘုရားချမှတ်ထားတဲ့ စည်းကမ်းအတိုင်းသာ လိုက်နာကျင့်ကြံကြရင်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်လင်တစ်မယားစနစ်က တည်မြဲနေမှာ ဖြစ်ပါတယ်။ ယောက်ျားတွေအတွက် မသွားလာ မကျူးလွန်သင့်တဲ့ ကာမေသုမိစ္ဆာရကံထိုက်တဲ့ အမျိုးသမီး ၂၀ (အဂမနိယ၀တ္ထုကို) မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ အမျိုးသမီးအကျယ်ကို ဟောဒီ website http://www.ashintejaniya.com/2013/01/blog-post_3425.html မှာ ဗဟုသုတအဖြစ် သွားရောက်ဖတ်ကြည့်နိုင်ပါတယ်။ အဲဒီအကြောင်း မဖတ်မိသေးခင်အထိ သူတစ်ပါးသားမယားနဲ့ ဖောက်ပြားကျူးလွန်တယ်ဆိုတာ အိမ်ထောင်ရှိယောက်ျား၊ မိန်းမတွေနဲ့ ဖောက်ပြားတာကိုပဲ ဆိုလိုတယ်လို့ ထင်မိတာပါ။ လူမှုရေးအရပဲကြည့်ကြည့်၊ ဘာသာရေးရှုထောင့်ကပဲကြည့်ကြည့် တစ်ပါးသူရဲ့ ယောက်ျား၊ မိန်းမတို့နှင့် ကျူးလွန်ဖောက်ပြားမိတဲ့အခါ မလေးရေးသွားတဲ့ case 1 case 2 ထဲမှာပါတဲ့ ကာယကံရှင်တွေရဲ့ နိဂုံးသတ်လိုမျိုးပဲ အောက်က လင်္ကာလေးထဲမှာ ရေးဖွဲ့ထားတဲ့အတိုင်း ကြုံတွေ့ရမှာ သေချာပါတယ်။

    မိစ္ဆာစာရ၊ ကျူးလွန်ကလည်း။
    မုန်းကြသူများ ၊ ရန်သူပွား၍။
    ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။
    ဣတ္ထိ-ပဏ္ဍုပ်၊ မျိုးယုတ်ခါခါ။
    မျက်နှာ မလှ၊ အရှက်ရလျှက်။
    လက္ခဏာ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်။
    စိုးရိမ်များစွာ၊ ချစ်သူကွာသည်။
    ရှောင်ခါ အပြန်အကျိုးတည်း။

    လင်္ကာလေးကို http://www.ashintejaniya.com/2013/01/blog-post_3425.html မှ ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။

    Comment by ဇွန်မိုးစက် — January 12, 2015 @ 7:35 am

  42. so good,Ma Lay. please go ahead.

    Comment by Shweainsi May — January 15, 2015 @ 1:03 am

  43. good

    Comment by Swe Swe Aye — January 15, 2015 @ 1:03 am

  44. မမရေ…စောင့်ပြီး ဖတ်နေပါကြောင်း

    Comment by Soe Yu Nwe — January 15, 2015 @ 1:04 am

  45. အလားတူဥပဒေမျိုးတွေ မြန်မာနိုင်ငံမယ်ရောက်လာရင် သိပ်ကောင်းမယ် မလေးရေ

    Comment by Thar Likar — January 15, 2015 @ 1:04 am

  46. Nice status ma lay

    Comment by Aung Myo Htut — January 15, 2015 @ 1:04 am

  47. Thanks for sharing, sis.

    Comment by Florie Win Myint — January 15, 2015 @ 1:05 am

  48. ဗဟုသုတတွေ အများကြီးရပါတယ် ကျေးဇူးတင်ပါ တယ် မလေး

    Comment by Thin Zar — January 15, 2015 @ 1:05 am

  49. Share ပါတယ်မလေးရေ..
    ကြိုက်တယ်နော်.နောင်လာမဲ့စာများကို.စောင့်မျှော်လျက်ပါ..မလေး

    Comment by Koko Chocho — January 15, 2015 @ 1:05 am

  50. မသေချာပဲ မှန်းဆပြီးမှိန်ရည်ရှက်ရည်ပြောတဲ့ မြန်မာပြည်ဆို ဒုက္ခပဲနော်၊ကောင်းလိုက်တဲ့ တရားစီရင်မူ့ 

    Comment by Min Min — January 15, 2015 @ 1:06 am

  51. အမရှယ်မယ်နော်..ဆက်ရေးပါနော်

    Comment by Su Yin — January 15, 2015 @ 1:06 am

  52. အဲ့လိုဥပဒေမျိုးကိုကြိုက်တယ်

    Comment by Nyo Nyo San — January 15, 2015 @ 1:06 am

  53. Let me share Ma Lay.

    Comment by Joey Han — January 15, 2015 @ 1:07 am

  54. မလေး ရေရှယ်တယ် ကြိုက်တယ်

    Comment by Wpinkyoo Oo — January 15, 2015 @ 1:07 am

  55. ဖတ်ရတာ အရမ်းဗဟုသုတရပါတယ်။ ကေ့စ် 1 လို အလားသဏ္ဍန်တူတဲ့ ကိစ္စလိုမျိုး တစ်ခု အွန်လိုင်းမှာဖတ်မိထားတယ်။ အဖြေဘယ်လိုထွက်လာမယ်တော့ မသိပေမယ့် နိုင်ငံခြားတိုင်းပြည်တွေမှာ sexual harassment ကို အတော်ထိန်းချုပ်ပြီး ဥပဒေနဲ့အကာအကွယ်ပေးထားတာ သိလိုက်ရတော့ ကိုယ့် မြန်မာပြည်က စပယ်ယာ ကအစ အလုပ်ခွင်ထဲက လူကြီးတစ်ချို့ရဲ့  (တစ်လောက ဖေ့ဘုတ်ထဲမှာ တင်ထားတဲ့ ပို့စ် တစ်ခုကို ဖတ်လိုက်ရပါတယ်။ အလုပ်ခွင်ထဲက အိမ်ထောင်သည်အမျိုးသမီးကို အထက်လူကြီးတစ်ယောက်က ထိကပါး ရိကပါးပြုလို့ တိုင်တာကို မိန်းကလေးကို အလုပ်ကရပ်နားစေခဲ့တယ်။ နောက် မိန်းကလေးက သူရဲ့မှန်ကန်တဲ့ ရပ်တည်မှုအတွက် အထက်အဆင့်ဆင့်ကို တိုင်တော့မှ လုပ်ငန်းခွင်ထဲပြန်ဝင်ခွင့်ရတယ်။ ဟို လူကြီးက အခြားဌာနကို ပြောင်းလိုက်ရပေမယ့် အရင်နေရာထက်ပိုပြီး အပိုဝင်ငွေဖန်တီးနိုင်တဲ့အခွင့်ရှိတဲ့ ဌာနတစ်ခုကို အပြောင်းကျတယ်။ အဲ့လို အထက်ပိုင်းရာထူးကိုရထားပြီး ရာထူးကိုကွယ်ပြီး ထင်ရာလုပ်တဲ့လူတွေ အလုပ်မပြုတ်သေးတာ အသည်းယားလှတယ်။ ဘာကြောင့် ဒီလို ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ အထက်လူကြီးတွေကို လုပ်ငန်းခွင်ထဲ ထားနေရသလဲ စဉ်းစားလို့တောင်မရပါဘူး။) ရဲ့ ပါးစပ်၊ လက် အခွင့်ရသလို အခွင့်ယူတက်ကြတာ သိထားလို့ တစ်ခါတစ်ခါ ဗုဒ္ဓဘာသာဝင်ဖြစ်တိုင်းလည်း မြင့်မြတ်မနေပါဘူး… အစ်စလာမ်ဖြစ်တိုင်းလည်း ယုတ်မာမနေပါဘူး.. ဘာသာတရားနဲ့ ကျင့်ဝတ်ကို သေချာနားမလည် မကျင့်သုံးတဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရားစောင့်စည်းမှုလျော့နည်းလာမှုကြောင့် သူတို့နေထိုင်ရာပတ်ဝန်းကျင်က လူအများစုထိခိုက်နစ်နာလာရတယ်လို့ တွေးမိတယ်။

    Comment by Zin Maw Oo — January 15, 2015 @ 1:07 am

  56. သိပ်ကိုကြိုက်ပါတယ်။livingtogether ကိုနားလည်စေချင်တာ။မိဘမောင်ဘွားနဲ့မိသားစွှိုတဲ့
    သူတွေအတွံက်သာမကမိန်းခလေးတ်ုင်းသိသင့်ပါတယ်။ဆကါအားးပေးနေပါတယ်။

    Comment by Khin Thaung — January 15, 2015 @ 1:08 am

  57. ရှယ်လိုက်ပါတယ်

    Comment by Eaint Wati Cho — January 15, 2015 @ 1:08 am

  58. ရှယ်ပါရစေခင်ဗျာ။

    Comment by Snippet Snippet — January 15, 2015 @ 1:08 am

  59. အသိပညာ ဗဟုသုတတိုးတယ် အမ မလေး အိမ့်ချမ်းမြေ့ရေ.. ကျေးဇူးတင်ပါတယ် ဆက်ရေးပါနော်

    Comment by Myorlintchinn Lay — January 15, 2015 @ 1:09 am

  60. ကျေးဇူးပါမရေ

    Comment by Grace Mdy — January 15, 2015 @ 1:09 am

  61. ကောင်းတယ် ,.ဆက်ရေးပါလို့..

    Comment by Maybawin Koko — January 15, 2015 @ 1:10 am

  62. ရှယ်ပါရစေ

    Comment by Magnolia Magnolia — January 15, 2015 @ 1:10 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------