♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 5, 2015

ဖျားတဲ့ည

Filed under: စာစု — အိမ့်ချမ်းမြေ့ @ 1:46 am

 abbey1.JPG

အိပ်ရာထဲတွင် လှဲလျောင်းနေရသည်မှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ အိပ်ချိန်များ များလွန်းသွားသည်အတွက် ခန္ဓာကိုယ်က အိပ်စက်ခြင်းကို ကြောက်လန့်တကြီး တွန်းထုတ်နေတော့သည်။ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်လျှက် အမှောင်ထဲရှိ နံရံများနှင့် မျက်နှာကြက်ပေါ်တွင် ပင့်ကူတစ်ကောင်ကဲ့သို့ လျှင်မြန်စွာ ရွေ့လျားနေသော်လည်း၊ ခန္ဓာကိုယ်ကတော့ ခရုတစ်ကောင်ဖျားနာနေသကဲ့သို့ အားအင်ချိနဲ့ကာ နေလေသည်။

မှန်ပြတင်းကို တဖောက်ဖောက်ရိုက်ခတ်လာသော ဆောင်းမိုးစက်တို့က ခြောက်ခြားစရာမကောင်းဘဲ၊ လွမ်းစရာယောင်ယောင်။ ပြတင်းပေါက်အကာလေးများကို ညကဖွင့်အိပ်မိသဖြင့်လည်း လမ်းမီးရောင်ဖျော့ဖျော့က အခန်းထဲသို့ မှိန်မှိန်လေးထိုးကျလို့နေသည်။ တစ်ချက်တစ်ချက် လေပြင်းပြင်းအောက် လမ်းမပေါ်က သစ်ပင်ကြီးများတရှဲရှဲမြည်ဟည်းသွားသံတွေကလည်း ညကဗျာရဲ့ကြောက်စရာတေးသွားတွေလို။

မျက်လုံးကိုအသာမှိတ်ကာ ည၏အသံများနှင့် အကျွမ်းတဝင်ဖြစ်လို့နေမိသည်။ ပြန်လည်အိပ်ပျော်ရန် ကြိုးစားသော်လည်း အချည်းနှီးဖြစ်လေပြီ။

ဝင်လေ ထွက်လေကို မှတ်သည်၊ အရာမရောက်။ သိသမျှ ဘုရားစာများ စိတ်ထဲကရွတ်သည်၊ ကုန်သလောက်နီးပါးဖြစ်လေပြီ။ တစ်မှတစ်သောင်း၊ တစ်သောင်းမှတစ် အပြန်ပြန်ရေရွတ်ရရင်ကောင်းမလားဟု စဉ်းစားမိစဉ် လက်က ခေါင်းအုံးအောက်မှ ဖုန်းကိုစမ်းမိလိုက်လေသည်။

ဖုန်းကိုဖွင့်ကာ ကိုယ့်နှလုံးသားနားခိုရာဒေသလေး၏ သတင်းစုံရာနေရာလေးတစ်ခုသို့ လက်ချောင်းများနှင့် အရောက်သွားမိလိုက်သည်။ ပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ၊ မျက်နှာစာအုပ်။ ကိုယ့်အသွေး၊ ကိုယ့်အသားတို့ နေထိုင်ရာ နေရာလေးတစ်ခု။

မရည်ရွယ်ပါဘဲ ရောက်သွားရပြန်လေပြီ။

ပြုံးမိသည်၊ အသံခပ်တိုးတိုးထွက်ကာ ရယ်မိသည်၊ မျက်နှာတည်သွားသည်၊ မျက်ခုံးရှုံ့မိသည်။ မျက်စိလွှဲသည်၊ ကျော်ပြီးကြည့်သည်၊ သေသေချာချာဖတ်သည်၊ နှစ်သက်ပါသည်ဟူသော နေရာလေးကို လက်ကနှိပ်မိသည်။ သက်ပြင်းချသည်၊ ‘စိတ်ညစ်လိုက်တာနော်..’ ဟု နှုတ်ကထွက်သည်။ တစ်ခါ ပြန်ပြုံးမိသည်။ ကျေနပ်စွာခံစားရသည်။ ကျေနပ်လို့မဆုံးခင်.. ‘အို.. ဘယ်လိုပုံတွေ တင်နေကြတာလဲကွယ်.. ကလေးလေးတွေ မြင်သွားရင်ဆိုတဲ့ အတွေးများ မရှိကြတော့ဘူးလား…’

ဖုန်းမျက်နှာပြင်ကို ပွတ်နေရင်းတောက်လျှောက် တစ်ယောက်တည်း ဖြစ်နေရသောအဖြစ်။

လူကသာ သူတို့နှင့်အဝေးကြီးမှာ ရှိနေသော်လည်း၊ စိတ်က သူတို့နှင့်နီးစပ်စွာ ခံစားနေရသော အဖြစ်။ ဒီဆန်ကိုစား၊ ဒီရေကိုသောက်၊ ဒီမြေမှာမွေး….  ချစ်သည်၊ မုန်းသည်၊ သနားသည်၊ စိတ်ပျက်သည်၊ အားမလိုအားမရဖြစ်သည်၊ ကျေနပ်သည်၊ မျှော်လင့်သည်၊ ကြည်နူးသည်၊ ဝမ်းနည်းသည်၊ ဒေါသဖြစ်သည်၊ ကြေကွဲသည်၊ မခံမရပ်နိုင်ဖြစ်သည်၊ လွမ်းသည်၊ ဆွတ်ပျံ့စွာ ခံစားရသည်။

ခန္ဓာကိုယ်ရှိနေသော လက်ရှိနေရာဒေသ၏ ကောင်းခြင်း၊ ဆိုးခြင်း၊ ကျရှုံးခြင်း၊ အောင်မြင်ခြင်းများအပေါ် နင့်နင့်နဲနဲ ခံစားမှု မရှိသလောက်၊ ဝေးကွာခဲ့ပြီဖြစ်သော၊ မဆိုင်လိုလျှင် မဆိုင်လို့ရပြီဖြစ်သော ဒေသလေးတစ်ခု၏ ကောင်းခြင်း၊ ဆိုးခြင်း များကို နှလုံးသားက ပွေ့ဖက်လှိုက်မောနေချင်သေးသော အဖြစ်။ လူပီသစွာ ခံစားမှုတွေ အကုန်အစုံ ပေးနိုင်လွန်းသော နေရာဒေသလေးတစ်ခုပါလား။

မျက်နှာစာအုပ်ကို ပိတ်လိုက်သည်။ သက်ပြင်းရှည်ကို ချမိသည်။

သူတို့ပြောကြသည့်အတိုင်း ‘failed nation’ ‘fragile state’ အခြေအနေကနေ ရုန်းထွက်ဖို့ အရမ်းနောက်ကျခဲ့ပြီလား။
ဟင့်အင်း……။ နောက်မကျသေးပါဘူး၊ အချိန်တွေ ရှိပါသေးတယ်။

ဘယ်သူ့ကိုအားပေးနေတာလဲ၊ ကိုယ့်ကိုကိုယ် အားပေးနေတာလား၊ ဘာဖြစ်လို့ ကိုယ်တွေပဲ ဟိုးအနောက်မှာ ကျန်နေခဲ့တာလဲ။ ဘာတွေလိုအပ်နေကြလို့လဲ၊ လုပ်တဲ့သူတွေလည်း လုပ်နေကြတာပဲ၊ မလုံလောက်တာလား၊ ကိုယ်ကိုယ်တိုင်ကကော ဘယ်လောက်တောင် အဖြစ်ရှိနေလို့လဲ။ ဘယ်လောက်များ လုပ်ပေးနိုင်လို့လဲ။ အရင်ကထက်တော့ အများကြီးတော်လာသေးတယ်လို့ ကိုယ့်ကိုကိုယ်တွေပဲ အားပေးရမှာလား။ ဘာလို့ဒီလိုတွေဖြစ်နေကြရတာလဲ။ လူတွေကြောင့်လား၊ စနစ်တွေကြောင့်လား၊ နှစ်ခုလုံးကြောင့်လား။ ဘာဆက်လုပ်ကြရမလဲ…။

failed-state.JPG

အသက်ရှုရကျပ်လာသည်၊ အဖျားက တရိပ်ရိပ်တက်လာသလို ခံစားရသည်။

ယူကျူ့ပေါ်ရှိ ရိုဂါခေါ် စိတ်ငြိမ်စေသည့် သီချင်းများကို ဖွင့်ကြည့်မိလေသည်။ စိတ်က သိသိသာသာ ငြိမ်ကျသွားသည်။ ဖုန်းလေးထဲမှာ သာယာစွာထွက်ပေါ်နေသော စမ်းရေစီးသံ၊ ဌက်ကျေးတို့မြည်သံ၊ ပင်လယ်အော်သံ၊ မိုးစက်ကျသံ၊ တိဘက်တောင်ပေါ်က လွမ်းဆွတ်ဖွယ်ရာ ခေါင်းလောင်းတီးသံများက အိပ်မပျော်စေဘဲ၊ သံယောဇဉ်တွေမရှိခဲ့စဉ်ဘဝက မကြာခဏရောက်ဖူးသော တောင်ပေါ်မှ ဘုရားကျောင်းတစ်ကျောင်းကို အမှတ်ရစေသည်။ ယခင်ကဖြစ်ခဲ့ဘူးသော တစ်သက်တာ လူ့ဘောင်စွန့်ချင်စိတ်များကို အမှတ်ရလာမိစေပြန်သည်။

ထိုဘုရားကျောင်းသည် နှစ်နာရီကြာအောင်မောင်းရသော မြို့ပြင်တစ်နေရာတွင် ရှိလေသည်။ ဘုရားကျောင်းနှင့် မလှမ်းမကမ်းတောင်အငူလေးတွင် တောင်နံရံဘက်ကို ငိုက်၍ပေါက်နေသော သစ်ပင်အုပ်အုပ်ကြီးများ ရှိသည်။ ထိုသစ်ပင်အုပ်အုပ်ကြီးများအောက်တွင် တစ်ခုတည်းသော ခုံတန်းလေး ရှိလေသည်။ ထိုခုံတန်းလေးသည် လူအမြဲရှင်းနေတတ်သည်။ ထိုခုံတန်းလေးတွင် နာရီပေါင်းများစွာ ထိုင်လျှက်… ဘဝတစ်ခုကို မည်သို့ဆက်လျှောက်ရမှန်းမသိဘဲ၊ ဝေဝေဝါးဝါးနှင့် ပုံသေနည်းချနေတတ်ခဲ့သော ငယ်ရွယ်နုနယ်သော မိန်းကလေးတစ်ယောက်လည်း ရှိခဲ့ဖူးလေသည်။ တောင်အငူလေးမှ လှမ်းမျှော်ကြည့်လျှင် ကွေ့ကောက်လှပသော မြစ်ကြီးတစ်စင်းသည် စိမ်းစိုလန်းဆန်းသော လွင်ပြင်ကြီးထက် ဝေ့ဝိုက်ကာ စီးနေတတ်သေးသည်။ ထိုမိန်းကလေးသည် ထိုလွင်ပြင်ကြီးနှင့် မြစ်ကြီးပေါ်ဝယ် ဌက်တစ်ကောက်ကဲ့သို့ ပျံဝဲသွားချင်စိတ်တွေလည်း ဖြစ်နေခဲ့ဖူးသည်။

သီချင်းသံများကြောင့် ပျံ့လွင့်နေသာ စိတ်တို့က အေးချမ်းလို့လာနေပြီ။
ဘုရားကျောင်းအငွေ့အသက်သည် အတွေးနှင့်ပင် ငြိမ်သက်ခြင်းကို ပေးစွမ်းနိုင်လေသည်။
အေးချမ်းခြင်းနှင့်အတူ ဌက်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာခံစားလာရသည်။
နှင်းမိုးစက်သံ တဖောက်ဖောက်ကလည်း ညဉ့်ယံ၏ တေးသွားတွေလို…
ညဉ့်ကတော့ နက်သထက် နက်၍ လာနေလေတော့သည်…။

abbey.JPG

♫ ♥●••·˙အိမ့်ချမ်းမြေ့˙·••●♥♫

2 Comments »

  1. ဖျားတဲ့ညလေးကို စကားလုံးလှလှလေးတွေနဲ့ ခြယ်မှုန်းထားတော့ ကြည်နူးစွာနဲ့ဖတ်သွားတယ် မလေးရေ…
    ဘလော့ဂါတွေ သာမန်သူထက်တစ်ခုသာတာ ခံစားချက်တွေမွမ်းကြပ်တဲ့အခါမှာ ထွက်ပေါက်အဖြစ် ကိုယ့်ဘလော့လေးမှာ ရင်ဖွင့်ရင်း အချိန်တွေကိုဖြတ်ကျော်လို့ရတယ်နော်။
    ဖျားနာတဲ့အခါ အားငယ်စိတ်ဝင်တတ်တာမို့ ပိုပြီးအထီးကျန်သလိုခံစားတတ်ကြပေမယ့် မလေးရဲ့ပို့စ်လေးကိုဖတ်ရတာ အားအင်တွေပြည့်လာသလိုပဲ။

    Comment by တီတင့် — January 6, 2015 @ 10:05 pm

  2. နေပြန်ကောင်းသွားပြီလား မလေး။
    ကဗျာဆရာတို့ စာရေးဆရာတို့ဆိုတာ နာဖျားရင်လည်း ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်တာပဲနော်။ :D
    ဓာတ်ပုံက သိပ်ကောင်းပြီး တိမ်တွေက အရမ်းအသက်ဝင်လို့ အကြာကြီး ငေးကြည့်မိသွားတယ်။ သိပ်လှတာပဲ။

    စကားမစပ်… ဇွန် တဂ်ထားတယ်နော်။ ;)

    Comment by ဇွန်မိုးစက် — January 8, 2015 @ 3:07 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------