♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..
♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫
♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
November 10, 2014
ထားရစ်ခဲ့လေသော…
Filed under: tag game, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 1:51 am
gathering.jpg
ဖိတ်ဖိတ်တောက်လက်နေတဲ့ မဟာလှေကားကြီးတွေရှိတဲ့ ကျောင်းကြီးရဲ့ ကျောက်ပြားဖြူဖြူတွေပေါ်မှာရပ်ရင်း ကျောင်းကြီးကို အံ့သြတကြီးနဲ့ ငေးလို့နေမိတဲ့ နေ့တစ်နေ့။ လေးထောင့်ပုံကျောင်းကြီးရဲ့ အလယ်မှာ သစ်ပင်၊ ပန်းပင်မျိုးစုံလင်လှတဲ့ ပန်းခြံတစ်ခုကလည်း ရှိနေတယ်။ ပခုံးမှာလွယ်ထားတဲ့ လွယ်အိတ်ကြိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ဘယ်ဘက်ကိုလှမ်းကြည့်လိုက်တော့ မျက်စိတဆုံးမြင်နေရတဲ့ ကော်ရစ်ဒါ။ ညာဘက်ကို လှမ်းကြည့်လိုက်တော့လည်း လေးထောင့်ပုံအုတ်တိုင်လုံးနီနီကြီးတွေကြားထဲ ပြေးလွှားမြူးတူးနေတဲ့ အဖြူအစိမ်း ကျောင်းသူတွေ။
ပန်းခြံထဲကနေ ကျောင်းသူလေးတစ်ယောက်က ပြေးထွက်လာတာကို တွေ့လိုက်ရတယ်။ သူ့နောက်မှာ နောက်ထပ်ကျောင်းသူ သုံးလေးယောက်က ပြေးလိုက်လာတယ်။ ရှေ့ကပြေးလာတဲ့ ကျောင်းသူလေးရဲ့ထမီကို ထပ်ချပ်ပါလာတဲ့ နောက်ကတစ်ယောက်က ဆွဲလိုက်တယ်။
‘အားးး….’ စူးကနဲအော်သံနဲ့အတူ ကျွတ်ခမန်းဖြစ်သွားတဲ့ ထမီစကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း နောက်ပြန်လှည့်ပြီး သူမရဲ့သူငယ်ချင်းမ ကို မှီတဲ့နေရာလှမ်းရိုက်နေတယ်။ ပခုံး၊ ခေါင်း၊ လက်မောင်း…။ ရိုက်ခံထိနေတဲ့ မိန်းကလေးက လက်ကလေးနှစ်ဘက်နဲ့ သူမမျက်နှာကို သူမကားထားရင်း တခွီးခွီး ရယ်နေတယ်။
‘စိတ်ပုပ်မ၊ အကျင့်မကောင်းဘူး’
‘ဘာလဲဟ.. မြဲမြဲမြံမြံ ဝတ်တတ်ပြီလား စမ်းသပ်တာလေ’
‘အယုတ်တမာ.မ..’
အော်သံတွေ… ရယ်သံတွေနဲ့အတူ သူတို့တွေ စာသင်ခန်းမတစ်ခုဘက်ကို ပြေးလွှားလို့ သွားကြတယ်။
အဲဒီအချိန်မှာ လှေကားကနေ ကျောင်းသူသုံးယောက်ဆင်းလာတယ်။ သုံးယောက်ထဲမှာမှ အလယ်ကတစ်ယောက်ဆီကို ကိုယ့်အကြည့်တွေ ရောက်သွားတယ်။ မျက်လုံးတောက်တောက်နက်နက်လေးတွေကို ထူထဲလှပတဲ့ မျက်ခုံးမွှေးတွေက ဝန်းရံထားတယ်။ ဆံပင်အုပ်အုပ်လေးတွေ ဝဲကနဲ..။
လှေကားထစ်အောက်ဆုံးရောက်တဲ့အထိ ကိုယ့်ဆီက အကြည့်ကိုမခွာသေးဘူး။ ကိုယ်လည်း ဘာလုပ်ရမှန်းမသိတော့ နှုတ်ခမ်းလေးကို တွန့်ရုံပြုံးပြလိုက်တယ်။ ဒါပေမယ့် သူမဆီက အပြုံးကိုတော့ မရခဲ့ပါဘူး။
‘ကျောင်းအုပ်ဆရာမကြီး လာနေပြီဟေ့….’
ကော်ရစ်ဒါကနေ ပဲ့တင်ထပ်သွားတဲ့ အသံတစ်သံအောက်မှာ ပြေးလွှားနေတဲ့၊ စနောက်နေတဲ့၊ ရယ်မောနေတဲ့အသံတွေ မီးကိုရေနဲ့သတ်လိုက်သလို.. ရှဲကနဲ။
ဆိုင်ရာစာသင်ခန်းနဲ့နီးတဲ့ ကျောင်းသူတွေက အခန်းတွေထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။ ကျန်နေတဲ့ ကျောင်းသူတွေကတော့ နံရံဘက်ကို ကပ်နိုင်သလောက်ကပ်ပြီးတော့ လက်တွေပိုက်လို့ ခေါင်းတွေကိုငုံ့ထားကြတယ်။
ခေါက်ရိုးမကျိုးတဲ့ ထမီအစိမ်းကို တိရိသေသပ်စွာဝတ်ဆင်ပြီး၊ ခါးမှာ ဒိုင်းမွန်းပုံဖြစ်အောင်ခေါက်ထားတဲ့ လက်ကိုင်ပုဝါကိုထိုးလို့ ကျောင်းအုပ်ဆရာမကြီးက မြောက်ဘက်အဆောင်တွေဘက်က လျှောက်လာနေတယ်။ သူမရဲ့အကျီ င်္ဖြူဖြူဟာ နေရောင်အောက်မှာ တောက်ပလို့။ သူမရဲ့ဒေါက်မြင့်သံ တတောက်တောက်က တိတ်ဆိတ်သွားတဲ့ ကော်ရစ်ဒါကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့..။
ဆံတိုမလေးတို့အုပ်စုကို ကိုယ်ကြည့်လိုက်တော့ သူတို့တွေလည်း လက်ပိုက်ခေါင်းငုံ့လို့ မဟာလှေကားကြီးနဲ့ ခပ်ဝေးဝေးကို မသိမသာရွှေ့သွားကြတယ်။ ကိုယ်ကတော့ သူမကိုတစ်လှည့်၊ အဝေးကလာနေတဲ့ ဆရာမကြီးကိုတစ်လှည့် ကြည့်ရင်း တောင့်တောင့်ကြီး ရပ်နေမိတယ်။
ဆရာမကြီးက မဟာလှေကားကြီးရဲ့ လက်ရမ်းကို ညာလက်နဲ့ဟန်ပါပါကိုင်ပြီး ဘယ်ခြေကို ပထမဆုံးလှေကားပေါ်ကို တင်လိုက်တယ်။ ပြီးတော့ လှေကားပေါ်မတက်ခင် သမင်လည်ပြန်အကြည့်နဲ့ ကိုယ့်ဘက်ကို အကြည့်စူးစူးတွေပို့လွှတ်လာတယ်။ ဆရာမကြီးကို ခပ်တည်တည်နဲ့ပြန်ကြည့်နေရင်း ဆံတိုမလေးဆီ အကြည့်တစ်ချက်ရောက်သွားတယ်။ ဆံတိုမလေးကတော့ ခေါင်းကိုတွင်တွင်ငုံ့ထားပေမယ့် သူ့ဘေးက သူငယ်ချင်းက ကိုယ့်ကိုခေါင်းခါပြီးအချက်ပြလိုက်တယ်။ ကိုယ်လည်း ခြေကိုနောက်တစ်လှမ်းဆုတ်လိုက်ပြီးတော့ ခေါင်းငုံ့ထားလိုက်တယ်။
ဆရာမကြီးရဲ့ဒေါက်မြင့်သံဟာ မဟာလှေကားကြီးအတိုင်း တရွေ့ရွေ့မြင့်တက်ပျောက်ကွယ်သွားတယ်။
ဆရာမကြီးရဲ့ခြေသံတွေ ဝေးသွားတဲ့အခါမှာတော့ ကော်ရစ်ဒါတွေဟာ အရင်ကလို ပြန်လည်သက်ဝင်လှုပ်ရှားသွားတယ်။
တစ်ကယ်ဆို ဆရာမကြီးလာမှ - မလာမှရယ်မဟုတ်ဘူး။ အရာရာဟာ ပုံမှန်အတိုင်း၊ အရှိအတိုင်း ရှိနေတတ်တဲ့၊ ကလေးလေးတွေကို လူကြီးရှေ့မှ ငြိမ်တတ်အောင်၊ အဲသလို… လိမ်ညာတတ်အောင် သင်မပေးတဲ့ နည်းလမ်းတစ်ခုတော့ ကျောင်းဝင်းတွေထဲမှာ ရှိနေသင့်တယ်ဆိုတာကို အဖြူ-အစိမ်းဝတ်တွေ တစ်ယောက်ကမှထပြီး မပြောခဲ့ကြဘူး မဟုတ်ပါလား။
♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫
ဒီလိုနဲ့ ဆံတိုမလေးနဲ့ ကိုယ်ဟာ အခန်းတစ်ခန်းထဲမှာ အတူတူကျတယ်။ သူ့အမည်က ‘ကြေးမုံ’ တဲ့။ ဖြစ်ချင်တော့ သူမတို့သူငယ်ချင်းတွေထိုင်တဲ့ခုံတန်းက ကိုယ့်ရဲ့ခုံတန်းနောက်မျက်စောင်းထိုးလောက်မှာ..။ အပျိုဖျန်းအရွယ်တွေမို့ ဆံပင်ရှည်ရှည်စထားကြတဲ့ အချိန်မှာ သူတစ်ယောက်တည်းကပဲ ဆံပင်တိုတိုလေးထားတာ။ ကိုယ့်မှာရှိတဲ့အလှကိုပေါ်စေချင်တဲ့ မိန်းကလေးတို့ရဲ့သဘာဝအရ အကျီင်္ခါးလေးနည်းနည်းပွနေရင် မသိမသာ အပ်ကလေးနဲ့သီတတ်ကြတဲ့သူတွေကြားမှာ.. သူမဟာ ခါးပွပွမှာမှ ခါးအောက်ကို လက်သုံးလုံးလောက်ရှည်တဲ့ အဖြူရောင်လက်စကအကျီင်္ကို ဝတ်တတ်တာ..။ အချို့ကထမီကို ဒူးအောက်နားအထိ တိုတက်နေအောင် ဝတ်တတ်ကြချိန်မှာ၊ အချို့က ခြေမျက်စိဖုံးအောင် ဒရွတ်ဆွဲဝတ်တတ်ကြချိန်.. အဲဒီအချိန်မှာ သူမကတော့ မတိုမရှည် ခြေသလုံးအလည်လောက်ကို ဝတ်တတ်တာ။ သေချာတာတော့ သူမရဲ့ပုံစံလေးဟာ ကိုယ့်မျက်စိထဲမှာ ရိုးရိုးလေးနဲ့ အမြင်ဆန်းနေတာ..။
ဒီလိုနဲ့ ကိုယ်လည်း….. ကျောင်းဝင်းကြီးထဲမှာကလည်း ယောင်္ကျားဆိုလို့ ပန်းစိုက်တဲ့အဘိုးကြီးတစ်ဦးပဲရှိတာမို့.. စာသင်ချိန်ပျင်းရိလာတဲ့အခါမှာ ရှေ့နောက်ဝဲယာမိန်းမပင်လယ်ပြင်ကြီးထဲရောက်နေသူမို့၊ မိန်းမတွေကိုပဲ လေ့လာနေခဲ့မိတာ….။
မိန်းမတွေရဲ့ဇဟာ အဲဒီအရွယ်လောက်တွေကတည်းက ပြတော့တာပဲလို့ထင်တယ်။
ထက်မြက်စူးရှတဲ့ မိန်းမ၊ မြင်းတစ်ကောင်လို့ ပေကပ်ကပ်နိုင်တဲ့ မိန်းမ…။
တိုးတိတ်လွန်းသောမိန်းမ၊ ဆူညံလွန်းသော မိန်းမ။
စစ်မှန်စွာ အေးဆေးတည်ငြိမ်တဲ့ မိန်းမ၊ အေးဆေးတည်ငြိမ်ခြင်းကန့်လန့်ကာနောက်ကွယ်မှာ မုန်တိုင်းပင်လယ်ပြင်သဖွယ် ရှိတတ်သော မိန်းမ။
မိခင်စိတ်ရှိသော မိန်းမ၊ ငါတကောကောတတ်သော မိန်းမ။
ပြုံးပြုံးလေးနဲ့ အကြောမာသော မိန်းမ၊ မာထန်ထန်နဲ့ကျောရိုးမဲ့သော မိန်းမ။
ပုရွက်ဆိတ်တစ်ကောင်လို ညင်သာစွာ လမ်းလျှောက်သယောင်ယောင်နဲ့ ပတ်ဝန်းကျင်ကို တိုးတိတ်စွာဖျားယောင်းတတ်သော မိန်းမ၊ ဆင်မုန်ယိုနေသလားထင်မှတ်မှားစေတဲ့ ခြေလှမ်းတွေနဲ့ ပတ်ဝန်းကျင်က သူမကို သတိပြုစေဖို့ အတင်းကာရော ဖန်တီးတတ်သော မိန်းမ။
စာအုပ်တွေထဲ မျက်နှာအပ်ချင်ဟန်ဆောင်ပြီး အစ်ကိုတွေရဲ့သူငယ်ချင်းတွေကို ကြိတ်ဆွေးတတ်သော မိန်းမ၊
ရဲရင့်စွာ (သို့မဟုတ်) အရှက်မဲ့စွာ သူမတို့ရဲ့ချစ်ခြင်းကို ဖော်ကျူးတတ်သော မိန်းမ။
စာကလွဲပြီး ဘာမှ မသိသော မိန်းမ၊ စာကလွဲ၍ အရာရာကို သိသော မိန်းမ။
ကျောက်သင်ပုန်းရှေ့မှာ ဆရာမစာသင်သည်ကိုနားထောင်ရင်း မိန်းမပင်လယ်ပြင်ကြီးထဲက မိန်းမတွေကို ဆန်းစစ်နေတတ်တဲ့ ကိုယ်၊ အဲသလိုမိန်းမအမျိုးတွေကြားထဲမှာ ကိုယ်ကော ဘယ်အမျိုးလဲလို့ တွေးနေမိတတ်တဲ့ကိုယ်ဟာ… မျက်ဝန်းထောင့်မှာ ကိုယ့်ကိုတစ်ယောက်ယောက်က ကြည့်နေသလိုခံစားရလို့ ဖျတ်ကနဲ ကြည့်လိုက်ရင်.. လူမိသွားတဲ့မျက်ဝန်းတွေကို အဝေးကိုပို့လွှတ်တတ်တဲ့ သူမကို တွေ့ရတတ်တာ…။ သူမဟာ ကိုယ်နဲ့သူငယ်ချင်းဖြစ်ချင်ရဲ့နဲ့ ကော်ရစ်ဒါတွေပေါ်မှာ မျက်နှာချင်းဆိုင်တွေ့တိုင်း၊ အတန်းထဲမှာစကားပြောဖို့ အခွင့်တွေရတိုင်း ရှောင်ဖယ်ဖယ်လုပ်နေတာကိုတော့ ကိုယ်.. နားမလည်ခဲ့ဘူး။
ကိုယ့်ရဲ့စာစီစာကုံးတွေဟာ အတန်းထဲမှာ ထိပ်ဆုံးအမှတ်နဲ့ရှိနေတာကို အကြောင်းပြလို့ အတန်းဖော်တွေဟာ ကိုယ့်ကို စာတွေ၊ ကဗျာတွေ ရေးခိုင်းလေ့ရှိတယ်။ အဲဒီအထဲမှာ ကိုယ့်ဘေးက အတန်းဖော် နန်း.. လည်း တစ်ယောက်အပါအဝင်ပေါ့။ နန်းဟာ တောင်ပေါ်သူလေးမို့ အသားအရည်က ထိရက်စရာမရှိ လှပလွန်းတယ်။ မျက်လုံးရွဲကြီးတွေနဲ့ အရောင်တင်မထားတဲ့ ပန်းနုရောင်နှုတ်ခမ်းတွေလည်းရှိတယ်။ ဆံပင်တွေဟာလည်း ဆိုးစရာမလိုဘဲ နီညိုရောင်သန်းနေတတ်သေးတယ်။
တစ်နေ့တော့ နန်း… ဟာ ကိုယ့်ကို မြညီလာခန်းမကြီးရဲ့နောက်ကို သွားကြည့်ရအောင်လို့ ဆိုလာတယ်..။ ကိုယ်လည်း နန်း.. ခေါ်ရာနောက်ကို လိုက်သွားခဲ့တယ်။ မြညီလာခန်းမဆိုတာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့.. စတဲ့ နေ့ကြီးနေ့မြတ်တွေ ကျင်းပရာ ခန်းမကြီးပါ။ အဲဒီနောက်မှာ လူတစ်ရပ်ကျော်ကျော်မြင့်တဲ့ အုတ်တံတိုင်းကြီးလည်းရှိတယ်။ အုတ်တံတိုင်းကြီးနဲ့ ခန်းမကြားမှာ ရေမြောင်းဘောင်လေးတွေလည်း ရှိတယ်။
ခန်းမကြီးနောက်ကိုရောက်တော့ ရေမြောင်းဘောင်လေးတွေပေါ်မှာ တစ်ဦးကိုတစ်ဦးမှီတွယ်လို့ ထိုင်နေကြတဲ့ ကျောင်းသူတွေကို တွေ့လိုက်ရတယ်။ အချို့ကလည်း ပခုံးမှာခေါင်းမှီကို လက်ကလေးကိုကိုင်လို့….။
‘ဟင်… နန်း…. နန်း….. နင် ငါ့ကိုဘယ်ခေါ်လာတာလဲ…’
‘အေး.. ငါလည်း ကြားနေတာကြာပြီ၊ မြင်ဖူးချင်လို့….’
‘လာလာ.. သွားကြစို့ဟယ်…’
ကိုယ်လည်းအတန်းထဲမှာ ဆရာမစာသင်တာကိုနားထောင်နေရင်း တစ်ယောက်တည်း ထူထူပူပူတွေဖြစ်နေခဲ့တယ်။ ထုံးစံအတိုင်း ကိုယ့်ကိုတစ်စုံတစ်ယောက်က ကြည့်နေသလို ခံစားရလို့.. သူမရှိရာကို ကြည့်လိုက်တဲ့အခါ.. ထုံးစံအတိုင်း တစ်ဘက်ကို ဖျတ်ကနဲလှည့်သွားတဲ့ ကြေးမုံ….။
ဒီလိုနဲ့ ကြေးမုံနဲ့ရင်းနှီးဖို့ အကြောင်းကဖန်လာခဲ့တယ်။ အတန်းထဲမှာ အလွန်စည်းကမ်းကြီးပြီး၊ ကျောင်းသူတွေကို ချစ်ရင်တောင်မှ ချစ်ရာမရောက်တဲ့ စကားအပြောအဆိုလည်း ညင်သာသိမ်မွေ့မှုမရှိတဲ့ မြန်မာစာဆရာမတစ်ဦးကို အတန်းသူတွေ ပုန်ကန်ကြတဲ့ နေ့ရက်တွေမှာပေါ့…။
♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫
ဆရာမရဲ့အကြောင်းကို ရှေ့တန်းနောက်တန်း ပြောကြရင်း နောက်လှည့်စကားပြောကြရင်း ကိုယ်တို့တွေ ခင်မင်ခဲ့ကြတယ်။
ဆရာမဟာ ဥပဒိရုပ်အလွန်ကောင်းမွန်ပေမယ့် ထိုဆရာမထံမှ အကြင်နာစကားကို တစ်ခါမှ မကြားရပါဘူး။ ဒါ့အပြင် ဆရာမဟာ သူဖတ်လေ့ရှိတဲ့ စာရေးဆရာတစ်ဦးရဲ့စာတွေကို အတန်းသူတွေဖတ်ဖို့ မကြာခဏတိုက်တွန်းလေ့ရှိတယ်။ အတန်းရှေ့မှာမတ်တပ်ရပ်စာသင်တိုင်း ထိုစာရေးဆရာရဲ့စာအုပ်တွေကို ထောင်ထောင်ပြပြီး ဖတ်ဖို့အမြဲတိုက်တွန်းလေ့ရှိတယ်။ ဆရာမကြီးမသိတာက… သူမရှေ့ကကျောင်းသူအများစုဟာ သူမကို တစ်ခွန်းမှ မပြော၊ မဆွေးနွေး၊ မေးခွန်းမထုတ်ပေမယ့် သူမပြောနေတာတွေ၊ လုပ်နေတာတွေကို သဘောမတူဘူးဆိုတာကိုပါပဲ။ ဆရာမကို ပုန်ကန်ကြတဲ့အချက်တွေထဲမှာ အခြားအချက်တွေလည်း အများကြီးပါခဲ့ပါတယ်။
‘စာမသင်ဘဲ ဘာတွေပြောနေမှန်းကို မသိတာ…’
‘မဆိုင်တာတွေပဲ ပြောနေတာပဲ…’
‘ဒီအကြောင်းအရာတွေက သူ့အတွက်မှန်နေပေမယ့်… လူတိုင်းတွက် မှန်ချင်မှ မှန်မှာပေါ့..’
‘အပေါက်ကလည်း ဆိုးလိုက်တာဟာ.. နေရင်းထိုင်ရင်း ကြိမ်းနေတာ…’
‘အေးလေ… ငါ့အဒေါ်တွေလည်း ဆရာမတွေပါဟာ.. သူ့လိုမဟုတ်ပါဘူး….’
‘ဒီစာရေးဆရာရဲ့စာတွေက နိုင်ငံခြားကစာတွေကို အကုန်ကူးချထားတာဆိုတာ သူမသိဘူးလားမသိဘူး’
‘ဟုတ်လို့လားဟာ….’
‘အိမ်မှာ အော်ရီဂျင်နယ်စာအုပ်တွေမှ အထပ်လိုက်ရှိတယ်။ သူက ဟိုကနည်းနည်းဆွဲယူ.. ဒီကနည်းနည်းဆွဲယူပြီး စာအုပ်ထုတ်ရောင်းတာ…’
‘အေးလေ.. ဘာပဲဖြစ်ဖြစ် ကူးချလည်း ကောင်းတာဆို ယူရမှာပဲပေါ့… ’
‘ငါတို့ကို လိမ္မာစေချင်လို့ပေါ့ဟ… နင်တို့ကလည်း….’
‘ဟဲ့…. ငါတို့ကျတော့ လိမ္မာအောင်ဆုံးမသွန်သင်တယ်ဆိုပြီး သူကျတော့ ရှစ်တန်းက သင်္ချာဆရာမနဲ့ အချစ်တော်ဖြစ်နေတာဆို…’
‘ဟာ………’
‘ဟယ်…..’
‘အို………..’
‘တိုးတိုးလုပ်ကြပါ မိန်းမတွေရယ်….’
‘ကျောင်းအုပ်ဆရာမကြီးကို လက်မှတ်ထိုးပြီး ဒီဆရာမကို တိုင်ကြမယ်… ငါတို့မြန်မာစာဆရာမ အသစ်နဲ့ပဲသင်ချင်တယ်’
‘အေး.. ကောင်းတယ်…’
‘ငါလည်း.. ထိုးမယ်….’
‘ဟာ……. ငါ မပါဘူးနော်…’
‘အေး.. ငါလည်း ကြောက်တယ်.. ငါလည်း မပါဘူး…’
‘ငါ့လည်း ဆွဲမထည့်နဲ့..’
ဒီလိုနဲ့ တစ်ယောက်တစ်ပေါက်ပြောကြဆိုကြ၊ ငြင်းကြခုန်ကြ၊ အော်ကြသူတွေရှိသလို၊ ငြိမ်နေသူတွေ၊ ကြောက်လို့ကြိတ်ငိုသူတွေလည်းရှိခဲ့တယ်။ တစ်ခန်းဝင်တစ်ခန်းထွက် လက်မှတ်လိုက်ကောက်ကြတဲ့နေ့တွေရဲ့အဆုံးမှာ တိုင်စာကို ကျောင်းအုပ်ဆရာမကြီးရဲ့ရုံးခန်းကို သွားပို့ကြတယ်လို့ ကိုယ်တို့ကြားခဲ့ရတယ်။ အဲဒီရက်အပြီးသုံးရက်လောက်အကြာမှာ ထိုမြန်မာစာဆရာမဟာ အတန်းရှေ့မှာ အသံတုန်တုန် မျက်ရည်ဝဲဝဲနဲ့ ကိုယ်တို့တစ်တန်းလုံးကို ကြိမ်းမောင်းတော့တာပါပဲ။
“နင်တို့ကို ငါက စေတနာနဲ့သင်ပေးတာ၊ နင်တို့ အတော်ဆုံး၊ အတတ်ဆုံး A တန်းသာဆိုတယ်၊ နင်တို့ဟာ ကျေးဇူးကန်းတဲ့ ဟာမတွေ၊ နင်တို့ရဲ့လုပ်ရပ်ကို နင်တို့ပြန်ကြည့်ကြ…”
ဆရာမက ပြောလို့အားရသွားတဲ့နောက်.. အတန်းထဲက ဒေါသတကြီးထွက်သွားတဲ့အချိန်ထိ တစ်တန်းလုံးခေါင်းငုံ့ပြီး ငြိမ်နေခဲ့ကြတယ်…။ သိလိုက်ရတာကတော့ တိုင်စာလက်မှတ်တွေဟာ ကျောင်းအုပ်ကြီးလက်ထဲမရောက်ဘဲ၊ ဒု-ကျောင်းအုပ်လက်ထဲရောက်သွားတော့၊ ဒု-ကျောင်းအုပ်ကြီးက မြန်မာစာဆရာမကို ခေါ်ပြလိုက်တဲ့အတွက်ပဲ ဖြစ်တယ်လို့ သိခဲ့ရတယ်။
အဲသလိုရုန်းရင်းခတ်နေတဲ့ နေ့တွေထဲမှာ.. နန်းး.. ကလည်း တစ်စခန်းထ လာခဲ့တယ်…။
‘နင် .. ငါ့ကို ကဗျာလှလှလေးတစ်ပုဒ်ရေးပေးဟာ..’
‘ဘာလုပ်မလို့လဲဟ..’
‘ဟို.. ဟိုလေ.. နင်… နင် ငါ့ကို တစ်မျိုးမထင်ရဘူးနော်…’
‘အေး.. ဘာလဲ…’
‘ဟို… ဟို…လေ…’
‘ဘာလဲ……ဟ’
‘ငါ… ငါ.. ကြေးမုံကို ပေးချင်လို့…’
‘ဟင်……….. နန်း…’
‘ငါ..ငါ့ကို အဲလိုကြီးမကြည့်ပါနဲ့ဟာ… ငါ ရှက်လို့သေတော့မယ်…’
‘အေး.. ငါလည်း ရှက်လို့သေတော့မယ်….’
အဲဒီနေ့တစ်နေ့လုံး နန်းနဲ့ကော ကြေးမုံနဲ့ကော.. ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့ဘဲ… ငါတို့တစ်ခုခုတော့ မှားကုန်ပြီထင်တယ်ဆိုတဲ့ အတွေးတွေနဲ့ နဘမ်းလုံးရင်းပေါ့…။
မနူးမနပ်..ငယ်ရွယ်စိတ်ကစားတဲ့အချိန်မှာ.. သဘာဝကို သဘာဝအတိုင်းထားလိုက်ရင် အခုလိုအဖြစ်မျိုးတွေ ဖြစ်လာဖို့အခွင့်အရေးတွေ နည်းမလားဆိုတဲ့ အတွေးနုနုလေးတွေနဲ့ပေါ့…။
ကြောက်ကြောက်နဲ့ဘုမသိဘမသိလက်မှတ်ထိုးခဲ့တဲ့နေ့တွေ..၊ ဆရာမငိုလို့ စိတ်မကောင်းတာကော၊ နန်းကိစ္စ စိတ်ညစ်နေတာကော..၊ ကြေးမုံက ကိုယ့်ကိုဘာလို့ ခိုးခိုးကြည့်နေတာလဲဆိုတဲ့ အတွေးတွေနဲ့ကော..၊ ကမ္ဘာကြီးပြောင်းပြန်မှောက်ခုန်ဖြစ်နေပြီလားဆိုတဲ့ အတွေးတွေနဲ့ ပြတင်းပေါက်ဘောင်ကိုမှီပြီး၊ ကျောင်းအပြင်က သစ်ပင်ကြီးတွေကို ကိုယ်ငေးနေခဲ့တယ်..။
ကိုယ့်ဘေးမှာ အရိပ်လေးတစ်ခု….
အသာငဲ့ကြည့်လိုက်တော့ … ကြေးမုံ…။
ကြေးမုံဟာ ကိုယ့်လက်ထဲကို စာအုပ်လှလှလေးတစ်အုပ်ကမ်းပေးလာတယ်..။
‘ဘာလဲဟင်.. ကြေးမုံ…’
‘ငါ့ကို အော်တိုလေး ရေးပေးဟာနော်… နင်က စာတော်တဲ့အပြင်..၊ ကဗျာတွေကဗျာလှလှလေးတွေလည်းတွေလည်း ရေးတတ်တယ်မို့လား..’
‘သြော်.. အေး… အဟင်း.. ငါက စာတော်ကောင်းတော်ပေမယ့် စာမတတ်ဘူးကြေးမုံရဲ့’
‘ဘာရယ်…’
‘သြော်.. စာတော်တာနဲ့ စာတတ်တာ မတူတာကိုပြောတာပါဟာ…’
ဒီလိုနဲ့ကိုယ်က သူမရဲ့အော်တိုစာအုပ်လေးကို အိမ်ကိုယူသွားပြီး တစ်ညလုံးဘာရေးရမလဲလို့ စဉ်းစားခဲ့တယ်။ ကဗျာတွေစာတွေသာ ရေးတတ်ပေမယ့် ကြေးမုံရဲ့အော်တိုစာအုပ်လေးထဲမှာ ဘာရေးရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်..။ အဲဒီညက ကြေးမုံအတွက် အော်တိုစာအုပ်ထဲ စာတိုလေးရေးခဲ့သလို…၊ နန်း.. ကြေးမုံကိုပေးဖို့လည်း ကဗျာလေးတစ်ပုဒ် ရေးပေးခဲ့တယ်။
‘ကြေးမုံ….
ကြေးမုံပြင်ကိုမြင်တိုင်း…
ငါ…
နင့်ကို…
သတိရနေမှာပါ…..’
ကြေးမုံကို အော်တိုစာအုပ်လေးပြန်ပေးအပြီး ငြိမ်နေခဲ့မိတယ်။
♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫
ကိုယ်ရပ်နေတတ်တဲ့ ပြတင်းပေါက်နားကို ဒုတိယအကြိမ်အနေနဲ့ကော နောက်ဆုံးအကြိမ်အနေနဲ့ကော ကြေးမုံရောက်လာတဲ့နေ့ပေါ့….။
‘နင်… နင်သိပ်ရက်စက်တယ်…၊ ငါ လုံးဝထင်မထားဘူး။ နင့်လိုအရမ်းအေးတဲ့၊ တည်ငြိမ်တဲ့၊ ချစ်စရာကောင်းတဲ့၊ စာတော်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူများကို အချစ်တော်စာရေးပေးလိမ့်မယ်လို့ ငါ.. လုံးဝ မထင်ထားခဲ့မိဘူး’
‘စာ.. မဟုတ်ပါဘူးကြေးမုံရယ်… နန်းက နင့်အတွက် ကဗျာရေးခိုင်းလို့ပါ…’
ကိုယ့်ရဲ့တိုးတိမ်တုန်ရီနေတဲ့အသံတွေကို ကြေးမုံက မကြားတော့.။
ရစ်ဝဲနေတဲ့မျက်ရည်စတွေကြားက ကိုယ့်ကိုစူးစူးရဲရဲကြည့်ပြီး ချာကနဲ လှည့်ထွက်သွားတဲ့ ကြေးမုံ…..။
ထားရစ်ခဲ့ပါသူငယ်ချင်း…။
ငယ်စဉ်က ရူးရူးမိုက်မိုက်
မသိလိုက်စဉ်အရွယ်ကမို့….
ကိုယ့်ကို….
ထာဝရ အနေနဲ့
တစ်သက်စာ… ထားရစ်ခဲ့ပါတော့ကွယ်…။
(ငယ်သူငယ်ချင်းများကို ချစ်ခြင်းစိတ်သက်သက်…. လွမ်းဆွတ်ခြင်းများစွာဖြင့် ရေးဖွဲ့အပ်ပါသည်..)
ပစ်ပစ်… (Black Rose ) အတွက် ဆယ်ကျော်သက်ကာလက ရန်ခုန်သံတချို့ကို ပုံဖော်ပေးခြင်းပါရှင်…။
photo credit: www.sundrip.com
♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫
6 Comments »
  1. မ​လေးလူလည်​ :-D
    Comment by ​နော်​​ဖော — November 10, 2014 @ 2:23 am
  2. လသာ ၂ ကျောင်းသူဟောင်းဖြစ်ခဲ့သူပီပီ နှစ်ခြိုက်သဘောကျစွာနဲ့ ဖတ်သွားခဲ့တယ် မလေး။း)
    Comment by ဇွန်မိုးစက် — November 10, 2014 @ 3:15 am
  3. ဆရာနဲ့တပည့်အကြားက ပဋိပက္ခအသေးအဖွဲလေးတွေဖတ်ပြီး အတိတ်ကိုသတိယစေတယ် …
    ကဗျာလေးလှတယ်… ရင်ခုန်သံတစ်စိတ်တစ်ဒေသကို ဖတ်သွားပြီ မလေးရေ…
    အော်တိုဆိုလို့… တီတင့်တို့အလယ်တန်း အထက်တန်းကျောင်းသူဘ၀နေခဲ့စဉ်ကလဲ
    အမှတ်တရအော်တိုရေးတဲ့အကျင့်လေးတွေရှိတဲ့အပြင်
    မိန်းကလေးကျောင်းမို့ အချစ်တော်တွေကလဲပေါပါ့.. ဆက်စပ်သတိရသွားလို့ပါ။
    Comment by တီတင့် — November 10, 2014 @ 4:31 am
  4. အော်…အီပ်မရလို့စာထဖတ်တာ အတော်ဘဲ။သူကျောင်းမှာဘာလုပ်ခဲ့လဲခုမှပေါ်တယ်။ ဆိုးတယ်နော်။
    Christmas တွေ့ကြမယ်လေကွယ်။
    Comment by ထိပ်ထား — November 10, 2014 @ 5:57 am
  5. ကြေးမုံက မလေးကို အထင်လွဲသွားတာ..
    တခါတလေ လောကကြီးရဲ့ လှည့်စားမှု့တွေနဲ့
    အခုလိုဖြစ်ရပ်လေးတွေ ဖြစ်တတ်တယ် ..
    အမှတ်တရ ပေါ့မလေးရယ်..
    သူတို့တွေနဲ့ရော ..ပြန်မတွေ့တော့ဘူးလားဟင်..
    Comment by ပစ်ပစ် — November 10, 2014 @ 9:40 am
  6. ဒီငယ်ဘ၀ကြပြန်တော့ တစ်မျိုးလေး :) :)
    Comment by ဆွေလေးမွန် — November 10, 2014 @ 7:54 pm
RSS feed for comments on this post. TrackBack URL
Leave a comment
Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.
ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။
♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။
♥♥ ...... ♥♥
တစ်ချိန်တုန်းက အမှတ်တယလေးတွေ....
myfeet4.gif
♥♥ ...... ♥♥
myfeet5.gif
---------------