♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 15, 2014

စမ်းရည်ဆိုမ်

Filed under: စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 11:31 pm

တစ်ကယ်ဆို…
ဘယ်တုန်းကမှလည်း…
သက်ဆိုင်ခဲ့တာ မဟုတ်လေတော့…။

writing-my-heart-out-gladiola-sotomayor.jpg

ဒီဆိုင်ကလေးကို ကိုယ်က… အမှတ်တမဲ့နဲ့ တွေခဲ့တာပါ..။
ဆူညံပွက်လောရိုက်တဲ့ မြို့ကြီးတစ်မြို့ထဲမှာ ဒီလိုအေးချမ်းငြိမ်ဆိမ်တဲ့ ဆိုင်ကလေးတစ်ဆိုင် ရှိနေလိမ့်မယ်လို့လည်း မထင်ခဲ့မိပါဘူး…။

အဲဒီနေ့က မိုးတွေ အုံ့နေခဲ့တယ်။

မရောက်တာကြာပြီဖြစ်တဲ့ ဒီမြို့ကြီးထဲ…. ကင်မရာအိတ်လေးကိုလွယ်လို့ ခြေဦးတည့်ရာ လျှောက်သွားရင်း.. ကားလမ်းတစ်ဘက်က ရေကန်ပြာကြီးတစ်ကန်ကို အမှတ်တမဲ့ လှမ်းတွေ့လိုက်တဲ့ အချိန်ပေါ့။

အိုက်စပ်စပ်ဖြစ်နချိန်မို့ ‘အခုချိန်မှာ မိုးနွေးလေးများ ရွာချလိုက်ရင် ဘယ်လောက်ကောင်းမလဲ’ လို့တောင် တွေးလိုက်မိသေးတယ်။ ရေကန်ကြီးဘက်ကို ခြေဦးတည့်ဖို့ စဉ်းစားလိုက်မိတယ်။ ပလက်ဖောင်းပေါ်က ဆင်းလိုက်တယ်။ ဘယ်ဘက်ကို လှမ်းကြည့်လိုက်တော့ ကားတွေက ရှင်းနေလို့ အလယ်လိုင်းအဖြူအထိ ဆက်လျှောက်လာလိုက်တယ်။ အလယ်လိုင်းဖြူပေါ်ရပ်နေရင်း ညာဘက်ကိုကြည့်လိုက်တော့ ကားတွေ တန်းစီလာနေတယ်။ တစ်စင်းစင်းတော့ ရပ်ပေးလိမ့်မယ်ဆိုတဲ့ အထင်နဲ့ ဆက်ရပ်စောင့်နေပေမယ့် ကားတွေက အရှိန်ပြင်းပြင်းနဲ့ ကိုယ့်ရှေ့က ဖြတ်သန်းလို့ သွားနေတယ်။

ကားတွေရဲ့အရှိန်က ပြင်းလွန်းလို့ ဆံပင်တွေတောင် ဖွာကျဲသွားတယ်။ ဘေးကွဲစကတ်အရှည်ကလည်း အရှိန်ပြင်းပြင်း လွင့်ခါလာလို့ ဘယ်လက်နဲ့ စကတ်ဘေးကွဲစနေရာကို လက်နဲ့ဖိကိုင်ရပ်နေမိတယ်။ ကားလမ်းမကူးရဲဖြစ်နေတဲ့ ကိုယ့်အဖြစ်ကို မတင်မကျဖြစ်လာလို့ အတင်းကူးမယ်အပြင်.. ကားအကြီးကြီးတစ်စင်းက အရှိန်ပြင်းပြင်း မောင်းလာတာနဲ့ နောက်ဘက်ပြန်လှည့်မယ်စိတ်အကူးနဲ့ ဘယ်ဘယ်ကိုပြန်ကြည့်လိုက်တော့လည်း ဘယ်ဘက်မှာကားတွေက တန်းစီမောင်းနှင်နေကြတယ်။ အဲဒီတော့ အလယ်မျဉ်းအဖြူပေါ်မှာပဲ မျက်စိမှိတ်ရပ်လို့ ကားသံတွေ ရပ်အသွားကိုပဲ စောင့်နေခဲ့ရတဲ့ အဖြစ်ပေါ့။

အဲဒီအချိန်မှာ မိုးဖွဲလေးတွေက ရုတ်တရက် ကျလာတာကို ခံစားလိုက်ရတယ်..။
ပါးပြင်ပေါ်မှာ…
ပခုံးပေါ်မှာ…
ဆံနွယ်တွေထဲမှာ..။

မျှော်လင့်ခဲ့ရတဲ့ မိုးနွေး…
ရင်ခုန်ခဲ့ရတဲ့ မိုးနွေး..
လွမ်းခဲ့ရတဲ့ မိုးနွေး…။

ထီးမပါလာလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ မိုးရေတွေထဲ ပြန်လျှောက်ခွင့် ရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ရုတ်တရက် ပျော်သွားလိုက်တာဆိုတာ…..။
နှုတ်ခမ်းက တစ်ချက်လေး ပြုံးမိသွားတယ်ထင်တယ်…။
ကားသံတွေ တိတ်လို့သွားတော့ မျက်စိကို အသာဖွင့်ကြည့်လိုက်တယ်။
လမ်းပေါ်မှာ ကားတွေကလည်း ရှင်းသွားပြီ…။

ကားလမ်းကူးအပြီး ရေကန်ကြီးဘက်ကို ဆက်လျှောက်လာခဲ့တယ်။ ရေကန်အတိုင်းဆက်လျှောက်လာရင်း မိုးက သည်းချင်လာတယ်။ ကန်တစ်ဘက်က သစ်တောအုပ်ထဲ မိုးပေါက်တွေ တရှဲရှဲကျလာသံတွေကိုတောင် ကြားလာရတယ်.. ကန်စပ်က ရေပြင်ပေါ်မှာလည်း မိုးပေါက်တွေ..။
မိုးပေါက်တွေက အသံပေးပြီး ဒီဘက်ကမ်းကို ပြေးလာတော့တာ..။

‘မိုးပြေး……’
ဟုတ်တယ်…။
မိုးပြေးပေါ့..
တော်ရုံအရပ်ဒေသမှာ မမြင်ရတတ်ဘူးလို့ ထင်ရတဲ့ မိုးပြေး..
မိုးတွေက အဝေးကနေ အသံပေးလို့ တဖွဲဖွဲကျရင်း အနားအထိရောက်လာတာမျိုး..။

တစ်ကယ်လည်း မိုးပြေးနဲ့ လုံးချာလည်လိုက်ရတဲ့အခါ၊ မိုးစိုသွားမှာ စိုးတာနဲ့ မိုးခိုဖို့ နေရာရှာရတော့တယ်…။
အဲဒီအချိန်မှာ ခပ်လှမ်းလှမ်း သစ်တောအုပ်လေးထဲမှာ ထီးထီးကလေး ရှိနေတဲ့ အမိုးချွန်းချွန်းလေးနဲ့ ဆိုင်ကလေးကို သွားတွေ့လိုက်တာပါပဲ…။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

writing.jpg

ဆိုင်ကလေးက အဆင့်ကလေးတွေနဲ့။ အဆင့်တိုင်းမှာလည်း သပ်သပ်ရပ်ရပ်စားပွဲနဲ့ ခုံကလေးတွေရှိတယ်။ မြန်မာ့လက်မှုအနုပညာမြောက်စွာ ထုလုပ်ထားတဲ့ ကြိမ်ထိုင်ခုံ၊ သစ်သားထိုင်ခုံသာမက၊ နိုင်ငံခြားလုပ် ဆိုဖာခုံလေးတွေလည်း ပါတယ်။ နှစ်သက်ရာထိုင်ခုံမှာ ရွေးလို့ ထိုင်နိုင်အောင် စီစဉ်ပေးထားတာ။

ဆိုင်လေးထဲကိုရောက်တော့ ကိုယ်ပေါ်က မိုးရေအနည်းငယ်ကို အသာခါလိုက်ပြီး ရေကန်ကို လှမ်းမြင်ရနိုင်မယ့် ထောင့်ခုံကလေးတစ်ခုကိုရွေးပြီး သွားထိုင်လိုက်တယ်။
ဆိုင်တစ်ဆိုင်လုံးမှာမှ လူက သုံးလေးယောက်ထက် မပိုဘူး။ အားလုံးကလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ရေနွေးကြမ်းခွက်ကိုင်ပြီး သည်းလာတဲ့ မိုးတွေကို ကိုယ့်အတွေးနဲ့ကိုယ် ငေးနေတဲ့သူက ငေးနေသလို၊ စာအုပ်တစ်အုပ် ငုံ့ဖတ်နေသူကလည်း ငုံ့ဖတ်လို့။ တီးလုံးကလေးသာရှိတဲ့ သီချင်း ငြိမ့်ငြိမ့်ကလေးကလည်း စိတ်ကိုအေးငြိမ်းစေသေးတာ။

အနားရောက်လာတဲ့ စားပွဲထိုးလေးကို အာလူးကွင်းကြော်၊ ကန်ဇွန်းဥကြော်နဲ့ လက်ဘက်ရည် တစ်အိုး မှာလိုက်တယ်။ လက်ဘက်ရည်အိတ်ကလေးစိမ်ထားတဲ့ အဖြူရောင်ကရားအိုးလေး ရောက်လာတယ်။ နို့နံ့သင်းတဲ့ လက်ဘက်ရည် ပူပူမွှေးမွှေးလေးကို မျှင်းသောက်ရင်း ကန်ရေပြင်ပေါ်ကို မိုးပေါက်ကြီးတွေ ကျလာနေတာကို ငေးကြည့်နေမိတယ်။

မိုးလုံးကြီးတွေကို ကြည့်ပြီး သဘောကျလာတယ်။ ဆိုင်လေးဘေးမှာ ကပ်ပေါက်နေတဲ့ ပိန်းကြာရွက် ဖားဖားလှလှကြီးတွေပေါ်ကို မိုးစက်တွေ ကျလာတာ၊ တစ်ဖြည်းဖြည်းနဲ့ ပိန်းရွက်အလယ်မှာ မိုးရေတွေက စုလာပြီး၊ အလယ်မှာ အိုင်လာတာ။ နောက်တော့ ကြာရွက်ကြီးက တစ်ဖြည်းဖြည်း စောင်းလာပြီး ရေတွေကို မြေပြင်ပေါ်ကို သွန်ချလိုက်တာ၊ ကြာရွက်ကြီးက မိုးရွေတွေကို ခါချပြီးပြီးချင်း ခေါင်းပြန်မော့လို့ မိုးကောင်းကင်က ရေတွေကို ထပ်ပြီး မျှော်လင့်တာ၊ မိုးရေတွေက ထပ်စုလာတာ၊ နောက် ကြာရွက်ကြီးက ရေတွေကို မြေပြင်ပေါ် ပြန်သွန်ချ၊ အဲသလို သဘာဝတရားရဲ့ တိတ်တဆိတ် ကပြနေပုံကို ကြည့်ကောင်းကောင်းနဲ့ ငေးရင်း လက်က ကင်မရာကို ထုတ်လိုက်မိတယ်။

ကင်မရာခလုပ်ကို နှိပ်ဖွင့်အပြီး ပတ်ဝန်းကျင်ကို အသာလေး ဝေ့ဝဲကြည့်လိုက်မိတယ်။ အခုနေ လိုချင်တဲ့ ဓာတ်ပုံလေးကို ရိုက်တဲ့အခါမှာ မိုးအုံ့နေလို့ ရှပ်တာပွင့်သွားတဲ့ အသံတွေက ငြိမ်အေးခြင်းတစ်ခုကို ပျက်စီးလို့ သွားနိုင်တာ မဟုတ်ပါလား။
ရေနွေးကြမ်းခွက်ကိုင်ရင်း ကန်ထဲက မိုးရေတွေကို ငေးနေသူ၊ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ငုံ့ဖတ်နေသူ၊ ထောင့်တစ်ထောင့်မှာ ဖုန်းတစ်လုံးနဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေသူ….

သူတို့တွေ ကိုယ့်ရဲ့ ကင်မရာရှပ်တာတဖျတ်ဖျတ်အသံကြောင့် စိတ်အနှောက်ယှက်ဖြစ်သွားမှာပဲ ဆိုတဲ့ တိတ်ဆိတ်မှုကို မဖြိုခွဲချင်တဲ့ စိတ်နဲ့ ကင်မရာလေးကို အသာပြန်ပိတ်လိုက်တယ်။

လက်ဘက်ရည်တစ်ကျိုက်ကို အသာလေးငုံသောက်အပြီး ဆိုဖာနောက်ကို မှီလိုက်တယ်။ မိုးသံတွေကို ဆက်ပြီး နားထောင်နေလိုက်တယ်။

ရှေ့က မြေနီလမ်းလှလှလေးတစ်ဘက်တစ်ချက်မှာ စိုက်ထားတဲ့ ရွက်လှပန်းလေးတွေပေါ်ကို၊ မြက်ခင်းစိမ်းတွေပေါ်ကို၊ ကန်ရေထဲကို၊ အရွက်စိမ်းစိမ်းနဲ့ သစ်တောအုပ်တွေထဲကို မိုးရေတွေက တဖြောင်းဖြောင်း ရိုက်ခတ်ကျဆင်းလို့။
အဲဒီနေ့က… မိုးတိတ်မှပဲ အဲဒီဆိုင်ကလေးထဲက ထွက်လာခဲ့မိတယ်…။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

ဒီလိုနဲ့ ဆူညံလှတဲ့ မြို့ကြီးနဲ့ သူနဲ့ ဘာမှ မသက်ဆိုင်သလို တိတ်ဆိတ်လှတဲ့ အဲဒီဆိုင်လေးကို လက်ပ်တော့လေးတစ်လုံးနဲ့ ခဏခဏ ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ကိုယ်ရောက်တဲ့ အခါတွေမှာ နေသာနေတဲ့ နေ့တွေရှိသလို၊ မိုးအုံ့နေတဲ့ နေ့တွေ ရှိတယ်။ ကောင်းကင်ကြီး ပြာနေတဲ့ နေ့ရှိသလို၊ မိုးတိမ်တောင်တွေ စုပြုံတိုးဝှေ့နေတဲ့ နေ့တွေလည်း ရှိတယ်။ မြူဆိုင်းနေတဲ့ ညနေခင်းတွေရှိသလို၊ ဌက်တွေအိပ်တန်းတက်လို့ ဆူညံနေတဲ့ ညနေခင်းတွေလည်း ရှိတယ်။

အဲဒီဆိုင်လေးကို တစ်ယောက်တည်း ရောက်တဲ့ နေ့တွေများပေမယ့် သူငယ်ချင်းတစ်ဦးတစ်လေနဲ့လည်း ဆုံဖြစ်တာတွေလည်း ရှိတယ်။ သူငယ်ချင်းတွေနဲ့ အဲဒီဆိုင်လေးမှာ ဆုံမိတိုင်းလည်း တစ်ဦးချင်းစီသာ။ အဲဒီတော့လည်း… ကိုယ်တို့ စကားဝိုင်းတွေက ခပ်တိုးတိုးနဲ့ အေးအေးယဉ်ယဉ်။
ဆိုင်ကလေးရဲ့ နေရာအတိအကျကိုလည်း ကိုယ် မသိသလို… သေချာတာတော့ အခုထိ ဆိုင်ကလေးရဲ့ အမည်ကို မသိခဲ့တာပါပဲ…။

ကိုယ့်စိတ်ထဲမှာတော့ ဆိုင်ကလေးကို တိတ်တခိုး အမည်ပေးထားမိတယ်။ ဒီအမည်ကိုလည်း ကိုယ်တစ်ယောက်ထဲကပဲ သိတယ်။

သူငယ်ချင်းတွေနဲ့ချိန်းတိုင်း … ဘယ်ကိုလာတွေ့ရမလဲလို့ သူငယ်ချင်းတွေက မေးတိုင်း.. ဟိုရေကန်ပြာကြီးနောက်ထဲ လမ်းကလေးအတိုင်း ဆက်လျှောက်လာရင် အမိုးချွန်းချွန်းကလေးနဲ့ ဆိုင်ကလေးတွေ့လိမ့်မယ်၊ လူလည်း ရှင်ရှင်းတယ်လေ၊ ဆိုင်ပတ်ပတ်လည်မှာ အလှပိန်းပင်တွေလည်း အများကြီးပဲ၊ အဲဒီဆိုင်ကလေးပဲပေါ့… လို့ပဲ ဝေဝေဝါးဝါး ဖြေခဲ့ရတာချည်းပါပဲ။ သူငယ်ချင်းတွေကလည်း.. ‘နင့်ဟာကလဲဟာ..’ လို့ ပြောကြပေမယ့်လည်း အချိန်အတိအကျ ရောက်ချလာတတ်ကြတာ။

တစ်ကယ်ဆို.. ကိုယ်ကတောင် နောက်ကျတတ်သေးတာ..။

တစ်ကယ်ကတော့ အဲဒီဆိုင်လေးထဲမှာ ဆိတ်ငြိမ်မှုတွေကို စားသုံးရင်း ကိုယ်က စာရေးတတ်တာများပါတယ်။ ရေပြင်ကို မြင်နေရတယ်။ အစိမ်းရောင်တွေကို မြင်နေရတယ်ဆိုရင်ကို ကိုယ့်အတွက်က အဆင်ပြေနေတတ်တာ မဟုတ်ပါလား..။ ဒီဆိုင်ကလေးရဲ့ ဆိတ်ငြိမ်မှုဟာ ကိုယ့်ရဲ့အတွေးတွေကို အများကြီးကွန့်မြူးစေတတ်ခဲ့တာ…။

ဒီဆိုင်လေးနဲ့ အဝေးကို တစ်ခေါက်ပြန်သွားရတော့လည်း ဒီဆိုင်ကလေးကို အမှတ်တယ ရှိနေတတ်ခဲ့တာ..။ သတိရ တမ်းတနေခဲ့ရတာ၊ သဲကန္တာရကြီးထဲက အိုအေစစ်ကလေးလို ခံစားခဲ့ရတာ..။
ဒီမြို့ကလေးကို ရောက်တဲ့အခါတိုင်းလည်း ဒီဆိုင်ကလေးဆီကိုပဲ ပြန်ပြန်လာမိတာ..။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

ဒီလိုနဲ့….
ဒီဆိုင်လေးထံကို တစ်ခေါက်ပြန်ရောက်လာခဲ့တယ်…။
ဒီတစ်ခါတော့ နောက်ဆုံးအကြိမ်အဖြစ်နဲ့ပေါ့..။

အရင်လိုပဲ လက်ပ်တော့ အဟောင်းလေးကို အိတ်ထဲထည့် သယ်လာခဲ့တာ..။

ဆိုင်လေးရဲ့ ငြိမ်ဆိမ်မှု၊ အေးမြမှု၊ ဆိုင်ရှေ့က ရေပြင် နဲ့ သစ်ရွက်စိမ်းတွေ၊ ဆိုင်ပတ်ပတ်လည်က ပိန်းပန်းဖားဖားကြီးတွေနဲ့ ချိုပေါ့ကျ လက်ဘက်ရည်တစ်ခွက်က အရင်လို ငြိမ်းအေးမှုကို ပေးနိုင်ဦးမှာပဲ ဆိုတဲ့ ရင်ခုန်မျှော်လင့်ချက်တွေနဲ့…….။

ဆိုင်ထဲရောက်တော့ အရင်ကထက်ပိုပြီး လူစိတ်နေတာ တွေ့လိုက်ရတယ်..

ထိုင်နေကျ ထောင့်ခုံလေးမှာ အတွဲလေးတစ်တွဲထိုင်နေလို့ ရေကန်နဲ့အနီးဆုံးနေရာကို လိုက်ရှာရင်း ကံကောင်းထောက်မစွာ တစ်နေရာ ရလိုက်တယ်။

လက်ပ်တော့ကိုဖွင့်ပြီး စာလေးတစ်ကြောင်းနှစ်ကြောင်း ရိုက်ကြည့်လိုက်တယ်.အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းဝိုင်းက ဝါးဆိုပြီး ဝါးလုံးကွဲ ရယ်မောလိုက်သံကို ကြားလိုက်ရတယ်။ မျက်လုံးက ကွန်ပြူတာစကရင်ကမရွေ့ဘဲ၊ အိတ်ထဲမှာ နားကြပ်များပါလားမလားရယ်လို့ လက်နဲ့စမ်းရှာကြည့်မိသေးတယ်။ မတွေ့ဘူး။ စာနောက်တစ်ကြောင်းကို ဆက်ရိုက်လိုက်တယ်..။ အတွေးစတွေက ကွင်းစတွေ ပြတ်တောက်သွားပြီ။

သက်ပြင်းရှိုက်လိုက်မိတယ်။ သက်ပြင်းရှိုက်နေရင်းတန်းလန်း ခြေသံပြင်းပြင်းနဲ့ ဆိုင်ထဲကိုဝင်လာသံကြားလို့ အသာခေါင်းမော့ကြည့်လိုက်မိတယ်။ ခေတ်မှီရုံသာမက ဝတ်ကောင်းစားလှတွေနဲ့ လူငယ်တစ်စု ဆိုင်ပေါ်ကို တက်လာတယ်..။
ကိုယ်နဲ့ ကပ်ရက် စားပွဲမှာ ဝင်ထိုင်လိုက်ကြတယ်။ ခုံတွေကို ခပ်ကြမ်းကြမ်းဆွဲပြီး ထိုင်လိုက်သံတွေကိုတောင် ကြားလိုက်ရတယ်။

စားပွဲထိုးကောင်လေးတွေကို အနားရောက်မလာသေးလို့ ခဏလေးတောင်မစောင့်ဘဲ ဝန်ထမ်းတွေကို လှမ်းအော်ခေါ်လိုက်သံကို ကြားလိုက်ရတယ်။ စားပွဲထိုးလေးက လင်ပန်းကလေး ကိုင်ပြီး ရောက်လာချိန်မှာ တစ်ယောက်တစ်ပေါက် ဝိုင်းပြီး စားစရာတွေကို မှာနေကြတယ်။
တစ်ယောက်မှာပြီးမှ နောက်တစ်ယောက်က မှာလို့ မရဘူးလား၊ ဒါမှမဟုတ်လည်း အစားမှာဖို့ အုပ်စုထဲကဘုံတစ်ယောက်ကို ရှာ၊ သူ့ကတဆင့် အားလုံးတွက် စားစရာကို မှာပေးလို့လည်း ရတာပဲကွယ်။

ခဏနေတော့ သူတို့စားပွဲပေါ်မှာ ဘီယာပုလင်းတွေ ရောက်ချလာတယ်။ နောက်တော့ ဆေးလိပ်ပြာခွက်တွေ….။
မျက်လုံးကို စကရင်ပေါ်မှာ ငြိမ်ငြိမ်လေး ထားထားရင်းက အသံမျိုးစုံသာမက၊ အနံ့မျိုးစုံထွက်လာနေတဲ့ သူတို့ဝိုင်းကို မျက်စိစွေပြီး ကြည့်လိုက်မိတာကိုက ကိုယ့်အမှား…။
ဆိုဖာခုံကို ခေါင်းမှီရင်း ပြေပြေလျောလျောထိုင်နေတဲ့ တူအရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်က ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်ရင်း ဆေးလိပ်ငွေ့တွေကြားကနေ မျက်စိကို စင်းပြီးကြည့်နေတယ်။ မျက်လုံးချင်းအဆုံမှာ ကောင်လေးက ညာဘက်မျက်စိတစ်ဘက်ကို မှိတ်ပြတယ်။

ရင်ထဲမှာရှိနေတဲ့ ကဗျာတွေ၊ စာတွေ၊ ဆိတ်ငြိမ်ခြင်းရဲ့ သိင်္ဂါရ ရသ၊ သန္တရသတွေဟာ ရေခဲတောင်အပူလှိုင်းမိလို့ပျော်ကျသွားသလို တဝုန်းဝုန်း ပျော်ကြသွားပြီ။ မျက်နှာကိုလွှဲလိုက်ပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။ မိန်းမတစ်ယောက်တည်းထိုင်နေတာနဲ့ ရိသဲ့သဲ့အပြုအမှုတွေ လုပ်လို့ရတယ်လို့ ဘယ်သူက ယောင်္ကျားအချို့ကို အခွင့်ပေးထားပါသလဲ။

သက်ပြင်းကိုနာနာချ၊ စိတ်ကိုလျော့လို့ အာရုံကိုရေးလက်စ စာပိုဒ်ပေါ်ကို ကြိုးစားပို့ကြည့်လိုက်တယ်။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းစားပွဲက အသံတွေက နားထဲကို ခပ်သောသောဝင်လာပြန်တယ်။

“အေးလေ.. အဲဒီမိန်းမပေါ့ ငါပြောနေတာ.. ကြာလှပြီ”
“ဟိုတစ်ယောက်ရဲ့ ညီမဆိုတာလား”
“အေး”
“ဟယ်… တစ်ကယ်..”
“သြော်.. နင်ကလည်း ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့လား မေးနေတာ”
“စိတ်ကုန်ပါတယ်ဟယ်..”
“နင်က အခုမှ ကုန်..”

အာရုံတွေက ဘယ်လိုမှ စုစည်းလို့ မရတော့။ လက်ပ်တော့လေးကိုပိတ်လိုက်ပြီး ရေပြင်ကိုပဲ အဓိပ္ပာယ်မဲ့ ငေးကြည့်နေခဲ့မိတယ်။ နောက်တော့… လက်ကျန် လက်ဘက်ရည်လေးကို မော့သောက်လိုက်တယ်။ ကွန်ပြူတာကိုပိတ်၊ ကျောပိုးအိတ်လေးထဲထည့်လိုက်ပြီး၊ အိတ်သေးသေးလေးထဲက ပိုက်ဆံလေးတွေကိုထုတ်ပြီး စားပွဲပေါ်မှာ တင်ထားလိုက်တယ်။

ပြီးတော့ အဲဒီဆိုင်လေးကနေ အသာလေးထွက်လာခဲ့တော့တယ်။

ပြန်ရောက်ပါတယ်…။ ဆိုင်လေးရှေ့ကို…။
အမြဲတမ်းဖြတ်သွားဖြတ်လာလုပ်မိတဲ့အခါတိုင်း…
မပြတ်တဲ့သံယောဇဉ်တွေနဲ့ ငဲ့လို့ကြည့်မိတယ်။

တမ်းတပါတယ်..။
ဆိုင်လေးရှေ့က ရေကန်ပြာကြီးတွေကို..။

လွမ်းဆွတ်ပါတယ်…။
ရခဲ့ဖူးတဲ့ အေးငြိမ်းမှုတွေကို..။

ဒါပေမယ့်…
ဘယ်လောက်ပဲ သံယောဇဉ်ရှိခဲ့ရှိခဲ့……
ကိုယ်နဲ့မှ..
မသက်ဆိုင်တော့ပဲကွယ်..
စမ်းရည်ဆိုမ် ကလေးရယ်…။

ချစ်ခင်လေးစားစွာဖြင့်..
အိမ့်ချမ်းမြေ့

‘Writing My Heart Out Painting by Gladiola Sotomayor’

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

5 Comments »

  1. မလေးရေ
    ပစ်ပါဆိုင်ထဲကို တခဏရောက်သွားသလိုဘဲ..
    မိုးသံလေးတဖျောက်ဖျောက်ရယ်..
    မိုးရေတွေကြားထဲကပိန်းပင်တွေရယ်..
    ရေကန်ပြာကြီးရယ်..
    အမိုးချွန်းချွန်းလေးရယ်…

    (တချို့သောသူတွေက တိတ်ဆိတ်ခြင်းရဲ့ငြိမ်းအေးမှု့ကို
    မခံစားတတ်ကြဘူးမလေး..)

    Comment by ပစ်ပစ် — October 16, 2014 @ 9:45 am

  2. တစ်ချိန်ကတိတ်ဆိတ်ငြိမ်သက်ပြီး အမည်ဆန်းနဲ့ဆိုင်လေးကိုရောက်ခဲ့တယ်။
    ကိုယ့်ခံစားချက်ကို သိုသိပ်ရင်း ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကင်မရာလေးကို ပြန်သိမ်းခဲ့တဲ့ စာရေးသူရဲ့ စိတ်ထားလေး။
    သက်ရှိသက်မဲ့အရာအားလုံးဟာ သင်္ခါရသဘောတရားတွေမို့ ကိုယ်နဲ့သက်ဆိုင်မှုမရှိတာတော့ အသေအချာပေါ့ မလေးရေ။
    နှုတ်ဆက်တယ်ဆိုတာ ခွဲခွာခြင်းအတွက် စရံသပ်ခြင်းလို့ဖတ်ဘူးတယ်။

    Comment by တီတင့် — October 16, 2014 @ 6:07 pm

  3. ကိုယ်တိုင်ဆိုင်လေးကို ထိုင်ကြည့်နေရသလိုပဲ

    Comment by ဆွေလေးမွန် — October 16, 2014 @ 9:07 pm

  4. မလေး စာလေးကို အားပေးသွားကြသော ပစ်ပစ်၊ တီတင့်နဲ့ ဆွေလေးမွန် တို့ကို ကျေးဇူးတင် ချစ်ခင်လျှက်…

    Comment by မလေး — October 17, 2014 @ 1:19 pm

  5. အခြေအနေတွေကပြောင်းသွားတာလား။ ကြီးတော်တို့ကဘဲခောတ်မမှီတော့တာလား။လားပေါင်းများစွာနဲ့ ထောက်ခံပါတယ်။

    Comment by ထိပ်ထား — October 20, 2014 @ 12:43 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------