♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 23, 2014

ကျောင်းတစ်နေ့

Filed under: my notes, စာစု, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 3:45 pm

 leaves.jpg

နွေအကုန် ဆောင်းအကူးကာလ စက်တင်ဘာနှောင်းသည် လွမ်းစရာကောင်းနေပြန်သည်။

ဆောင်းဦးကို အကြိုထောက်တော့မည့် သစ်ပင်တို့သည် သူတို့၏ အရွက်များကို ချွေချမြေခစေတော့ပြန်မည်။ အနီရင့်၊ အဝါနု၊ လိမ္မော်၊ ပန်းနု၊ အညိုစိမ့်၊ အစိမ်းပြာ စသည်စသည် စုံလှသည့်အရောင်များသည် သဘာဝအလှကို ချစ်မြတ်နိုးတတ်သူတို့ရင်ကို ရစ်မူးစေနိုင်လွန်းသည် မဟုတ်ပါလား။

လူသူကင်းရှင်းတိတ်ဆိတ်လှသော လမ်းများပေါ်ရှိ ရွက်ကြွေတောများထဲ အတွေးတစ်ခုခုကို ရင်မှာပိုက်ရင်း ရွက်ကြွေများကြား ရှပ်တိုက်လျှောက်ရသည့် ခံစားချက်၊ ရွက်ကြွေတို့၏ အသံတိတ်ကြွေလွင့်သွားသံကို ရှာဖွေမောရသည့် မျှော်လင့်ချက်တို့ကလည်း စန္ဒယားခလုပ်ဖြူဖြူများပေါ်သို့ နှင်းဆီပွင့်ချပ်တို့ ခပ်တိုးတိုး ကြွေကျသွားသကဲ့သို့ ဖြစ်နေတတ်သေးသည် မဟုတ်ပါလား။

ရောင်စုံသစ်ရွက်တွေမြေပေါ်မှာ ပြန့်ကျဲနေသည်ကို မှတ်တမ်းတင်ချင်မိသည်မို့ မေမေ့ကို ခဏလေးလိုက်ခဲ့ပါလားဟု အဖော်ခေါ်မိသေးသည်။ သစ်ရွက်ကြွေတို့ အတော်အတန်ကြွေနေပြီဖြစ်သော တစ်ဘက်လမ်းသို့ ကားမောင်းထွက်လာခဲ့မိသည်။ လမ်းထိပ်အရောက် ကားကိုရပ်ပြီး ကားပေါ်မှ မဆင်းခင် မေမေ့ကို အကူညီတောင်းမိပြန်သည်။

‘မေမေ… ကားကို အဲဒီသစ်ရွက်တွေထဲ ဖြတ်မောင်းပေးပါနော်’

‘ဘာလုပ်ဦးမလို့လဲကွယ်..’

‘ကားအဖြတ် သစ်ရွက်တွေ ပျံလွင့်သွားတာကို ဓာတ်ပုံရိုက်ချင်လို့ပါ… နော်.. မေ၊ နော်… ဖြတ်မောင်းပေးပါ’

မေမေက လမ်းတစ်ဘက်ထိပ်သို့ မောင်းသွားစဉ်၊ လူရှင်းနေသည့်လမ်းပေါ်မှာ ဒူးတစ်ဘက်ထောက်ကာ ဓာတ်ပုံကိုအဆင်သင့်ချိန်ထားလိုက်သည်။

မေမေက ကားကိုပြန်ကွေ့လာကာ သစ်ရွက်တွေထဲ ကားဖြတ်မောင်းလိုက်သည်။ သို့သော်… အရှိန်က နှေးနေသေးသည်။

“မေ… ခပ်ပြင်းပြင်းလေး ဖြတ်မောင်းပေးပါ၊ ဒါမှ သစ်ရွက်တွေက လွင့်ပျံသွားမှာ မေမေရဲ့”

မေမေ ကားရပ်လိုက်သည်နှင့် အပြေးလေးသွားကာ ပြူတင်းပေါက်ထဲ အသာငဲ့ပြီး ပြောမိသည်။

မေမေက အလိုလိုက်ရှာသည်။ တစ်ကယ်ဆို မေမေ ကားမမောင်းတာ နှစ်တွေကြာခဲ့ပြီပဲ။ သုံးလေးငါးခါလောက် ဖြတ်မောင်းခိုင်းအပြီး စိတ်ရှည်မှုကုန်ဆုံးလာပုံရသော မေမေ့မျက်နှာရိပ်မျက်နှာကဲကြောင့် အလိုက်သိသင့်ပြီဟု ကိုယ့်ကိုကိုယ် သတိပေးလိုက်ပြီး ကားထဲပြန်ဝင်ထိုင်လိုက်သည်။

‘သစ်ရွက်တွေများ သမီးရယ်၊ မြန်မာပြည်မှာဆို အပုံလိုက်ပဲ၊ ဘာဆန်းတာလိုက်လို့’

မေ့မေ့စကားကြောင့် ခေါင်းငုံ့ပြုံးနေခဲ့မိသည်။

‘မေမေတို့ ရန်ကုန်တက္ကသိုလ်ဝင်းကြီးထဲမှာဆို ညဆို သစ်ရွက်တွေက ဝေါကနဲဝေါကနဲ လေတိုက်လို့ လွင့်သွားသံတွေဆိုတာ….’

မေမေ့မျက်နှာကို လှမ်းအကြည့် ကျန်ခဲ့ပြီဖြစ်သော အတိတ်မှလွမ်းအရိပ်တွေ ဝေနေတာကို သတိထားလိုက်မိသည်။

မေမေ့ကို အိမ်ပြန်ပို့အပြီး သမီးလေးကျောင်းဆင်းချိန် နီးပြီမို့ ကျောင်းဘက်ကို လမ်းလျှောက်ထွက်ခဲ့မိသည်။ အိမ်နှင့်ကျောင်းသည် ကားဖြင့်သွားလျှင် ၃ မိနစ်သာကြာသော်လည်း လမ်းလျှောက်သွားလျှင် ၁၅မိနစ်ခန့် ဝေးသည်။ ကျောင်းတွေပြန်ဖွင့်ကာစမို့ သမီးလေးကို ကျောင်းသွားကြိုရန် ခွင့်ယူထားခြင်းဖြစ်သည်။ သူမကိုတော့ ကြိုတင်အသိပေးမထား။

နွေကုန်ခါနီး ရာသီက အေးမြမြလေးဖြစ်လာသည်မို့ ဆွယ်တာအပါးလေးဝတ်ကာ ထွက်လာခဲ့သည်။ ဆွယ်တာအိတ်လေးထဲတွင် အိမ်သော့နှင့် ဖုန်းလေးတစ်လုံးသာ ရှိသည်။ လွတ်လတ်ပေါ့ပါးမှုကို အတိုင်းမသိ ခံစားနေရသည်။

မြောက်ဘက်တောင်တန်းများရှိရာ ကောင်းကင်ပြင်ဘက်မှ နွေကုန်ဆောင်းဦးကာလကြားရှိ အပြာရောင်လေပြေတို့က တသော့သော့။ လွန့်လူးနေသော ထင်းရူးကိုင်းများနှင့် လမ်းတစ်ဘက်တစ်ချက်ရှိ သစ်ကိုင်းနွယ်လှိုင်းများကို ငေးရင်း၊ ရွက်ကြွေတွေကြား လျှပ်တိုက်လျှောက်ရင်း၊ အတိုင်းမသိအေးမြခြင်းတို့ကို ခံစားမှတ်ထားရင်း…။

အိတ်ထဲက ဖုန်းကလေးက တုန်ယင်လို့လာသည်။
ဖုန်းလေးကိုထုတ်ကြည့်မိတော့ ရုံးမှ ဖုန်းဆက်လာခြင်းဖြစ်သည်။

‘ဟလို…’

‘ဟလို…. လက်မှတ်ထိုးမယ့် ကိစ္စတွေ မေးချင်လို့’

‘သောင်္ကြာနေ့မှ ထိုးလို့ မရဘူးလား

‘ဟင်…. ဗုဒ္ဒဟူးနေ့ ရုံးမလာဘူးလား’

‘ဖြစ်နိုင်ရင် ဗုဒ္ဒဟူးကော၊ ကြာသပတေးကော ဆက်ပြီးခွင့်ယူချင်တယ်၊ အဲဒါ လုပ်ထားပေးပါ။ စာရွက်တွေလည်း သောင်္ကြာနေ့ရုံးပြန်တက်မှ လက်မှတ်ထိုးမယ် ဖြစ်တယ် မဟုတ်လား’

‘ဖြစ်ပါတယ်၊ ဒါနဲ့…. အခု ဘာလုပ်နေတာလဲ’

‘လမ်းလျှောက်နေတာ…၊ သမီးလေးကို ကျောင်းသွားကြိုမလို့လေ၊ ဒီပတ်ဝန်းကျင်မှာ နေတာကြာလှတာတောင်၊ ခုလိုနေ့လည်ခင်းတွေရဲ့ ရှုခင်းကို တစ်ခါမှ မမြင်ဘူးခဲ့ဘူး၊ လှလိုက်တာသိလား၊ သာယာလိုက်တာဆိုတာ၊ တစ်ကယ်ဆို တို့တွေက ရုံးမှာပဲ အချိန်ကုန်နေရတာ..။ ဖြစ်နိုင်ရင် ရုံးပြန်မလာချင်တော့ဘူး၊ အိမ်ရှင်မပဲ လုပ်ချင်တော့တယ်.. သိလား’

‘မင်း အသံက အရမ်းကို မြူးနေတာပဲနော်…၊ အဲသလို အသံမျိုး ရုံးမှာ.. တစ်ခါမှ မကြားခဲ့ဖူးဘူး’

‘ရွက်ကြွေတွေထဲ လမ်းလျှောက်နေသူမို့….’

‘အိုကေ…… enjoy your day’

‘ဘိုင်….’

ဖုန်းကလေးကိုပိတ်ပြီး ကျောင်းအထိ အတွေးလေးနှင့် ဆက်လျှောက်လာခဲ့မိသည်။

လမ်းကလေးတစ်လမ်းအကျော်တွင် ထိုလမ်းကြားလေးထဲမှ ထွက်လာသော အခြားကျောင်းမှ အထက်တန်း ကျောင်းသူလေးနှစ်ဦးက နောက်မှ စကားတပြောပြောဖြင့် ပါလာသည်။

‘ဒီနှစ်က အိမ်သာသွားဖို့ ပါစ် ၁၂ ခုပဲ ရတယ်’

‘တစ်နှစ်လုံးမှ အိမ်သာတက်ဖို့ ပါစ် ၁၂ခုပဲ ရတာ ငါတို့က ဘာသွားလုပ်ရမှာလဲ’

‘အေးလေ….. အတန်းချိန် တစ်ချိန်နဲ့ တစ်ချိန်ကြားမှာလည်း ၁၀ မိနစ်နဲ့ ဘာမှ လုပ်လို့ မရဘူး… လော့ကာမှာစာအုပ်သွားလဲ၊ ရေသွားသောက်နဲ့ ပြေးနေရတာ’

‘တစ်ခါက အိမ်သာထဲမှာ လူတွေက တန်းစီနေလို့ ၂မိနစ်နောက်ကျတာ နောက်ကျတဲ့ စလစ်ရတယ်’

‘ငါကောပဲ….။ တစ်ရက်က အိုက်လို့ အနွေးထည်ကို ခါးမှာပတ်ချီထားတာ အတွင်းထဲက ကြိုးတစ်ချောင်း အကျီ င်္ဝတ်ထားရပါမလားဆိုပြီး ဆရာမက ခေါ်ပြောတာဟာ… နောက်တစ်ခါဆို ၀ါနင်စလစ်ရမယ် ပြောသေးတယ်’

‘ဟိုနေ့က မယ်ရီလိုင်း … ဘောင်းဘီတိုဝတ်လာလို့ဆိုပြီး အိမ်ပြန်လဲလိုက်ရတယ်လေ’

‘သူ့ဘောင်းဘီကတော့ တိုလွန်းပါတယ်ဟာ.. နောက် ကျောင်းချိန်ကြီး ဒီလောက်တိုနေတာ’

ကျောင်းသူလေး နှစ်ဦးက စကားတပြောပြောဖြင့် ကျော်တက်သွားလေသည်။

ခပ်ဖြေးဖြေး လျှောက်လာရင်း ကျောင်းထိပ်ရောက်တော့ ကျောင်းဝင်းတစ်ခုလုံးက တိတ်ဆိတ်နေသည်ကို သတိထားမိလိုက်သည်။ စာသင်ခန်းများအတွင်းက ကျောင်းသားများကို ပြူတင်းမှန်များကိုဖြတ်လျှက် မြင်နေရသည်။ အကြိုထောက်လာသော မိဘအချို့က အခန်းပြင်မှနံရံများကိုမှီလျှက် ရပ်နေကြသည်။ ရာသီဥတုနှင့်သင့်တင့်လျှောက်ပတ်စွာ ဂျက်ကတ်အနက်ရောင်၊ လည်ရှည်ဖိနပ်များနှင့် ဝတ်ဆင်ထားကြလေသည်။ အချို့ကလည်း အချင်းချင်း ခပ်တိုးတိုး စကားပြောနေကြသည်။ အချို့ကလည်း လက်ကိုင်ဖုန်းမှတဆင့် သတင်းနားထောင်နေကြသည်။

သမီးလေးအခန်းနားက အေးစက်စက်နံရံကိုမှီလျှက် ခပ်ဝေးဝေးက ချယ်ရီပင်များကို ငေးကြည့်နေမိသည်။ လေပြေတစ်ချက် ဖျတ်ကနဲတိုက်ခတ်လိုက်သဖြင့် ဆံနွယ်တို့ လွင့်သွားသည်။ မျက်စိထောင့်နားမှာ အရိပ်တစ်ခုတွေ့လိုက်သဖြင့် ကြည့်လိုက်စဉ်၊ ကျောင်းရုံးခန်းရှိရာ အတွင်းတံခါးဘက်မှ အမျိုးသမီးတစ်ဦးထွက်လာသည်။ ထိုအမျိုးသမီးသည် ကျောင်းသားတစ်ဦးဦး၏ မိဘဖြစ်ဟန်တူသည်။ သူမသည် အရှေ့တောင်အာရှတိုင်းပြည်တစ်ပြည်မှ ရွှေဝါရောင်အသားပိုင်ရှင် ခမာမိန်းမချောတစ်ဦးဖြစ်သည်။ အနက်ရောင်ကတ္တီပါ စကတ်နောက်ကွဲခပ်တိုတိုကြောင့် ဖြူဖွေးလှပသော ပေါင်တန်အလှတို့ကို၊ သုံးလက်မခန့်မြင့်သော ဒေါက်မြင့်ဖိနပ်က ထပ်မံ ဖေးမထားသည်။ အညိုနုရောင် suede ဖိနပ်ဖနောင့်နေရာမှာ ရွှေကြိုးများက သိုင်းပတ်ထားသည်။ ဘိစနက်ကုတ်အကျီ င်္ကို ရင်ဘတ်ဟထားသဖြင့် အတွင်းထဲက ဘလောက်အဖြူရောင်လှလှလေးကို မြင်နေရသည်။ ဆံပင်ကို ခပ်လျော့လျော့ထုံးထားကာ ခေါင်းမှာပန်းရောင်ပန်းပွင့်ကလစ်ကြီးကို တပ်ဆင်ထားသည်။ သူမထံမှ ရေမွှေးနံ့စူးစူးကို ရနေသဖြင့် မျှက်နှာလွှဲကာ ချယ်ရီပင်များဘက်သို့ အကြည့်ပို့ထားမိသည်။

ဤရာသီသည် အရောင်ရင့်ရင့်များဖြစ်သည့် အညို၊ အနက် ဂျာကင်များ၊ ဂျက်ကတ်များ၊ သားရေလည်ရှည်ဖိနပ်များ၏ အချိန်ဖြစ်သဖြင့် အရောင်စုံနေသော သူမ၏ပုံစံက ထင်းနေလေသည်။ သူမက ကျောင်းခန်းရှေ့ လူးလာခေါက်တုံ့လျှောက်နေသဖြင့်လည်း suedeဒေါက်မြင့်သံက စူးကနဲ စူးကနဲ။

နံရံကိုမှီပြီး လက်ကိုင်ဖုန်းများဖြင့် အလုပ်မရှုပ်သည့်တိုင်၊ ဖုန်းများပေါ်တွင် ကြည့်စရာမရှိသည့်တိုင် ကြည့်စရာရှိသယောင်ယောင် အလုပ်ရှုပ်နေသယောင်ယောင် ဟန်လုပ်နေကြသော ကျောင်းသားဖခင်အချို့က သူမကို မျက်လုံးလှန်ကြည့်ကြသည်။ ပြီးတော့ ခေါင်းများပြန်ငုံ့သွားကြသည်။ မည်သို့ပင်ဖြစ်စေ… လက်ကိုင်ဖုန်းများသည် တစ်ယောက်တည်း ခပ်ကြောင်ကြောင်ရပ်နေကြရသူများအတွက်တော့ အသုံးဝင်တတ်သေးသည်ဟု တွေးမိပြန်ပြီး ပြုံးလိုက်မိပြန်သည်။

ထိုအချိန်တွင် သူမကဲ့သို့သော ခမာအမျိုးသမီးတစ်ဦး ထပ်ရောက်လာပြန်သည်။ ပထမ ခမာအမျိုးသမီးကဲ့သို့ပင် ကိုယ်လုံးအလှပေါ်လွင်စေသော အနက်ရောင်ကတ္တီပါဘလောက်အကျီ င်္နှင့် စကတ်တိုတိုကိုဝတ်ဆင်ထားသည်။ ခမာအမျိုးသမီးတို့ ဝတ်လေ့ရှိသည်အတိုင်း သုံးလက်မဒေါက်ကို ဝတ်ဆင်ထားပြန်သည်။ ထိုအမျိုးသမီးနှစ်ဦးသည် မတွေ့ရသည်မှာ ဆယ်စုနှစ်ကြာခဲ့သည့်ပုံစံဖြင့် စကားများကို ရေပက်မဝင်ပြောကြလေတော့သည်။ အရှိန်တက်လာသည်မှာ ပို၍ပို၍ ကျယ်လာပြီး၊ တစ်ချက်တစ်ချက်လည်း ဝါးလုံးကွဲရယ်မောလိုက်သည်။

မြေပြင်ပေါ်က ကျောက်တုံးလေးကို ဖိနပ်ဦးဖြင့် တို့ထိနေမိရင်း … ကျယ်လောင်လာသော အသံများကြောင့် ပတ်ဝန်းကျင်ကို ခေါင်းငဲ့ကြည့်အကဲခတ်မိတော့၊ ရှေ့တည့်တည့်မှာရပ်နေသော သိုးဆောင်းအမျိုးသမီးတစ်ဦးက မျက်မှောင်ကြုံ့ကာ ထိုအမျိုးသမီးနှစ်ဦးကို ကြည့်နေသည်ကို တွေ့ရလေသည်။ သိုးဆောင်းအမျိုးသမီးကြီးသည် ခန္ဒာကိုယ်အနည်းငယ်ထွားကျိုင်းသည့်အပြင်၊ ဆံပင်ကိုလည်း ပြောင်သိမ်းကာ နောက်မှာစုပြီးချည်ထားသည်။ ပေါင်ကိုကား၊ လက်နှစ်ဘက်ကိုပိုကရပ်ကာ ထိုအမျိုးသမီးနှစ်ဦးကို စိုက်ကြည့်နေခြင်းဖြစ်သည်။ ခမာအမျိုးသမီးနှစ်ဦးသည် ကျောင်းပြတင်းပေါက်နားကပ်ရပ်ကာ မရပ်မနားပြောသည်မှာ ပို၍ပို၍ကျယ်လာသဖြင့် ဆရာမတစ်ဦးက အခန်းထဲမှနေ၍ ပြတင်းတံခါးကို လှမ်းပိတ်လိုက်သည်ကို မြင်လိုက်ရသည်။ ကြားထဲက သက်ပြင်းခပ်တိုးတိုးချမိသည်။ ပြီးတော့…. ချယ်ရီပင်များကို ဆက်ငေးနေမိသည်။

ထိုအချိန်တွင် ကျောင်းမျက်နှာကြက် စပီကာများမှ ကျောင်းအုပ်ဆရာကြီး၏ အသံ ဆက်တိုက်ထွက်လာတော့သည်။ ကျောင်းအုပ်ဆရာကြီးမှ ကျောင်းသားမိဘများကို နှုတ်ဆက်စကားနှင့် မှာကြားစရာရှိသည်များ မှာကြားပြောဆိုနေခြင်းဖြစ်သည်။

တစ်နွေကုန်၍ တစ်ဆောင်းသစ်မည်ဖြစ်ကြောင်း၊ ပြန်ဆုံရသည်မှာ ကြည်နူးဝမ်းသာကြောင်း၊ ကလေးများကို သူတို့လည်း မိဘများနှင့်အတူ အတူလက်တွဲဂရုစိုက်ကြမည်ဖြစ်ကြောင်း၊ အာဟာရရှိသော အစာများကိုသာ နေ့လည်စာအဖြစ် ထမင်းဘူးထုတ်ပေးစေလိုကြောင်း၊ အချိုရည်များ၊ မြေပဲစေ့များ၊ မြေပဲယိုများ မထည့်ပေးစေလိုကြောင်း၊ ကားများကိုလည်း သတ်မှတ်ထားသော နေရာမှာသာ ရပ်စေလိုကြောင်း၊ ဆရာ-ဆရာမများ ရပ်သည့်နေရာတွင် ဝင်ရောက်ပြီး မရပ်စေလိုကြောင်း၊ အကြောင်းထူး ရှိသော်ရှိ - မရှိသော်ရှိ အပတ်စဉ် အီးမေးပို့ကာ အကြောင်းကြားမည်ဖြစ်ကြောင်း၊ အီးမေးကို မှန်မှန်ဖွင့်ဖတ်စေလိုကြောင်းမှ အစ…. ဆရာ-မိဘ ဆွေးနွေးပွဲများ၊ အစည်းဝေးပွဲများ၊ လမ်းလျှောက်ပွဲများ၊ အိမ်ရှိပုလင်းခွံများကို စုပေါင်းရောင်းချပြီး ရံပုံငွေကိစ္စ၊ အလှူအတန်းကိစ္စများအထိ ခရေစေ့တွင်းကျ ကြေငြာပြောဆိုနှုတ်ဆက်နေလေသည်။

ကျောင်းအုပ်ကြီး စပီကာမှတဆင့်ပြောနေသည်ကို မိဘများက ငြိမ်ဆိမ်တိတ်ဆိတ်စွာဖြင့် စိတ်ဝင်တစားနားထောင်နေသော်လည်း ထိုအမျိုးသမီးနှစ်ဦးကတော့ ရေပက်မဝင် စကားများဆက်ပြောနေဆဲပင်ဖြစ်သည်။ လက်ဟန်ခြေဟန်များပင် ပါလာကာ၊ တစ်စုံတစ်ယောက်ကို မကျေနပ်သည့်ပုံများပင် ဖြစ်လာတော့သည်။ မကျေနပ်နေသည့်လေသံများကြားမှ တစ်ချက်တစ်ချက် ဝါးလုံးကွဲ ထရယ်လိုက်သေးသည်။

သူတို့အသံကြောင့် ကျောင်းအုပ်ကြီးပြောသည်ကို မကြားရသဖြင့် စပီကာတည့်တည့်အောက်သို့ မသိမသာ ရွေ့လာမိသည့်တိုင် ကျောင်းအုပ်ကြီးအသံက ထိုအမျိုးသမီးနှစ်ဦးအသံကို မဖုံးနိုင်ရှာ။ အရပ်မောင်းကောင်းကောင်း သိုးဆောင်းမကြီးလည်း မျက်နှာပျက်ကာ ထိုခမာအမျိုးသမီးနှစ်ဦးကို ကျောပေးလက်ပိုက်ပြီး ကားကားကြီး ရပ်နေရရှာသည်။ မျက်မှောင်ကြုံ့ကာ အံကြိတ်ရင်း စပီကာမှ ကျောင်းအုပ်ကြီးအသံကို အားတင်းနားထောင်နေရပုံရသည်။

ကျောင်းအုပ်ကြီးကလည်း ပြောရင်းပြောရင်း အရှိန်တက်လာကာ အသံပိုကျယ်လာသည်။ ကျောင်းအုပ်ကြီးအသံပိုကျယ်လာသည်နှင့်အမျှ ထိုခမာအမျိုးသမီးနှစ်ဦးကလည်း ကျောင်းအုပ်ကြီးအသံကို ဖုံးလွှမ်းအောင်ကို ပို၍ကျယ်ကျယ်ပြောသည်။ တစ်ယောက်က နံရံကို ညာလက်ဖြင့်ထောက်ကာ ဘယ်လက်က သူမခါးသိမ်သိမ်လေးကို ထောက်.. ခြေကိုယှက်.. ဟန်ပါပါရပ်နေရင်း … ဆံပင်ခါကာ ခေါင်းမော့ ရယ်လိုက်သေးသည် မဟုတ်ပါလား။ ပတ်ဝန်းကျင်မှ မိဘများအားလုံးကတော့ စိတ်ညစ်နေသည့် မျက်နှာများဖြင့် ကွက်ကြည့်ကွက်ကြည့်။

သိုးဆောင်းမကြီးမှာ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ခမာအမျိုးသမီးနှစ်ဦးဘက်ကိုလှည့်ကာ ‘ရူးးးး’ ဟု ဆိုကာ လူဆိုးမကြီး လုပ်လိုက်ရလေသည်။ ဤဒေသတွင် ထိုကဲ့သို့ ‘ရူးးးး’ သည်မှာ အလွန်မယဉ်ကျေးသော လုပ်ရပ်ဖြစ်သော်လည်း သိုးဆောင်းမကြီးမှာ မခံနိုင်တော့သည့်အဆုံး … ‘ရူးးးး’ လိုက်ရပုံရလေသည်။ ထိုသို့ ‘ရူးးးး’ လိုက်သည့်တိုင်…. ခမာအမျိုးသမီးနှစ်ဦးမှာ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသည်ကို မသိနိုင်အား၊ ဂရုမစိုက်နိုင်အားလောက်အောင် တစ်စုံတစ်ယောက်အကြောင်းကို တွင်တွင် ပြောနေကြပုံရသည်။

အားလုံးကိုမြင်နေတွေ့နေခံစားနေရသည်မှာ မတတ်နိုင်တော့သဖြင့် ရယ်လိုက်မိသည်မှာ အသံခပ်တိုးတိုးထွက်သွားသည်။

ကျောင်းခေါင်းလောင်းသံ ကြားရလေပြီ။
အခန်းတံခါးတို့ ပွင့်လာသည်။
ကျောင်းသားတို့ စည်းကမ်းတကျ တန်းစီပြီးထွက်လာကြသည်။

လူအုပ်ကြားထဲမှာ မျက်နှာသေးသေးလေးတစ်ခုက အံ့သြဝမ်းသာသွားသည့် မျက်ဝန်းတောက်တောက်လေးများဖြင့် ကြည့်လာသည်။

အနားကို အိနြေ္ဒလေးဖြင့် ရောက်လာကာ မော့ကြည့်လာသည်။

‘မေမေ…. လာကြိုတယ်နော်…’
သူမလက်ဖဝါးလေးများကို ဆုပ်ကိုင်လိုက်မိသည်။

နွေးထွေးသော လက်ဖဝါးလေးများကို ညှစ်ကိုင်လိုက်ကာ အသာယာခေါင်းငုံလျှက် ဖွဖွလေး နမ်းလိုက်သည်….။

ကျောင်းတစ်နေ့သည် နွေးထွေးလွန်းလှပေသည်။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

7 Comments »

  1. ခမာအမျိုးသမီးနှစ်ယောက်အကြောင်း ဖတ်မိတော့ ‘မရှိတာထက် မသိတာခက်’ ဆိုတဲ့အတွေးလေး ခေါင်းထဲဝင်လာတယ်….
    နွေးထွေးလွန်းတဲ့ ကျောင်းတစ်နေ့အကြောင်းလေးကို ဆောင်းအကူး သရုပ်ဖော်လေးနဲ့အတူ ခံစားဖတ်သွားပြီ မလေးရေ…

    Comment by တီတင့် — September 23, 2014 @ 6:57 pm

  2. ခမာ အမျိုးသမီး နှစ်ယောက်အကြောင်းဖတ်မိတော့
    ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင်မနေတတ်သူများလို့
    မြင်မိတယ်…သမီးလေးရဲ့ ကျောင်းတနေ့တာက အမေတယောက်
    တယောက်ရဲ့ မေတ္တာရိပ်တွေနဲ့ လွှမ်းခြုံ ထားတော့
    နွေးထွေးနေလိုက်တာ..

    ခင်မင်လျှက်.. ပစ်ပစ်

    Comment by ပစ်ပစ် — September 24, 2014 @ 2:54 am

  3. ဖတ်သူ ရင်ထဲထိတောင် နွေးထွေးသွားတယ် မလေး။

    Comment by ဇွန်မိုးစက် — September 24, 2014 @ 6:36 am

  4. ကျေးကျေးညီမ ဖတ်သွားပြီ

    Comment by shwezinoo — September 24, 2014 @ 7:13 am

  5. ရေးထားတာလေးဖတ်ရင်း ကိုယ်တိုင် ကျောင်းဝန်းထဲ ရောက်နေသလို ခံစားသွားမိတယ် မလေး……
    အလိုက်သိတတ်မှုဆိုတာ နေရာတိုင်းမှာ အရေးကြီးတာ တချို့တွေ မေ့နေကြတတ်ပါတယ်။ မိတ်ဆွေ၊ မိဘနဲ့ သားသမီး၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုး၊ သူစိမ်း၊ ဇနီးမောင်နှံ စတဲ့ လူတွေအချင်းချင်းကြားထဲမှာပေါ့။

    နောက်ပြီး… ဒီလိုဖတ်ရတော့လည်း သူတို့ဆီကကျောင်းတွေက စည်းကမ်းတင်းကျပ်တာကို တွေ့လိုက်ရတယ်…
    ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့အတိုင်း ထင်နေမိတာကိုး…. :D :D

    ခင်မင်စွာ….
    ကိုဏီ

    Comment by ဏီလင်းညို — September 24, 2014 @ 8:36 pm

  6. အလိုက်ကမ်းဆိုးမသိတဲ့သူတွေကြားမှာနေရတာသိပ်စိတ်ကျဉ်းကြပ်တယ်လို့ခံစားရတယ်

    အဲဒီမှာလဲ မြန်မာပြည်နဲ့မတူတဲ့စည်းကမ်းလေးတွေရှိနေတာ သိလိုက်ရတာစိတ်ထဲကျေနပ်မိတယ် ဘာကြောင့်လဲမသိဘူး
    မြန်မာပြည်မှာတော့ လက်ညိုးလေးထောင်ထောင်ပြီး အားရင်လစ်နေတာ

    Comment by မဒမ်ကိုး — September 26, 2014 @ 2:49 am

  7. ကျနော်လည်း နက်ဖန်ကျ သမီးကို ကျောင်းသွားကြိုအုံးမှပါပဲ ဒီလိုတော့ စာတစ်ပုဒ်ထွက်လာမှာမဟုတ်း) ။

    မလေးက ပတ်ဝန်းကျင်လေ့လာမှုအားကောင်းတယ် အသံတွေကိုကြားနိုင်စွမ်းမြင့်မားတယ်

    Comment by MgMyo — September 26, 2014 @ 8:36 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------