♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

September 10, 2014

“ကြိမ်လုံးမဲ့ အပြုံး”

Filed under: ယဉ်ကျေးလိမ္မာကလေးဂျာနယ်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:35 am

ကျမ လေးတန်းကျောင်းသူဘဝပါ။ ကျောက်သင်ပုန်းရှေ့မှာ စာမရတဲ့ ကျောင်းသားတွေကို သမိုင်းဆရာက ကြိမ်လုံးနဲ့ ရိုက်နှက်ဆုံးမလို့ ပြီးတာ မကြာသေးဘူး၊ အနောက်ဘက်အပေါက်ကနေ သူငယ်တန်းတက်ခါစ ညီမလေးက ဝင်လာပြီးတော့ ကျမတို့ရဲ့ ခုံအောက်မှာ ပုန်းနေခဲ့တယ်။ ခဏကြာသော အတန်းပိုင်ဆရာမနဲ့ ကျောင်းအုပ်ဆရာကြီးကိုယ်တိုင် သူ့ကိုလာချီယူသွားရတယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ ညီမလေး ဆွဲကြလွဲကြနဲ့ နောက်ဆုံး ညီမလေးဟာ ဆရာကြီးရဲ့ ပခုံးပေါ် ပါသွားတယ်။ သူမငိုသံဟာ အတန်းထဲမှာ ဝေ့ဝဲကျန်ခဲ့တယ်။

အဲဒီ မနက်ကလည်း သူငယ်ချင်းညီမလေးတစ်ယောက် ကျောင်းမတက်ချင်လို့ လာပို့တဲ့မိဘတွေရဲ့ကားဘီးကိုဖက်ပြီးငိုနေခဲ့တာကို မြင်ခဲ့ရသေးတယ်။ ကျမတို့ကိုယ်တိုင်လည်း ငယ်စဉ်ကလေးဘဝတုန်းက ကျောင်းမတက်ရဘူးဆိုရင် ပျော်ခဲ့ဘူးတယ်။ အထူးသဖြင့် ရိုက်နှက်ဆုံးမတတ်တဲ့ ဆရာတွေ ဆရာမတွေ နေမကောင်းလို့ မလာရင် ပျော်သလား မမေးပါနဲ့။

ကျောင်းသားမိဘတွေကိုယ်တိုင်ကလည်း ဆရာဆိုရင် အရိုက်ကြမ်းတဲ့ဆရာတွေမှ စည်းကမ်းရှိတယ်လို့ ယူဆခဲ့ကြဖူးကြတယ်လို့ ကျွန်မထင်တယ်။ အဲသလိုဆရာတွေရဲ့ လက်မှာပဲ ပညာသင်ယူစေချင်ပုံရတယ်။

ဒီလိုနဲ့ရေခြားမြေခြားမှာ သမီးကလေးကို သူငယ်တန်းပို့ရတဲ့ အချိန်ရောက်လာခဲ့တယ်။ အင်္ဂလိပ်စကားပြောတိုင်းပြည်မှာ သမီးကလေးဟာ သူငယ်တန်းတက်တဲ့အထိ မြန်မာစကားကိုသာ သိခဲ့တယ်။ စိုးရိမ်ပူပန်နေတဲ့ ကျွန်မဟာ ညနေကျောင်းဆင်းပြန်လာတဲ့ သမီးရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ‘ဒီနေ့ဘာသင်လဲ’ လို့ သမီးလေးကို မေးတော့၊ “နတ်သင်း” (nothing) လို့ပဲ ဖြေတယ်။ ဒီလိုနဲ့ ဒုတိယနေ့၊ တတိယနေ့တွေမှာလည်း ‘နတ်သင်း’ပဲ ဖြေတယ်။ အခြား တူမလေးတွေနဲ့ နီးစပ်ရာကလေးတွေကို မေးတော့လည်း ‘နတ်သင်း’ ပဲ။ အဲသလို ‘နတ်သင်း’ လာလိုက်ကြတာ စာသင်နှစ် ငါးပုံတစ်ပုံလောက်ထိ ရောက်လာတယ်။ ကျမမှာတော့ အဲဒီ ‘နတ်သင်း’ အတွက် ရင်တမမ။ စာသင်ခန်းကို လိုက်ကြည့်တော့လည်း ကလေးတွေဟာ ဆိုဖာလိုခုံတွေပေါ်မှာထိုင်ပြီး စာအုပ်ဖတ်နေသူတွေက ဖတ်၊ ပုံတွေဆွဲနေသူတွေကဆွဲ၊ ရောင်စုံချယ်နေသူတွေက ချယ်နဲ့၊ လုပ်ချင်တာ လုပ်နေကြသလိုပဲ။ ကျမတို့ငယ်စဉ်က စည်းကမ်းနဲ့ ဆီနဲ့ရေလို ခံစားခဲ့ရတယ်။ ဆရာ/ဆရာမတွေ လက်ထဲမှာလည်း ကြိမ်လုံးတွေ မတွေ့ရတဲ့အပြင်၊ မျက်နှာမှာလည်း အပြုံးတွေကိုသာ တွေ့ခဲ့ရတယ်။ ကျမအတွက်ကတော့ လျော့တိလျော့ရဲ စည်းကမ်းတွေမို့ စိတ်ထဲမှာ သိပ်သဘောမတွေ့ခဲ့ဘူး။

တစ်နေ့တော့ သမီးလေးဖျားလို့ ကျောင်းခွင့်ယူရတယ်။ အဲဒီမှာ သမီးလေးဟာ ကျောင်းမသွားရလို့ အာခေါင်ခြစ်ပြီး ငိုတော့တာပါပဲ။ သမီးလေးလိုပဲ အခြားကလေးတွေဟာ အကြောင်းကြောင်းကြောင့် ကျောင်းမတက်ဖြစ်ကြတဲ့အခါ ကျောင်းတက်ချင်လွန်းလို့ ငိုကြတယ်လို့ သိလာရတယ်။ အဲသလိုနဲ့ စာသင်နှစ် ငါးပုံတစ်ပုံလောက်ကစပြီးတော့လည်း သမီးဆီက ‘နတ်သင်း’ ကို မကြားရတော့တဲ့ အပြင်၊ ကျောင်းမှာသင်လာသမျှစာတွေကို မိဘက မမေးရဘဲ စိတ်ဝင်တစားနဲ့ မိဘတွေကို တတွတ်တွတ် ပြန်ပြောပြတတ်လာတယ်။ နံနက်တိုင်း ကျောင်းသွားရဖို့ကို တက်ကြွပျော်ရွှင်နေတတ်တယ်။ အကြောင်းအရာတစ်ခုကို မိဘနဲ့ဆွေးနွေးပြောဆိုတတ်လာအောင် သူငယ်တန်းလေးတွေကစပြီး မျိုးစေ့ချပေးလိုက်ပြီ၊ ကျောင်းပျော်တွေဖြစ်အောင် အဲဒီအရွယ်လေးတွေကတည်းက လေ့ကျင့်ပေးလိုက်ပြီဆိုတာကို အဲဒီမှာ ကျမ သဘောပေါက်လိုက်တယ်။

ကျောင်းတွေမှာ ကလေးတွေကို ရိုက်နှက်ပြီးတော့မှ စာသင်တဲ့ပညာရေးကို အရင်ဆုံးတားမြစ်ခဲ့တဲ့ တိုင်းပြည်ကတော့ ပိုလန်နိုင်ငံဖြစ်တယ်။ ၁၇၈၃ ခုနှစ်ကတည်းကပါ။

ကနေဒါနိုင်ငံမှာတော့ ပြည်နယ်နဲ့လိုက်ပြီး နှစ်တွေမတူပါဘူး။

ကျမနေထိုင်ရာ ဘီစီပြည်နယ်မှာ ၁၉၇၂ခုနှစ်ထိ ကလေးတွေကို တုတ်၊ ခါးပတ် စသည်နဲ့ လက်နဲ့တင်ပါးကို ရိုက်ခွင့်ရှိခဲ့တယ်။ မိဘတွေကိုယ်တိုင်ကလည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၇၃ ခုနှစ်မှစပြီး ကျောင်းသားများကို ရိုက်နှက်ဆုံးမခြင်းကို ဥပဒေနဲ့ ပိတ်ပင်ခဲ့ပါတယ်။

ဂရိတိုင်းပြည်မှာ မူလတန်းကလေးများကို ရိုက်နှက်ခွင့်ကို ဥပဒေအရ ၁၉၉၈ မှာ ပိတ်ပင်ခဲ့ပါတယ်။

အီတလီနိုင်ငံမှာ ၁၉၂၈ ခုနှစ်ကတည်းက ပိတ်ပင်ခဲ့ပြီး၊ အိုင်ယာလန်မှာတော့ ၁၉၈၂ ခုနှစ်၊ စပိန်နိုင်ငံ ၁၉၈၅၊ ဆီဒင်နိုင်ငံ ၁၉၂၈ အသီးသီးတို့ဖြစ်ကြပါတယ်။

အိုင်ယာလန်တိုင်းပြည်မှာ ၁၉၉၆ခုနှစ်မှာတော့ ပိတ်ပင်ရုံတင်မကဘဲ ရာဇဝတ်မှုအဖြစ် မြှင့်တင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၀၅ ခုနှစ်မှစပြီး ကလေးများကို ရိုက်နှက်ခြင်းဟာ တရားမဝင်ဘူးလို့ ကြေငြာခဲ့ပါတယ်။

ဆရာ-ဆရာမတွေအတွက်လည်း ကလေးတွေကို ထိန်းရသိမ်းရတာ မလွယ်လှပါဘူး။

ရိုက်နှက်ပြောရတာ ရေတိုပြဿနာ ပြေရှင်းကောင်း ပြေရှင်းသွားနိုင်ပေမယ့် ရေရှည်ပြဿနာဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။ ကျောင်းစတက်စဉ် ပထမ ရက်တွေမှာ ကျောင်းဆိုတာ ပျော်ရွှင်စွာ စာသင်ကြားနိုင်တဲ့ နေရာဆိုတာ ကလေးတွေ ခေါင်းထဲဝင်သွားအောင် လုပ်ရပါမယ်။ အဲဒီအတွက်လည်း စာရေးကိရိယာများမှ အစ၊ ရောင်စုံခဲတံ၊ အခြားရောင်စုံပညာပေး ကာတွန်းလေးများ၊ ကစားစရာ အရုပ်ကလေးများမှ အဆုံး ကျောင်းပိုင်ပစ္စည်းများ လိုအပ်ပါတယ်။ ကလေးတွေ ကျောင်းပျော်ဖြစ်လာအောင် ကျောင်းတွေမှ ဖန်တီးပေးနိုင်ရပါမယ်။ ထိုသို့ ဖန်တီးနိုင်ဖို့ကိုလည်း ဆရာ-ဆရာမများကို နောက်မှ ထောက်ပံ့ပေးမည့် အစိုးရထံမှ အကူအညီများလည်း ဒီထက်ပိုပြီး ရလာလိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။

ကျောင်းများမှာ ကြိမ်လုံးမဲ့အပြုံးများနှင့် ပြည့်လျှံရုံမက၊ အနာဂတ်ကြယ်ပွင့်လေးများ နေထိုင်ရာအိမ်တွေမှာလည်း ကျောင်းတက်ရမှာ ကြောက်လို့ ငို့သည့်အသံများ မဟုတ်ဘဲ၊ ကျောင်းမတက်ရလို့ ငိုသည့်ငိုသံများနှင့်သာ ပြည့်စေလိုလှပါသည်။

(ယဉ်ကျေးလိမ္မာကလေးဂျာနယ် ၉နှစ်ပြည့်၊ စက်တင်ဘာလ ၂၀၁၄)

လေးစားစွာဖြင့်
အိမ့်ချမ်းမြေ့

yinkyaye.jpg

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

20 Comments »

  1. လေးတန်းကျောင်းသူ ဘ၀ က အလီပေါင်းကို ၁၂ ထိ အလီလီအခေါက်ခေါက် နှုတ်တိုက်ရွနေအောင် ကျက်ရယုံ မက ၊ တရက်တော့ ဆရာက..အလီပေါင်းကို..နောက်က ပြန်ပြီး ပြောင်းပြန်မေးမယ်ဆိုလို့ စိတ်ညစ်ခဲ့ရတာ မှတ်မိ ။ ဒီမှာ မိတ်ဆွေ တယောက်ရဲ့ ကလေး ၇ နှစ်လောက်ကလေးကို တခါသားတော့ စိတ်ထဲစွဲစွဲလန်းလန်း ဖြစ်လို့ - သမီးတို့ အလီ ကျက်ရလား ဆိုတော့ ဟင့်အင်း တဲ့ ။ Times Table လို့ ရအောင် မနည်း မေးယူရတယ်။
    အိမ်စာတွေ မလုပ်ရ ၊ အမှတ်ပေး အကဲဖြတ်တာတွေ မရှိတော့ ၊ သမီးတို့ အတန်းထဲမှာ ဘယ်သူ အတော်ဆုံးလည်း ရှိလား လို့ ထပ်မေးတော့ - မလေး သမီးလေး ရဲ့ နပ်သင်း လိုပဲ nobody is smart တဲ့။

    Comment by K — September 10, 2014 @ 1:23 am

  2. nobody is smart!! lolz.. :)))

    Comment by မလေး — September 10, 2014 @ 1:47 am

  3. ဒီမှာလည်း အတူတူပဲ မလေးရေ…၊ ကျောင်းသွားရမယ်ဆိုရင် ကလေးက ပျော်လွန်းလို့…၊ သားကို ကျောင်းလိုက်ပို့တဲ့ မနက်ခင်းတိုင်းမှာ ကျောင်းမတက်ချင်လို့ မိဘကို တွယ်ကပ်ပြီး ငိုနေတဲ့ ကလေးမျိုး တခါမှ မတွေ့ဖူးသေးဘူး…၊ ပြုပြင် ပြောင်းလဲရေးကာလလို့ တစာစာ ကြွေးကြော်နေကြတဲ့ ခုခေတ်မှာ မြန်မာနိုင်ငံက စာသင်ခန်းတွေကိုလည်း ကြိမ်လုံးကင်းမဲ့ဇုန် အဖြစ် မြင်ချင်လှပါပြီ…။

    Comment by ညီလင်းသစ် — September 10, 2014 @ 3:19 am

  4. တက်ခဲ့ရတဲ့ ကျောင်းပေါ်မူတည်ပြီး ကျောင်းပျော်ကလေးနဲ့ ကျောင်းမပျော်တဲ့ကလေး ကွာသွားတယ်ထင်တယ် မလေး။ ဇွန့်တုန်းက ကျောင်းအရမ်းပျော်ခဲ့တယ်။ လသာ၂မှာ သူငယ်တန်းက စတတ်တာ၊ တက်တက်ချင်း တစ်ပတ်လုံး ဘာစာမှ မသင်ရဘဲ အိပ်လိုက်၊ စားလိုက်၊ ကစားလိုက်၊ ကဗျာတွေရွတ်လိုက်နဲ့ဆိုတော့ ကျောင်းသွားရမှာကိုတော့ အရမ်းပျော်ခဲ့တယ်။ မောင်လေးကတော့ ငယ်ငယ်ကတည်းက ကျောင်းမပျော်လို့ ကျောင်းသွားခါနီးတိုင်း ငိုတယ်။ မြန်မာပြည်က ကလေးတော်တော်များများလည်း ငိုကြတာ တွေ့ရတယ်။ ၂၀၀၃လောက်က ဘီဘီစီမှာ အစီအစဉ်တစ်ခု ကြည့်ရတယ်။ အဲဒီထဲက presenter မိန်းကလေးက ထိုင်းကိုရောက်သွားတယ်။ ထိုင်းက ရွာတစ်ရွာရဲ့ မူလတန်းကျောင်းအရှေ့မှာ ကျောင်းလာတဲ့ ကလေးလေးတွေကို အင်တာဗျူးတယ်။ သူက ကျောင်းမတက်ချင်လို့ ငိုယိုနေတဲ့ မိန်းကလေးကို ချော့ပြီး သမီးက ဘာလို့မတက်ချင်ရတာလဲ၊ ကျောင်းဆိုပျော်စရာချည်းပဲလို့ ပြောတယ်။ အဲဒီမှာ အရှေ့နဲ့အနောက် ကျောင်းသားဘ၀ ကွာခြားပုံကို ဇွန် သဘောပေါက်သွားတာပဲ။ အခုမြန်မာပြည်က ကလေးတွေက ဇွန်တို့တုန်းကထက် ပိုသနားဖို့ကောင်းတယ်။ ကြိမ်လုံးနဲ့ အရိုက်ခံရ၊ မခံရတော့ မသိဘူး၊ မိုးလင်းက မိုးချူပ် ကျောင်း၊ စာ၊ ကျူရှင်၊ စာ၊ ဂိုက်၊ စာ နဲ့ဖြစ်ပြီး ကစားချိန်၊ နားချိန်၊ ကလေးပီပီ စိတ်ကူးစိတ်သန်းတွေ ဖြန့်ကျက်ဖို့ အချိန်တောင် မရရှာဘူး။ ပညာရေးစနစ်တင်မကဘဲ မိဘ၊ ဆရာတွေရဲ့ လက်ရှိဆုပ်ကိုင်ဆွဲယူချက်တွေ အားလုံးကို မြေလှန်ပစ်မှရမယ် မလေးရေ။

    Comment by ဇွန်မိုးစက် — September 10, 2014 @ 10:27 am

  5. မြန်မာပြည်မှာကတော့ ခုချိန်ထိအောင်
    ရိုက်တုန်းဘဲ မလေးရေ
    တခါတလေ သတင်းတွေဖတ်ရတယ်..
    ကလေးလေးကို ဆရာမကရိုက်ထားတာလိုက်တာ
    တင်ပါးမှာ အရှိုးရာကအပြားလိုက် …
    အဲဒီပုံနဲ့သတင်းက facebook တက်လာမှ
    လူတွေက ဝိုင်းဆဲ ဝိုင်းဝေဖန် နဲ့….
    ခက်တာက ဆရာတွေကိုယ်တိုင်ကလည်း
    တပည့်ဆိုရင် ရိုက်ပိုင်ခွင့် ရှိတယ်လို့
    သတ်မှတ်ထားတာကဆိုးတယ်..

    Comment by ပစ်ပစ် — September 10, 2014 @ 10:56 am

  6. မလေးကတော့ လသာ၂ ရောက်တော့ မပျော်တော့ဘူး… မလေး တက်ခဲ့ဖူးတဲ့ ပကာသနမဲ့တဲ့ ကျောင်းလေး နဲ့ ဆရာ/မတွေကိုပဲ လွမ်းနေမိတယ်။ လသာ၂က ဆရာမတွေထဲ သဘောကောင်းတဲ့ ဆရာမတွေ အများကြီး ရှိပေမယ်… မလေးကြုံရတဲ့ ဆရာမတွေကတော့ သဘောမကောင်းဘူး ဇွန်…
    မလေးက အခြားကျောင်းက ပြောင်းလာတော့… မလေးကို G တန်း ပို့လိုက်တယ်။ ဇွန်သိတဲ့ အတိုင်း လသာ၂က G, H, I တန်း ဆိုတာ စာသိပ်မတော်သူတွေကို ထားတာ.. အဲဒီမှာ တစ်နှစ်နေလိုက်ရတာ ဆရာမတွေရဲ့ discriminate လုပ်တတ်ခြင်းတွေကို ကောင်းကောင်း သိမြင်ခဲ့ရတယ်။ နောင်နှစ်ကျ တစ်ခါတည်း တန်းပြီး A ကိုလည်းရောက်ကော ဆရာမတွေက အရမ်းကို ကောင်းနေသလိုပဲ။ မိဘဘယ်သူဆိုတာအပေါ်မှာလည်း မူတည်နေတတ်သေးတယ်…

    စိတ်ထားကောင်း တရားမျှတတဲ့ ဆရာမတွေ ရှိသလို…. မိဘ၊ ဂုဏ်၊ ငွေ ပေါ်လိုက်ပြီး အရောင်ပြောင်းတတ်တဲ့ စာသင်ကြားသူတွေ…. အထူးသဖြင့် ကလေးတွေကို သူတို့စိတ်နဲ့ မတွေ့တိုင်း ရိုက်နှက်ဒဉ်ပေးတတ် တဲ့ ဆရာ/မတွေကို လူ့အဖွဲ့စည်းက ဒီတိုင်း ကြည့်နေဖို့ မသင့်တော့ဘူး။

    ပစ်ပစ်.. တော်သေးတယ်.. ခေတ်ကပြောင်းလာတော့ အရင်တုန်းကဆို…. ဘာလုပ်လုပ် ခေါင်းငုံ့ခံနေရတာ.. ဆင်းရဲတဲ့ မိဘတွေရဲ့ ကလေးတွေဆို ပိုပြီး ခံရရှာမှာ..

    ဒီဘက်တိုင်းပြည်တွေမှာလည်း ခါးပတ်နဲ့ ရိုက်တာတွေ ရှိခဲ့တယ်.. ဒါပေမယ့် လူ့အသိုင်းဝိုင်းက သူတို့ကလေးတွေကို ဒီလိုလုပ်တာကို လက်ပိုက် မကြည့်တတ်ကြတော့ ဥပဒေတွေ ထွက်လာတော့တယ်… ကလေးလေးတွေ သက်သာရာ ရလာတယ်…

    စိတ်ထားကောင်း တရားမျှတတဲ့ ဆရာ/မတွေတော့ အစဉ်လေးစားလျှက်..

    Comment by မလေး — September 10, 2014 @ 11:44 am

  7. အတွေးလေးကောင်းတယ် မလေးရေ.. ‘ကြိမ်လုံးမဲ့ အပြုံး’…
    နှလုံးသားနုနုကလေးငယ်လေးတွေကို ရိုက်နှက်ဆုံးမတာသဘောမကျဘူး။
    ဖြူစင်တဲ့ကလေးငယ်တွေကို နည်းလမ်းကောင်းနဲ့ထိန်းသိမ်းတတ်ဘို့ပဲလိုပါတယ်

    Comment by တီတင့် — September 10, 2014 @ 6:45 pm

  8. ငယ်ငယ် ၃တန်း လောက်တုန်းက ၁၈လမ်း မူလတန်းကျောင်းမှာ fun fair လုပ်တာ ကျောင်းစိမ်းမဟုတ်ဘဲ အပြင်အကျီဝတ်ပြီးသွားတော့ ဆရာမ တယောက်က ကိုယ့်ကိုလာပြီး “ဟို ကောင်မလေး အပြင်အကျီ ဘာလို့ဝတ်လာရတာလဲ။ ကျောင်းလာတာ ကျောင်းစိမ်းဝတ်ရမယ် ဆိုတာမသိဘူးလား”တဲ့။ ကိုယ်လဲ ဘာပြန်ပြောရမယ်ဆိုတာ မသိတော့ တိတ်တိတ်နေလိုက်တယ်။ ကျောင်းရှေ့ကဝင်းသေးသေးလေးထဲ မှာဟိုသွားဒီသွား မုန့်စားပေါ့။ အဲ့ အချိန်မှာ ကောင်မလေးနောက်တယောက် အပြင်အကျီနဲ့ပဲ ကျောင်းဝင်းထဲဝင်လာတယ်။ အဲ့မှာ ခုနက ကိုယ့်ကို ပြောသွားတဲ့ ဆရာမကပဲ သွားပြီး “ဟယ်။ သမီးဂါဝန်လေးက လှလိုက်တာ။ ဘယ်မှာဝယ်တာလဲ။” တဲ့။ အဲ့တုန်းက စိတ်ထဲ ဝမ်းနဲလိုက်တာဆိုတာလေ။ နှစ်တွေကြာသွားပေမဲ့ အခုထိ မှတ်မိတုန်း။

    Comment by shin — September 10, 2014 @ 9:58 pm

  9. ဒီပို့စ်လေးဖတ်ပြီး ရှစ်တန်းတက်တုန်းက ကြိမ်လုံးနဲ့ရိုက်တတ်တဲ့ သမိုင်းဆရာမကို သတိရသွာမိတယ်..အဲဒီနှစ်က သမိုင်းဂုဏ်ထူးပါတယ်လေ..း) ကလေးတွေကို ကျောင်းပျော်ဖြစ်အောင် လေ့ကျင့်ပေးတာ ခုကတည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် အားကိုးတတ်အောင် ဆွေးနွေးတတ်အောင်လုပ်ပေးတာ အဲဒါမျိုးတွေ ဒီကကျောင်းတွေမှာရှိစေချင်မိတယ်

    Comment by မိုးငွေ့ — September 10, 2014 @ 10:13 pm

  10. မီလည်း ရိုက်တာ မကြိုက်ဘူး မလေးရေ…..အရိုက်ခံရမှာ စိုးလို့ ငယ်ငယ်လေးကတည်းက လိမ္မာလာခဲ့တာ ခေါက်ရိုးကို ကျိုးလို့

    Comment by ခင် မီ မီ သိန်း — September 10, 2014 @ 11:36 pm

  11. မီတို့ကတော့… လုပ်ပြီ….. :)))

    အတန်းသားအချင်းချင်း အတန်းခေါင်းဆောင်ပြန်လုပ်ခိုင်းတဲ့ စနစ်ကိုလည်း revisit လုပ်သင့်တယ်။

    Comment by မလေး အိမ့်ချမ်းမြေ့ — September 10, 2014 @ 11:36 pm

  12. တကယ်တမ်း မီက ကျောင်းမှာ ဇာတ်ဇာတ်ကြဲ အမရေ……..ငယ်ငယ်က စာသင်မရလို့ မိဘတွေ ခေါင်းခဲခဲ့ရတာ……ကျောင်းမပြောနဲ့…..အိမ်မှာတောင် စာမရေးလို့ အမေနဲ့ အဖေ အကျပ်ရိုက်ခဲ့ကြသတဲ့ မလေးရေ……..မိဘတွေက ရိုက်တော့ မရိုက်ဘူး…နားဝင်အောင် ပြောပြတာ…….တကယ်တမ်း မီံကို စာစရေးအောင် လုပ်ခဲ့သူဟာ မီ့အဖေပဲ…….အဖေက စာရေးရင် မီသိပ်ကြိုက်တဲ့ မာလကသီးကျွေး မယ်ပြောပြီး စည်းရုံးခဲ့တာ……..အဲဒီအကြောင်း မိဂျမ်းဘုံ စာစုတွေထဲ ရေးခဲ့သေးတယ်……. တကယ်တမ်း ကျောင်းစတက်ရင် ကျောင်းမတက်ဘူးလို့ ပြောမှာ စိုးလို့…….အမတက်တဲ့ ကျောင်းမှာ ဆရာကြီးနဲ့ တိုငိပင်ပြီး မီ့ကို အသက်မပြည့်ဘဲ တစ်နှစ်အရင် တက်စေခဲ့တယ်…… စာမေးပွဲတွေမှာ ၁ ၂ ၃ ထဲ အမြဲ ၀င်ခဲ့လို့ အတန်းပိုင် ဆရာမနဲ့ ဆရာကြီး တိုင်ပင်ပြီး မိဘတွေနဲ့ ဆွေးနွေးပြီး ကျောင်းအပ်စေခဲ့တာ……အသက်လည်း လိမ်စရာ မလိုခဲ့ဘူး မလေးရေ …မိဘနဲ့ ဆရာသမားတွေ ကျေးဇူးကြောင့် မီ ကျောင်းစတက်တဲ့ ရက်တွေဟာ သိပ်ပျော်စရာ ကောင်းခဲ့တယ်…

    Comment by ခင် မီ မီ သိန်း — September 10, 2014 @ 11:36 pm

  13. မြန်မာပြည်မှာ ဆရာ ဆရာမတွေ အထူးသဖြင့် မူလတန်းပြတွေ သိပ်ပင်ပန်းပါတယ်…။ လက်ကလေးကိုကိုင်ပြီးတောင် ဝ လုံးရေး သင်ပေးကြတာ…။

    Comment by မလေး အိမ့်ချမ်းမြေ့ — September 10, 2014 @ 11:37 pm

  14. ဟုတ်တယ် မလေး…မီ့လက်ဦးဆရာမ နာမည်က ဒေါ်ဖြူဖြူတဲ့………အိမ်မှာ မီနဲ့ မီ့အမကို စာလာသင်ပေးတာ…အရမ်းစိတ်ရှည်တယ်……..တစ်တန်းဖြစ်တဲ့ မီ့အမက သူ့ကို သိပ် ကွန်ပလိန်း မတက်ပေမယ့်…၀လုံးတန်း မီကတော့ ဆရာမကို တချိန်လုံး ဂျီကျတာ…သမီးရေးတဲ့ ၀လုံးတွေ မ၀ိုင်းဘူးတို့……..မမရေးသလို ရေးမယ်တို့……. ဆရာမက စာသင်တဲ့ တလျှောက်လုံး မီ့လက်ကလေးကို ကိုင်ပြီး ၀လုံးက စပြီး ကကြီး ခခွေးထိ သင်တာ……မီ သူငယ်တန်းပြီးလို့ အဖေ တာဝန်ကျတဲ့ နောက်တမြို့ ပြောင်းရတော့ မီ ဆရာမနဲ့ပဲ နေခဲ့မယ်လို့ ပြောတာ ဆရာမ ခုထိ ပြောမဆုံးဘူး…..

    Comment by ခင် မီ မီ သိန်း — September 10, 2014 @ 11:37 pm

  15. ဖြစ်စေချင်လိုက်တာ ။ မြန်မာပြည်ကလေးတွေလည်း ကလေးအခွင့်အရေးအပြည့်ဘယ်တော့မှ ရမှာပါလိမ့်

    Comment by Susu Hlaing — September 10, 2014 @ 11:37 pm

  16. မြန်မာပြည်က ကလေးများ ကလေးများအခွင့်အရေး အမြန်ပြည့်ဝစွာခံစားလို့ ကျောင်းပျော်စာတတ် ပါတ်ဝန်းအကျိုးထမ်းရွက်နိုင်ပါစေလို့ မရဲတရဲဆုတောင်းပေျးနပါတယ်မလေးရေ ……………

    Comment by Moe Aung San — September 10, 2014 @ 11:37 pm

  17. တို့ ငယ်ငယ်တုန်းကတော့ ပက်ပက်စက်စက်တွယ်တာ တချို့ ဆရာတွေဆရာမတွေက ၊ စာမရလို့ ဆိုတာထက် ၊ ဆင်းရဲတဲ့ကျောင်းသားမို့ ၊ ခေါင်းမာတဲ့ကျောင်းသားမို့ သူတို့ ကို မထီမဲ့မြင် ပြန်ဆက်ဆံတဲ့ကျောင်းသားမို့ ။ အဲသလိုမထီမဲ့မြင်ပြန်ဆက်ဆံဖြစ်တာလဲ သူတို့ တွေ မျက်နှာလိုက်လို့ ၊ချမ်းသာတဲ့ကျောင်းသား၊ ကျောင်းသူဆို သူတို့ မျက်နှာက သကြား အိုးပေါ် ပျားအုံပြုတ်ကျသထားထင်ရအောင် ပဲ ချိုတာ ၊ ဒါကြောင့် အာစရိယ ပူဇော်ပွဲ ဆိုတာ နားစမ်းပါ ပဲ ။ မျက်နှာ မလိုက် ဆရာပီသ မိဘလိုဆက်ဆံတဲ့ဆရာတွေကိုပဲ selectively လေးစားတယ် ၊ ဆရာအိုတွေဆိုတိုင်း ထိုင် မရှိခိုးနိုင်တော့သလို အဖက်လဲမလုပ်ချင်တော့ဘူး ။ အဲဒီလို ဖြစ်ခဲ့တယ်။ ဒါ typical မြန်မာကျောင်းသားတယောက်ရဲ့ အတွေ့ အကြုံ ပဲ။ သိပ်အထင်သေးဖို့ ကောင်းတဲ့ ဆရာတွေ ရိုက်သတ်မကုန်ဘူး အဲဒါ လွန်ခဲ့တဲ့နျစ်ပေါင်း နှစ်ဆယ်သုံးဆယ်လောက်က ။ တခါကိုယ့်ကိုသင်နေတဲ့ဆရာတွေဆိုတာလဲ သူတို့  knowledge က very limited ၊ တို့ မြို့မှာ အခြောက်ဆရာတယောက်ရှိတယ် တကယ့် pedophile အဲဒါလဲ တမြို့လုံးသိတယ် ။ ဒါပေမယ့် ငြိမ်နေကျတယ်။ အဲလိုကောင်မျိုး က ထောင်ထဲကကိုမထွက်သင့်တာ ။ ကိုယ့်လာ ပြီး စတဲ့ အချိန်မှာ ငတိကို ကောင်းကောင်း lesson ပေးပြီး သူငယ်ချင်းအားလုံးကိုပြောလိုက်တော့ တော်တော်များများက သူတို့ လဲ အဲဒီလို အစမ်းခံရပြီးသား ဒါပေမယ့် ရေငုံနေကြတယ်။ ကိုကတော့ တမြို့လုံး သိအောင် ဖွပေးလိုက်တယ်။ ရိုက်သတ်ဖို့ အထိတောင်တွေးမိတယ်။ ဒါပေမယ့်ဘယ်သူမှ ဘာမှမလုပ်ပဲ မသိယောင်ဆောင်ခဲ့ကြတော့ နောက်ဆုံးမှာ တို့ ထက်အတန်းငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ အိုကေသွားပုံရပြီး အဲဒီကလေးဟာ ခုတော့ HIVနဲ့သေသွားတယ်လို့ ကြားတယ်။ အဲဒီလိုဆရာတွေဆိုတာ ရိုက်သတ်ပစ်ရမယ့်ဆရာတွေ။ အာစရိယ ဂုဏော ဆိုတာ နဲ့မတန်ဘူး ။ အဲဒီတော့ နိဂုံးချုပ်ရရင် ခပ်ညံ့ညံ့ ခပ်ရိုင်းရိုင်း ၊ လူစိတ်မရှိတဲ့ဆရာယုတ်တွေကိုဘယ်လိုနည်းနဲ့မှ မပူဇော်နိုင်သလို လူလို့ တောင်အသိအမှတ်မပြုနိုင်ဘူး ။ မြန်မာပြည်ရဲ့ ကျောင်းတွေ နဲ့ ဆရာဆိုတာတွေဟာ နေရာတိုင်းမှာ ထိုနည်းလည်းကောင်းပဲ ။ ဒီတော့ တို့ တိုင်းပြည် တဖြေးဖြေး နိမ့်ကျလာတာ ဟာ အဆန်းမဟုတ်ဘူး။

    Comment by Nyein Zay OO — September 10, 2014 @ 11:38 pm

  18. ကို့ အဖြစ်ကတော့ ဒီလို …၊ တရက်သားပေါ့…စာမေးပွဲ နီးပြီ ၊ အဲဒီဆရာကသိပ္ပံမေးခွန်းတွေ သူ ရထားတယ်ပေါ့ ” မောင်တုတ်ကြီး…၊ ဆရာ့ဆီမှာသိပ္ပံမေးခွန်းတွေရထားတယ်၊ ညနေ ဆရာ့အိမ်လာခဲ့တဲ့” “မလာပါဘူးဆရာရယ်၊ ကျနော် စာရပါတယ် ” ပေါ့..။ သူက “ဒါပေမယ့်မင်းက သင်္ချာ မှမရတာတဲ့ ဆရာ့ ဆီလာခဲ့ကွာ တဲ့ ဆရာ သင်္ချာသင်ပေးမယ်တဲ့” ပြန်တွေးတော့ဟုတ်တယ်။ ကိုယ်က သင်္ချာသင်တဲ့ဆရာမ ၀င်လာတဲ့အချိန် နေ့ လည် တစ်နာရီလောက်ဆို အသားကုန်ငိုက်တာ ၊ ဆရာမသင်တာကလဲ စိတ်ဝင်စားဖို့ကောင်းတာကိုး။ ဒါနဲ့ဟုတ်ပြီဆရာ ပေါ့ ၊ ညနေကျတော့ သွားလိုက်ပါတယ်သူ့ အိမ်ကို ။ ငတိက တခါတည်း လာကွ တဲ့ဆရာ့အိမ်ပေါ်ခန်းသွားမယ်တဲ့ သူ့ အိမ်အောက်ထပ်က ကုန်စုံဆိုင်ကိုး ။ အဲသလိုနဲ့ သူ့ အိမ်အပေါ်ထပ်လိုက်သွားတယ်။ အပေါ်ရောက်တော့ ငတိအသံက အောက်သံဖြစ်လာပြီ ၊ သိပ်ကြင်နာတတ်တဲ့ မိန်းမကြီးက ကောင်လေးငယ်ငယ်လေးကိုကြိုက်ပြီး ကောင်လေးပြုသမျှ သူ လိုက်လျောမယ်ဆိုတဲ့အသံမျိုးဖြစ်လာပြီ ၊ ကိုကလဲ ထူးတော့ထူးတယ်ပေါ့ ဒီဘဲ ။ ဒါနဲ့ ဆက်တီမှာထိုင်တယ် သူ က ကိုယ့်ရှေ့ က ခုံကနေ ဘေးကိုပြောင်းလာထိုင်ပြီး” ဒီဘောင်းဘီလေးက လှလိုက်တာကွာတဲ့  ၊ အမယ် ရင်တွေဖိုနေတဲ့အသံ နဲ့နော်။ သူ့ မေးစိကိုသူများလက်သီးနဲ့ထိုးထည့်လိုက်လို့ မေးလွဲနေတဲ့အသံမျိုး၊ ကိုကလဲ ဟုတ်တယ်ပေါ့ ဒီဘောင်းဘီက ကျနော့် အဘ ဘီအိုင်အေတုန်းက ဘောင်းဘီပေါ့ ၊ ဟုတ်တယ်လေ အဘ ဘောင်းဘီ ပဲ အိမ်မှာကျန်တာ။ သူက ” အဲဒါဆို အဲဒီဘောင်းဘီဇစ်ကလေးက ပလတ်စတိတ်လား ကြေးလားဟွင် ” တဲ့။ ကိုလဲ နှိုက်နှိုက်ချွတ်ချွတ် တခါမှမတွေးဖြစ်ဘူးဒါနဲ့ ဟုတ်သားပေါ့ ပြန်ပြီးငုံ့ ကြည့်ပြီး ” ကြေး ဆရာ ” လို့ ဖြေတယ်။
    အဲဒီလိုဖြေပြိးချိန်မှာ ငတိမျက်နှာဟာ မုန့် သိုင်းခြုံ တခုလုံးကို စားခွင့်ရတော့မယ့် အရူးတယောက်ပျော်သလိုမျိုး ။ နောက်တော့ သူက ထပ်ပြီး ဘာပြောလာလဲဆိုတော့ ” မောင်တုတ်ကြီး ဒိုင်ယာဇီပင် သောက်မလားတဲ့ “အဲဒီမှာ ကိုလဲ ဓါတ်ပေါက်သွားပြီ ဒါပေမယ့် ခက်တာကသူ့ အိမ်ပေါ်မှာ အဆုတ်အတက် မနပ်ရင် ကွိုင်မယ် ၊ ခါးကြားထဲက အင်္ကျီနဲ့ဖုံး ပြီးအမြဲဆောင်နေကျ ဓါးမြှောင်က တကယ် အလုပ်လုပ်ရတော့မယ်အနေအထား။ ဒါနဲ့ “ဆရာ..ကျနော် ကွမ်းယာသွားဝယ်ဦးမယ်” လို့ပြောလိုက်တော့ သူက ” အို…မ၀ယ်နဲ့ဆရာကိုယ်တိုင်သွားဝယ်ပေးမယ်နှော် ဟော်” တဲ့ ။ နောက်ထပ်မေးတယ် “ဗမာဆေး အာမွှေး နဲ့စားမယ်မှုတ်လားဟွင် ” တဲ့  ၊ ကိစ္စမရှိဘူးလေ ဒီတော့ ဟုတ်ကဲ့ပဲဖြေလိုက်တော့ သူ ဆင်းသွားပြီးကွမ်းသွားအ၀ယ်မှာ ကိုလဲ အောက်ထပ်ဆင်း စက်ဘီးဆွဲပီးတချိုးတည်းလစ်တော့တာ။ ပြီးတော့ ရှိသမျှလက်ဖက်ရည်ဆိုင်တွေနဲ့သူငယ်ချင်းအားလုံး အသိအားလုံးကို ဖွပေးလိုက်တော့တာ ။ အဲဒီနေ့ ကစပြီး အဲဒီ ငတိ ကျောင်းမှာ ကို့ ကိုမဲတာ အသေ။ နောက်ဆုံး တယောက်ချင်းကျောင်းအုပ်ဆရာမကြီး ရုံးခန်းဘေးက လှေကားကွေ့ မှာ လိုက်သွားပြီး ခင်ဗျားကြီး ကျုပ်ကိုစောက်တလွဲ လုပ်ဖို့ ကြိုးစားရင် ရင်ဘတ်ပွင့်သွားမယ် လို့ ကျိန်းခဲ့တော့မှ ပုံစံပြောင်းသွားတယ်။ တို့ ပေါင်းတည်မြို့ က လေးဆယ်ဝန်းကျင် ကျောင်းသားဟောင်းတိုင်းအဲဒီငတိအကြောင်းကို သိတယ်။ အဲသလို မျိုး ဖြစ်ခဲ့တာ။ ဇာတ်လမ်းက……….။ သေချာDETAIL ကို ရေးဦးမယ် အဲဒါ ။ ခုတော့ အကျဉ်းချုပ်က အဲသလို ။

    Comment by Nyein Zay OO — September 10, 2014 @ 11:39 pm

  19. ဒီအကြောင်းတွေ ကြားရဖတ်ရတော့..လောင်းရိပ် ဆိုတဲ့ စကား ကို သတိရမိပါရဲ့ ။ အဲ့လောင်းရိပ် ဆိုတဲ့ အောက်ကနေ ပေါက်ဖွားလာတဲ့ ပန်းကလေးတွေ ရယ် (အလှပဆုံး အတောက်ပဆုံး ပွင့်လာမယ့် ပန်းကလေး တွေ) ၊ ဒါမှ မဟုတ် လောင်းရိပ် တစ်ခု အနေနဲ့ ပေးဆပ်ရမယ့်… အပင်ကြီးတွေရယ်…( အရိပ် အကာသ အနေနဲ့ တစ်ဖြည်းဖြည်းချင်း ကြီး ထွားလာမယ်…သူကပဲ နေရောင်ခြည်နဲ့ ရေ ကို အများ ဆုံးရယူပြီး ကျန်တဲ့ အပင်သေးလေးတွေ ပန်းကလေးတွေ ကို လောင်းရိပ်မိစေတဲ့ အပင်မျိုး)။ အမှန်တကယ်မှာတော့ ကျွန်တော်တို့ လူငယ်တွေ ကလေးတွေ ဟာ..မြေတောင်မြှောက်ပေးမယ့် (ကျွန်တော်တို့ ကို စောင့်ကြည့် နေမယ့်) ဥယျာဉ်မှုး တွေ နဲ့ မကြုံဆုံခဲ့ကြဘူး (ခေတ်ရဲ့ စနစ် တစ်ခု အရပေါ့)။ အဲ့လိုပဲ မြင်မိပါတယ် ဖြတ်သန်းလာတဲ့ အသက်အရွယ် အရဆိုရင်တော့။ လောင်းရိပ်မိသော်ငြားလည်း ကျားကုတ်ကျားခဲ အသက်ရှင်လာတဲ့ ပန်းကလေးတွေ လဲ ရှိပါတယ်… အရောင်အသွေးတော့ သိပ်မစုံဘူးပေါ့လေ။ကိုယ့်ထက် အားနည်းသူကို ကောင်းမွန်သင့်တော်စွာ လောင်းရိပ် ပေးခဲ့ တဲ့ အပင်ကြီးတွေ လဲ ရှိခဲ့ပါတယ်။ မလေးရေ…အဲ့ဒီ လောင်းရိပ်ဆိုတဲ့ စကားလုံး ရဲ့ ဟိုဘက် ဒီဘက် အမြင်တွေ ကိုတော့ သေချာနားလည် အောင် မရှင်းပြတတ်ပါဘူး.(စာဖတ်သူတွေ သေချာ နားလည်အောင်)..။ မလေး တွေးပြီးတော့ ပဲ စာတစ်ပုဒ် အနေနဲ့ ပြန်ရှင်းပြစေချင်ပါတယ်..နော့…

    Comment by ကရာ နီ — September 10, 2014 @ 11:39 pm

  20. “ရိုက်နှက်ပြောရတာ ရေတိုပြဿနာ ပြေရှင်းကောင်း ပြေရှင်းသွားနိုင်ပေမယ့် ရေရှည်ပြဿနာဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။ ကျောင်းစတက်စဉ် ပထမ ရက်တွေမှာ ကျောင်းဆိုတာ ပျော်ရွှင်စွာ စာသင်ကြားနိုင်တဲ့ နေရာဆိုတာ ကလေးတွေ ခေါင်းထဲဝင်သွားအောင် လုပ်ရပါမယ်။” … အမှန်ပဲ မမရေ … ကလေးတွေက ကျောင်းနေပျော်မှ စာတော်မှာဆိုတဲ့ စကားလေးလိုပေါ့ … :)

    Comment by မိုးညချမ်း — September 11, 2014 @ 12:35 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------