♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 22, 2014

စိုက်သည့်အတိုင်း

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 1:19 am

သြဂုတ်လ ၁၈၊ ၂၀၁၄ အလင်းတန်းဂျာနယ်မှာ ဆရာမချောအိမာန် ရေးတဲ့ ‘ယုံကြည်မှု၏ အနားသတ်မျဉ်းများ’ ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဒီဆောင်းပါး ဂျာနယ်ပေါ်အထိပါလာဖို့ နောက်မှာ တွန်းအားကတော့ နည်းမယ် မထင်ပါဘူး။ ထုတ်ဝေသူနဲ့ စာအုပ်မှာ ပါဝင်ရေးသားသူ စာရေးဆရာ/ဆရာမအချို့ရဲ့ မကြေလည်မှုလေးတွေကြောင့် ဖြစ်လိမ့်မလားလို့ ဒီဆောင်းပါးကို ဖတ်ပြီး စဉ်းစားလိုက်မိတယ်။

ဒီစာအုပ်လေးဟာ ဘလောဂါတွေ စုထုတ်တဲ့ ပထမဆုံးသော စာအုပ်တော့ မဟုတ်ပါဘူး။ အဲဒီစာအုပ်ရှေ့မှာ ဘလော့ဂါတွေ စုထုတ်တဲ့ စာအုပ်တွေ ရှိခဲ့ပါတယ်။ အဲဒီစာအုပ်တွေထဲက ဥပမာ ပြရမယ်ဆိုရင်တော့ ‘သက်တံ ၁၀စင်း’ နဲ့ ‘မိုင်တိုင် ၂၀’ တို့ အပါအဝင် ဖြစ်ပါတယ်။

အဲသလို ဘလောဂါတွေစုပြီး ရေးတဲ့စာအုပ်တွေကို ပါဝင်ရေးသားတဲ့အခါမှာ ထုတ်ဝေသူနဲ့ခင်မင်လို့ ပါဝင်ခွင့်ရခဲ့တာ မဟုတ်သလို၊ စာအုပ်တစ်အုပ်ထဲမှာ အတူတူရေးကြတဲ့ စာရေးသူတွေနဲ့လည်း ပါစင်နယ် ခင်မင်လို့ မဟုတ်ခဲ့ကြပါဘူး။ အွန်လိုင်းပေါ်မှ ကလောင်အမည်ရယ်၊ ရေးတဲ့စာရယ်ဟာ စာရေးသူရဲ့အိုင်ဒီပဲ။ ဒီအိုင်ဒီတွေကိုလမ်းခင်းလို့ ယုံကြည်မှုချင်း လက်ချင်းချိတ်တွဲ လုပ်ကြတာဖြစ်တယ်။ ဒါဟာ ဘလောဂ်ရဲ့ စိတ်ဝင်စားဖွယ် အချက်တစ်ချက်။
ကျမရဲ့ အီးမေးထဲမှာ စာလေးတစ်စောင်ရောက်နေမယ်၊ စာမူဖိတ်ခေါ်တယ်၊ ငွေရေးကြေးရေးစကားဆိုတာ မပါ။ စာပေချစ်စိတ်ရှိတယ်၊ လူငယ်ထုတ်ဝေသူတွေကို ကူညီပံ့ပိုးချင်မယ်၊ ကိုယ်ကလည်း ပါဝင်ချင်တယ်၊ အဲဒီအချက်တွေကပဲ တွန်းအားပေးနေတာဖြစ်တယ်။

‘ယုံကြည်မှုရဲ့ အနားသတ်မျဉ်းများ’ ဆောင်းပါးရေးသားသူရဲ့ ရေးထားတဲ့ အချက်တွေ အထဲမှာ…..

“တချို့ကတော့ ကိုယ့်ကိုမှ လူမသိသေးဘူး။ လွယ်မယ်လို့ ထင်တဲ့ စာအုပ်ထုတ်ရေးကိုပါ လုပ်လာကြပါတယ်။ ဒီအချိန်မှာ အဲဒီစာအုပ်ကို စီစဉ်မယ့်သူက ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတဲ့ ကိစ္စ။ ယုံကြည်မှုကိစ္စတွေ ပါဝင်လာပါပြီ။ သူတို့ သိပ်ကို လုပ်နိုင်မယ်ထင်တဲ့ နယ်ပယ်ဒေသ တစ်ခုရဲ့ အကြောင်းကို မလေ့လာ။ ဟုတ်လှပြီအထင်နဲ့ ဘလော့ဂါတစ်လှေကြီးနဲ့။ စာရေးဆရာ၊ ဆရာမများ ပါဝင်စေချင်ပါတယ်။ စာမူရချင်ပါတယ်။ သူ့စာအုပ်က ဘလောဂါတွေနဲ့တင် ရောင်းမယ်ဆို မဖြစ်လို့ပါ။ ဆရာမ ဘယ်သူ့ဘယ်သူတွေကို စာမူတောင်းပေးပါလို့ ဆိုလာပါတယ်”

ဆောင်းပါးရှင်ကတော့ ထုတ်ဝေသူရဲ့ တာဝန်ယူနိုင်မှုကို မေးခွန်းထုတ်ခြင်း ဖြစ်ပါလိမ့်မယ်။ ဒါကတော့ ဆောင်းပါးရှင်နဲ့ ထုတ်ဝေစီစဉ်သူတို့ရဲ့ အပိုင်းပါ။ ဒါပေမယ့် ဒီစာပိုဒ်ထဲမှာ “ဟုတ်လှပြီအထင်နဲ့ ဘလော့ဂါတစ်လှေကြီးနဲ့” ဆိုတဲ့ စာအဆုံးမှာ ဘလော့ဂါတွေကို ကမ်းမမြင်လမ်းမမြင် လှေကြီးအကြီးကြီးထဲ ပြွတ်သိပ်မြင်လိုက်ရသလိုဖြစ်ပြီး ပြုံးမိလိုက်တယ်။

ဘလောဂါတွေနဲ့တင် ရောင်းမယ်ဆို မဖြစ်လို့ပါဆိုတာကလည်း ပြောသူက မသိလို့ များလားလို့ တွေးမိပါတယ်။ အထက်မှ ကျမ ဥပမာပေးခဲ့တဲ့ ဘလောဂါတွေနဲ့ထုတ်ခဲ့တဲ့ စာအုပ်နှစ်အုပ်ဖြစ်တဲ့ သက်တံ၁၀စင်းဟာဆိုရင် ဒုတိယအကြိမ်ပုံနှိပ်ခဲ့ရပြီး၊ ‘မိုင်တိုင် ၂၀’မှာလည်း ထုတ်ဝေသူက ၈၀% ပြန်ရခဲ့ပါတယ်။ ကျမတစ်ဦးထဲထုတ်တဲ့ ‘မိတောရဲ့ ရှတတနေ့စွဲများ’ ဟာလည်း အထိုက်အလျောက် ပြန်ရခဲ့ပါတယ်။ ဘလောဂါဆိုတာ တစ်ကယ်တော့ လူမသိ သူမသိ စာပေဝါသနာရှင်တွေပါ။ ထိုသူတွေရဲ့ ပွဲဦးထွက်စာအုပ်တွေဟာ မထင်မှတ်ဘဲ/မျှော်လင့်ချက် တစ်စုံတစ်ရာ မထားဘဲ စာပေလောကစာအုပ်ဆိုင်ရဲ့ အရောင်းရဆုံး စာရင်းထဲမှာ ပါခဲ့ဖူးပါတယ်။

ဘလောဂါများ (သို့မဟုတ်) အွန်လိုင်းပေါ်မှာ စာရေးသူများ

ဒီနေရာမှာ ဘလောဂါတွေရဲ့ အကြောင်း လိုတိုရှင်း သိသမျှပြောရမယ်ဆိုရင်တော့ ဘလောဂါတွေထဲမှာ နိုင်ငံခြားပညာတတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ နိုင်ငံခြားတက္ကသိုလ်များမှ ပါမောက္ခများ၊ ကွန်ပြူတာ ပညာရှင်၊ သိပ္ပံပညာရှင်တွေမှ အစ… ရိုးရိုးသာမန်အသက်မွေးမှုတွေနဲ့ ရိုးသားစွာ ဘဝလမ်းကြောင်းနေသူများမှ အလယ်၊ ကျောင်းသားများအပြင် အိမ်ရှင်မများအဆုံးထိ ပါပါတယ်။

ထိုသူတွေထဲမှာ ပြည်ပမှာ ခေတ္တနေထိုင်နေသူတွေ၊ ကျောင်းတက်နေသူတွေ။ အလုပ်လုပ်နေသူတွေ ပါသလို၊ ပြည်တွင်းမှ လူတွေလည်း ပါတယ်။ သေချာတာကတော့ သူတို့ဟာ မြန်မာစာကိုချစ်တယ်၊ စာပေကို ဝါသနာပါတယ်။ ရသစာပေကို အထူးသဖြင့် မြတ်နိုးတတ်တယ်။ မြန်မာတွေနဲ့ နီးနီးနေချင်တယ်။ ပြည်ပနေသူတွေအနေနဲ့ တစ်နေကုန် အင်္ဂလိပ်စကားဖြစ်ဖြစ်၊ ပြင်သစ်စကား၊ ဂျာမန်စကား၊ ဂျပန်စကား ပြောနေရတဲ့ဘဝတွေကနေ ခဏလေးဖြစ်ဖြစ် လွတ်မြောက်ပြီး မြန်မာလိုပြောချင်သူတွေဖြစ်တယ်။ ဘလောဂ်ကမ္ဘာက စိတ်ဝင်စားစရာတစ်ခုက ဒီလူတွေကို ဘယ်သူဘယ်သူဆိုတာ မသိရတာပဲ။
ဒါပေမယ့် အဲသလို မသိရခြင်း (လူတွေကို အသက်အရွယ်၊ ကျား/မ၊ ရာထူးဂုဏ်သိက္ခာ စတဲ့ အပေါ်ယံအခွံတွေခွာချပြီး ဘာမှ မသိရဘဲ၊ သူရေးသမျှစာကနေသာ ရိပ်မိသိရှိရခြင်းအဖြစ်) သည်.. လူမှု့အဖွဲ့စည်းတစ်ခုမှာ စိတ်ဝင်စားစရာ/စိတ်လှုပ်ရှားစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်၊ အခြားလူမှုအဖွဲ့အစည်းတစ်ခုမှာကတော့ စိုးရိမ်စရာ/သတိထားစရာ ဖြစ်နေနိုင်ပါလိမ့်မယ်။

ပေါင်းကူးတံတား နှင့် လက်ကမ်းသူများ

မြန်မာပြည် တံခါးတွေ စဖွင့်လိုက်တဲ့နောက်ပိုင်း… အင်တာနက်ကို ဖွင့်ပေးလိုက်တဲ့ နောက်ပိုင်းမှာ….
ဘလော့/အွန်လိုင်းရွာကြီးနဲ့ ပရင့်ရွာကြီးနှစ်ခုကြားမှာ ပေါင်းကူးတံတားတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။ ပရင့်ရွာထဲက အချို့ဆရာ/ဆရာမတွေရယ်.. ဘလော့/အွန်လိုင်းရွာကြီးထဲက စာရေးသူတွေရယ် ပေါင်းကူးတံတားကြီးဆောက်ပြီး တံတားပေါ် လျှောက်လာ၊ အလယ်မှာဆုံကြ၊ စကားစမြည်တွေ ပြောကြ။ ရယ်ကြမောကြ၊ ဆွေးနွေးကြ။ ပရင့်သမားတွေက အွန်လိုင်းပေါ်တွေမှာ စာတွေလာရေးသလို၊ အွန်လိုင်းသမားတွေကလည်း ပရင့်ပေါ်မှာစာလေးတွေ သွားရေးကြ။
တစ်ကယ်ကို ပျော်စရာပါ။

ဒါပေမယ့် အကုန်လုံးကတော့ ဒီလိုခံစားချက် ရှိတာမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ အချို့ကတော့ ဘလော့/အွန်လိုင်းပေါ်ကလူတွေကို ဘယ်ကလူတွေမှန်းမသိဘူးဆိုတဲ့ အတွေးနဲ့ သတိထားနေဆဲပဲ။ အဲသလို သတိထား တစ်ဘက်လှည့်နေကြတာကို မြင်ရသည့်အပြင်၊ ဘလော့ဂါ နဲ့ ပရင့်စာရေးဆရာ၊ အွန်လိုင်း နဲ့ ပရင့် အဲသလို ခွဲခြားမှုတွေကိုလည်း နောက်ပိုင်းမှာ တော်တော်လေးကြားလာရတယ်။

စာရေးဆရာဟူသော စာလုံးကို အဓိပ္ပာယ်ဖွင့်ဆိုချက်

‘စာရေးဆရာဖြစ်ဖို့ လွယ်ကူတယ်လို့ ထင်မြင်ချက်တွေ ရှိကြပါလိမ့်မယ်။ အွန်လိုင်းပေါ်မှာ ပလူပျံအောင် ရေးရာကနေ မဂ္ဂဇင်း၊ ဂျာနယ်၊ ကူးရေးတာ။ စာရေးသူဖြစ်ချင်စိတ်နဲ့ မဂ္ဂဇင်း ဂျာနယ်ပေါ်ကို ဖြတ်ကိုဖြတ်သန်းပြီးမှ စာရေးဆရာဆိုတာ ရုပ်လုံးပေါ်လွင်လာမှာပါ၊ ရေးကိုရေးရမှာပါပဲ။ ဘလော့ဂါတိုင်းကို မဆိုလိုပါ။ တချို့စာရေးကောင်းသော ဘလောဂါများ စာရေးဆရာဘဝကို ခိုင်ခိုင်မာမာ ရနေပြီး၊ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ ဖြတ်သန်းမှု အားကောင်းလာကြပါတယ်။ စာအုပ်တွေ ထုတ်လာကြပါတယ်’

ဆောင်းပါးရှင်က ထိုသို့ ပြောပါတယ်။

အထက်ပါစည်းမျဉ်းဟာ မြန်မာနိုင်ငံစာရေးဆရာလောကမှ ချမှတ်ထားသော စည်းကမ်းဟုတ်-မဟုတ် တိတိကျကျ မသိသော်လည်း၊ ထိုစည်းမျဉ်းမျိုးကို အခြားတိုင်းပြည်များမှာ မကြားဖူးသော်ငြားလည်း၊ မြန်မာနိုင်ငံမှာ စာရေးဆရာဖြစ်လိုသူများအနေနဲ့ကတော့ ထိုစည်းမျဉ်းကို လိုက်နာသင့်ရင်လည်း လိုက်နာကြဖို့ စဉ်းစားသင့်ပြီလားလို့ မြန်မာပြည်မှာ စာရေးဆရာဖြစ်လိုသူတွေကို မေးလိုပါတယ်။

ဒါပေမယ့် ဒီစည်းကမ်းကို လိုက်နာပြီး သင်တို့စာတွေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေပေါ်မှာ ပါလာလို့ စာရေးဆရာဖြစ်ပြီလားဟဲ့… ဆိုတော့လည်း မဟုတ်ပြန်ပါဘူးတဲ့။

မြန်မာပြည်မှာ စာရေးဆရာဖြစ်ချင်သူများဟာ အထင်ကရမဂ္ဂဇင်း ဘယ်နှစ်စောင်မှာ ပါဖူးမှ စာရေးဆရာ/မ ဖြစ်ပါတယ်တဲ့။ အဲဒီ မဂ္ဂဇင်း တွေမှာ မပါဖူးလို့ကတော့ အခြားဘယ် မဂ္ဂဇင်းတွေ ဂျာနယ်တွေ သတင်းစာတွေမှာ ဘယ်လောက်ပါပါ၊ ဘယ်လောက်ကောင်းတဲ့စာအုပ်တွေ ထုတ်ထားထုတ်ထား စာရေးဆရာ/မ လို့ လက်မခံပါဘူးတဲ့။

တစ်ခါ… ထိုအထင်ကရ မဂ္ဂဇင်းများမှာ ပါလာပြန်လို့ စာရေးဆရာဖြစ်သွားပြန်သလားဆိုတော့လည်း မဟုတ်ပြန်ပါဘူးတဲ့။ စာရေးဆရာဆိုတာ မိမိရေးသောစာမှ ရလာသော ဥာဏ်ပူဇော်ခနှင့် အသက်မွေးဝမ်းကျောင်းသူများသာလျှင် စာရေးဆရာများ ဖြစ်သည် လို့လည်း ဆိုကြပြန်ပါတယ်။

Author နဲ့ Writer

စာပေအသိုင်းအဝိုင်းတွေမှာ Author နဲ့ Writer ဆိုပြီးတော့လည်း ထပ်မံခွဲကြပြန်ပါသေးတယ်။
ဒါကတော့ နိုင်ငံတကာစာပေအသိုင်းအဝိုင်းက ယူဆချက်လို့ ပြောခွင့်ပြုပါ။

A person becomes an author only when the book is published. If your work is unpublished, and even if the idea is purely your own, you will still be considered as the person who wrote the work – the writer.
မိမိအိုင်ဒီယာများဖြင့် ဖွဲ့စည်းထားသော စာတွေကို စာအုပ်ထုတ်ထားဖူးသူများကို အော်သာ လို့ ခေါ်ဆိုကြပြီး၊ စာရေးနေကြသော်လည်း စာအုပ်မထုတ်ရသေးသူများကိုတော့ စာရေးသူ လို့ ခေါ်ဆိုတယ်လို့ သတ်မှတ်ကြပါတယ်။

အစကတည်းက ဘာကိုမှ (ဂုဏ်သိက္ခာ၊ ဆရာ/ဆရာမ အခေါ်ခံရခြင်း၊ စာမူခမှ ယုတ်စွအဆုံး) တစ်စုံတစ်ရာ ပြန်လည်ရယူလိုမှုကို မမျှော်လင့်လို့ မိမိမှာရှိတဲ့ ပညာ၊ အလုပ်အကိုင်၊ အခြေအနေ၊ ဂုဏ်ပုဒ်စသည့် အပေါ်ယံအရေခွံတွေကို ခွာချလို့ အွန်လိုင်းပေါ်မှာ စာရေးနေသူတွေ အနေနဲ့ကတော့ .. ဘယ်လိုရေးမှ၊ ဘယ် မဂ္ဂဇင်းမှာ ပါမှ ဆိုတဲ့ … ဒီစည်းမျဉ်းဘောင်တွေ၊ စာရေးဆရာ/စာရေးဆရာမဆိုတဲ့ နာမဝိသေသတွေကြားမှာ မွန်းကျပ်နေစရာ လိုအပ်ပါသလား။ ဒီလို မေးစရာဖြစ်လာပါတယ်။

ကမ္ဘာ့စာပေလောကမှာတော့ မဂ္ဂဇင်းတွေမှာ မပါဖူးသော်လည်း စာရေးဆရာများအဖြစ် သတ်မှတ်ခံရတဲ့ ဂျိန်းအော်စတင်တို့လို့ အထင်ကရ စာရေးဆရာ/ဆရာမကြီးများ များစွာ ရှိခဲ့ပါတယ်။ ထိုသို့ ကမ္ဘာက သတ်မှတ်ထားတဲ့ စာရေးဆရာ/ဆရာမကြီးများဟာ၊ ဆောင်းပါးရှင်ပြောတဲ့အတိုင်း အဓိပ္ပယ်ဖွင့်ဆိုချက်နဲ့သွားရမည် ဆိုရင်တော့ သူတို့ရဲ့ စာရေးဆရာဂုဏ်ပုဒ်ကို ခဝါချရတော့မလားဆိုတဲ့ မေးခွန်းနောက်တစ်ခုကိုလည်း မေးစရာဖြစ်လာပြန်ပါတယ်။

individualism vs collectivism

အုပ်စုများ၊ အုပ်စုတံဆိပ်များ၊ ကျောင်းတွေမှာ အသင်းခွဲခြင်းများ၊ ဥပမာ.. ကျောင်းများမှအစ အနီသင်း၊ အဝါသင်း၊ အပြာသင်း စတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် စနစ်ရဲ့ အရိပ်တွေမှ ဝေးလိုသူ individualism ကို နှစ်လိုသူများ ရှိလေမလား၊ ဘလောဂါရယ်၊ ပရင့်ရယ်၊ အွန်လိုင်းရယ်၊ စာရေးဆရာရယ် အဲသလိုခွဲခြား တံဆိပ်ကပ်မှုများနဲ့ ခပ်ဝေးဝေးနေလိုသူများ ရှိလိမ့်မလားလို့လည်း စာပေလောကထဲမှလူများ အွန်လိုင်းပေါ်မှာ စာပေဝါသနာရှင်များကိုလည်း မေးခွန်းထုတ်ချင်ပါသေးတယ်။

ခွဲခြားခံရမှုများ (discrimination)

အဲသလို ခွဲခြားမှုတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ အမျိုးမျိုးကြားထဲမှကို လူငယ်တွေဟာ စာတွေကို ဆက်ရေးနေသလို၊ စာအုပ်တွေကိုလည်း ဆက်ပြီးထုတ်ကြဖို့ ကြိုးစားနေကြတယ်။ ကျမ သိရသလောက်ကတော့ အွန်လိုင်းသမားတွေဟာ ပရင့်သမားတွေကို ချစ်ခင်လေးစားသလောက်၊ ပရင့်သမားတွေထဲက (အချို့) ကတော့ သူတို့မှာရှိထားတဲ့ အခြေအနေနဲ့ ဒေသတစ်ခုကို invade လုပ်လာတယ်လို့ မြင်နေနိုင်တာလားလို့ မေးခွန်းမေးမိတယ်။

‘ပရင့်လောကထဲကို ခွေးတိုးပေါက်က ဝင်ဖို့ ကြိုးစားနေတယ်’

ကဗျာဆရာမတစ်ယောက်က ယခုတော့ပရင့်ဘက်မှာ best-seller ဖြစ်သွားတဲ့ အွန်လိုင်းစာရေးဆရာမတစ်ဦးကို ပြောခဲ့ဖူးတာပါ။ အံ့သြမှင်တက်သွားခဲ့ဖူးပေမယ့် ကိုယ်နဲ့လည်း တိုက်ရိုက်ပတ်သက်မှု မရှိလို့ မျက်ခုံးတစ်ချက် ပင့်သွားရုံလောက်နဲ့ ပြီးသွားခဲ့တယ်။
အွန်လိုင်းပေါ်ကနေစာတွေရေးပြီး နာမယ်ကြီးစာရေးဆရာမ ဖြစ်သွားတာကို နားလည်ဖို့ကြိုးစားရင်း ပြောမိတာလည်း ဖြစ်ပါလိမ့်မယ်။ ကိုယ်တွေတုန်းက ကြိုးစားခဲ့ရသလောက်၊ အခြေအနေ အချိန်ခါတွေပြောင်းသွားတော့၊ ကိုယ်ကြိုးစားခဲ့ရတုန်းကလို ဒီလူတွေဟာ မကြိုးစားရဘဲ စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်တွေယူကြ၊ စာအုပ်တွေထုတ်လာကြတဲ့အခါ ပုထုဇဉ်လူသားတွေရဲ့ ဖြစ်လေ့ရှိတဲ့ ခံစားချက်မို့လည်း အပြစ်တင်စရာအကြောင်းတော့ မရှိပါဘူး။

အခြေအနေတွေ မတူတော့ဘူး၊ အချိန်အခါတွေ ပြောင်းလဲခဲ့ပြီ။ အရင်တုန်းက မြန်မာပြည်မှာ စာရေးဆရာဖြစ်ဖို့ကို မဂ္ဂဇင်းတွေမှာ ပါဝင်အောင်လုပ်ပြီးမှ စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်ကို ကိုယ့်ပခုံးပေါ် ရဲရဲတင်လို့ ရခဲ့ကောင်းရခဲ့ပါမယ်။ ဒါပေမယ့် အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့အတွက် ဒီပြောင်းလဲမှုကို လက်ခံနိုင်မယ်ဆိုရင် ကိုယ့်အတွက်အဆင်ပြေချောမွေ့နိုင်မလားဆိုတဲ့ အတွေးလေးတွေးမိတယ်။

လက်ကမ်းကြသူများ

အဲသလို ဘလောဂ်ရွာထဲကလူတွေဟာ ပရင့်ရွာထဲကိုလှမ်းလာတဲ့အခါ ခဏလာလည်မယ့်သူတွေလား၊ တစ်ခါတည်း အပြီးနေမယ့်သူတွေလား၊ ရွာထဲဝင် ပြီးတော့ မပြန်တော့တဲ့အပြင် သူတို့ကိုယ်သူတို့ စာရေးဆရာ/ဆရာမ/ကဗျာဆရာ/ဆရာမ တွေပါလို့ တစ်ခါတည်း တံဆိပ်တပ်ပစ်မယ့် သူတွေလား… အဲသလို စိုးရိမ်မိကြလို့လား။ ဒါဟာ ဖြစ်တတ်တဲ့ လူ့သဘာဝတွေပဲလား၊ တွေးစရာလေးတွေပါ။

အပေါ်မှာ ပြောခဲ့သလို နိုင်ငံခြားတက္ကသိုလ်များမှ ပါမောက္ခများ၊ ကွန်ပြူတာ ပညာရှင်၊ စာရင်းအင်းပညာရှင်၊ သိပ္ပံပညာရှင်တွေမှ အစ… ရိုးရိုးသာမန်အသက်မွေးမှုတွေနဲ့ ရိုးသားစွာ ဘဝလမ်းကြောင်းနေသူများမှ အလယ်၊ ကျောင်းသားများအပြင် အိမ်ရှင်မများအဆုံးထိ ပါတဲ့ ဘလောဂါတွေ၊ ဘယ်သူတွေမှန်းလည်းမသိ၊ ဘာတွေရေးနေမှန်းလည်းမသိ၊ ဘယ်အရပ်ဒေသကလူတွေမှန်းလည်း မသိတဲ့ ထိုသူတွေကို သူတို့ရွာထဲ လွယ်လွယ်နဲ့ခေါ်မသွင်းဖို့ စဉ်းစားကြတဲ့သဘောလား။

အွန်လိုင်းရွာထဲက လူတွေကလည်း ပရင့်ရွာထဲ ဝင်လာကြရုံမက၊ စာအုပ်ထုတ်ဖို့ကြိုးစားကြတယ်၊ ဒါတင်မက ဆရာကြီးတွေဆီမှာ အမှာစာတောင် ရေးခိုင်းလိုက်သေးတယ်ဆိုရင် ရေးပေးရမယ့်ဆရာတွေမှာလည်း စဉ်းစားရမှာပါပဲ။ ဒါဟာလည်း ဖြစ်သင့်ပါတယ်။

*** အမှာစာရေးပေးရမယ့် ဆရာ/ဆရာမ တွေအနေနဲ့ကလည်း တစ်ကယ်ကို ယုံကြည်မှုနဲ့ လုပ်ပေးခဲ့တာ ဖြစ်တယ်။ ဒီအတွက်လည်း အမှာစာရေးပေးခဲ့သော ဆရာ/ဆရာမတွေကို ကျေးဇူးတင်မိတယ်။ လေးလည်းလေးစားမိတယ်။ လက်ကမ်းသူတွေ၊ စိတ်ဓာတ်ရင့်သန်မြင့်မြတ်သူ၊ အဝေးကြီးကို အကျယ်ကြီးလှမ်းမြင်တတ်သူ ဆရာ/ဆရာမတွေ အများကြီး စာပေနယ်ထဲမှာ ရှိနေကြတာကို သိရတာ ကျေနပ်ပီတိဖြစ်မိတယ်။ အမှာစာထဲမှာ တစ်ပေါင်းတည်း အကြံဥာဏ်ပါ ထည့်ပေးတတ်တဲ့ လေးစားရတဲ့ ဆရာတွေထဲက ဥပမာပြရရင်… ဆရာရဲသျှမ်းတို့လို ဆရာတွေကိုလည်း နှုတ်ကဖွင့်မပြောခဲ့ပေမယ့် အမြဲကျေးဇူးတင်တယ်။***

အဲသလို မိမိလေးစားတဲ့ စာရေးဆရာ/ဆရာမ တစ်ဦးရဲ့ စာလေးတစ်ကြောင်းဟာ မိမိကို စာတွေအများကြီးဆက်ရေးချင်စိတ်ဖြစ်အောင် တွန်းအားပေးတတ်တယ်၊ စာအုပ်တွေလည်း ထုတ်ချင်စိတ်ကို ဖြစ်ပေါ်စေတယ်။

ဆရာသစ္စာနီ လူငယ်တွေကို ပြောသလိုပါပဲ…
‘စာအုပ်တွေထုတ်တာ ထုတ်ကြပါစေ… လက်နက်တွေထုတ်တာမှ မဟုတ်တာ’ ဆိုသလိုပါပဲ။

လက်တွဲခေါ်ခြင်း

ဒီနေရာမှာ ကျမကို လူငယ်ထုတ်ဝေသူလေးတွေအပြင် လူငယ်ကဗျာဆရာအချို့က ခဏခဏ ရင်ဖွင့်လာတတ်တယ်။ ပရင့်ကလူအချို့က လက်တွဲခေါ်ဖို့ တွန့်ဆုတ်တတ်တဲ့အကြောင်းကိုပါ။ ကျမအနေနဲ့ကတော့ ဒါကို မေးခွန်းထုတ်ချင်မိတယ်။ လက်တွဲခေါ်ဖို့ စောင့်နေရအောင်၊ လက်တွဲမခေါ်လို့ဆိုပြီး စိတ်မကျေမနပ်ဖြစ်နေရအောင် ကိုယ်တွေက မလျှောက်နိုင်လို့လား ဆိုတဲ့ မေးခွန်းပါ။ လက်မတွဲဘူး/လက်မကမ်းဘူးဆိုလည်း ကိုယ့်ဘာသာ ကိုယ်လျှောက်လို့ မရဘူးလားဆိုတဲ့ မေးခွန်းပါပဲ။

အစကတည်းက ဘာကိုမှ မမျှော်လင့်လို့ (စာမူခ၊ ဂုဏ်သိက္ခာ၊ ဆရာ/ဆရာမ အခေါ်ခံရခြင်းမှ ယုတ်စွအဆုံး) အွန်လိုင်းပေါ်မှာ အပေါ်ယံအရေခွံတွေ ခွာချလို့ စာရေးနေသူတွေက ဘာလို့ သည်အရာကို မျှော်လင့်နေတာလဲ ဆိုတဲ့ မေးခွန်း။

ဒီနေရာမှာ လက်ကမ်းသူတွေ၊ စိတ်ဓာတ်ရင့်သန်မြင့်မြတ်သူ၊ အဝေးကြီးကို အကျယ်ကြီးလှမ်းမြင်တတ်သူ ဆရာ/ဆရာမတွေ က လက်လာကမ်းရင် ကိုယ်ကလှမ်းပေးလိုက်၊ မကမ်းတော့လည်း ကိုယ့်ဟာကိုယ် လမ်းဆက်လျှောက်လိုက်တာ အကောင်းဆုံးပါ။

စာဖတ်ဆရာများနှင့် စာရေးသူများ

ဆရာဦးသုမောင်ရဲ့ စကားပါ။ ကျမ အလွန်နှစ်သက်သော စကား။

“လူတိုင်းစာရေးချင်သူများအချို့ စာရေးရတာ စာရေးဆရာဘဝဖြစ်ဖို့ လွယ်ကူတယ်လို့ ထင်မြင်ချက်တွေ ရှိကြပါလိမ့်မယ်”
ဆောင်းပါးရှင်ပြောတာ မမှားပါဘူး။ Business letter တွေ technical letter တွေထက်ကို ရသစာတစ်ပုဒ် ထွက်လာဖို့က ပိုခက်တယ်ဆိုတာ နဖူးတွေ့ ဒူးတွေ့ပါ။ ကိုယ့်ထက် genre များစွာကို ဖတ်ထားဖူးတဲ့ စာဖတ်ဆရာတွေရှေ့ကို ကိုယ်ဖန်တီးထားမှုတစ်ခုကို ချပြဖို့က တစ်ကယ်ကို မလွယ်တာပါ။

သူမပြောတာကိုလည်း ထပ်ဖြည့်ချင်တာကတော့…
“စာရေးဆရာဖြစ်ဖို့ထက် စာဖတ်ဆရာတွေ ဖြစ်ဖို့က ပိုပြီးကို ခက်နေနိုင်သေးတယ်” ဆိုတာလေးပါပဲ။

ယုံကြည်မှု၏ အနားသတ်မျဉ်းများ’ ဆောင်းပါးကိုဖတ်ပြီး ကျမကိုယ်တိုင်လည်း သင်ခန်းစာ တော်တော်ရလိုက်တယ်။

နောက်ထပ် ထုတ်ဝေသူလုပ်ချင်တဲ့ လူငယ်တွေအနေနဲ့လည်း သိထားသင့်တာကို သိထားရင်း

ကိုယ့်လမ်းကို မှန်မှန်ဆက်လျှောက်ဖို့ပါ။ ဘာကိုမှ မျှော်လင့်မထားတာဟာ အကောင်းဆုံးဖြစ်တယ်။ အောင်မြင်မှုကို မျှော်လင့်မိတာ၊ မာန၊ ငွေကြေး၊ ဒေါသတွေဟာ ကျမတို့ကို ဆွဲချသွားမယ့် အရာတွေပဲ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ စာပေလောကထဲက အချို့သောလူတွေရဲ့ ခံယူချက်တွေ၊ အမြင်တွေကို သိထားသင့်တယ်။ သူတို့ရဲ့ စည်းမျဉ်းခံယူချက်တွေကို နားလည်ထားတော့ ဆက်ဆံရေးတွေ ပိုပြီး ပြေလည်စေနိုင်မယ်လို့ မျှော်လင့်တယ်။

လူတိုင်းဟာ ကိုယ့်လမ်းကို ကိုယ်လျှောက်ကြရသလို…
ကိုယ်စိုက်တဲ့အတိုင်းပဲ ကိုယ်ရိတ်သိမ်းကြရတတ်ပါတယ်..။

တစ်ကယ်တမ်း ကိုယ်တွေကို အဆုံးဖြတ်ပေးသွားမှာက စာဖတ်ဆရာများပဲ ဖြစ်ပါလိမ့်မယ်။

လေးစားစွာဖြင့်…
အိမ့်ချမ်းမြေ့

c2-2.JPG

c2-1.JPG

c3.JPG

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

15 Comments »

  1. ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာ နှီးနှောဖလှယ်ပွဲလေးကို ပြန်သတိရသွားတယ် မလေးရေ…
    တီတင့်ကတော့ မနေ့တစ်နေ့ကမှ အွန်လိုင်းပေါ်ရောက်လာတဲ့သူမို့ ဆွေးနွေးမိရင် ဆေးရိုးသည်ဘ၀ရောက်ဖွယ်ရာရှိ :P
    ဘလော့ဂါတွေထဲမှာ အတွေးအခေါ်မြင့်ပြီး တစ်ချို့ပရိုတွေထက် အရေးအသားထက်မြက်တာတွေ အများကြီးတွေ့ရပြီး
    သူတို့လေးတွေကို ရင်ဘတ်နဲ့ချီးကျူးမိပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ချစ်စရာကောင်းတဲ့ ကိုယ်စီယုံကြည်ချက် ခံယူချက်လေးတွေကိုလေးစားတယ်။

    Comment by တီတင့် — August 22, 2014 @ 8:03 am

  2. စာရေးသူနဲ့ သူ့ရဲ့ခံယူချက်ဟာ ရေရှည်မျာ သက်သေပြသွားမှာပါပဲ အစ်မရယ်… အခုတလော အရင်က ဘလော့တွေ ခေတ်စားတုန်းက အချိန်တွေကို သတိရနေမိတယ်.. အခုနောက်ပိုင်း သံယောဇဉ်နဲ့ ရေးနေရပေမယ့် အရင်လို အားမရှိသလိုပဲ… နွေးထွေးတဲ့ အသိုင်းအဝိုင်းကို လွမ်းမိတယ်

    Comment by Alwan Pyay — August 22, 2014 @ 11:04 am

  3. Reader Pho Thar ကျွန်တော် friendsday ning site မှာ ၂၀၀၉ မှ၂၀၁၂ ဝန်းကျင်အထိ ကဗျာများ ဆောင်းပါးများ ဝတ္ထုတို
    အတော်များများကို ဖတ်ခဲ့ဘူးပါတယ်
    ကိုယ်တိုင်ရေးကို သာဦးစားပေး
    ဖော်ပြတဲ့ ဆိုက်တစ်ခုပါ စာကိုချစ်မြတ်နိုးသူတစ်ယောက်မို့ အခြားသော
    ဆိုက်များကိုလည်း လှည့်လည်ဖတ်ရှုခဲ့ပါတယ်။
    အလားတူ မဂ္ဂဇင်းတွေဖြစ်တဲ့ ရွှေအမြုတေ သရဖူ အပျိုစင်
    စတဲ့ နာမည်ကျော် မဂ္ဂဇင်းများကို
    လည်းဖတ်ခဲ့သူတစ်ယောက်ပါ။ နစ်
    စာဖတ်သူတစ်ယောက် အနေနဲ့ပြောရရင် မဂ္ဂဇင်းတွေထက် တောင်သာလွန်ကောင်းမွန်တဲ့ ကဗျာ ဆောင်းပါး ကဗျာ
    ဝတ္ထု အချို့ကိုဖတ်ခဲ့ရပါတယ်။
    ပရင့်မှာဆိုရင် စာကောင်းကောင်း
    ညံ့ညံ့ ဝေဘန်မယ့်သူ နည်းပါတယ်။အွန်လိုင်းကတော့ စာဖတ်သူနဲ့ တိုက်ရိုက်ထိတွေ့ ရပါတယ်။
    ဘာကွာသလဲလို့ မေးရင် တာဝန်ယူမှု
    အပိုင်းမှာ အွန်လိုင်းရေးသူက တာဝန်ပိုကြီးပါတယ်။ အတွေးအခေါ်အယူအဆ မှားတာနဲ့ ကိုယ့်အချိန်ပ
    ကိုယ့်ပိုက်ဆံ ကုန်တဲ့အပြင် ပယ်ပယ်နယ်နယ် ဝေဘန်ခံရတာပါဘဲ။
    အွန်လိုင်းပေါ်မှာ သာမန်အရည်အချင်းနဲ့ နာမည်ကျော်ဘို့ မလွယ်ပါဘူး။ အွန်လိုင်း စာဖတ်သူဟာ
    နယ်ပယ် အသီသီးက အဆင့်အတန်းစုံပါဘဲ။ အထူးသဖြင့်
    အစောပိုင်း အွန်လိုင်းသုံးသူတွေသည် ပညာတတ်လူတန်းစားတွေများပါတယ်။ သူတို့လက်ခံနိုင်လောက်တဲ့ စာပေသည် အရည်အသွေး မညံ့ပါဘူး။ တစ်နေ့ကို ဆယ်ပုဒ် အနည်းဆုံး နဲ့ တွက်ရင် လေးနှစ်အတွင်း သောင်းချီတဲ့ လူတွေရဲ့ ခံစားချက်တွေ ဖတ်ခဲ့ရတာပါ။
    နာမည်ကျော် ပရင့်သမားများ အွန်လိုင်းပေါ်ရဲရဲဝံ့တက်ကြည်ပါလို့
    ဖိတ်ခေါ်ပါတယ်။ ပရင့်စာအုပ် ၁၀၀၀ သို့ အများဆုံး ၂၀၀၀ ၃၀၀၀ရိုက်ချိန်မှာ အွန်လိုင်းမှာ
    စာဖတ်သူသောင်းချီရှိပါတယ်။
    နောက်ပြီး စာဖတ်သူအပေါ် အထင်သေးတတ်တဲ့ စိတ်ကလေးနဲနဲလျော့စေချင်ပါတယ်။
    ဒီလောက်ပါဘဲ
    ဖတ်သူဖိုးသား

    Comment by Reader Pho Thar — August 22, 2014 @ 3:59 pm

  4. Hemingway ကြီးရဲ့ ၁၉၂၆ ခုနှစ်က ပထမဆုံးအကြိမ်ထုတ်တဲ့ The sun also rises ဆိုတဲ့စာအုပ်က အုပ်ရေ ၅၀၉၀ ထုတ်ခဲ့တယ်။ အဲဒီ ပထမထုတ်ဝေတဲ့ စာအုပ်တအုပ်ကို ရောင်းနေတယ် ဒေါ်လာ လေးသောင်းနှစ်ထောင့်ငါးရာနဲ့။ ပထမအကြိမ် ထုတ်ဝေတာ ၁၉၂၆ ခုနှစ်က ၊ အုပ်ရေ ၅၀၉၀ ။ ခု ခေတ် စာရေးဆရာတွေ ထုတ်လိုက်ရင် အုပ်ရေ သိန်းဂဏာန်း ။ ဒါ အပြင်မှာပြောတာပါ။ ကြားဖူးတာဝင်ပြောတာနော်။

    Comment by Nyein Zay OO — August 23, 2014 @ 12:21 am

  5. နောက်ဖေးပေါက်…စာပေလောကဆိုတာ နောက်ဖေးပေါက်က ၀င်လို့ရတဲ့ ပခြုပ်ဆိုင် မှ မဟုတ်ဘဲဗျာ…ဘယ်သူဟာ ဘာလဲဆိုတာကို ပထမဦးဆုံးအနေနဲ့ လက်ရှိ စာဖတ်ပရိသတ်က ဆုံးဖြတ်ပေးပါလိမ့်မယ်…ဘယ်လိုစာမျိုးလဲဆိုတာကို အနာဂတ် စာပေသုတေသီတွေက အကဲဖြတ်ကြပါလိမ့်မယ်…စာပေသည် သစ္စာတရားပါ…

    Comment by Han Kyi — August 23, 2014 @ 12:21 am

  6. Pulitzer လား ပုလိပ်စာ လား ပုတတ်စာ(ပဒတ်စာ) ဆုတွေ တလှေကြီးနဲ့ internationally renowned ကြီးတွေ ဆိုတော့ စာပေမာနတွေတက်ကြမပေါ့။ တက်ကြပါ တက်ကြပါ စာပေမာနတက်ပေါ့ စမန်တော့မခုတ်နဲ့ပေါ့ ။
    ထုတ်ဝေသူတွေကလဲ သူ့ မှာ စာမူ ခအချိန်မှီမရတော့ ဒေါကန်ပြီပေါ့ ကန်လဲ ကန်ချင်စရာပဲ ။ ခုတော့ ဟို က ၀ါးလုံးရှည် မိလ္လာသုတ်ပြီး ၃၆၀ ဒီဂရီ ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀လုပ်ပြီ ။

    သားတို့ ကတော့ စော်ဖက်သူတွေဆိုတော့ ဘယ်စော်ပဲဖြစ်ဖြစ် ဖက်လို့ ရရင် ကိုယ်ကြိုက်ရင်ဖက်မှာပဲဂျာ ။ ခွိ ….ဂွိ….ဂွပ်။

    Comment by Nyein Zay OO — August 23, 2014 @ 12:22 am

  7. ဘလော့ဂါစာရေးသူတယောက်ရဲ့ စာပေစေတနာကို ပေါ်လွင်စေတဲ့ ဒီပို့ စ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ် အိမ့်ရေ. အမကတော့ စာဆို on line ပေါ်က စာဖြစ်ဖြစ် ပုံနှိပ်ထားတဲ့စာဖြစ်ဖြစ်. ဟိုးအရင် စာရေးဝါသနာတူ သူငယ်ချင်းရွက်ပုံးသီးလေးတွေရေးတဲ့ လက်ရေးစာမူလေးတွေတောင် မက်မက်စက်စက် ဖတ်တတ်တယ်. တခါတလေ သားတို့ ကျောင်းက စာစီစာကုံးသဘောမျိုးရေးခိုင်းတဲ့စာလေးတွေကအစ နုပျိုတဲ့အိုင်ဒီယာလေးတွေ သဘောကျလို့ ဖတ်မိတယ်. ဒီလိုပါပဲ. စာရေးတဲ့အခါမှာလဲ ပုံနှိပ်စာလုံးနဲ့ မှရယ်လို့ မဟုတ်. ကွန်ပြူတာတလုံးဖြစ်ဖြစ် စာရွက်တရွက်ပေါ်ဖြစ်ဖြစ် ရေးချင်တဲ့စိတ်ရှိတဲ့အခါ ချရေးမိတာပဲ. စာအုပ်ထုတ်မှ စာရေးဆရာ ပုံနှိပ်ထုတ်ဝေမှစာရေးဆရာဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တဲ့ ကိုယ်ရေးတဲ့စာကို စေတနာထည့်ရေးတတ်သူမှစာရေးဆရာလို့ ခေါ်တာ ပိုမှန်မလားပဲ. စေတနာဆိုရာမှာ ရသဖြစ်ရမယ် ပညာပေးဖြစ်ရမယ်လို့ ဘောင်တွေသတ်မှတ်ချက်မရှိပါဘူး. ဘာလေးပဲရေးရေး. အချစ်အကြောင်းလေးပဲဖြစ်ဖြစ် နာမည်ကြီးဖို့ ရည်ရွယ်ချက်မဟုတ်ပဲ ကိုယ်ရေးလိုက်တာလေးက ကိုယ့်ရဲ့မူလေးရယ် ကိုယ့်ခံစားချက် သို့  ကိုယ့်ရည်ရွယ်ချက်လေး တခုခု ထင်ဟပိနေရင်ကို စေတနာစာဖြစ်နေပါပြီ. စေတနာနဲ့ ရေးတဲ့စာလေးက ကဗျာတိုလေးပဲဖြစ်ဖြစ် ကိုယ့်ကြုံတွေ့ ရတဲ့အဖြစ်လေးပဲဖြစ်ဖြစ် ဖတ်ရတာစေးစေးပိုင်ပိုင်နဲ့ ကောင်းနေတာ. ဘလော့ဂါတွေထဲမှာ စေတနာနဲ့ ရေးသူတွေအများကြီးပါ. ဒါကြောင့် အမက ဒီလောကလေးကို ခုထိသံယောဇဉ်ကြီးစွာချစ်နေတုန်း. မျှော်လင့်ချက်မထားပဲ စာရေးသူတယောက် အနေနဲ့ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ရိတ်သိမ်းတဲ့အခါ စိတ်ချမ်းသာမှုဆိုတဲ့ အသီးအပွင့်ရမှာ အမှန်ပါပဲ

    Comment by Takhu Lay Nu Aye — August 23, 2014 @ 12:22 am

  8. ဘလော့ဂါတွေထဲမှာ သူရို့ပရင့်လိုင်းပေါ်ကလူတွေထက် အဆတစ်ရာသာတဲ့သူတွေတစ်ပုံကြီးပါ။ တနည်းပြောရရင် ရွက်ပုံးသီးလိုပေါ့။ အခုခေတ်စာရေးဆရာ/ဆရာမ မြောက်ကြွကြွလေးတွေဟာ များသောအားဖြင့် အွန်လိုင်းမှာရေးတဲ့သူတွေ ဘလော့ဂါတွေကို အထင်သေးအမြင်သေးနဲ့ကြည့်ကြတာ အင်မတန်စိတ်ပျက်စာရကောင်းသလို သူတို့တွေရဲ့အတွင်းကိုလည်း လှမ်းမြင်နေရသလိုပါဘဲ။ ဆက်ပြောရရင် မကောင်းတတ်တော့လို့ မပြောချင်တော့ပါ။

    Comment by Min Kyi Nyo — August 23, 2014 @ 12:23 am

  9. ဘလော့ဂါဆိုတာ Freelance writer လိုပါပဲဗျာ..။ ဘယ်ကိုမှ အမှီအခိုမရှိဘူး..။ ကတိကဝတ်တွေ၊ စည်းနှောင်မှုတွေမရှိပဲ ရင်ထဲကရှိသမျှကို တိုက်ရိုက်ပွင့်ပွင့်လင်းလင်းရေးချရုံပါပဲ.. ။ အချင်းချင်း ဖေးမကြသလို၊ အချင်းချင်းလည်း မောင်နှမတွေလို ခင်မင်ကြသူတွေချည်းပါ..။ တစ်ချို့က ပရင့်ကလူအချင်းချင်းမှ လူထင်တဲ့သူတွေလည်းရှိတယ် အစ်မရဲ့..။ ပြောရခက်ပါတယ်..။ လောလောဆယ် ဘလော့ခေတ် မရှိတော့ ကျနော်တို့ အားလုံးလည်း Facebook ရောက်နေတော့ နည်းနည်းတော့ အားနည်းနေတာအမှန်ပဲ. တစ်ချိန်တုန်းကလို ဘလော့ဂါတွေ ရသစာလေးတွေ တဂ်ပို့စ်ရေးကြတာမျိုးလွမ်းမိပါတယ်.။

    Comment by Hein Lin Htun — August 23, 2014 @ 12:23 am

  10. Super Like

    Comment by Aunty Tint — August 23, 2014 @ 12:24 am

  11.း) စာမူခ တစ်ပြားမှ မရပဲ အလကားသတ်သတ် အပြောဆိုခံရတဲ့ ဘဝ

    အော် ဘလော့ဂါဆိုတာ သာရည်ထူတတ်တဲ့သူတွေတော့လည်းမဟုတ်ဘူးလေနော်

    Comment by Maung Myo — August 23, 2014 @ 12:24 am

  12. လူတိုင်းဟာ ကိုယ့်လမ်းကို ကိုယ်လျှောက်ကြရသလို…
    ကိုယ်စိုက်တဲ့အတိုင်းပဲ ကိုယ်ရိတ်သိမ်းကြရတတ်ပါတယ်..။

    တစ်ကယ်တမ်း စာရေးဆရာတွေကို အဆုံးဖြတ်ပေးသွားမှာက စာဖတ်ဆရာများပဲ ဖြစ်ပါလိမ့်မယ်။ :)

    Comment by Soe Naing — August 23, 2014 @ 12:25 am

  13. ကိုယ်ယုံကြည်ရာလမ်းပေါ် မှန်မှန်ဆက်လျှောက်နေကြဖို့ပါပဲ
    နေပူတာ မိုးရွာတာ ခပ်ပါးပါးလေး ကာထားရုံပါ !

    Comment by Moe Aung San — August 23, 2014 @ 12:25 am

  14. ဒီခေတ်ကြီးမှာ ပိုက်ဆံမြတ်ချင်ရင် စီးပွားရေးပဲလုပ်မှာပေါ့ ရှုံးမှာသေချာတဲ့ စာအုပ်တစ်ခုအတွက်တော့ ဘယ်သူမှဝါသနာအရင်းမခံဘဲ စာအုပ်မထုတ်ပါဘူး..။

    တွေ့နေတာကြာပါပြီ ဘာမှမပြောခဲ့ပေမယ့် မလေးရဲ့အချိန်ပေးရေးထားတဲ့စာကို လေးစားတန်ဖိုးထားတဲ့အနေနဲ့ ဝင်ပြောတာပါ..။ သေချာတာ စာရေးသူရော ထုတ်ဝေသူတွေကော အသပြာသမားတွေ မဟုတ်ကြပါဘူး..။

    ဘလော့မှာရေးရေး ပရင့်မှာရေးရေး ဝါသနာအရင်းခံပြီးရေးကြသူတွေမို့ စာရေးသူတွေကို ချစ်ပါတယ် ဆွမ်းခံရင်းငှက်သင့်တဲ့ကိစ္စမို့ နောက်များဆို သူတပါးကိုပါရမီဖြည့်တဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်တော့ဖို့ စဉ်းစားထားပါတယ်..။

    စာအုပ် 1000 ထဲက 450 ကိုလည်း စာကြည့်တိုက်ပေါင်းစုံကို လှူလိုက်ပါပြီ ရှုံးသမျှ ကျနော်ပဲ ခံမှာပါ..။ ထုတ်ဝေတဲ့ကိစ္စအတွက် ကျန်တဲ့ရှင်းစရာတွေကိုလည်း အမဟေမာန်နဲ့ပဲ ဆက်ရှင်းမှာပါ..။

    အသပြာစာရေးဆရာတွေကိုတော့ အထင်မကြီးဘူးဆိုတာထက် ရွံလွန်းမကရွံပါတယ်..။

    (Hate Speech သဘောမျိုးဖြစ်သွားရင် မလေး ကျနော့်ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်..။

    ကိုဟ်တိုင်လည်း တခြားဘလော့ဂါတွေရဲ့စာအုပ်မှာ ခင်မင်မှူနဲ့ပါခဲ့ဖူးပါတယ်..။ ဘယ်တုန်းကမှ ငွေစကားမပြောခဲ့ဖူးသလို ကူညီလို့ရတာရှိရင် ပြောနော်လို့ ပြောခဲ့ဖူးတာပါ..။

    ကျနော်ဘလော့ဂါတွေကို အရမ်းလေးစညးတာ ဒီအချက်ပါပါတယ်..။ ဘယ်တုန်းကမှ စာရေး (စား) တာမျိုး မရှိခဲ့ဖူးသလို နောက်လည်း ရှိမှာမဟုတ်ပါ..။

    လေးစားစွာဖြင့်
    ကိုကိုးအိမ်

    Comment by Pyae Phyo Maung — August 23, 2014 @ 12:26 am

  15. စာပေချစ်စိတ်ဖြင့်မဂ္ဂဇင်းအတော်များမျာနဲ့းဘလောက်ဂါများရဲ့ပို့များနေ့စဉ်လိုလိုဖတ်ဖြစ်ပါတယ်..တချို့ဘလောက်ဂါများအတွေးအခေါ်အေ၇းအသားထက်ထက်မြက်မြက်ရှိကြပါတာ်။

    Comment by Anonymous — September 6, 2014 @ 10:31 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------