♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

June 12, 2014

သတ်ပုံမှားရတဲ့ ဘ၀များအကြောင်း

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 8:27 am

တစ်ကယ်တော့ ကျမ ဒီစာကို တတိတိနဲ့ ရေးနေတာ ဂနှစ်ရှိပါပြီ။ နီးစပ်ရာ ကျောင်းဆရာ၊ ကထိက မှအစ၊ chemist၊ bio-chemist၊ neuroscientist များကိုလည်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြုံရင်ကြုံသလို ပြောဆိုဆွေးနွေး၍ စုဆောင်းမိသမျှ ဗဟုသုတများကို ဖြည်းဖြည်းချင်းရေးနေခဲ့ပါတယ်။ အဲဒီအထဲကမှ တတ်နိုင်သမျှကို ပြန်လည်ထုတ်နုတ်ပြီးတော့ ဝေမျှပါတယ်။

ဟိုတစ်လောက ကျမ ဖဘမှာ စတေးတပ်စ်တစ်ခု တင်လိုက်ပါတယ်။ အဲဒါကတော့ မြန်မာစာ၊ မြန်မာ့အသိုင်း စသည်နဲ့ ဝေးကွာနေသူ၊ အဝေးရောက်မြန်မာအချို့ရဲ့ ကိုယ်နဲ့မျိုးတူမြန်မာများကို စာဖြင့်ဆက်သွယ်ဆွေးနွေး၊ အတွေ့အကြုံဗဟုသုတ ဝေမျှဖလှယ်ချင်၍ မြန်မာစာရိုက်ပြန်လည်သင်ကြားကြတဲ့အခါမှာ တွေ့ကြုံရတဲ့ အဖြစ်လေးတွေထဲက တစ်ခုပါ။

အချို့သော မြန်မာများဟာ မြန်မာပြည်ကထွက်လာတာ နှစ်တွေအများကြီးကြာသွားခဲ့ပါပြီ။ နိုင်ငံခြားပညာရပ်တွေမှာ ကျင်လည်ကျက်စား ပညာသင်ကြားရင်း၊ နိုင်ငံခြားသားတွေထဲမှာပဲ ကျင်လည်ရင်း မြန်မာတွေနဲ့ ဝေးကွာသွားကြသူတွေရှိတယ်။ အဲဒီလူတွေထဲမှာမှ လူတစ်ယောက်ဟာ နိုင်ငံခြားပညာလည်း အတော်အတန်တတ်သည့်အပြင်၊ လက်ရှိလည်း ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးလည်းဖြစ်တယ်။ သူ့လက်အောက်မှာ MIT မှ ဘွဲ့ရတွေတောင် ရှိသူ၊ လူကြီးတစ်ဦးပါ။ ဒါကြောင့် သူ့မှာ fellow Myanmars တွေနဲ့ ဝေမျှစရာ အတွေ့အကြုံတွေများစွာ ရှိနေတဲ့အပြင်၊ အတွေ့အကြုံတွေကို ဝေမျှ၊ ချပြ၊ ပြောပြလိုတဲ့ စိတ်စေတနာလည်း ရှိပါတယ်။ အခုနောက်ပိုင်း တက်ကနော်လော်ဂျီတွေ အရမ်းတက်လာတဲ့အတွက်လည်း မြန်မာ့အွန်လိုင်းလောက၊ မြန်မာ့သတင်း စသည်နဲ့ နီးစပ်လာပြီး၊ မြန်မာတွေကို သံယောဇဉ်ရှိစွာနဲ့ မြန်မာလို စာရိုက်ချင်လို့ အပြင်းအထန် ပြန်လည်လေ့ကျင့်ပါတော့တယ်။

ထိုသူလိုပဲ မြန်မာပြည်ကနေ အဝေးရောက်ပြီး မြန်မာတွေနဲ့ နှစ်ရှည်လများဝေးကွာသွားသူ မြန်မာတွေ များစွာ ရှိပါတယ်။ မြန်မာတွေနဲ့ လုံးဝကင်းဝေးသွားသူ၊ မြန်မာစကားမပြောရလွန်းတာကြာတော့ မပြောတတ်တော့သူတွေ ရှိတယ်။ ကျမ လူနှစ်မျိုးနှစ်စားနဲ့ ကြုံဆုံဖူးပါတယ်။ ပထမတစ်မျိုးက လူကိုယ်တိုင်ပြန်မရောက်ရင်တောင်၊ အွန်လိုင်းကမ္ဘာပေါ်မှာ မြန်မာတွေနဲ့ နီးစပ်ချင်ကြသူတွေ၊ နောက်တစ်မျိုးကတော့ မြန်မာတွေနဲ့ မဆက်ဆံချင်သူတွေ၊ ဥပမာ…. “ဦးလေးက ဗမာလားဟင်” မေးမိတဲ့အခါ… “ဟေ့အေး.. ငါ ဗမာလိုလည်း မတတ်ဘူး” လို့ ဗမာလို ပြန်ဖြေတတ်သူ၊ မြန်မာတွေနဲ့ လုံးဝမပတ်သက်ချင်လို့ မြန်မာမဟုတ်သလို ဟန်ဆောင်နေသူ လူတွေပါ။

မြန်မာတွေကိုသံယောဇဉ်ရှိလို့၊ မြန်မာတွေနဲ့ ရင်းနှီးချင်လို့၊ မြန်မာစာရိုက်ချင်လို့ အပြင်းအထန်ပြန်ကျင့်ပြီး အွန်လိုင်းမီဒီယာတွေပေါ်မှာ စာလေးတွေရိုက်တင်နေကြသူတွေကို “အခြေအနေဘယ်လိုရှိလဲ” လို့ မေးကြည့်မိတယ်။ မြန်မာအသိုင်းအဝိုင်းကို ပြန်ဝင်လာတော့ ဘယ်လိုနေသလဲလို့ မေးကြည့်တာပါ။
အိုင်ဖုန်း၊ ပီစီသာမက၊ အခုနောက်ပိုင်းဆိုရင် tablet
အမျိုးပေါင်းများစွာ၊ galaxy note S3၊ S4 အိုင်ပက်မီနီ၊ အိုင်ပက်အဲ စသော မြန်မာဖောင့်ကို ဒေါင်းလုပ်ဒ်ချပြီး ဆိုရှယ်မီဒီယာတွေပေါ်ကို ရိုက်တင်တဲ့ ကိရိယာတိုင်းများ၊ ကွန်ပြူတာလေးများစွာဟာ မြန်မာစာဖောင့်တိုင်းနဲ့ မကိုက်ညီပါဘူး။ ရိုက်တုန်းကတစ်မျိုး အွန်လိုင်းမီဒီယာပေါ်ရောက်သွားရင် တစ်မျိုးထွက်သွားကြတတ်တဲ့ သဘောလည်း ရှိတာတွေကိုလည်း ပြောဖြစ်ပါတယ်။

“လူတွေက ကျနော်/ကျမတို့ ဆိုလိုတဲ့ ဆိုလိုရင်း၊ အိုင်ဒီယာပိုင်း၊ အမြင်၊ အတွေးအခေါ်ပိုင်းတွေကို မဖတ်ဘဲ၊ ဘယ်စာလုံးပေါင်းမှားနေသလဲဆိုတာကိုပဲ ဂရုစိုက်ဖတ်နေကြတယ်” လို့ ထိုသူတွေက ဆိုတတ်ပါတယ်။ “အိုင်ဒီယာပိုင်းကို ပြောကြဆိုကြဆွေးနွေးကြဖို့ထက် စာလုံးပေါင်းသတ်ပုံ ဘာမှားနေလဲဆိုတာကိုပဲ ဂရုစိုက်ဝေဖန်ကဲ့ရဲ့ချင်နေကြတော့ အဲဒီအဆင့်ကနေကို မတက်နိုင်တော့ဘူး” လို့ ဆိုပါတယ်။

လူအများစုက ပြောတတ်ကြတယ်။

“စာလုံးပေါင်းမှန်ရမယ်၊ သဒ္ဒါမှန်ရမယ်၊ ဝါကျစီတာတွေမှန်ရမယ်၊ အဖွဲ့အနွဲ့တွေတော်ရမယ်၊ ဒါမှလည်း စာရေးဆရာဖြစ်သင့်တယ်” ဒီယူဆချက်ဟာ မမှားသလို၊ “စာရေးဆရာတစ်ယောက်ဖြစ်ပြီး စာလုံးကလေးမှ မှန်အောင်မပေါင်းနိုင်ရင် ဘာသွားလုပ်တော့မှာလဲ” ဆိုတဲ့ အတွေးအခေါ်တွေဟာလည်း မမှားပါဘူး။

ဒါမေပယ့် ဒီလိုအတွေးတွေတိုင်းဟာလည်း မှန် မနေပါဘူး။ ဒါကိုပဲ ဂရုစိုက်လွန်နေခြင်းဟာ မှန်မနေဘူးဆိုတဲ့ အကြောင်းကို အနည်းငယ်ဝေမျှချင်ပါတယ်။

ကျမတို့လူသားတွေဟာ ဒီကမ္ဘာထဲမှာ intelligent အဖြစ်ဆုံး သတ္တဝါဖြစ်တယ်လို့ ဆိုကြတယ်။ (ဒီယူဆချက်ကို ဒါဝင်ကတော့ သဘောမတူပါဘူး။ ထို့အတူပဲ ကျမကလည်း ဒါဝင်နဲ့ ဒီအတွေးတထပ်တည်းသွားကျနေတယ် - ဒီအကြောင်းကိုပါ ထည့်ရေးရရင်လည်း တစ်ထောင့်တစ်ညပုံပြင်ဖြစ်သွားမှာစိုးလို့ - လူသားသည် တိရစ္ဆာန်အများစုထက်ပိုပြီး intelligent ဖြစ်တယ်လို့ပဲ လောလောဆယ် ယူဆထားလိုက်ကြပါစို့) အဲသလို intelligent သတ္တဝါဖြစ်နေရတဲ့အကြောင်းဟာ၊ အခြား သတ္တဝါတွေနဲ့မတူ တမူခြားစွာ တစ်ဦးနဲ့တစ်ဦး စာ/ပုံ/သင်္ချာ နဲ့ ဆက်သွယ်နိုင်ကြလို့လည်း ဆိုကြသေးတယ် မဟုတ်ပါလား။ ဒါကြောင့်လည်း စာလုံးပေါင်းသတ်ပုံမှန်တာ၊ သဒ္ဒါမှန်မှလည်း ဆက်သွယ်ရေးဖြောင့်ဖြူးမယ်လို့ ယေဘူယျ ယူဆထားကြပါစို့။

မြန်မာတွေဟာ အွန်လိုင်းပေါ်မှာ ပိုမိုပွင့်လင်းပြီး အတွေးအခေါ်တွေ ပြောင်မြောက်လာတယ်လို့ ဆိုလို့ရနိုင်ပါတယ်။ အသက်အရွယ်၊ ရာထူးအဆင့်၊ အလုပ်အကိုင်၊ လူနေမှုအဆင့်အတန်း၊ ပညာရေး စတဲ့ လူတစ်ယောက်ကို ပုံဖော်ထားတဲ့ အရာတွေဟာ မှေးမှိန်မှုန်ဝါးတယ်လို့ ဆိုလို့ရပါတယ်။ ပုံမဖော်ထားရင် ဘယ်သူကဘာဆိုတာ မသိရတဲ့အခါ Hierarchy တွေ မရှိသလောက်ဖြစ်တယ်။ အဲဒီအခါမှာ ကျောင်းစာသင်ခန်းနဲ့ ကျမတို့လူမှုအသိုင်းအဝိုင်းမှာ မရနိုင်တဲ့ ပွင့်လင်းလွတ်လပ်စွာ အားမနာတမ်းဆွေးနွေးပြောဆိုနိုင်တဲ့ အခွင့်အရေးတစ်ခုကို ရလာတတ်တဲ့ သဘောရှိတယ်။

စာလုံးပေါင်းလေးတစ်လုံးမှားမိတာနဲ့ ဝိုင်းဝန်းပြင်ဆင်ကြ၊ ကော့မန့်တွေရေးကြတာလည်း တစ်ကယ်တော့ တွေးတတ်ရင် သူတို့စေတနာ၊ ယူတတ်ရင် ကိုယ့်အတွက် အပေါင်းလက္ခဏာပါပဲ။ တိုက်ခိုက်စောင်းမြောင်းပြောဆိုတာတွေကိုတော့လည်း ဥပေက္ခာပြုသင့်ပြုပြီး၊ တစ်ခါတစ်လေလည်း ဒီလိုအပြောအဆိုတွေကို ကိုယ့်အတွက် တွန်းအားအဖြစ် ပြောင်းယူလို့လည်း ရနိုင်ပါသေးတယ်။

အဲဒီမှာ ကျမ မေးချင်တွေးချင်တာက… လူတစ်ယောက်ရဲ့ ပညာအရည်အချင်းနဲ့ ဥာဏ်ပညာထက်မြက်မှုကို စာလုံးပေါင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်လိုက်ကြမှာလားဆိုတဲ့ မေးခွန်းကလေး မေးကြည့်မိတယ်။>

စာလုံးပေါင်း၊ သဒ္ဒါအထားအသို၊ ဝါကျတည်ဆောက်နည်း၊ ပြောရမယ်ဆိုရင် ကျောင်းစာသင်ခန်းထဲက ချပြလိုက်တဲ့ ပုံသေနည်းတွေကို ဘယ်သူပိုလိုက်လျှောက်နိုင်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး၊ လူတစ်ယောက်ကို သတ်မှတ်လိုက်တတ်ကြတဲ့ အကြောင်းကတော့ တစ်ကယ်တော့ စိတ်ဝင်စားစရာပါပဲ။

ဒီကိစ္စက ဒီမှာတင် မဆုံးသွားဘူး။ စာလုံးပေါင်းဘယ်လောက်မှန်အောင် ကြိုးစားသင်သင်၊ စာလုံးပေါင်း မှန်အောင်ကို မပေါင်းနိုင်တဲ့ လူတွေ/ကလေးတွေရှိတယ်။ အဲသလို စာဖတ်ဖို့ စာလုံးပေါင်းမှန်အောင်တတ်ဖို့ နေ့စဉ်ရုံးကန်နေရတဲ့ ကျောင်းစာသင်ခန်းထဲက ကလေးတွေကို ဆရာတွေ၊ မိဘတွေက ဘယ်လိုများဆက်ဆံနေကြသလဲ၊ ပတ်ဝန်းကျင်က ဘယ်လိုနှိမ်ချလို့မြင်ကြသလဲဆိုတာကို ကျမ ခံစားနေရတယ်။ ဒီလိုဖြစ်နေတဲ့ ကလေးတွေကို ဖြစ်နေမှန်းမသိဘဲ ရိုက်နှက်ဆူပူမိကြမယ်ဆိုရင် တော်တော်ဝမ်းနည်းစရာကောင်းမှာပါ။ အဲသလို ကလေးတွေကို ဥာဏ်ရည်မမှီလို့ ကျောင်းထုတ်ခံလိုက်ရတဲ့ ကလေးတွေ ဘယ်လောက်များနေပြီလဲ။ (ညာလက်သန်သူတွေ ဘယ်လက်သန်သူတွေထက် ပိုပြီး intelligent ဖြစ်တယ်ဆိုတဲ့ သာမာန်အတွေးတွေ၊ extrovert (အပွင့်သမား) တွေဟာ introvert (အပိတ်သမား) တွေ ထက် ပိုတော်တယ်လို့ ယေဘူယျမြင်တဲ့ အမြင်တွေရှိခဲ့ဖူးတာတွေနဲ့ တသဘောထဲပါပဲ)

စာလုံးပေါင်းသတ်ပုံမှန်အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ လူအုပ်စုလေး စု ကို ကျမရဲ့ ဒီစာမှာ တွေ့ကြရမှာဖြစ်တယ်။ Ingelligent ဖြစ်ပေမယ့် စာလုံးပေါင်းအမှန်ကိုသိပေမယ့် မှန်အောင်မပေါင်းနိုင်သူ short-term memory မကောင်းသူ လူကြီး၊ လူငယ်များ၊ စာရေး စာဖတ်လို့ကိုမရနိုင်အောင် ဖြစ်တတ်တဲ့ dyslexic ကလေး များ နဲ့ ကောင်းမွန်စွာ ပေါင်းတတ်ပါရဲ့နဲ့ စာလုံးပေါင်းကို လုံးဝကို ဂရုမစိုက်တဲ့ လူအုပ်စုများ ဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ နောက်ဆုံးက အုပ်စုအကြောင်းကိုတော့ ကျမ ထည့်မရေးတော့ပါဘူး။

ပထမ သုံးအုပ်စုထဲမှာ တတိယအုပ်စုကို စပြောချင်ပါတယ်။ သူတို့တွေဟာ ဘယ်လောက်စာသင်ပေးပေး စာသင်လို့ မရတဲ့ ကလေးတွေပါပဲ။ လူသားတွေထွင်ထားတဲ့ ‘စာ’ ကို သူတို့ဦးနှောက်ကနေ အဓိပ္ပာယ်ခွဲခြမ်းစိတ်ဖြာလို့ မရတဲ့ ဦးနှောက်ပိုင်ရှင်လူသားတွေ အများကြီးရှိပါတယ်။ အဲဒီလူသားတွေကို Dyslexic ဖြစ်ကြသူများလို့ ယေဘူယျ ခေါ်ဆိုထားကြပါတယ်။ အဲဒီမှာမှ dysphonic dyslexia နဲ့ dyseidetic dyslexia ဆိုပြီး အမျိုးမျိုးထပ်ကွဲပါသေးတယ်။
Ornagai က Dyslexic ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားသလဲဆိုရင် “စာသင်၍ဖတ်၍မရသော၊ ဦးနှောက်ချို့ယွင်းသော” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
စာလုံးပေါင်းမမှန်ရင်ကိုပဲ intelligent လူသားတစ်ဦး မဟုတ်တော့ဘူးလို့ မြင်တတ်ကြတဲ့ ကျမတို့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ Dyslexic သမားတွေကို ဦးနှောက်မမှီသူ၊ ဦးနှောက်ချို့ယွင်းသောသူ .. လို့ ယူဆလိုက်ကြတာကို အပြစ်မဆိုတော့ပါဘူး။

အဲသလို Dyslexic ကလေးတွေ၊ စာဖတ်ဖို့ အခက်အခဲရှိတဲ့ ကလေးတွေ၊ စာလုံးပေါင်းမှန်အောင် ကြိုးစားနေရတဲ့ ကလေးတွေ နေ့စဉ်ရင်ဆိုင်နေရမယ့် အဖြစ်တွေ၊ ပတ်ဝန်းကျင်က သူတို့ကို ဦးနှောက်မမှီသူတွေ၊ စာလုံးပေါင်းမမှန်လို့ ပညာတတ်တစ်ယောက်မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်တွေနဲ့ဆက်ဆံခံရမှုတွေထဲက၊ ကျမရဲ့စာတွေနဲ့ ဒီကလေးတွေကို ဆွဲထုတ်မယ်ဆိုတဲ့ စိတ်ကတော့ အမြဲဖြစ်တယ်။ အဲသလို ကလေးတွေအတွက် ဒီစာကို ကျမ ရေးတယ်။ ကျောင်းဆရာ/ဆရာမ တစ်ယောက်တစ်လေဖတ်မိတယ်ဆိုရင်၊ မိဘတစ်ဦးနှစ်ဦးစဖတ်မိတယ်ဆိုရင်၊ စာပေလောကက တစ်ဦးတစ်လေ မြင်သွားမယ်ဆိုရင်တောင် ကျေနပ်တယ်။

တစ်ကယ်တော့ Dyslexic သမားတွေဟာ ဦးနှောက်ပျက်နေသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ လူအများစု ချမှတ်ထားတဲ့ ‘စံ’ ထဲမှာ ရှိမနေတဲ့၊ အတွေးအမြင်တစ်ခုကို အဘက်ဘက်ကမြင်တတ်တဲ့ multidimensional thinker တွေပါ။ အဲသလို dyslexic ဖြစ်နေတဲ့ ကလေးတွေဟာ သာမန်ကလေးတွေလို အလွတ်ကျက်ပညာရေးနဲ့ မကိုက်ညီပါဘူး။ နားမလည်တဲ့ အရာတစ်ခုကို ခေါင်းထဲကို ရိုက်သွင်းထည့်နိုင်တဲ့ အတတ်ပညာ သူတို့မှာ မရှိပါဘူး။ ကျောင်းသားအများစုဟာ ဟိုင်ဒရိုဂျင်နှစ်လုံးနဲ့ အောက်ဆီဂျင်တစ်လုံးပေါင်းလို့ H2O ဖြစ်တယ်လို့ ဆိုလိုက်ရင် မှတ်ထားလိုက်နိုင်ချိန်မှာ၊ ထိုသူတွေဟာ ဘာဖြစ်လို့ အောက်စီဂျင်နှစ်လုံးနဲ့ အောက်စီဂျင်တစ်လုံးလဲ၊ အရည်ပုံစံလား၊ အငွေ့ပုံစံလားဆိုပြီး မရပ်မနား တွေးနေတတ်ကြတာ ရှိတယ်လို့ ဆိုကြပါတယ်။

မြန်မာကလေးတွေထဲမှာ …

“စ၊ စာ၊ စား” ကိုအော်ကျက်ဖို့ရာ အခက်အခဲ မရှိတဲ့ ကလေးတွေများစွာ ရှိနေပေမယ့် ဘာဖြစ်လို့ “စ၊ စါ၊ စါး” မဖြစ်သလဲလို့ တွေးနေတဲ့ ကလေးတွေ အများကြီးရှိမှာပါ။ ဒီလိုကလေးတွေရဲ့ ရင်တွင်းက အသံတွေကတော့ တစ်စုံတစ်ယောက်က ချမှတ်ပေးလိုက်တဲ့ ‘စံ’ ထဲမှာ ကြေပျက်သွားကြရတဲ့ သဘောရှိနိုင်ပါလိမ့်မယ်။

တီထွင်မှုကို အားပေးတဲ့ ပညာသင်စနစ်တွေထဲမှာ ဆရာ/ဆရာမတွေက ကလေးတွေကို စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်ပြီး နည်းနှစ်နည်းနဲ့ ချဉ်းကပ်တတ်ကြပါတယ်။ ပထမတစ်နည်းက inventive spelling program ဖြစ်ပါတယ်။ နည်းနှစ်နည်းစလုံးမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေတာကိုလည်း တွေ့ရပါတယ်။
ပထမနည်းမှာ… ကလေးတွေကို သူတို့ကြားတဲ့အသံအတိုင်း စာလုံးကိုပေါင်းခိုင်းတယ်။ ကလေးတွေရဲ့ တီထွင်တတ်မှုကို အံ့မခန်းတွေ့ရတတ်တယ်လို့ဆိုတယ်။ ဒါပေမယ့် ဒီနေရာမှာ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ခံစားတွေ့ရှိနိုင်ပါတယ်။ စာလုံးပေါင်းသတ်ပုံအမှန်ကို ကလေးတွေက သိမထားတဲ့အတွက် ရေရှည်မှာ စာလုံးပေါင်းအမှားတွေနဲ့ ဘဝကိုလျှောက်လှမ်းကြမှာကို စိုးရိမ်တတ်ကြပါတယ်။

  • ပထမနည်းဖြစ်တဲ့ inventive spelling program အောက်မှာ ကြီးပျင်းလာတဲ့ ကလေးတွေဟာ စာရေးခြင်းကိုပိုပြီး ခုံမင်တတ်ကြတယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့အိုင်ဒီယာတွေထဲမှာ ပိုပြီးကွန့်မြူးနိုင်တယ်။ အိုင်ဒီယာအသစ်တွေကို ဖွင့်ချနိုင်ကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဆိုးကွက်ကတော့ လူတိုင်းကအမှန်လို့ယူဆထားပြီး ပေါင်းနေကြတဲ့ သတ်ပုံစကားလုံးတွေနဲ့ မရင်းနှီးတော့ သတ်ပုံတွေ မှားလာတတ်ကြတယ် ဆိုပါတယ်။ အဲသလိုမှားလာတာများလာတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်သရော်မှုနဲ့ ရင်ဆိုင်ရလာပြီး၊ စာရေးရမှာကို စိတ်ပျက်လာတတ်ကြတယ်လို့လည်း ဆိုပါတယ်။

  • နောက်တစ်နည်းကတော့ conventional spelling program ပဲ ဖြစ်ပါတယ်။ ထိုပရိုဂရမ်မှာတော့ ကလေးတွေကို ဘာမှတွေးခွင့်မပေးဘဲ၊ ဒီစာလုံးကို ဒီလိုပေါင်းရတယ်ဆိုပြီး ခေါင်းထဲရိုက်ထည့်၊ အလွတ်ကျက်ခိုင်း၊ ထပ်ခါတလဲလဲ စာလုံးပေါင်းသတ်ပုံသင်ပေးလိုက်တဲ့ နည်းပါ။ အဲဒီနည်းမျိုးနဲ့ ကျမတို့လူမျိုးက တော်တော်လေးကို ရင်းနှီးခဲ့တယ်လို့ ဆိုလို့ရပါမယ်။ ကျမကိုယ်တိုင် “ကကြီးရေက၊ ကကြီးရေချာကာ၊ ကကြီးရေးချဝစ်စနှစ်လုံးပေါက် ကား” ဆိုပြီး လွှတ်ဟေ့ဆိုကတည်းက အော်ကျက်လို့ သတ်ပုံတတ်ခဲ့သူပါ။ “ဘာဖြစ်လို့ ရေးချလေးကို အရှည်လေးမရေးတာလဲ ဆရာမ” ဆိုပြီး မမေးရဲ၊ မမေးခဲ့ဖူးပါဘူး။ မေးရမှန်းတောင် မသိတဲ့သူတွေ၊ တွေးရမှန်းတောင် မသိသူတွေလည်း ခုထိရှိနေနိုင်ပါတယ်။

ပစောက်ကျတော့ အရှည်နဲ့ရေးချရေးတယ်၊ အတိုနဲ့ မရေးတာ ဟ နဲ့ရောသွားနိုင်လို့လား၊ ခခွေးကျတော့ အရှည်နဲ့ရေးချပြီးတော့ ကကြီးကျတော့ ဘာဖြစ်လို့ အတိုနဲ့ရေးချတာလဲ၊ ခခွေးကို အတိုနဲ့ရေးချရင် ဆလိမ်နဲ့မှားမှာစိုးလို့လား စတဲ့ အတွေးတွေဟာ ရိုက်သွင်းပညာရေးအောက်မှာ မှုန်ရီဝေဝါးသွားတတ်ခဲ့တာ မဟုတ်ပါလား။ အဲသလိုတွေထမေးနေရင်လည်း တစ်တန်းလုံးက ကိုယ့်ကို ခပ်ကြောင်ကြောင်လူသားတစ်ဦးလို့ ဝိုင်းမကြည့်နေနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ရိုက်သွင်းပညာရေးအောက်မှာ ကြီးပျင်းလာကြတော့ သူတစ်ပါး အမှားရေးရင်တောင် “ဒါ.. ဒီလိုပဲ တစ်သက်လုံးပေါင်းလာကြတာ၊ ဒါလေးတောင် မပေါင်းတတ်ဘူးလား” ဆိုတဲ့ လှောင်ပြောင်ရှုံ့ချတတ်တဲ့ အကျင့်ဆိုးတွေကပါ ပါလာနိုင်ပါတယ်။

ဥာဏ်ရည်မမှီလို့ စာမဖတ်တတ်ဘူး၊ စာမရေးတတ်ဘူး၊ စာလုံးပေါင်း မှန်အောင် မပေါင်းတတ်ဘူး - လူတွေ နှစ်ပေါင်းများစွာ ထင်မြင်ယူဆခဲ့ကြတာ မမှန်ဘူးဆိုတာကို Yale School of Medicine & University of California Davis မှ သုတေသီများက နှစ်ပေါင်းများစွာ သုတေသနပြုစုမှုအပြီးမှာ လူထုကို ဇန်နဝါရီ ၂၀၁၀ စာတမ်းပါ အချက်အလက်တွေနဲ့ ချပြခဲ့ပါတယ်။

သူတို့ဟာ I.Q. နဲ့ စာဖတ်တတ်ခြင်း၊ စာရေးတတ်ခြင်းရဲ့ ဆက်နွယ်ခြင်းကို သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။ သုတေသီတွေဟာ ကျောင်းသားပေါင်း ၅၀၀ ကို ၁၂နှစ်ကြာအောင် (သူငယ်တန်းမှ ၁၂တန်းအထိ) သုတေသနပြုခဲ့ကြတာဖြစ်တယ်။ ထိုကျောင်းသားတွေရဲ့ ဥာဏ်ရည်နဲ့ စာဖတ်ခြင်း/စာရေးခြင်း တွေကို နှစ်စဉ်နှစ်တိုင်း ဆက်နွယ်လေ့လာခဲ့ကြတာဖြစ်တယ်။ အဲဒီထဲမှာ dyslexic ဖြစ်နေသူ ကလေးတွေပါသလို၊ သာမာန်ကလေးတွေလည်း ပါတယ်။ လိုတိုရှင်းပြောရမယ်ဆိုရင် ကလေးတွေရဲ့ I.Q. နဲ့ စာဖတ်တတ်ခြင်း/စာရေးတတ်ခြင်း/စာလုံးပေါင်းမှန်-မှားခြင်းများဟာ သက်ဆိုင်မှု မရှိဘူးဆိုတာ တွေ့ခဲ့ကြရတယ်။

 

  • စာတွေဖတ်နိုင်တိုင်း၊ စာတွေဖတ်တိုင်း၊ စာလုံးပေါင်းတွေတစ်လုံးမကျန်မှန်အောင် ပေါင်းနိုင်တိုင်း၊ စာတွေရေးနိုင်တိုင်း I.Q. မမြင့်ဘူးဆိုတာကို တွေ့ခဲ့ကြရတယ်။

စာသင်ခန်းထဲမှာ စာလေးတစ်ကြောင်းဖတ်ဖို့ ကြိုးစားရုန်းကန်နေကြရရှာတဲ့ ကလေးတွေဟာ၊ စာတွေအရမ်းဖတ်နိုင်ရေးနိုင်တဲ့ ကလေးတွေထက်ပိုပြီး I.Q. မြင့်နေတာကိုလည်း တွေ့ခဲ့ကြရတယ်။ သူတို့တွေဟာ out-of-the-box thinker တွေဖြစ်နေပြီး၊ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်တဲ့ ဥာဏ်ပညာရှိတယ်လို့လည်း ဆိုကြပါတယ်။

နောက်တစ်ခုက dyslexic နဲ့ပတ်သက်တဲ့ စာတမ်းပေါင်းများစွာရဲ့ အဆိုအရ လူတိုင်းဟာ တစ်ခါမဟုတ်တစ်ခါ dyslexic ဖြစ်တတ်ကြတဲ့ သဘောရှိပါတယ်။ (စာလုံးပေါင်းတစ်ခါလောက်တော့ အနည်းဆုံးမှားပေါင်းဖူးကြမှာပါ - မွေးကတည်းက အရာရာပြည့်စုံပြီး ဘယ်သူမှ မွေးမလာတဲ့ သဘောပါပဲ)
ဒီလိုအသိပညာမရရှာတဲ့ တိုင်းပြည်ထဲမှာ dyslexic ဖြစ်တဲ့ ကလေးတွေကို ဖြစ်လို့ဖြစ်နေမှန်းမသိဘဲ၊ သိရင်လည်း ဦးနှောက်မမှီသူ၊ ဥာဏ်ရည်ချို့တဲ့သူတွေလို့ သတ်မှတ်ပြီး စာသင်ခန်းထဲက ထုတ်ခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ၊ ကလေးတွေရဲ့ ဘဝကို စာနာမိတယ်။ သူတို့တွေရဲ့ ဝေမျှမှု၊ သူတို့တွေ လူ့အသိုင်းအဝိုင်းမှာ ရှိမနေတာ လူ့အသိုင်းဝိုင်းရဲ့ ဆုံးရှုံးမှုတစ်ရပ်လို့ ကျမ မြင်လာတယ်။

အဲသလို dyslexic ဖြစ်တဲ့ ကလေးတွေဟာ dyslexia ဆိုတာကို နားမလည်တဲ့ လူ့အသိုင်းအဝိုင်းမှာ မသိမသာ ဘေးဖယ်ထားခြင်းခံရကြမှာပဲ။ ဒါပေမယ့် dyslexic ဖြစ်နေတဲ့ ကလေးတွေဟာ သာမန်လူတွေ ဆက်ဆံနည်းဖြစ်တဲ့ စာလုံးတွေနဲ့ ဆက်ဆံမနေတဲ့ အလွန်နက်နဲတဲ့ အမြင်တွေနဲ့ လူတွေ၊ အတွေးခေါ်သမားတွေ ဖြစ်နေတတ်တယ်။ သာမန်လူတွေတွေးတာထက် ၂၀% ပိုမြန်မြန် တွေးတောဆင်ခြင်နိုင်တယ်ဆိုတာ သိကြတဲ့ လူ့အသိုင်းအဝိုင်းတွေကတော့ အဲဒီလိုလူတွေကို ဖော်ထုတ်ပြီး၊ တစ်ဦးနဲ့တစ်ဦး မှီတွယ်လို့ အကျိုးအမြတ်ဖြစ်အောင် နေထိုင်ကြတာကို တွေ့နိုင်ပါတယ်။

ကျမတို့ မြန်မာလူမျိုးများနဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော်အမည်အချို့ကို ကျမ ကောက်နှုတ်ဖော်ပြပါရစေ။

သရုပ်ဆောင်များ ထဲမှာ Tom Cruise, Whoopi Goldberg, Jay Leno, Keanu Reeves၊ အနုပညာရှင်တွေ၊ ဂီတပညာရှင်တွေထဲမှာ Cher နဲ့ John Lennon၊ ဒီဇိုင်နာတွေထဲမှာ Leonardo Da Vinci, Ian Marly၊ လက်ဝှေ့အကျော်အမော်ထဲမှာ မသိသူမရှိသလောက်ဖြစ်တဲ့ မိုဟာမက်အလီ၊ ရုပ်ရှင်ဒါရိုက်တာထဲမှာဆိုရင် Walt Disney နဲ့ Steven Spielberg စသည့်အမည်များကို ဆွဲနုတ်ပြခွင့်ပြုပါ။

ထိုသူတွေကို ဘယ်လိုလူတွေလို့ ထင်ပါသလဲ၊ စာရေးစာဖတ် ညံဖျင်းလွန်းလို့၊ စာလုံးပေါင်းတွေ မှားကြလွန်းလို့၊ (ornagi ရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်အတိုင်းဆိုရင် ဦးနှောက်ချို့ယွင်းလို့) ဆရာ/ဆရာမတွေကတောင် အရှုံးပေးလက်မြောက်ခဲ့ရတဲ့ သူတွေ ပါပဲ။
အဲဒီလူတွေ ကို ဆွဲနုတ်ပြသော်လည်း ဘာဖြစ်သလဲ၊ သူတို့တွေက သရုပ်ဆောင်တွေပဲ၊ သီချင်းသယ်တွေပဲ၊ အနုပညာသမားတွေပဲ၊ ရုပ်ရှင်ဒါရိုက်တာပဲ … အဲဒီတော့ ဘာဖြစ်သလဲလို့ ဆိုချင်သူများကို ဆက်လက်ချပြခွင့်ပြုပါ။

Neurosurgeon များဖြစ်တဲ့ Harvey Cushing နဲ့ Fred Epstein၊ နိုင်ငံရေးခေါင်းဆောင်များဖြစ်တဲ့ Nelson Rockefeller တို့ George Washington၊ US Senator Paul Wellstone တို့အပြင်၊ စီးပွားရေးပညာရှင်များဖြစ်တဲ့ Henry Ford၊ Craig McCaw၊ Hewlett-Packard ရဲ့ co-founder ဖြစ်သူ William Hewlett၊ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သိပ္ပံပညာရှင်များ တီထွင်ပညာရှင်များဖြစ်တဲ့ Alexander Graham Bell, Thomas Edison, Albert Eistein တို့ဟာဆိုရင်လည်း စာရေး၊စာဖတ်ညံ့ဖျင်းသော၊ စာလုံးပေါင်းတွေမှန်အောင် မပေါင်းနိုင်သော dyslexic အခြေအနေရှိခဲ့ (ရှိနေ) သူများဖြစ်ပါတယ်။

FRANKLIN

franklin.JPG

အထက်ဖော်ပြပါ သူများအနေနဲ့ dyslexic ဖြစ်နေလို့ စာလုံးပေါင်းမှန်အောင် မပေါင်းနိုင်သလို၊ dyslexic မဖြစ်ဘဲနဲ့ စာလုံးပေါင်းကို မှန်အောင်မပေါင်းတတ်သူတွေလည်း ရှိပါသေးတယ်။ သူတို့မှာလည်း စာလုံးမှန်အောင် မပေါင်းနိုင်တဲ့ အကြောင်းတစ်စုံတစ်ရာ ရှိမှာပါပဲ။ ဘာကြောင့်စာလုံးပေါင်းတွေ မှားနေရသလဲဆိုတာကို သိပ္ပံနည်းအရ၊ ဆေးပညာနည်းအရ ရှာဖွေတွေ့ရှိမှု မရှိသေးတာပဲ “ဦးနှောက်မကောင်းလို့” ဆိုတဲ့ ခပ်လွယ်လွယ်နဲ့ချမှတ်လိုက်တဲ့ လူတွေရဲ့အမြင်တွေကြားထဲမှာ ဒီလူတွေဟာ အမှားတွေနဲ့လူ ဖြစ်နေမှာလား။ မေးချင်တဲ့ မေးခွန်းလေးပါ။

HEMINGWAY

hemingwayjpg.JPG

ဟဲမင်းဝေးလို့ ပြောလိုက်ရင် မြန်မာ့စာပေလောကမှာ မသိသူမရှိသလောက်ပါပဲ။ သူဟာ စာလုံးပေါင်းတွေမှားတတ်လွန်းလို့ သတင်းစာတွေ၊ အဘိဓာန်တွေနဲ့ အယ်ဒီတာတွေကို အားကိုးခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် စာလုံးပေါင်းအမှားတွေနဲ့စာရေးတတ်သူဟာ အောင်မြင်တဲ့စာရေးဆရာကြီးတစ်ဦးဖြစ်တယ်ဆိုတာ ငြင်းပယ်လို့ မရခဲ့ပါဘူး။

J. AUSTIN

jpg-augstin.JPG

စာပေအီလိတွေထဲမှာ ဂျိန်းအော်စတင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူမဟာ စာလုံးပေါင်းအမှားတွေနဲ့ ဝတ္ထုတွေရေးခဲ့သူဖြစ်ပါတယ်။ သူမရဲ့ လက်ရေးစာမူတွေဟာဆိုရင်ဖြင့် စာလုံးပေါင်းအမှားတွေနဲ့ ပေပွနေခဲ့တယ်။ သူမကို စာလုံးပေါင်းပြင်ပေးရသူကတော့ အယ်ဒီတာ William Gilford ဖြစ်တယ်။ သူမရဲ့ အမှားဆုံးပေါင်းတတ်တဲ့ စာလုံးကတော့ “scissors” ဖြစ်ပြီး “scissars” လို့ အမြဲပေါင်းလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ကယ်တော့လည်း စာပေလောကမှာ စာလုံးပေါင်းသတ်ပုံကို စစ်ပေးမည့်သူဟာ ရှိပြီးသားကို ဖြစ်ရမယ်။ စာရေးသူတွေအနေနဲ့ ဒီကိစ္စကိုလိုတာထက်ပိုပြီး ခေါင်းထဲ ထည့်စရာမလိုအောင် ဖြစ်နေပြီးသား ဖြစ်ရမယ်။ စာအုပ်စာစောင်တွေမှာ စာလုံးပေါင်းသတ်ပုံမှားတဲ့ကိစ္စဟာ စာစစ်သူ/အယ်ဒီတာ စသည်တို့ရဲ့တာဝန်ဖြစ်တယ်။ 

CHURCHILL

jpg-churchill.JPG

အဲဖရက်ဒ်မိုရှာဘတ် (Alfred Mosher Butt) ကတော့ Scrabble ဆိုတဲ့ စာလုံးပေါင်းတွေကို ဖလှယ်ရောပြီးမှ စာလုံးတွေဖန်တီးတဲ့ ကမ္ဘာကျော် ကစားနည်းကို တီထွင်ခဲ့သူ၊ စာလုံးပေါင်းမှားလွန်းသူ တီထွင်ပညာရှင်ကြီးတစ်ဦးပါပဲ။

EINSTEIN

jpg-einstein.JPG

အိုင်းစတိုင်းဆိုတဲ့ သိပ္ပံပညာရှင်ကြီးဟာ ဘာသာစကားနှစ်မျိုးတတ်ကျွမ်းပေမယ့်လည်း အဲသလို နှစ်မျိုးတတ်ကျွမ်းလို့ ရောကုန်ပြီး စာလုံးပေါင်း မှန်အောင် မပေါင်းနိုင်ဘူးလို့ ဆိုကြပါတယ်။ စကော်လာတွေကတော့ ဒီအချက်ကို ငြင်းပယ်ပါတယ်။ အိုင်းစတိုင်းဟာ စာလုံးပေါင်းထက်အရေးကြီးတဲ့ အလွန်ရှည်လျားတဲ့ သင်္ချာညီမျှခြင်းများကို အရေးထားနေရလို့ စာလုံးပေါင်းကို သိပ်ဂရုမစိုက်တာပဲလို့ ဆိုကြပါတယ်။ စာလုံးပေါင်းဟာ သူ့အတွက် ခေါင်းထဲ ထည့်ထားလောက်အောင် အရေးမကြီးဘူး၊ ဒီထက်အရေးကြီးတဲ့ အိုင်ဒီယာတွေကိုသာ သူဟာ အဓိကထားနေဖြစ်မယ်လို့ ကျမ ထင်မိတယ်။ အိုင်းစတိုင်းဟာ ရိုးရိုးသာမာန်စာရေးတဲ့အခါတွေမှာ စာလုံးပေါင်းမှားလွန်းပေမယ့် စာမျက်နှာသုံးမျက်နှာလောက်ရှည်လျားတဲ့ သင်္ချာညီမျှခြင်းတွေမှာတော့ တစ်လုံးမှ မမှားတတ်ပါဘူးလို့ ဆိုကြပါတယ်။

DAVINCI

jpg-dacinvi.JPG

လီယိုနာဒိုဒါဗင်ချီကိုလည်းပဲ စာလုံးပေါင်းအသိပညာမဲ့သော၊ အလွန်ကြီးမြတ်သော သိပ္ပံပညာရှင်ကြီးလို့ တင်စားတတ်ကြပါတယ်။

AGATHA

jpg-a-christie.JPG

အဂါသာခရစ္စတီဆိုတဲ့ စာရေးဆရာမကြီးသည်လည်းပဲ မိသားစုထဲမှာ စာရေးစာဖတ်အနှေးဆုံးနဲ့ စာလုံးပေါင်းအမှားဆုံး မိန်းကလေးတစ်ယောက်ဖြစ်လို့ အမြဲအလှောင်ပြောင်ခံခဲ့ရသူပါ။ စာလုံးပေါင်းတွေ အမှားမှားအယွင်းယွင်းနဲ့သူမဟာတော့ ဂရင်းနစ်စာအုပ်ကြီးစာရင်းဝင်တဲ့ စာရေးဆရာမကြီးတစ်ဦးဖြစ်ပါတယ်။

KENNEDYJR

kennedyjr.JPG

အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဂျွန်အက်ဖ်ကနေဒီဟာလည်းပဲ စာလုံးပေါင်းတွေ အရမ်းမှားတတ်သူတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာကျော်စာရေးဆရာ များဖြစ်တဲ့ ဒဗလျူဘီရိတ် နဲ့ ရျွန်အားဗင်း စာလုံးပေါင်းတွေနဲ့ စစ်ဖြစ်ခဲ့ကြရသူများဖြစ်ပါတယ်။

ကျမဟာ ဒါတွေရေးပြနေတာဟာ ကလေးတွေကို စာလုံးပေါင်း မှားချင်သလိုမှားလို့ရတယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ စာလုံးပေါင်းမှန်အောင် ရေးသင့်လား မရေးသင့်ဘူးလားဆိုတာ မေးစရာကို မလိုတဲ့ မေးခွန်းပဲ ဖြစ်တယ်။ ဒါပေမယ့် စာလုံးပေါင်း မမှန်တဲ့သူတွေ၊ စာလုံးပေါင်း မှန်အောင် မရေးနိုင်တဲ့ ကျောင်းသူ/ကျောင်းသားလေးတွေနဲ့ ရင်ဆိုင်ကြုံဆုံတဲ့အခါ၊ အထူးသဖြင့် မိဘ၊ ဆရာ-ဆရာမတွေဖြစ်တဲ့ ပညာမျှဝေနေသူ အကြီးအကဲတွေအနေနဲ့ တစ်ကယ့် ပြဿနာအရင်းအမြစ်ကို မြင်အောင်မကြည့်မိဘဲ၊ ကလေးတွေကို ရှုံ့ချအထင်သေးတဲ့ အပြုအမှုတွေနဲ့ အနာဂတ်ကလေးတွေအပေါ်မှာ မတရားပြောမိ၊ ပြုမိမှာကို ကာကွယ်ပေးလိုတဲ့ ဆန္ဒနဲ့ ဒီစာကို ရေးခြင်းဖြစ်တယ်။

တုတ်တစ်လက်နဲ့ ခေါင်းထဲကို အတင်းရိုက်သွင်းတဲ့ ပညာရေးစနစ်အောက်မှာ၊ အခြားကိုယ်မသိတဲ့ အကြောင်းတွေနဲ့ ပညာကြိုးစားသင်နေသူ ကလေးတွေကိုလည်း အခြားကျောင်းသားတွေရှေ့မှာ အရှက်ရအောင် မပြုမိဖို့ မေတ္တာရပ်ခံစာပဲဖြစ်တယ်။

ထိုနည်းတူပဲ စီးပွားရေးလောက၊ ရုံးလောက၊ အထူးသဖြင့် စာပေလောကတွေမှာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာထက် စာလုံးပေါင်းသတ်ပုံနဲ့ သဒ္ဒါကိုပဲ လိုတာထက်ပိုပြီး ဂရုစိုက်နေမိရင်း၊ အတွေးအခေါ်ချင်းစီးချင်းထိုးဖို့ထက် စာလုံးပေါင်းမှန်သလား မမှန်သလားကိုပဲ စီးချင်းထိုးနေမိကြရင်း၊ စာလုံးပေါင်းထက် အရေးကြီးတဲ့ အမြင်၊ ရှုထောင့်၊ ဆန်းသစ်တီထွင်နိုင်မှု စသည်များကို လက်လွတ်ကုန်ပြီး၊ မိအေး အခါခါနာရတဲ့ဘဝတွေဖြစ်မှာစိုးလို့ ဒီစာကိုရေးရခြင်းပဲ ဖြစ်ပါတယ်ရှင်။

(ကျမရဲ့ ဒီစာပါအကြောင်းအရာများကို တစ်ပိုင်းတစ်စပဲဖြစ်စေ၊ တစ်ခုလုံးပဲဖြစ်စေ၊ မှီငြမ်းရေးသားပြီး မြန်မာပရင့်မီဒီယာများတွင် မိမိရေးသားသည့်ပုံစံဖြင့် ထပ်ဆင့်ဖြန့်ဝေခြင်း မပြုပါရန်၊ စာပေသစ္စာရှိပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ရှင်)

  • Personal conversation & discussions with Professor D. Dunford and K. Burke, Neuroscientist A. Hungerford and Chemist C. Tomalty.
  • Other cited site: sciforums.com

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

6 Comments »

  1. စာလုံးပေါင်းမှားတတ်တာကိုလက်ခံပေမယ့် မလွဲသင့်တဲ့နေရာမှာ လွဲတာကိုတော့ သဘောမကျဘူးရှင့် ၊ စာပေနဲ့ဆက်နွယ်နေတဲ့လူတွေ..စာရေးဆရာတွေဟာလူတွေမို့လို့မှားတတ်ပါတယ် မှားနိုင်ပါတယ်..ဒါပေမယ့် အများပြည်သူတွေအတွက် အခကြေးငွေယူပြီးဖြန့်ချီပေးနေတဲ့ နာမည်ရဂျာနယ် ၊ စာစောင်တို့မှာ typo error ထက်ပိုတဲ့ အမှားမျိုးက မရှိသင့်ဘူးလို့ထင်ပါတယ် ။ ဥပမာ ပျင်းနဲ့ပြင်းကိုမကွဲတာပါ ။ အစာအိမ်ကထွက်တဲ့ အစာချေတဲ့အရည်ဟာ အရမ်းပျင်းတယ်ဆိုရင် ဘယ်လောက်လွဲသွားပြီလဲ ။ အွန်လိုင်းမှာ proof reading မရှိလို့ ရေးချင်သလိုရေးနေကြတဲ့ မီဒီယာတွေကိုတော့ နည်းနည်းလေးမှသဘောမကျဘူးရှင့် ။ ဆရာဝန်၊အင်ဂျင်နီယာတစ်ယောက်အတွက် စာလုံးပေါင်းမမှန်တာ သိပ်အရေးမကြီးပေမယ့် သတင်းစာ၊ဂျာနယ်လိုဟာမျိုးတွေအတွက်တော့ စာလုံးပေါင်းမှန်ဖို့အရေးကြီးတယ်လို့ထင်ပါတယ် မလေးရယ်..။

    Comment by ဆုမြတ် — June 12, 2014 @ 5:42 pm

  2. Jane Austin အောက်မှာ မလေးရေးထားတာလေးအတိုင်းပါပဲ “တစ်ကယ်တော့လည်း စာပေလောကမှာ စာလုံးပေါင်းသတ်ပုံကို စစ်ပေးမည့်သူဟာ ရှိပြီးသားကို ဖြစ်ရမယ်။ စာရေးသူတွေအနေနဲ့ ဒီကိစ္စကိုလိုတာထက်ပိုပြီး ခေါင်းထဲ ထည့်စရာမလိုအောင် ဖြစ်နေပြီးသား ဖြစ်ရမယ်။ စာအုပ်စာစောင်တွေမှာ စာလုံးပေါင်းသတ်ပုံမှားတဲ့ကိစ္စဟာ စာစစ်သူ/အယ်ဒီတာ စသည်တို့ရဲ့တာဝန်ဖြစ်တယ်”

    နောက်တစ်ခုက မြန်မာပြည်မှာ Dyslexia ကို ကျယ်ပြန့်စွာ မလေ့လာကြ(ရ)သေးတဲ့ အကြောင်းရင်းတစ်ခုလည်း ပါမယ်လို့ ထင်မိပါတယ်။

    Comment by မလေး — June 12, 2014 @ 11:34 pm

  3. ဥပမာ ဒါဗင်ချီက အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို လူထုကို ချပြမယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို စာနဲ့ချပြတဲ့အခါ စာလုံးပေါင်းသတ်ပုံမှားတာ သူ့တာဝန်မဖြစ်သင့်တော့ဘူး။ သူ့စာကိုဝေမျှမယ့် အယ်ဒီတာတွေနဲ့ သတ်ပုံစစ်သူရဲ့ တာဝန်ဖြစ်သွားပြီ။ ဒါဗင်ချီအနေနဲ့ စာလုံးပေါင်းလေးတစ်လုံးမှားနေတာကို ပြင်နေဖို့ အချိန်ပေးနေရမယ်ဆိုရင် မဟုတ်တော့ဘူး။

    Comment by မလေး — June 12, 2014 @ 11:46 pm

  4. “စာအုပ်စာစောင်တွေမှာ စာလုံးပေါင်းသတ်ပုံမှားတဲ့ကိစ္စဟာ စာစစ်သူ/အယ်ဒီတာ စသည်တို့ရဲ့တာဝန်ဖြစ်တယ်”

    Comment by Soe Naing — June 13, 2014 @ 12:09 am

  5. မလေးရေ… ဒီပို့စ်လေးက စိတ်ဝင်စားဖို့ ကောင်းတယ်။ ဗဟုသုတလဲ ရတယ်။ စာလုံးပေါင်းကတော့ ကိုယ်တိုင်လဲ စာရေးနေပေမဲ့ အခုထိ သတ်ပုံမှားနေဆဲပါ။ မကြာခန သတိထားလျှက်က မှားတတ်တာက ဥပမာ - နေ့လယ်ကို နေ့လည်၊ နောက်ပြီး “ကျ”နဲ့ “ကြ” နေရာလွဲသုံးတာမျိုး မှားတတ်ပါတယ်။ ဥာဏ်ရည်ချို့တဲ့လို့ သတ်ပုံမှားတာမျိုးရှိနိုင်သလို၊ ရှမ်းလို့၊ ပေါ့ဆလို့၊ ဂရုမစိုက်လို့၊ အမှားကို အမှန်ထင်နေလို့၊ တမင်ဂျစ်တိုက်ပြီး အမှားရေးတာမျိုးလဲရှိနိုင်ပါတယ်။ သတ်ပုံမှားရေးသူတိုင်း သူ့ရဲ့အရည်အသွေးက နိမ့်ကျနေမှာ မဟုတ်ပါဘူး။

    စာရေးဆရာတစ်ယောက်အတွက် အစ်မအမြင်ကတော့ အယ်ဒီတာက သတ်ပုံအမှားကို ပြင်ပေးမယ်မထင်ပါဘူး။ သူ့အလုပ်လဲမဟုတ်ပါဘူး။ ဒါပေမဲ့ သူသိပ်ကြိုက်လွန်းတဲ့ စာမူမို့ စာပြင်သမားလက်ထဲ အပ်လိုက်ပြီး ပြင်ပြီးမှ သုံးလိုက်တာက တစ်မျိုးပေါ့။ အယ်ဒီတာကတော့ စာမူကောင်းမကောင်း၊ သူ့စာအုပ်/ဂျာနယ်နဲ့ သင့်မသင့်ပဲ ဆုံးဖြတ်ပြီး ရွေးမှာပါ။ တော်တန်ယုံ မှားတာလောက်ကတော့ အယ်ဒီတာတွေရဲ့ သတ်ပုံပြင်သူများက ပြင်ပေးကြပါတယ်။ အများသူငှါဖတ်မဲ့ စာတွေ ရေးနေတဲ့ စာရေးဆရာတစ်ယောက်အနေနဲ့ကတော့ အပြည့်အ၀သတ်ပုံမမှန်နိုင်ရင်တောင် ထိုက်သင့်တဲ့သတ်ပုံမှန်ကန်မှုရှိဖို့၊ မမှားသင့်တဲ့ သတ်ပုံအမှားမျိုး မရေးမိဖို့ လိုမယ်ထင်ပါတယ်။ မဂ္ဂဇင်း/ဂျာနယ်တိုက်တိုင်းမှာလဲ ဒါကြောင့် ပရုရီဒါခေါ်တဲ့ စာပြင်သမားတွေ ထားကြတာပေါ့။ သတ်ပုံအလွန်အကျွံမှားလွန်းတဲ့ စာမူကိုတော့ ဘယ်အယ်ဒီတာကမှ စိတ်ရှည်လက်ရှည် ဖတ်နိုင်မယ်မထင်ကြပါဘူး။ သတ်ပုံကလဲ အလွန်အကျွံမှား၊ အကြောင်းအရာကလဲ မဂ္ဂဇင်းစံနဲ့ မကိုက်ညီရင်တော့ ပယ်ခံရနိုင်ပါတယ်။ လက်ရေးမလှလို့ လက်ရေးသော့လို့ ဖတ်ရခက်တဲ့စာမူမျိုးတောင် ကလောင်စွမ်းထက်ရင် အယ်ဒီတာများ ရအောင်ဖတ်ကြပြီး အသုံးပြုကြပါတယ်။ လက်ရေးမလှတဲ့ နာမည်ကြီးစာရေးဆရာကြီးတွေလဲ မြန်မာမှာရှိပါတယ်။

    အခု အွန်လိုင်းမှာ ဘားဂလှစ်ရှ်တွေရေးကြတယ်၊ အထူးသဖြင့် ဖေ့စ်ဘုတ်မှာ မြန်မာလို ကွန်မန့်ပေးရင် ကလေးတွေက စတိုင်ကွန့်ပြီး ချွဲနွဲ့တီထွင်ရေးကြတယ်။ ဥပမာ - “မသိဘူး“လို့ ရေးရင်ရနိုင်တာကို “တိပု”၊ “ကိုယ့်ဟာကိုယ်” ကို “ကွကို”၊ “ဟေ့ရောင်”ကို “ဟျောင့်”၊ “သတိရတယ်”ကို “ဒိရတယ်”၊ “နင့်ကိုငါပြောမယ်” ကို “နိကိုနာကျောမယ်” …တခြားအများကြီး ရှိပါသေးတယ်၊ စာတွေကို စာပိုဒ်မခွဲပဲရေးတာမျိုး၊ spaceမခြားပဲ ပူးကပ်ပြီးဆက်တိုက်ရေးတာမျိုး၊ ပုဒ်ထီး ပုဒ်မရဲ့အနောက်မှာ spaceတစ်ချက်ခြားဖို့ မေ့နေတာမျိုး၊ “ရကောက် - ရ” ကို “ ခွန်နှစ် - ၇ ”နဲ့ မှားရေးတာမျိုး၊ အဲ့တာမျိုးတွေက မြန်မာစာကို အခြေခံကောင်းကောင်း လေ့လာဆည်းပူးခွင့်မရတာကနေ တဖြည်းဖြည်းနဲ့မသိတော့ပဲ အကျင့်ပါသွားတာလို့ ထင်ပါတယ်။ ရေးရင်း အကျင့်ပါသွားရာကနေ ကာလရွေ့လျားလာတဲ့အခါ မူလသတ်ပုံအမှန်ကို မေ့လျော့သွားမှာမျိုး၊ မြန်မာစာရေးထုံးတွေကနေ သွေဖီသွား မှာမျိုးကိုတော့ မြန်မာတစ်ယောက်အနေနဲ့ စိုးရိမ်မိတယ်။ မြန်မာစာလုံးက အဓိပ္ပာယ်ကြွယ်ဝပါဘိနဲ့ လွဲသုံးမိရင် တခြားအဓိပ္ပာယ်တစ်ခု သက်ရောက်သွားနိုင်ပါတယ်။ အခုဆို ဇူကာဘတ်ရဲ့ကျေးဇူးနဲ့ ဖေ့ဘုတ်မှာ Edit Keyတောင် ထည့်ပေးထားပြီဆိုတော့၊ မှားတတ်တဲ့လူတွေအတွက် အမှန်သိချိန်မှာ ပြန်ပြင်ရေးဖို့ မခက်တော့ပါဘူး။ အဲ့ဒီ Edit Keyကို မဖြစ်မနေ အသုံးအများဆုံးက အစ်မများ ဖြစ်နေမလားမသိဘူးနော်။

    ကလေးတွေ သတ်ပုံအခြေခံကောင်းဖို့ကတော့ အခြေခံပညာသင်ကြားမှုမှာ အရေးပါသလို၊ ကလေးတွေ စာများများဖတ်ဖို့ အခြေအနေ ဖန်တီးပေးဖို့လဲ လိုမယ်ထင်ပါတယ်။ စာဖတ်ရင်းက ကိုယ့်ရဲ့ သတ်ပုံအလွဲတွေ သတိပြုမိလာနိုင်တာပေါ့နော်။

    စာလုံးပေါင်းမှားတတ်တဲ့ ကမ္ဘာကျော်အနုပညာသည်တွေ၊ တီထွင်ပါရဂူတွေကတော့ သတ်ပုံမှားလျှက်က ကမ္ဘာကျော်လာတာထက်၊ ကမ္ဘာကျော်လာဖို့ သူတို့ရဲ့ တီထွင်ကြံဆဖန်တီးမှုနဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်မှုတို့ကြောင့် ကမ္ဘာကျော်လာတာလို့ အစ်မမြင်မိပါတယ် မလေးရေ။ သေချာတာကတော့ သတ်ပုံမှားသူတွေအတွက် သတ်ပုံကျမ်းတွေ ရှိနေဦးမှာ ဖြစ်သလို၊ သတ်ပုံအမှားတွေကလဲ ရှိနေဦးမှာပဲ။ ဒီပို့စ်လေးကို ကိုယ်တိုင်သတ်ပုံမှားတတ်လွန်းသူမို့ ဖတ်ရင်းတကယ် သဘောကျမိပါတယ်။
    ကဲ..အခုပဲ… အစ်မ သတ်ပုံအမှား ဘယ်နှစ်လုံးမှားခဲ့ပြီလဲ မသိဘူးနော်.. :)

    P.S - ဒီကွန်မန့်ရေးရင်း သတိရသွားတာတစ်ခု..။ ဘလော့ဂါမမခဥမရဲ့ သတ်ပုံအမှားကတော့ စစဖတ်ကာစက မှားလှချေလားလို့ ထင်ပေမဲ့ ဖတ်ရင်းကနေ ခင်မင်လာပြီး ချစ်ဖို့ကောင်းနေတယ်လို့ မြင်လာမိတယ်။ ဒီမနက်တင်ထားတာတောင် သူတင်ထားတာ ဖတ်ပြီးသဘောကျလို့ ပြုံးမိသေး။ မမခဥမက အဲ့လိုရေးနေပေမဲ့ သတ်ပုံအမှန်ကို ကောင်းကောင်းသိသူလို့ အစ်မ ယုံကြည်နေတယ်။ သူရေးတာက တမင်မှားအောင် ဂျစ်တိုက်ရေးနေတာမျိုးလေးလေ။ ဒါကိုတော့ ဖန်တီးမှုစတိုင်လို့မြင်တယ် :)။

    ချစ်သော-
    မြသွေးနီ

    Comment by မြသွေးနီ — June 13, 2014 @ 1:16 am

  6. ကျနော်လည်းအမြဲမှားးးး) စာရေးကတည်းကနေ ခုထိကို မှားနေတုန်းပဲ

    ဒါနဲ့ စာလုံးပေါင်းမှားတဲ့သူတွေက နာမည်ကျော်တွေများသားလို့ စိတ်ထဲတွေးမိပြီး စိတ်ပျက် အားမငယ်တော့ပါ ။

    Comment by MgMyo — July 18, 2014 @ 3:36 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------