♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 17, 2014

မိတော နှင့် တောင်သမန်အင်း ဇာတ်လမ်း

Filed under: မိတော, ပြုံးစရာ, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 12:30 am

 hand.jpg

 နွေဦးပေါက်သည်နှင့် မက္ကဆီကိုဘက်မှ ဌက်များ ကနေဒါဘက်သို့ ပြန်လည်ပျံသန်းလာသကဲ့သို့၊ မိတော၏ မိခင်ကြီးသည်လည်း မြန်မာပြည်မှ ကနေဒါသို့ ပြန်လာပြီဖြစ်သောကြောင့် အလွန်အမင်းပျော်နေမိလေသည်။

 

မိခင်ကြီးနှင့်အတူပါလာသော ချဉ်ပေါင်ကြော်၊ ဘာလချောင်ကြော်၊ ငါးသလဲထိုးကြော် စသော… လျှာပေါ်တွင် နတ်သုဒ္ဓါတမျှ အရသာရှိလှလေသော မြန်မာအစားအစာများကိုလည်း စားရတော့မည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေခြင်းလည်းဖြစ်သည်။

 

မိခင်ကြီးထံမှ မိတော အလွန်နှစ်သက်သော မယ်ဇင်ပင်စေ့ (သို့မဟုတ်) မဉ္ဇူသကနတ်ပန်းပင်မှ ရသော အစေ့ကလေးများဖြင့် ပြုလုပ်အပ်သော ပိုက်ဆံအိတ်ကလေးများ၊ လက်ကောက်ပျော့လေးများနှင့် သော့ချိတ်ကလေးများကိုလည်း မြတ်နိုးရင်ခုန်စိတ်လှုပ်ရှားကာ မထိရက်မကိုင်ရက်အောင် ဖြစ်နေမိလေသည်။

မိခင်ကြီးသည်လည်း “မိတော၏ ရှတတနေ့စွဲများ” စာအုပ်များကိုလည်း မည်သို့မည်ပုံ လက်မှတ်ထိုးကာ လူအများကို အလှူပေးလိုက်ကြောင်းကိုလည်း ကြားသိရလေသည်။

“မေမေက စာအုပ် အုပ် ၃၀ ကို အကုန်ပေးပစ်လိုက်တာလား”

“အင်း…. အိမ့်ချမ်းမြေ့ ကိုယ်စား… ဆိုပြီး လက်မှတ်တွေ ထိုးထိုးပြီး လက်ဆောင်ပေးပစ်လိုက်တာပဲ”

“နည်းနည်းလေးတောင် ရောင်းမကြည့်ဘူးလားဟင်”

မိတော မရဲတရဲလေး မေးမိလေသည်။

“သူတို့က ဝယ်ချင်တာ။ ဝယ်မယ်လည်းပြောတယ်၊ ဒါပေမယ့် မေမေက လက်ဆောင်ပေးပစ်လိုက်တာလေ”

“အွမ်….”

“ရောင်းချင်တယ်မှ မပြောတာ…. ပေးလိုက်ဆို။ မေမေလည်း အကုန်လက်မှတ်ထိုးပေးပစ်လိုက်တာပေါ့”

မိခင်ကြီးစကားအဆုံးတွင် မိတောလည်း ဘာမှ ဆက်မပြောနိုင်တော့ဘဲ ငူငူကြီး ထိုင်နေလေသည်။

မိခင်ကြီးသည်လည်း သူမမိဘဘိုးဘွားများ၏ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်လေသော ဇီးကုန်း၊ ပေါင်းတည်၊ ပုတီးကုန်း ဘက်သို့ ခရီးသွားခြင်းအကြောင်းကို ဆက်လက်ပြောပြလေတော့သည်။

မိတောတို့၏ရန်ကုန်ရှိ ဆွေမျိုးများကလည်း ပုတီးကုန်း-ပေါင်းတည်သို့ တပြုံကြီးလိုက်ပါလိုသဖြင့် ရထားကို အထက်တန်းတွဲ နှစ်တွဲဌားကာ သွားရန်ကြံစည်ကြလေသည်။ ဆွေမျိုးများထဲတွင် အသက်ကြီးသောလူကြီးများလည်း လိုက်ပါမည်ဖြစ်လေသည်။ ထို့ကြောင့် မိခင်ကြီးကိုယ်တိုင် ရထားဘူတာရုံသို့လိုက်ပါကာ တွဲဌားလေ၏။ တွဲဌားစဉ် လက်မှတ်ရောင်းဝန်ထမ်းကို “လူကြီးတွေ ပါမှာမို့ အန်တီတို့တွဲကို သေချာလေးလုပ်ပေးပါ ကလေးရယ်” ဟု မိခင်ကြီးက ဆိုလေသည်။ ထို့အပြင် ရထားကလည်း ပေါင်းတည်ကိုကျော်ကာ ပုတီးကုန်းမှာသာရပ်မှာဖြစ်သည်ဟု သိရသည်။ မိခင်ကြီးနှင့်ဆွေမျိုးများထဲက လူကြီးများသည် ပေါင်းတည်မှာ ဆင်းလိုသည်။ တည်းခိုမည့် ဆွေမျိုးအိမ်များကလည်း ပေါင်းတည်မှာဖြစ်သဖြင့်၊ နောက်နေ့တွေမှ ပုတီးကုန်းသို့ ခရီးဆက်လိုသည်။ ရထားကိုတော့ ပေါင်းတည်ဘူတာမှာ ဆိုက်လိုသဖြင့် မိခင်ကြီးက “လူကြီးတွေ ပါမှာမို့ ကလေးရယ်၊ ပေါင်းတည်မှာ ခဏလေးဖြစ်ဖြစ် ရပ်ပေးပါ” ဟု ထပ်မံတောင်းပန်လေသည်။

ဤသို့ဖြင့် မိခင်ကြီးနှင့် အသက်ကြီးသော လူကြီးများအပါအဝင်၊ ဆွေမျိုးတစ်အုပ်ကြီး အထူးတန်းရထားတွဲနှစ်တွဲဖြင့် ပေါင်းတည်သို့ ချီတက်ကြလေတော့သည်။ ထိုသို့ချီတက်ရာ… ရထားတွဲထိပ်တွင် ယူနီဖောင်းဝတ်လုံခြုံရေးတစ်ယောက်လည်း ရှိနေလေသည်။

“လူကြီးသူမတွေကို တော်တော်စောင့်လျှောက်တာပဲ၊ တော်လိုက်ကြတာ” ဟု ဆိုကာ မိခင်ကြီးလည်း အလွန်ကျေနပ်နေသည်ဟု ဆိုလေသည်။ တံခါးများကိုလည်း သေသေချာချာပိတ်ထားပေးသည့်အပြင်၊ ဂရုစိုက်လွန်းသဖြင့်လည်း မိခင်ကြီးမှာ အနည်းငယ်ဇဝေဇဝါဖြစ်နေသေးသည်။

ဤသို့ဖြင့် ပေါင်းတည်အရောက်တွင် (ပုတီးကုန်းဘူတာမှာသာ ရပ်နေကျဖြစ်သော်လည်း) လူကြီးများဆင်းရန်အတွက် ရထားကို ခတ္တရပ်ပေးပြန်သည်ဟု ဆိုလေသည်။ ပေါင်းတည်တွင် အဆင့်သင့်စောင့်နေသော အမျိုးများကလည်း မိတောမိခင်ကြီးနှင့် ဆွေမျိုးများကို အုတ်အော်သောင်းနင်းကြိုနှင့်ကြလေသည်။ ပုတီးကုန်း-ပေါင်းတည် မှ ဆွေမျိုးများဖြစ်သဖြင့် ခေါင်းပေါင်းများ၊ ခါးထစ်ခွင်ချိတ်တောင်းများ ပလုံးများဖြင့် အော်ဟစ်နှုတ်ဆက်၊ ဝမ်းသာဝမ်းနည်း ငိုယိုနှုတ်ဆက်ကုန်ကြလေသည်။ အထူးတွဲနှစ်တွဲမှ ဆင်းလာကုန်ကြသော ရန်ကုန်မှ လူကြီးများကလည်း ဇီးကုန်းရွာမှ အမျိုးများပင် ကြားနိုင်လောက်အောင် ပျော်ရွှင်စွာအော်ဟစ်နှုတ်ဆက်ကုန်ကြလေသည်ဟု သိရသည်။

ထိုသို့ဖြင့် ပေါင်းတည်ဘူတာအရောက် လူကြီးများက ဝရုန်းသုန်းကား ဆင်းသွားကြပြီး၊ ခေါင်းပေါင်းများပေါင်းထားသော တောင်းများကိုင်ထားသော လာကြိုသူကြီးတော်များ၊ ဦးလေးများ၊ ထိုလူကြီးများကို ခေါ်ဆောင်သွားတော့မှ၊

“လူကြီးမဟုတ်သော လူကြီးများ” ဖြစ်နေကြောင်းကို ရထားတွဲအရာရှိများက ရိပ်မိသိရှိသွားနိုင်ကြလေတော့သည်ဟု မိခင်ကြီးက ဆိုလေတော့သည်။

“မေမေတို့ကို လူကြီးတွေ ထင်လို့နေမယ်၊ မေမေတို့က လူကြီးတော့ လူကြီးပါပဲ၊ ဒါပေမယ့် လူကြီး မဟုတ်ဘူး” ဟု မိခင်ကြီးက ဆိုလေသည်။

မိတောမှာ ပြုံးစိစိဖြင့် နားထောင်နေစဉ် မိခင်ကြီးက စကားဆက်လေသည်။

“နောက်တစ်ခုက မေမေအခုပြောမှာကို ရေးပေးစေချင်တယ်၊ မေမေ တစ်ခါမှ ခုလို မတောင်းဆိုဖူးဘူး၊ ဒီတစ်ခုတော့ ရေးပေးပါလို့ တောင်းဆိုပါရစေ”

“ဟုတ်….”

မိတော ရင်တုန်လာမိသည်။

“မေမေ… တောင်သမန်အင်းကို ထပ်ရောက်တယ်”

မိတော၏မိခင်ကြီးသည် တောင်သမန်အင်းကို ငယ်စဉ်ကလေးဘဝကတည်းက စွဲလန်းခဲ့သူဖြစ်သည်။ မိတော ကလေးဘဝကတည်းကလည်း မောင်ဖေငယ်၊ ဒိုင်းခင်ခင်၊ တောင်သမန်အင်း၊ မယ်ဇယ်ပင်များအကြောင်းကို မိခင်ကြီးမှတဆင့် လွမ်းဆွေးတမ်းတဘွယ်ရာ ကြားဖူးခဲ့ရပြီ။
မိခင်ကြီးသည် မောင်ဖေငယ်တို့၏ ဇာတ်လမ်းကို အခါခါဖတ်၍ အဖန်ဖန် ငိုခဲ့လေသူ၊ စာပေအရာတွင် မိတောထက်ပို၍ ကဗျာဆန်တတ်ကာ နှလုံးသားနုသူဖြစ်လေသည်။

မိတော၏မိခင်ကြီးသည် မောင်ဖေငယ်တို့ ဇာတ်လမ်းကြောင့် သိင်္ဂါရ ရသ နှင့် ဂရုဏာရသကို အကြီးအကျယ် ခံစားရပုံရသော်လည်း၊ မိတောကတော့ မိခင်ကြီးလွမ်းဆွေးတသစွာပြောလေသော မောင်ဖေငယ်တို့၏ဇာတ်လမ်းကို နားထောင်ရင်း ရုဒ္ဒရသ ကိုသာ တွင်တွင်ကြီး ခံစားရသူဖြစ်လေသည်။

ယခုလည်း တောင်သမန်အင်းအကြောင်းစလာပြန်လေသဖြင့် ငြိမ်ပြီးနားထောင်နေလေသည်။ ဘာတွေများဖြစ်လာဦးမလဲဟုလည်း ကြောက်ရွံ့နေမိလေသည်။ ထို့အပြင် သမိုင်းပေးတာဝန်ကို အမုန်းခံထမ်းဆောင်ရတော့မည့်ပုံဖြင့်လည်း မိခင်ကြီးက ပြောနေလေသည်။ မိတောလည်း မိခင်ကြီးပေးထားသော ဇီးသီးယိုလေးတစ်လုံးကို စိမ်ပြေနပြေလေး ငုံထားရင်း အသက်မရှုရဲဘဲ နားထောင်နေရလေသည်။ မိတော၏ ညီမတော်တောကလည်း မရမ်းပြားကို တမြုံမြုံဝါးကာ မိတောကဲ့သို့ပင် စိတ်ဝင်တစား နားထောင်နေလေသည်။

“မေမေဟာ… တောင်သမန်အင်းကိုရောက်တော့မယ်ဆိုတော့ အရင်လိုပဲ ခံစားလာခဲ့ရတယ်”

“……………….”

“သိပ်လွမ်းစရာကောင်းခဲ့တဲ့ နေရာပေါ့…။ ရေပြင်ဖွေးဖွေးမှာ မယ်ဇယ်ပင်ကြီးတွေက ညို့လို့မှိုင်းလို့၊ တစ်ခါတစ်ရံဆို မြူရိပ်တွေက ဝေ့ဝဲလို့ နေသေးတာ…”

“တစ်ကယ်ကို လွမ်းစရာကောင်းလားဟင်… မေမေ”

“ဟိုးတုန်းကတော့ သိပ်ကို ကြည်နူးသာယာလွမ်းမောဘွယ်ရာနေရာလေးပေါ့ကွယ်…”

မိတော၏မိခင်ကြီး မျက်ဝန်းတွေက မျက်ရည်ကြည်လေးများပင် ရစ်ဝဲလာသယောင်ယောင်…။

“အခုတော့ကော….”
ညီမတော်တောက မေးလာသည်။

“မေမေလည်း ရေပြင်ဖွေးဖွေးနဲ့ မယ်ဇယ်ပင်ကြီးတွေကို မြင်ယောင်ရင်း ရောက်သွားတာပေါ့၊
ငယ်ငယ်တုန်းကလို လွမ်းစရာရေပြင်ဖွေးဖွေးနဲ့ ညို့မှိုင်းမှိုင်းသစ်ပင်ကြီးတွေကိုတော့ တွေ့ပါရဲ့…. ဒါပေမယ့်…”

ဒါပေမယ့် အရောက်တွင် မိခင်ကြီး၏လေသံက ပို၍ယူကြုံးမရသည့်ပုံ ပေါက်လာလေသည်။

“မယ်ဇယ်ပင်ကြီးတွေကို မေမေ မကြည့်နိုင်ခဲ့ဘူး.. သမီးတို့…၊ မေမေ… မေမေလေ… ခေါင်းမော့ထားရတယ်”

“ဟင်.. ခေါင်းမော့ထားရတယ်…”

“ဟုတ်တယ်…၊ မယ်ဇယ်ပင်ကြီးတွေရဲ့ ထိပ်ဖျားကိုပဲ ခေါင်းမော့ငေးကြည့်နေခဲ့ရတယ်ကွယ်”

“ထိပ်ဖျားကိုပဲ ကြည့်ခဲ့ရတယ်ဆိုတော့ အပင်အောက်ခြေကို မကြည့်ခဲ့ဘူးပေါ့”

“မကြည့်ခဲ့ရဘူး၊ မကြည်ရက်နိုင်ခဲ့ဘူး”

“ထူးဆန်းလိုက်တာ…”
“ဘာလို့လဲဟင် မေမေ”
မိတောတို့ညီအစ်မလည်း အလျှင်အမြန်မေးလိုက်မိလေသည်။

“မယ်ဇယ်ပင်ကြီးတွေရဲ့ အောက်ခြေမှာ.. ပလတ်စတတ်အိတ်တွေ၊ အမှိုက်တွေ၊ သရိုက်တွေ၊ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြည့်နှက်လို့ ညစ်ပတ်နေခဲ့လို့ပါပဲကွယ်၊ ဘေးမှာကလည်း ဆိုင်တွေက တန်းစီလို့လေ”

မိတောလည်း သက်ပြင်းခိုးချလိုက်မိလေသည်။

“တောတော… အဲဒါကို… ရေးပါ”

မိတော မျက်လုံးပြူးလာပြီး ရင်ပိုခုန်လာမိသည်။

“ဒီလောက်သာယာလှပတဲ့ ကြည်နူးစရာကောင်းတဲ့ သမိုင်းဝင်နေရာမှာ၊ ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေ ရှာဖွေပြီးအမြတ်တနိုးလာကြည့်တဲ့နေရာတွေမှာ… အမှိုက်တွေစည်းမဲ့ကမ်းမဲ့ မချဖို့ မေမေ့ကိုယ်စား တောင်းပန်းပေးစမ်းပါ တောတောရယ်… ”

မိခင်ကြီးသည် ရင်ဘတ်စည်တီးကာ ငိုတော့မလို ပြောလေတော့သည်။

မိတော မျက်လုံးပြူးနေစဉ်၊ မိခင်ကြီး၏ ရင်ဘတ်စည်တီး တောင်းဆိုမှုအပြင်၊ ပြည်သူ့ဟစ်တိုင် ဖြစ်မှန်းမသိဖြစ်လာရသော မိမိဘဝအဖြစ်သနစ်ကြောင့် အသက်ရှုမှားပြီး၊ စားနေသော ဇီးသီးယိုက လည်ချောင်းဝမှာ တစ်နေလေတော့သည်။

မိခင်ကရင်ဘတ်စည်တီး၊ အစ်မဖြစ်သူ မိတောကလည်း ချောင်းသီးပြီးနင်မတတ် ဖြစ်နေတာတောင်မှ၊ ညီမတော်တောက ခြေချိတ်ကာဟန်ပါပါထိုင်နေသေးသည်။

ချောင်းတဟွတ်ဟွတ်ဆိုးနေသော မိတောကို တစ်ချက်လှမ်းကြည့်လိုက်ပြီး “အဆင်ပြေရဲ့လား” ဟု အလိုက်မသိစွာ လှမ်းမေလိုက်သေး၏။ မိတောလည်း လည်ပင်းကိုလက်ညှိုးထိုးပြကာ မျက်လုံးကိုပြူး၊ ခေါင်းတွင်တွင်ခါပြတော့မှ ညီမတော်တောက အပြေးအလွှားထပြီး ရေခပ်ပေးလေတော့သတည်း။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

5 Comments »

  1. ပေါင်းတည်ဘူတာ ဆိုလို့.. အပြေးလိုက်ဖတ်ရတယ်။ ရထားက.. ပုတီးကုန်း ရောက်သွားပြီ။
း)

    Comment by K — March 17, 2014 @ 1:23 am

  2. အမှိုက်တွေ ကြုံသလိုပစ်တာ စိတ်ပျက်စရာပါ မိတော..အဲ…မလေးရယ်..
    ညောင်ချောင်းသာမှာလဲ အဲ့တာမျိုးတွေ့ခဲ့ရလို့ စိတ်ပျက်မိခဲ့ရတယ်….

    Comment by မြသွေးနီ — March 17, 2014 @ 3:32 am

  3. ချဉ်ပေါင်ကြော်၊ ဘာလချောင်ကြော်၊ ငါးသလဲထိုးကြော် ——————-မလေးရှားကိုတော့ ယောက်ခမကပို့ပေးတယ် ဒီကိုရောက်လာတော့ မပို့ပေးသေးဘူး
    စားချင်လိုက်တာ မိတောနဲ့ သူရဲ့မေမေ ကိုစာထဲဖတ်ရင်း တောင်ကြီးမှာကျန်ရစ်တဲ့ဂျက် မေမေကိုပဲ မျက်စိထဲမြင်လာတယ်

    Comment by စံပယ်ချို — March 17, 2014 @ 12:08 pm

  4. စိတ်ရှုပ်နေတဲ့အချိန် မိတောကို လာဖတ်တာ ပြုံးရတယ်..
    အမှိုက်တွေတော့ မမြင်ချင်ဟန်ဆောင်သွားတယ် :D

    Comment by ငယ် — March 18, 2014 @ 3:21 am

  5. ဟဟားး ဖြစ်တတ်ပါ့ဗျာ မနှစ်ပြန်တုန်းက မွေးရပ်မြေ ကျိုက်ထီးရိုးဘုရားလိုက်ပို့တုန်းကလည်း နိုင်ငံခြားက ပြန်လာတဲ့ ဦးလေးတစ်ယောက်လည်း အဲ့လိုပြောဖူးတယ် တောင်စောင်းတစ်လျှောက် အမှိုက်တွေကြီးပဲမို့လေ ပလတ်စတစ်အိတ်တွေနဲ့ကို ပြည့်လို့ နိုင်ငံခြားသားတွေတော့ ဘယ်လိုမြင်မလဲမသိတော့ဘူး

    Comment by မောင်မျိုး — March 19, 2014 @ 2:38 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------