♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 13, 2014

ကမ္ဘာ့ဆွဲအားရဲ့ မျက်မြင်မရတဲ့ကြိုး

Filed under: my notes, အတွေးအမြင်, Vancouver, Canada, စာစု — အိမ့်ချမ်းမြေ့ @ 1:22 am

 stone4.jpgဆောင်းကုန်တော့မယ်…။

နွေဦးရောက်လို့ အအေးဓာတ်လျော့သွားတာနဲ့ ပင်လယ်ပြင်ဘက်ကို ကျမ ခြေဦးလှည့်ဖြစ်တော့တယ်။

 

ပူနွေးလာနေတဲ့ နွေဦးရာသီ မဆိုထားနဲ့၊ ဆီးနှင်းတွေ တဖွဲဖွဲကျနေတာတောင်မှ ပင်လယ်ပြင်ကို ကျမက မျှော်ငေးတတ်သေးတာ။

ဆီးနှင်းတွေ ပင်လယ်ထဲကို ကျတာ မြင်ဖူးကြပါသလား။ အဆုပ်လိုက်အခဲလိုက် ရေခဲပန်းပွင့်တွေဟာ တဝုန်းဝုန်းရိုက်ခတ်နေတဲ့ ပင်လယ်ရေထဲကို ကျသွားပြီဆိုတာနဲ့ ပင်လယ်ပြင်က သိမ်းပိုက်ပွေ့ဖက်ပစ်လိုက်တာမျိုး။ နောက်…. ဆီးနှင်းပန်းပွင့်တို့က ပင်လယ်ပြင်ရဲ့ ရင်ခွင်ထဲ စုပ်စမြုပ်စ ပျောက်ကွယ်သွားတာမျိုး….။

သိပ်လှတဲ့ ရှုခင်းတွေပဲပေါ့…။

အဲသလို… အေးခဲတဲ့ဆောင်းရာသီတွေမှာတောင် ပင်လယ်ဘက်ရောက်တတ်တဲ့ ကျမ…
နွေဦးရောက်တော့မှာမို့ ကမ်းခြေဘက် ရောက်ခဲ့ရပြန်တာပေါ့။

 

 

stone.jpg

ကမ်းခြေတစ်လျှောက်.. လမ်းလျှောက်သွားတဲ့အခါတိုင်း ကျောက်တုံးဆင့်လေးတွေကို မြင်ရတတ်တယ်။ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ကျောက်တုံးလေးတွေဟာ သူတို့ကို ဆင့်ထားပေးတဲ့ လူအချို့ရဲ့ ဟန်ချက်ညီတဲ့စိတ်ကို ပြနေတယ်လို့ ကျမက ထင်တတ်သေးတာ။ အဲသလိုလူမျိုးတွေကိုလည်း ကျမက အားကျမိတတ်သေးတာ…။

သောင်ပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်တယ်။ အနီးအနားက ကျောက်တုံးလေး ငါးတုံးကို ရွေးယူလိုက်တယ်။ ပထမ နှစ်လုံးကိုယူပြီး အချင်းချင်းအပြန်အလှန်မှီတွယ်နိုင်မယ့် နေရာလေးတွေကို ချိန်ကြည့်လိုက်တယ်။ ပြီးတော့ တစ်လုံးပေါ်ကိုတစ်လုံး ထပ်ဆင့်လိုက်တယ်။ ပထမနှစ်လုံးဆင့်အပြီးမှာ အသက်အောင့်ထားခဲ့မိတာကို ခပ်ဖြည်းဖြည်း ရှုထုတ်လိုက်တယ်။ ပင်လယ်လေအဝှေ့မို့ ဆံပင်တွေက မျက်နှာပေါ်ဝိုက်ကျလာတယ်။ စိတ်ရှုပ်သလိုခံစားလိုက်ရတယ်။ လက်နဲ့သပ်တင်လို့ မရလို့ ခေါင်းခါပြီး ဖယ်ထုတ်လိုက်တယ်။ တတိယကျောက်တုံးကို လှမ်းယူလိုက်တယ်။

တတိယကျောက်တုံးက ဒုတိယကျောက်တုံးပေါ်မှာ တိုက်ရိုက်ဟန်ချက်ညီတယ်ဆိုပေမယ့်၊ ပထမကျောက်တုံးရဲ့ထောက်ပံ့မှုကို သွယ်ဝိုက်တဲ့နည်းနဲ့ ယူထားရတာ။

 stone3.jpg

“ဘယ်မှာလဲ… သူတို့ပြောပြောနေတဲ့ ကမ္ဘာ့ဆွဲအားရဲ့ မျက်မြင်မရတဲ့ကြိုး”
တစ်ယောက်တည်းတွေးနေမိတယ်။

“ရပ်လိုက်သင့်ပြီ၊ သုံးလုံးပဲပေါ့..”
အသံတစ်သံက ကိုယ့်ကို ခပ်တိုးတိုးသတိပေးတယ်။

“နောက်တစ်လုံးထပ်ဆင့်ကြည့်လိုက်ပါဦး”
နောက်ထပ်အသံတစ်သံက တွန်းအားပေးတယ်။

နားထဲမှာလည်း ပင်လယ်ဇင်ယော်တစ်ကောင်ရဲ့ ဆွေးဆွေးမြေ့မြေ့ အော်သံကို ကြားလိုက်ရတယ်။

အတောင်ကျိုးနေလို့များလား၊ အဖော်ကွဲနေလို့လား၊ ဆောင်းမကုန်သေးလို့ စားစရာရှာမရလို့ ဆာနေတာများလား၊ တစ်စုံတစ်ယောက်ကို ခေါ်နေတာလား၊ စတဲ့ အတွေးတွေက ခေါင်းထဲကို စုပြုံတိုးဝင်လာတယ်။ ခေါင်းကို ဒုတိယအကြိမ်ထပ်ခါလိုက်မိပြန်တယ်။

ညာဘက်လက်က စတုတ္ထမြောက်ကျောက်တုံးလေးကို လှမ်းအယူ မျက်လုံးက ကမ်းခြေဘက်ကို ရောက်သွားတယ်။

ကမ်းခြေမှာ ဆင့်ထားတဲ့ ကျောက်တုံးလေးတွေကတော့ မျက်စိတစ်ဆုံး။
ကျောက်တုံးဆင့်သူတွေရဲ့ သမာဓိ၊ စိတ်အခြေအနေ (state of mind) ….

ဟုတ်တယ်…။

stone4.jpg

သူတို့ရဲ့ သမာဓိဟာ ကျောက်တုံးတွေကနေတဆင့် ကျမ ဆီကို ဖြန့်ကြက်လာနေသလို…။

ကျောက်တုံးလေးတွေကို ဆင့်ထားခဲ့သူတွေ၊ ကိုယ်တစ်ခါမှ မသိခဲ့ဖူးသူတွေ…။ သူတို့တွေရဲ့ သမာဓိကို ကိုယ်တိုင် ခံစားတတ်လာရတယ်။

ကျောက်တုံးလေးတွေဟာ အစွန်းကလေးတွေပေါ်မှာ ထပ်ပြီးရှိနေတာ….။ ဝါယာကြိုးတို့၊ ကော်တို့၊ ဘိလပ်မြေတို့ကို အသုံးပြုပြီးဆင့်ထားတာမျိုးမဟုတ်တဲ့အတွက် လက်ကလေးနဲ့ တို့လိုက်တာနဲ့ကို ပြိုကြသွားနိုင်တယ်။ ဒါပေမယ့် ဘယ်သူကမှလည်း ဖျက်လိုဖျက်ဆီးစိတ်နဲ့ သွားပြီးတော့ မတို့တတ်ကြပါဘူး။ တစ်ခါတစ်လေ ငှက်ကလေးတစ်ကောင်တစ်လေ လာနားလိုက်တဲ့အခါမျိုးမှာတော့ သေးငယ်တဲ့ ကျောက်ဆင့်တုံးလေးတွေဖြစ်နေရင် ပြိုကျသွားတတ်တာမျိုးပါ။

ကျောက်တုံးလေးတွေကို ထိုင်ပြီးကြည့်နေရတဲ့အခါမျိုးမှာ အလွန်ကိုပဲ စိတ်ငြိမ်သက်မှုတစ်ခုကို ခံစားရတတ်တယ်။ မြောက်ဘက်မှာက နှင်းဖုံးတောင်တန်းကြီးတွေ၊ ဘယ်ဘက်မှာက ခြင်္သေ့နှစ်ကောင်တံတား၊ ပင်လယ်လေတိုးသံတွေအပြင် လှိုင်းခတ်သံတွေကိုပါ ကြားနေရတတ်တယ်။

ကျောက်တုံးအဆင့်လေးတွေကို ကြည့်ပြီး ကျမ အတွေးလေးတွေဖြန့်ကျက်မိတယ်။
အချို့အရာတွေဟာ လူအများနဲ့လုပ်လို့မရဘူးဆိုတာပါပဲ။

stone14.jpg

လောကကြီးမှာ လူတွေအများကြီးနဲ့မှ လုပ်ကိုင်အောင်မြင်နိုင်တဲ့ အရာတွေရှိသလို၊ တစ်ယောက်တည်းမှ လုပ်လို့ရတဲ့ အရာတွေရှိတယ်။ တစ်ယောက်တည်းလို့ ဆိုတဲ့ အခါမှာ…. ကိုယ်ရယ်၊ ကိုယ့်သမာဓိအားရယ်၊ တည်ငြိမ်မှုမြင့်တဲ့ ကိုယ့်စိတ်ရယ်နဲ့ပဲ လုပ်လို့ရတဲ့ အရာတွေ….။

အခုနေ အဲသလိုကျောက်တုံးသုံးလေးတုံးကို လူလေးငါးယောက်နဲ့ အတူတူ ဆင့်ရမယ်ဆိုရင် ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စကားတွေများ၊ ဟိုလူဒီလူ အကြံပေး နေတာနဲ့ကို ကျောက်တုံးဆင့်တဲ့ အဆင့်ကိုရောက်မှာ ဘူးလို့ တွေးမိတာလေးပါ။

ကျောက်တုံးဆင့်တဲ့ သူတွေနဲ့ စကားစမြည်ပြောကြည့်မယ်ဆိုရင်လည်း ဒီလိုပဲဖြေတတ်ကြပါတယ်။ အကျင့်မရသေးတဲ့ လူတွေအနေနဲ့ကတော့ တစ်ယောက်တည်း စိတ်ငြိမ်ငြိမ်နဲ့ ဆင့်တတ်ကြတယ်လို့ ဆိုကြတယ်။ အကျင့်ရသွားတဲ့ သူတွေကတော့ အနားမှာ လူတွေအများကြီးနဲ့လည်း ကျောက်တုံး လေးငါးတုံးကို အသာလေး ဆင့်သွားနိုင်ကြပါတယ်။

ကင်မရာဖြစ်ဖြစ်၊ တယ်လီစကုပ်ဖြစ်ဖြစ်တင်တဲ့ သုံးချောင်းထောက်ဟာ မြေပြင်မှာ တည်တည်တံ့တံ့လေး တင်နေနိုင်သလိုပဲ၊ ကျောက်တုံးတိုင်းမှာလည်း အဲသလိုနေရာလေးတစ်နေရာရာဟာ အမြဲရှိနေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီနေရာမျိုးလေးကို ရှာဖွေနိုင်သူအတွက်က ကျောက်တုံးဆင့်ရတာ သိပ်ခက်ခဲတဲ့ အလုပ်တစ်ခုတော့ မဟုတ်တော့ပါဘူးတဲ့။

ဒီလိုမျိုး ကျောက်တုံးလေးတွေကို ဆင့်ထားတဲ့ (stone/rock balancing) ကို မကြုံဘူးသူတွေအနေနဲ့၊ ကျောက်တုံးတွေကို ကော်နဲ့ကပ်ထားတာပဲ… ဆိုပြီးတော့လည်း ပြောကြတတ်သေးတယ်လို့ ဆိုပါတယ်။ ကျောက်တုံးဆင့်သူတွေကတော့ အောက်ပါအတိုင်းပြောလေ့ရှိတယ်။

“မှန်ပါတယ်…။ ကော်နဲ့ကပ်ထားတယ်လို့ ပြောကြတယ်ဆိုရင်လည်း မမှားပါဘူး။ ကျတော်တို့ ကပ်ထားတဲ့ကော်က မျက်မြင်မရတဲ့ ကမ္ဘာ့ဆွဲအားကြိုးကလေးပါ”

stone10.jpg

အဲသလို Gravity thread ကို အသုံးချတတ်သူတစ်ယောက်အတွက်ဟာတော့.. “ကျောက်တုံးဆင့်ရတယ်ဆိုတာ… ထရိုင်ပေါ့လေးကို မြေပြင်ပေါ်မှာ ထောက်လိုက်တဲ့အခါမျိုးထက်ပိုပြီး ဆန်းကျယ်တဲ့ကိစ္စမဟုတ်ပါဘူး” လို့လည်း ဆိုတတ်ပါတယ်။

ကျောက်တုံးလေးတွေကို အစွန်းလေးတွေချိတ်ပြီး ဆင့်နေတဲ့အခါမျိုးဟာ တရားထိုင်တဲ့ သဘောတရားနဲ့ အတူတူပဲဖြစ်နိုင်တာပေါ့…။
ကျောက်တုံးလေးတွေ ဆင့်တဲ့ နည်းတွေကိုလည်း ကျမ လေ့လာခဲ့ဖူးတယ်။

Pure balance - each rock in near-point balance
အစွန်းလေးတွေချိတ်ဆက်ပြီး ဟန်ချက်ညီအောင် ဆင့်ထားတာမျိုး…
• Counterbalance - lower rocks depend on the weight of upper rocks to maintain balance
အောက်ကကျောက်တုံးက အပေါ်ကကျောက်တုံးရဲ့အလေးချိန်ပေါ်မှာ မှီတွယ်ထားတာ… ..
• Balanced stacking - rocks lain flat upon each other to great height
ကျောက်တုံးလေးတွေကို ရိုးရိုးလေးပဲ စီထပ်ထားခြင်း (အလွယ်ဆုံးနည်းဖြစ်မယ်ထင်ပါတယ်)
• Free style - mixture of the two above; may include arches and sandstone.
အပေါ်ကနည်းတွေအကုန်လုံးကို ရောနှောအသုံးပြုထားတဲ့ နည်းတွေလို့ ဆိုကြတယ်။ ပေါင်းကူးလေးတွေတောင် ပါတတ်တဲ့ ဟန်ချက်ညီစွာ စီရီထားတဲ့ နည်းပါ။

stone12.jpg

စတုတ္ထမြောက်ကျောက်တုံးကို လှမ်းယူလိုက်ချိန်မှာတော့ မသိစိတ်က စိတ်လျှော့လိုက်မိပြီ။ တိုက်ဆိုက်ချင်တော့ ပင်လယ်ရေလက်ကြားကို ဖြတ်သွားတဲ့ အပျော်စီးသင်္ဘောကြီးရဲ့ ဥသြမှုတ်သံက ကျယ်လောင်လွန်းလှသလိုပဲ။

“အပျော်စီးသင်္ဘောကြီး အလာစကာဘက်ကို ထွက်ခွာသွားတာထင်တယ်။ လူတွေများ ဒီလောက်အေးနေပြီးသားကို ရေခဲတောင်ကြီးတွေများ ထပ်ကြည့်ချင်ကြသေးတယ်။ ကိုယ်ဆိုရင်တော့ ဟာဝိုင်ရီဘက်လောက်တော့ သွားချင်သား။ ဟာဝိုင်ရီဘက်မှာ ကျမ စွဲလန်းတဲ့ သက်တံတွေ အများကြီး ရှိနေမှာ…။ နေလုံးနီနီကြီးကလည်း အိမ်လောက်ကြီးရှိတယ်ဆိုတော့ အိမ်လောက်ကြီးတဲ့ နေလုံးကြီးဝင်သွားတာကို ထိုင်ငေးနေချင်သား၊ ပြီးတော့ ညအမှောင်ကောင်းကင်ကို ပက်လက်လှန်ကြည့်ရင်း နဂါးငွေ့တန်းကို လက်ကလေးနဲ့ဖမ်းဆုပ်၊ စိတ်ကူးလှောင်အိမ်လေးထဲ ထည့်ထားချင်တာ…..”

အတွေးတွေက မတွေးဘဲစုပြုံဝင်လာပြန်တယ်။

“အို…..”

ကျောက်တုံးလေးတွေ သဲပြင်ပေါ်ကို အကုန်ပြုတ်ကျသွားတယ်။
သောင်ပြင်ပေါ်မှာ စိတ်လွတ်လက်လွတ် ထိုင်ချပစ်လိုက်တယ်။
ဆံပင်တွေထဲ လက်ထိုးသွင်းလိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်တယ်။

အရွယ်မညီတဲ့ ကျောက်တုံးလေးတွေကို ဟန်ချက်ညီစေဖို့…. ….

မိမိ
နဲ့
မိမိပတ်ဝန်းကျင်ကိုလည်း ဟန်ချက်ညီစေနိုင်ဖို့…..

ကျမစိတ်တွေကိုတော့ အရင် သန့်ရှင်းစင်ကြယ်စေရဦးမှာပေါ့…..။

** ဓာတ်ပုံတွေကတော့ stone/rock balancing sites တွေမှ တဆင့်မျှဝေခြင်းပါ**

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

5 Comments »

  1. အဆုံးသတ်က ခရမ်းရောင်စာသားတွေကို ကြိက်တယ် အစ်မ လူ့စိတ်လူ့သဘောသဘာဝါလေးကို လှမ်းမြင်လိုက်သလိုပဲး)

    Comment by မောင်မျိုး — March 13, 2014 @ 3:48 am

  2. မှတ်သားစရာလေးတွေ ထိုက်ထိုက်တန်တန်ရသွားပြီ မလေးရေ…
    အနှစ်ရှိတဲ့ စာသားလေးတွေ အမြဲရှာဖွေတွေ့ရှိနိုင်တဲ့ ဘလော့လေးပေါ့…

    မေတ္တာဖြင့်
    တီတင့်

    Comment by အန်တီတင့် — March 13, 2014 @ 6:36 pm

  3. တော်ရုံ စိတ်တည်ငြိမ်ရုံမျိုးနဲ့ လုပ်ဖို့ မလွယ်တဲ့ အလုပ်ပါပဲ ။ ကမ္ဘာမြေရဲ့ ဆွဲအားကိုအကြောင်းကိုလည်း နားလည်ဖို့ လိုမယ် ထင်တယ် ။
    ကျိုက်ထီးရိုးစေတီဟာလည်း အဲဒီ ကမ္ဘာမြေဆွဲအားနဲ့ပဲ တည်နေတာလို့ မြင်မိတယ် ။

    Comment by BaNyar Shein — March 13, 2014 @ 6:38 pm

  4. ကျောက်တုံးလေးတွေ စီထားတာလေးတွေက ကနွဲ့ ကလျနဲ့ ချစ်စရာ. ကျောက်တုံးလေးတွေထဲကနေ လူ့ ပတ်ဝန်းကျင်ကိုဆွဲခေါ်ရေးတတ်လွန်းတဲ့ အိမ့်အရေးအသားကလဲ စွဲမက်စရာ

    Comment by တန်ခူး — March 13, 2014 @ 11:26 pm

  5. “အချို့အရာတွေဟာ လူအများနဲ့လုပ်လို့မရဘူးဆိုတာပါပဲ”…

    အဲ့ဒီစကားလေးက အဟုတ်ပဲ မလေး။
    ကျောက်တုံးပုံလေးတွေကိုလည်း စာဖတ်ရင်း လှမ်းလှမ်းကြည့်သွားတယ်…..

    ———–
    ခင်မင်စွာ…
    ကိုဏီ

    Comment by ဏီလင်းညို — March 16, 2014 @ 1:16 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------