♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

March 9, 2014

စွန်းထင်းသွားလေတော့…

Filed under: my notes, အတွေးအမြင် — အိမ့်ချမ်းမြေ့ @ 11:51 pm

window.jpg

ဒီကနေ့က နေက သာနေတယ်…။

အပြင်မှာ လေတွေကတော့ တိုက်နေတယ်..။

 

ပိတ်ခါနီးမို့ လူရှင်းပြီး ငြိမ်သက်လာနေတဲ့ ဆိုင်လေးထဲက ထောင့်ခုံလေးတစ်လုံးပေါ်မှာ….

 

တိတ်တိတ်ကလေးပေါ့…
ကျမ စာဖတ်နေခဲ့တယ်။

 နားက နားကြပ်ထဲကလည်း ဆရာထီးရဲ့ “စဉ်းစားပါဦး” သီချင်းလေးက ထပ်ခါတလဲလဲ…။

 

ကျမဖတ်နေတဲ့ စာအုပ်လေးထဲက စာပိုဒ်လေးတစ်ပိုဒ်က ကျမကို ရှက်သွေးဖြန်းသွားစေခဲ့တယ်။

တစ်ခါကတဲ့… လက်ထပ်ပြီးစ ဇနီးမောင်နှံနှစ်ယောက်က တိုက်ခန်းတစ်ခန်းကို ပြောင်းလာခဲ့တယ်။ နံနက်ခင်းတစ်ခုမှာ မိန်းမလုပ်သူက တိုက်ခန်းအပြင်ဘက်ကိုလှမ်းငေးကြည့်နေစဉ်၊ ဟိုဘက်တိုက်ခန်းက အခြားမိန်းမတစ်ယောက်လှမ်းထားတဲ့ အဝတ်တွေကို တွေ့လိုက်တယ်။

“ဟင်း… သူ့အဝတ်တွေက လျှော်သာထားတာ မစင်ဘူး၊ ဘာဆပ်ပြာသုံးသင့်လဲဆိုတာ သွားပြောပြလိုက်ဦးမယ်”

အဲသလိုဆိုလိုက်ပြီး တစ်ဘက်တိုက်ခန်းက မိန်းမကို သွားမိတ်ဆက်ပြီး အဝတ်တွေဖြူအောင် ဘယ်လိုဆပ်ပြာကိုသုံးသင့်ကြောင်း မသိမသာပြောပြခဲ့တယ်။

ဒီလိုနဲ့ တစ်ပတ်ကြာတော့ ပြူတင်းပေါက်ကနေ ဟိုဘက်တိုက်ခန်းကမိန်းမလှမ်းထားတဲ့ အဝတ်တွေကိုကြည့်ပြီး မစင်သေးတာကို သတိထားမိလိုက်တယ်။

“ဟင်… သူ့အဝတ်တွေက မစင်သေးပါလား၊ အရင်သုံးနေကျ ဆပ်ပြာပဲ သုံးပြန်ပြီထင်တယ်”

အဲသလိုနဲ့ ဟိုဘက်အိမ်ကမိန်းမရဲ့အဝတ်တွေ မစင်ဘဲညစ်ပတ်နေတာကို မချင့်မရဲကြည့်နေရင်း တစ်နေ့မှာတော့ အဝတ်တွေက ဖြူဖွေးနေတာကို လှမ်းတွေ့လိုက်တယ်။

“ယောင်္ကျားရေ…. ဟိုဘက်အိမ်ကမိန်းမလျှော်တဲ့ အဝတ်တွေ ဒီနေ့တော့ ဖွေးနေတာပဲသိလား၊ သူ့ကိုဘယ်သူသွားပြောပြလဲ မသိဘူး” ယောင်္ကျားလုပ်သူကို ဝမ်းသာအားရလှမ်းပြောပြလိုက်တဲ့ အချိန်မှာ ယောင်္ကျားလုပ်သူက ပြန်ပြောလိုက်တာက….

“ဟိုဘက်အိမ်က မိန်းမကို ဘယ်လိုဆပ်ပြာနဲ့လျှော်ပါလို့ ဘယ်သူပြောလဲ၊ မပြောလဲတော့ ကိုယ်လည်းမသိဘူး၊ ဒီမနက်ကတော့ ပြူတင်းပေါက်မှန်တွေကို ကိုယ် သေချာတိုက်ချွတ်ဆေးကြောလိုက်တာပဲ”….

စာရေးဆရာမ အိုင်ရှာရဲ့ ဥပမာလေးက ကျမ ပါးပြင်တွေကို ပူနွေးသွားစေခဲ့တယ်..။

လူတွေဟာ အခြားလူတွေနဲ့ ကိစ္စအကြောင်းခြင်းရာတွေကို မှန်တစ်ခုကနေဖြတ်ပြီးကြည့်တတ်ကြတယ်၊ ပြီးတော့ အဲဒီအမြင်နဲ့ပဲ ပိုင်းဖြတ်တတ်ကြသေးတယ်။ ကိုယ်ဖြတ်ကြည့်တဲ့မှန်ဟာလည်း အရောင်စွန်းထင်းနေတဲ့ မှန်တွေဖြစ်နေတတ်တယ်။

အဲဒီအရောင်တွေကတော့ ကိုယ်ငယ်စဉ်ကတည်းက မွေးဖွားကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ အတွေးအခေါ်၊ အယူအဆ၊ သင်ကြားခံယူရမှုတွေရဲ့ အရောင်တွေပဲဖြစ်တယ်လို့ သူမ က ဆိုတယ်။

အဲဒီအရောင်တွေပဲလားလို့ ကျမ စဉ်းစားမိတယ်။ ကိုယ်ကြီးပြင်းလာရာတလျှောက်လုံး သိလာတတ်လာတာမှန်သမျှ၊ ကိုယ့်ခံယူချက်၊ ကိုယ့်ပတ်ဝန်းကျင် က ချပေးလိုက်တဲ့ အရာတွေဟာလည်း အခြားသူကိုကြည့်ပြီး ဝေဖန်ပိုင်းခြားတဲ့ မှန်ပေါ်မှာ ထပ်ထပ်ပြီး အရောင်ဆိုးတတ်သေးတယ်။

အဝတ်ဖြူတွေကို အဲဒီနားကတိုက်ခန်းတွေက အခြားမိန်းမသုံးယောက်လောက်က ဝိုင်းကြည့်နေကြမယ်ဆိုရင် ဆိုတဲ့ အတွေးကလည်း ဆက်လာခဲ့တယ်။

ရေညှိအနည်းငယ်တက်နေတဲ့ မှန်ပြူတင်းကဖြတ်ပြီး ကြည့်မိတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာ အဝတ်ဖြူတွေက အစိမ်းရောင်ဖြစ်နေနိုင်တယ်။

အဲသလိုပဲ… အပေါ်ထပ်ဝရံတာက အညိုရောင်ဆေးတွေကြွေကျနေလို့ အညိုရောင်အမှုန်တွေကပ်နေတဲ့ မှန်ပြူတင်းကဖြတ်ပြီး ကြည့်မိတဲ့ နောက်ထပ် မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာ အဝတ်ဖြူတွေက အညိုရောင်ဖြစ်နေနိုင်တယ်။

အပြာရောင်တွေစွန်းထင်းနေတဲ့ မှန်တစ်ချပ်ကနေဖြတ်ကြည့်သူ မိန်းမတစ်ယောက်အတွက်ကလည်း အဝတ်ဖြူတွေဟာ အပြာရောင်သန်းနေတော့မှာပေါ့…။

အဲဒီလို အရောင်တွေစွန်းထင်းနေတဲ့ မှန်တစ်ချပ်ကနေဖြတ်ပြီး အခြားလူတွေကို ပိုင်းဖြတ်သုံးသပ်မိကြတဲ့လူတွေထဲမှာလည်း …..
ကျမ ပါနေတတ်သေးတာကို ကိုယ့်ဟာကိုယ်ပဲ ပြုံးလိုက်မိတာပါ…။

အဲဒီအချိန်မှာ ဆရာထီးကလည်း နားထဲကပ်လို့ ခပ်တိုးတိုးလေး ဆိုလေတယ်…။

“လူဆိုတာ… ကိုယ့်အကြောင်းနဲ့ကိုယ်”….. တဲ့လေ….။

ကော်ဖီဆိုင် ဝန်ထမ်းတို့ရဲ့ နွမ်းနွယ်နေတဲ့ မျက်ဝန်းလေးတွေကို အားနာစွာနဲ့ပဲ ကျမလဲ ထွက်လာခဲ့တယ်…။
စဉ်းစားပါဦး သီချင်း အဆုံးသတ်က နားစည်မှာ ရိုက်ခတ်ဆဲ..။
အဆုံးမသတ်ရသေးတဲ့ ကော်ဖီတစ်ခွက်ကတော့ အေးစက်စွာ ကျန်ရစ်လို့…..။

 

ပုံကလေးကို kreativityhouse.com မှာ ယူပါတယ်ရှင်။

Photo credit to kreativityhouse.com

 

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

7 Comments »

  1. အင်း အတွေးလေးလှတယ် မလေး။ လူတစ်ဦးချင်းစီရဲ့ အတွင်းစိတ်အတ္တကိုခံပြီး အခြားသူတွေကိုယ် ပါ ကိုယ့်အတ္တလေးနဲ့ ထည့်ထည့်ကြည့်တတ်တဲ့စိတ်။

    Comment by ဆွေလေးမွန် — March 10, 2014 @ 12:06 am

  2. ကြိုက်တယ် မလေး။

    Comment by အပြုံးပန်း — March 10, 2014 @ 2:14 am

  3. သတိပေးဆောင်းပါးလေးမို့ သဘောကျတယ် မလေးရေ။
    မလေးရဲ့ ဆောင်းပါးလေးကိုဖတ်ပြီး မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်ကိုစမ်းတာလေး သတိရသွားတယ်။
    တကယ်တော့ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးလို ‘လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်’ ဆိုတာအမှန်ပဲပေါ့နော်။

    မေတ္တာဖြင့်
    တီတင့်

    Comment by အန်တီတင့် — March 10, 2014 @ 4:42 am

  4. တစ်ခါတလေကျ ကိုယ်တိုင်လည်း တစ်ဖက်သားအပေါ် မှားယွင်းစွာ မြင်နေတတ်လိမ့်မယ်ဆိုတာလေးကို ဒီစာလေးဖတ်ရင်း ပြန်သတိထားမိသွားတယ်…. :)
    စာလေးဖတ်ရလို့ ကျေးဇူး မလေး… :)

    ———
    ခင်မင်စွာ….
    ကိုဏီ

    Comment by ဏီလင်းညို — March 10, 2014 @ 5:10 am

  5. နှစ်သက်စရာ ပို့စ်လေး မလေးရေ…
    အတွေးပွား အတွေးများသွားရတယ်…
    ဗိုလ်ထီးရဲ့ အဲ့ဒီ“ စဉ်းစားပါဦး ” သီချင်းလေးက ငယ်စဉ်ဘ၀က အင်မတန်ရင်ကို ထိခဲ့တာပေါ့ မလေးရယ်…။
    စာသားတွေ တစ်ကြောင်းစီကလည်း အင်မတန်မှ အဓိပ္ပါယ်ရှိတာနော်…။

    Comment by မြသွေးနီ — March 11, 2014 @ 2:53 am

  6. I like your point of view, Ma lay!

    အထင်တွေ၊ အမြင်တွေနဲ့ ဆုံးဖြတ်ဝေဖန်နေတာတွေ တွေ့ရ ကြားရဖန်များလာတော့ ..
    သူတို့အကြောင်းနဲ့ သူတို့ပါပဲလေလို့ပဲ တွေးရလေမလား ….

    Comment by Than Lae — March 11, 2014 @ 11:35 pm

  7. တကယ်တော့ အမြင်တွေက အလွှာပါးပါးလေးတစ်ခုပါပဲ တစ်ခါတလေ မိမိရဲ့အမြင်လေးကို ပြောင်းပြန်တွေးကြည့်လိုက်တာနဲ့တင် ကိုယ်မှန်တယ်ထင်လို့ယူဆထားတာတွေဟာ မှားနေတတ်သလို အမှားတွေဟာလည်း အမှန်ဖြစ်နေတယ်တတ်တယ် နောက်ဆုံးတော့ အားလုံးဟာ ကိုယ့်အကြောင်းနဲ့ ကိုယ်ပါပဲလို့ မြင်တတ်လိုက်တယ် အဲ့တော့ နေရထိုင်ရ သက်သာသွားတယ် ။ ကျေးဇူး မလေး

    Comment by မောင်မျိုး — March 24, 2014 @ 8:30 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------