♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 28, 2014

အလုပ်ဟူသမျှ….

Filed under: ဆောင်းပါး, စာစု — အိမ့်ချမ်းမြေ့ @ 1:38 am

မြန်မာပြည်ဟာ ဆင်းရဲတယ်။ မှန်ပါတယ်၊ ကျမတို့ ဆင်းရဲတယ်။ ကမ္ဘာ့အလယ်မှာ မျက်နှာမွဲတွေဖြစ်တယ်။ ဒါပေမယ့် ဝမ်းရေးကိုဖြေရှင်းဖို့အတွက် အစုလိုက်အပြုံလိုက် အခြားတိုင်းပြည်တွေမှာ အိမ်ဖော်တွေအနေနဲ့ သွားရောက်ပြီး လုပ်ကိုင်ရှာဖွေစားသောက်ရလောင်အောင်ကို အခြေအနေဆိုးနေပြီလား။

ကျမ အနေနဲ့ ဒီဆောင်းပါးမျိုးကို ရေးဖို့ကို မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် ရေးရတော့မယ့်အခြေအနေက ရောက်လာခဲ့ပြီ။ ဒီစာကို မရေးခင်မှာ အခါခါစဉ်းစားတယ်၊ မိတောအနေနဲ့ ရေးရမလား၊ ဆောင်းပါးအနေနဲ့ ရေးရမလား ဆိုပြီး စဉ်းစားတယ်။ မိတောအနေနဲ့ရေးမယ်ဆိုရင်တော့ ဝိနည်းအနည်းငယ်လွတ်မယ်၊ ဒါပေမယ့် impact နည်းမယ်။ မိတောစာတွေဟာ ဝတ္ထုပုံစံနဲ့ရေးထားတဲ့အတွက် လူတွေအနေနဲ့ ဝတ္ထုတစ်ပုဒ် ဖတ်ရသလောက်ပဲ ဖြစ်မယ်။ ဒါပေမယ့် ရေးသူကို အမြင်စောင်းစရာရှိခဲ့ရင်တော့ လျော့နည်းနိုင်တယ်။ ဆောင်းပါးအနေနဲ့ရေးရင် လူတွေရဲ့နားကို ပိုရောက်မယ်။

ကျမရဲ့ target audience က ဘယ်သူတွေလဲ။ ဘယ်သူတွေကို ဖတ်စေချင်တာလဲ၊ ဘယ်သူတွေကို သိစေချင်တာလဲ။ နိုင်ငံခြားကို အိမ်ဖော်တွေအနေနဲ့ ထွက်အလုပ်လုပ်ကြမယ့် မိန်းကလေးတွေအပြင်၊ နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေနားကိုရောက်အောင် ဘယ်လိုချပြရမှာလဲ ဆိုတဲ့အတွေး။ ဆောင်းပါးတစ်ပုဒ်ဟာ hype ကုန်သွားတာနဲ့ (အချိန်ကာလတစ်ခုပြီးဆုံးသွားတာနဲ့) သေဆုံးသွားမှာလား။ မိတောအနေနဲ့ရေးရင်တော့ maneuver room ပိုကျယ်ပြီး (လူတန်းစားမျိုးစုံ၊ အလွှာမျိုးစုံ၊ အသက်ရွယ်မျိုးစုံလက်ထဲမှာ နားလည်ရပိုလွယ်တဲ့ စကားလုံးအကြီးကြီးတွေမပါတဲ့ စာတွေနဲ့) ပိုမိုကွန့်မြူးနိုင်မလား။ ဒါပေမယ့် မိတောအနေနဲ့ဒီလိုကိစ္စကိုရေးတဲ့အခါမှာ flat ဖြစ်နေမယ်၊ ရေးရသလောက် ဖတ်သူ့နားပေါက်ပါ့မလား ဆိုတဲ့အတွေးတွေ…။

ကျမ ဘာဖြစ်ချင်နေတာလဲ၊ မြန်မာပြည်ထဲက မိန်းမတွေကို အိမ်ဖော်/ကလေးထိန်းတွေ အနေနဲ့ တိုင်းတစ်ပါးမှာ အလုပ်သွားမလုပ်စေချင်တာလား။ ဘာဖြစ်လို့ မသွားစေချင်တာလဲ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့ ဆိုရိုးစကားရှိတယ် မဟုတ်ပါလား။ အလုပ်ဟူသမျှ တစ်ကယ်ကော ဂုဏ်ရှိသလား။ လူသားချင်းတန်းတူညီမျှပဲ၊ လူလူချင်းပဲ ဆိုတဲ့ စကားတွေကလည်း ရှိတယ်။ တစ်ကယ်တော့ လူလူချင်းတန်းတူညီကြရဲ့လား။

ဒီအမျိုးသမီးတွေကို တိုင်းပြည်အပြင်မထွက်နဲ့ အငတ်ခံနေလို့ကော ပြောဖို့သင့်သလား။ တိုင်းပြည်ထဲမှာ အလုပ်အကိုင်အခွင့်အရေးတွေ ကိုယ်တိုင်သွားရောက်ဖန်တီးပေးနိုင်တဲ့ အနေအထားကော ကိုယ့်မှာ ရှိပါရဲ့လား။ ကိုယ်တိုင်တွေကတော့ နိုင်ငံရပ်ခြားမှာ ပညာလာသင်၊ ဘွဲ့ယူ၊ လုပ်ငန်းခွင်တွေထဲဝင်လုပ်နေပြီး၊ အခြားသူတွေ အိမ်ဖော်အလုပ်ထွက်လုပ်မှာကျတော့ ဘာဖြစ်လို့ တားဆီးချင်တဲ့စိတ်တွေဖြစ်နေကြရသလဲ ဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပဲ မေးပါတယ်။ ဘယ်သူကမှလည်း အိမ်ဖော်တွေအနေနဲ့ နိုင်ငံခြားမှာထွက်ပြီး အလုပ်လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ ပရိုဖက်ရှင်နယ်တွေအနေနဲ့ပဲ ထွက်လုပ်ချင်ကြမှာဖြစ်တယ်။

တစ်ကယ်ကော အလုပ်ဟူသမျှ ဂုဏ်ရှိတယ်ဆိုရင် အခုလက်ရှိအလုပ်ကို မလုပ်ဘဲ ဘာဖြစ်လို့ အမှိုက်ကြုံးတဲ့အလုပ်ကို မလုပ်သလဲလို့ ကိုယ့်ကိုကိုယ်ဘဲ အရင်ဆုံးမေးမိတယ်။ အမှိုက်ကြုံးတဲ့အလုပ်မလုပ်ဘူးပဲထား၊ ကိုယ့်အိမ်မှာကို ထမင်းဟင်းတောင် မချက်ချင်လို့ ထမင်းချက်နဲ့ ကလေးထိန်းဌားထားပြီး ရုံးအိတ်ဆွဲလို့ မိုးလင်းကတည်းကထွက်သွားလိုက်တာကကော ဘာသဘောလဲလို့ ကိုယ့်ကိုကိုယ်ပဲ မေးပါတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး ငယ်စဉ်ကတည်းက ကြားဖူးပြောဖူးခဲ့ကြတယ်။

ဒါပေမယ့်…. တစ်ကယ်တမ်းကော… ….
အလုပ်ဟူသမျှ ဂုဏ်ရှိပါသလား…. ။
လူသားချင်းချင်းကော…. ညီမျှပါသလား…။

အိမ်ဖော်အလုပ်ကတော်ပါသေးတယ်၊ မြန်မာ-ထိုင်းနယ်စပ်မှာ ကိုယ်ခန္ဒာရောင်းစားနေရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝကကောလို့လည်း မေးစရာရှိသေးတယ်။ မြန်မာအမျိုးသမီးတွေ စင်္ကာပူနဲ့ ထိုင်ဝမ်မှာ အိမ်ဖော်တွေအနေနဲ့အလုပ်သွားလုပ်မှာကို ကျမတို့အားလုံး သိက္ခာကျတယ်လို့ ခံစားရလိုက်လို့လား။ ကျမ ဘာကြောင့်မကြိုက်တာလဲ။

ဒီစာကိုဖတ်တဲ့အခါမှာ မြန်မာပြည်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာတွေအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မိမိရောက်နေတဲ့ တိုင်းပြည်ကို ကိုယ်စားပြုပြီး မဖတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကိုယ်ကတော့ ထိုင်းကမြန်မာ၊ ကိုယ်ကတော့ အမေရိကန်မှမြန်မာ၊ ကိုယ်ကတော့ စကာပူမှမြန်မာ၊ ကိုယ်ကတော့ မလေးရှားမှမြန်မာ၊ ကိုယ်ကတော့ ဩစတြေးလျမှ မြန်မာဆိုတဲ့စိတ်တွေနဲ့ ဒီစာကို ဖတ်မယ်ဆိုရင်တော့ အစကတည်းက မဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

************

ကျမကို ဗီယက်နမ်လား၊ ထိုင်းလား၊ စင်္ကာပူကလား၊ မလေးကလား၊ ဖိလိပိုင်ကလားလို့ မေးကြတဲ့အခါတိုင်း အဲသလိုလူမျိုးလို့ အထင်ခံရမှာ ကျမ ရှက်တယ်။ မြန်မာကို သူတို့ မသိခဲ့ပါဘူး။ ကမ္ဘာ့မြေပုံပေါ် ဘယ်နားရှိမှန်းတောင် မသိခဲ့ကြဘူး။ တစ်ခါတစ်လေ အဲသလိုမသိကြတာကမှ ပိုကောင်းဦးမယ်လို့ ကျမ ထင်မိတယ်။

ကျမကို အထက်ပါလူမျိုးထဲက တစ်ခုခုလားလို့ မေးခံရတဲ့အခါတိုင်း သိက္ခာကျတယ်လို့ ကျမထင်တယ်။ ဂျပန်လားလို့ မေးခံရရင် နည်းနည်းတော်သေးတယ်လို့ ကျမ ခံစားရတယ်။ ဒါကလည်း မြန်မာဆိုတာကို သိပ်မသိခဲ့ကြတဲ့ အသိုင်းအဝိုင်းတစ်ခုက လူမို့ အခုလို “ကျမဟာ မြန်မာပါ” လို့ ဂုဏ်ယူစွာ ပြောခဲ့နိုင်ခြင်းပါပဲ။ ဒါပေမယ့် အခုအချိန်မှာ ကျမကို အဲသလိုထပ်မေးကြဦးမယ်ဆိုရင် ‘ကျမ မြန်မာပါ’ လို့ ဂုဏ်ယူစွာပြောနိုင်ဦးမလားလို့ ကိုယ့်ကိုကိုယ်ထပ်မေးမိပြန်တယ်။

(( ဒီစာကိုဖတ်တဲ့အခါမှာ မြန်မာပြည်တွင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာတွေအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မိမိရောက်နေတဲ့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့စိတ်ခံစားချက်တွေနဲ့ မဖတ်ဖို့ ထပ်မံမေတ္တာရပ်ခံလိုပါတယ်))

အနောက်နိုင်ငံသားတွေဟာ ကျမတို့ မြန်မာ (အချို့) အထင်ကြီးအားကိုးနေတဲ့ အာရှတစ်ဝိုက်က တိုင်းပြည်တွေကို စာရင်းထဲမှာ မထည့်ပါဘူး။ လူဆိုတာ လူပါပဲ၊ ဘယ်လောက်တိုးတက်နေကြပါစေ၊ ဘယ်လောက်ပဲ အသိဥာဏ်နဲ့ထိန်းထားကြပါစေ၊ လူရဲ့ထူးဆန်းတဲ့စိတ်ဟာ ကိန်းအောင်းနေတတ်တာပါပဲ။

ထိုင်းဆိုရင်လည်း အသားနီစပ်စပ်တောင်ဝှေးမကိုင်ရုံတစ်မယ်သာ ကျန်တော့တဲ့ အဘိုးကြီးတွေရဲ့ ခြေတော်တင်ခုံကြီးလို့ပဲ မြင်တယ်။ ဖိလိပိုင်ဆိုရင်လည်း အိမ်ဖော်တိုင်းပြည်လို့ပဲ မြင်တယ်။ ဗီယက်နမ်ဆိုရင်လည်း မသာမာတဲ့နည်းမျိုးစုံနဲ့ငွေရှာပြီး အကောင်းစားတွေဝတ်၊ အကောင်းစားတွေစားရုံကလွဲလို့ အတွေးအခေါ်မရှိတဲ့ တိုင်းပြည်လို့ မြင်တယ်။ ကျန်တဲ့အာရှတိုင်းပြည်တွေကိုလည်း စာရင်းထဲမှာ မထားဘူး။ ဒါ.. ကျမနဲ့နီးစပ်တဲ့ အနောက်နိုင်ငံသားအများစုရဲ့ အရှေ့တိုင်းအချို့အပေါ်မှာ မြင်တဲ့ယေဘူယအမြင်ကို ကိုယ့်အချင်းချင်း ပြန်လည်ချပြခြင်းဖြစ်တယ်။

မြန်မာတွေကိုတော့ အဲသလို မမြင်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့အကြောင်းကို သူတို့သိပ်မသိသေးဘူး။ မြန်မာပြည်ဟာ အလွန်ဆင်းရဲတယ်၊ စစ်အာဏာရှင်အောက်မှာ မွန်းကြပ်ခဲ့တယ်၊ မတိုးတက်ဘူး၊ နောက်ကျကျန်နေတယ်၊ ဒီလောက်ပဲ သိတယ်။ ဖြစ်နိုင်ရင် ကျမကလည်း သူတို့ကို ဒီလောက်ပဲသိစေချင်တယ်။ ကိုယ့်တိုင်းပြည်ထဲက ဖြစ်သမျှအရာတွေကိုလည်း ဘယ်သူ့ကိုမှ လိုက်ပြီး ငိုပြ၊ သံတော်ဦးတင်ပြနေစရာမလိုဘူးလို့ ထင်တယ်။ (ဒီအတွေးဟာ လူတွေအများကြီးနဲ့ ကွဲပြားနိုင်ပေမယ့် ကျမကတော့ ကိုယ့်ပြဿာကိုယ့်အချင်းချင်းပဲ ရှင်းချင်တယ်၊ ဘယ်သူမှ ဝင်ရှုပ်စရာမလိုဘူးဆိုတဲ့ စိတ်ရှိတယ်။ ဘယ်နိုင်ငံခြားသားဘိုးအေကမှ ဘယ်အဖွဲ့အစည်းကမှ ကျမတို့ကို လာပြုပြင်ပေးလို့မရဘူး။ ကိုယ်တွေပဲ လုပ်ရမှာဖြစ်တယ်၊ ကိုယ်တွေအတွင်းထဲက တစ်ဦးချင်းစီ ပြုပြင်မှဖြစ်မယ်) အဲသလို မြန်မာပြည်အကြောင်း သိပ်မသိသေးတဲ့အတွက် မြန်မာပြည်ကို ခြေတော်တင်ချင်တိုင်းတင်လို့ရတဲ့ တိုင်းပြည်၊ ယဉ်ကျေးမှု မဲ့တဲ့တိုင်းပြည် လို့ မမြင်သေးဘူး။

ဗီယက်နမ်တွေကိုလည်း ဆင်းရဲပေမယ့် အိမ်ဖော်လုပ်စားရလောက်တဲ့ တိုင်းပြည်အနေနဲ့ ကမ္ဘာက မမြင်သေးဘူး။ ဗီယက်နမ်တွေက ဆင်းရဲပေမယ့် စိတ်မာတယ်ဆိုတဲ့ အမြင် သူတို့မှာ ရှိတယ်။

မြင်ချင်တာမြင်၊ ထင်ချင်တာထင် ဘာဖြစ်သလဲလို့ ဆိုနိုင်ပါသေးတယ်။ ဘာဖြစ်သလဲ ဆိုရင် ပြောပါမယ်။

ရေရှည်မှာ တိုင်းပြည်နဲ့လူမျိုးပုံရိပ်ကိုထိတယ်၊ တိုင်းပြည်နစ်နာမယ်။ တိုင်းပြည်အပြင်မှာထွက်ပြီး နေထိုင်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားများအားလုံးနဲ့ သူတို့ရဲ့သားသမီးနောင်လာနောက်သားများသာမက၊ ပြည်တွင်းမှ မြန်မာပြည်သားများအားလုံးအတွက် ရှေရှည်မှာ နစ်နာစေမယ့် အကြောင်းပဲဖြစ်တယ်။
မိမိလူမျိုးတွေ တရားဝင်အိမ်ဖော်ထွက်မလုပ်ဘူးလို့ နှစ်ပေါင်းများစွာ ဂုဏ်ယူခဲ့တဲ့ ကျမဟာ၊ အခုလိုအခြေအနေတွေရောက်လာအောင် ဆုံးဖြတ်ချက် ချလိုက်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်း နားမလည်နိုင်တော့ဘူး။

အိမ်ဖော်အလုပ်ဟာ သီအိုရီအရ မနိမ့်ကျပါဘူး။ အခြားအလုပ်တွေလိုပဲ မိမိလုပ်အား၊ မိမိတတ်သမျှ ချက်ပြုတ်ရှင်းလင်းမှု လုပ်အားကိုပေးတယ်၊ အလုပ်ရှင်က ထိုလုပ်အားခနဲ့ညီမျှတဲ့ လုပ်ခကို ပေးတယ်။ ဒီဘက်တွေမှာ ဟိုးတုန်းကဆိုရင် ဥရောပမှ လူဖြူအမျိုးသမီးတွေဟာ ဒီအလုပ်ကို လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူမျိုးတစ်မျိုးရဲ့ အလုပ်တစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာ အခြားလူမျိုးတစ်မျိုးရဲ့ ထိုအလုပ်ပေါ်မှာပဲ မြင်တဲ့အမြင်နဲ့ မတူပါဘူး။ ဥရောပလူဖြူအမျိုးသမီးကြီးတွေကို အိမ်ဖော်လုပ်ရတာ နိမ့်ကျတယ်လို့ မြင်သလားလို့ မေးကြည့်တဲ့အခါ မမြင်ဘူးလို့ပဲ ဖြေကြပါတယ်။ ထိုအမျိုးသမီးကြီးတွေက အိမ်ဖော်အလုပ်ကို နိမ့်ကျတယ်လို့ မမြင်သလိုဘဲ၊ သူတို့ရဲ့အလုပ်ရှင် အိမ်ရှင်မများဟာလည်း သူတို့ကို အိမ်စေပဲ၊ အစေခံကျွန်ပဲ၊ လက်ခုပ်ထဲကရေပဲလို့ မြင်ကြမှာ မဟုတ်ပါဘူး။ အလုပ်သဘောဆက်ဆံမယ်၊ အလုပ်သဘောပဲ ပြောဆိုမယ်။ မတရားမှုတွေ ရှိလာတဲ့အခါမှာလည်း နှစ်ဘက်လုံးက ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမယ့် အတွေးအခေါ်ပိုင်းဆိုင်ရာ သိပ်မမြင့်မားသေးတဲ့ လူမှုအဖွဲ့အစည်းတွေထဲမှာ၊ လူလူချင်းခေါင်းပုံဖြတ်တဲ့အဖွဲ့အစည်းတွေထဲမှာ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” လို့ ဆိုနေပေမယ့် တစ်ကယ်တော့ ဂုဏ်မရှိသလို၊ ဂုဏ်လည်း မယူနိုင်ကြပါဘူး။ အတွေးခေါ်ပိုင်းဆိုင်ရာ မြင့်မားလာတဲ့ လူမှုအဖွဲ့အစည်းတွေမှာ “အလုပ်ဟူသမျှ တစ်ကယ်ဂုဏ်ရှိ” လာတတ်ကြသလို၊ အလုပ်ကိုလည်း အလုပ်လို့ပဲ မြင်တတ်လာကြတဲ့ သဘောရှိပါတယ်။

သီရိလင်္ကာတိုင်းပြည်ကတောင် သူတို့ရဲ့အမျိုးသမီးတွေကို အိမ်အဖော်တွေအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို စေလွှတ်တာကို တားမြစ်ဖို့ ကြိုးစားလာနေကြချိန်မှာ မြန်မာပြည်က ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲလို့ ကျမ တွေးမိတယ်။ ကိုယ့်လူမျိုးတွေ ဒီလိုအလုပ်လုပ်မှာကို ကျမ စိတ်မသက်မသာတော်တော်လေး ဖြစ်တယ်။

ဒါကြောင့်…. အိမ်ကကျမကိုကူလုပ်နေသူတွေကို ကျမ ခုရက်ပိုင်းမှာ မေးခွန်းတွေ အများကြီးမေးဖြစ်နေခဲ့တယ်။ တစ်နေ့တာလုပ်စရာတွေကို စာနဲ့ရေးပြောပြီး၊ ဖိလိပိုင်မှာကျန်ခဲ့တဲ့မိသားစုဝင်တွေ နေကောင်းရဲ့လားဆိုတဲ့ သတင်းမေးတယ်ဆိုရုံ၊ ကျန်တဲ့အိမ်ကိစ္စအရေးကြီးတာတွေကလွဲလို့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေကို  နှိုက်ချွတ်မေးမြန်းပြောဆိုလေ့ မရှိတဲ့အတွက် (နဂိုကတည်းကလည်း စကားသိပ်မပြောတတ်တဲ့အတွက်) ဆောင်းပါးတစ်ပုဒ်ရေးမှာဖြစ်လို့ မေးရခြင်းဖြစ်တယ်လို့ ကျမ သူတို့ကို စကားခံထားတယ်။ ဒီအချက်အလက်တွေကိုလည်း သူတို့ရဲ့ သဘောတူညီချက်ကို ရယူပြီးမှ ရေးခြင်းဖြစ်ပါတယ်။

ကနေဒါမှာ အိမ်အဖော်/နာနီ လာလုပ်ကြသူတွေဟာ သတ်မှတ်သက်တမ်းပြည့်ရင် PR လျှောက်လို့ရပါတယ်။ လူမျိုးခြားဖိလိပိုင်တွေကို အိမ်အဖော်/နာနီ အဖြစ်ခန့်ပြီး PR ရစေပြီး၊ ကိုယ့်လူမျိုးအချင်းချင်းတော့ ဘာလို့ မခေါ်သလဲ၊ ကနေဒါမှာ PR ရစေအောင် ဘာဖြစ်လို့ မကူညီသလဲဆိုတဲ့ မေးခွန်း ကျမကို မေးလာမယ်ဆိုရင် ကျမအောက်အပိုဒ်တွေမှာ ဆက်ရေးပါမယ်။

ကျမ လက်ရှိအလုပ်ကနေထွက်ပြီး အိမ်ရှင်မ မလုပ်ချင်တဲ့အတွက် ကျမ ရုံးသွားနေတုန်း အိမ်မှာချက်ပြုတ်ရှင်းလင်းဖို့ အိမ်အဖော်  အရှာထွက်ပါတယ်။ အဲဒီနေရာကတော့ နာနီအေဂျင်စီတစ်ခုပါပဲ။ အေဂျင်စီထဲရောက်တော့ အင်တာဗျူးခံဖို့စောင့်နေတဲ့ ဖိလိပိုင်အမျိုးသမီးအများစုကို တွေ့ရပါတယ်။ ထိုင်ဝမ်၊ ဟောင်ကောင်တရုတ်လူမျိုးများအပြင်၊ ကိုရီးယားအမျိုးသမီးများ နဲ့ ကျောင်းလာတက်ရင်း အချိန်ပိုင်းအလုပ်လိုချင်တဲ့ ဂျပန်မိန်းကလေးများကိုပါ တွေ့ခဲ့ရတယ်။ ထိုနေ့ကအလုပ်အင်တာဗျူးတာ တစ်ဘက်တည်းက မဟုတ်ပါဘူး။ ကိုယ်ကဗျူးသလို သူတို့ကလည်း ကိုယ့်ကိုပြန်ဗျူးပါတယ်။ ကနေဒါကို ရောက်နေပြီးသား နာနီတွေ၊ အိမ်အဖော်တွေဟာ နှယ်နှယ်ရရတွေ မဟုတ်ပါဘူး။ ဝတ်စားထားကြတာကလည်း တော်တော်လေးကို ကောင်းကောင်းမွန်မွန် ဝတ်စားထားကြတယ်။ ဆံပင်တွေကို အလှပြင်ထားတာကလည်း တော်တော်စမတ်ကျတယ်။ ကျမကလည်း အတွေ့အကြုံမရှိတော့ စားပွဲမှာ တစ်ယောက်တည်းငြိမ်ထိုင်နေတယ်။

(( ကနေဒါမှာ လူတစ်ယောက်ရဲ့ အနိမ့်ဆုံးလစာဟာ အဲဒီတုန်းက တစ်နာရီကို ရှစ်ဒေါ်လာခွဲပေးရပါတယ်။ ဒါကြောင့် အိမ်အဖော်တွေကိုလည်း အနည်းဆုံး တစ်နာရီကို ရှစ်ဒေါ်လာခွဲပေးရပါမယ်။ အခုတော့ တစ်နာရီကို တစ်ဆယ်ဒေါ်လာခွဲကို တက်သွားပါပြီ။ တစ်ပတ်ကို နာရီလေးဆယ် အပြည့်ပေးရပါမယ်။ အချိန်ပိုခိုင်းရင် အချိန်ပိုခ တစ်ဆခွဲပေးရတယ်။ လစဉ်လည်း အိမ်အဖော်ရဲ့ medical expenses အစိုးရကိုသွင်းရတဲ့အပြင်၊ employment insurance နဲ့ CPP (ကနေဒီယန် ပင်စင်) ကိုလည်း သွင်းပေးရပါတယ်။ အိမ်အဖော်ထားနိုင်ဖို့ရန်လည်း အိမ်ရှင်အိမ်ဟာ အစိုးရကိုအခွန်ဆောင်ပြထားတဲ့ တစ်နှစ်ဝင်ငွေ အနည်းဆုံး ကနေဒီယန်ဒေါ်လာတစ်သိန်း ရှိရပါတယ်။ အိမ်အဖော်တွေမှာ criminal record ကင်းရှင်းကြောင်းထောက်ခံချက် ရှိရရုံသာမက၊ အိမ်ရှင်တွေမှာလည်း criminal record ကင်းရှင်းရပါတယ်။ လူကုန်ကူးထားခြင်း၊ တရားတဘောင်ဖြစ်ထားခြင်းတွေ ရှိ-မရှိကိုလည်း ကနေဒီယန်အစိုးရက Labour Market Opinion လျှောက်လွှာတင်စဉ် အကုန်စစ်ပါတယ်။ အလုပ်ရှင်ဖြစ်ရန် သင့်တော်မှု ရှိ-မရှိလည်း အလုပ်ရှင်ကို ဖုန်းနဲ့အင်တာဗျူးပါသေးတယ်။ အဲသလို ကနေဒီယန်အစိုးရက အဆင့်ဆင့်စစ်ဆေးပြီးမှ အလုပ်ရှင်တွေကို Business Number ချပေးပါတယ်။ ကျမဟာ အေဂျင်စီကနေ ဌားရခြင်းဟာ ထိုအမျိုးသမီးတွေက တစ်နာရီ ၁၀ဒေါ်လာခွဲနဲ့ ကျေနပ်လို့ ဈေးနည်းနည်းသက်သာလို့ဖြစ်ပါတယ်။ ကျမအဲဒီအချိန်ကရှိနေတဲ့ အမျိုးသမီးလေး “လာနီ”ကို တစ်နာရီကို ကနေဒီယန် ၁၂ဒေါ်လာပေးနေရလို့ ဈေးသက်သာတာကို သွားရှာတာပဲဖြစ်တယ်။ အဲဒီအချိန်က ရှိနေတဲ့ “လာနီ” က ကနေဒါမှာ PR အဖြစ်နဲ့နေခွင့်ရသွားပြီဖြစ်လို့ ဈေးတက်သွားတာဖြစ်တယ်။ လုပ်တာကိုင်တာ အလွန်တော်သော်လည်း ကျမ သူ့ကိုဆက်မထားနိုင်တော့လို့ ရှာရခြင်းပဲဖြစ်ပါတယ် - အလွန် ပရိုဖက်ရှင်နယ်ဆန်တဲ့အတွက်လည်း ကျမ သူ့ကို ယနေ့တိုင် သတိရဆဲဖြစ်တယ်))

အေဂျင်စီအကြီးအကဲက ကျမကိုသူတို့နဲ့ မိတ်ဆက်ပေးပြီး သူ့ကိုစိတ်ဝင်စားသူတွေ အင်တာဗျူးလို့ရတယ်လို့ ဆိုပါတယ်။ အလုပ်သမားက အလုပ်ရှင်ကို စတင်အင်တာဗျူးခြင်း (reverse interview) ကို ကျမလည်း အဲဒီတော့မှ ကြုံဖူးပါတယ်။ အဲဒီမှာ ကျမဆီကို ဘယ်သူမှ မလာပါဘူး။ တော်တော်ကြာတယ် ကျမ စောင့်နေရတယ်။ ကျမကို အလုပ်ရှင်အနေနဲ့ ကိုရီးယား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်အမျိုးသမီးတွေဟာ ရွေးမှာမဟုတ်ဘူးဆိုတာကိုလည်း ကျမက သိပြီးသားဖြစ်တယ်။ သူတို့က ကျမကိုကျော်ပြီး လူဖြူအလုပ်ရှင်တွေဆီကိုပဲ သွားဗျူးပါတယ်။ ခဏနေတော့ အသက်ငယ်ငယ်တစ်ယောက် ကျမဆီကိုလာတယ်။ မိတ်ဆက်အပြန်အလှန်စကားပြောအပြီး သူ့ရဲ့ အလုပ်ရာဇဝင်ကို ကြည့်လိုက်တယ်။ ရထားတဲ့ ဘွဲ့တွေဆိုတာ ကြောက်ခမန်းလိလိပါပဲ။

ဖိလိပိုင်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်က ဘွဲ့တွေအပြင်၊ အခြားအောင်လက်မှတ်တွေလည်းပါတယ်။ ကျမသာ ကနေဒါမှာ ပညာသင်မထားခဲ့ရင် တော်တော်လေး အားငယ်စရာကောင်းမယ့်အဖြစ်။ ကျမလည်း စိတ်ညစ်သွားတယ်၊ ကျမရှာနေတာ အဲဒါမဟုတ်ဘူး။ သူဘယ်လောက်ပညာတတ်တတ်၊ ကျမလိုချင်တာ ကလေးတွေကို ဂရုစိုက်မယ့်သူ၊ အိမ်အလုပ်ကိုလုပ်နိုင်မယ့်သူကို ရှာတာ ဖြစ်တယ်။ သူ့ကိုအင်တာဗျူးအပြီးမှာ အသက်ကြီးကြီး ဖိလိပိုင်အမျိုးသမီးကြီးတစ်ဦးက ကျမကိုလာမိတ်ဆက်တယ်၊ အပြန်အလှန်အင်တာဗျူးတယ်၊ သူကတော့ ပညာအဆင့်အတန်းသိပ်မမြင့်ဘူး၊ ဒါပေမယ့် မျက်နှာက ကြင်နာတဲ့ ရုပ်မရှိဘူး။ ဒါ့အပြင် ကိုယ်က ကောင်းကောင်း မဗျူးရသေးခင်မှာ သူ့ကို အင်တာနက်ပေးမှာလား၊ အခန်းထဲမှာ တီဗွီရှိမှာလား၊ ဖုန်းရှိမှာလား စတာတွေကိုမေးတယ်။ သူ့မေးခွန်းတွေဖြေနေရင်းကို အလုပ်ရှင်က အလုပ်သမားကို ပြန်ကြောက်ရမယ့် အနေအထားမှာ ရှိနေပြီဆိုတာကိုလည်း ကိုယ့်ကိုကိုယ် သတိထားလိုက်မိတယ်။

ဥပဒေအရကို အိမ်အကူတွေရဲ့အခန်းထဲမှာ ပရိဘောဂအပြည့်အစုံအပြင် တယ်လီဖုန်း၊ အင်တာနက် စသည်ပါရမှာဖြစ်တာမို့ ရှိပြီးသားဖြစ်ကြောင်းပြောတယ်။ ဒါပေမယ့် သူ့အခန်းထဲမှာ ရေချိုးခန်းအိမ်သာတွဲရက်တော့ မရှိဘူး။ ကျမတို့အိမ်မှာ nanny suite မရှိဘူး၊ ဒါပေမယ့် ရေချိုးခန်းအိမ်သာတွဲရက် သုံးလုံးရှိတာမှာ တစ်လုံးသပ်သပ်ကို ရမယ်ပြောတာကို မကျေနပ်တဲ့အတွက်၊ ကျမကို သူက ပယ်ချခဲ့ပါတယ်။

ဒီလိုနဲ့ ကျမလည်း အင်တာဗျူးတွေအပြီး အဝတ်အစားရိုးရိုးလေးဝတ်ထားတဲ့၊ ဆံပင်တွေကို ဆေးမဆိုးထားဘဲ ခပ်တိုတိုလေးညှပ်ထားတဲ့၊ လည်ရှည်ဖိနပ်မစီးထားတဲ့၊ ခြေထောက်ချိတ်ထိုင်ပြီး မှင်သေသေမျက်နှာမရှိတဲ့၊ မိတ်ကပ်တွေမလူးထားတဲ့ UAE က accounting firm တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့၊ ဖိလိပိုင်နိုင်ငံ မနီလာယူနီဗာစတီမှ Bachelor of Science in Commerce with a Major in Statistics & management Accounting ဘွဲ့ရထားတဲ့ မိန်းကလေးတစ်ယောက်ကို အိမ်ကိုခေါ်ချလာပါတော့တယ်။

(မပြီးသေးပါဘူး)

22 Comments »

  1. ဖိလိပိုင်နိုင်ငံ မနီလာယူနီဗာစတီမှ Bachelor of Science in Commerce with a Major in Statistics & management Accounting ဘွဲ့ရထားတဲ့ မိန်းကလေးတစ်ယောက်ကို အိမ်ကိုခေါ်ချလာပါတော့တယ်။

    ဒါနဲ့တင်ကို တော်တော်ထိရောက်နေပါပြီ အမ၊
    ဥပမာ- အခု မြန်မာပြည်မှာ ကားတွေ တင်သွင်းခွင့်ကို တရားဝင်ပါမစ်တွေနဲ့လုပ်ကိုင်ခွင့်ပေးလို့ စီးပွားရေးအသိုင်းအ၀ိုင်းအနေနဲ့ တင်သွင်းနိုင်လို့ တင်သွင်းတယ်၊ ဒါပေမယ့် ဒါမျိုး တရားဝင်လမ်းဖွင့်ပေးမှု မလုပ်ခင် လုပ်သင့်တဲ့ (ကားစီးရေများပြားလာနိုင်မှုအပေါ် ဘယ်လို ဖြေရှင်းသွားမလဲ၊ ကားလမ်းရှင်းစနစ်တွေကို ဘယ်လို လုပ်ဆောင်ဖြေရှင်းသင့်သလဲ ..စတဲ့ မတိုင်ခင် ကြိုတင်ပြင်ဆင်တဲ့ Survey ကို ထိရောက်စနစ်ကျစွာ မလုပ်ဆောင်နိုင်ခဲ့ဘူး)

    အခုလဲ အလားတူပါပဲ၊ မြန်မာအမျိုးသမီးတွေကို အိမ်အကူရာထူးနဲ့ စေလွှတ်မှုအပေါ် ကိုယ့်လူမျိုးတွေရဲ့ ဖြစ်ပေါ်လာနိုင်မယ့်ခံစားချက်(နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ အလွှာအသီးအသီးက မြန်မာလူထု)တွေရဲ့ အမြင်တွေ နဲ့ နိုင်ငံတကာက သုံးသပ်သွားမယ့် သုံးသပ်ချက်တွေ။ နောက် ဒီနိုင်ငံမှာက After Sale Service အားနည်းတယ်၊ အခုလည်း အလားတူပဲ စေလွှတ်မှုနောက်က ဘ၀အာမခံချက်တွေကိုပါ ဘယ်လိုမျိုး ပေးနိုင်မလဲဆိုတာပါ။

    အဓိကကတော့ နိုင်ငံတကာအသိ၊ နိုင်ငံတကာအမြင်နဲ့ ဗဟုသုတနည်းပါးတာလို့ပဲ ဆိုရမလိုဖြစ်နေတယ်၊ “ဘလော့ဂါ ကိုဆိုဆီဂဒို ရဲ့ ကျွန်မအတွက် ဘုရားသခင်မရှိတဲ့နေရာ” ပို့စ်ထဲမှာလဲ အိမ်အကူအဖြစ်သွားလုပ်ပြီး ဟိုဘက်မှာ အဆင်မပြေမှုတွေဖြစ်တဲ့အကြောင်း ကို ရေးပြသွားတာ ဖတ်လိုက်ရတာနဲ့တင် တော်တော်ရင်နာနေရတယ်၊

    Comment by ထရီဆာ (Teresa) — February 28, 2014 @ 2:22 am

  2. “လူဆိုတာ လူပါပဲ၊ ဘယ်လောက်တိုးတက်နေကြပါစေ၊ ဘယ်လောက်ပဲ အသိဥာဏ်နဲ့ထိန်းထားကြပါစေ၊
    လူရဲ့ထူးဆန်းတဲ့စိတ်ဟာ ကိန်းအောင်းနေတတ်တာပါပဲ” ကောင်းလိုက်တဲ့ စာသားလေးပါ မလေးရေ…
    ဒီဆောင်းပါးလေးက ဖတ်သူတို့အတွက်အသိကိုတိုးစေတယ် တလွဲဆံပင်ကောင်းသူများ မကြာခဏကြုံဘူးတယ်။ ဆက်ဖတ်ဘို့စောင့်နေမယ်။

    မေတ္တာဖြင့်
    တီတင့်

    Comment by အန်တီတင့် — February 28, 2014 @ 4:01 am

  3. မလေးရေ…. စိတ်ဝင်စားစရာတွေပါလို့ ဆက်ရန်ကိုစောင့်နေပါတယ်နော် ခင်မင်စွာဖြင့် ပူးတေ

    Comment by ပူးတေ — February 28, 2014 @ 10:07 am

  4. ပြည်တွင်းမှာအလုပ်တွေမဖန်တီးပေးနိုင်ဘူးလေ ဆေးမီးတိုနဲ့ကုနေတာ

    Comment by Swe Swe Aye — March 1, 2014 @ 12:07 am

  5. ဟုတ်တယ်မ ညီမလဲတူတူပဲ။ ဟူးးးးးး မပြောတော့ပါဘူး..

    Comment by Swe Lay Mon — March 1, 2014 @ 12:07 am

  6. အလုပ်ကသထေးက..သူအိမ်အတွက်အိမ်ဖော်ခေါ်ချင်လို့ မြန်မာမရှိဘူးလားမေးတုန်းက တို့မြန်မာမတွေအိမ်ဖော်မလုပ်ဘူးလို့ပြန်ပြောဘူးတယ်

    Comment by Soe Myint Mo — March 1, 2014 @ 12:07 am

  7. အရမ်းကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ… ဆိုရေးရှိက ဆိုအပ်လှ၏ … တဲ့။ မြန်မာ စကားပုံ ရှိပါတယ်…။ စာပေမြတ်နိုးသူတစ်ဦးဖြစ်တဲ့ မလေးရဲ့ ဒီ ဆောင်းပါးဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်တစ်ခု ကျေပွန်ခြင်းပါပဲ… ဆက်ပါဦး မလေး…

    Comment by Win Pyae Phyoe — March 1, 2014 @ 12:08 am

  8. အခြေအနေကဆိုးပါတယ်။

    Comment by Sint Si — March 1, 2014 @ 12:08 am

  9. ကျနော်တို့ ပြည်ပရောက်တွေ ဒီစာကို ဖတ်ခွင့်မရှိဘူးလား ဆရာ …

    Comment by Aung Khin Myint — March 1, 2014 @ 12:08 am

  10. ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကိုရီးယားတိုင်းပြည်တွေအပေါ်မှာ ဒီဘက်နိုင်ငံခြားသားတွေမြင်တဲ့အမြင်ကို ရေးပြဖူးတယ်။ ဒါပေမယ့် အဲဒီတိုင်းပြည်တွေထဲမှာ ရှိတဲ့အချို့မြန်မာတွေက ဆိုလိုရင်းကို သဘောမပေါက်ဘဲ ပါစင်နယ် ယူခဲ့ဖူးတယ်။ သူတို့ကိုပြောနေတယ်လို့ထင်တယ်။ ဒါကြောင့် ဆိုလိုရင်းကို သဘောမပေါက်မှာစိုးလို့ ကြိုတင်မေတ္တာရပ်ခံထားတာပါ…။

    Comment by မလေး အိမ့်ချမ်းမြေ့ — March 1, 2014 @ 12:08 am

  11. မလေးရေ…. စိတ်ဝင်စားစရာတွေပါလို့ ဆက်ရန်ကိုစောင့်နေပါတယ်

    Comment by Pu Tay — March 1, 2014 @ 12:09 am

  12. အထင်နဲ့အမြင်မှာ အမြင်ကအခရာကျမယ်ထင်ပါတယ် မြင်ပြီးသွားရင်တော့ဖျက်မရတော့ပါ ဆွေစဉ်မျိုးဆက်ခံရမဲ့ကိန်း အစိုးရကိုယ်၌ကလူကုန်ကူးနေသလိုမျိုးကြီးဖြစ်………….

    Comment by Moe Aung San — March 1, 2014 @ 12:09 am

  13. share ပါရစေအစ်မ

    Comment by New Mind — March 1, 2014 @ 12:09 am

  14. ကြိုက်တယ်..အမရေ..share ပရစေ…

    Comment by Cho Honeychocho — March 1, 2014 @ 12:10 am

  15. Wowww Wanna read more

    Comment by Shweainsi May — March 1, 2014 @ 12:11 am

  16. မျော်မည်။

    Comment by Kyawsoemoe Ko — March 1, 2014 @ 12:11 am

  17. ဆက်ရေးပါအမ၊ ရေးချင်ပေမယ့် သေသေချာချာ သုံးသပ်ပြီးမှ ချက်ကျလက်ကျ ရေးရမယ့် အပိုင်းဖြစ်နေတယ်။ သွားမလုပ်ကြနဲ့လို့ တားလို့ရမယ့် ကိစ္စလည်း မဟုတ်ဘူး။ ခိုးပြီးသွားလုပ် နေတာထက်စာရင်လည်း တရားဝင်ဆိုတော့ ဥပဒေကြောင်းအရ အကာအကွယ်ရနိုင်မယ်။ ဖြစ်နိုင်ရင်တော့ ကိုယ့်တိုင်းပြည်မှာပဲ လုပ်ချင်ကြမှာပါ။

    Comment by Engr Aung Khaing Htun — March 1, 2014 @ 12:11 am

  18. အိမ့်အမြင်နဲ့ သုံးသပ်မှုကို စိတ်ဝင်တစားစောင့်ဖတ်နေပါတယ်.

    Comment by Khine Khine Win — March 1, 2014 @ 12:11 am

  19. အရမ်းကောင်းပါတယ် မလေး ဆက်ရေးပါဦးနော်။ ။

    Comment by Thandar Lai — March 1, 2014 @ 12:12 am

  20. ဒီနိုင်ငံမှာ MBA ဘွဲ့ရ အလုပ်လုပ်တာတောင် မိသားစု နောက်ခံမရှိတဲ့သူတွေက မလေး ရေးထားသလို အခန်းတွေမှာ မနနိုင်ပါဘူး….အဲလိုတွေးတော့ ဘ၀ဆိုတာ ဘာမှန်းကို မသိတော့ဘူး…

    Comment by Thaesu Khaing — March 1, 2014 @ 12:12 am

  21. မလေးရေ…ရှယ်ခွင့်ပြုပါဗျာ..ဆက်ရေးမယ့် ဆောင်းပါးအဆက်ကိုလဲ မျှော်နေပါတယ်

    Comment by Miracle Sto Rm — March 1, 2014 @ 12:13 am

  22. သိပ်ကောင်းတဲ့စာပါ။ ဆက်ဖတ်ဖို့ စောင့်နေပါတယ်။

    Comment by Ei Ei Thu — March 1, 2014 @ 12:13 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------