♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

February 7, 2014

တန်ဘိုးထားတတ်ပါမှ…

Filed under: ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:59 am

 tree3.jpgအခုတစ်လော မြန်မာ့ သနပ်ခါးကို ဂျပန်ရှိ Patent ကွန်ဗင်းရှင်းမှာ Patent Law မူပိုင်ခွင့် တင်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျမထံကို စာပို့လာကြသော သူတွေရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရေးစေချင်ကြလို့ ဖြစ်ပါတယ်။ Patent Law တွေက အလွန်ရှုပ်ထွေးတဲ့အပြင် ကျမထက် အဆပေါင်းများစွာ ကျွမ်းကျင်တဲ့သူတွေရှိတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး အကျယ်တဝင့် မပြောလိုပါဘူး။ သနပ်ခါးထဲက ပါဝင်ပစ္စည်းတစ်ခုခုကို patent လုပ်သွားတာလား၊ process ကို patent လုပ်သွားတာလား၊ စသည်ကို အတိအကျမသိတဲ့အတွက်လည်း ဘာမှတ်ချက်မှ မပေးလိုပါဘူး။

သနပ်ခါးထဲမှာ ပါတဲ့ ဓာတ်တစ်ခုခုကို လူအများအကျိုးရှိမယ့် ပစ္စည်းတစ်ခုခုထုတ်ဖို့ patent လုပ်ထားတာလား၊ အဲသလို အဖိုးတန်တဲ့ မြန်မာ့သနပ်ခါးကို ရောင်းအားသွက်စေခြင်းဖြင့် မြန်မာပြည်အတွက် ပိုအကျိုးရှိစေမလား စသည်ကိုလည်း ထည့်တွက်ရမှာဖြစ်ပါတယ်။
ကျမတို့တိုင်းပြည်ထဲမှ လူအများစု သိတာက မြန်မာ့ ကျွန်းသစ်၊ ပတ္တမြား၊ သနပ်ခါးလောက်ပဲလို့ ဆိုလို့ရတယ်။ တစ်ကယ်ကတော့ မြန်မာပြည်တွင်းက ထွက်သမျှအပင်တိုင်း၊ ရှိသမျှ သတ္တဝါတိုင်းဟာ တန်ဘိုးအလွန်ရှိပါတယ်။ အဲသလိုတန်ဘိုးရှိလှတဲ့ သံယံဇာတပစ္စည်းတွေကိုလည်း ဝိုင်းပြီးအမဲဖျက်ခံနေရတာက ကြာခဲ့ပါပြီ။

ဒီနေရာမှာ ကိုယ်တွေ့တစ်ခုကိုပဲ ပြောချင်ပါတယ်။

Cancer Chemotherapy မှာ ထည့်သုံးတဲ့ Paclitaxel ဆိုတဲ့ mitotic inhibitor ဆေးဝါးတစ်မျိုး ရှိပါတယ်။ အဲဒီ Paclitaxel ဟာ Yew လို့ခေါ်တဲ့ ထင်းရူးပင်တစ်မျိုးရဲ့ အခေါက်ကနေ ထုတ်ဖော်ရရှိတာ ဖြစ်တယ်။ အဲဒီထုတ်နည်းကိုလည်း Research Triangle Institute မှ လူတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။

လိုတိုရှင်းနဲ့ လူအများစုနားလည်အောင် (မပျင်းရိအောင်) ပြောရမယ်ဆိုရင်တော့ အနောက်နိုင်ငံသားတွေဟာ၊ အဲဒီထင်းရူးပင်တွေကို ခုတ်ထွင်ပြီး ဆေးဖော်ကြတယ်။ ခုတ်ထွင်လွန်းလာတဲ့အခါမှာ အမေရိကန်၊ ကနေဒါ တိုင်းပြည်များဟာ သူတို့တိုင်းပြည်မှသစ်တောတွေ ပြုန်းတီးကုန်မှာစိုးလို့ သစ်ခုတ်ခွင့်တွေရုတ်သိမ်းလိုက်တယ်။ အဲဒီတော့ အဲသလိုသစ်ပင်တွေ ရနိုင်မယ့် တရုတ်ပြည်ထိ ခြေဆန့်လာကြတယ်။ တရုတ်ပြည်ကလည်း သူတို့တိုင်းပြည်မှသစ်တောတွေ ပြုန်းတီးမှာကြောက်တော့ သစ်ခုတ်ခွင့်တွေ ပိတ်ပင်ပြန်တယ်။ အဲဒီတော့ pharmaceutical giant ကြီးတွေဆီကို Yew သစ်ပင်တွေ ရောင်းချင်တဲ့ တရုတ်စီးပွားရေးသမားတွေဟာ ဘယ်တိုင်းပြည်ကို ခြေဦးလှည့်တယ် ထင်ပါသလဲ။

အဲဒီ Yew ထင်ရူးပင်ခေါက်မှ ရရှိတဲ့ဓာတ်တစ်မျိုးကနေတဆင့် ထုတ်ထားတဲ့ Paclitaxel ဈေးနှုန်းဟာ ၂၀၀၁ ခုနှစ်တုန်းကဈေးနဲ့ဆိုရင် ၁ ဂရမ်ကို အမေရိကန်ဒေါ်လာ ၄၀၀ ရှိပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ရွှေဈေးဟာ ၁ ဂရမ်ကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာပဲ ရှိပါတယ်။ ဒါကြောင့် သစ်ပင်မှထွက်ရှိတဲ့ ဆေးတစ်မျိုးဟာ ရွှေထက် အဆ ၄၀ ဈေးကြီးပါတယ်။

“ကတိသစ္စာတည်သောအခါဝယ်
နွယ်မြက်သစ်ပင်
ဆေးဘက်ဝင်သည်”

ဆိုတဲ့အတိုင်း ဒီနည်းကို လူနီအင်းဒီးယန်းတွေဟာလည်း သိပြီးဖြစ်တယ်။ ဒါပေမယ့် သစ်ခေါက်ထဲက ဘယ်ဓာတ်က ဆေးဘက်ဝင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိအောင် မလုပ်နိုင်ခဲ့ဘူး။ လုပ်နိုင်တဲ့လူတွေက တပမ်းသာသွားတဲ့ သဘောပါပဲ။

အဲသလို တပမ်းသာသူတွေဟာYew ပင်တွေကို ရရှိဖို့အတွက် ဘယ်တိုင်းပြည်ကို ခြေဦးလှည့်တယ်ထင်ပါသလဲ ဆိုတဲ့ အပေါ်ကမေးခွန်းကို ဖြေရမယ်ဆိုရင်တော့…..
ချစ်သော မြန်မာပြည် ပါပဲ။

အဲသလို ရွှေထက်အဆ ၄၀ တန်ဘိုးရှိတဲ့ ပစ္စည်းထွက်တဲ့ ထင်းရူးပင်တွေဟာ မြန်မာပြည်မြောက်ပိုင်းမှာ အများအပြား ရှိခဲ့ပုံရတယ်။ အဲဒီထင်းရူးပင်တွေကို မြန်မာတွေဟာ ထင်းဆိုက်ဖို့ရယ် လေးနဲ့မြား ပြုလုပ်ဖို့ရယ်လောက်ပဲ အသုံးပြုနေကြချိန်မှာ၊ ကမ္ဘာကြီးရဲ့တစ်ဘက်ခြမ်းမှာ ရွှေထက်အဆ ၄၀ ဈေးကြီးတဲ့ ဆေးပစ္စည်းတစ်မျိုးကို ထုတ်နေခဲ့ပါပြီ။

ဇာတ်လမ်းက အဲဒီမှာ မရပ်ပါဘူး။ အလုပ်ခန့်အပ်ခြင်းခံရပြီး တစ်လမပြည့်ခင်မှာ အထက်အရာရှိအချို့ဟာ စာချုပ်အထူကြီးတစ်ခုကို ဘာသာပြန်ပေးဖို့ ပြောလာပါတယ်။ ( Bristol-Myers Squibb က patent ယူသွားတဲ့ Paclitaxel ပစ္စည်းရဲ့မူရင်းဇစ်မြစ်ကို လိုက်တဲ့ တိကျသူတွေဟာ Yew ထင်းရူးပင်တွေ ဘယ်ကလာတာလဲဆိုတာကို ကြည့်တာပဲဖြစ်တယ်။ supplier တွေကို ဇစ်မြစ်လိုက်တာပဲ ဖြစ်တယ်။ Bristol-Myers Squibb နဲ့ အခြားသော pharmaceutical company ကြီးတွေ patent နဲ့ ပတ်သက်ပြီး တရားတဘောင်တွေ အကြီးအကျယ်ဖြစ်တဲ့အတွက် patent ကိစ္စဟာ တိမ်ယောင်နဲ့ နက်လှတယ်။ )

စားပွဲပေါ်ကို တင်ပေးလာတဲ့ စာချုပ်ကို မြင်တော့ အံ့သြမှင်တက်သွားမိတယ်။

စာချုပ်က ဘာသာစကားနှစ်မျိုးနဲ့ ချုပ်ထားတဲ့ စာချုပ်ပါ။ အဲဒီစာချုပ်ထဲက ဘာသာစကားနှစ်မျိုးဟာ တရုတ်စာနဲ့ မြန်မာစာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ဖတ်နိုင်အောင်  မြန်မာစာနဲ့စာချုပ်အပိုင်းကို မြန်မာတစ်ယောက်ကို ဘာသာပြန်ခိုင်းတာပဲ ဖြစ်တယ်။ မြန်မာပြည်မြောက်ပိုင်းမှာ အများအပြားပေါက်နေတဲ့၊ မြန်မာတွေထင်းဆိုက်နေတဲ့ ထင်းရူးပင်တွေကို ထင်းဈေးနဲ့ပေးဝယ်တဲ့ တရုတ်ကုမဏီတစ်ခုနဲ့ ထင်းဈေးနဲ့ရောင်းတဲ့ မြန်မာပြည်နယ်စပ်မှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ နှစ်ဦးသဘောတူ စာချုပ်ပဲ ဖြစ်ပါတယ်။

အဲဒီစာချုပ်ကို ဘာသာပြန်ပေးခဲ့ရပါတယ်။

မြန်မာပြည်မြောက်ပိုင်းမှာ အများအပြားရှိတဲ့၊ ရွှေထက်အဆ ၄၀ တန်ဘိုးရှိတဲ့ ပစ္စည်းထွက်တဲ့ ထင်းရူးပင်တွေဟာ ထင်းဈေးနဲ့ သူများနိုင်ငံတွေကို ရောက်ခဲ့ရပြီ။ မရောင်းကြနဲ့လို့ မပြောပါဘူး။ ရောင်းပါ၊ ဒါပေမယ့် ဥပဒေဘောင်အတွင်းမှ ရောင်းပြီး၊ တန်ရာတန်ဘိုး ကိုယ်တွေ(တိုင်းပြည်သူပြည်သားတွေ) ရသင့်တာပေါ့။ တစ်ကယ်ဆို ဒီထင်းရူးပင်တွေ ဘယ်လောက်တန်လို့ တန်မှန်း၊ ဘာအတွက်အသုံးကျမှန်းတောင် ကိုယ်တွေ သိခဲ့ကြရဲ့လားလို့ မေးစရာရှိပါတယ်။

ကျမတို့ ဘာဖြစ်လို့ အခုလို ဝိုင်းပြီး အမဲဖျက်ခံနေရသလဲ။

ကျမတို့ ပညာမတတ်လို့ဘဲ ဖြစ်ပါတယ်။ ပညာမတတ်ဘူးဆိုရာမှ ဘွဲ့တွေ တသီကြီးပိုက်ထားမှ ပညာတတ်တယ်လို့ မိမိကိုယ်တွေ ထင်လို့ မဖြစ်ပါဘူး။ မြန်မာပြည်တင်မပြောနဲ့ ကျောင်းနဲ့လုပ်စားတဲ့ တိုင်းပြည်တော်တော်များများမှာလည်း ငွေနဲ့လဲလို့ ဘွဲ့တွေတပုံကြီးပေးတာတွေ ရှိပါတယ်။ ကြာလာတော့ အဲဒီဘွဲ့ကြီးတွေပိုက်ပြီး ကိုယ့်ကိုကိုယ် ပညာတတ်ကြီးလို့ တစ်ကယ်ကို မြင်လာတတ်ကြတယ်၊ တစ်ကယ်ထင်လာတယ်။ အဲဒီအချိန်မှာ အတန်းတွေ မြင့်မြင့်မာမား မအောင်သူသော်လည်း၊ လက်တွေ့ကျသူတွေက၊ အသုံးချတတ်သူတွေဟာ တိုင်းပြည်ထဲက သံယံဇာတတွေနဲ့ တော်တော်ကြီးကို အလုပ်ဖြစ်နေနိုင်ပါတယ်။

ဒါပေမယ့် အခုချိန်မှာမှ ထပြီး… မြန်မာပြည်ထဲမှ Yew ထင်းရူးပင်တွေကို ဈေးမြှင့်ပြီး နိုင်ငံတကာကို ရောင်းချင်ပါတယ်ဆိုရင် မဖြစ်တော့ပါဘူး။ ထင်းရူးပင်တွေကို မလိုကြတော့ပါဘူး။ ထင်းရူးပင်ထဲက ဓာတ်ပစ္စည်းကို သူတို့ ရှာဖွေတွေ့ရှိသွားပြီးနောက် Cell culture နဲ့ သူတို့လိုတာကို ထင်းရူးပင်တွေ မပါဘဲ ဖော်ထုတ်တတ်သွားပါပြီ။

အခုလည်း သနပ်ခါးထဲက ဘာကိုလိုချင်တာလဲ။ ဘာအတွက် patent လုပ်သွားမှာလည်း ကိုယ်တွေ တစ်ကယ်သိရဲ့လား။ ဘာအတွက်လည်းဆိုတာကိုကော မေးတိုင်း သူတို့ကဖြေမှာလား။ ကျေနပ်ရင်ရောင်း၊ မကျေနပ်ရင် မရောင်းနဲ့ပေါ့လို့ ဈေးသည်ဆန်ဆန် ပြောကြမှာလား။ ဘယ်သူ့ကိုမှ လျော့တွက်လို့ မရဘူး။ ကျမတို့ ထင်းဆိုက်ခဲ့တဲ့ ထင်းရူးပင်စည်အခေါက်က ကင်ဆာရောဂါပျောက်စေတဲ့ ဓာတ်တစ်မျိုးဟာ ရွှေထက် အဆ ၄၀ ဈေးပေးခဲ့ရတယ်ဆိုတာကို သိသူ လက်တစ်ဆုပ်စာတောင် ရှိပါ့မလား။

ကျမတို့အားလုံးဟာ မျက်စိသူငယ်နဲ့ သူများအမဲဖျက်တိုင်း မခံရကြဖို့ “ဘယ်သူမပြု၊ မိမိမှု” ဆိုသလိုပဲ၊ ကိုယ့်ကိုကိုယ် ပညာတွေ အများကြီးတတ်အောင်ပဲ ကြိုးစားကြရတော့မှာ ဖြစ်ပါတယ်။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

45 Comments »

  1. စိတ်ညစ်တယ်နော်။ ဘာပြောရမှန်းသိတော့ဘူးကွယ်။ အပြင်မှာအေးသလောက်ကို
    ရင်ထဲမှာပူတယ်။

    Comment by ထိပ်ထား — February 7, 2014 @ 1:17 am

  2. ဒီစာရေးရင်း စိတ်မကောင်းဘူး မကြီး…
    တော်တော်လေးကို စိတ်မကောင်းဘူး….
    တစ်ချိန်လုံးခံနေရတဲ့ ဘဝတွေပါလားနော်…

    Comment by မလေး — February 7, 2014 @ 1:29 am

  3. အစ်မ မလေးရေ တကယ်ပဲ ဗဟုသုတရပါတယ်။ တိုးတက်တဲ့ တိုင်းပြည်တွေက ဥာဏ်ကြီးရှင် စီးပွားရေးသမားတွေရဲ့ လက်မြန်ခြေမြန်ေ၇ွှ့သွားတဲ့ အကွက်ပေါ်မှာ မြန်မာပြည်လိုမျိုး ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ ဘုမသိ၊ဘမသိ ညှပ်ချ ခံရတဲ့ အစဉ်အလာကတော့ သမိုင်းအဆက်ဆက်ပါပဲ။ အဲ့လို ဥာဏ်ကြီးရှင်တွေရဲ့ ဂွင်ကတော့ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ အသားထဲကထွက်တဲ့လောက် လို ကိုယ့်တစ်ကိုယ်စာ ချမ်းသာရေးအတွက် အများသူငါ ဘ၀တွေကို စတေးရဲတဲ့ တိုင်းပြည်ထဲကလူတစ်ချို့ပါပဲ။ လုံလောက်တဲ့ အသိပညာ၊ အတတ်ပညာ မရှိတော့ တစ်အိတ်လောက်ရနိုင်မယ့်အရာကို တစ်ဆိတ်လောက်နဲ့ ကျေနပ်ပြီး တန်ဖိုးကြီး သဘာဝအရင်းအမြစ်တွေကို ရောင်းချနေကြတာရင်နာဖို့ကောင်းပါတယ်။

    ကျောက်စိမ်းတုံးကြီးတွေ၊ေ၇ွှရိုင်းတွေကို အတုံးလိုက် အတစ်လိုက် ဈေးတွေ မတရားနှိမ်ပြီး ၀ယ်သွားကြ၊ ပြီးရင် သူတို့ဆီမှာ ခေတ်မှီ နည်းပညာတွေနဲ့ ပုံအမျိုးမျိုးဖော်၊ ဈေးတွေတင်ပြီးရောင်းနဲ့ အလုပ်တွေ ဖြစ်နေကြတာ။ ဒေသခံတွေမှာတော့ ဘာမှ မသိ။ သိတော့လည်း နည်းပညာ မ၇ှိ။ ကိုယ့်တိုင်းပြည်ရဲ့ အဖိုးတန် သဘာဝ အရင်းအမြစ်တွေ အဲ့လို ဆုံးရှုံးနေရတာ တကယ်ပဲ ၀မ်းနည်းစရာ ကောင်းပါတယ်။

    Comment by San Dar — February 7, 2014 @ 10:24 am

  4. တိုးတိုးလုပ်ပါအမရယ်…ရှမ်းပြည်တစ်ပြည်လုံးခြံခတ်နေပါ့မယ်…

    Comment by Nan Da — February 9, 2014 @ 2:18 am

  5. ရှယ်လိုက်ပြီဆရာမ..ကျေးဇူးပါ

    Comment by Kyar Phyu Nwe — February 9, 2014 @ 2:18 am

  6. မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် တွေ့ရှိနိုင်ပါသည်။ယခင်က မုဆိုးများ အမဲလိုက်ရာတွင် မြှားတံကို သစ်ပင်မှာစိုက်၍ အဆိပ်ရည်အဖြစ် အသုံးပြုကာသားကောင်းကို ဖမ်းလေ့ရှိပါတယ်။တရုတ်ပြည်တွင် ကျောက်ထင်းရူး အပင်ကို ခုတ်မိ ရောင်းဝယ်ဖောက်ကားမိလျှင် သေဒဏ် ပေးလေ့ရှိပါတယ်။ ယခုအခါတွင် မြန်မာပြည်တွင် ကျောက်ထင်းရူးအပင်များကို နယ်စပ်ဒေသများမှ သာမန်အပင်ဈေးနှုန်းများအတိုင်း တရားမ၀င် ရောင်းဝယ်ဖောက်ကားနေသည်နေသည်မှာ ၁၀ စုနှစ်ခန့်ပင်ရှိပြီဖြစ်ပါသည်။မျိုးတုန်းပျောက်ကွယ်တော့မည့် မြန်မာပြည် ကျောက်ထင်းရူးအပင်ကို ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးအကွက်အမှတ် (၃၇) Coniferae အုပ်စုမှာ ၃ ပင်စိုက်ပျိုးထားရှိပါတယ်။ ((နားလည်တဲ့ မိတ်ဆွေ မမ တယောက်ပြောပြဖူးတာတော့))
    ကျောက်ထင်ရူးတွေ ကုန်သလောက်ရှိမှ မြန်မာပြည်မှာ ဒီလိုအပင်မျိုးရှိလားဗျ ဆိုပြီး နိုင်ငံတကာက ပညာရှင်တွေရှေ့မှာ ကျနော်တို့ မြန်မာသစ်တော်က ၀န်ကြီးတွေ အံ့သြခဲ့ရတာတဲ့
    မြန်မာပြည်ပြန်မှ မရောင်းရ မ၀ယ်ရ … ဥပဒေထုတ်
    အခု အပင်ပေါက်လေး တပင်ကိုတောင် သိန်း ၂၀ ကျော်အနည်းဆုံး

    Comment by Daw Q Te — February 9, 2014 @ 2:20 am

  7. ၇ှယ် ပါ၇စေဗျာ။ အများ သိ အောင်ပါ။

    Comment by Maung Lwin — February 9, 2014 @ 2:20 am

  8. Thanks for sharing the knowledge. Let me share to others, sis.

    Comment by Aye Myat Nandy — February 9, 2014 @ 2:21 am

  9. ကျွန်တော်တို့ တောင်ပေါ်မှာတော့ ထင်၇ှူးခေါက်ကို ထင်းမစိုက်ပါ..အသားကိုသာ အသုံးပြုပါတယ်..ဆ၇ာမ

    Comment by Ko Pouk — February 9, 2014 @ 2:21 am

  10. ကျးဇူးတင်ပါတယ် မလေး။

    Comment by Chan Aye ေ — February 9, 2014 @ 2:21 am

  11. ကျေးဇူးပါခင်ဗျာ

    Comment by Lwin Oo — February 9, 2014 @ 2:22 am

  12. Thank

    Comment by Ko Nay Lin — February 9, 2014 @ 2:22 am

  13. အသိပညာ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ
    Patent Law အရေးပါတဲ့ အချက်လက်များ အကြောင်း ကိုလည်း ဝေမျှပေးပါ ကျေးဇူးပါ

    Comment by Ko Nay Lin — February 9, 2014 @ 2:23 am

  14. သူခိုးနွားဆိုး နွားကောင်းမှန်း မသိသလို ။ပညာမတတ်ယင် ဒီလိုပဲ အမဲဖျက်ခံရမယ်။ပညာဆိုတာ ဒီပလိုမာ ဘွဲ့ ဒီဂရီ Phd တို့အပေါ်အခြေခံပြီး စူးစမ်းခြင်ဆင်ကြံဆ တတ်တဲ့ဥာဏ်လေးပေါင်းထည့်ပြီး လုပ်ကိုင်ကြပါလို့ လူငယ်တွေကို ပြောခြင်ပါတယ်။ပို့စ် ရေးသူကို ကျေးဇူး အထူးတင်ရှိပါတယ်။နောင်လည်း အလျဉ်းသင့်ယင် ဒီလို ဥာဏ် မျက်စေ့ဖွင့်ပေးပါဦးလို့တောင်းဆိုပါရစေ။

    Comment by Tun Min Aung — February 9, 2014 @ 2:24 am

  15. ကျေးဇူပါရှင့်

    Comment by လာမချစ် နဲ့ ညစ်သွားမယ် လစ် — February 9, 2014 @ 2:24 am

  16. အသက်ရှုကြပ်လာပြီ ခက်တာတော့အသေအခြာ

    Comment by Edward Aung — February 9, 2014 @ 2:25 am

  17. သြော် မလေးရယ် ခေါင်းဆောင်တွေကိုယ်တိုင်တောင် စာမှမတတ်တာပဲဗျာ

    Comment by Naymothlay Naymothlay — February 9, 2014 @ 2:25 am

  18. အစအဆုံးဖတ်သွားပါသည်..။ပြီးသွာပြီးဆိုတော့လည်း ဘာမှ မပြောလိုတော့ပါ။

    Comment by Venerable Ghosaka — February 9, 2014 @ 2:26 am

  19. ကျေးဇူးပါမလေး အရမ်းဗဟုသုတရသလို နားမျက်စိ ပိတ်ဆို့ခံခဲ့ရလို့ အရာရာပေးဆပ်လိုက်ရတဲ့ မြန်ပြည်အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်.. Patent law အကြောင်းလဲ မျှဝေပေးပါဦးး … အဲလို အသိပညာ အတတ်ပညာ ဗဟုသုတ စာပေများ ပြည်သူတွေကြား စီးမျောစေချင်ပါ၏.

    Comment by Thuzar Lwin — February 9, 2014 @ 2:27 am

  20. အိမ့်ထောက်ပြသွားလေးလှလိုက်တာ. အသိပညာနဲ့ ဈေးကွက်သိမ်းပိုက်နေတဲ့ခေတ်ကြီးမှာ သိမ်းပိုက်မခံချင်ရင် အသိပညာဝမ်းစာပြည့်အောင်လုပ်ရမှာပေါ့. စစ်ရေးလေ့ကျင့်နေရမယ့်ခေတ်မဟုတ်တော့ဘူးလေ.

    Comment by Khine Khine Win — February 9, 2014 @ 2:27 am

  21. thank you my sis

    Comment by Puple Rose — February 9, 2014 @ 2:27 am

  22. Excellent presentation Ma Lay !Thanks to have read such kind of post.
    Let me share pls.

    Comment by Kyawzin Maung — February 9, 2014 @ 2:27 am

  23. မျှဝေပေးတာကျေးဇူးတင်ပါတယ်ရတဲ့အချက်တွေထဲကနေဘာဆက်လုပ်ရမယ်ဆိုတဲ့အကောင်းဆုံးအဖြေထွက်ဖို့ဝိုင်းဝန်းတင်ပေးကဖို့

    Comment by Uhtay Mdy — February 9, 2014 @ 2:28 am

  24. ဟုတ်ပါတယ်ကျွန်မတို့ပြည်သူ တွေ ပညာမတတ်အောင်ဖိနှိပ်ခံခဲ့ရတာ၁၉၆၂ကတည်းကပါ။ခုထိလည်းစမ်းသပ်ခံပညာရေးအဆင့်ကနေမတက်သေးတဲ့တိုင်းပြည်ပါမြန်မာနိုင်ငံသားတွေရဲ့ဥာဏ်ရည်ဥာဏ်သွေးဟာကမ္ဘာနဲ့ရင်ဘောင်တန်းလို့ရပါတယ်ပြည်သူတွေပညာတကယ်တတ်အောင်မြေတောင်မြောက်ပေးဖို့လမ်းဖွင့်ပေးဖို့ကနိုင်ငံတော်အစိုးရမှာအများဆုံးတာဝန်ရှိပါတယ်။ဘာသယံဇာတမှမရှိတဲ့စင်ကာပူနိုင်ငံတောင်မှသူတို့ရဲ့နိုင်ငံ့ခေါင်းဆောင်လီကွမ်ယုကငါ
ူတို့နိုင်ငံမှာနှစ်စဉ်မှန်မှန်ထွက်နေတာလူတွေပဲရှိတယ်ဆိုပြီးလှု့စွမ်းအားအရင်အမြစ်ကိုအသုံးချပြီးလူတွေကိုပညာတတ်အောင်မြေတောင်မြောက်ပေးခဲ့လို့ဒီနေ့ကမ္ဘာမှာစင်ကာပူနိုင်ငံဆိုပြီးရပ်တည်နိုင်ခဲ့တာပါ။ကျွန်မတို့မြန်မာနိုင်ငံဟာကိုယ့်မှာရှိနေတဲ့နိုင်ငံရဲ့တန်ဖိုးရှိတဲ့အရာတွေကိုအကျိုးရှိရှိအသုံးမချနိုင်တာဘယ်သူတွေမှာအများဆုံးတာဝန်ရှိလည်းပြည်သူတွေသဘောပေါက်ဖို့လိုပါတယ် ။် နောင်လာမယ့်ကျွန်မတို့ရဲ့မျိုးဆက်သစ်ရင်သွေးတွေကျွန်မတို့ခံစားနေရသလိုမဖြစ်ဖို့ကို လာမယ့်၂၀၁၅ရွေးကောက်ပွဲမှာပြည်သူတွေရဲ့အကျိုးကိုအမှန်တကယ်ရှေးရှူမယ့်အစိုးရသစ်ကိုမှန်မှန်ကန်ကန်ရွေး
    ရွးချယ်တတ်ဖို့လိုပါပြီ။
    ကျွန်မအနေနဲ့ကတော့ကျွန်မတို့တွေလိုအပ်နေတဲ့အရာတွေကိုဖြည့်ဆည်းပေးနိုင်လောက်အောင် အမှန်တကယ်အရည်အချင်းရှိသူဟာ
    ဒေါ်အောင်ဆန်းစုကြည် မှလွှဲပြီးအခြားသူကိုတွေးလို့မရသေးတာအမှန်ပါ။မိမိအကျိုးစိးပွားကိုသာကြည့်တတ်တဲ့သာကူးတွေကိုမဲပေးမိလို့ကတော့နောင်လာမယ့်အနှစ်တစ်ရာလည်းမြန်မာနိုင်ငံဟာဒီလိုအဖြစ်မျိုးပဲကြုံဆုံရဦးမှာပါ။ဒါကြောင့်ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကိုဘယ်လိုဖြစ်ဖန်တီးချင်တယ်ဆိုတဲ့ကိစ္စအတွက်ကျွန်မတို့နိုင်ငံသားအားလုံး အမြင်မှန်မှန်နဲ့ဆုံးဖြတ်ရမယ့်အချိန်ဟာမကြာခင်ကာလမှာရောက်ရှိလာတော့မှာဖြစ်တဲ့အတွက်အားလုံးမှန်မှန်ကန်ကန်ရွေးချယ်နိုင်ကြပါစေလို့ဆန္ဒပြုလျက် ။။။့ 
    February 7 at 5:37pm · Like · 9

    Comment by May Moe Sat — February 9, 2014 @ 2:29 am

  25. Thanks for enlightening us.

    Comment by Henry Chen — February 9, 2014 @ 2:29 am

  26. အရမ်းကိုဗဟုသုတရပါတယ်အမ ကျေးဇူးပါ

    Comment by Mim Thiri San — February 9, 2014 @ 2:30 am

  27. ခုလိုသိရတဲ့အတွက် ကျေးဇူးပါ မ ရေ။ ။

    Comment by Thandar Lai super — February 9, 2014 @ 2:31 am

  28. Thank a lot for ur post

    Comment by Myo Kyaw Oo — February 9, 2014 @ 2:31 am

  29. So good.

    Comment by Kyaw Soe Tint — February 9, 2014 @ 2:31 am

  30. Thanks

    Comment by Thanda Win — February 9, 2014 @ 2:37 am

  31. ၁၉၉၃ လောက်က ရှမ်းပြည်အရှေ့ပိုင်းမှာရှိတဲ့ ထင်းရူးတောကို တရုတ်တွေ သူတို့ဖာသာ လမ်း ဖောက်တဲ့ကားကြီးတွေနဲ့လာပြီး ထင်းရူးပင်တွေခုတ်ထားတာ အများကြီးမှအများကြီးပါပဲ ကားတွေ နဲ့သယ်နေကြတာ မြင်ခဲ့ရတယ် ရွာသားတွေကို ဘာလို့အစိုးရကိုမတိုင်တာလည်းဆိုတော့ သူတို့ပဲရောင်းစားထားတာလို့ပြောတယ် .(သေချာမသိပါ ရွာသားတွေပြောပြတာပါ)…ထင်းရူးတောင်တွေတော်တော်လေး ခုတ်ထားတာတွေ့ခဲ့ရပါတယ် တကယ်ရင်ထဲမကောင်းဖြစ်မိတယ်

    Comment by Cherry Kirsche — February 9, 2014 @ 2:38 am

  32. ကိုယ်ကိုတိုင်တာဝန်မကင်းသလို ခံစားရပေမယ့် ဘာလုပ်ရမှန်းမသိပါ

    Comment by Ayenyein Nyein Swe — February 9, 2014 @ 2:38 am

  33. အာဏာကလွဲပြီးဘာမှ စိတ်မဝင် စားတော့
    သယံဇာတဆိုတာလက်ဆောင် ပစ္စည်းဖြစ်
    ဖြစ်သွားတာမဆန်းပါ

    Comment by Maung Naing — February 9, 2014 @ 2:38 am

  34. အမေရိကန်မှာ idea ကို ပေးတင့်လုပ်လို့ရပေမဲ့ ဂျပန်မှာ Product တွေ Process တွေမပါဘဲ မပေးဘူးလို့ကြားဘူးပါတယ်။ ဒီအတွက် ရိုးရိုးသနပ်ထါးမဟုတ်ဘူးလို့ မြင်ပါတယ်။
    နောက်တစ်ခု က အအေရိကားမှာတင်နဲ့ နနွင်းကိစ္စကို အန္ဒိယက ကန့်ကွက်တာ နိုင်တယ်လို့ ကြားဘူးပါတယ်။

    Comment by Ye Myat Thu — February 9, 2014 @ 2:39 am

  35. Allow me to share,thanks.

    Comment by Hla Myo Aung — February 9, 2014 @ 2:39 am

  36. ကျနော့်ဇာတိကလောမှာ ထင်းရှုးတွေ အများကြီးပါသွားတယ်. သူတို့ ကတော့ဈေးကောင်းရတယ် တဲ့ အခုတော့အဝယ်ရပ် သွားပြီတဲ့. အဝယ်ရပ်သွားတာတောင် စိတ်မကောင်းဖြစ်နေကြတာလေ. ခက်ပါတယ် အမရေ

    Comment by Alex Moe — February 9, 2014 @ 2:39 am

  37. ဘုရားရေ .အဝယ်ရပ်တာတောင်ကျေးဇူးတင်ရဦးမယ်

    Comment by Win Mar Lar — February 9, 2014 @ 2:40 am

  38. မလေးရေ ဒီလိုစာတွေ များများရေးပေးပါ။

    Comment by ခင်မီ မီ — February 9, 2014 @ 2:41 am

  39. ခေတ်တစ်ခေတ် ရဲ့ ဆိုးမွေကို ခံစားနေရတာပါ ဒီနေ့ခေတ်မှာတော့ ဒီလိုမျိုး မခံစားစေခြင်တော့ပါ
    ကျွန်တော်တို့လူမျိုးအသိပညာ နိမ့်ပါးနေခြင်းက အဓိကပြဿနာ ပါ နောင်လည်း အသိပညာနိမ့် ပါးနေသမျှ သူများချယ်လှယ်ခြင်း ကို ခံရမည်မှာ ဘယ်သူ့ကိုမှ မေးစရာလိုမည်မထင်ပါ သယံဇာတ ကြိမ်စာသင့်သော လူမျိုးအဖြစ်မှ လွတ်မြောက်နိုင်ရန် လူအရင်းမြစ် အသိပညာ ဖွံ့ဖြိုးမှသာ လွတ်လမ်းရှိပါတော့မည်

    Comment by Ko Nay Lin — February 9, 2014 @ 2:41 am

  40. ကျေးဇူးတင်ပါတယ် ဖတ်ခွင့်ရလို့ ရှယ်မယ်နော်

    Comment by Chosan Aye — February 9, 2014 @ 2:42 am

  41. insightful

    Comment by Ko Mlm — February 9, 2014 @ 2:42 am

  42. မလေးရေ တစ်ကယ်ကို ပညာတတ်ဖို့ လိုတာပေါ့နော်။

    Comment by ရင်လှိုင်း — February 9, 2014 @ 10:32 pm

  43. I am not sure if you can patent a natural product…. Most likely a process of extracting chemical or of making cosmetics??

    Comment by Alice — February 11, 2014 @ 7:40 am

  44. Great post! Let me share it on FB,please!

    Comment by Kyawt — February 14, 2014 @ 6:55 am

  45. ko pouk’s comment said it all. lol…

    Comment by Paut Si — February 19, 2014 @ 10:37 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------