♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 29, 2014

မိတောနှင့် သွေးလှူခြင်း

Filed under: မိတော, ပြုံးစရာ — အိမ့်ချမ်းမြေ့ @ 1:18 am

မိတောသည် ယခုနှစ်မွေးနေ့ရက်တွင် မိသားစု၊ သူငယ်ချင်းမိတ်ဆွေများ၏ ဂရုစိုက်မှုကို ခံရသဖြင့် ကျေနပ်ပျော်ရွှင်နေလေသည်။ ရုံးတွင် မွေးနေ့ပွဲများကို ကျင်းပလေ့ရှိသော်လည်း မိတောတို့ဌာနတွင် မွေးနေ့ပွဲများ မကျင်းပကြသည်မှာ ကြာပြီဖြစ်လေသည်။ မကျင်းပရခြင်းအကြောင်းမှာ မိမိတို့ကိုယ်မိမိတို့ အသက်ကြီးလာကြပြီဟုယူဆမိကာ ကျင်းပလိုစိတ်မရှိကြတော့၍ဟု တိုတိုတုပ်တုပ်ဆိုရအံ့။

လွန်ခဲ့သောနှစ်များတွင်မတော့ တစ်စုံတစ်ယောက်၏မွေးနေ့ရက်ရောက်ပြီဆိုလျှင် ရုံးသို့ လှလှပပပြင်ပြင်ဆင်လာကြပြီး၊ မွေးနေ့ပွဲများကိုလည်း တခမ်းတနား ပျော်ရွှင်စွာကျင်းပလေ့ ရှိကြသည်။ မိမိမွေးနေ့ကို ချစ်ခင်သူများက သတိမရကြလျှင် ဘဝကြီးတစ်ခုလုံးပြီးဆုံးတော့မလို ဝမ်းနည်းတတ်ကြသေး၏။ အသက်သုံးဆယ်နား ကပ်လာကြသည့်အခါတွင်မတော့ မွေးနေ့ပွဲကျင်းပရန် စိတ်သိပ်မပါကြတော့။

ထိုသို့စိတ်သိပ်မပါကြသော်လည်း မွေးနေ့ပွဲများကိုတော့ ကျင်းပနေကြဆဲ။ သုံးဆယ်ကျော်လာကြသည့်အခါတွင်မတော့ မိမိမွေးနေ့ကို သတိမရကြလျှင်လည်း ဘာမှသိပ်မဖြစ်ကြတော့။ တစ်စုံတစ်ယောက်က သတိရပြီး ကျင်းပပေးလျှင်လည်း စိတ်မပါ့တပါဖြင့် ကျင်းပဖြစ်ကြသေးသည်။ သုံးဆယ်နှောင်းပြီး လာချိန်ကာလများတွင်မတော့ မိမိမွေးနေ့ကို သတိရကြမည်ကိုပင် စိုးရိမ်လာကြတော့သည်။ မွေးနေ့ပွဲထက် အရေးကြီးသော အခြားကိစ္စများနှင့် လုံးချာလည် လိုက်နေကြရသည်လည်း ပါသည်။ အသက်ဘယ်လောက်ရှိပြီလဲဟု မေးခံရမည်ကိုလည်း စိုးရိမ်လာကြသည်လည်း ပါမည်။

ထို့ထက်အသက်ကြီးလာကြသည့်အခါတွင်မတော့ မွေးနေ့ရောက်လာမည်ကိုပင် စိုးရိမ်တတ်ကြလာတော့သည်။
ထိုနေ့ကတော့ မိတောမွေးနေ့မို့ ရုံးကသူငယ်ချင်းများက နံနက်ခင်းကတည်း မိတောကို ဖက်ပြီးနှုတ်ဆက်ကြသည်။ မိတောမှာ သိပ်မဖက်ချင်သော်လည်း ယဉ်ကျေးမှုအရပြန်ဖက်ပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်သည်။ နေ့လည်ခင်းရောက်တော့ သူငယ်ချင်းများ တကြိတ်ကြိတ်ဖြစ်နေကြသည်ကို သတိထားလိုက်မိသည်။ မိတော အနားကပ်သွားသည့်အခါတွင် မသိဟန်ဆောင်ကာ စကားလမ်းကြောင်းလွှဲလိုက်ကြသည်။ မိတောလည်း ခပ်လှမ်းလှမ်းမှ ရေအိုးတွင် ရေသောက်နေသယောင်ဖြင့် ခပ်တိုးတိုးပြောနေသံများကို နားစွင့်နေလိုက်သည်။

“အကုန် စီစဉ်ပြီးပြီ၊ ကိတ်မုန့်ကောပဲ”

“ဒါကြောင့် နင့်ကိုပြောတာပေါ့ ပိုက်ဆံကို လိုလိုမယ်မယ်ယူသွားပါလို့”

“အဲဒီ ဘဏ်ကဒ်က ဘယ်ရောက်သွားလို့လဲ”

“အိမ်မှာကျန်ခဲ့လို့ပေါ့ဟဲ့”

“ကိတ်မုန့်ကြီးထားခဲ့ရတာပေါ့”

“အေးပေါ့၊ သူ့အမည်လေးတောင် ရေးပြီးသားလေး ကျန်ခဲ့တာ”

“မနက်ဖြန်သွားယူလေ”

“သူ့မွေးနေ့က ဒီနေ့ကို ငါက မနက်ဖြန်မှ ကိတ်ကြီးပေးရမှာလား”

“အေးလေ.. သူပြောတာ ဟုတ်တာပဲ”

“ငါ့ကိုယ်ငါ ထုပစ်ချင်အောင် စိတ်တိုတယ်”

မိတောသိလိုက်ပြီ။

မိတော ဤနှစ်မွေးနေ့တွင် ကိတ်မုန့် မရတော့။

ဤနှစ်မှာမှလည်း မိတောက မွေးနေ့ကို ကျင်းပချင်နေသော ထူးထူးဆန်းဆန်းစိတ်က ဖြစ်၍နေသည်။ ကိတ်မုန့်စားချင်နေသည်။ ဖျော်ရည်ကိုသောက်ချင်နေသည်။ ကိတ်မုန့်စားပြီး ဖျော်ရည်သောက်နေသောပုံကို ဓာတ်ပုံရိုက်ချင်နေသည်။ ဒါတင်မက ဓာတ်ပုံများကို ဖေ့ဘွတ်ဟုခေါ်သော မြန်မာများပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ.. ဖွဘုတ်ခေါ်သော အရပ်ဒေသတစ်ခုလေးတွင် ကိတ်မုန့်ဓာတ်ပုံကို အရမ်းတင်ချင်စိတ်ကလည်း ထူးထူးဆန်းဆန်း ဖြစ်၍နေသေးသည်။

မိတော အတွက် ကိတ်မုန့်ကို တိုးတိုးတိတ်တိတ်ကြိတ်စီစဉ်ပြီးမှ ဘဏ်ကဒ်ပါမသွား၍ ကိတ်မုန့်ကို ဆိုင်မှာပင် ထားခဲ့ရသော သူငယ်ချင်းကို မိတော အရမ်းစိတ်တိုသွားမိသည်။ သူ့ကိုယ်သူ ထုပစ်ချင်နေသော သူငယ်ချင်းကို မိတောကိုယ်တိုင် သွားပြီး ထုပစ်ချင်နေသည်။ ထို့ကြောင့် စိတ်ကိုထိန်းပြီး ရေကိုသာ ဖိသောက်နေရလေသည်။ ရေကို သုံးခွက်လောက် ဆင့်သောက်အပြီး သူတို့အနားက ခပ်တည်တည်ဖြတ်လျှောက်လာခဲ့သည်။

အမှန်တော့ စိတ်ထဲမှာ ကိတ်မုန့်မစားရသဖြင့် မအီမလည်ကြီးဖြစ်နေသော်လည်း၊ စေတနာမေတ္တာထားရှာသော သူငယ်ချင်းများကို ကြိတ်ကျေးဇူးတင်နေမိသည်။ ပို၍ရှင်းလင်းစွာပြောရမည်ဆိုလျှင် မအီမလည်ဖြင့်ကျေးဇူးကြိတ်တင်နေမိခြင်းပင်။

ထိုအချိန်တွင် ပြူတင်းပေါက်အပြင်တွင် နေကလေးကသာနေသည်။ သာမန်ရက်များတွင် ညို့ညို့ဆိုင်းဆိုင်းဖြစ်လေ့ရှိသော ဆောင်းရာသီ၏ ကောင်းကင်ယံသည် ဤနေ့တွင် ကြည်လင်သာယာပြာလွင်လှပနေလေသည်။ မိတောရုံးခန်းအပြင်ဘက် ထင်းရူးပင်ပေါ်တွင်လည်း နေရောင်နွေးနွေးလေးဖျာကျနေသော သစ်ကိုင်းများကြားတွင် ဌက်ကလေးများက စိုးစီစိုးစီ။ မိတောလည်း မွေးနေ့ကိတ်မုန့်မစားရတော့သဖြင့် ကောင်းကင်ပြာကြီးကို ကြေကွဲစွာ မော့ငေးကြည့်နေစဉ် ကားကြီးတစ်စီးက မိတောတို့ ရုံးဝိုင်းထဲသို့ တအိအိမောင်းဝင်လာလေသည်။

“သွေးလှူဘဏ်က ကားကြီးလာပြီပဲ”

မိတော ပျော်သွားသည်။ မိမိမွေးနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် သွေးလှူဘဏ်မှ ကားကြီးက သွေးအလှူရှင်များထံမှ သွေးများရယူရန်အတွက် ဆိုက်ဆိုက်မြိုက်မြိုက် ရုံးရှေ့သို့ရောက်လာခြင်းပင်။ လွန်ခဲ့သော တစ်ပတ်ခန့်ကတည်းက ရုံးတွင်းတွင် စာများဖြန့်ဝေပြီး သွေးလှူဘဏ်မှ သွေးအလှူလာခံမည်ဖြစ်ကြောင်း၊ အလှူရှင်များ ဤနေ့တွင် အဆင့်သင့်ဖြစ်အောင် လုပ်ထားစေလိုကြောင်း အသိပေးထားပြီးဖြစ်လေသည်။ ကားကြီးကလည်း ကုန်တင်ကားသုံးစင်းဆက်ထားသကဲ့သို့ ရှည်လျားကြီးမားခမ်းနားလှလေသည်။ ကားထဲတွင် ကုတင်များ၊ စက်များ အစုံအလင်ပါရှိမည်ဖြစ်ပေသည်။

သွေးလှူဘဏ်မှ ကားကြီးက ရုံးရှေ့တွင် သေချာကျနစွာရပ်ထားပေပြီ။ မိတောလည်း ချက်ချင်းသွားလျှင် လူများမည်စိုးသဖြင့် နေ့လည်ခင်းလောက်မှ သွေးသွားလှူမည်ဟု တွေးကာ အလုပ်ဆက်လုပ်နေလိုက်သည်။ အလုပ်လုပ်ရင်း ပြူတင်းပေါက်မှ အပြင်သို့ ခဏခဏလှမ်းမျှော်ကြည့်သော်လည်း သွေးလှူဘဏ်မှကားကြီးထဲသို့ လူများဝင်သွားသည်ကို မတွေ့ရဘဲ ရှိနေသည်။ တစ်နာရီခန့်ကြာသောအခါ အင်တာကွန်းမှ အသံတစ်သံက မျက်နှာကြက်မှ ဟိန်းပြီး ထွက်လာလေတော့သည်။

“သွေးအလှူရှင်များရှင့်၊ သွေးလှူဘဏ်မှ ကားကြီး အပြင်မှာ ရပ်စောင့်နေသည်မှာ တစ်နာရီခန့်ရှိပြီဖြစ်ပါသည်။ အလှူရှင်များကို စောင့်မျှော်နေပါသည်။ လူရှင်းနေသည့်အတွက် သွေးလှူလိုသည့်သူများအတွက် အချိန်ကောင်းဖြစ်ပါသည်ရှင်”

“ဟင်…. တစ်ယောက်မှတောင် လှူမယ့်သူ မရှိတော့ဘူးလား”

မိတော အံ့သြသွားမိသည်။ မိတောတို့လုပ်ငန်းသည် ရောဂါရှာဖွေရေးနှင့်သုတေသနပြုသည့် လုပ်ငန်းကြီးဖြစ်သည့်အတွက် ဆေးရုံများ၊ ဆေးခန်းများ၊ ကင်ဆာဌာနများ၊ ကူးစက်ရောဂါကာကွယ်ရေးဌာနများ၊ အစိုးရဌာနများဖြစ်သည့် ကူးစက်ရောဂါပြန့်ပွားခြင်းကို ကာကွယ်တားဆီသည့်ဌာနများ၊ တက္ကသိုလ်သုတေသနဌာနများ၊ ပုဂလိကသုတေသနဌာနများ၊ အခြားသုတေသနဌာနများ များစွာဖြင့် အမြဲတမ်းဆက်နွယ်နေသော လုပ်ငန်းကြီးဖြစ်လေသည်။ ထိုသို့သော လုပ်ငန်းသဘာဝကြောင့် ရုံးထဲရှိလူများသည် အခြားသာမာန်လူများထက် ပိုပြီး ကျန်းမာရေးအသိရှိကြသည့် သဘောရှိသည်။ ဆိုလိုသည်မှာ သွေး နှင့် မစိမ်း။ သို့သော် သွေးနှင့်မစိမ်းကြသူ သူများမှာ တစ်ယောက်မှ သွေးသွားမလှူသဖြင့်၊ အင်တာကွန်းမှပင် တောင်းတောင်းပန်ပန် လှမ်းခေါ်နေရသဖြင့် မိတော အံ့အားသင့်နေမိခြင်းပင်။

ရေတမော့သောက်အကြာတွင် မိတောအနားသို့ သူငယ်ချင်းများ ရောက်လာကြပြီး သွေးသွားလှူမယ် လိုက်မလားဟု မေးသည်။

“သွားနှင့်ချေ…… ထမင်းစားချိန်လောက်မှ သွားမယ်”

“လူရှင်းတယ်ပြောတယ်၊ ခုသွားကြရအောင်လား”

ကိတ်မုန့်အော်ဒါမှာပြီးသော်လည်း ငွေခြေကဒ်ပြားကျန်ခဲ့၍ ကိတ်မုန့်မရလာသော သူငယ်ချင်းက လှမ်းပြောသည်။ နဂိုကတည်းက သူ့ကိုစိတ်အချဉ်ပေါက်ပေါက်ရှိသဖြင့် ခေါင်းခါပြလိုက်သည်။

“နေ့လည်မှ သွားမယ်”

မိတော၏ ကောက်ပင်ရိတ်လှီးအဖြေအဆုံးတွင် မွေးနေ့ကြီးဘာလို့ စိတ်တိုနေတာပါလိမ့်ဟူသော မျက်နှာပေးများဖြင့်၊ ကွက်ကြည့်ကွက်ကြည့်ဖြင့် ထွက်သွားကြလေသည်။ အချို့ကတော့ လူတွေအုံကျမည်စိုး၍ အလှည့်နှင့်သွားမည်ဆိုကာ ကျန်ခဲ့ကြလေသည်။
ပထမအုပ်စုထွက်သွားပြီး ခဏကြာသော် ဆံပင်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ခရစ္စတင်းက ပြန်ရောက်လာသည်။

“ဟဲ့.. မြန်လှချည်လား၊ သွေးဖောက်တာ တစ်နာရီဆို”
ခရစ္စတင်းက မျက်နှာပျက်ကာ ခေါင်းခါပြလေသည်။

“ငါ့သွေးက အဆင့်မမှီဘူး”

“ဟင်…ဘာဖြစ်လို့လည်း”

“ငါ အူမရောင်နာ ရှိဖူးလို့”

“ပျောက်တာ ၅ နှစ်ရှိပြီ မဟုတ်ဘူးလား”

“မရှိသေးဘူးဟေ့.. ၃နှစ်ပဲ ရှိသေးတယ်၊ ၅ နှစ်တင်းတင်းပြည့်ပြီးမှ သွေးလှူလို့ရတယ်တဲ့”

“အဲဒီတော့ နင်က ရီဂျက် (reject) ပေါ့ .. အဟင်း”

ခရစ္စတင်းကို မထိတထိစလိုက်သဖြင့် မိတောကို ခရစ္စတင်းက မျက်စောင်းထိုးကြည့်ကာ ထွက်သွားလေတော့သည်။ ခရစ္စတင်းနောက်မှ ကပ်လိုက်လာသော၊ ငွေချေရန်ကဒ်ပြားပါမသွား၍ အော်ဒါမှာပြီးသား ကိတ်မုန့်မရလာသော သူငယ်ချင်းကပါ မျက်နှာပျက်လာပြန်သည်။

“နင်ကကော….”

“ငါက ဆီးချိုသမားလေ”

“အေးလေ….အဲဒါကို သွေးသွားလှူဖို့များ လုပ်ရသေးလားလို့”

“ခရစ္စတင်းက အဖော်လိုက်ခိုင်းလို့”

“ဟိုက ရီဂျက်တောင်မလုပ်ရသေးခင် နင်ကအော်တိုရီဂျက်ပေါ့….”

မိတောခပ်တည်တည်နှင့် စနေသည်ကို သူငယ်ချင်းများက မခံရပ်နိုင်ဘဲ မိတောနားက ထွက်သွားကြလေသည်။

ဤသို့နှင့် သွေးလှူရန်ထွက်သွားသော လုပ်ဖော်ကိုင်ဘက်သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် ပြန်ပြန်ရောက်လာကြလေသည်။

“ပဋိဇီဝဆေး သောက်ပြီးသွားတာ ၅ ရက်ပဲ ရှိသေးလို့”

“စင်္ကာပူကိုသွားလည်ပြီး ပြန်ရောက်တာ ၄ လပဲ ရှိသေးလို့”

“စိတ်ကျပျောက်ဆေး သောက်ဖူးလို့”

“ဟိုး ကလေးဘဝတုန်းက မူးလဲဖူးလို့”

စသည့်အကြောင်းပေါင်းများစွာဖြင့် ရီဂျက် (reject) များဖြစ်ပြီး ပြန်ပြန်လာကြလေသည်။

“ကလေးဘဝတုန်းက မူးလဲဖူးတယ် သွားပြောမိလို့ကွာ၊ အဲဒီမူးလဲတဲ့ကိစ္စကို မပြောမိရင် သွေးလှူချင်လှူရဦးမှာ”

“အေးလေ၊ ဘာလို့သွားပြောသေးလဲ”

“ပြောရမှာပေါ့…. မကောင်းတဲ့သွေးကို ဘာလို့လှူမလဲ”

“တစ်ခါလေး မူးလဲတာကွာ၊ အဲဒီမူးတဲ့အတွက် ဘာဆေးသောက်ခဲ့လဲတဲ့၊ မမှတ်မိဘူးပြောတာ စာအုပ်ထူကြီးဖွင့်ပြီး ဘာတွေဖတ်မှန်းမသိပါဘူး၊ ပြီးတော့ ပြန်လွှတ်လိုက်တာပါပဲ”

ထိုသို့ တစ်ယောက်တစ်ပေါက်ပြောနေစဉ် ဆံပင်တိုတိုလေးကို အလိမ်လေးများဖြစ်အောင် အလှပြင်တတ်သော၊ အရပ်ရှည်ရှည်နှင့် မာစီက ရူးရူးရှားရှား ရောက်ချလာပြန်သည်။

“ဒါတော့ မဟုတ်တော့ဘူးထင်တယ်”

“ဘာဖြစ်လို့လဲ”

“ငါ.. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့သူဆီကတောင် သွေးမယူတော့၊ ဒီသွေးလှူဘဏ်ကလူတွေ ဘယ်လိုသွေးများ လိုချင်နေလဲတော့ မသိဘူး”

“နေပါဦး၊ အခု မင်းဆီကသွေးကို ဘာလို့ မယူတာတဲ့လဲ”

“ငါ မနက်စာ မစားရသေးဘူး ပြောမိလို့ဟေ့”

“ဟင်…. အဲဒါသွားပြောရလား”

“ပြောရမှာပေါ့… မကောင်းတဲ့သွေး ဘာလို့လှူမလဲ”

ဘယ်သူဘာဖြစ်ဖြစ် ထိုစကားကိုသာ ထပ်ခါထပ်ခါ ဝင်ဝင်ပြောနေသော၊ တမင်အငေါ်တူးနေသော ခရစ္စတင်းကို အားလုံးက မျက်စောင်းခဲကာ ဝိုင်းကြည့်ကြလေသည်။

“အေး… အဲဒါပဲ၊ ငါ့မှာ နှလုံးလဲမရှိဘူး၊ ဘာဆေးမှလည်း မသောက်ဘူး၊ ကျန်းမာတာ ဒေါင်ဒေါင်မြည်ကို နံနက်စာ မစားရသေးလို့ သွေးလှူလို့ မရဘူးတဲ့”

မာစီ စိတ်တိုနေစဉ် ရှိန်း ဆိုသည့် လူငယ်လေးတစ်ယောက်က ရူးရူးရှားရှားဝင်လာပြန်တော့သည်။

“နင်လည်း သွေးမလှူခဲ့ရဘူး မဟုတ်လား”

“အေး”

“အကြောင်းရင်းက….”

“ငါ့သွေးနီဥက ၁၂၀ ပဲ ရှိလို့တဲ့”

“အဲဒါ ပုံမှန်ပဲ မဟုတ်လား”

“အေးလေ low normal လေ၊ မဟုတ်ဘူးလား”

“ပုံမှန်ဆို ၁၂၀ ကနေ ၁၅၀ လေ၊ နင်က ၁၂၀ ရှိတာပဲကို ဘာလို့ မယူတာတဲ့လဲ”

“ဆေးလောကတစ်ခုလုံးက သွေးနီဥကို ပုံမှန် ၁၂၀ ကနေ ၁၅၀ သတ်မှတ်ထားတာကို ဒီသွေးလှူဘဏ်က သွေးနီဥ ၁၂၅ မရှိရင် သွေးမယူဘူးတဲ့”

“၅ မှတ်ကို ကပ်နေတဲ့ သဘောပေါ့”

“အေးပေါ့”

“ဟင်း…. အားလုံး ရီဂျက်တွေချည်းပဲပေါ့”

မိတော မပွင့်တပွင့်ပြောကာ ရယ်နေလိုက်သည်။

ထိုအချိန်တွင် အင်းဂရစ် ဆိုသည့် အသံဝဲဝဲနှင့် သူငယ်ချင်းတစ်ဦးက ဝင်ရောက်လာသည်။ သူမသည် အင်္ဂလန်မှ ပြောင်းရွှေ့နေထိုင်လာသူ တစ်ဦးဖြစ်သည်။ အင်းဂရစ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် နီးရာခုံတစ်လုံးတွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည်။

“နင်ကော ရီဂျက်ပဲလား”

“အေး…”

“ဘာဖြစ်လို့တဲ့လဲ”

“ငါက အင်္ဂလန်က ပြောင်းရွေ့လာလို့တဲ့”

“အွမ်… နင်ပြောင်းလာတာ ၁၀နှစ် ၁၀မိုးလောက်ရှိနေပြီကို”

“အေးလေ၊ နိုင်ငံခြားခရီးသွားကအပြန် ၆ လ ကျော်ရင်သွေးလှူလို့ ရတယ်ဆို”

“အင်း… ရတယ်၊ ဒါပေမယ့် ငါက အင်္ဂလန်က ပြောင်းလာတာလေ”

“ဘယ်က ပြောင်းလာလာလေဟာ”

“အေး.. ပြောင်းလာတာတော့ ပြောင်းလာတာပေါ့ဟာ။ ဒါပေမယ့်….”

အင်းဂရစ်က တစ်ကယ်ကို ဝမ်းနည်းကြေကွဲနေသည့် လေသံကြီးဖြင့် ဇာတ်စုံရှင်းနေသဖြင့် အားလုံးလည်း ငြိမ်ပြီးနားထောင်နေကြလေသည်။

“ဒါပေမယ့် ဘာဖြစ်လဲ”

“ငါပြောင်းလာချိန်တုန်းက အင်္ဂလန်မှာ နွားရူးရောဂါတွေ အကြီးအကျယ်ထခဲ့ဖူးချိန်မို့လို့တဲ့”

“အင်္ဂလန်ပြည်ကြီးမှာ နွားတွေရူးတာနဲ့ နင်နဲ့ဘာဆိုင်သတုန်း”

“သြော်… သူ့ဆီမှာ နွားရူးပိုးတွေ ပါလာလို့ဖြစ်မှာပေါ့”

မာစီက ပြောပြောဆိုဆိုဖြင့် သူမ ထိုင်နေသော ဘီးတပ်ခုံကို အင်းဂရစ်နှင့်ဝေးရာပြူတင်းပေါက်နားသို့ ရွေ့သွားလေသည်။

ထိုသို့တစ်ယောက်တစ်ပေါက်ပြောနေကြချိန်တွင် မိတောတို့အုပ်စုထဲမှ အသက်အငယ်ဆုံးဖြစ်သော ‘ဆာရှာ’ (Sasha) ဆိုသည့် မိန်းကလေးသည် ချော့ကလက်လေးများမြုပ်ထားသောအချိုမှုန့်ပြားများကို အားပါးတရ ဖောက်၍စားနေလေသည်။ ထိုမှုန့်ပြားများကို ဘယ်သူ့ကိုမှ “စားပါဦးလား” ဟု ယဉ်ကျေးမှုအရတောင် မမေးဘဲ စားနေသည်မှာ ၂ထုတ်ကုန်သွားပြီဖြစ်သည်။ တတိယမြောက်အထုတ်ကို သူမ စဖောက်ချိန်မတွင်တော့ အားလုံးက မျက်လူးပြူးကြည့်ကြလေသည်။ မိတောစိတ်ထဲတွင်မတော့ သူမအမည်ရင်း ‘ဆာရှာ’ ဆိုသည့်အတိုင်း အမြဲတမ်းဗိုက်ဆာနေရှာသလားဟုတောင် တွေးမိလိုက်သေးသည်။

“အဲဒီမုန့်တွေက ဘယ်ကရလာတာလဲ”

“သွေးလှူဘဏ်ကားကြီးထဲက နာ့စ်တွေဆီက တောင်းလာတာ”

“အွမ်…”

“သွေးတောင် မလှူရသေးဘူး၊ မုန့်ကျွေးထားတယ်လား”

“မကျွေးပါဘူး၊ တောင်းစားထားတာ”

“ဟင်…”

“ဟုတ်တယ်လေ အားရှိအောင်လို့”

“သွေးလှူပြီးမှ နို့တစ်ခွက်နဲ့ အဲဒီကွပ်ကီ တွေ ကျွေးတာ မဟုတ်ဘူးလား”

“ဘယ်ချိန်ကျွေးကျွေးပေါ့၊ စားရရင်ပြီးတာပဲ”

“အေးလေ… ဘယ်ချိန်စားစား၊ သွေးအားရှိဖို့လိုတယ်လေ”

ထိုသို့ဖြင့် သွေးလှူချင်လွန်းအားကြီးကြသော်လည်း သွေးလှူခွင့် မရကြသော မိတောလုပ်ဖော်ကိုင်ဘက်များမှာ တစ်ယောက်တစ်ပေါက် ပြောသူကပြော၊ မျက်စိမျက်နှာပျက်ကာ ငြိမ်နေသူများက ငြိမ်နေကြလေသည်။ ထိုအချိန်တွင် ဆာရှာက ပြုံးပြုံးလေးဖြင့် သွေးလှူရန် ထထွက်သွားလေသည်။

“မင်းကိုပဲ အားကိုးပါတယ် ဆာရှာ ရယ်”

“ငါတို့တွေ အကုန် ရီဂျက်တွေချည်းပဲဆိုတော့ စိတ်အားတောင် ငယ်မိတယ်”

“မင်းနဲ့ မိတောဘဲ ကျန်တော့တယ်”

“အိုး.. စိတ်မပူနဲ့၊ ကျမက ခဏခဏသွေးလှူဖူးတာ၊ အမြဲအဆင်ပြေနေကျ”

ဆာရှာက ဒေါက်မြင့်ဖိနပ် ဟန်ပါပါနင်းကာ မိတောတို့အနားမှ ကျော့ကျော့လေး ထွက်သွားလေသည်။

“နင်ကော မသွားသေးဘူးလား”

“ဆာရှာပြန်လာမှ သွားမယ်၊ သူက လေးဆယ့်ငါးမိနစ်လောက် အနည်းဆုံးကြာဦးမှာ”

မိတောကို အတင်းသွားခိုင်းနေသော သူငယ်ချင်းများကို မထီတရီဖြေကာ အလုပ်ဆက်လုပ်ရန် သူတို့အနားမှ ထွက်လာခဲ့လေသည်။

အမှန်တော့ သွေးလှူရန်ထွက်သွားသော ဆာရှာ တစ်ယောက်အဆင်ပြေပါစေဟု အားလုံးက ရင်တထိတ်ထိတ်ဖြစ်နေကြသည်။ အခြားသော ဌာနများမှ သွေးအလှူရှင်များထံမှ သွေးများအလျှံပယ်ရပြီး၊ မိတောတို့ဌာနမှ သွေးတစ်ထုတ်တောင် ရမသွားလျှင် တော်တော်လေး ရှက်စရာကောင်းပေလိမ့်မည်ဟူသော အတွေးများဖြင့် ရင်တမမ ရှိနေကြသည်။

ဆာရှာသည် ၅ မိနစ်နှင့် ပြန်မလာ၊ ၁၀ မိနစ်နှင့် ပြန်မလာ၊ ၁၅မိနစ်ကျော်သည်ထိ ပြန်မလာသဖြင့် ရီဂျက်မထိတော့ဟူသော အတွေးဖြင့် မိတော သက်ပြင်းချလိုက်စဉ်……

“ဟင်..ဆာရှာ…. နင် ပြန်ရောက်လာပြီ”

“ထွက်သွားတာ ၁၅မိနစ်လောက်ကြာနေပြီဆိုတော့ ငါတို့က အဆင်ပြေပြီထင်နေတာ”

“ဘယ်လိုဖြစ်တာလဲ”

ကော်ရစ်ဒါမှ ဆူညံဆူညံ အသံများကြောင့် မိတောလည်း ထွက်ကြည့်စဉ် မျက်နှာပျက်နေသော ဆာရှာ့ကို တွေ့ကြရပြန်သည်။

“ရီဂျက်ပဲလား”

မိတောလည်း မေးနေကြစကားကို မေးမိလေသည်။

“ရီဂျက်မဟုတ်ဘူး၊ အားလုံးအဆင်ပြေလို့ သွေးထုတ်တယ်”

“အင်း…. ထုတ်တော့…”

ခရစ္စတင်းက စိတ်လှုပ်ရှားပြီး အသံကျယ်ကြီးနှင့် လှမ်းမေးလေသည်။

“ထုတ်နေရင်း ၁၀မိနစ်ပဲ ရှိသေးတယ်၊ သွေးက မစီးတော့ဘူး”

“ဟင်….”

“အို….”

“ဟယ်…”

“အင်း… အစကတည်းက သွေးကြောဘေးကို ကပ်ထိုးနေတာ သိသားပဲ၊ သွေးဖောက်တဲ့ မိန်းကလေးက ကျွမ်းကျင်ပုံမှ မရတာ၊ အဲဒီတော့ သွေးက ၁၀မိနစ်ပဲစီးပြီး ဆက်မစီးတော့ဘူး၊ ဒါနဲ့ ပြန်လွှတ်လိုက်တာ”

အားလုံးသက်ပြင်းသာ ချလိုက်ရတော့သည်။
အားလုံးမျက်လုံးများ မိတောထံသို့ ရောက်လာသည်။

မိတောလည်း မျက်နှာကိုမော့ကာ အားလုံးကို မျက်လုံးစင်းကြည့်လျှက် မထီတရီပြုံးပြလိုက်သည်။ ဘာမှမပူနဲ့ စိတ်ချ၊ ငါတစ်ယောက်လုံး ရှိသေးတယ်ဆိုသည့်ပုံဖြင့် လက်မလည်း ထောင်ပြလိုက်သေးသည်။ ထို့နောက် ခပ်တည်တည်ဖြင့် သူတို့နားက မျက်နှာမော့လျှက် ထွက်လာခဲ့လေသည်။

ကုမ္ပဏီဧည့်ခန်းသို့ ဓာတ်လှေကားအတိုင်းဆင်းလာခဲ့သော မိတောသည် ဧည့်ခန်းထောင့်တစ်နေရာတွင် စားပွဲထိုင်ခုံဖြင့် ကျကျနနထိုင်ကာ သွေးလှူရှင်များ၏ ကိုယ်ရေးရာဇဝင်များကို ယူရန်၊ အင်တာဗြူးရန်၊ အခြားသောအချက်အလက်များယူရန်၊ စောင့်နေသော သွေးလှူဘဏ်ဝန်ထမ်းတစ်ဦးရှေ့တွင် ခပ်တည်တည်ဖြင့် ဝင်ထိုင်လိုက်လေသည်။ ခုံမှာ ထိုင်ထိုင်ချင်း နံနက်ခင်းကတည်းက အေးနေသောမိတောလက်ဖျားများ ပိုအေးလာသလို ချက်ချင်း ခံစားလိုက်ရလေသည်။ ကိုယ်ရေးရာဇဝင်ယူမည့် ဝန်ထမ်းအမျိုးသမီးကြီးသည် ဆံပင်အနီရောင်တွန့်ကွေးကွေးရှိလေသည်။ မရယ်အပြုံးမျက်နှာထားလည်း ရှိသည်။ နှုတ်ခမ်းနီကို ခပ်ပါးပါးဆိုးထားပြီး လက်ထဲတွင် ကိုင်ထားသော ခဲတံကို စားပွဲတွင် တတောက်တောက်လည်း ခေါက်နေလိုက်သေးသည်။ မိတောကို စိတ်ကြည့်နေသော သူမမျက်လုံးများနှင့် ဆုံလိုက်ရချိန်တွင်၊ အေးနေသော လက်ဖျားများ ရုတ်တရက်နွေးလာရုံသာမက၊ လူတစ်ကိုယ်လုံး ပူထူရှိန်းဖိန်းလာကာ အဖျားတက်ချင်သလိုလို ရုတ်တရက်ဖြစ်လာမိသည်။

မိတော လည်ချောင်းရှင်းလိုက်သည်။

“သွေးလှူမလို့ပါ”

အသံက ခပ်ဝင်ဝင်ဖြစ်နေသည်ကို ကိုယ့်ကိုကိုယ် ပိုပြီး သတိထားလိုက်မိသော်လည်း အားတင်းလိုက်သည်။

ဝန်ထမ်းအမျိုးသမီးကြီးက မိတောကို ဆက်ပြီးစိုက်ကြည့်နေသည်။ ဒီတစ်ခါတော့ မျက်ခုံးကို ဟန်ပါပါပင့်ကာ ကြည့်နေခြင်းပင်။ မိတော လည်ချောင်းကို ထပ်ရှင်းကာ ဆံပင်အချို့ကို နားရွက်နောက်သို့ ညင်ညင်သာသာလေး သပ်တင်လိုက်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။

“ဟိုလေ… အအေးမိတာပျောက်သလောက်တော့ ဖြစ်ပါပြီ…. ဒါပေမယ့်… သွေး.. သွေးလှူချင်လွန်းလို့ပါ”

အမျိုးသမီးကြီးက ‘တတ်လည်းတတ်နိုင်ကုန်ရော၊ အအေးမိနေတာ ကိုယ့်ကိုကိုယ်သိနေတာတောင် ကြိုးစားချင်လိုက်သေးလား’ ဆိုသည့်ပုံစံဖြင့် ထိုင်ခုံနောက်မှီကို ကျောမှီပစ်၊ သက်ပြင်းကြီးချလိုက်ကာ မိတောကို စိုက်ကြည့်နေလေသည်။ ခုံကိုခေါက်နေသည့် ခဲတံကိုလည်း ဘေးချလိုက်ကာ လက်ကိုပိုက်ပြီး ခပ်တည်တည်ကြီးနေလေသည်။

မိတောလည်း ခေါင်းငုံ့နေရင်းက မျက်လုံးကို အသာလှန်ပြီး အမျိုးသမီးကြီးကို ကြည့်လိုက်သည်။ မိတောကို လက်ပိုက်ရင်းစိုက်ကြည့်နေသော ဝန်ထမ်းအမျိုးသမီးကြီးက ဖြည်းညင်းစွာခေါင်းယမ်းပြသည်ကို တွေ့လိုက်ရသည်။ မိတောလည်း စိတ်ပျက်လက်ပျက်သက်ပြင်းချကာ မတ်တပ်ရပ်ပြီး သူမအနားက ထွက်လာခဲ့လေတော့သည်။

အခန်းနားရောက်သောအခါ သူငယ်ချင်းများအမေးအမြန်းထူမည်စိုးသဖြင့် ခပ်ကုပ်ကုပ်လေး ခိုးဝင်မည် ကြိုးစားသော်လည်း၊ စောင့်နေကြသော သူငယ်ချင်းများက တပြုံကြီးလိုက်လာကြလေသည်။

“ဘယ်လိုဖြစ်တာလဲ”

“ပြန်ရောက်တာ မြန်လှချည်လား”

“သွေးလှူဘဏ်ကားကြီးထဲတောင် မရောက်လိုက်ဘူး မဟုတ်လား”

“ငါ ထင်သားပဲ…”

“ငါကမှ သွေးလှူဘဏ်ကားထဲ ဝင်ခွင့်ရလိုက်သေးတယ်”

“အေးလေ.. ထင်သားပဲဟာကို”

“မနက်ကတည်းက နှာသံထွက်နေရှာတာ”

“ဟိဟိ.. သူများကို ရီဂျက်ဆိုပြီးပြောတာ သူလည်း ရီဂျက်ထိလာပြီ”

“တော်ကြတော့”
မိတော တစ်ချက်အော်လိုက်သည်။
“ဒီနေ့ ငါ့မွေးနေ့၊ ဘာမှ ဆက်မပြောကြနဲ့တော့”

မျက်နှာကို ခပ်တည်တည်လုပ်ကာ စားပွဲတွင် ထိုင်ပြီး ကွန်ပြူတာကို တချောက်ချောက်နှိပ်နေလိုက်သည်။ သူငယ်ချင်းများက မိတောစိတ်တိုနေသည်ကိုကြည့်ပြီး ပြုံးစိစိလုပ်ကာ အနားမှ ထွက်သွားကြသည်။

မိတောလည်း မွေးနေ့တွင် အအေးကမိထား၊ ထိုထက်ပို၍ မွေးနေ့ကိတ် မရသည့်အပြင်၊ သွေးတောင်မှ လှူခွင့်မရလိုက်သော မိမိအဖြစ်ကိုစိတ်တိုကာ အလုပ်ကိုသာ ဖိလုပ်နေရပေတော့သတည်း။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

3 Comments »

  1. ဘကြီးတို့တော့ လှူလျှင် ၁၀မိနစ်လောက်ပဲကြာတယ်၊ ပြီးရင်တော့ ဖျော်ရည်သောက်မုန့်စားပြီးမှ ပြန်တယ်။

    Comment by WC22 — January 29, 2014 @ 1:04 pm

  2. ဟင်…ဖတ်နေရင်း ထင်တာက လှူရပြီလို့း))

    သူငယ်ချင်းတွေအမေးဖြေလုပ်နေတာ ရယ်ချင်စရာကြီးး ဟဟားးး

    Comment by MgMyo — January 30, 2014 @ 2:32 am

  3. သွေးတစ်ခါမှ မလျှူ ဖူးဘူး။ လျှူ ချင်လိုက်တာ။

    Comment by ရင်လှိုင်း — February 9, 2014 @ 11:13 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------