♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

January 3, 2014

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၄)

Filed under: စာအုပ်ခံစားချက် (Book Review), အတွေးအမြင်, ၀တ္ထု (Novels) — အိမ့်ချမ်းမြေ့ @ 6:02 pm

အခြားတိုင်းပြည်မှာ ရှိတဲ့လူငယ်တော်တော်များများဟာ ပညာရေး၊ အားကစား၊ အနုပညာ၊ ဂီတ၊ တီထွင်ဖန်တီးမှုတွေထဲမှာ ကျင်လည်ပျော်ပါးနေချိန်၊ ကျမတို့တိုင်းပြည်က လူငယ်အများစုမှာတော့ မွန်းကြပ်မှုတွေနဲ့ တစ်စုံတစ်ရာကို အမြဲမကျေမနပ်မှုတွေထဲမှာ ကျင်လည်ခဲ့ကြတယ်။

တိုင်းပြည်ဟာ မငြိမ်းချမ်းခဲ့ဘူး။

ငြိမ်းချမ်းသင့်သလောက် မငြိမ်းခဲ့တဲ့ တိုင်းပြည်ထဲကလူငယ်တွေကို ဦးနှောက်လျှော်ဖွပ်ထားခဲ့တာကတော့ “ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးတိုင်းပြည်” ဆိုပြီး ဦးနှောက်လျှော်ဖွပ်ထားတယ်။ ကိုယ့်တိုင်းပြည်ကလွဲပြီး ကျန်တဲ့တိုင်းပြည်က လူတွေမှာ ဟိရိသြတ္တပ္ပတရားဆိုတာ မရှိကြဘူး၊ ကြင်နာသနားတတ်ခြင်း မရှိကြဘူး၊ ဘာသာရေးမကိုင်းရှိုင်းကြဘူး၊ အလှူအတန်းမရက်ရောကြဘူး။ ကိုယ်တွေသာလျှင် ကြင်နာသနားတတ်တယ်၊ အလှူရက်ရောတယ်၊ ကြင်နာသနားတတ်တယ်လို့ အဟုတ်ကိုထင်ခဲ့တယ်။ ကိုယ့်တိုင်းပြည်သာလျှင် အယဉ်ကျေးဆုံး၊ အငြိမ်းချမ်းဆုံး တိုင်းပြည်လို့ ထင်ခဲ့တယ်။ တစ်ကယ်တော့ ဦးကျိုးနာခံပြီး တစ်ခွန်းမှ ပြန်မပြောရဲတာ ယဉ်ကျေးတာမဟုတ်ဘူး၊ ရိုင်းပြစရာမလိုဘဲ ကောင်းမွန်စွာ ဆွေးနွေးပြောဆိုငြင်းခုံတတ်ခြင်း၊ လူကြီးတွေ၊ ဘာသာရေးအကြီးအကဲတွေ၊ ဆရာ-ဆရာမတွေနဲ့ အကြောင်းတစ်စုံတစ်ရာကို အော်ဟစ်ဆဲဆိုစရာမလိုဘဲ အဆင့်အတန်းရှိရှိနဲ့ အပြန်အလှန် ဆွေးနွေးပြောဆိုတတ်ခြင်း (dialogue) ဆိုတာကို မသိခဲ့ကြဘူး။ လူငယ်တွေက ပြောချင်ကြတယ်ဆိုရင်တောင် လူကြီးတွေအနေနဲ့က ဒါကို အာခံခြင်းလို့ မြင်တတ်ကြသေးတယ်။

ငြိမ်းချမ်းခွင့်ရှိရဲ့သားနဲ့ မငြိမ်းချမ်းနိုင်တဲ့ တိုင်းပြည်လေးဟာ အင်္ဂလိပ်က ကျွန်ပြုခြင်း၊ ဂျပန်ကျွန်ပြုခြင်း စတာတွေကိုလည်း ခံခဲ့ရတယ်။ ထိုသို့သော သခင်ဆိုသူတွေနဲ့ သူတို့ချမှတ်ထားတဲ့ စနစ်တွေကိုလည်း ဂျင်နရေးရှင်းတွေအလိုက် တော်လှန်ခဲ့ကြရသေးတယ်။

“အသေရိုက်သတ်
အမြီးပြတ်လည်း
ဆတ်ဆတ် ဆတ်ဆတ် တုန်သေးသည်”

ဆရာကြီး သုခမိန်လှိုင်ရေးခဲ့ဖူးတဲ့ ‘တော်လှန်သောအသိ’ ဆိုတဲ့ ရုပ်ရှင်သစ်မဂ္ဂဇင်းက ကဗျာအပိုင်းအစလေး။ လူငယ်တွေရဲ့ အတ္တမဲ့တော်လှန်ရေးကို ပိုမိုစိတ်ကြွစေခဲ့သလား။

တော်လှန်တဲ့ စိတ်ဓာတ်ဟာ လူငယ်တွေရဲ့စိတ်မှာကို ဗီဇတွေအရ ရှိပြီးသားဖြစ်တယ်။ ကိုယ်တွေပဲ တော်လှန်ကြတာလားဆိုတော့လည်း မဟုတ်ပါဘူး။ ကမ္ဘာအနှံ့ နိုင်ငံတွေက လူငယ်တွေဟာ ဒီလိုပဲ ရှေးရိုးစွဲတွေကို နည်းမျိုးစုံနဲ့ တော်လှန်ကြရတယ်။
ကမ္ဘာပေါ်ကတိုင်းပြည်တွေမှာလည်း ဆိုင်ရာဆိုင်ရာ အာဇာနည်တွေ၊ ခေါင်းဆောင်တွေ အမြောက်အမြားပေါ်ထွက်ကြတယ်။ စာပေယဉ်ကျေးမှု တော်လှန်ရေး၊ ဂီတယဉ်ကျေးမှု တော်လှန်ရေး၊ ယုံကြည်မှု/ဘာသာရေးတော်လှန်ရေး၊ ပညာသင်စနစ်ကို တော်လှန်ရေး စတဲ့ တော်လှန်ရေးပေါင်းများစွာကို ဂျင်နရေးရှင်းပေါင်းများစွာက လူငယ်တွေဟာ ဖြတ်ကျော်ကြတယ်။

တော်လှန်တယ်ဆိုတာ ဘာလဲ။ အသစ်အဆန်း တီထွင်လိုကြခြင်းနဲ့ ရှေးရိုးနည်းတွေကနေ ဖောက်ထွက်ချင်ကြတဲ့စိတ်တွေလည်း ဖြစ်တယ်။ ကိုယ့်ထက် အသက်အရွယ်အားဖြင့်၊ ဝါအားဖြင့်၊ ဂုဏ်သိက္ခာအားဖြင့် ကြီးမားသူတွေ ချထားတာကို ဖောက်ထွက်တော်လှန်နိုင်တယ်ဆိုတဲ့ စိတ်ဖြစ်ရုံလေးနဲ့ကို ကိုယ်တွေမှာ ခွန်အားသတ္တိကို (one feels powerful) ခံစားလိုက်ရပြီ။
ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်ဝါဒ၊ ကျွန်ပညာရေးစနစ်၊ စက်မှုတော်လှန်ရေး စတာတွေကို ခေတ်အဆက်ဆက်တော်လှန်ခဲ့ကြတယ်။ တော်လှန်သူတွေကလည်း မြသီလာကြီးတွေက ပညာတတ်ကျောင်းသားလူငယ်တွေက ဦးဆောင်ကြတာ များတယ်။ တစ်ကယ်တော့ မြသီလာမှ ကျောင်းသားလူငယ်တွေဟာ ကျမ အခါခါပြောသလို၊ ပညာရေး၊ အားကစား၊ အနုပညာ၊ ဂီတ၊ တီထွင်ဖန်တီးမှုတွေထဲမှာ ကျင်လည်ပျော်ပါးနစ်မြုပ်ခွင့် မရခဲ့ဘူး။ တော်လှန်ရေးတွေထဲမှာပဲ ကျင်လည်နေကြရတယ်။

ကျောင်းသားဘဝတွေ ကံမကောင်းခဲ့ဘူး။

အခုလည်း တော်လှန်ရေးတွေ ပြီးဆုံးသွားပြီလားဆိုတော့ မပြီးဆုံးသေးပါဘူး။ အခုထိလည်း ကမ္ဘာအနှံ့က လူငယ်တွေဟာ စနစ်ကြီးတွေနဲ့ အဲဒီစနစ်ကြီးတွေထဲက စနစ်သေးလေးတွေကို ဆက်ပြီးဆက်ပြီး တော်လှန်နေကြဆဲပါ။ လူထုအတွက် ကျန်းမာရေးစနစ်များ၊ ကလေးများအတွက် ပညာရေးစနစ်များ စတာတွေကို တော်လှန်တဲ့ တော်လှန်ရေးတွေပါပဲ။ ဒါပေမယ့် ဒီတော်လှန်ရေးတွေဟာ သွေးစွန်းတဲ့ တော်လှန်ရေးတွေ မဟုတ်တော့ပါဘူး။ သွေးစွန်းစရာမလိုဘဲနဲ့ စနစ်တစ်ခုကို တော်လှန်လို့ရတယ် ဆိုတာကို သမိုင်းကသင်ပေးခဲ့ပါပြီ၊ ဒါကိုလည်း သင်ခန်းစာ ယူပြီး လက်တွေ့လုပ်ဆောင်နေကြပါပြီ။ တစ်ဦးနဲ့တစ်ဦး အမုန်းကို အခြေခံပြီး တော်လှန်ကြတဲ့၊ အာဏာတတွေ ဒေါသတွေနဲ့ တော်လှန်ကြတဲ့ တော်လှန်ရေးတွေ မဟုတ်တော့ပါဘူး။ ချီးထုပ်နဲ့ပေါက်တဲ့ တော်လှန်ရေး၊ ခေါင်းဖြတ်သတ်တဲ့ တော်လှန်ရေး၊ ဖြုတ်-ထုတ်-သတ် တော်လှန်ရေးတွေ မဟုတ်တော့ပါဘူး။ တုတ်တွေဓါးတွေသေနတ်တွေနဲ့ ထမီစွန်တောင်စွဲ တော်လှန်ရေး မဟုတ်တော့ဘူး။ အတွေးအခေါ်တွေ၊ စကားလုံးတွေ၊  ဒိုင်ယာလော့တွေ၊ တီထွင်ကြံဆမှုတွေနဲ့ တော်လှန်တဲ့ တော်လှန်ရေးတွေ ဖြစ်လာပြီ။

မှန်ပါတယ်….။ ဟိုတုန်းကတော့ တော်လှန်ရေးတွေဟာ သွေးစွန်းခဲ့တယ်၊ သွေးမစွန်းစွန်းအောင်လည်း အခြေအနေနဲ့ အချိန်အခါက တွန်းပို့နေခဲ့တယ်။

Truth is based on time & circumstance.
Truth is based on perception.
Truth is based on theory.
Truth is based on one’s belief.

အထက်ပါ အမှန်တရားဆိုတာကို အဓိပ္ပာယ်ဖွင့်မှု များစွာထဲမှာမှ “Truth is based on time and space.” ဆိုတာကိုယူပြီး ပြန်မေးခွန်းထုတ်ကြည့်ကြမယ်ဆိုရင်…. အချိန်နဲ့အချိန်အခါအရ သွေးစွန်းခဲ့ကြရတယ်။

“ကျောင်းသားတွေရဲ့ တာဝန်ဆိုတာထဲမှာ နိုင်ငံမှာ တရားမျှတမှု ထွန်းကားရေးလည်းပါတယ်” (မြသီလာအလွမ်းပြေ၊ မေငြိမ်း၊ စာမျက်နှာ ၂၉)

နယ်ချဲ့တွေဆုတ်ခွာသွားအပြီး ဖရိုဖရဲနဲ့ကျန်ခဲ့တဲ့ မြန်မာပြည်၊ ချောင်းတဟွတ်ဟွတ် တောက်လျှောက်ဆိုးလာနေတဲ့ စနစ်ကြီး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ တီထွင်ကြံဆမှုတွေ အဝေးကြီး ကျန်နေတဲ့ တိုင်းပြည်၊ ပီပီပြင်ပြင်ဆုပ်ကိုင်လို့ မရတဲ့ ပညာရေးစနစ်၊ မှုန်ဝါးဝါးဘဝရှေ့လမ်း၊ စတာတွေအထဲမှာ၊ တရားမျှတမှုကို တောင့်တနေတဲ့၊ အနာဂတ်ရဲ့ကြည်လင်မှုကို တောင်းတနေတဲ့ နုနယ်နှလုံးသားတွေဟာ အခါခါသွေးစွန်းခဲ့ကြရတယ်။

ပလက်ဖောင်းတွေက လျှောက်မရအောင် ယိုယွင်းပျက်စီးနေတယ်၊ လမ်းပေါ်မှာ ခွေးလေခွေးလွင့်တွေ ဥဒဟိုသွားနေတယ်၊ ဓာတ်ကြိုးတွေက အထုံးလိုက်အထွေးလိုက် ဘယ်အချိန်ကိုယ့်ပေါ်ပြုတ်ကျလာမလဲ စိုးရိမ်နေရတယ်။ ယောင်္ကျားလေးတွေကလည်း ရင်ဘတ်ထဲက သလိပ်ကို ရှိုက်ထုတ်ပြီး လမ်းပေါ်မှာတင် ‘ထွီ’ ဆို အားပါးတရထွေးတယ်။ ‘လမ်းပေါ်မထွေးလို့ ဘယ်နားထွေးရမလဲ အိမ့်ချမ်းမြေ့’ လို့ မေးရင်လည်း ‘ပြန်မြိုချထားလိုက်ပါ’ လို့ ပြောရမလားမသိဘူး။ ထွေးထည့်စရာ တစ်ရူးဆိုတာ ခုခေတ်လို လမ်းဘေးမှာ အလျှံပယ် မရောင်းတော့ သူတို့လည်း သလိပ်ကိုသယ်မထားနိုင်ဘူးပေါ့လေ။ အဲသလိုနဲ့ ပတ်ဝန်းကျင်လေထဲမှာ တီဘီိပိုးတွေဟာ ပလူပျံနေတယ်။ မုန့်ဟင်းခါးပန်းကန်ကို ရေဇလုံလေးထဲ နှစ်ရုံဆေးပြီး နောက်လူအတွက် တစ်ပွဲဆက်ထည့်တယ် (အဲသလိုမုန့်ဟင်းခါးကို တရှိုက်မက်မက်ကြိုက်တယ်)။ အင်းလျားကန်ရေထဲက အမှိုက်သရိုက်နဲ့ သစ်ရွက်ဆွေးကြွေလေးတွေကို ရေနွေးအိုးဖင်ကလေးပွတ်၊ ရေကြည်ကိုခရားထဲ နှစ်ယူပြီး ရေနွေးကြမ်းကြိုကြတယ်။ (အဲသလို ရေနွေးကြမ်းဟာ ဝိုင်တစ်ခွက်ထက် ပိုချိုခဲ့တယ်၊ အခုထိလည်း ချိုနေနိုင်သေးတယ်၊ ပွက်ပွက်ဆူအောင်ကြိုထားမှတော့ ရောဂါပိုးတွေ သေလောက်ပြီလို့ ယူဆရမှာပါပဲ)

တစ်ခါတစ်ရံ စိတ္တဇညတွေမှာ ဖရိုဖရဲဖြစ်နေတဲ့ မြို့ကြီးကို အရေခွံဆုတ်မိတာ အခါခါ။ စိတ်ကူးနဲ့ အနာဖေးလှန်သလို ဆွဲခွာပစ်လိုက်တယ်။ အပေါ်ယံအနာဖေးကွာကျသွားတော့ လှပသစ်လွင် တောက်ပြောင်နေတဲ့ မြို့ကြီးက ပေါ်လာတယ်။ လူတွေကလည်း ပြုံးလို့ရယ်လို့၊ တစ်ဦးနဲ့တစ်ဦး မကျေနပ်တာတွေ၊ တစ်ဘက်နဲ့တစ်ဘက် အမျက်ဒေါသတွေ မရှိကြဘူး။

“တိုင်းပြည်က သင့်ကိုဘာလုပ်ပေးမလဲ မမေးပါနဲ့၊ တိုင်းပြည်ကို သင်ဘာလုပ်ပေးနိုင်မလဲသာ ကိုယ့်ကိုကိုယ်မေးပါ” မစ္စတာ ကနေဒီ ပြောခဲ့တဲ့စကား။

မစ္စတာကနေဒီပြောတဲ့ စကားကိုပဲ ကျမက ကျမ မိဘတွေကို ထပ်မေးတယ်။ ဖေဖေနဲ့မေမေ တိုင်းပြည်တွက် ဘာလုပ်ပေးလဲလို့။ ဘာဖြစ်လို့ မေးရသလဲဆိုတော့ ကျမကိုယ်တိုင် တိုင်းပြည်တွက် တစ်ခုခု လုပ်ပေးချင်ပေမယ့် ဘာလုပ်ပေးရမှန်း မသိခဲ့ဘူး။ ကိုယ့်ထမင်းတောင် ကိုယ်ရှာမစားတတ်ခဲ့လို့ မိဘကို ရိုးသားစွာ မေးခဲ့ခြင်းပဲ ဖြစ်တယ်။ မေမေနဲ့ဖေဖေကလည်း ပွင့်ပွင့်လင်းလင်းပဲ ဖြေပါတယ်။ “တစ်ခါတစ်လေကျတော့ လုပ်ပေးချင်တိုင်း လုပ်လို့မရဘူး၊ ဒါကို သမီးတစ်နေ့ သိလာပါလိမ့်မယ်” တဲ့။

ကျမတို့ခေတ်တုန်းက တိုင်းပြည်ဟာ ပိတ်ဆို့မွန်းကြပ်ခဲ့တယ်ဆိုတာ မမေ့လိုက်ကြပါနဲ့။ သမ္မတပုံကိုအပြောင်အပျက်ကာတွန်းတွေဆွဲပြီး သရော်လှောင်ပြောင်တာမျိုး၊ ဝန်ကြီးတစ်ယောက်ကို ငယ်ပေါင်းကြီးဖော်လို ဆက်ဆံရုံမက၊ ဆဲဆိုပြောဆိုနေမျိုးဟာ အိပ်မက်တောင် မမက်ရဲခဲ့ကြပါဘူး။ အဲသလိုပြောဖို့နေနေသာသာ ကိုယ့်ဟာကိုယ်တောင် စကားတောင် ကျယ်ကျယ်မပြောရဲတဲ့ခေတ်၊ လေတောင် ကျယ်ကျယ်မလည်ရဲတဲ့ခေတ် လို့ပဲ ဆိုပါရစေ။ အဲသလိုခေတ်ထဲမှာ စိတ်ပင်ပန်းမှုတွေနဲ့ ကြီးပြင်းခဲ့ကြရတာ။

အဲသလို အရွယ်နဲ့မလိုက်အောင် စိတ်ပင်ပန်းလေးလံမှုတွေကြားထဲက၊ စိတ္တဇညတွေရဲ့ခြောက်လှန့်ခံရမှုတွေထဲမှာပဲ ငယ်ဘဝရဲ့ ကြည်နူးသာယာစရာ ဘဝအရသာလေးတွေကို ခံစားခွင့် ရခဲ့ပါသေးတယ်။

ကျမဟာ ငယ်စဉ်ကတည်းက အခန်းတံခါးပိတ်ပြီးစာအုပ်တွေကြားမှာ ပျော်မွေ့တတ်သူ။ စာအုပ်တွေဆိုပေမယ့်လည်း မိဘတွေရဲ့ စီစစ်ရေးဖြတ်ထားပြီးသား ဟိုတုန်းကတော့ ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့ဖူးတဲ့ စာအုပ်တွေပါ။ ဂျူးရဲ့ ‘အမှတ်တရ’ လို စာအုပ်မျိုးကို အဒေါ့်အိမ်ကို တကူးတကသွား၊ အဒေါ့်အိပ်ရာထဲမှာ အဒေါ်ရုံးသွားနေတုန်း စောင်ခေါင်းမြီးခြုံဖတ်ခဲ့ရတာ။ ‘အမှတ်တရ’ ကိုလည်း အဲဒီခေတ်တုန်းက စာရေးဆရာကြီးတွေက တော်တော်လေးကို ဝေဖန်ထားတာတွေကိုလည်း မှီလိုက်သေးတယ်။ ဒါပေမယ့် ဆရာမဂျူးရဲ့စာတွေက အဆိပ်အတောက်ဖြစ်စေလား မဖြစ်စေလားတော့ မသိဘူး၊ သူ့စာတွေဖတ်ပြီးလည်း ရည်းစားသနံထားချင်စိတ်ဖြစ်ဖို့နေနေသာသာ အဝေးမှာပဲ ကျောင်းသွားတက်ချင်နေခဲ့တယ်။ အဒေါ်တွေက ‘အမှတ်တရ’ ဆို ဖြစ်ကြလွန်းလို့သာ ခိုးဖတ်ကြည့်ခြင်းပါ။ ဒီကြားထဲမှာလည်း ‘တော်လှန်လို့ရရင် တော်လှန်၊ တော်လှန်လို့ မရတော့ဘူးဆိုရင် ပူးပေါင်းလိုက်ပါ’ ဆိုတဲ့ အင်္ဂလိပ်စကားပုံထဲကလို တိုင်းပြည်ရဲ့ချွတ်ချော်နေမှုတစ်ခုကို တော်လည်း မတော်လှန်တတ်၊ ပြင်လည်း မပြင်တတ်၊ အသက်ပေးမယ်ဆိုတဲ့ ရဲရဲတောက်သတ္တိလည်း မရှိဆိုတော့ ထွက်ပေါက်ကတော့ နိုင်ငံခြားကိုထွက်စာသင်မယ်၊ အတွေ့အကြုံယူမယ်ဆိုတဲ့ စိတ်ကပဲ လွှမ်းခြုံနေခဲ့တယ်။ ဗြိတိသျှသံရုံးမှာ အင်္ဂလိပ်စာသင်တန်းတွေတက်တယ်၊ ဖေဖေပေးတဲ့ စာအုပ်တွေထဲက Newsweek တို့ Time စတဲ့ မဂ္ဂဇင်းတို့ကို မရ-ရအောင် ကြိုးစားဖတ်ပါတယ်။ အဲဒီတုန်းက ဝါကျတစ်ကြောင်းမှာ အလုံး၃၀ ရှိတယ်ဆိုရင် ၂၈ လုံးလောက်ကို နားမလည်ပါဘူး။

တစ်ခါတစ်ခါ လသာတဲ့ညတွေမှာ ဝရံတာထွက်ပြီး၊ လက်ထဲမှာ အဲဒီမဂ္ဂဇင်းလေးတွေကိုင်ပြီး ကောင်းကင်ကြယ်တွေကိုကြည့်လို့ တစ်နေ့မှာ ဒီမဂ္ဂဇင်းတွေထဲက စာတွေကို တစ်လုံးမကျန် ဖတ်တတ်ချင်ပါတယ်လို့ ဘုရားကိုတောင် တိုင်တည်ဆုတောင်းခဲ့ရဖူးတယ်။ ကျမဟာ အဲသလို စာအုပ်တွေကြားမှာနေတာများတော့ လူတွေနဲ့နေရတာ မွန်းကြပ်လာတတ်တယ်။ အပေါင်းအသင်းကလည်း နည်းနည်းလေးပဲ ရှိခဲ့တယ်။ ဒါပေမယ့် ရှိတဲ့သူငယ်ချင်းတွေထဲမှာ တစ်ယောက်ကလွဲလို့ ကျန်တော်တော်များများဟာ လူတွေအကြောင်းကို တော်တော်လေး သိတဲ့ သူငယ်ချင်းတွေ ဖြစ်နေခဲ့တာကိုပဲ ကျမမှာ ကျေးဇူးတင်နေရတယ်။

အဲသလို အပြင်စာတွေဖတ်ရင်း တစ်ချိန်တည်းမှာပဲ ဝိုင်းကျူရှင်ကိုလည်း တက်ရပါသေးတယ်။ အခုအချိန်မှာ ပြန်စဉ်းစားရင် လုံးဝ မလိုအပ်ခဲ့တာတစ်ခုကို သူများတွေလုပ်လို့လုပ်ခဲ့ခြင်း တစ်ခုပါပဲ။ အင်္ဂလိပ်စာဝိုင်း၊ သင်္ချာဝိုင်း စတာတွေကို တက်ပါတယ်။ ဘာများရေရေရာရာတတ်လည်းဆိုတော့လည်း မတတ်ပါဘူး။ စာမေးပွဲမှာ ပါနိုင်တာတွေကို ထပ်ခါတလဲလဲ ပြန်ကျင့်ပေးနေကြတဲ့ သဘောပါပဲ။ အဲသလို ကျောင်းနဲ့အိမ်ပဲ ကျင်လည်ဖူးတဲ့ ကျမဟာ တစ်ညမှာတော့ တစ်ဘက်လမ်းက ကျုရှင်ဝိုင်းတစ်ခုကို သွားတက်ရပါတယ်။ အတန်းတင်စာမေးပွဲနီးနေလို့ ညဘက်အထိ ကျုရှင်သွားတက်ရတာကို အခု ပြန်တွေးရင် နားမလည်ပါဘူး။ ဖေဖေကော မေမေကကော ဝိုင်းကျူရှင်ကို အားမပေးပေမယ့် တစ်တန်းလုံးကတက်ပြီး၊ ကိုယ်က မတက်ရတော့ အားငယ်သလိုလို ဖြစ်လို့ အိမ်ကိုပူဆာပြီး သွားတက်ပါတယ်။

အပြန်မှာတော့ ညက ၁၀နာရီလောက် ရှိပါပြီ။ ပြန်စဉ်းစားရင် တော်တော်လေး ကျောချမ်းမိတယ်။ အသက်လေးတွေက ၁၂ နှစ် ၁၃နှစ်မှာ၊ ဒီလိုအချိန်ကြီး မိန်းကလေးတွေ လမ်းလျှောက်ပြန်ရတယ်ဆိုတာ တော်တော်လေးကို မဖြစ်သင့်ခဲ့ပါဘူး။ အိမ်ကကော ဘာလို့လွှတ်သလဲ။ ပြောစကားနားမထောင်တဲ့ ကျမရဲ့ ဂျစ်ကန်ကန် တော်လှန်စိတ်ကြောင့် ဖြစ်မယ်ထင်တယ်။ ကျမဟာ မေမေနဲ့အငြင်းပွားတဲ့ နေ့တွေမှာ ‘အိမ်ကနေထွက်ပြေးပြီလို့ မေမေ့ကိုပြောလိုက်’ လို့ ကျမ အထိန်းတွေကိုမှာပြီး၊ အိမ်နဲ့မဝေးတဲ့ ကျောင်းဝင်းကြီးထဲက ခရေပင်အောက်မှာ သွားသွားထိုင်တတ်ခဲ့တယ်။ နောက် ဘယ်သူမှ လာမခေါ်လို့ ကိုယ့်ဟာကိုယ်ပဲ ဖုတ်ဖက်ခါထပြီး အိမ်ပြန်ရတယ်။ (လာမခေါ်ဆို ကျမသွားတဲ့ ကျောင်းဝင်းက အပြင်လူဖြတ်သွားဖြတ်လာ မရှိတဲ့ ပရိတ်ဗိတ်ကျောင်းဝင်းတစ်ခု)

အဲသလို ညကြီးကျူရှင်သွားတက်တုန်းက ကျမတို့အထင်မှာ ဒီအနီးအနားမှာ ကိုယ့်ကိုသိတဲ့လူတွေချည်းပဲ၊ ပတ်ဝန်းကျင်ကလည်း ငြိမ်းချမ်းတယ်ဆိုတဲ့ ယုံကြည်မှု ရှိခဲ့တယ်။ နောက်တစ်ခုက အတူတူတွဲနေတဲ့ သူငယ်ချင်းမိန်းကလေးတွေထဲမှာကလည်း ကရာတေးခါးပတ် အဝါက စလိုက်တာ ခရမ်းအဆင့်ထိ ရောက်နေသူတွေလည်း ရှိသေးတယ်။ အဲသလိုသူငယ်ချင်းတွေအထဲမှာမှ ခါးပတ်စိမ်းအဆင့် သူငယ်ချင်းက အိမ်နောက်ဘက်တင် နေတာ။ ကျမက သူ့ကို အရမ်းသဘောကျတယ်။ မိန်းကလေးတွေဟာ ၁၃၊ ၁၄၊ ၁၅ ဆိုရင် ရှက်သလိုလို၊ ရွံ့သလိုလိုနဲ့ မလှုပ်တလှုပ်လေးတွေ ဖြစ်လာတာများတယ်။ ယောင်္ကျားလေးတွေကလည်း တစ်စုံတစ်ရာကို မျှော်လင့်နေတဲ့ မျက်နှာလေး၊ ရှက်နေတဲ့ မျက်နှာလေး၊ မခို့တရို့မျက်နှာလေး၊ မြန်မာအကျီ င်္ဝတ်ပြီး ယဉ်ကျေးသိမ်မွေ့ ရှက်ကြောက်တိုးတိတ်နေတာတွေကို ပိုကြိုက်ကြတတ်တယ်လို့ သူငယ်ချင်းယောင်္ကျားလေးတစ်ယောက်ဆီက နှစ်တွေအကြာကြီးနေမှ သိခွင့်ရတယ်။ ကျမ သူငယ်ချင်းကတော့ ဆရာမမေငြိမ်းလိုပဲ ခါးပေါ်မှာကြောက်လို့၊ ရှပ်အကျီ င်္အဖြူလက်ရှည်ဝတ်လေ့ရှိတယ်။ ဒါ့အပြင် သူက ထမီတရွတ်တိုက်၊ ဆံပင်ဂုတ်ဝဲကို ဖွားကနဲဖွားကနဲပျံအောင် လမ်းလျှောက်ပြီး၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ပုံနဲ့။ အဲဒီခေတ်က မိန်းကလေးတွေဟာ လမ်းလျှောက်ရင်လည်း ခေါင်းကလေး ငုံ့ပြီး မျက်စိက အပေါ်ကိုတောင် လှန်မကြည့်တဲ့ခေတ်။ ကျမ သူငယ်ချင်းကတော့ မေးစေ့နဲ့မြေကြီး မျဉ်းပြိုင်တန်းနေအောင် မျက်နှာတည့်တည့်ထားပြီး အဝေးကြီးကို စူးစိုက်ကြည့်လျှောက်တတ်သူ။ သူ့လက်ကောက်ဝတ်ကို ဘယ်အချိန်မဆို ဖတ်ကနဲဖမ်းချုပ်လိုက်ရင် စက္ကန့်ပိုင်းအတွင်း ဖျတ်ကနဲ လွတ်သွားအောင် ရုန်းထွက်သွားတတ်သူ။ အမြဲတမ်း သတိအနေအထားနဲ့ ရင်ဘတ်ကြီးကော့နေတတ်သူ။

ကျမကလည်း သူ့ကို အရမ်းအထင်ကြီးပြီး ကျူရှင်ကနေ အတူတူပြန်လာကြတယ်။ ကျူရှင်က အထွက်မှာတော့ တစ်အုပ်ကြီးပါပဲ။ တဖြည်းဖြည်းလမ်းခွဲကုန်တော့ သူနဲ့ကျမပဲ ကျန်ခဲ့တယ်။ အိမ်ကလူတစ်ယောက်မှ မပါဘဲ ည ၁၀နာရီ လမ်းပေါ်ထွက်ခွင့်ရတာ ကျမ အတွက်ကတော့ မဟာအခွင့်အရေးကြီးဖြစ်တယ်။ ဒီအရွယ်ကြီးမှာ အိမ်ကတစ်ယောက်ယောက်နဲ့ သွားနေရတယ်ဆိုတာ အလွန်ရှက်စရာအဖြစ်လို့လည်း ကျမ မြင်တယ်။ မိဘတွေနဲ့လည်း ဒီလိုမလုပ်ဖို့ ခဏခဏ အငြင်းပွားရတယ်။ ကျမကို ယုံကြည်စိတ်ချမှု မရှိလို့လားလို့လည်း ကျမက မေမေ့ကို မေးတတ်သေးတယ်။ ဖေဖေနဲ့ မေမေကတော့ ဖြေတတ်ပါတယ်။ “သမီးကို မယုံလို့မဟုတ်ဘူး၊ ပတ်ဝန်းကျင်နဲ့ အခြေအနေကို မယုံလို့” တဲ့။

အဲဒီညကတော့ သူငယ်ချင်းတွေနဲ့ လမ်းမကျယ်ကြီးပေါ် လမ်းလျှောက်ရတာဟာ ကျမအတွက်တော့ တစ်ကယ့်ကို ရင်ခုန်စရာ ညပါပဲ။ ဘယ်မှလည်း သိပ်မထွက်တတ်တဲ့ ကျမဟာ ထွက်မယ့်ထွက်တော့လည်း ညအချိန် ၁၀နာရီ ၁၁နာရီ။ ကောင်းကင်ကြယ်တွေက ပိုလက်နေသလို၊ ညဟာ ပိုတောက်ပနေသလိုပဲ။ ပန်းနံ့တွေကလည်း တစ်ကယ်ကို သင်းပျံ့နေတာဆိုတာ။ လမ်းမပေါ်မှာလည်း ကားတစ်စင်းမှ မရှိတော့ဘူး။ သိပ်ပျော်စရာကောင်းတယ်။ ယောင်္ကျားလေးတွေ ဘာဖြစ်လို့ လူခြေတိတ်ရင် လမ်းမတွေပေါ်သီချင်းအော်ဆိုကြလည်း ဆိုတာကို အဲဒီတော့မှ ခံစားလို့ရတယ်။ ကျမလည်း သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ညည်းမိလိုက်သေးတယ်။

သီချင်းတောင် ဆိုလို့ မဆုံးခင် မှောင်ရိပ်ထဲကနေ လူနှစ်ယောက်ထွက်လာတယ်။ ဆယ်ကျော်သက်တွေပေမယ့် ကျမတို့ထက်တော့ ကြီးပါပြီ။

“ဘယ်က ပြန်လာကြတာလဲဟင်”
“ ဟိုလမ်းလေးထဲက ထွက်လာကတည်းက တို့က ကြည့်နေတာ”
“ချောတယ်နော်၊ ချစ်စရာလည်း ကောင်းတယ်”

အဲသလို စကားတွေကြားမှာ လူကတစ်ကိုယ်လုံး ကြောက်စိတ်ရှက်စိတ်နဲ့ တုန်ချင်သလိုလို ဖြစ်လာတယ်။
“နောက်ညတွေတွေကော တွေ့ကြဦးမှာလားဟင်၊ တို့ ဒီနားလေးကပဲ စောင့်နေမယ်နော်”

အဲဒီမှာ ကျမသူငယ်ချင်းက “ဘာပြောတယ်” ဆိုပြီး အသံကျယ်ကြီးနဲ့ အော်လိုက်ပြီး ကျမလက်ကိုဆွဲပြီး ပြေးတော့တာပါပဲ။ ကျမကလည်း သူငယ်ချင်းက ‘ဘာပြောတယ်’ ဆိုပြီးအော်လိုက်တဲ့အချိန်မှာ နီးရာလူတစ်ယောက်ကို အံကြိတ်ပြီး စိုက်ကြည့်ပစ်လိုက်တယ်။ တစ်ကယ်ကတော့ ဒူးတွေက ညွှတ်ခွေမတတ်ကြောက်နေခဲ့တယ်။ သူငယ်ချင်းကလည်း ကျမလက်ကို ကြောက်ကြောက်နဲ့ဆုပ်ကိုင်ပြီး သုတ်ခြေတင်တာ လက်ကောက်ဝတ်မှာတောင် ညိုမဲစွဲတယ်။ ကျမလည်း ကိုယ့်ကိုကိုယ်အပြေးသန်မှန်း အဲဒီညကမှ ကောင်းကောင်း သိခဲ့ရတယ်။

ကျမတို့ နေတဲ့လမ်းထဲရောက်တော့မှ သက်ပြင်းချနိုင်ကြတယ်။ လမ်းထဲမှာလည်း သစ်ပင်တစ်ပင်အောက်မှာ ဂစ်တာတီးနေတဲ့ ကောင်လေးတွေ ရှိနေတယ်။ ဒါပေမယ့် သူတို့က ကိုယ့်လမ်းထဲက မိန်းကလေးတွေကိုတော့ အနေရခက်အောင် ဘယ်တော့မှ စ နောက် လေ့ မရှိကြဘူး။
(ကျမတို့ငယ်ငယ်တုန်းက လမ်းသရဲခေတ်လို့ ထင်တယ်။ တစ်ကယ်ကတော့ ခေတ်တိုင်းက လမ်းသရဲခေတ်ပဲ။ လူကြီးတွေ မျက်စိမှာ ခရော့စ်ဖြစ်နေရင် ဒါ လမ်းသရဲခေတ်လို့ ဆိုလိုက်ကြတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဝတ်စားဆင်ယင်ပုံဟာ သူ့ခေတ်နဲ့သူ အမြဲပြောင်းနေကြတော့ လူကြီးတွေကလည်း လွယ်လွယ်နဲ့ လမ်းသူရဲဆို ပြောလိုက်တာဖြစ်မယ်။

နောက်တစ်ခုက ကျမတို့အလယ်တန်းလောက်ကစပြီး တက္ကသိုလ်ကျောင်းသားတွေဟာ ပုဆိုးတိုတိုဝတ်ပြီး လွယ်အိတ်မှာ ထမင်းဗူးကို ချိတ်တဲ့ ဖက်ရှင်ထွက်လာတယ်။ အဲသလို ဝတ်စားပုံဟာ ဟိုခေတ်ကသူတောင်းစားတွေရဲ့ ဝတ်စားပုံမျိုးလို့ ဆိုကြတာတွေကိုလည်း ကြားဖူးခဲ့တယ်။ ကျမတို့ တက္ကသိုလ်ကျောင်းသားတွေ ဝတ်စားပုံနဲ့ ၁၉၆၀ခုနှစ်တွေတုန်းက တက္ကသိုလ်ကျောင်းသားတွေ ဝတ်စားပုံဟာ အလွန်ကွာတယ်ဆိုတာကိုလည်း ဓာတ်ပုံတွေအရ ကျမ သိခဲ့ရတယ်။ မေမေတို့ခေတ်တုန်းက တက္ကသိုလ်ကျောင်းသားတွေဟာ အရမ်းယောင်္ကျားပီသတယ်လို့လည်း ကျမ ထင်မိတယ်။ ဆံပင်တွေကလည်း သိပ်သပ်ရပ်တယ်။ ၁၉၈၀ခုနှစ်တွေမှာ တက္ကသိုလ်ကျောင်းသားတွေဟာ လွယ်အိတ်မှာ ထမင်းဗူးကိုချိတ်ပြီး ပုဆိုးတိုတိုဝတ်နေကြတဲ့အတွက် အတိတ်နမိတ်မကောင်းဘူး၊ မကြာခင် တိုင်းပြည်ပျက်တော့မယ်လို့လည်း ဆိုသံတွေကို ကြားခဲ့ရတယ်။ တစ်ကယ်လည်း ပျက်ခဲ့တယ်။ အချို့အတွက်ဆို ဘဝတွေ ပျက်ခဲ့ရတယ်။ ဒါပေမယ့် greater good အနေနဲ့ကြည့်မယ်ဆိုရင်တော့ တိုင်းပြည်ရေရှည်ကောင်းဘို့ ဘဝတွေပျက်ပေးခဲ့ကြတာ၊ ကိုယ်ကျိုးစွန့်ခဲ့ကြတာလို့ ဆိုလို့ရနိုင်ပါတယ်။ ဒီစနစ်ဟာ ဒီနည်းနဲ့မှ မတော်လှန်ရင် အခြားနည်းလမ်း မရှိခဲ့ဘူးလို့ပဲ ဆိုရမယ်)

အဲသလို ညကြီးကျူရှင်ကအပြန် စနောက်ခံထိလို့ ကျမလည်း နောက်နေ့ ကျူရှင် မသွားရဲတော့ဘူး။ တစ်နေ့လုံးလည်း အဲဒီကိစ္စကိုတွေးနေမိတယ်။ နောက်နေ့ ည ကျတော့ သူငယ်ချင်းကျူရှင် သွား-မသွား အိမ်နောက်ဘက်ကနေ သူ့အိမ်ဘက်ကို ကြည့်လိုက်တယ်။ သူ့အခန်းက မီးလင်းနေတယ်။ ဒါနဲ့ ကျမလည်း ခြံနောက်ဆင်းသွားပြီး ခြံစည်းရိုးနဲ့ကပ်ရက် ပိန္နဲပင်နားကနေ သူ့ကို လှမ်းခေါ်တယ်။ ကျမနဲ့ သူ့အမည်ကလည်း တော်တော်လေး ဆင်တယ်။ ဥပမာ.. သူ့အမည်က သန္တာ ဆိုရင် ကျမ အမည်က သီတာ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ခေါ်ရင် အမည်ကို အမြန်နှုန်းနဲ့ခေါ်တော့ “သာ..ရေ” လို့ ထွက်တယ်။

ကျမလည်း ပိန္နဲပင်နားကနေ ‘သာ..ရေ’.. ‘သာ ရေ’ .. နဲ့ ခေါ်တာပေါ့။ အရင်တုန်းကဆို သူ့အခန်းပြူတင်းပေါက်ကနေ ကိုယ်တစ်ပိုင်းထွက်လာတတ်တယ်။ အခုက ဘာသံမှ ပြန်မလာတော့ ကျမလည်း ကိုယ့်အခန်းထဲ ကိုယ်ပြန်လာခဲ့တယ်။ အခန်းထဲမှာ မနေ့ညက ကိစ္စကို ကြိတ်ခံစားနေရပြီး တလူးလူး တလိမ့်လိမ့်ဖြစ်နေတယ်။ ကိုယ်နေပုံထိုင်ပုံမတတ်လို့ ဒီလိုစခံရတာလားလို့ ကြီးကြီးကျယ်ကျယ်တွေလည်း တွေးပစ်လိုက်တယ်။ ခဏနေတော့ အိမ်ဘေးခြံစည်းရိုးနားကနေ ‘သာ..ရေ’.. ‘သာ ရေ’ ဆိုပြီး သူငယ်ချင်း လှမ်းခေါ်သံကို ကြားလိုက်ရတယ်။ ကျမလည်း လူးလဲထပြီး အိမ်အောက်ဆင်းသွားတယ်။ ကျမတို့ခေတ်က ခုခေတ်လို ဆဲလ်ဖုန်းတွေလည်း မရှိဘူး။ လက်ပ်တော့တွေလည်း မရှိဘူး၊ အိမ်ကဖုန်းတွေနဲ့ စကားပြောရတာကလည်း မလွတ်လပ်တော့ ပန်းခြံစည်းရိုးဘေးမှာပဲ ပြောကြတာ များတယ်။

ကျမတို့ စကားပြောနေကျနေရာက ပန်းခြံစည်းရိုးက ခါးကျော်ရုံလေးပဲ ရှိတယ်။ ကရာတေးသမားဆိုတော့ သူက မထိအောင် ခုန်ကျော်လာနိုင်သေးတယ်။ အဲဒီညကတော့ သူလည်း ခုန်နိုင်တဲ့ အားရှိပုံ မရဘူး။ ခြံစည်းရိုးတစ်ဘက်မှာပဲ ငူပြီး ရပ်နေတယ်။

“နင်ဘာပြောမလို့လဲ၊ ခုနက ငါ ရေအိမ်ထဲရောက်နေလို့”

သူက ဆိုတော့ မနေ့ညကအဖြစ်ကို ကျမ ပြန်ကျော့တယ်။ ကျော့ရုံမကဘူး။ ရင်ထဲရှိသမျှ ပြောမိတယ်။ အဲဒီခေတ်ကလည်း မိန်းမကောင်းဆို ည မထွက်ရဘူးတွေ ဘာတွေ ရှိတော့၊ ကျမကလည်း အတွေးက ခေါင်နေတာလည်း ပါတယ်။

“အဲဒါ… ငါ တို့ကို ဟိုဟာတွေထင်လို့”
“ဘယ်ဟာတွေလဲ”
သူငယ်ချင်းက မျက်လုံးပြူးပြီး မေးတယ်။
“သြော်.. ဟိုဟာတွေပါလို့ ဆိုနေ”
“ဘယ်ဟာတွေလဲကွ ဟေ့ကောင်ရ”
သူက စိတ်တိုလာတယ်။ အဲဒီမှာ ကျမကလည်း ပိုစိတ်တိုလာတယ်။

“ကြက်… ကြက်…၊ ငါတို့ကို ကြက်တွေထင်လို့ နောက်နေ့ညတွေ တွေ့ဦးမှာလား၊ ဒီနားကစောင့်နေမယ်ပြောတာပေါ့ဟဲ့၊ အဲဒီလောက်တောင် မသိဘူးလား”

ကျမပြောချလိုက်ချိန်မှာ သူ့ဆီက တဟီးဟီးနဲ့ ငိုသံကြီးထွက်လာပါလေရော။ ကျမ တော်တော်အံ့သြသွားတယ်။ အဲဒီခေတ်က ကိုယ့်ထက်စီနီယာမိန်းကလေးတွေ ထမီကိုဒူးအထိတိုဝတ်ပြီး နနွင်းတွေနဲ့သနပ်ခါးရောလူးလို့ ဝါထိန်ချောညက်နေတဲ့ ခြေသလုံးသားတွေ အလှဖော်ပြီး၊ ဆင်မယဉ်သာလျှောက်နေကြချိန်မှာ၊ သူ့လို ဆံပင်ဂုတ်ဝဲကို ဖွားကနဲဖွားကနဲပျံအောင် လမ်းလျှောက်ပြီး၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့၊ အမြဲတမ်းရင်ကော့ပြီး ရန်သူအတွက် အဆင်သင့်ရှိနေတတ်တဲ့ ခါးပတ်အစိမ်းအဆင့်က အဲသလိုကြီးငိုတော့ ကျမလည်း ငိုချင်လာတယ်။ တစ်ကယ်ဆို ကျမက မနေ့ညကတည်းက ငိုချင်နေခဲ့တာအတော်ပဲဖြစ်သွားတယ်။ ကျမနဲ့သူ ပန်းခြံစည်းရိုးကိုအလယ်မှာထားပြီး ကြက်လို့အထင်ခံရပါပြီဆိုပြီး ဖက်ပြီး ငိုကြတယ်။

အဲဒီရပ်ကွက်ထဲလည်း နောင်ဘယ်တော့မှ မသွားဘူးလို့ ဆုံးဖြတ်ကြတယ်။ နောက်တစ်နေ့ ကျောင်းသွားရမှာတောင် ကြောက်နေခဲ့ကြတယ်။ တော်တော်ကို အူကြောင်ကြောင် နိုင်ခဲ့ကြတယ်။

အဲသလိုအဖြစ်အပျက်တွေ ဖြစ်လို့ ကိုယ့်ကိုကိုယ်ကာကွယ်ရမယ်ဆိုတဲ့ စိတ်နဲ့၊ ကျမ သူငယ်ချင်းက ကျမကို ကရာတေး တတ်သင့်တယ်လို့ ဆိုတယ်။ ဒါပေမယ့် အိမ်က သဘောမတူတာကော၊ ကျမ ကိုယ်တိုင် အပေါ်ပိုင်းကြီးမှာ ကြောက်တာနဲ့ကော မသင်ဖြစ်ဘူး။ အပေါ်ပိုင်းကြီးမှာ ကြောက်တာကတော့ သူငယ်ချင်းမိန်းကလေးတွေက ဂျူဒိုကရာတေးသမားတွေဆိုတော့ ဆရာတွေကသင်ထားပေးလို့ ပခုံးကြီးတွေနဲ့လက်တွေကို ကားလျှောက်နေခဲ့ကြလို့ပါ။ တစ်ကယ်တော့ မကားပါဘူး - ကားတဲ့ပုံဖမ်းထားကြတာပေါ့လေ။ အဲဒီတော့ သူငယ်ချင်းက ကျမကို ညညလူခြေတိတ်ရင် အိမ်နောက်က မန်ကျည်းပင်ကြီးအောက်မှာ မိဘတွေ မသိအောင် သင်ပေးမယ်လို့ ဆိုလာတယ်။ ကျမလည်း ဝမ်းသာအားရနဲ့ သဘောတူလိုက်တယ်။

(ဖြည်းဖြည်းပဲ ဆက်ခွင့်ပြုပါရှင်..)

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၁)

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၂)

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၃)

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

 

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

1 Comment »

  1. ဖတ်လို့ ကောင်းတယ် …. မလေးရေ … နှစ်သစ်မှစ ပျော်ရွှင်ပါစေနော် …

    Comment by Than Lae — January 3, 2014 @ 10:31 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------