♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

December 17, 2013

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၂)

myathilar.jpg ဒီလိုနဲ့ ‘မြသီလာအလွမ်းပြေ’ ရဲ့ ညံ့သက်စွာ နှိပ်စက်ခံရတဲ့ တလူးလူး တလိမ့်လိမ့်ညတွေရဲ့ အဆုံးမှာ၊ book review လည်း မဟုတ်၊ စာအုပ်လေးကို ထပ်မံမိတ်ဆက်ပေးခြင်းလည်း မမြည်တဲ့၊ ကိုယ့်အကြောင်းတွေကို ဆရာမရဲ့ ‘မြသီလာအလွမ်းပြေ’ နဲ့ ချိန်ထိုးခြင်းလို့ ဆိုလို့ရတဲ့စာတွေကို၊ နှလုံးသားကကော ဦးနှောက်ကပါ တရဟော ထထ ရေးနေတော့တာပါပဲ။ တစ်ကယ်ကတော့ စာအုပ်ထဲကစာတွေကို တစ်ပုဒ်ဖတ်ပြီးတိုင်း ဆရာမမေငြိမ်းကို ကိုယ့်ရင်ထဲက စကားတွေ၊ ကိုယ်ဖြစ်ခဲ့တဲ့ အဖြစ်တွေကို တသွင်သွင်ပြောနေမိတဲ့ အဖြစ်မျိုး။

ဆရာမပြောတဲ့ ခင်မောင်တိုး၊ ခင်ဝမ်း၊ ခိုင်ထူး၊ မွန်းအောင်တို့ဆိုတာက အလယ်တန်းကျောင်းသူ ဘဝထဲက စူးစူးရှရှ နားထောင်ခဲ့ဖူးတယ်။ အထူးသဖြင့် ခိုင်ထူးနဲ့ မွန်းအောင်။ မူလတန်းနဲ့အလယ်တန်းကာလ စပ်ကြားလောက်ကစပြီး ကော်နီ၊ ဟေမာနေဝင်း၊ မေဆွိ စတဲ့ နိုင်ငံကျော်တေးသံရှင်တွေရယ်၊ ခင်မောင်တိုး၊ ခင်ဝမ်း၊ ခိုင်ထူး၊ မွန်းအောင်တို့ရဲ့ တေးသံတွေရယ်က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်ကို လက်ဘက်ရည်ဆိုင်တွေကနေ ဖိတ်စင်ကျလာနေတာ တရဟော။ မိန်းကလေးတေးသံရှင်တွေရဲ့ သီချင်းတွေထဲမှာ ‘ကိုကိုရေ သိပ်ချစ်တယ်.. အစွဲကြီးစွဲမိပြီရှင်’ တို့၊ ‘မခင်ချင်လည်း ရပါတယ်၊ မကြင်ချင်လည်း ရပါတယ်၊ ရင်ထဲက သမီးရဲ့ဦးကို အမြဲတမ်းနားလည်မယ်’ ဆိုတာတွေကိုလည်း မကြားချင်မှ အဆုံး။

ဂျေမောင်မောင်ရဲ့ ‘အချစ်ရေ့ နေလို့မှ ကောင်းရဲ့လား’ နဲ့ စပြီး ရင်းနှီးရတဲ့နေ့က မန်းချောင်းရေမျက်နှာပြင်ပေါ်က ဝါးတံတားလေးပေါ်မှာ။ အဲဒီတုန်းက ကျမ ဂါဝန်ဝတ်ဆဲ အရွယ်။ သနပ်ခါးပါးကွက်ကြားနဲ့ ဂါဝန်ကလေးနဲ့ မိသားစုတည်းခိုနေတဲ့ ရွှေစက်တော်ဘန်ဂလိုတစ်ခုရဲ့ရှေ့က ဝါးတံတားလေးပေါ်မှာထိုင်ပြီး၊ နေဝင်ရီတရောမှာ အေးမြစွာ တသွင်သွင်စီးကျနေတဲ့ တောင်ကျချောင်းရေထဲ ခြေထောက်ချပြီး ချောင်းအထက်ပိုင်းကို ငေးနေခဲ့စဉ်ကပေါ့။ ဂျေမောင်မောင်ရဲ့ ဆွေးဆွေးမြေ့မြေ့အသံဟာ ဟိုးတောင်ပေါ်ကနေ တောင်အောက်ကချောင်းရေထဲ လက်ပံသီးကလေး ဝေ့ကနဲဝိုက်ကနဲ ကြွေကျလာသလို့ တောင်နံရံတွေကို ပဲ့တင်ခတ်လို့ စီးမျောလာတယ်။ ရင်ထဲမှာ ဘာကိုလွမ်းရမှန်းမသိဘူးဖြစ်နေခဲ့တယ်။ အဲဒီအရွယ်ကလည်း ကလေးအရွယ်ကနေလူငယ်အရွယ်ကို ကူးကာစ၊ လွမ်းစရာနတ္တိပေမယ့်၊ လွမ်းတတ်ဆွေးတတ်ချစ်တတ်ဖို့ အရွယ်ကို အစပျိုးလာနေတဲ့ အရွယ်ထင်ပါတယ်။

အဲဒီတုန်းက ကျမအနားမှာ ဆရာမတို့အရွယ် တက္ကသိုလ်ကျောင်းသားတစ်အုပ်စုလည်း ရှိနေခဲ့တယ်။ အဲဒီအထဲမှာ အစ်မကြီးတစ်ယောက်က ညနေခင်းရေမိုးချိုးအပြီး အလှတွေပြင်ထားပြီး တစ်ယောက်ထဲ ထိုင်ဆွေးနေတယ်။ သူမ နဲ့ မလှမ်းမကမ်းမှာ သူမတို့အရွယ် အစ်ကိုကြီးတစ်ယောက်ကလည်း တစ်ယောက်ထဲ ထိုင်ငေးနေတယ်။ အဲဒီညနေက လေပြင်းနေတယ်။ လေထဲမှာလည်း အကြော်နံ့တွေက တသင်းသင်း။ အဲဒီအချိန်မှာ အစ်မကြီးက ရုပ်ရှင်ထဲကပုံစံအတိုင်း ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး ပြန်ဖို့ဟန်အပြင် သူ့ခါးမှာ ချိတ်ထားတဲ့ လက်ကိုင်ပုဝါလေးက ပြုတ်ပြီး ရေစီးနဲ့အတူ မျောသွားတယ်။ (အဲဒီတုန်းက မိန်းကလေးတွေ လက်ကိုင်ပုဝါကို ဒိုင်းမွန်းပုံသေသပ်စွာခေါက်ပြီး ခါးမှာ ထိုးကြတဲ့ အချိန်။ ဆရာမ မေငြိမ်းကတော့ ခါးကြားမှာ ပဝါထိုးမယ် မထင်ဘူး။ သူ့စာထဲက အရ ခါးပေါ်တာမကြိုက်လို့ ဂျက်ကတ်လို အနွေးထည်လို အရှည်လေးဝတ်တယ်လို့ ဆိုထားတာကိုး။

‘ဟယ်.. လက်ကိုင်ပုဝါလေး လွင့်သွားပြီ၊ ကောက်ပေးပါဦး’

ထိုင်နေတဲ့ အစ်ကိုကြီးကို ခုနက အစ်မကြီးက လှမ်းပြီး အကူညီတောင်းတယ်။ ဟိုအစ်ကိုကြီးက မလှုပ်ဘူး။ ကျမ အရမ်းအံ့သြသွားတယ်။ တစ်ကယ်ဆို မိန်းကလေးတစ်ယောက်က အကူညီတောင်းတာကို ပေးဖို့သင့်တယ်လို့ ကျမ ထင်နေမိတယ်။ နောက်ပြီးရွှေစက်တော်ချောင်းရေဆိုတာကလည်း တိမ်တိမ်ကလေး။ အောက်မှာကလည်း ကျောက်စရစ်ခဲလေးတွေပဲ ရှိတာ။ အစ်ကိုကြီးက ရှက်နေတာလား ဒါမှမဟုတ် ပဲထုတ်နေတာလားတော့ မသိဘူး။ အစ်မကြီးကလည်းပဲ သူ့ဟာသူဆင်းကောက်လို့ ရတာပဲ။ ကျမလည်း တစ်ယောက်တည်း အတွေးတွေရှုပ် ဝါးတိုင်ကလေးကိုကိုင်ပြီး အစ်မကြီးကို တစ်လှည့်၊ ဟိုအစ်ကိုကြီးကို တစ်လှည့်၊ တရွေ့ရွေ့မျောသွားတဲ့ လက်ကိုင်ပုဝါလေးကို တစ်လှည့် ကြည့်နေခဲ့မိတယ်။ အစ်မကြီးက ခေါင်းလေးငုံ့ပြီး ထွက်သွားတယ်။ သူမရဲ့ လက်ကိုင်ပုဝါလေးက နေဝင်ဆည်းဆာအောက်မှာ မန်းချောင်းရေထဲ တဖြည်းဖြည်းရွေ့လျားကွယ်ပျောက်သွားတယ်။ ဂျေမောင်မောင်ရဲ့ အချစ်ရေ့.. သီချင်းကလည်း ဆွေးဆွေးမြေ့မြေ့။

ကျမ… ဂျေမောင်မောင်ရဲ့ အချစ်ရေ့ ကို အဲဒီမှာ စ သိခဲ့ရတယ်။

ကျမဟာ.. အဲဒီကြားထဲမှာ ဂစ်တာလေးကလည်း မတောက်တခေါက် တီးချင်သေးတော့ အချစ်သီချင်းတွေကို ဆိုဖို့ ကြိုးစားလာခဲ့တယ်။

‘အိပ်မက်ထဲမှာ လမင်းသာချိန်၊ တည်ငြိမ်တဲ့ညရဲ့ တိတ်ဆိတ်နေပုံရယ်…
နွေပန်းချီကားနှယ်၊ တွယ်ကာယှက်တွယ်
အာရုံဝယ်မျှင်းမျှင်း ဖမ်းစားထင်ကျန်ရစ်
ချစ်သောသူရယ်.. မောင့်အနားမှာကွယ်၊ သာယာစွာခွန်းဆိုတေးလိုချိုလို့တစ်ကယ်
ညင်သာဖွယ်စောင်းသံ ကြားမိလေသလားဟယ်..
မှုန်နံ့သာချယ် ပါးကလေးချိုင့်အောင် သူပြုံးတယ်…’

အဲသလို ကိုမွန်းအောင်က ဆိုလိုက်တာနဲ့ သူ့အသံကြားပြီး လူက နေရင်းထိုင်ရင်း လှိုက်ပြီးကို ငိုချင်သလိုလိုကို ဖြစ်လာခဲ့တယ်။ ကျမ ကြိုက်တဲ့ သီချင်းတွေကလည်း အဲသလို သီချင်းတွေပါ။ ‘ကိုကိုရေ သိပ်ချစ်တယ်.. အစွဲကြီးစွဲမိပြီရှင်’ တို့၊ ‘မခင်ချင်လည်း ရပါတယ်၊ မကြင်ချင်လည်း ရပါတယ်၊ ရင်ထဲက သမီးရဲ့ဦးကို အမြဲတမ်းနားလည်မယ်’ ဆိုတာတွေကိုတော့ နားထောင်မိရင် ကြက်သီးတွေထပြီး ရှက်သလိုလို၊ နေရခက်သလိုလိုကြီး။ အဲသလို သီချင်းဆိုရမယ်ဆိုရင် ရှက်တာဆိုတာလေ.. နားထင်တွေအထိ ရှိန်းကနဲ ရှိန်းကနဲ။ သူငယ်ချင်းတွေစုမိတော့လည်း မိန်းကလေးသူငယ်ချင်းတွေများတော့ ဘယ်သူကမှ ကိုယ်စိတ်ဝင်စားတဲ့ ‘အိပ်မက်ထဲမှာ လမင်းသာချိန်၊ တည်ငြိမ်တဲ့ညရဲ့ တိတ်ဆိတ်နေပုံရယ်’ တို့ ‘လေညှင်းသော့တဲ့ ချိုတေးနော့ရယ်၊ အရာရာအားလုံး ကျောခိုင်းစွန့်လို့၊ အချစ်ရဲ့ အပါးမှာ အေးငြိမ်းစွာပင်’ တို့ကို ဘယ်သူမှ မရကြဘူး။

နောက်တစ်ခုက ဖေဖေကိုယ်တိုင်က ‘မလိုတမာသူ သွေးထိုးစကား မင်းနားယောင်မိနေလေတော့ကွယ်၊ ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ’ ဆိုတာကို ဆိုဖို့နေနေသာသာ အဲသလိုသီချင်း ဖွင့်ရင်တောင် မကြိုက်ဘူး။ ကျမကလည်း ဘာရယ်မဟုတ် ရင်လှိုက်ပြီးကို အော်ဆိုချင်တာ၊ ကျမတို့ ထမင်းစားခန်းကလည်း ခေါင်ကအမြင့်ကြီးဆိုတော့ အိမ်မှာဘယ်သူမှ မရှိရင်၊ အဲဒီသီချင်းကို အရမ်းအော်ဆိုပစ်တာ။ ပဲ့တင်ထပ်နေတဲ့ ကိုယ့်အသံကို ကိုယ်ပြန်ကြားပြီး အရမ်းတွေလည်း ကျေနပ်နေခဲ့တာ။ အဲဒီတုန်းကတော့ ကာရာအိုကေဆိုတာလည်း မမြင်ဖူးသေးဘူးကိုး။

‘မိဘထက် ဘယ်သူမှ မယုံသင့်ဘူး။ မိဘက ကိုယ့်ကို အကောင်းဆုံးဖြစ်စေချင်တာ၊ မိဘဆိုတာ ဘယ်တော့မှ သွေးမထိုးဘူး’

ကိုယ့်ဟာကိုယ် ရိုးရိုးသားသား သီချင်းဖွင့်တာကို သူ့ဟာသူတွေ ပူလောင်ပြီး.. အဲသလို ဖေဖေက ပြောလေတော့တာပါပဲ။

‘ကိုကိုရေ သိပ်ချစ်တယ်’ သာ ဆိုမိလို့ကတော့ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းရကိန်းရှိလေတယ်။ ဒါကြောင့်လည်း ကျမ မှာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ သဘောမျိုးနဲ့ ‘ဟိုတစ်ဘက်ကမ်းရဲ့ တရားဒေသနာ၊ အာရုံဦးရဲ့ ငြိမ်းချမ်းမှုလေလား’ အဲသလိုနေရာမျိုးမှာ ဂစ်တာတီးတိုင်း ဖေဖေကြားအောင် ကျယ်ကျယ်ဆိုပါတော့တယ်။ မသိရင်တော့ တရားသီချင်းလိုလို ဘာလိုလိုပေါ့လေ။

အဲဒါလည်း ခဏပါပဲ….။ တစ်နှစ်လောက်ကြာတော့ အရွယ်ရောက်လာပြီမို့ ‘ကိုယ့်အသံပတ်ဝန်းကျင်က မကြားပါစေနဲ့’ ‘မိန်းကလေးမှာ နေ့သံရယ် ညသံရယ် ရှိတယ်၊ ညကြီးမှာ ဝရံတာထွက်ပြီး ဂစ်တာမတီးရတော့ဘူး’ ဆိုလို့ မဆိုရတော့ပါဘူး။ ဒါပေမယ့် ဝါသနာကြီးသူအတွက် မိဘတွေကတော့ စီစဉ်ပေးပါတယ်။ တယောတို့ စန္ဒယားတို့။

ဒါပေမယ့် ခက်တာက ကျမကလည်း တယောဆို လက်ကကိုင်ပြီး မိုးရွာထဲလျှောက်ရတာကို ပိုဝါသနာပါတယ်။ စန္ဒယားကလည်း အလွန်ပျင်းစရာကောင်းလွန်းတယ်လို့ ထင်တယ်။ စန္ဒယားသင်ရတဲ့ အချိန်ကလည်း နေ့လည်ထမင်းစားအပြီး နေပြင်းချိန်ဆိုတော့ လူက ထိုးအိပ်လိုက်ချင်တော့တာပါပဲ။
ကျမဟာ အဲဒီအရွယ်ကတည်းက ဂီတအနုပညာကို တော်တော်လေးကို ဝါသနာပါခဲ့တယ်။ စာရေးခြင်းကိုလည်း အရမ်းဝါသနာပါခဲ့တယ်။ စာကျက်စားပွဲမှာထိုင် စာမဖတ်ဘဲ ကဗျာတွေ၊ စာတွေကိုလည်း ရေးနေလေ့ရှိတယ်။ ဝန်ခံရရင် အဲဒီအချိန်ကတည်းကလည်း ၁၀တန်းအောင်ပြီးတာနဲ့ အဲဒီမြို့လေးမှာ ဆက်ပြီးရှိ မနေတော့မှာကိုလည်း ကိုယ့်ကိုကိုယ် သိနေခဲ့တယ်။ ဒါကြောင့်လည်း စာကို ဖတ်ကို မဖတ်တော့သလောက် ဖြစ်ခဲ့တယ်။ (မှားခဲ့တာတွေပါ)

စာကျက်စားပွဲမှာ ထိုင်ပြီး စာတွေ ကဗျာတွေ ရေးနေတော့တာ။ ကျမတို့မိသားစုရဲ့ မိသားစုယဉ်ကျေးမှုက အချို့နေရာတွေမှာ သမာရိုးကျ သိပ်မဆန်ဘူး။ မိဘနှစ်ပါးဟာ ကျမတို့ အခန်းတွေထဲကို ကျမတို့ မသိဘဲ ဝင်မွှေတာတို့၊ ဒိုင်ယာရီတွေ လှန်လှောဖတ်တာတို့ မရှိဘူး။ အစကတည်းက သေချာပြောထားတယ်။ ယုံကြည်မယ်၊ သူတို့မသိဘဲ ဘာမှ မလုပ်ပါနဲ့၊ ဘာမဆို ပြောလို့ရတယ်၊ မဟုတ်တာကို မလုပ်ဘဲ လူငယ်ဘဝကို သန့်ရှင်းလွတ်လပ်စွာ ပျော်ပါ လို့ မှာကြားလေ့ရှိတယ်။ ကျမ သူတို့ကို ယုံတယ်။

ဒါပေမယ့် တစ်နေ့ကျတော့ ကျမ စာဖတ်ရင်း ကဗျာတစ်ပုဒ်စပ်ပြီး အောက်ဆင်းရေသောက်တယ်။ အချိန်က ည ၁၀နာရီလောက်ရှိပြီ။ အောက်မှာ စားချင်တာလေးတွေ စားအပြီး အခန်းထဲ ပြန်အဝင်မှာ စာကျက်စားပွဲမှာ ရပ်နေတဲ့ ဖေဖေ့ကို တွေ့လိုက်တယ်။
ကျမ အခန်းက ပြောရမယ်ဆိုရင် တော်တော် ကဗျာဆန်တယ်။ အခန်းရဲ့အတွင်းဘယ်ဘက်မှာကို ဝရံတာအသေးလေးရှိတယ်။ ခြေရင်းမှာ မှန်တွေရှိပြီး၊ အောက်ဘက်က ထမင်းစားခန်းကို အပေါ်စီးက လှမ်းမြင်နေရတယ်။ စာကျက်စားပွဲ ရှိတဲ့နေရာကတော့ အရှေ့ဘက်ပြူတင်းပေါက်တွေနားမှာ။ တစ်ခန်းလုံးမှာ ပြူတင်းပေါက်တွေဟာ အပြည့်ပဲ။ ည လသာပြီဆို တစ်ခန်းလုံးဟာ လင်းထိန်နေတာ။ အရှေ့ဘက် ပြူတင်းပေါက်တွေကနေကြည့်ရင် ရေကန်ကြီး၊ ကန်ဘောင်၊ ကုက္ကိုလ်ပင်၊ မြက်ရိုင်းပင်တွေ နဲ့ အဝေးကြီးမှာ မှုန်မှိုင်းမှိုင်းမြင်ရတဲ့ ဗာဒံပင်ကြီးတောင် ရှိတယ်။ ညညဆို ကန်ဘောင်ပေါ်မှာ သီချင်းလာလာတီးကြသူတွေလည်း ရှိတယ်။ သူတို့ဘာသာ တီးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဖေဖေ့အတွက်ကတော့ ပူလောင်စရာဖြစ်လာတယ်။

ဒါကြောင့် ဖေဖေဟာ သူပြောသလို မလုပ်ဘဲ၊ ကျမ အခန်းထဲ ခွင့်ပြုချက်မတောင်းဘဲ ဝင်တယ်၊ စာကျက်စားပွဲက ကဗျာစာရွက်ကို ယူဖတ်တယ်။ ပြီးတော့ ကျမရဲ့ ကဗျာလိုလို စာလိုလိုမှာ ပေါက်ကွဲတော့တယ်။ အဲဒါ ကဗျာပါလို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဘာမှလည်း မဆိုင်ဘဲနဲ့ လမ်းမဘက်က ပြူတင်းပေါက်တွေ အဲဒီနေ့ကစပြီး မဖွင့်ရတော့ဘူးလို့ ဆိုတယ်။ ကြင်စုကိုလည်း မှန်ဘီဒိုတစ်လုံးထဲမှာ သော့ခတ်သိမ်းထားလိုက်တယ်။

‘စာရေးဆရာလုပ်ပြီး မင်း ငတ်သွားချင်လား’ လို့ ဆိုတယ်။ ဖေဖေ့အအော် မခံရဘူးတဲ့ ကျမ၊ မင်းတွေငါတွေနဲ့ ပြောခံမထိဘူးတဲ့ ကျမ၊ အဲဒီညက မျက်ရည်ပေါက်ပေါက်ကျတယ်။
(ဖေဖေဟာ စာရေးဆရာ သိပ်ဖြစ်ချင်ခဲ့သူဆိုတာ သူဆုံးပြီးတော့မှ မေမေက ကျမကို ပြောပြခဲ့ပါတယ်)

ဒါပေမယ့် မေမေ ဘယ်လိုဖျောင်းဖျလိုက်လည်း မသိဘူး။ မကြာတဲ့တစ်နေ့မှာတော့ ဆရာနွမ်ဂျာသိုင်းဆီကို ခေါ်သွားပေးတော့တာပါပဲ။ လက်ထဲမှာ စာမူ၂ပုဒ် ပါသွားတယ်။ အဲဒီနေ့က ကြို့ကုန်းထဲက မြက်ပင်တွေတောင် ရွှေရောင်ဝင်းနေသလို၊ လေပြေတွေဟာ လတ်ဆတ်လွန်းသလိုကို ခံစားခဲ့ရတာ၊ အရာရာဟာ စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့တော့တာ။ ဒါ့အပြင် ကျမအစ်မဝမ်းကွဲ စာရေးဆရာမတစ်ဦး နဲ့ ကျမတို့နဲ့ တော်တော်ရင်းနှီးတဲ့ ဆရာဦးသုမောင်နဲ့ စကားပြောခွင့်၊ ကျမ စာမူတွေကို သူတို့နဲ့ပြပြီး ဆွေးနွေးခွင့် ပေးတယ်။ အစ်မဝမ်းကွဲ နဲ့ ဦးသုမောင်ရယ် ကျမရယ်၊ အစ်မဝမ်းကွဲအိမ်က ထမင်းစားပွဲမှာထိုင်ပြီး ကျမ စာမူလေးကို ခဲတံနဲ့ ဟိုခြစ်၊ ဒီခြစ်၊ ဟိုဟာပြောပြ ဒီဟာပြောပြနဲ့ ကျမက သိပ်မကြိုက်ချင်ဘူး။ အဲဒီတုန်းက ကွန်ပြူတာခေတ်မဟုတ်တော့ အယ်ဒီတာတွေ ဖတ်ရင်း မှတ်ချက်ရေးဖို့ စာရွက်ဘေးမှာ မျဉ်းတစ်ပြားစာ ချန်ပြီး ရေးရမယ်ဆိုတာလည်း ပါလိုက်သေးတယ်။ ကျမလည်း ရေးထားတဲ့စာမူလေး ရဲဗရောင်းခတ်သွားတော့ ‘ငါ တစ်သက်လုံး စာရေးဆရာမ မလုပ်ဘူး’ ဆို ဆုံးဖြတ်ပစ်လိုက်တော့တာပါပဲ။

ကျမ ငယ်ငယ်က စာသိပ်တော်တယ်။ မိဘတွေကလည်း အရမ်းမျှော်လင့်ထားခဲ့တယ်။ ကျမတို့ အတန်းတွေဟာ selection class လို့ ခေါ်ရမလားဘဲ၊ အဲဒီအခန်းတွေထဲက ၇၅% 80% ဟာ ဆေးတက္ကသိုလ်ကို ဝင်ကြတာချည်းပါပဲ။ ကျမဟာ အဲလိုအတန်းထဲမှာ အဆင့်ငါးရဲ့ အောက်ကို မကျခဲ့တဲ့ သူပါ။

ဟုတ်ကဲ့.. ကျမ စာတော်ခဲ့ပါတယ်…
ဒါပေမယ့်….
ကျမ စာတတ်ခဲ့သလား။
ဒါတော့ ကျမ မသေချာခဲ့ပါဘူး။ အခုထိလည်း အဖြေမရှိပါဘူး။

စာကို အမှတ်များအောင် ဘယ်လိုကျက်မှတ်ပြီး ဘယ်လိုဖြေရမယ်၊ အမှတ်ဘယ်လိုရအောင် ဖြေရမယ်ဆိုတဲ့ အတတ်ပညာကိုတော့ ကျမ ကောင်းကောင်းကြီး တတ်ကျွမ်းခဲ့တယ်။ ကျမတို့ ညီအစ်မတွေ ဆွတ်ခူးလာတဲ့ ဖလားတွေ၊ လည်ဆွဲတွေဟာ အိမ်ကအလှပြဗီဒိုတွေထဲမှာ ဝင့်ကြွားခဲ့တယ်။ အဲသလိုပဲ .. ကျမ သူငယ်ချင်းတွေဟာလည်း စာ အလွန်တော်ခဲ့ကြပါတယ်။ အဲဒီစာသိပ်တော်ပါတယ်ဆိုသူတွေ… စာတွေတော့ တတ်ခဲ့ကြရဲ့လား ဆိုတဲ့ မေးခွန်းပဲ မေးစရာ ရှိနေတာပါ။

ကျမတို့ စာတော်သလောက် စာ မတတ်ခဲ့ကြပါဘူး။

‘အများတကာမိဘတွေက သားသမီးကို ဆေး ရမှ.. စက်မှု ရမှ… အီကို ရမှ.. Law ရမှ.. လို့ တွန်းနေတဲ့ ခေတ်ထဲမှာ ကျမက မြန်မာစာပဲ သင်ချင်တယ်လို့ ပြောတာကို ဖေဖေက တချက်ကလေးမှ မတွန့်ဆုတ်ဘဲ အားပေးခဲ့တာ…” ( မြသီလာအလွမ်းပြေ - မေငြိမ်း - စာမျက်နှာ ၁၆)

ဆရာမမေငြိမ်း မိဘတွေရဲ့ အတွေးအခေါ်ဟာ ကျမ မိဘတွေနဲ့ ထပ်တူနီးပါး ကျခဲ့တာပဲ။ ကျမ မေမေကတော့ ‘ဆေးဝင်ပြီးမှ မယူဘဲ ကိုယ်ကြိုက်တာကို ယူတာက ပိုမကောင်းဘူးလား’ လို့တော့ မျက်ရည်လေး တစမ်းစမ်းနဲ့ ပြောပါတယ်။ ‘သမီးလေးက ဆေးဝင်ပေမယ့် မယူတာ’ လို့ တဆေးထဲဆေးဖြစ်နေ(ရ)တဲ့ ခေတ်ကြီးထဲမှာ သူမခမျာ ပြောချင်ရှာတယ်နဲ့ တူပါတယ်။

တစ်ကယ်ကတော့…. ကျမ ရူးရူးမူးမူး စိတ်ဝင်စားတာက ‘Marine Biology’

ကျမ ‘Marine Biologist’ တစ်ယောက် သိပ်ဖြစ်ချင်ခဲ့တယ်။ ရေထဲငုပ်ချင်တယ်၊ ရေထဲမှာ ကူးချင်တယ်၊ ရေထဲက သတ္တဝါတွေနဲ့ ပျော်မြူးချင်တယ်၊ သူတို့ကို ဓာတ်ပုံရိုက်ချင်တယ်၊ ရုပ်ရှင်ရိုက်ချင်တယ်၊ documentary ရိုက်ချင်တယ်၊ သူတို့ကို လေ့လာသုတေသနပြုချင်တယ်၊ သူတို့ကို ထိန်းသိမ်းချင်တယ်၊ သူတို့ကို ပွားများစေချင်တယ်။ ကျမရဲ့ အိပ်မက်တွေ…..။

ကျမ သူငယ်ချင်းတွေထဲမှာလည်း ကျမ သိပ်လေးစားရသူတစ်ဦးဟာ ဆေးလိုင်းထဲဝင်သွားရင်တောင်မှ မတက်ဘဲ၊ ကြည့်မြင်တိုင်ကောလိပ်မှာ ရူပဗေဒ အဓိကနဲ့ ကျောင်းသွားတက်မယ်လို့ ကြွေးကြော်နေခဲ့သူ ဘာသာစုံဂုဏ်ထူးရှင် တစ်ဦး ဖြစ်နေခဲ့တာ…။ (သူမဟာ တစ်ကယ်လည်း လက်တွေ့လုပ်ခဲ့တယ်၊ အဲဒီအကြောင်းကို Youth Magazine က ‘အိပ်ပျော်နေတဲ့ ကပ္ပတိန်’ ဆောင်းပါးမှာ ကျမ ရေးခဲ့ဖူးပါတယ်)

အဲသလို Marine Biology ကို ရူးရူးမူးမူး ဖြစ်နေတဲ့ တစ်ချိန်ထဲမှာပဲ၊ ကိုယ့်ရဲ့အနာဂတ်ဟာ မသေချာမရေရာဘူးဆိုတာ ကို သိနေခဲ့တယ်။ အသက် ၁၂ နှစ် ၁၃ နှစ်လေးကတည်းက ကိုယ့်ဘဝဟာ မရေရာဘူးဆိုတဲ့ အတွေးက ဝင်နေခဲ့တယ်။ မြသီလာကိုလည်း ကျမ သွားမှာ မဟုတ်ဘူးဆိုတာ သိနေခဲ့တယ်။ မြသီလာ ကျမကို ဘာတွေပေးနိုင်မလဲလို့ တွေးရင်း… ကျမရဲ့ အနာဂတ်တွေဟာ မှုန်တိမှုန်ဝါးနဲ့။ ဒီအရွယ်ကလေးရဲ့ စိတ်ထဲမှာ အနာဂတ်က မရေရာဘူးဆိုတဲ့ အတွေးတွေကို ရောက်စေတဲ့ အရာတွေဟာ ဘာတွေလဲ၊ ဘယ်အကြောင်းတွေလဲ…..။

(ဖြည်းဖြည်းချင်း ဆက်ခွင့်ပြုပါရှင်..)

မုန်းချင်တယ်ကွယ်.. မြသီလာရယ် (၁)

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

8 Comments »

  1. ဆက်​လက်​အား​ရေးသားပါဗျာ၊ ​စောင့်​​မျှော်​ အား​ပေး​နေပါတယ်… :-)

    Comment by Day Walker — December 17, 2013 @ 11:50 pm

  2. မဟုတ်မှလွဲရော… မလေး.. Marine Biology တက်ချင်တာ.. ဂျူးရဲ့ စပီရူလိုင်းနား ခင်မိုးမြင့် ကြောင့် ထင်တယ်။ :)

    Comment by Kay — December 18, 2013 @ 12:08 am

  3. ဟုတ်ဘူး…. ဆယ်မွန်ငါး ဝင်စားလို့ဖြစ်မယ်… :P

    Comment by မလေး — December 18, 2013 @ 1:08 am

  4. မရေရာခဲ့တဲ့ အတိတ်တွေက လွမ်းစရာတော့ ကောင်းသား

    Comment by Sint Si — December 18, 2013 @ 8:37 am

  5. ကျနော်လည်း စာတတ်ခဲ့ပါတယ် ဒါမယ့် စာလုံးပေါင်းတွေမှားတယ်

    Comment by Maung Myo — December 18, 2013 @ 8:37 am

  6. မလေးရဲ့  အမူအရာတွေကို ဇာတ်လမ်းထိုင်ကြည့်နေရသလိုပါပဲ။ ကြိုက်တယ် မလေးရေ။ စောင့်မျှော် ဖတ်ရှူနေပါသည်။

    Comment by ခင်မီ မီ — December 18, 2013 @ 8:37 am

  7. ဖတ်လို့ ရတဲ့ အခွင့်အလမ်းရရှိတိုင်း အစ်မစာတွေ လာဖတ်နေပါတယ်….

    Comment by Soe Naing — December 23, 2013 @ 3:42 am

  8. မလေးရဲ့ အခန်းလေးက စိတ်ကူးယဉ်စရာ ကောင်းလိုက်တာ။

    Comment by ပုံရိပ် — December 25, 2013 @ 6:54 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------