♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

November 5, 2013

စာရေးခြင်း ပညတ်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:35 pm

စာရေးကြတယ် ဆိုကတည်းက စာပေကို ချစ်မြတ်နိုးလွန်းလို့၊ ဝါသနာပါလွန်းလို့ပါ။ စာရေးရတယ်ဆိုတာ အချိန်ကုန်တယ်၊ ခွန်အားကုန်တယ်၊

စာရေးခြင်းကို မြတ်နိုးသူတွေဟာ ရှိတဲ့ မီဒီယာကို အသုံးပြုပြီး ရေးကြမှာပါပဲ။ ကျောက်ခွက်စာ၊ ကညစ်တံသမားတွေက စက္ကူသမားတွေကို စာရေးသူတွေ မဟုတ်ဘူးလို့ ပြောခဲ့ကြမယ်ဆိုရင်… ဆိုတဲ့ အတွေးမျိုးလည်း တွေးကြည့်ဖို့ ရှိပါတယ်၊

အထူးသဖြင့် မြန်မာပြည်နဲ့ဝေးနေသူတွေဟာ ရှိတဲ့ ကွန်ပြူတာမှတဆင့် ဘလောဂ်တို့ ဝက်ဆိုက်တို့ကနေ စာရေးခြင်းနဲ့ လူတွေကို reach out (အဆက်အသွယ်) လုပ်ကြတယ်။ ဘလောဂ်စာမျက်နှာပေါ်မှာ စတင်ပြီး စာရေးခြင်းနဲ့ အချင်းချင်းကူးလူးဆက်ဆံခဲ့စဉ်တုန်းက ဘလောဂ်ရေးနေသူတွေကို တဖက်သတ် အမြင်မကြည်သူတွေကိုလည်း မြင်ရခဲ့ဘူးတယ်။ ထိုသူတွေဟာ နိုင်ငံတကာက ဘလောဂ်စာဖတ်နေသူတွေပါပဲ။ သူတို့အမြင်ကလည်း ရာနှုန်းပြည့်မမှားပါဘူး။ အချို့ ဘလောဂ်ရေးသူတွေဟာ တင်ပြပုံလိုအပ်တဲ့အခါမှာ လူအမြင်ကတ်ခံရတဲ့ အဖြစ်တွေလည်း ရှိမယ်။ စာရေးသူတွေအနေနဲ့ ကိုယ်ခံစားသလို ရေးချတင်ပြတဲ့အခါမှာ ဖတ်သူတွေအနေနဲ့ကလည်း လွတ်လပ်စွာ တန်ပြန်ခံစားဝေဖန်ကြမှာ သဘာဝ ကျပါတယ်။

အချို့ ဘလောဂ် ဖတ်သူတွေ မေးလေ့ပြောလေ့ရှိတာ တစ်ခုရှိတယ်။

“ဘလောဂါတွေက ဘာမို့လို့လည်း” ဆိုတာပါပဲ။

ဘလောဂါတွေက ဘာမှကို မဟုတ်ပါဘူး။ စာရေးဝါသနာပါသူတွေပါပဲ၊ ဘာမှကို မဟုတ်နေတာပါ။ နိုင်ငံတစ်ကာ အတွေ့အကြုံလေး နည်းနည်ပါးပါးရှိမယ်။ နိုင်ငံခြား ပညာနဲ့ အလုပ်ကိုင်အတွေ့ကြုံနည်းနည်းပါးပါးရှိမယ်။ ဒီလောက်ပဲ။ တစ်ယောက်ထံမှ တစ်ယောက် လေ့လာသင်ယူစရာလေးတွေကို အပြုသဘောနဲ့ ယူမယ်ဆိုရင်လည်း ရပါတယ်။ မဟုတ်ရင်လည်း သူတို့က လူတွေထဲက လူတွေပါပဲ။

ဒီကနေတဆင့် ပြည်တွင်းနဲ့ အဆက်သွယ်ရလာတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပတ်ဝန်းကျင်လောက်ကစပြီး ပြည်တွင်း ပြည်ပ စာရေးသူတွေ ဖန်သားပြင်ပေါ်မှာ၊ ဘလောဂ်တွေပေါ်မှာ စတင်ကူလူးဆက်ဆံမှုတွေ ပိုရှိလာတယ်။ အဲဒီနောက်ပိုင်းတွေမှာတော့ ဘလောဂါတွေဟာ ပြည်တွင်း ပရင့်မီဒီယာတွေမှာ စတင်ခြေချလာပြီးနောက်၊ ပြည်တွင်းက စာရေးသူတွေထဲမှာ အမည်ရရှိပြီးသား စာရေးသူများပါ ဘလောဂ်စာမျက်နှာတွေ၊ ဖန်သားစာမျက်နှာ အမျိုးမျိုးမှာ စတင်ပြီး ရေးလာကြတယ်။

အဲဒီအချိန်ထိ ဘလောဂါဆိုတာကို အမြင်မကြည်လင်ကြသေးပါဘူး။ ဘလောဂါအများစုကတော့ စာပေချစ်မြတ်နိုးစိတ်နဲ့ ပရင့်ပေါ်က စာရေးသူများကို အရင်ကတည်းက လေးစားချစ်ခင်စိတ်ရင်းစွဲနဲ့ ဆက်လက်တည်ရှိနေကြတာ များပါတယ်။

ဘလောဂါတွေထဲမှာလည်း ဘလောဂ် အကယ်ဒမီဆိုတာလည်း ရှိခဲ့ဖူးတယ်။ ကျမအနေနဲ့ကတော့ ကိုယ်တိုင်လည်း ဒီလို ဆုပေးပွဲမျိုးကို ပါဝင်လေ့မရှိတဲ့အတွက် ဝင်ရောက်ခဲ့ခြင်းမရှိသလို၊ ဘယ်တော့မှလည်း ဝင်ရောက်မှာ မဟုတ်ပါဘူး။

“A writer must refuse to allow himself to be transformed into an institution, even if it takes place in the most honourable form.” “စာရေးသူတစ်ဦးဟာ အဖွဲ့အစည်းတစ်ခုထဲကို သက်ရောက်ပျော်ဝင်သွားမှုဟာ အလွန်မြင့်မြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ် ဆိုရင်တောင်မှ၊ အဲဒီ အဖွဲ့အစည်းကြီးထဲကို သက်ရောက်ပျော်ဝင်သွားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရမယ်”

1964 Nobel Prize in Literature ကို ငြင်းပယ်ခဲ့သူ
ပြင်သစ်စာရေးဆရာကြီး Jean-Paul Sartre (1905 - 1980) ရဲ့ ကျမအတွက်တော့ တန်ဘိုးရှိလှတဲ့ စကားတွေပါ။

ဒါပေမယ့်လည်း ကျမဟာ အဲသလိုအယူအဆရှိလို့ ခုလိုဆုပေးပွဲတွေ၊ ဘလောဂ်အကယ်ဒမီဆိုတာတွေကို မကန့်ကွက်ခဲ့ပါဘူး။ ကိုယ် မပါဝင်ပေမယ့် အတွေးခေါ်ခြင်း မတူလို့ ကန့်ကွက်မှာမျိုး မဟုတ်ဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ်ပါပဲ။ ကိုယ်နဲ့ အတွေးမတူတိုင်း သူတို့ မှားနေတာ မဟုတ်လို့ပါပဲ။

စိတ်ဝင်စားစရာကောင်းလာတာက လူ့သဘာဝအတိုင်း ဘလောဂါတွေဟာ ပရင့်ပေါ်မှာ ခြေချလာတဲ့အခါ၊ “ငါကတော့ ပရင့်တွေမှာ၊ မဂ္ဂဇင်းတွေမှာပါလာနေတဲ့ ဘလောဂါ၊ မင်းကကော ဘယ်မဂ္ဂဇင်းတွေမှာ ပါသလဲ၊ ငါကတော့ စာမူခ တစ်လကို ဘယ်လောက်ရနေတာ” ဆိုတဲ့ စာပေကို တန်ဘိုးဖြတ်တဲ့ ချိန်ခွင်တွေနဲ့ အယူအဆတွေဟာ ဘလောဂါအချင်းချင်းမှာကို ပေါ်ပေါက်လာတော့တာပါပဲ။ ပရင့်သမားတွေကတော့ လက်ပိုက်ကြည့်ပြီး ပြုံးမိနေမလားပဲ။
ပရင့်မှာပါမှ မဂ္ဂဇင်းတွေမှာပါမှ စာရေးဆရာအစစ်လို့ သတ်မှတ်တာ မြန်မာနိုင်ငံတစ်ခုလောက်ပဲ ရှိမလား မသိဘူး။

ကမ္ဘာပေါ်မှာ ထိပ်တန်းစာရေးဆရာကြီးတွေ အယောက် ၁၀၀ ရဲ့အကြောင်းကို အကုန်မဖတ်နိုင်ဘူးဆိုရင်တောင်မှ ၁၀ ယောက်ရဲ့ အကြောင်းကိုပဲ ဖတ်ကြည့်စေချင်ပါတယ်။ Stephen King, Shakespeare, J.K. Rowling, Hemingway, Charles Dickens, Mark Twain, Leo Tolstoy စတဲ့သူတွေ အကြောင်း ဖတ်ကြည်တဲ့အခါမှာ တစ်ဝက်ကျော်ကျော်လောက်က မဂ္ဂဇင်းတွေမှာ ရေးခဲ့သူတွေ မဟုတ်ဘူး။ မဂ္ဂဇင်းတွေမှာ ပါမှ စာရေးဆရာလို့ သတ်မှတ်မယ်ဆိုရင် ဒီလူတွေ တစ်ဝက်ကျော်ကျော်ဟာ စာရေးဆရာတွေ မဟုတ်လောက်တော့ဘူး။

ဒီတော့ ဘာဖြစ်လို့ မြန်မာနိုင်ငံတစ်နိုင်ငံမှာ မဂ္ဂဇင်းမှာပါမှ စာရေးဆရာလို့ ဘာဖြစ်လို့ သတ်မှတ်ချင်သလည်း၊ အဲသလို သတ်မှတ်ဖို့ ဘာကြောင့်တွန်းအားပေးနေသလည်းလို့ ကျမ စဉ်းစားတယ်။ မဂ္ဂဇင်းတစ်စောင်ဖြစ်ဖို့ မလွယ်ဘူး၊ အားစိုက်ထုတ်မှုတွေ အများကြီးလိုတယ်။ စာရေးပေးရမယ့် သူတွေလိုတယ်။ မဂ္ဂဇင်းတစ်စောင် အောင်မြင်လာမယ်ဆိုရင်တော့ စာမူတွေ လက်မလည်အောင် ရလာကြမယ်။ အဲဒီအခါကျတော့ စာရေးသူတွေကလည်း အောင်မြင်ပြီးသား မဂ္ဂဇင်းမှာပါဖို့ တိုးကြမယ်။ အောင်မြင်ပြီးသား မဂ္ဂဇင်းမှာ ပါလာခြင်းဟာ ကိုယ့်အတွက်က ‘ဂုဏ်’ ဖြစ်လာတယ်။ အဲဒီအခါမှာ ဘလောဂါတွေကလည်း အဲဒီ ‘ဂုဏ်’ အတွက်၊ အောင်မြင်ကျော်ကြားမှုအတွက် ဝင်တိုးကြပြန်တယ်။

အဲဒီအထဲမှာ ဝင်မတိုးတဲ့ ဘလောဂါတွေလည်း အများကြီးရှိတယ်။ အကြောင်းတွေကတော့ အများကြီးရှိလိမ့်မယ်။
-ပယ်ချခံရမယ့် အရှုံးကို မခံနိုင်လို့။
-အဆက်အသွယ် မရှိလို့။
-ဘယ်က ဘယ်လို စပို့ရမှန်း မသိလို့။
-ပျင်းရိလို့/ပင်ပန်းလို့
-စိတ်မဝင်စားလို့/ အချိန်မရှိလို့။
-ဘတ်စကားတစ်တန်နဲ့ မအောင်မြင်သေးတဲ့ ပြည်တွင်းက စာရေးသူတွေကို ဦးစားပေးချင်လို့။
စတဲ့ အကြောင်းတွေ အများကြီး ရှိမယ်။

မအောင်မြင်သေးတဲ့ ပြည်တွင်းက စာရေးသူတွေမှာလည်း ဘတ်စကားတစ်တန်၊ ခြေလျှင် တစ်တန် စာမူလိုက်ပေးရတဲ့ ပင်ပန်းမှု၊ ဇွဲ စတာတွေကို အသိမှတ်ပြုခံရစေချင်မှာပဲ။ သူတို့တွေကိုတော့ နားလည်မှု အပြည့်ရှိပါတယ်။

အဲသလို ပင်ပင်ပန်းပန်းကြိုးစား၊ မဂ္ဂဇင်းတစ်တိုက်ပြီးတစ်တိုက် တက်ဆင်းပြီး စာမူလိုက်ပေး၊ မရွေးရင် ပြန်သွားယူရတဲ့၊ မြန်မာစာပေမှာ အမည်မရသေးတဲ့ ကြိုးစားနေဆဲ စာပေသမားအချို့အတွက်၊ ဘလောဂါဆိုတဲ့ ရပ်ဝေးက ဘာမှန်းညာမှန်းမသိတဲ့ နိုင်ငံခြားက မြန်မာတွေကို အမြင်မကြည်ဘူးဆိုလည်း ကျမ နားလည်လို့ ရတယ်။ ဖြတ်လမ်း သမားတွေလို့တောင် မြင်မိရင် မြင်ကြဦးမှာပဲ။

ဘလောဂါပဲဖြစ်ဖြစ်၊ ning က စာရေးသူတွေပဲ ဖြစ်ဖြစ်၊ စာအုပ်ထုတ်ထားတဲ့ ဘလောဂါပဲဖြစ်ဖြစ် (authors/ novelist bloggers) မဂ္ဂဇင်းတွေထဲမှာ ပါနေတဲ့ ဘလောဂါပဲဖြစ်ဖြစ်၊ လုံးချင်းတွေ ထွက်နေတဲ့စာရေးသူတွေပဲဖြစ်ဖြစ်၊ ကဗျာစာအုပ်တွေထွက်ထားတဲ့ ဘလောဂါဖြစ်ဖြစ် (poet-bloggers)၊ မဂ္ဂဇင်းတွေထဲမှာ မှန်မှန်ပါနေတဲ့ ပြည်တွင်းစာရေးသူတွေပဲ ဖြစ်ဖြစ် အားလုံးပေါ့လေ…. ကိုယ့်ကိုကိုယ်.. ဘာဖြစ်လို့ ငါတို့ စာရေးနေကြတာလဲ၊ ဘာဖြစ်လို့ မဂ္ဂဇင်းတွေကနေတဆင့် တိုင်းသိပြည်သိ ဖြစ်စေချင်နေကြတာလဲ၊ အဖန်တလဲလဲ မိမိကလောင်နာမယ်လေးကို စာမျက်နှာတွေပေါ်မှာ မြင်ချင်နေကြတာလဲလို့… မညှာမတာ.. ကိုယ့်ကိုကိုယ် မေးစမ်းကြည့်ကြရအောင်….။

အဲသလို မေးကြည့်တဲ့အခါ ထွက်လာတဲ့ အဖြေဟာ George Orwell ပြောတဲ့ အချက်တွေနဲ့ တော်တော်လေးကို တူနေတာ တွေ့ရပါမယ်။

-Sheer egoism - ကိုယ့်အတွေးအခေါ်ဟာ ကောင်းတယ်၊ သူများတွေနဲ့ အနည်းဆုံးမျှဝေသင့်တယ်၊ ကိုယ်သေသွားရင်တောင် စာရေးဆရာ/စာရေးဆရာမ ဆိုတဲ့ အမည်လေး ကျန်ရစ်စေချင်တယ်။ လူတွေက ကိုယ်ရေးတဲ့စာအကြောင်းပြောစေချင်တယ်။ အဲဒီစိတ်က အနည်းနဲ့ အများရှိပြီးသားဖြစ်တယ်။ ဒါကို မရှိဘူးလို့ ပြောကြတယ်ဆိုရင်တော့ မိမိကိုယ်ကို လိမ်ညာနေရုံမက၊ စာဖတ်သူတွေကိုပါ ညာတာဖြစ်လိမ့်မယ်။ (အထူးသဖြင့် အောင်မြင်ခါစနဲ့ အောင်မြင်ပြီးသား စာရေးဆရာ/မ တွေမှာ ဒီစိတ်ဟာ အနည်းနဲ့အများ ရှိလိမ့်မယ်)

-နိုင်ငံရေးနဲ့ ပတ်သက်ပြီး မသုံးချလိုမှု တစ်ခုခုကြောင့်လည်း စာရေးတယ်။

-အနည်းဆုံးတော့ ကိုယ်ရေးတဲ့စာကိုဖတ်ပြီး ဗဟုသုတ ရလေမလား၊ ကိုယ့်ပတ်ဝန်းကျင်က အဖြစ်တွေကို ဝေမျှလိုမှု၊ ပတ်ဝန်းကျင်သဘာဝအလှကို စာဖတ်သူတွေကို စာလေးနဲ့ ပြောပြလိုမှု စတာတွေလည်း ရှိလိမ့်မယ်။ စကားတွေပြောနေမယ့်အစား၊ စာနဲ့ပြောချင်တာတွေလည်း ရှိလိမ့်မယ်။ နောက်တစ်ခုက ဘဝမှာ ထိခိုက်နာကျင်နေမှုတစ်ခုကို စာရေးခြင်းနဲ့ ကုစားနေသူတွေလည်း ရှိလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေဟာ ဝေမျှလိုချင်တဲ့ စိတ်ကတော့ ရှိကြတာချည်းပါပဲ၊ ဒါပေမယ့် အထက်က ပြောသလို egoism ကတော့ အနည်းနဲ့အများ ရှိကို ရှိတတ်ကြတယ်။ အဲဒီ egoism က ကိုယ်ရေးနေတဲ့စာကို ထုတ်နေတဲ့ နှလုံးသားကို လုံးလုံးဝါးမြိုမသွားဖို့ပဲ အရေကြီးတယ်။

ကိုယ်ကြိုးစားသလို အခြားစာရေးသူတွေလည်း သူတို့နည်း သူတို့ဟန်နဲ့ ကြိုးစားကြတာပဲ။ မဂ္ဂဇင်းမှာပါမှ စာရေးဆရာဆိုတဲ့ စိတ်မျိုးကတော့ မရှိသင့်ဘူး။ အထက်ကပြောသလို novelist bloggers, poet bloggers, authors/bloggers စတာတွေ များများပေါ်လာတာ တိုင်းပြည်အတွက်လည်း ပိုမကောင်းဘူးလား။ လွတ်လပ်စွာ ရေးကြပါ။ variety မျိုးစုံသော စာပေတွေလည်း ထွက်ပါစေ၊

စာဖတ်သူတွေက သူတို့ဘာသာ ခွဲချစီစစ်သွားပါလိမ့်မယ်။ ဘယ်သူတွေကတော့ ဘယ် မဂ္ဂဇင်း မှာပါတာ၊ ဘယ်သူတွေကတော့ ဘယ်ဆုတွေရတာ၊ ဘယ်သူကတော့ ဘယ်လိုစာတွေ ရေးတာ၊ သူကတော့ စာမူခတွေ တစ်လ ဘယ်လောက်ရတာ.. ဆိုတဲ့ … စာရေးသူအချင်းချင်းသာ အဆင့်တန်းခွဲတဲ့ စိတ်တွေ နည်းပါးပပျောက်စေချင်တော့တာပါပဲ။

ယှဉ်ပြိုင်မှုတွေ သိပ်များတဲ့ လောကကြီးမှာ၊ ဘာလေးမဆို ယှဉ်ပြိုင်နေရမှ ဟုတ်သလိုလိုရှိနေတဲ့၊ ‘ယှဉ်ပြိုင်ခြင်းသာလျှင် အဓိက’ ဆိုတဲ့ အယူအဆကို အနည်းငယ် skeptic (တစ်စုံတစ်ရာ အနည်းငယ်ချွတ်ချော်နေတယ်) လို့ ထင်နေတဲ့ ကျမအတွက်တော့၊ စာပေကိုချစ်မြတ်နိုးခြင်းနဲ့ စာရေးခြင်းအနုပညာမှာ ယှဉ်ပြိုင်ခြင်းဆိုတာ မရှိသင့်ဘူးလို့ ထင်မိတော့တာပါပဲရှင်။

ကိုဏီရဲ့ စတေးတပ်စ် မက်စေခ်ျလေးကိုဖတ်မိပြီး အနှီစာကို ရေးမိပါသည်။
(အိမ့်ချမ်းမြေ့)

အမှန်အတိုင်းပြောရရင် မဂ္ဂဇင်းတွေမှာ ကျွန်တော်ရေးတဲ့ ၀တ္ထုလေးတွေပါခွင့်ရဖို့ ဘယ်တုန်းကမှ အသည်းအသန် မကြိုးစားခဲ့ဖူးသလို (အခုချိန်ထက်ထိ) ဘယ်မဂ္ဂဇင်းတိုက်ကိုမှလည်း ချေမချဖူးသေးပါဘူး။ ကိုယ်တိုင်က စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အခြေအနေမို့လို့ပါပဲ။ (မဂ္ဂဇင်းတချို့မှာ ပါသမျှ တစ်ပုဒ်စ, နှစ်ပုဒ်စ,ဟာလည်း အွန်လိုင်းမှာ ရင်းနှီးခဲ့ကြတဲ့မောင်နှမတွေကတစ်ဆင့် မေတ္တာစေတနာနဲ့ ပို့ပေးကြလို့ပါပဲ။)နောက်ပြီး စာမူပါခွင့်ရဖို့ ဘယ်သူ့၊ ဘယ်သူ့ကိုမှ အတင်းဝင်ရောခြင်း၊ အကူအညီတောင်းခြင်း၊ လောကွတ်ပျူငှာလုပ်ခြင်း၊ အလိုလိုက် အကြိုက်ဆောင်လို့ နှုတ်ချိုသာစွာနဲ့လည်း မပြောခဲ့ဖူးပါဘူး။ ပုံမှန်ပဲ နေပါတယ်။ မိတ်ဆွေအားလုံးကိုလည်း စာရေးသူ/ စာဖတ်သူ မခွဲခြားပဲ တစ်ပြေးညီ အတူတူပဲ ဆက်ဆံပါတယ်။

ကိုယ့်ကိုယ်ကို ခုထိ ဘာမှမဟုတ်တဲ့ သာမာန် ၀ါသနာရှင် စာရေးသူတစ်ယောက်လို့ပဲ ခံယူထားဆဲပါ။ သူများမပေးတဲ့ နေရာကိုလည်း အတင်းဝင်ယူတတ်တဲ့ ဓလေ့ထုံးစံမရှိခဲ့သလို ပေးလာရင်တောင်မှ ယူသင့်မယူသင့် ကိုယ့်ကိုယ်ကို အရင်ပြန်မေးတတ်တဲ့လူတစ်ယောက်ပါ။

ဒါပေမယ့် မဂ္ဂဇင်းတွေမှာ များများပါဝင်ပြမှ၊ နာမည်ကြီး/လတ်/ငယ်သော စာရေးဆရာ/မ တွေနဲ့ ထဲထဲဝင်ဝင်နေပြမှ၊ လူရာဝင်တယ်ထင်တဲ့ (အနည်းငယ်မျှသော) လူအချို့ကြောင့် စိတ်မချမ်းမြေ့မှု နည်းနည်း ဖြစ်ရပါတယ်။ (ဖဘဆိုတာ နွားခြေရာခွက်လောက်ပဲလို့ ပြောကြပေမယ့် ကျွန်တော်လည်း လူထဲက လူတစ်ယောက်မို့ စိတ်ခံစားချက် ရှိသင့်သလောက် ရှိပါတယ်။)

အားတော့ နာပါတယ်။

ကိုယ်ပိုင် ဘလော့ဂ်လေးပေါ်မှာ၊ ဖဘပေါ်မှာ ၀ါသနာပါလို့ စာရေးနေတဲ့အတွက်ကြောင့် (စိတ်ရှိသရွေ့ ရေးနေမိဦးမှာမို့) မျက်စိနောက်ရင် ကျွန်တော့်စာတွေကို ကျော်ဖတ်သွားစေချင်ပါတယ်။ သူငယ်ချင်းအဖြစ်က ရပ်စဲမယ်ဆိုလည်း ၀မ်းမနည်းတတ်ပါဘူးလို့ ပြောပါရစေခင်ဗျာ။ ။

(မှတ်ချက်။ ။ ပုံနှိပ်မီဒီယာမှာ စာတွေရေးနေကြတဲ့ စာရေးဆရာ/မတွေအားလုံးကို (လေးစားသင့်တဲ့လူမှန်သမျှ) ကျွန်တော် လေးစားပါတယ်လို့ ပြောပါရစေဦးခင်ဗျာ။)

———————————
ချစ်ခြင်းအားဖြင့်…
ဏီလင်းညို
၀၄၊ နိုဝင်ဘာ၊ ၂၀၁၃
(၂၃း ၄၂) နာရီ။
တနင်္လာနေ့။
ရန်ကုန် - မြန်မာပြည်။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

8 Comments »

  1. ” အဲဒီ egoism က ကိုယ်ရေးနေတဲ့စာကို ထုတ်နေတဲ့ နှလုံးသားကို လုံးလုံးဝါးမြိုမသွားဖို့ပဲ ”

    အဲဒီအမှာစကားလေးကို အရမ်းကိုနှစ်သက်မိပါတယ်။

    Comment by ဆွေလေးမွန် — November 5, 2013 @ 8:31 pm

  2. The words of Jean-Paul Sartre are truly meaningful and inspirational indeed. Arts should come from our own heart but not from self-inflicted impression. Tks Ma Layy.

    Comment by Yan Aung — November 5, 2013 @ 9:08 pm

  3. ယန်းပေါ့ဆတ်(Jean-Paul Sartre ) က လက်ဝဲသရုပ်မှန် စာပေသမားဗျ .. အဲဒါကြောင့် လက်ယာဖက်အခြမ်းက ပေးတဲ့ ဘယ်ဆုကိုမှ သူက လက်မခံခဲ့တာ … သူ ယုံကြည်တဲ့ ဖက်အခြမ်းက ပေးတဲ့ဆုကိုတော့ သူ လက်ခံ ခဲ့ပါတယ် … (ကျနော့်အမြင်တော့ ဘလော့ဂါဆိုတာ ကိုယ့်ဘလော့နဲ့ လူအများစုသိတဲ့ဘလော့တွေအကြား စာဖတ်သူ ပရိတ်သတ် အရမ်းကြီး ကွာခြားလိုတော့ မဖြစ်နိုင်ဘူး၊ အရှင်းကြီး စာဖတ်သူ မရှိတဲ့ဘလော့ဂါမျိုးထက် စာဖတ်သူ အတော်အသင့်တော့ ရှိသင့်တယ်လို့ ထင်ပါတယ် …) ….

    Comment by Aung Khin Myint — November 5, 2013 @ 9:08 pm

  4. He changed his mind along his lifetime & that was his right as well. I also read somewhere that he tried to access the Nobel prize money.
    But that remains controversial as well.

    Comment by Malayy — November 5, 2013 @ 9:13 pm

  5. မလေး အိမ့်ချမ်းမြေ့ “ဘလောဂါတွေထဲမှာလည်း ဘလောဂ် အကယ်ဒမီဆိုတာလည်း ရှိခဲ့ဖူးတယ်။ ကျမအနေနဲ့ကတော့ ကိုယ်တိုင်လည်း ဒီလို ဆုပေးပွဲမျိုးကို ပါဝင်လေ့မရှိတဲ့အတွက် ဝင်ရောက်ခဲ့ခြင်းမရှိသလို၊ ဘယ်တော့မှလည်း ဝင်ရောက်မှာ မဟုတ်ပါဘူး။ ကိုယ်သိရသလောက်တော့ ဘလော့ဂါတွေကိုယ်တိုင်ဝင်ရွေးခဲ့တာမဟုတ်ပါဘူး။ ဆုပေးသူတွေက ဘလော့ဂါစာရင်းတွေချရေးပီး စာဖတ်သူတွေက voteပေးခဲ့တာပါ။ ဘလော့ဂါတွေကိုယ်တိုင်လည်း ၀င်voteကြတာရှိပေမဲ့ မဲဆွယ်တာတွေ တယောက်မှလုပ်ခဲ့တာမျိုးမတွေ့ခဲ့ရဖူး။ ဒါဟာဘလော့ဖတ်သူတွေက ဘလော့ဂါတွေကိုပေးတဲ့အမှတ်တရပါ။….
    ပရင့်မှာပါမှ မဂ္ဂဇင်းတွေမှာပါမှ စာရေးဆရာအစစ်လို့ သတ်မှတ်တာဆိုရင်ကိုယ်ရေးခဲ့တဲ့စာတွေပါတဲ့မဂဇင်းဂျာနယ်တွေ စာအုပ်တွေကို coverလုပ်ပီး တခမ်းတနားကြေငြာနေကြသေးလဲ”

    ဒီကော့မန့်ကို မေးလ်နဲ့ ပို့ပေးတဲ့ အကောင့်ပိုင်ရှင်ဟာ အကောင့်ခွဲနဲ့ ကော့မန့်ရေးချင်တဲ့အတွက် ဖန်တီးထားတာလို့ ကျမ ယူဆတဲ့ အတွက်…
    သူ့ရဲ့ privacy ကို လေးစားတဲ့ အနေနဲ့ သူ့ရဲ့အကောင့်ခွဲကို မဖော်ပြတော့ပါဘူး….

    သူမေးတဲ့ မေးခွန်းလေးတွေကို အနည်းငယ် ပြန်ဖြေလိုတာကတော့….
    The commenter said that, “ကိုယ်သိရသလောက်တော့ ဘလော့ဂါတွေကိုယ်တိုင်ဝင်ရွေးခဲ့တာမဟုတ်ပါဘူး။ ဆုပေးသူတွေက ဘလော့ဂါစာရင်းတွေချရေးပီး စာဖတ်သူတွေက voteပေးခဲ့တာပါ… …”
    ( I didn’t say that the bloggers did the voting. This academy was indeed for the bloggers and all I said was that I didn’t get involved in the event. But then again, I didn’t say that I opposed the event. Please see my quote “ဒါပေမယ့်လည်း ကျမဟာ အဲသလိုအယူအဆရှိလို့ ခုလိုဆုပေးပွဲတွေ၊ ဘလောဂ်အကယ်ဒမီဆိုတာတွေကို မကန့်ကွက်ခဲ့ပါဘူး။ ကိုယ် မပါဝင်ပေမယ့် အတွေးခေါ်ခြင်း မတူလို့ ကန့်ကွက်မှာမျိုး မဟုတ်ဘူး။ ကိုယ့်အယူအဆနဲ့ ကိုယ်ပါပဲ။ ကိုယ်နဲ့ အတွေးမတူတိုင်း သူတို့ မှားနေတာ မဟုတ်လို့ပါပဲ”

    The commenter also asked, “ပရင့်မှာပါမှ မဂ္ဂဇင်းတွေမှာပါမှ စာရေးဆရာအစစ်လို့ သတ်မှတ်တာဆိုရင်ကိုယ်ရေးခဲ့တဲ့စာတွေပါတဲ့ မဂ္ဂဇင်းဂျာနယ်တွေ စာအုပ်တွေကို coverလုပ်ပီး တခမ်းတနားကြေငြာနေကြသေးလဲ”

    ဒီမေးခွန်းက ကျမကို မေးတာလား မသေချာပေမယ့် ပရင့်နောက်ကို တစိုက်မတ်မတ် မလိုက်တဲ့ စာရေးသူတွေကိုယ်စား ဖြေလိုတာက…
    ပရင့်မှာပါမှ မဂ္ဂဇင်းတွေမှာပါမှ စာရေးဆရာအစစ်လို့ သတ်မှတ်တာ ကျမက သတ်မှတ်တာ မဟုတ်ပါဘူး။ ပရင့်သမား အများစုကလည်း မသတ်မှတ်ပါဘူး။ အချို့သော လူနည်းစုတွေကသာ သတ်မှတ်တာပါ။
    စာရေးခြင်းကို နှစ်သက်ပြီ ဆိုကတည်းက ပရင့်မှာပါလည်း ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်။ အွန်လိုင်း ဝက်ဆိုက်တွေမှာ (ဥပမာ သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်း ) မှာပါလည်း ဂုဏ်ယူစွာ တခမ်းတနားကြေငြာနေကြဦးမှာပါ…

    လူအများစုမှာ ပရင့်နဲ့ အွန်လိုင်းဆိုတဲ့ ခွဲခြားတဲ့ စိတ်တွေ သိပ်မရှိကြတော့ပါဘူး။
    ကော့မန့်တွက်လည်း ကျေးဇူးတင်ပါတယ်…

    Comment by Malayy — November 5, 2013 @ 9:26 pm

  6. မလေးရေ…မီကတော့ ဘလော့ခေတ်တုန်းကလည်း ဘလော့တော်တော်များများ ဖတ်ဖူးပါတယ်……..ရေးတာ ကြိုက်လည်း ဖတ်တယ်…….မကြိုင်ရင်လည်း ဖတ်တယ်…….ဘာလို့လဲ ဆိုတော့ စာရေးသူတွေကို လေးစားလို့ပဲ……. ဘာစာကတော့ မကြိုက်ဘူး… ကြိုက်တယ် ဆိုတာထက် စာရေးရတဲ့ အလုပ်ဟာ ဘယ်လောက်ခက်တယ်ဆိုတာ မီ့လို စာပိစိလေးတွေ ရေးတဲ့ လူပြိန်းတယောက်အနေနဲ့ တောင် သိနားလည်ပါတယ်……မီကတော့ ပရင့်တတ်တဲ့ စာရေးဆရာရယ်မှ မဟုတ်ဘူး….. ဒီလို FB ပေါ် ရေးနေကြတဲ့ သူတွေ ကိုပါ တကယ်ကျေးဇူးတင်တယ်…….

    Comment by KhinMe MeThein — November 5, 2013 @ 9:27 pm

  7. စာရေးဆရာလည်းမဟုတ်ဘူး ပရင့်လည်းမဟုတ်ဘူး ဘယ်မှာပဲရေးရေး စာပေကိုချစ်လို့ရေးကြသူများမို့ စာေ၇းသူ များဆို ပိုသင့်တော်တယ် ။ ပြောချင်တာတစ်ချို့ကို မြိုသိပ်သွားတယ် ။ တစ်ခုလေးပဲ တစ်ချို့တွေက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေရှိတတ်ကြတယ် ။

    Comment by မောင်မျိုး — November 5, 2013 @ 10:45 pm

  8. မလေး ရေ…..
    စာလာဖတ်သွားပါတယ်။ မလေး ရေးပြထားတာ တွေ သဘောကျပါတယ်။ သဘောမတူ တဲ့သူလည်းရှိကောင်းရှိမှာပေါ့လေ။
    ခင်မင်စွာဖြင့်

    Comment by မောင်မောင် — November 6, 2013 @ 9:42 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------