♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 25, 2013

ချစ်တယ်ဆိုတာထက် ပိုမပြောတတ်ပါကွယ်…

Filed under: my notes, tag game, အချစ်ဆုံး, စာစု — အိမ့်ချမ်းမြေ့ @ 8:04 am

ကလေးဘာလို့ လိုချင်သလဲဆိုတဲ့ အကြောင်းကို ပြန်စဉ်းစားမိတော့ မိဘတွေရဲ့ ကြင်နာချစ်ခြင်းကို ဝေမျှပေးမှုကနေ စရမယ်လို့ ထင်ပါတယ်။

ငယ်ငယ်က မိဘတွေက မိဘမဲ့ကလေးဂေဟာကို နှစ်စဉ်သွားရောက်လှူဒါန်းလေ့ရှိတယ်။ အဲဒီမှာ မိဘမဲ့ကလေးတွေကို စတင်မြင်ဖူးတော့တာပါပဲ။ ကလေးလေးတစ်ယောက်ဟာ ကုတင်တိုင်လေးကိုဖက်ပြီး တိုင်ကလေးနဲ့ သူ့ကိုသူ ပွတ်သပ်နေတယ်။ အဲဒီကလေးလေးဟာ ရှိလှမှ သုံးလေးနှစ်ပေါ့။ သူဘာလုပ်နေတာလဲဟင်လို့ ဖေဖေနဲ့ မေမေ့ကို မေးတော့ ဖေဖေနဲ့မေမေက ပြန်ဖြေတယ်။

‘သူ့ကို ချော့မြူမယ့် မိဘ မရှိလို့ ကိုယ့်ကိုကိုယ် ကုတင်တိုင်လေးနဲ့ပွတ်ပြီး ချော့မြူနေရတာ၊ သူ့ရဲ့ဝမ်းနည်းစိတ်၊ မကျေနပ်စိတ်၊ အားငယ်စိတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေသာအောင် လုပ်နေရတာ’

ရင်မှာ ဆို့နင့်သွားတယ်။ မိဘတွေရဲ့ အဖြေစကားသံနဲ့ ထိုကလေးရဲ့ ပုံစံကို ကနေ့အထိ နားထဲ၊ မျက်စိထဲက မထွက်တော့ဘူး။
နောက်တော့ အရွယ်ရောက်လာတဲ့အခါမှာ ညစ်ပတ်ပေတူးပြီး ကြောင်ချေးရုပ်နဲ့ အကျီ င်္စုတ်ပြဲ၊ တာတီဖိုး ကလေးလေးတွေဟာ၊ သန့်ရှင်းတောက်ပြောင်နေတဲ့ ကလေးတွေထက် ပိုပြီး ဆွဲဆောင်စေတော့တာပါပဲ။ ဘာကြောင့်ရယ်လို့တော့ မသိဘူး။ ညစ်ပတ်ပေရေပြီး ငပိစားလို့ ဝကစ်နေတဲ့ ကလေးလေးတွေကို ကောက်ချီပွေ့ယူ ဖက်ယမ်းပစ်ချင်တဲ့ စိတ်တွေက အမြဲဖြစ်ခဲ့တယ်။ တစ်ခါမှလည်း မရွံမိခဲ့ဘူး။

နောက် ဒီထက် အရွယ်ရောက်လာတော့ အိပ်ရာထဲမှာ အရုပ်တွေအများကြီးနဲ့ အိပ်လာတယ်။ ဒါဟာ မိခင်စိတ်ကို ပြတာလို့ ဆိုရမလား။ ခွေး၊ ကြောင်၊ ကြက်၊ ဝက်ဝံ၊ နွားရုပ်ကအစ အိပ်ရာတစ်ခုလုံး ပွယထနေခဲ့တယ်။ သူတို့ကို နေရင်းထိုင်ရင်း အရုပ်တွေကို ဂရုစိုက်ချင်နေခဲ့တာ… ရူးသွပ်ခြင်းတစ်ခုပေါ့။
နောက်… ဒီထက်ကြီးလာတော့ သားသမီးတွေ အများကြီးလိုချင်တဲ့စိတ်က ဘာရယ်မဟုတ်ဘူး အလိုလိုဖြစ်လာတယ်။ သမီးမိန်းကလေး ရ ယောက် လိုချင်တယ်။ ဆံပင်ရှည်ရှည်၊ အရပ်ရှည်ရှည်၊ ထမီရှည်ရှည်ဝတ်တတ်ရုံမက၊ အသားညိုချောတွေ ဖြစ်စေချင်တယ်။ ဒါတင်မက ထမင်းဟင်းချက်တော်ပြီး၊ ဂီတတူရိယာမျိုးစုံကို တီးမှုတ်တတ်တဲ့ သမီးတွေချည်းပဲ ရ ယောက် လိုချင်ခဲ့တယ်။ အရူးအမူးကို လိုချင်တာ။ အဲဒီသမီးတွေ အားလုံးကိုလည်း အိမ်ထောင်မပြုစေချင်တဲ့ အတ္တစိတ်ကလည်း ကြီးစိုးနေခဲ့သေးတယ်။ သမီးတွေဝိုင်းပြီး အသက်ကြီးတဲ့အထိ နေသွားချင်တဲ့ စိတ်။ သမီးတွေ အများကြီးဝိုင်းပြီး နေတဲ့အတွက် ရရှိလာမယ့် နွေးထွေးမှု၊ အဲဒါတွေကြောင့် ကလေး လိုချင်ခဲ့တယ်။

မိန်းမအချို့မှာ ရှိတဲ့အတ္တစိတ်တစ်ခုက ယောင်္ကျားမပါဘဲ/မရှိဘဲ ကလေးတွေကို တစ်ယောက်တည်းမွေးပြီး၊ တစ်ယောက်တည်း ထိန်းကျောင်းသွန်သင်မယ်ဆိုတဲ့ စိတ်တွေ ရှိတတ်ကြသေးတယ်။ အထူးသဖြင့် အနောက်နိုင်ငံက မိန်းမတွေ။ ငယ်စဉ်အခါက ကိုယ်တိုင်လည်း ပါခဲ့တယ်။ ကလေးပဲ လိုချင်တာ၊ ယောင်္ကျား မလိုချင်တာမျိုး…။ ဒါပေမယ့် ဒါဟာ တစ်ကယ်ကတော့ လက်တွေ့မဆန်ဘူး။ မိသားစုတစ်ခုမှာ အထူးသဖြင့် ကလေးတွေအတွက်က Mother figure & father figure လို့ ဆိုရမယ့် မိခင်ကော ဖခင်ပါ ရှိသင့်တယ်။ ဒါမှလည်း ကလေးတွေ ဘဝက ပြည့်စုံမယ်။ ကလေးဟာ မိ သာ မက ဘ ထံမှပါ လောကရဲ့အရေးအရာတွေကို အမြင်တစ်မျိုးစီကနေ အနီးကသင်ယူရရှိလာမှာဖြစ်တယ်လို့ ထင်တယ်။

ကလေးလေးတွေရဲ့ မျက်နှာကို မြင်တာနဲ့ မေတ္တာစိတ်က ယိုဖိတ်တယ်လို့ ဆိုကြတယ်။ အခု ခေတ်တွေက ပြောင်းတော့ ကလေးလေးတွေရဲ့ နှလုံးခုန်သံလေးကို ကြားလိုက်ရရုံနဲ့၊ ultrasound မှာ ကျောရိုးလေးကွေးလို့ အိပ်နေတာလေးတို့၊ ခြေမလေးစုပ်နေတာလေးတို့၊ လက်ကလေးဝှေ့ပြနေတာလေးတို့ မြင်ရုံလောက်နဲ့ မိခင်တွေဟာ မျက်ရည်ဝဲပီတိဖြစ်ရလောက်အောင် ချစ်တာပါ။

အဦးဆုံးလေးရဲ့ နှလုံးခုန်သံကို ပထမဆုံး ကြားတဲ့နေ့ဟာဆိုရင် ရှင်းပြလို့မရတဲ့ ကြီးကျယ်ခမ်းနားမှု တစ်ခုကို ခံစားလိုက်ရတော့တာပဲ၊ သားကြီးရဲ့ နှလုံးခုန်သံဟာ စမ်းသပ်ခန်းတစ်ခုလုံးကို ပဲ့တင်ထပ်နေတာ၊ မျက်ရည်တွေက မငိုဘဲ ကျလာခဲ့တယ်။ သူတို့အတွက်ဆို မိခင်နဲ့ ကလေးအသက်ကို ရွေးရမယ်ဆို၊ ကလေးကိုပဲ ရှင်ခွင့်ပေးလိုက်ပါလို့ ပြောခဲ့တယ်။ ဒါဟာလည်း ကြီးကျယ်ခမ်းနားမှု မဟုတ်ပါလူး။ မိခင်တိုင်း စိတ်ဖြစ်တာပါပဲ။ ကိုယ်က နေသင့်သလောက် နေရပြီးပြီ။

သူတို့ ‘မေ’ သို့မဟုတ် ‘မာ’ ဆိုပြီး ခေါ်သံကို ပထမဆုံး ကြားရတဲ့နေ့ကိုဆို သေတဲ့အထိတောင် မေ့မယ် မထင်ဘူး။ သူတို့များ အလိုက်သိတတ်လို့ကတော့ ကြည်နူးပီတိတွေ တရှိန်ရှိန်ကို တက်လာတော့တာပါပဲ။

ကလေးတစ်ယောက်ကို လွယ်လိုက်ရတဲ့ မိခင်တစ်ယောက်ဟာ ရှိသမျှ အလှတရားတော်တော်များများကို ဆုံးရှုံးလိုက်ရသလို၊ ဦးနှောက်ရဲ့ဆဲလ်တွေ တော်တော်များများကိုလည်း ဆုံးရှုံးသွားတယ်လို့ သုတေသနပညာရှင်တွေက ဆိုကြတယ်။ လူတစ်ယောက်လုံးကို စက်ရုံတစ်ခုလို မွေးထုတ်လိုက်ရတာကိုး။ အဲဒီကလေး အတွက် ခွန်အားတွေ အကုန်နီးပါးပေးရတယ်။ ဒါပေမယ့် သူတို့အတွက်ဆို မမောပန်းနိုင်ဘူး။ သူတို့ကို မွေးထုတ်ပေးလိုက်ရလို့ ရလာတဲ့ ကြည်နူးမှုတွေ၊ ပျော်ရွှင်မှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိုးရိမ်ကြောင့်ကြမှု၊ စာနာမှု၊ နောက်.. ချစ်ခြင်းမေတ္တာတရား စတာတွေကိုလည်း လောကကြီးက ပြန်ပေးတယ်။

အလှတရားပျက်တယ်ဆိုတာက အသက်ကြီးလာရင် ကလေးမွေးသည်ဖြစ်စေ- မမွေးသည်ဖြစ်စေ၊ ယောင်္ကျားမိန်းမ မရွေး ပျက်ကြတာပါပဲ။ ဘယ်သူမှ ဆယ်ကျော်သက်လို၊ ၂၀ကျော် အစိတ်လို ထာဝစဉ် လှမနေဘူး။ မလှတော့လည်း ဘာမှ မဖြစ်ဘူး။ အသက်ကြီးမှ အရမ်းကြီးလှချင်နေရင်လည်း သိပ်တော့ အဓိပ္ပာယ်မရှိဘူး။ ကလေးက ပိုအရေးကြီးတယ် မဟုတ်ပါလား။ ကလေး တစ်ယောက်ကို ပြုစုပျိုးထောင်ရတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ချိန် မရတော့လို့ အလှပျက်ရတာကို အနည်းငယ်အချိန်ပေးရင်ကို ကိုယ့်ကိုကိုယ် ပြုပြင်လို့လည်း ရပါတယ်။ အမှန်ဆို… လူတွေရဲ့နှုတ်က ချီးမွမ်းစကားထက် ကိုယ့်ကလေးရဲ့ အရေးအရာဟာ ပိုအရေးကြီးပါတယ်။ ‘ဟယ်.. လှတုန်းပဲနော်၊ အပျိုလေးအတိုင်းပဲနော်…’ ဆိုတာ တစ်ကယ်က ကျေနပ်စရာမဟုတ်ဘူး၊ ဂုဏ်ယူစရာလည်း မဟုတ်ဘူး။ တစ်ကယ်ကို ဒီအခြေအနေရောက်မှ အပျိုလို ပုံစံ ဖြစ်ချင်လားလို့ ကိုယ့်ကိုကိုယ် သေချာပြန်မေးကြည့်ရင် အဖြေထွက်လာမှာပါပဲ။ သူ့အသက်ရွယ်နဲ့သူ တင့်တယ်ခြင်းဟာ ရှိသင့်တယ်။ အဲသလိုပြောလို့ အကုန်ဖြစ်ချင်ရာဖြစ် စားချင်ရာစားမယ်၊ လေ့ကျင့်ခန်းလည်း မလုပ်တော့ဘူးဆို ပြီးတော့တော့ မဖြစ်စေချင်ဘူး။ အပျိုတုန်းတွေကလို မှန်ရှေ့ တစ်နာရီခွဲ ကြာအောင် နေစရာမလိုတော့ဘဲ ၁၀ မိနစ်လောက်နဲ့ကိုယ့်ကိုကိုယ် လှအောင် ဝတ်တတ်ပြင်တတ်လာတဲ့ အရည်အချင်းတစ်ခုကိုလည်း ရလာနိုင်တယ်ဆိုတာကို ပြောချင်တာပါ။ အဲဒီတော့မှာ အပျိုတုန်းက အလှပြင်ဖို့ ပေးထားခဲ့ရတဲ့ အချိန်တွေကို နှမျောနေမိမှာ..။

တစ်ကယ်ဆိုရင် သူတို့ဟာ… စိတ်ပင်ပန်းနွမ်းနယ်မှုတွေအတွက် ဖြေသိမ့်စရာ စမ်းရေလေးတွေဆိုလည်း မမှားပါဘူး။ သိပ်စိတ်ညစ်တဲ့အခါ၊ စိတ်အားငယ်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါတွေမှာ သူတို့ကြားမှာ ဝင်အိပ်လိုက်ရတာဟာ၊ မိခင်ရင်ခွင်မှာ ပြန်အိပ်ရသလိုပဲ။ အမှန်အတိုင်းပြောရရင် ပိုတောင် ချိုပါတယ်။ အပျိုဘဝက ခွေးရုပ်၊ ဝက်ဝံရုပ်၊ ယုန်ရုပ် တွေနဲ့ အိပ်ရသလိုပဲ၊ အဲဒီထက် နွေးထွေးတယ်။ ကလေးတွေဟာ တစ်ကယ်တော့ သိပ်ချစ်စရာကောင်းတဲ့ သက်ရှိအရုပ်ကြီးတွေပါပဲ။

သူတို့ကိုယ်လေးတွေက နွေးနေတယ်၊ အိနေတယ်၊ မွှေးနေတယ်၊ ခေါင်းလေးတွေက လုံးပြီး အရေပြားလေးတွေကလည်း နူးညံ့လိုက်တာဆိုတာ၊ ဖက်လို့ မဝ၊ နမ်းလို့ မဝ၊ ကြည့်လို့ မဝ။ လက်ချောင်းလေးတွေဟာဆိုရင်လည်း အိစက်လုံးဝိုင်းပြီး ကိုက်ပစ်ချင်စိတ်တွေက် ထိန်းမရဘူး။ တစ်ခါတစ်လေ နမ်းလွန်းလို့ သူတို့က ‘သိပ်များပြီ၊ တော်လောက်ပြီ’ လို့ ပြောရတဲ့ အထိ။

သူတို့ကို ချစ်လွန်းလို့ သွားရည်တောင် ယိုမိပါတယ်။ စိတ်မထိန်းနိုင်ရင် ဒါမှမဟုတ် ဥာဏ်ရည်မရှိတဲ့ သတ္တဝါသာဖြစ်မယ်ဆို စားတောင်စားချင်စိတ်ပေါက်အောင် သူတို့ဟာ ချစ်စရာ စားချင်စရာကောင်းနေတော့တာပါပဲ (အစကတည်းက စိတ်လွှတ်ရေးမယ်လို့ ဝန်ခံထားပါတယ်)။ ကိုယ့်သားသမီးကို ငုံ့ကြည့်နေရင်း ချစ်စရာကောင်းလွန်းလို့ ကိုက်ပစ်ချင်စရာကောင်းလွန်းလို့ သွားရေလည်ရတဲ့ အဖြစ်၊ မိ တွေကော ဘ တွေကော ခံစားရမှာပါ။ မပြောကောင်းလို့သာ မပြောကြတာ။

အချို့ကြောင်မကြီးတွေက ကလေးတွေကို စားပစ်တာ ဥာဏ်မရှိဘဲ စိတ်မထိန်းနိုင်လို့များလားလို့တောင် တွေးမိတယ်။

ဘဝမှာ သိပ်မောပန်းလာလို့ ဘာကိုမှ ဆက်မလုပ်ချင်တော့ရင်၊ သူတို့ကိုဖက်ပြီး တွေးမိတယ်။
တစ်ကယ်ပါ.. ကျန်တဲ့ အလှပတရားတွေ၊ ဥစ္စာပစ္စည်းတွေ၊ ငွေကြေးဓနဂုဏ်တွေ၊ ယုတ်စွအဆုံး ပညာရေး.. စတာတွေဟာ သူတို့ရှေ့မှာ အသေးမွှားဆုံး အရာတွေ ဖြစ်သွားခဲ့တယ်။

ရထားဘူတာရုံတွေမှာ၊ သဘောင်္ဆိပ်တွေမှာ ပိုင်ဆိုင်မှုဆိုလို့ ခွက်တစ်လုံးပဲရှိတဲ့ သူတောင်းစားမကြီးတွေ၊ ထမီတွေကအဖာတစ်ရာနဲ့ စုတ်ပြဲလို့၊ ညတွေမိုးရွာရင် ချမ်းပြီး၊ သံမံတလင်းပေါ်မှာပဲ အိပ်ကြရမှာပဲ။ ဒါပေမယ့် သူတို့အနားမှာ ကလေးလေးတွေ ရှိတယ်။ ကလေးတွေကို ဖက်ပြီး အိပ်ရတဲ့အရသာ၊ ကြည်နူးနှစ်သိမ့်စရာ အရသာကို သူတို့ပဲ သိလိမ့်မယ်။ သူတို့ အရာရာပြည့်စုံနေတယ်လို့ ခံစားနေရမှာ သိပ်သေချာတယ်။ နောက်တစ်နေ့ စားစရာမရှိတာကို စဉ်းစားမိကောင်း စဉ်းစားမိပေမယ့် အဲဒီအချိန်လေးမှာတော့ ကလေးတွေကိုဖက်ပြီး အကြောင့်ကြမဲ့ အိပ်ပျော်နေမှာ။

သူတို့ စားချင်တာကို ဦးစားပေးရလို့ ကိုယ်မစားရရင်လည်း ကျေနပ်တယ်၊ သူတို့ ဝတ်ချင်တာကို ဦးစားပေးရတာလည်း ကျေနပ်တယ်၊ သူတို့ဖြစ်ချင်တာကို ဦးစားပေးရလို့လည်း ကျေနပ်တယ်။ အရင်က ဂစ်တာတီးရတာ သိပ်ကြိုက်တယ်။ မိဘက ဂစ်တာ၊ တယောနဲ့ စန္ဒယားသင်ပေးတာမှာ ဖြစ်ချင်တော့ ဂစ်တာကိုပဲ စွဲလန်းတယ်၊ ကျန်တာကလည်း တီးရမှုတ်ရတာ ခက်တာကိုး။ အသက် ၆၀ကျော်ထိ ဂစ်တာတီးမယ်ဆို အားခဲ ခဲ့သမျှ အခုတော့ ကလေးတွေ ဂစ်တာကြိုးထိပြီး တစ်ခုခုဖြစ်မှာစိုးလို့ ဂစ်တာ မတီးဖြစ်တော့တာ ကြာပါပြီ။ အရင်က ဂိုဒေါင်ထဲမှာ သွားပစ်ထားတယ်၊ အခုတော့ သူများကို ပေးပစ်လိုက်ပြီ။ ကလေးတွေကြီးမှ ပြန်တီးမယ်စဉ်းစားတော့လည်း အသက်က အခွင့်ပေးပါဦးတော့မလား မသိ။

ညည ဆိုလည်း သူတို့ကို ထထ ကြည့်ရလွန်းလို့လည်း အိပ်ရေးဝတဲ့ ညတွေဆိုတာ မရှိတော့ဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင်လည်း စိတ်က အဲဒီမှာ မရှိဘူး၊ ကလေးတွေဆီမှာပဲ တဝဲလည်လည်ဖြစ်နေတယ်။ သူတို့အဘွားတွေနဲ့ နေခဲ့တယ်ဆိုရင်တောင်မှ သူတို့မပါတဲ့ နေရာတွေမှာ စိတ်လွတ်လက်လွတ် မပျော်တော့ဘူး။ သူတို့ပါနေမှ အရာရာ ပြည့်စုံသလို ခံစားရတယ်။ သွေးအေးအေးမိန်းမတစ်ယောက်ကနေ သူတို့အတွက်ဆို အမြဲစိုးရိမ်တဲ့ မိန်းမတစ်ယောက်အဖြစ် ပြောင်းသွားတယ်။
ပညာတွေ အများကြီးဆက်ပြီး သင်ယူချင်ရင်တောင်မှ သူတို့ကို ကြည့်ရှုပြုစုရမယ့်အချိန်တွေ ခွန်အားတွေ နည်းသွားမှာစိုးတယ်။ အဲဒီအတွက် ကုန်သွားရမယ့် အချိန်နဲ့ငွေကို သူတို့ကိုပဲ ပေးချင်တော့တယ်။

ငယ်ငယ်တုန်းက အတန်းဖော်တွေ စောစောစီးစီးအိမ်ထောင်ကျသွားလို့ ကလေးရသွားရင်၊ ကျန်တဲ့အတန်းဖော်တွေက ပြောလေ့ရှိတယ်။ ‘ဒီမိန်းမ ပြောင်းလဲ သွားတယ်’ လို့…။
ပြောင်းလဲသင့်တယ်၊ ပြောင်းလဲရမယ်။ ကလေးတစ်ယောက် မိခင်ဆိုတာ တစ်ကယ်တော့ ဂုဏ်ယူစရာ၊ သဘာဝက ပေးလိုက်တဲ့ အရာ။

အချို့တွေက ကလေး မရ နိုင်ဘူး - အဲသလို မိခင်ဖြစ်ခွင့်မရ သူတွေကို မိန်းမချင်း ကိုယ်ချင်းစာ စာနာမိပါတယ်။

အချို့မိန်းမတွေကတော့ ကလေး မလိုချင်ဘူး။ သူတို့တွေးတာကိုလည်း မှားတယ်လို့ ဘယ်တော့မှ ပြောလိမ့်မယ် မဟုတ်ပါဘူး။ ကလေးဆိုတာ တစ်သက်လုံး ပြုစုပျိုးထောင်ပေးရမှာဖြစ်တယ်။ ‘မွေးပြီး ပစ်ထားလိုက်… အလိုလိုကြီးသွားတာပဲ’ ဆိုတာမျိုးက မိခင်ကောင်း ဖခင်ကောင်းတစ်ဦးရဲ့ စကားမဟုတ်ဘူး။ အစကတည်းက ကလေးကို မကြည့်နိုင်လို့ ကလေးကို မယူဘူး ဆုံးဖြတ်ရဲသူတွေကို လေးစားတယ်။ လစ်လျှူရှုတတ်တဲ့ မိဘ၊ မိဘဆိုးဖြစ်တာထက် မိဘ လုံးလုံး မဖြစ်တာ ပိုကောင်းပါတယ်။
ဘဝကို အသစ်တဖန် ပြန်စရဦးမယ်ဆိုရင်လည်း ကလေး ယူမှာဖြစ်တယ်။ ချမ်းသာလွန်းတဲ့ မိန်းမတစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ကလေးထိန်းတွေ အကူတွေ အများကြီး ရမယ်ဆိုရင်တော့ အများကြီးကို မွေးပစ်လိုက်ချင်တာပါပဲ။ ကလေးတွေရဲ့ ရယ်သံ၊ အော်သံ၊ ပြေးလွှားသံ၊ ငိုသံ၊ ချွဲသံတွေနဲ့ ပြည့်နေတဲ့ အိမ်နဲ့ခြံ ကို လိုလားတယ်။
တစ်ခါတစ်လေတော့လည်း မောလွန်းလို့ မြန်မြန်အိပ်ကြပါစေတော့ လို့လည်း ဆုတောင်းမိတာ ရှိပါတယ်။

သူတို့ကို ကြီးလာရင် ပညာဥာဏ်နဲ့ပြည့်စုံစေချင်တာကတော့ သူတို့ဘဝကို သက်တောင့်သက်သာ ရှိစေချင်လို့ပါပဲ။ ဒါပေမယ့် သူတို့ဘာကြီးဖြစ်ရမယ်၊ ညာကြီးဖြစ်ရမယ်ဆိုတဲ့ စိတ် မရှိသေးဘူး။ သူတို့ဖြစ်ချင်တာကို ပံ့ပိုးမှာဖြစ်တယ်။ ကိုယ်ကတော့ လမ်းညွှန်ပြမယ်ပေါ့နော်၊ သူတို့ မလျှောက်ဘူးဆိုလည်း အတင်း မတွန်းဘူး။ သူတို့ရွေးချယ်တာကို ကျေနပ်စွာ ပံ့ပိုးမှာဖြစ်တယ်။ (နောင် စိတ်ပြောင်းရင်တော့ မသိဘူးရယ်…)

သမီးလေးကို ကြီးလာရင် ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်လို့ မပြောဘူး။ သူ့ကို မေးကြည့်ဖူးတယ်။ သမီးကြီးလာရင် ဘာဖြစ်ချင်သလဲလို့….။ ထူးဆန်းတာက ကိုယ်တွေ ငယ်ငယ်က ဖြေသလို .. သူက မဖြေဘူး။ သူဖြေတာက… ‘သမီးကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာ သမီး မသိသေးပါဘူး မေမေ’ တဲ့…။
ရင်တမမ နားထောင်နေတာလေ သူ့အဖြေအဆုံးမှာ အလွန်ကို ကျေနပ်သွားမိတယ်။ ဒီအရွယ်ကလေးဟာ ဒီလိုပဲ ဖြေသင့်တယ်လို့ ထင်တယ်။ ဒါ အမှန်ကန်ဆုံးနဲ့ အဖြစ်သင့်ဆုံး၊ မိဘတွေရဲ့ ဦးနှောက်လျှော်ဖွပ်ထားမှုကို မခံရသေးတဲ့ ကလေးတစ်ယောက်ရဲ့ အလျှော်ကန်ဆုံးအဖြေလို့ ထင်မိတယ်။

(ဒါဟာ မှန်တယ်မှားတယ်ဆိုတာထက် တိုင်းပြည်တွေရဲ့အခြေအနေတွေပေါ်မှာ မူတည်ပါလိမ့်မယ်။ အချို့တိုင်းပြည်တွေမှာက အသက်မွေးဝမ်းကျောင်းပညာတို့ အလုပ်တို့က အရမ်း limited ဖြစ်တယ်။ အချို့တိုင်းပြည်တွေမှာကတော့ ဒီအသက်မွေးဝမ်းကျောင်းမှ ပိုမိုကောင်းမွန်တယ်၊ ကျန်အသက်မွေးဝမ်းကျောင်းတွေက မကောင်းဘူး ဆိုတာ သိပ်မရှိလို့ပါ - ပိုပြီး ကျယ်ပြန့်တယ်/ ရွေးစရာတွေလည်း ပိုများတယ်လို့ ဆိုခွင့်ပြုပါ)

ဒါကြောင့် သူတို့ဘာကိုပဲ ရွေးချယ်ရွေးချယ် ပံ့ပိုးမှာဖြစ်ပါတယ်လို့ ပြောချင်တာပါ။ စိုးရိမ်ပူပန်မှုကတော့ နေ့စဉ်နဲ့အမျှပါပဲ၊ ချစ်တာကိုး။

သူတို့ဟာ…. ဘဝရဲ့လုံခြုံမှု၊ ဘဝရဲ့နွေးထွေးမှု၊ ဘဝရဲ့မျှော်လင့်မှု၊ ဘဝရဲ့ ပြည့်စုံမှု….

အဲသလို စကားတွေကို သားသမီးတွေက ပြောလေ့ရှိတတ်တယ်။ တစ်ကယ်ကတော့ မိဘအချို့ရဲ့ စိတ်ထဲမှာလည်း အဲသလိုကို ဖြစ်ပါတယ်။ စကားပုံတစ်ခုရှိတယ် မရှိဘူး၊ မရဘူးတဲ့ အရာတစ်ခုဟာ ဘဝမှာ လိုအပ်နေတယ်လို့ မသိရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ရှိမှ မရှိဘူးတာ။ ဥပမာ… အင်တာနက်ဆိုတာ မပေါ်ခင်တုန်းက အင်တာနက်ဆိုတာကို မလွမ်းသလိုပါပဲ။ ပေါ်လာတဲ့အခါ၊ သုံးဖူးတဲ့အခါ အင်တာနက် မရှိရင်ကို အလုပ်မဖြစ်တော့တဲ့ သဘောမျိုး။ အဲသလိုပါပဲ… ကလေး ရဖူးတဲ့အခါမှာ ကလေးရဲ့ ဘဝကို ပြည့်စုံစေမှုကို သိလာရတယ်။ ယောင်္ကျားလေးနဲ့ မိန်းကလေးတောင် မတူပါဘူး။ ယောင်္ကျားလေး ရပြီး မိန်းကလေး မရဘူးသူ၊ မိန်းကလေးပဲရှိပြီး ယောင်္ကျားလေး မရဘူးသူတွေဟာလည်း အဲသလိုပါပဲ၊ နှစ်မျိုးလုံး ရဘူးတဲ့အခါ တစ်မျိုးစီရဲ့ အဖြစ်လေးတွေဟာ တစ်မျိုးစီကို ဆန်းကျယ်နေတော့တာ။
ချစ်ရတာလည်း မတူဘူး။ မိန်းကလေးကျ အလိုလို ကာကွယ်နေချင်တာ၊ ကပ်စေးနဲတာ၊ မထိရက်တာ၊ ဓာတ်ပုံလေးတောင် ကပ်စေးနေတာ။ ယောင်္ကျားလေးကိုကျတော့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖျစ်ညှစ် ချစ်လို့ရတာ မျိုး။

မိဘကျေးဇူးလို့ပဲ လူတွေက ပြောလေ့ရှိတယ်။
မိခင်ရဲ့ နို့တစ်လုံးဖိုး မကျေနိုင်ဘူး လို့ ဆိုကြတယ်…။
မှန်ပါတယ်…..။
မိခင် ဖခင်ရဲ့ ကျေးဇူးပဲ ရှိတာ မဟုတ်ပါဘူး။

ဒီလို ကြင်နာစေတတ်တဲ့စိတ်၊ ဘဝကိုမျှော်လင့်မှု တစ်စုံတစ်ရာပေးတဲ့စိတ်၊ ချစ်စိတ်၊ ကိုယ်ချင်းစာစိတ်၊ စွဲလန်းစိတ်၊ စိုးရိမ်ကြောင့်ကြစေတဲ့စိတ်၊ စိတ်ခွန်အား၊ ပျော်ရွှင်မှု၊ ကြည်နူးမှု၊ အမောပြေမှု .. စတဲ့ လူသားဆန်စေတဲ့စိတ်တွေကို ဖြစ်စေတဲ့ သားသမီးတွေကိုလည်း မိခင်တို့က ကျေးဇူးအမြဲတင်နေမှာပါ။

ဒီစာကို နှလုံးသားနဲ့ပဲ ရေးပါတယ်။
အိမ့်ချမ်းမြေ့

ပန်…(ပန်ဒိုရာ - https://www.facebook.com/pandorao) မလေး စာတမ်းတစ်စောင်ဖြစ်ဖို့နီးနီး အခြေအနေဖြစ်သွားတာ ခွင့်လွှတ်…း))

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

15 Comments »

  1. မောင်လေးညီမလေးတွေ၊ တူတူမလေးတွေ၊ သူများကလေးတွေ က စချစ်ခဲ့ရတယ်။ အခက်အခဲတွေအများကြီးနဲ့ ရင်းနှီးထားလို့ အခုထိတော့ စိုးရိမ်စိတ်တွေ ရှိနေတုန်း။ အောင်အောင်မြင်မြင်နဲ့ မိခင်ဘဝ ရောက်ပြီးသွားတဲ့အခါ ထပ်ပြီး ရေးဦးမယ်လေ။ နှလုံးသားနဲ့ ရေးထားတဲ့ စာလေးဟာ အာဟာရတွေ အများကြီးပေးတယ်။ ကျေးဇူးအများကြီးတင်တယ် မလေး။

    Comment by pandora — October 25, 2013 @ 8:25 am

  2. ကိုက်ပစ်ချင်စိတ် ဆိုတာလေးကတော့ တကယ့်ကို အသစ် ပဲ။ မသိခဲ့ဘူး။

    Comment by pandora — October 25, 2013 @ 8:29 am

  3. စားချင်တာ… :D
    လက်ဖောင်းဖောင်း ခြေဖောင်းဖောင်း အိအိလေးတွေ တွေးရင်းတောင် သွားရည်ယိုချင်တာ…အဲလို..

    Comment by မလေး — October 25, 2013 @ 8:37 am

  4. ဟုတ်တယ် အဲဒီသွားရည်ယိုတာကို ပြောတာ.. ကိုက်ဆွဲချင်တြတာ ဖျစ်ညှစ်ချင်ကြတာ အဲဒီလိုမျိုးထိလောက်တော့သိတယ်။ စားချင်တာကျတော့ .. တကယ့်ကို … :) ကြည့်မယ်လေ.. သိလာမှာပေါ့ :)

    Comment by pandora — October 25, 2013 @ 8:46 am

  5. နှလုံးသားနှင့်ရေးသောစာများကို နှလုံးသားနှင့်ပင် ဖတ်သွားပါတယ်ရှင်။
    ကိုယ်ကိုယ်တိုင်တော့ မိဘဖြစ်လာမလား ဖြစ်မလားဘူးလားဆိုတာ သေချာမသိသေးပါဘူး။ကံတရားပေါ့။
    မလေးရေးထားတာနဲ့တင် မိဘ မေတ္တာ ပြောရရင် မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်ဓာတ်
    ကို အများကြီးနားလည်ခံစားမိသွားတယ်။

    Comment by ဆွေလေးမွန် — October 25, 2013 @ 8:55 am

  6. I would like to make so much money to fulfill their dream. They may need it to survive when they approach the dream

    Comment by Tinmoe — October 25, 2013 @ 9:31 am

  7. ကလေးလေးတွေဆိုလို့ ၂၀၁၁ ဒီဇင်ဘာတုန်းက ကျိုက်ထီးရိုးသွားတုန်းက အဖြစ်ကို ပြန်သတိရတယ်။ အဲ့ဒီတုန်းက ကျွန်တော်နဲ့ သူငယ်ချင်းစုံတွဲ (စုစုပေါင်း ၃ယောက်) မုဆိုးတောင်ကနေ ကျီးကန်းပါးစပ်ကိုအသွား လမ်းမှာ ကလေးလေးသုံးယောက်ကို တွေ့တယ်။ ကျွန်တော်တို့က သူတို့နောက်က၊ သူတို့က ကျွန်တော်တို့ရှေ့က။ မိန်းကလေးတစ်ယောက်က အစွန်မှာ၊ အလယ်နဲ့ ဘေးက ယောက်ျားလေးတွေ။ သူငယ်တန်းအရွယ်လေးတွေ။ ဖားဥတွေတက်နေတဲ့ နွမ်းဖတ်ဖတ် ကျောင်းဝတ်စုံလေးတွေနဲ့။ ချည်လွယ်အိတ်လေးတွေလည်း တရွတ်တိုက်လွယ်ထားကြလို့ရယ်။ ကျောင်းသွားကြတာ။ အဲ့ဒီမှာ အစွန်နှစ်ဘက်က ကောင်လေးနဲ့ ကောင်မလေးက ညက သူတို့ကြည့်ခဲ့တဲ့ ရုပ်ရှင်အကြောင်းကို အလယ်ကကောင်လေးကို အလုအယက်ပြောကြတာ။ အလယ်က ကလေးက ဟိုဘက်လှည့်နားထောင်လိုက်၊ ဒီဘက်လှည့်နားထောင်လိုက်နဲ့ပေါ့။ ပြောတဲ့သူနှစ်ယောက်က ပြောရင်း အရှိန်တက်လာကြပြီး လုပြောကြတော့တာ။ ကြာလာတော့ အလယ်က ကလေးက ဘယ်သူ့ဟာ နားထောင်ရမှန်းမသိပဲ ဖြစ်လာပြီး…

    “ဟာ… တော်ဘီဟာ။ ဘာဒွေမှန်းလည်း မသိဘူး”…ဆိုပြီး ဆောင့်ဆောင့် အောင့်အောင့်နဲ့ ရှေ့ကို ပန်းတက်သွားတော့တာပဲ။ အဲ့ဒီအခါ ကျန်တဲ့ကလေးနှစ်ယောက်က ခဏကြောင်သွားတယ်။ ပြီးတော့ ပြေးလိုက်ပြီး ပြောဖို့ပြင်တာ၊ ရှေ့ကကလေးဆိုတာ ပြေးလိုက်တာ တန်းနေတာပဲရယ်။

    ကျွန်တော့်မှာ နောက်ကနေကြည့်ပြီး ချစ်လိုက်တာဆိုတာ မပြောပါနဲ့တော့ဗျာ…။

    (သားသမီးမရှိ၍ ပါးစပ်ဟောင်းလောင်းဖွင့်ကာ စာကိုဖတ်သွားသော်လည်း ကိုယ်ကြုံဖူးသော ကလေးများအကြောင်း ခပ်တည်တည်ဖြင့် ကော်မန့်ရေးသွားသည်။) :D

    ————–
    ခင်မင်ခြင်းအားဖြင့်..
    ကိုဏီ

    Comment by ဏီလင်းညို — October 25, 2013 @ 10:46 am

  8. ကိုက်စားချင်တာချင်းတော့ တူတယ်.. ကိုယ့်မှာ ကလေးမရှိပေမယ့် လမ်းမှာ တွေ့တဲ့ ချစ်စရာကလေးလေးတွေ အသိတွေရဲ့ ကလေးတွေဆို အရမ်းချစ်လာရင် ပြေးဖက်ပြီး ကိုက်စားချင်တာ အရမ်းပဲ..

    Comment by Anonymous — October 25, 2013 @ 11:54 am

  9. It’s a descriptive, loving and touchy true story. Having 7 daughters is a big wild dream, bud. :D

    Comment by Anonymous — October 25, 2013 @ 12:33 pm

  10. မလေးရေ (တုနှိုင်းလို့မရတာတွေကို စာလုံးတွေနဲ့ ရေးချပြထားတာ) ပြည့်စုံကောင်းမွန်လှပါတယ်…
    ပုံ
    သမီးလေးမရှိသော ခပ်ကြမ်းကြမ်း မိခင်တယောက်…:)

    Comment by Anonymous — October 25, 2013 @ 5:09 pm

  11. မလေးရေ (တုနှိုင်းလို့ မရတာတွေကို စာလုံးတွေနဲ့ ရေးချပြထားတာ) ပြည့်စုံကောင်းမွန်လှပါတယ်
    မှ
    သမီးလေးမရှိသော ခပ်ကြမ်းကြမ်း မိခင်တယောက်

    Comment by Anonymous — October 25, 2013 @ 5:11 pm

  12. လက်ခုပ် ဆယ်ချက်လောက်တီးပြီးတော့ အားပေးသွားတယ် ကျနော့်စိတ်ထဲမှာ ရှိနေတဲ့ အခု ကလေးတစ်ခု မလေးကို ပြောဖို့ အားနာတာနဲ့မပြောဖြစ်တာ ။ ကိုယ်တိုင်လည်းမိခင်တစ်ဦး မိခင်လည်းသက်ရှိထင်ရှားရှိနေသေးတဲ့ စာရေးသူ မလေးဟာ တစ်ခြားဆောင်းပါးတွေ စာပေတွေအများကြီးရေးသားနေပေမယ့် ဘာကြောင့်များ မိခင်အကြောင်း မိခင်တစ်ဦးရဲ့ ခံစားချက်အကြောင်းမရေးပါလိမ့်လို့ တွေးနေမိတာ ဒီပို့စ်လေးဖတ်ပြီး အင်း…မလေးမှာလည်းမိခင်စိတ်အပြည့်နဲ့ ချယ်မှုန်းလို့ပါလားလို့ဖြစ်သွားတယ် ။ ကျေးဇူးလည်းတင်တယ် ။

    တကယ်က ခုနောက်ပိုင်း ကော့မန့်ရှည်ရှည်ရေး၇တာပျင်းနေတယ် ။ ခုက ဖီးလ် လာလို့ရေးလိုက်အုံးမယ် ။ တကယ်တော့ အမေ တစ်ယောက်ရဲ့ဖြစ်တည်ခွင့်ဟာ အမေ နဲ့ အတူတူကို သားသမီးတွေမှာလည်း ကြီးကျယ်လိုက်တဲ့ နွေးထွေးမှု ခံစားချက်တွေဖြစ်စေတော့တာ အမေ့အသံကြားရင်ကိုပဲ အားတွေတက်သွားသလို ။ ကျနော့်အတွက်တော့ လောကမှာ အမေဟာ အကြီးမားဆုံ အဖိုးတန်တဲ့အရာပါ ။

    မိခင်တွေနဲ့ အတူ ဖခင်တွေလည်း သားသမီးကို ချစ်တတ်ကြကြောင်း အားကျမခံပြောချင်စမ်းပါဘိး) တူနေတဲ့ အချက်လေးတစ်ခု တိုက်တိုက်ဆိုင်ဆိုင် သမီးအမွှာပူးလေးပဲလိုချင်တယ် မိန်းမကျ မရချင်သေးဘူးဗျ သမီးလေးအမွှာကျ ခုကို လိုချင်နေတော့တာ စိတ်ကူးထဲမှာ သမီးတွေက မြန်မာဆန်ဆန် ဆံပင်ရှည်ရှည် ဖြူဖြူသွယ်သွယ် ခြေလက်လှလှ နဲ့ အဖေကိုချစ်တဲ့သမီးလေးတွေ လိုချင်တာ ။

    တော်သင့်ပြီ လက်ရေးသည်းခံပါ စားလုံးပေါင်းပြင်ဖတ်ပါ

    လေစာစွာဖျင့်
    မောင်းမျို

    Comment by မောင်မျိုး — October 27, 2013 @ 11:22 pm

  13. Coz.. I thought it was too personal :))
    I still think it is but felt like sharing a bit this time.

    Comment by မလေး — October 28, 2013 @ 10:58 am

  14. သား၊သမီးအပေါ်ထားတဲ့ မိခင်ရဲ့ချစ်ခြင်းကို ခံစားဖတ်ရှု့သွားပါတယ်အမ၊

    Comment by ထရီဆာ (Teresa) — January 23, 2014 @ 10:52 pm

  15. နှလုံးသားထဲမှာပြောစရာအများကြီး မရေးတတ်လို့ဒီလောက်ပါပဲ။ သြော် သီးနှစ်ယောက်ရှိတယ် အဲဒါပြောထာ။ ။

    Comment by soe kyi — August 26, 2015 @ 8:58 pm

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------