♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 22, 2013

အဲလစ်မွန်ရိုး

Filed under: my notes, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 11:04 pm

အခုတစ်လောမှာ ကနေဒါမှ စာပေနိုဘယ်ဆုရှင်၊ အသက် ၈၂ နှစ်အရွယ် Alice Munro အကြောင်းက ခေါင်းထဲမှာ ရောက်နေတယ်။

သူ့အကြောင်းမပြောခင်မှာ လူဆိုတာအခက်သားလားလို့လည်း ကိုယ့်ကိုကိုယ် တွေးနေမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ဟာ…. ဆုတွေ၊ တံဆိပ်တွေကို ငယ်ငယ်လေးထဲက သိပ်အယုံအကြည် မရှိတဲ့ သူတွေအထဲမှာ ပါနေသူ၊ ဆုတံဆိပ်တွေ အခါပေါင်းများစွာ ရဖူးသော်လည်း၊ ဒီဆုပေး ဒဏ်ပေးစနစ်တွေထဲမှာ မှားယွင်းမှုတွေ ရှိနေတယ်လို့ ယုံကြည်သူတွေထဲက တစ်ယောက်ဖြစ်နေသူ၊ စာပေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်စာရေးသူကတော့ ဘာဆုကို ရသင့်တယ် ဆိုတဲ့ “စာပေနယ်ရဲ့ ခွဲဖြတ်ချမှုတစ်ခု” ကို ယုံကြည်မှု မရှိသူ၊ ဒါ့အပြင် “A writer must refuse to allow himself to be transformed into an institution, even if it takes place in the most honourable form.” “စာရေးသူတစ်ဦးဟာ အဖွဲ့အစည်းတစ်ခုထဲကို သက်ရောက်ပျော်ဝင်သွားမှုဟာ အလွန်မြင့်မြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ် ဆိုရင်တောင်မှ၊ အဲဒီ အဖွဲ့အစည်းကြီးထဲကို သက်ရောက်ပျော်ဝင်သွားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရမယ်” လို့ ဆိုပြီး စာပေနိုဘယ်ဆုကို ငြင်းပယ်ခဲ့တဲ့ Jean-Paul Sartre ဆိုတဲ့ စာရေးဆရာကြီးကို လေးစားအားကျသူ တစ်ဦးဖြစ်နေလို့ပါပဲ။

အဲသလိုလူမျိုးဟာ စာပေနိုဘယ်ဆုရှင် အဲလစ်မွန်ရိုး ကို စိတ်ဝင်စားနေမိလို့ ကိုယ့်ကိုကိုယ် အရင်ဆုံး တရားရနေမိတာပါ။ အခြားသူတွေ ဆုရရင် ဒီလောက်ဖြစ်မှာ မဟုတ်ဘူး၊ အသက် ၈၀ကျော် အဘွားကြီးတစ်ဦး ဆုရလို့ စိတ်ဝင်စားတာဖြစ်မှာပါလို့လည်း ကိုယ့်ကိုကိုယ် ပြန် ဆင်ခြေပေးနေမိသေးတယ်။
အဲလစ်မွန်ရိုးဟာ ကိုယ်စိတ်ဝင်စားတဲ့ ဝတ္ထုတိုတွေကိုပဲ ရေးခဲ့သူဖြစ်တယ်။ ဘာဖြစ်လို့ ဝတ္ထုရှည်တွေ မရေးတာလဲလို့ သူမကို မေးတော့ သူမ ပြန်ဖြေတဲ့ အဖြေလေးဟာ ရိုးရှင်းလှတယ်။

‘ဝတ္ထုရှည်တို့ လုံးချင်းဝတ္ထုတို့ မရေးဘဲ ဝတ္ထုတိုပဲ ရေးရတဲ့အကြောင်းကတော့ ကျမ ဒါပဲလုပ်နိုင်လို့ပါ’ တဲ့။

သူပြောတဲ့ အဖြေလေးကြားတော့ ကိုယ့်ကိုကိုယ်လည်း မေးခွန်းပြန်ထုတ်မိတယ်၊ ဘာဖြစ်လို့ လုံးချင်းတို့ ဝတ္ထုရှည်တို့ကို မရေးချင်တာလဲ၊ ဝတ္ထုတိုကိုပဲ ဘာဖြစ်လို့ အားသန်တာလဲရယ် လို့ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတော့တယ်။

ကလေးသုံးယောက်မိခင်ဖြစ်သူ အဲလစ်မွန်ရိုးဟာ အခုလို စာတွေရေးနေနိုင်တယ်ဆိုကတည်းက သူမဟာ တော်ရုံတန်ရုံ စည်းကမ်းမရှိဘဲနဲ့တော့ ဒီအခြေအနေ မရောက်လာဘူးလို့ စဉ်းစားလိုက်မိတယ်။ သူမဟာ ဝတ္ထုစာအုပ်လည်း များများ မထုတ်နိုင်ခဲ့ပါဘူး။ လေးနှစ်လောက်မှ တစ်ကြိမ်သာ ဝတ္ထုတိုလေးတွေစုထားတဲ့စာအုပ် ထုတ်နိုင်သူဖြစ်တယ်။

အဲလစ်မွန်ရိုးရဲ့ မိခင်ဟာ ကျောင်းဆရာမ တစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ မြေခွေးတွေကိုမွေး၊ မြေခွေးမွှေးတွေကို ကုမဏီကြီးတွေကို ရောင်းတဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူမငယ်စဉ်ဘဝကို ရေးထားတဲ့ “Boys & Girls” ဆိုတဲ့ ဝတ္ထုတိုကလေးကိုလည်း လက်က မချနိုင်အောင်လည်း ဖြစ်ခဲ့ရတယ်။ (ကြုံတဲ့အခါလည်း အားလုံးနဲ့ ဝေမျှဖို့ အစီအစဉ်ရှိပါတယ်)။

သူမဟာ စားပွဲထိုးအလုပ်၊ ဆေးလိပ်ခင်းထဲမှာ ဆေးရွက်ခူး၊ စာကြည့်တိုက်စာရေးမ လုပ်ရင်း အနောက်အွန်တေရီယို ယူနီဗာစတီမှာ အင်္ဂလိပ်မေဂျာနဲ့ ကျောင်းတက်နေခဲ့တယ်။ ဒါပေမယ့် ဒုတိယနှစ်မှာ အတန်းထဲက သူငယ်ချင်းကောင်လေးနဲ့ လက်ထပ်ပြီး၊ ကနေဒါအနောက်ဘက် ဗင်ကူးဗားမြို့လေးကို ကျောင်းထွက်လို့ ပြောင်းလာခဲ့တယ်။ ဒန်းဒရေ့ဖ် ဆိုတဲ့ မြို့လေးမှာ စာအုပ်ဆိုင်ဖွင့်ရင်း အသက်မွေးဝမ်းကျောင်း ပြုခဲ့တယ်။

နောက်တော့ သူမရဲ့စာတွေရဲ့ ပြောင်မြောက်မှုကြောင့် သူမတက်ခဲ့တဲ့ အနောက်အွန်တေရီယို ယူနီက ဂုဏ်ထူးဆောင် LLD ဘွဲ့ကို ပေးခဲ့တယ်။

သူမရဲ့စာတွေဟာ အခြေခံလူတန်းစား မိန်းမတွေရဲ့ဘဝကို ဖော်ကျူးထားတတ်တယ်။ သူမကိုယ်တိုင်က ဘွဲ့ရရှိသူ မဟုတ်ဘူး။ အတန်းပညာ မြင့်မြင့်မားမားမရှိသော်လည်း အလွန်လေးစားစရာကောင်းတဲ့ စာရေးဆရာတွေဖြစ်တဲ့ George Orwell တို့လို ဖြစ်တယ်။

ဆယ်စုနှစ်တွေကြားထဲက ထိပ်တန်းစာရေးဆရာတွေရဲ့ ဘဝတွေကို အကြမ်းဖျဉ်းလေ့လာမိတော့လည်း၊ တော်တော်များများက ရာထူးတွေ၊ ဂုဏ်တွေ သိပ်မရှိလှဘူး။ ဘဝကို ရိုးရိုးလေးဖြတ်သန်းကြသူတွေဖြစ်တယ်။ George Orwell ဆိုရင်လည်း ခေတ်ပညာတွေအမြင့်ကြီးတတ်တဲ့၊ ရာထူးအမြင့်ကြီးရှိတဲ့ အီလိ တစ်ယောက်မဟုတ်ပါဘူး၊ ပုလိပ်လေး တစ်ဦးသာဖြစ်တယ်။ ရှိတ်စပီးယားဆိုရင်လည်း စာရေးဆရာလို့တောင် သူ့ကို မသတ်မှတ်ကြဘူး၊ ပြဇာတ်ရေးဆရာ တစ်ဦးသာဖြစ်တယ်လို့ ဆိုကြတယ်။ စာအုပ်တစ်အုပ်မှလည်း မထုတ်ထားလို့ Author စာရင်းထဲက ထုတ်ပါလို့ ဆိုတတ်ကြသေးတယ်။ Sense and Sensibility နဲ့ Pride and Prejudice ရေးတဲ့ Jane Austen ဆိုရင်လည်း ဟိုခေတ်က မိန်းကလေးတွေ ပညာသိပ်တတ်စရာမလိုဘူးဆိုတဲ့ ခေတ်ကမို့၊ ဖခင်နဲ့ အစ်ကိုတွေက အိမ်မှာပဲ ပညာသင်ပေးခဲ့သူ တစ်ဦးဖြစ်တယ်။

ဒါပေမယ့် သူတို့ရဲ့ နှလုံးသား၊ သူတို့ရဲ့ စာပေကို ချစ်မြတ်နိုးမှုဟာ ဖြူစင်တယ်၊ မိမိစိတ်ခံစားမှုအပေါ်မှာ ရိုးသားတယ်၊ ဝါကြွားမှုတွေ နည်းတယ်၊ အလံလွှင့်မှုတွေ နည်းတယ်၊ မောဟနည်းတယ်လို့ သတိပြုမိတယ်။ လူတွေကလည်း ဒါကို ခံစားသိရှိတတ်ကြတယ်။

အခု အဲလစ်မွန်ရိုးဆိုရင်လည်း ဒုတိယနှစ်နဲ့ကျောင်းထွက်လာသူ ဖြစ်တယ်၊ ဒါပေမယ့် သူ့ရဲ့ လေးနှစ်တစ်ကြိမ်သာ ထုတ်နိုင်တဲ့ ဝတ္ထုတိုတွေရဲ့ အစွမ်းကို အသိမှတ်ပြုခြင်းပြယုဒ်ကို သူမ ရရှိခဲ့တယ်။

အဲလစ်မွန်ရိုးကို စိတ်ဝင်စားရတဲ့အကြောင်းတွေက ဝန်ခံရရင် ကိုယ်နဲ့ ဆင်သလိုလိုအချက်လေးတွေ ရှိလို့လည်း ဖြစ်လိမ့်မယ်ထင်မိပါတယ်။ သူကတော့ တက္ကသိုလ်ကနေ ကျောင်းမပြီးဘဲ၊ ဒုတိယနှစ်အရောက်မှာ အတန်းထဲက သူငယ်ချင်းချစ်သူကောင်လေးနဲ့ ဘဝတစ်ခု ထူထောင်ဖို့ အခြားမြို့ကို ပြောင်းသွားတာ၊ ကိုယ်ကတော့ ပထမနှစ်အကုန်မှာ အခြားနိုင်ငံမှာ ကျောင်းဆက်တက်ဖို့ အတန်းထဲက သူငယ်ချင်းချစ်သူကောင်လေးကို ထားခဲ့ရတာ၊ ဝတ္ထုတိုလေးတွေပဲ ရေးနိုင်လောက်တဲ့ အခြေအနေရှိတာ၊ နောက် သူ့မိသားစုဝင်တစ်ဦးရဲ့ ကြေကွဲဖွယ်ရာ အဖြစ်၊ အဲဒါလေးတွေပေါ့လေ… တူတယ်လို့ ထင်မိတယ်။

ဆုတွေပေးကြ ယူကြတာတွေနောက်က စနစ်ကို သိပ်အယုံအကြည် မရှိပေမယ့်၊ အသက် ၈၂ မှာမှ သူမ နိုဘယ်ဆု ရသွားတာကိုတော့ ကျေနပ်မိပါတယ်။ သူမကတော့ ဆု သွားမယူနိုင်လောက်အောင် နေမကောင်းဖြစ်နေပါပြီ။ သူမကို လေးစားမိသည့်အပြင်၊ သူမ ဆီကလည်း စာရေးနည်း အတတ်ပညာတွေကို ဆက်လက်လေ့လာဆည်းပူးသွားမှာ ဖြစ်ပါတယ်။

အားလုံးကို ချစ်ခင်လျှက်…
အိမ့်ချမ်းမြေ့

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

2 Comments »

  1. သူ့စာလေးတွေ မျှဝေပေးပါဦး မလေးရေ၊ ဇွန် စိတ်ဝင်စားလို့ပါ။ ဇွန်ကတော့ ဂျိန်းအော်စတင်ရဲ့ အမာခံပရိတ်သတ်တစ်ဦးပေါ့။ :)

    Comment by ဇွန်မိုးစက် — October 23, 2013 @ 3:28 am

  2. ဘောင်ခတ် မခံပဲ စာရေးကြသူများပေါ့ ။ အားကျတယ် ။ ကိုယ်လည်း အဲ့လို လွတ်၂လပ်၂ပဲရေးချင်တယ် ။

    Comment by mgmyo — October 24, 2013 @ 2:03 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------