♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

October 11, 2013

မယောင်ရာ ဆီလူးရခြင်းအကြောင်း

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 12:03 am

ဒီကိစ္စက အချို့အတွက်ကတော့ မယောင်ရာဆီလူး လို့ ဆိုနိုင်ပေမယ့် တစ်ကယ်ကတော့ တိမ်မယောင်နဲ့ နက် လှပါတယ်။ ကိုယ့်အတွက် မယောင်ရာဆီလူး ဖြစ်နိုင်ပေမယ့် အခြားလူတွေအတွက်ကတော့ ရင်ထဲက အနာတွေ ပုပ်ပွလာတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ ဥပမာ ပြရမယ်ဆိုရင် လက်ပန်းတောင်းတောင် ကိစ္စမှာ တောင်သူလယ်သမားတွေအတွက် ဘဝအိုးကြီး ရိုက်ခွဲခံရသလို ဖြစ်နေချိန်မှာ ဝမ်ပေါင်တို့အတွက်ကတော့ ရွှေအိုးကြီး ရလိုက်သလိုပါပဲ။ ဝမ်ပေါင်တို့ကလည်း “မင်းတို့မယောင်ရာဆီလူးတွေ” လို့… ဒီလိုပဲ ပြောနိုင်ပါတယ်၊ တစ်ဦးနဲ့တစ်ဦး ခံစားချက်၊ အယူအဆ အမြင်တွေ မတူတဲ့ သဘောပါပဲ။

သာမန်အချိန်တွေမှာ အလှမယ်တွေကို စိတ်လည်း မဝင်စားဘူး၊ ကိုယ်နဲ့လည်း ပတ်သက်တယ်လို့လည်း မခံစားရပေမယ့် ဒီကိစ္စမှာတော့ liberal ဆိုတဲ့ စကားလုံးကြီးတွေ၊ democracy ဆိုတဲ့ စကားလုံးအကြီးကြီးတွေ ကိုင်ပြီး ပညာတတ်၊ လူဂုဏ်ထံများက၊ ကျန်တဲ့ လူအများစုကို ကိုင်ပေါက်လာတဲ့ အခါမှာတော့၊ လူအများစုဘက်က နေပြီး တွေးမိသုံးသပ်မိတာလေးတွေ ချရေးဖြစ်တာပါ။

အပေါ်ယံကြည့်ရင်တော့ အလှမယ် မိုးစက်ဝိုင် ကို တရုတ်လူမျိုးဖြစ်နေလို့ ကျန်တဲ့ မြန်မာ (ဗမာ) တွေက တိုက်ခိုက်နေသလိုဖြစ်နေတယ်။ တစ်ကယ်ကတော့ မိုးစက်ဝိုင်ဟာ တရုတ်ဖြစ်နေလို့ တိုက်ခိုက်တယ်ဆိုတာထက်၊ မြန်မာ(ဗမာ)တွေရဲ့ ရင်ထဲက အနာတွေက အုံကြွလာမှုရဲ့ ပြယုဒ်တစ်ခုပါ။
ပြည်သူတွေရင်ထဲက အနာတွေများစွာထဲက အချို့က ဘာတွေလဲဆိုရင်…
(၁) မြစ်ဆုံဆည် ကိစ္စ
(၂) ကြေးနီတောင် ကိစ္စ
(၃) ဓာတ်ငွေ့ပိုက်လိုင်း ကိစ္စ
စတဲ့ တရုတ်ပြည်ပကြီးရဲ့ မြန်မာနိုင်ငံအပေါ်မှာ ဂုတ်သွေးစုပ်မှု မှုဝါဒကို မခံနိုင်တာဟာ မိုးစက်ဝိုင်အပေါ်မှာ သွားပုံသလို ဖြစ်သွားရတာပါပဲ။

တစ်ကယ်ကတော့ ပြည်တွင်းမှာ မွေးဖွားနေထိုင်လာသော တရုတ်တွေကို တိုက်ခိုက်နေတာ၊ မကျေနပ်နေတာ မဟုတ်ပါဘူး။ လူကိုမကြိုက်တာ မဟုတ်၊ တရုတ်ပြည်ရဲ့မူကို မကြိုက်တာသာ ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်ထဲမှာ တရုတ်၊ အိန္ဒိယ စတဲ့ တိုင်းရင်းသားမဟုတ်သော လူမျိုးပေါင်း များစွာ အတူတကွ နေထိုင်လာကြတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ စာရေးသူရဲ့ဆွေမျိုးထဲမှာဆိုရင်ကို အစ်မဝမ်းကွဲအချို့ဟာ တရုတ်လူမျိုးတွေနဲ့ လက်ဆက်ထားပြီးဖြစ်ပါတယ်။ ဦးလေးတွေထဲမှာလည်း တရုတ်သွေးစပ်သူများကို လက်ဆက်ထားတာတွေရှိပါတယ်။ စာရေးသူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲမှာ တရုတ်အမျိုးသမီးဆရာဝန်မတွေရှိသလို၊ အိန္ဒိယနွယ်တွေလည်း ရှိပါတယ်။ စာရေးသူ မြန်မာစာနဲ့ဝေးကွာခဲ့ပြီး မြန်မာစာကို ပြန်ရေးနိုင်ရန်၊ အခုလို စာအုပ်တွေထုတ်တဲ့အဆင့်၊ သတင်းစာတွေမှာ ပါတဲ့အဆင့်ရောက်အောင် မြန်မာစာရေးနိုင်အောင် လုပ်ပေးခဲ့သူ သူငယ်ချင်းဟာ မြန်မာ-တရုတ်ပါ။ ထိုသူတွေအတွက် မြန်မာပြည်ဟာ သူတို့ပြည်၊ မြန်မာစာဟာ သူတို့စာပါပဲ။ မြန်မာအမျိုးသားတွေအတွက် သူတို့အားဖြည့်နေကြသူတွေပဲ ဖြစ်ပါတယ်။ ခုနက အစ်ကိုတော်သူ တရုတ်တွေကိုမေးကြည့်မယ်ဆိုရင်လည်း သူတို့ကိုယ်တိုင် တရုတ်ပြည်ပကြီးရဲ့ မြန်မာပြည်အပေါ် ဂုတ်သွေးစုပ်မှုကို မကြိုက်ပါဘူး။

“တရုတ်လုပ်တွေဆို စိတ်မချရဘူး”
“တရုတ်ပစ္စည်း ကြည့်ဝယ်နော်”

အဲသလို စကားတွေကို သူတို့နှုတ်ကကို ပြောကြတာဖြစ်ပါတယ်။ ကျန်တဲ့ မြန်မာအများစုဟာလည်း မကောင်းတဲ့လူဖြစ်ရင် တရုတ်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ ကရင်ဖြစ်ဖြစ် ဒီလိုပဲ ပြောကြတာပါပဲ။ မြန်မာ(ဗမာ)အများစုဟာလည်း နိုင်ငံခေါင်းဆောင်တွေကို မထိနဲ့၊ ဗမာတွေမို့လို့ တစ်ချက်မှ မကောင်းမပြောနဲ့လို့ မကာကွယ်ပါဘူး။

အခု… ယဉ်ကျေးမှုဝန်ကြီးဌာနကနေ ဦးစီးဦးဆောင်ပြုပြီး မယ်စင်္ကြ၀ဠာရွေးပွဲအတွက် ရွေးချယ်မှု ရည်ရွယ်ချက်ကို အားပေးပါတယ်။ ဒီလိုမယ်ပွဲတွေဟာ ရှေ့လျှောက်ပြီးလည်း အများကြီး ရှိဦးမှာပါပဲ။ ဒီမိုကရေစီ ဆိုပြီး ပြောကြလွန်းသူတွေကိုတော့ တစ်ခုမေးချင်တာ၊ ဒီမယ်ပွဲထဲက အရွေးခံမယ်တွေကို ဒီမိုကရေစီနည်းအရ ရွေးချယ်တာပါလား။

တိုင်းနဲ့ပြည်နယ် ကျောင်းတွေကနေ အဆင့်ဆင့် တက်လာတာပါလား။ ရှမ်းပြည်နယ်မှ ရှမ်းကိုယ်စားပြု ရှမ်းမယ်၊ ကယားပြည်နယ်ကိုယ်စားပြု ကယားမယ်၊ ကရင်ပြည်နယ်ကိုယ်စားပြု ကရင်မယ်၊ ကချင်ပြည်နယ်က ကချင်ကိုယ်စားပြု ကချင်မယ်၊ မန္တလေးတိုင်းကိုယ်စားပြု ယူနန်မယ်၊ ရန်ကုန်တိုင်းကိုယ်စားပြု တရုတ်မယ် စသဖြင့် အဆင့်ဆင့် တက်လာတာပါလား။ (မန္တလေး၊ ရန်ကုန်ကတော့ ကိုယ်စားပြုတွေမှာ ဗမာတွေသာမက တရုတ်၊ အိန္ဒိယနွယ်တွေလည်း ပါဝင်နိုင်ရန် လစ်ဘရယ်ဆန်ဆန် ဥပမာပေးခြင်းဖြစ်ပါတယ် - လစ်ဘရယ်၊ ဒီမိုကရေစီဆို သုံးကြလို့ လက်ရည်တပြင်တည်းဖြစ်အောင် သုံးခြင်းသက်သက်သာ ဖြစ်ပါတယ်)။

အထက်ကဖော်ပြပါအတိုင်း တိုင်းနဲ့ပြည်နယ်အဆင့်ဆင့်တက်မလာခဲ့သောနှစ် ဖြစ်ခဲ့တယ်၊ ပထမဆုံးနှစ်မို့ အခုလို ရွေးတယ်ဆိုလည်း ကိစ္စတော့ မရှိပါဘူး။ နောင်နှစ်.. နှောင်နှစ်အခါများမှာ လစ်ဘရယ်ဆန်ဆန်၊ ဒီမိုကရေစီနည်းအရ အခြားပြည်နယ် တိုင်းများမှ မိန်းကလေးများအားလုံးကို (equal chance) ရစေရန် ရည်ရွယ်ပြီး ပြည်သူအများကိုယ်စား ပြောလိုပါတယ်။ အခြားအခြားသော ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာသာမက၊ အခြားသော တရုတ်မိန်းကလေးများ၊ အိန္ဒိယ မိန်းကလေးများအတွက်ပါ ညီမျှစွာ စဉ်းစားပေးစေလိုပါတယ်။

မယ်ရွေးပွဲကို အမေရိကန်နိုင်ငံမှာ ဆိုရင်…….. ဆိုပြီး ဥပမာပေးကြပါတယ်။ မှန်ပါတယ်။ အမေရိကန်နိုင်ငံသည် ဒီမိုကရေစီလမ်းပေါ်လျှောက်လှမ်းနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ တရုတ်(ပြည်မ) ကို မြန်မာပြည်နဲ့ယှဉ်ရင် ဖြုံစရာအကြောင်းမရှိပါဘူး။ အမေရိကန်သည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေး မှာ မြန်မာပြည်ထက်အားသာသော တိုင်းပြည်ဖြစ်ပါတယ်။ မြန်မာပြည်ဟာ အမေရိကန်လို မဖြစ်ရကောင်းလားဆိုပြီး အတင်းတွန်းလို့ မရသေးပါဘူး။ ခုမှ ဖုန်ထူထူတောထဲက ရုန်းထွက်နေရတဲ့ ဘဝတွေပါ။

ဆိုရိုးစကားရှိပါတယ်။ ပန်းသီးတစ်လုံးနဲ့ ပန်းသီးတစ်လုံးကိုပဲ ယှဉ်ထိုးနှိုင်းဆသင့်ပါတယ်။ ပန်းသီးတစ်လုံးနဲ့ လိမ္မော်သီးတစ်လုံးကို နှိုင်းယှဉ်လို့ မရပါဘူး။ အမျိုးမတူတာကို သွားနှိုင်းယှဉ်လို့ ဘယ်လိုမှ မရပါဘူး။ လောလောဆယ်တော့ မြန်မာနိုင်ငံဟာ လိမ္မော်သီးတစ်လုံးဖြစ်နေမယ်ဆိုရင် အမေရိကန်ဟာ ပန်းသီးတစ်လုံး ဖြစ်နေလို့ပါပဲ။
အထက်က ပြောခဲ့သလို…. မယ်စင်္ကြ၀ဠာရွေးပွဲအတွက် ရည်ရွယ်ချက်၊ တက္ကသိုလ်ကျောင်းသားများအတွက် အားကစားစိတ်ဓာတ်ပြန်လည်မြင့်တင်ပေးတဲ့ ရည်ရွယ်ချက်တွေဟာ အလွန်ကောင်းပါတယ်။

ရွေးနည်းကိုတော့ နောင်နှစ်တွေမှာ ဒီထက်ပိုပြီး လစ်ဘရယ်ဆန်နိုင်ရင် ကောင်းမှာပဲလို့ တွေးမိခြင်းပါ။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီးတယ်ဆိုတဲ့အတွက်လည်း လေးစားစွာတောင်းပန်လိုတာကတော့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်မှ မိန်းကလေးများအားလုံး (ကယား၊ ကရင်၊ တရုတ်၊ အိန္ဒိယ၊ ဗမာ များအားလုံး) ကို တူညီသော အခွင့်အရေး ရရန် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဖြစ်ရပ်မှန် ဥပမာတစ်ခုပြရမယ်ဆိုရင် ရပ်ကွက်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ ကိုရီးယား၊ ဟောင်ကောင်၊ ဖိလိပိုင်၊ ဗမာ ကျောင်းသူလေးတွေ ရှိပါတယ်။ အဲဒီအထဲမှာ တရုတ်မလေးတစ်ယောက်ဟာ အသက်လိမ်ပြီး (ငယ်ထားပြီး) ကျောင်းတက်ပါတယ်။ အသက်က ၂နှစ်လောက် ဖြိုထားပြီး မိဘကလည်တွန်းတော့ အတန်းထဲမှာ အတော်ဆုံးဖြစ်နေတယ်။ ကိုယ့်ထက် ၂နှစ်လောက်ငယ်သူတွေနဲ့ ပြိုင်မှ ကိုယ်က ထိပ်ဆုံးကရမယ့်ဆုကိုကော ကိုယ်က ဂုဏ်ယူဝင့်ကြွားသင့်ပါသလားဆိုတဲ့ မေးခွန်း။ ဒီအဖြစ်ကို ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမတွေအားလုံးက ဝိုင်းဝန်းဖြေရှင်းကြတယ်လို့ပဲ အတိုကောက် ရေးပါရစေ။ အဲသလို ဖြေရှင်းတဲ့အခါမှာ ကျန်တဲ့ တရုတ်တွေက “ဟာ.. ငါတို့တရုတ်ကိုတော့ ဒီ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ၊ ကိုရီးယားတွေ က ဆော်နေပြီ၊ အသားအရောင်ခွဲပြီ၊ ငါတို့ကိုလုပ်နေပြီ” လို့ လက်သီးလက်မောင်းမတန်းဘဲ၊ ပြဿနာရဲ့ အရင်းမြစ်ကိုလှန်တယ်၊ တတ်နိုင်သမျှ ဝိုင်းဝန်းဖြေရှင်းတယ်။ ထိုကဲ့သို့ လုပ်ခြင်းအားဖြင့် သူတို့ရဲ့ ကလေးလေးတွေဖြစ်တဲ့ အခြားသောတရုတ်လေးတွေမှာလည်း အကျိုးအမြတ်ရတယ်ဆိုတာကို သူတို့ သိတယ်။

ဆိုလိုတာကတော့ ဒီလိုပွဲတွေ ဆက်လုပ်မယ်ဆိုရင် (လုပ်ဦးမှာပါပဲ) ကျန်တဲ့ လူမျိုးတွေ အကုန်လုံး ညီမျှစွာ ပါဝင်နိုင်ဖို့ ပေါ်လစီတွေ တိတိကျကျ ချသင့်ပါပြီ။ အသံတွေ ဒီလောက်ထွက်နေတယ်ဆိုတာ အကြောင်းတော့ ရှိရမယ်။ ဒီမိုကရေစီတိုင်းပြည် ဖြစ်ချင်တယ်ဆိုရင် ထွက်နေတဲ့ အသံတွေကို ပိတ်ဖို့ မကြိုးစားပါနဲ့၊ အသံတွေရဲ့ အဓိပ္ပာယ်ကို အဖြေဝိုင်းဝန်းရှာဖို့ပါ။ ဒီမိုကရေစီဆိုတာ ကိုယ်ကချည်းပဲ ပြောချင်နေလို့ မဖြစ်ပါဘူး။ သူများတွေကိုလည်း ပြောခွင့်ပေးခြင်း၊ ထိုအသံများကို ရဲရဲဝံ့ဝံ့နားထောင်နိုင်ခြင်းသည်လည်း ဒီမိုကရေစီပါပဲ။ ကိုယ်ချည်းပဲမှန်တယ် ဆိုတာတော့ မဟုတ်သေးဘူးထင်ပါတယ်။ အမှန်ကတော့
လူ့ငနင်းပြားတွေ၊ ငွေမရှိ ကျောမွဲတွေကို ဖိထောင်း၊ ဖိပြောရတာ သိပ်လွယ်ပါတယ်။ သူတို့မှာ အသံလည်း မရှိဘူး၊ အဆံလည်း မရှိပါဘူး။ သူတို့ နာနေတာကလည်း မိုးစက်ဝိုင်ကို မဟုတ်ပါဘူး။

(( ခက်တာကလည်း မိုးစက်ဝိုင်ဟာ လူတွေမနှစ်သက်ခြင်းကို ခံရသူနဲ့ တွဲလာသလိုဖြစ်တော့ အနာရင်းတွေ ပေါက်ကုန်တာပါပဲ။ တစ်ကယ်တမ်း ထိုသူရဲ့ ဘဝကို စဉ်းစားကြည့်တော့လည်း (ဒီအဘိုး၊ ဒီမိဘ၊ ဒီအသိုင်းအဝိုင်းထဲမှာ သူ့ရဲ့ရွေးချယ်မှု မပါဘဲ မွေးဖွားလာရခြင်းဖြစ်တယ်။ လူဆိုတာ ပြောင်းလဲတတ်ကြတယ် (ပြောင်းလဲကြပါစေလို့လည်း မျှော်လင့်တယ်၊ တက္ကသိုလ်အသိုင်းအဝိုင်းရဲ့ ချစ်ခင်မှုကို ပြန်လိုချင်သလား၊ ဒီဘောလုံးပွဲ စီစဉ်ပေးခြင်းဖြင့် လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ရမလား ဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနိုင်တယ်။ လူသားတစ်ယောက်အနေနဲ့ပဲ စာနာတွေးကြည့်ခြင်းပါ။ ဒီမိုကရေစီမိခင်ကြီး နိုင်ငံခြားသားကို ယူတယ်ဆိုရင်တောင် သူမရဲ့ ရွေးချယ်မှုနဲ့ သူမ လုပ်ခဲ့တာဖြစ်တယ်။ ဟိုလူကတော့ မိမိ အနေနဲ့ မရွေးချယ်ပါပဲနဲ့ ထိုမိသားစုထဲမှာ မွေးဖွားလာရတယ်။ အဲဒီအရိပ်မည်းကြီးဒဏ်ကို ခံနေရတယ်။ ငယ်ငယ်က ဗိုလ်မှူးကြီးတွေပေါင်ပေါ်မှာ ရူးပေါက်ချတယ်တို့၊ ရဲဝန်ထမ်းကို ပါးဆင်းရိုက်တယ်တို့ကိုပြောမယ်ဆိုလည်း၊ သာမန်လူတွေထဲမယ် ရည်းစားသညာလုလို့ အုတ်ခဲနဲ့ထုတာတွေ၊ ထိုးတာကြိတ်တာတွေတောင် ရှိကြသေးတယ် မဟုတ်ပါလား။ မဟော်သဓာဇာတ်တော်ထဲမှာ မဟော်သဓာက အမရာ့အိမ်လာလည်တော့ အမရာ့အိမ်ကြီးက ပွရှုပ်ညစ်ပတ်နေခဲ့တယ်။ အမရာက မဟော်သဓာအပြန်လမ်းက နွားချေးပုံပေါ်မှာ ပန်းတစ်ပွင့် သွားတင်ထားခဲ့တယ်။ နွားချေးပုံထဲကပန်းရဲ့ အဓိပ္ပာယ်ကို မဟော်သဓာက သဘောပေါက်လိုက်တယ်။ တစ်ခါတစ်လေမှာလည်း နွားချေးပုံထဲမှာ ပန်းတွေရှိတတ်တဲ့ သဘောရှိပါတယ် )) နှိုင်းယှဉ်တယ်ဆိုတာထက် case တစ်ခုချင်းဆီကို စာဆန်ဆန် တွေးမိခြင်းသက်သက်ပါ။

ခုနစကားကို ပြန်ကောက်ရမယ်ဆိုရင်….. ဒီလောက် အဘိုး၊ အဘေ လက်ထက်ကတည်းက တရုတ်ပြည်မကြီးရဲ့ ဂုတ်သွေးစုပ်မှုဒဏ်ကို မြန်မာတွေသာမက၊ တရုတ်လူမျိုးတွေတောင် ခံလာရချိန်၊ လက်ပံတောင်းတောင်မှာ ရင်ဘတ်စည်တီးငိုနေချိန်၊ မြစ်ဆုံဆည်ကြီး ဘယ်တော့အထမြောက်ပြီး ချစ်သောဧရာဝတီ ဘယ်အချိန် အပျိုရည်ပျက်မလဲ ရင်တထိတ်ထိတ် စိုးရိမ်နေရချိန်မှာ၊ အနှစ်ငါးဆယ်ဘယ်တုန်းကမှ ဝင်ခွင့်မရတော့တဲ့ မယ်စင်္ကြာပွဲကို သွားပြိုင်မှာက တရုတ်မယ် ဆိုတော့လည်း လူတွေ ထပေါက်ကွဲတာကို အပြစ်လို့ မမြင်နိုင်တော့ပါဘူး။

ထပ်ပြောပါတယ်။ တစ်ကယ်ကတော့ ပြည်သူတွေ မဲနေတာ မိုးစက်ဝိုင်ကို မဟုတ်ပါဘူး၊ သူမ တရုတ်ဖြစ်နေလို့လည်း မဟုတ်ပါဘူး (အခုလည်း တရုတ် မဟုတ်ဘူးဆိုတယ်)။ တရုတ် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ… မြန်မာနိုင်ငံသား တရုတ်တွေ၊ ကုလားတွေထဲမှာ မြန်မာပြည်ကို အကျိုးပြုနေသူတွေ အများကြီးရှိသလို၊ မြန်မာနိုင်ငံသား ဗမာတွေ၊ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေထဲမှာလည်း မြန်မာပြည်ကို ဆိုးကျိုးပြုနေသူတွေ အများကြီး ရှိတယ်ဆိုတာကို သိကြပါတယ်။

မြန်မာပြည်သူ အများစုအနေနဲ့လည်း ဒီပွဲတွေဟာ အီလိ တွေလောက်ပဲ ပါဝင်ပတ်သက်နိုင်တာကို သိကြပါတယ်။ ဒီမိုကရေစီရရင် ဒီထက်ပိုဆိုးမှာ ကိုလည်း သိတယ်။ တိုင်းပြည်တော်တော်များများမှာ အိုလံပစ်ပွဲတွေ၊ မယ်ရွေးပွဲတွေဆိုရင်လည်း အိလိတွေလောက်ပဲ အနားကပ်နိုင်တယ်ဆိုတာကိုလည်း သိကြတယ်။ Donald Trump တို့လို လူကြီးတွေက ဒီလိုပွဲတွေကို ကိုင်မယ်၊ ကျောမွဲတွေကတော့ မှိုတက်ပေါင်မုန့်နဲ့အာလူး စားနေရတဲ့ ဘဝက မတက်ရှာပါဘူး။ သူတို့ဘဝတွေနဲ့လည်း အဝေးကြီးဆိုတာကိုလည်း သိကြပါတယ်။ တိုင်းပြည်ကြီးတွေမှာ အိုလံပစ်ပွဲတွေ၊ မယ်ရွေးပွဲတွေ၊ မင်းသားမင်းသမီးတွေကို ဆုပေးပွဲတွေကို အဝေးကနေပဲ ငေးကြည့်နေကြရတာကို ကျေနပ်ကြည်နူးကြတဲ့ လူသားတွေရဲ့ ဆိုက်ကော်လော်ဂျီပါ။ အောင်မြင်အုပ်စုတစ်စုကို အောက်ကမော့ငေးအုပ်စုက အားကျရတဲ့ ဆိုင်ကော်လော်ဂျီ။ ဒီကြားထဲမှာ မုဒိတာပွားပါ ဆိုတာနဲ့ ချုပ်ကိုင်နိုင်ကြပါသေးတယ်။ ဒါပေမယ့် လူ့ငမွဲတွေကိုတော့ မုဒိတာ သိပ်မပွားနိုင်တာကိုလည်း  လူ့ငမွဲတွေက သိပါတယ်။ ဒီဘက်တွေမှာတော့ အိလိထဲမပါသူ ကျန်သူကျောမွဲတွေကတော့ မှိုတက်ပေါင်မုန့်နဲ့ ခြောက်ကပ်ကပ်အာလူးကိုစားနေရချိန်၊ မြန်မာ့မြေပေါ်က ကျောမွဲတွေကတော့ ငပိကိုဆားတို့လျှက်နေရတာပါပဲ။ ဒီကြားထဲမှာ ပညာတတ်အထက်လွှာ လစ်ဘရယ်ဥာဏ်ရှိသူတွေကတော့ ဖိထောင်းတော့တာပါပဲ။ ဒါတွေက လူသားတွေရဲ့ဆိုင်ကော်လော်ဂျီပါပဲ။ ဘယ်သူ့မှ အပြစ်ပြောလို့လည်း မရပါဘူး။ လူသားရယ်လို့ တည်ရှိနေသမျှ ဒါတွေရှိနေမှာပါပဲ။ တီဗွီတစ်လုံးမပိုင်သူတွေအတွက်ကတော့ ဒီလိုပွဲတွေကို ဘာမှန်းတောင် သိမှာ မဟုတ်ပါဘူး။

တရုတ်ပြည်မကြီးရဲ့ ဂုတ်သွေးစုပ်မှုကို နှစ်ရှည်လများခံနေရတဲ့ တိုင်းပြည်လေးဟာ အနှစ် ၅၀အကြာမှာမှ မယ်စင်္ကြာရွေးပွဲလေး အခွင့်ရတယ်၊ ပြိုင်ခွင့်ရသူက တရုတ်မလေး တစ်ယောက်ဖြစ်နေတယ်ဆိုတာနဲ့တင် ခုလိုအသံတွေထွက်လာတာကို တစ်ကယ်ကတော့ လူသားချင်းစာနာစွာ နားလည်နိုင်ပါတယ်။ (( မိုးစက်ဝိုင်ရဲ့နေရာကိုလည်း နားလည်နိုင်တယ်။ မြန်မာကိုယ်စားပြုမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ပြိုင်မယ်ဆိုကာမှ ပြောဆိုခံထိတဲ့အခါ ခံစားရမှာကိုလည်း ကိုယ်ချင်းစာပါတယ်၊ ဒီမြေ ဒီရေမွေးတဲ့အခါ ဒီပြည်ဟာ သူ့ပြည်ပါပဲ )) ဒီလိုပဲ မြန်မာပြည်သူအများစုရဲ့ အော်သံကိုလည်း နားလည်သင့်ပါတယ်။ ဒီမိုကရေစီ၊ လစ်ဘရယ်ဆိုတဲ့ စကားတွေနဲ့ လူ့ငမွဲတွေကို ဖိထောင်းဖို့က သိပ်လွယ်တယ်။သူတို့ဘာကြောင့် ဒီလိုအော်နေသလဲဆိုတာကိုလည်း နားထောင်သင့်ပါတယ်။

အဝေးကနေကြည့်သူတွေတွက် ဘယ်နေရာမှ ယောင်မနေဘူး၊ ဘာလို့ မယောင်တဲ့နေရာကို ဆီလူးနေလဲလို့ အပြစ်တင်ပြောနိုင်ကြပေမယ့်…..
နာပြီးယောင်နေသူတွေကတော့ သူတို့ကိုယ်သူတို့ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။

တရုတ်တွေကိုမကြိုက်တာ မဟုတ်ပါဘူး၊ တရုတ်ပြည်မကြီးရဲ့ (တိုင်းရင်းသားလူမျိုးစုများနှင့် ဗမာများအပြင်၊ မြန်မာ-အိန္ဒိယ၊ မြန်မာ-တရုတ် တို့ နေထိုင်သော မြန်မာနိုင်ငံအပေါ်တွင် ထားရှိသော) မူကို မနှစ်မြို့ခြင်းသာ ဖြစ်ပါလိမ့်မယ်။

နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်..။

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

5 Comments »

  1. လူကိုချစ်၇င် မူကို ပြင်တယ်..လူကိုမချစ်တော့ မူကိုပြစ်တယ် …တဲ.။ လက်သုံးစကားလေးပါ..ခုတော့ ၀ တို့၇ဲ့ မူကိုလဲ မချစ်နိုင်..၀ တို့က ပေးတဲ့ အကျိုးတ၇ားက ပြည်သူတွေအတွက် ဘာတစ်ခုမ ကောင်းကျိုးက မ၇ှိ. ၀ သွေးစစ်စစ်ဆို၇င် ပြည်သူတွေက မြင်တာနဲ့တင် အော့နှလုံးနာနေကြတယ်..၀ တို့ကဘဲ အီလစ် အပိုင်းကို အသေခွံ့ နိုင်တော့..မြင်မြင်သမျှ ကြားကြားသမျှ .ပြည်သူနဲ့ ထိစပ်နေတဲ့ လုပ်ငန်းမှန်သမျှ ၀ သွေးနီးသူတွေဘဲ အပိုင်စီးထားနိုင်ကြတယ်..ပိုဆိုးတာကေ၇ွှနိုင်ငံက မိန်းမကောင်းပန်းပန် တစ်ပွင့်ထဲ စံ တဲ့ ဒေသခံ မိန်းမပျိုတွေကို သားဖေါက်ဖို့ လူကုန်ကူးတာကို ခံနေ၇တာ ..မြင်နေ၇တာ..တွေ့နေ၇တာ..တွေကို ကာကွယ်နိုင်ဘို့ ဘယ်သူ့ကို အားကိုး၇မှန်းမသိ..တကယ့် အဖြစ်တွေက ဒီလူတွေ၇ဲ့ ၇င်ထဲမှာ တော်တော့ ကို ၇င်နင့် နေကြ၇တာ..ဒီလိုအဖြစ်မျိုးကြုံတွေ့၇တဲ့ ..မိသားစုတွေကလဲ ဒီနိုင်ငံမှာ တော်တော်ကို များနေခဲ့ပြီ…အာဏာ၇ှိသူနဲ့ ပေါင်းပြီး ပြည်သူတွေ၇ဲ့ အခွင့်အေ၇းတွေကို တော်တော်များများ ဖေါက်ဖျက်ကျူးလွန်နေကြတာလဲ..ဒီအသားအေ၇ာင် ၇ှိနေသူတွေဘဲ ဖြစ်နေတာကို တွေ့နေ၇တော့..နောက်ပြီး ဒီလို ပြည်ကြီးသားပေါက်ဖေါ်တို့ကလဲ…ဘာတစ်ခုမှ ပြည်သူလူထု၇ဲ့ အကျိုးတ၇ားအတွက်..ပြော၇၇င် သဘာဝဘေးဒဏ် ခံနေ၇တဲ့ ပြည်သူတွေအတွက်တောင်..၀တ်စ၇ာ စားစ၇ာ သောက်စ၇ာ လှူတာ တန်းတာ မတွေ့၇တော့…
    မေ၇ာင်၇ာ ဆီလူးတာ ခံ၇တာ မဘုတ်ဘူး…မိုးစက်ဝိုင်ေ၇…
    နင်ကေ၇ာင်နေတဲ့ အချိန်မှာ …ေ၇ာင်နေတဲ့ အနာကို…..လာဆွသလို ဖြစ်နေခဲ့၇ပြီ…

    Comment by kopouk — October 11, 2013 @ 8:26 am

  2. I totally agree with Ma Lay.

    Comment by mi mi — October 11, 2013 @ 4:21 pm

  3. မမ
    Like like like

    Comment by Thida — October 12, 2013 @ 10:47 am

  4. ကျွန်တော်ကတော့ မိုးစက်ဝိုင်ထက် မက်မန်းဝိုင်ကို ပိုကြိုက်တာပါပဲ မလေးရယ်…။

    ခင်မင်ခြင်းအားဖြင့်…
    ဏီလင်းညို

    Comment by ဏီလင်းညို — October 12, 2013 @ 11:00 pm

  5. ကျွန်တော်ကတော့ ခင်ဝင့်ဝါလေးက ပိုချောသလားလို.
    ဟိဟိ
    မိုးစက်ဝိုင်က ချောပေမယ့် အကြည့်မခံသလိုဘဲ..

    Comment by TOMMY — October 22, 2013 @ 5:24 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------