♫ ♥●••·˙ထွက်ရှိပြီးသော စာအုပ်အချို့˙·••●♥♫
မိုင်တိုင်၂၀
20.jpg
ကြယ်စင်ဆယ့်တစ်
11.jpg
လမင်းရှိုက်သံ
 moon1.jpg
ဆုံမှတ်
11.jpg
မိတော
mitaw2.jpg
moon2.jpg သက်တံ ၁၀စင်း
rainbow.jpg
ကကြိုးနှစ်ဆယ့်တစ်
21.JPG
yellowflowersfront.jpg မိတော
mitaw2.jpg
moon2.jpg
စာအုပ်များကို အွန်လိုင်းမှ ၀ယ်ယူလိုလျှင်..

♫♥●••·˙ကျမစာရေးသူသည်... ဖြစ်ရပ်မှန်၊ စိတ်ကူးယဉ်၊ မျှဝေခံစားမှု များနှင့်... ကောင်းကင်ကြယ်အကြောင်းများလည်း ရေးပါတယ်ရှင်..˙·••●♥♫

♫♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫

August 16, 2013

အလှည့်

Filed under: အတွေးအမြင်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 9:21 am

မည်သို့ပင်ဖြစ်စေ၊ သေဆုံးခြင်း၏ အခြားတစ်ဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဆိုသည့် အတွေးကပင် စိတ်သက်သာမှုတစ်ခုကို ဖန်တီးပေးနေသည်။

တိုင်းပြည်၊ ခံယူချက်၊ ဘာသာရေး၊ အခြားသော အတွေးအမြင်များအပေါ်တွင်မူတည်ပြီး သေဆုံးခြင်းကို ခံယူပုံများက ကွဲလွဲတတ်ကြသည်။ ကိုယ်နေသည့် တိုင်းပြည်တွင် င်္သချိုင်းများကို ပန်းခြံများဟု ခေါ်ကြသည်။ အမှန်ပင် ပန်းခြံများကဲ့သို့ လှပသန့်ရှင်း သေသပ်လွန်းနေသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်းမှ ကိုယ်ကြည်ညိုရသော ကျောင်းထိုင်ဘုန်းကြီး ပြောဘူးသည့် စကားကို သတိရမိသည်။

“ညနေတိုင်း င်္သချိုင်းမှာ လမ်းလျှောက်ထွက်တယ်..။ ဒီနိုင်ငံက င်္သချိုင်းတွေက လှလွန်းလို့ တစ်ခါတစ်လေမှာ သေချင်စိတ်တောင်ပေါက်တယ်”

သေဆုံးပြီးသောသူများ၏ ကိုယ်ခန္ဓာသို့မဟုတ် အရိုးပြာများကို ထားသောနေရာများကိုလည်း အမြဲလှပစွာ ထားလေ့ရှိသည်။ တစ်နယ်တစ်ကျေးမှလာသော ဆွေမျိုးများကလည်း သေဆုံးသူ၏ နေရာကို သွားရောက်ဂါဝရပြုလေ့ရှိသည်။

နံနက်ခင်းအချိန်၊ ညနေစောင်းချိန်များတွင် ဆီမီး၊ ပန်းရနံ့များနှင့် မွှေးထုံနေတတ်သည်။ ကလေးလေးများ စက်ဘီးစီးတတ်သလို၊ ကိုယ်ဝန်သယ်များလည်း လမ်းလျှောက်ထွက်တတ်သည်။ သေဆုံးသူ၏ မွေးနေ့၊ နှစ်လည်ရက်များတွင်၊ ရောင်စုံဘောလုံးများ၊ ပန်းများ၊ ဆီမီးများနှင့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများက ထမင်းဟင်းများနှင့် ပျော်ပွဲစား ထွက်သကဲ့သို့၊ သူတို့ချစ်သောသူများ၏ ကိုယ်ခန္ဓာကိုယ်ရှိသည့် နေရာတွင် တစ်နေကုန်အောင် အချိန်ပေးနေတတ်ကြသည်။ သေဆုံးသူ၏ နောက်ဆုံးခရီးကိုလဲ “celebration of life” ဟုခေါ်ဆိုကြသည်။

♫ ♥●••·˙˙·••●♥♫♫

♫ ♥●••·˙˙·••●♥♫

သြော်… တစ်ယောက်သောသူ ထွက်ခွာသွားပြန်ပြီ။

မြန်မာပြည်၏ ထင်ရှားကျော်ကြား လူကြိုက်များသော သူတစ်ဦး ထွက်ခွာသွားသည် ဆိုတော့လည်း ထိုသူအား နှုတ်ဆက်သည့်အနေနှင့် နေရာအနှံ့တွင် သတင်းများ၊ ဓာတ်ပုံများအား တွေ့နေရသည်။

ငယ်စဉ်အခါက လသာညများ၏ အိမ်နောက်ဘေး ကွပ်ပျစ်ပေါ်တွင် ဖေဖေပြောနေကျ စကားလေး အား သွားသတိရမိသည်။

“ဖေဖေစကားပြောနေချိန်လေးမှာကို…. ဟော.. အခု တစ်ယောက်မွေးပြန်ပြီ။ ဟော အခုတစ်ယောက်ဆုံးပြန်ပြီ” ဆိုသည်ကို သတိရမိခြင်းပင်။

စက္ကန့်တိုင်းတွင် လူများ မွေးဖွား၊ သေဆုံးနေကြသည်မှာ အဆန်းမဟုတ်သော်လည်း မိမိကိုယ်ကို ကိုယ်လည်းပဲ တစ်နေ့သွားရမှာပါလား ဆိုသည်ကို မေ့နေတတ်ကြသည်။ လူတစ်ယောက်သည် အသက် ၈၅နှစ်ထိ နေသည် ဆိုပါစို့။ ထိုသူသည် ရက်ပေါင်း သုံးသောင်းကျော်ကျော်လေးသာ ဤကမ္ဘာပေါ်တွင် နေခွင့်ရှိသည်ကို မေ့နေတတ်ကြသည်။

တစ်ကယ်တော့ ဒွေးသည် ကောင်းမွန်သော ဘ၀တစ်ခုကို သူအတတ်နိုင်ဆုံးထဲက လျှောက်လှမ်းခဲ့သည်။ ကြားသိရသလောက် သူသည် ပြောင်မြောက်သော အနုပညာရှင်။ အနုပညာဖြင့် လူများအကျိုးပြုသွားသူ၊ လူကောင်းတစ်ဦးမို့ သူ့ဝိညာဉ် (နောင်ဘဝ) အတွက် စိုးရိမ်စရာ မရှိဟုထင်မိသည်။ ((ဘာသာတရားစည်းများဖြင့် တိုင်းတာငြင်းခုံလိုမှု မရှိ)) ကျန်နေရစ်ခဲ့ သူတွေသာလျှင် လွတ်မြောက်လမ်း၊ ဒါမှမဟုတ် သင်ယူစရာတွေ သင်ယူလို့ ဘဝခရီးကို ဆက်လျှောက်ကြရဦးမည်ဖြစ်သည်။

တိုက်ဆိုင်လွန်းနေသည်။ ဟိုတစ်နေ့က “ကိုဒီဝိုင်း၏ သုဘရာဇာ” ကို ရေးဖွဲ့ထားသော စာစုလေးကို ဖတ်ပြီး ကိုယ်လည်း သေဆုံးခြင်းနှင့် ပတ်သက်သော အကြောင်းအရာတစ်ခု ရေးဖွဲ့ဦးမည်ဟု စိတ်ကူးနေမိသေးသည်။ သည်နေ့ ကိုစစ်အိမ်၏ ဘလော့ဂ်တွင် သူရေးထားသော အကြောင်းကိုဖတ်မိပြီး ကြက်သီးမွေးငြင်းများ ထသွားမိသည်။ ကြောက်၍မဟုတ်၊ သေဆုံးခြင်း၏ အခြားတစ်ဖက်တွင် တစ်စုံတစ်ရာရှိနေသည်မှာ သေချာသွားသလိုခံစားလိုက်ရသောကြောင့်ပင်။

ဒွေး.. ကိုစစ်အိမ်ကို နှုတ်ဆက်သွားသည်ပဲ။

Victoria Safford ၏ Walking toward Morning က စိတ်ထဲကိုရောက်လာသည်။ မနက်ခင်းစောစော သုသာန်ထဲမှာ လမ်းလျှောက်ထွက်လာသော သူမသည် နှစ်တွေကြာလို့ သစ်မြစ်တွေထိုး၊ အမည်နာမပျက်နေပြီဖြစ်သော ကျောက်ပြားပေါ်မှ စာလေး တစ်ပိုင်းတစ်စကို မြင်လိုက်သည်။

“She attended well and faithfully to a few worthy things” ဟု ထွင်းထားသည့် စာလေး။ “အရေးကြီးတဲ့ အရာအနည်းငယ်ကိုသာ သူမ သစ္စာရှိစွာ လုပ်ဆောင်ခဲ့တယ်” ဟုဆိုသော စာလေးကိုဖတ်ပြီး သူမတွေဝေသွားသည်။ သူမ သေဆုံးသွားရင်ကော ဘယ်လို သူ့ကို စာတမ်းတတ်ကြမလဲဟု စဉ်းစားလိုက်မိသည်။

“She attended frantically and ineffecturally to a great many unimportant, meaningless details” လို့ထွင်းကြလေမလား။ “အရေးမကြီးတဲ့၊ အရာမရောက်တဲ့ အရာပေါင်းများစွာကို အိနြေ္ဒမရစွာ အငမ်းမရ လျှောက်လုပ်နေခဲ့တယ်” ဟုဆိုသော စာတမ်းများလား။

အခြားသူတွေလည်း မိမိအုတ်ဂူမှာ ဘယ်လိုရေးဖွဲ့ချင်ကြလိမ့်မလဲဟု သူမဆက်စဉ်းစားမိသည်။

“ဒီအိမ်ထောင်သည် ယောင်္ကျားတစ်ယောက်ဟာ သူ့ရဲ့ကလေးလေးတွေကို အချိန်ပေးပြီး ညနေခင်း ခြံထဲမှာ ဆင်းမကစားခင်၊ အိမ်က ပန်းကန်ခွက်ယောက်တွေကို အမြဲကူညီ ဆေးပေးခဲ့တယ်”

“ဒီအမျိုးသမီးဟာ ငွေစာရင်းတွေကို တိကျစွာကိုင်တွယ်ခဲ့လို့ ငွေကြေးတွေက အမြဲ စာရင်းအင်းတိကျခဲ့တယ်။ ဒါပေမယ့် ဒီငွေတွေနောက်လိုက်နေခဲ့လို့ လှပတဲ့ ဆည်းဆာပေါင်းများစွာရယ်နဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ လွဲခဲ့ရတယ်”

“ဒီအမျိုးသမီးဟာ တယ်လီဖုန်း၊ အီးမေးလ်၊ ဗိုက်စ်မေးလ် တွေအားလုံးကို တိကျစွာ ပြန်ခဲ့ပေမယ့် ခွင့်လွှတ်ခြင်း၊ သနားတတ်ခြင်းတွေကိုတော့ မေ့လျော့ခဲ့တယ်”

ထိုသို့သော စာလုံးတွေ အုတ်ဂူပေါ်မှာ အထွင်းမခံရသော်လည်း၊ ဘယ်လိုစာလုံးတွေနဲ့ ကိုယ်နဲ့ထိုက်တန်သလဲဆိုတာကို သိသိနဲ့ ထွက်ခွာသွားရတဲ့သူတွေ ဘယ်လောက်များလိုက်မလဲ။

သေဆုံးခြင်းပေါင်းများစွာနဲ့ ကြုံခဲ့ရဖူးတဲ့ ကိုယ်…..။သေချင်းတရားနဲ့ အလွန် နီးစပ်တဲ့ ကိုယ်…..

မသေဆုံးခင် နာကျင်ခံစားနေရမှာကို ကြောက်ပေမယ့် သေဆုံးရမှာကို လုံးဝမကြောက်တတ်ဘူးဆိုတာကိုတော့ လူတွေက ယုံနိုင်ကြလိမ့်မည်မဟုတ်။ ဒွေးကို တစ်ခုအားကျမိသည်။ အိပ်ပျော်နေရင်း ငြိမ်းချမ်းစွာထွက်ခွာသွားခွင့်ရခဲ့သည်လေ။

သည်ဓာတ်ပုံထဲက လူနှစ်ယောက် ဒီကမ္ဘာကြီးထဲတွင် မရှိကြတော့။ သူတို့ထွက်ခွာသွားကြချိန်မှာ အသက်သုံးဆယ်ကျော်ရုံလေးတွေသာ ရှိသေးသည်။ ဒီလိုပဲ မမျှော်လင့်ဘဲ ကိုယ့်ဘဝထဲမှ ကိုယ်သိပ်ချစ်သူတွေ ထွက်ခွာသွားသည်ကို ကြုံရဖန်များလာတော့လည်း သေဆုံးခြင်းသည် ကိုယ့်အတွက် မဆန်းတော့။ အမှန်တော့ ထွက်ခွာသွားသူတွေထက် ကျန်ခဲ့သူတွေကသာ တနင့်တပိုးခံစားချက်များနှင့် ကျန်ခဲ့ရသည်များသာ။

သေဆုံးခြင်း၊ သေခြင်း၏ အခြားတစ်ဖက်မှာ အရာများစွာ၊ စာအုပ်ပေါင်းများစွာနှင့် ဆေးရုံ သုတေသန စာတမ်းပေါင်းများစွာကို ကိုယ်ဖတ်ရှုခဲ့ဖူးသည်။ အမှန်တော့ သေဆုံးခြင်းသည် ဘ၀၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။ ကြီးကြီးကျယ်ကျယ် ကိစ္စမဟုတ်။

အချို့ကတော့ လူ့ကမ္ဘာကို နမ်လောကသားများ၏ တက္ကသီလာဟု ယူဆကြသည်။ နမ်လောကသားမျာက လူကိုယ်ကိုယ်ခန္ဓာထဲဝင်ပြီး

အာရုံငါးပါး၏ ဆွဲဆောင်မှုများကို ခံစား သို့မဟုတ် ကျော်လွှားရင်း တစ်ဦးနှင့် တစ်ဦးထံမှ လေ့လာသင်ယူစရာများကို သင်ယူပြီး စာမေးပွဲအောင်သွားသည့် တစ်နေ့၊ တာဝန်ပြီးဆုံးသွားသော တစ်နေ့တွင်…. နမ်လောကသို့ ပြန်လည်ထွက်ခွာသွားသည်ဟု ယူဆကြသူများ ရှိသည်။ စာမေးပွဲမအောင်မခြင်း သို့မဟုတ် ပရိုဂျက်မပြီးမခြင်း အဖန်ဖန်လည်နေကြရသည်ဟု ယူဆကြသူများလည်း ရှိသည်။ မိမိကိုယ်ကို အဆုံးစီရင်သူများကတော့ ဒီpattern, paradigm ကိုပဲ အဖန်တလဲလဲ မအောင်မြင်မချင်း ကျော်ဖြတ်ကြရသည်ဟု ယူဆကြသေးသည်။

လူ့လောကသို့ မလာမှီကလဲ မိမိဘယ်လို ပုံစံယူမည်ကို နမ်လောကမှ အကြီးအကဲများနှင့် နှစ်ဦးသဘောတူ ရွေးကြသည်ဟုဆိုသည်။ ဟိန္ဒူအယူအဆတစ်ခုကတော့ အကြီးအကဲများ၊ နတ်ဘုရားများက မိမိအတွက် ဘဝတစ်ခုကို ရွေးပေးပြီးဖြစ်သည်ဟုလည်း ဆိုကြသည်။

ဥပမာ….. ပဲရစ်ဟီလတန် ဘဝကိုယူမလား၊ လဗီန်းဘဝကိုယူမလား၊ အိမ့်ချမ်းမြေ့ ဘဝကို ယူမလား ရွေးပိုင်ခွင့်နှင့် အကြမ်းဖျင်း ရှေ့ဖြစ်၊ ရင်ဆိုင်ရမည့် အခက်အခဲ၊ ကောင်းမှု၊ ဆိုးမှုများကိုလည်း မှန်သားပြင်တွေပေါ်တွင် ပရိုဂျယ်layout သဘောမျိုး ပြသည်ဟုဆိုသည်။ လက်ရှိကမ္ဘာမှာ ရှိကြသည့် လူအများစုသည် ဝိညာဉ်ရေးရာ အောက်ဆုံးအဆင့်ရှိသူများဟုဆိုသည်။ ကိုယ့်ရဲ့ ထိုအယူအဆအတွက် မေးခွန်းတစ်ခုကတော့ နမ်၊ ဝိညာဉ်လောကမှ အတွေးခေါ်၊ ခံယူချက် (spirituality) ပိုမမြင့်သင့်ပေဘူးလား၊ ကျင့်ကြံခြင်း (spirituality) ပေါ်တွင်မူတည်ပြီး အချို့နမ်များက တစ်ချိန်ထဲမှာ ၂နေရာ၊ ၃နေရာ၊ နေရာတိုင်းမှာ ရှိနေနိုင်သည်ဟုဆိုသော်လည်း၊ ကျန် နမ်လောကသားများကတော့ မမြင့်တာသေချာလို့ လူကိုယ်ခန္ဓာယူပြီး တစ်ဦးနှင့် တစ်ဦးထံမှ လေ့လာသင်နေကြရသည်ဆိုသည်မှာ အနည်းငယ်တွေးစရာ ဖြစ်နေသည်။

ကလေးလေးများကို သုတေသနပြုသည့် ဆေးရုံစာတမ်း တစ်ခုတွင်တော့ ကလေးလေးများသည် ဘာသာရေးခံယူချက် ရိုက်သွင်းခြင်း မခံရသေးသည့်အတွက် မျောနေစဉ်ကာလအတွင်း အလွန်လင်းလက်ပြီး မေတ္တာများ စီးဆင်းနေသော အလင်းတန်းကြီးနားသို့ ရောက်သွားတတ်သည်ဟုဆိုသည်။ သူတို့သိသည်မှာ နွေးထွေးသော အလင်းတန်းသာဖြစ်သည်။ ထိုအလင်းတန်းထဲတွင် ဘာသာရေးခေါင်းဆောင်တစ်ဦးဦး ရှိနေသည်ဟု မပြောကြ။ ဘာသာရေးခံယူချက် တစ်စုံတစ်ရာ ရှိနေသူလူကြီးများကဲ့သို့ အလင်းတန်းထဲတွင် ဘာသာရေးခေါင်းဆောင်များကို မမြင်တတ်ကြဘဲ၊ အလင်းကိုသာ မြင်သည်ဟုဆိုကြသည်။

တစ်ခါက ခြောက်နှစ်အရွယ် ကလေးတစ်ယောက် အပြင်းအထန်နေမကောင်းဖြစ်ပြီး မျောသွားစဉ် ထိုအလင်းတန်းက ထိုကလေးကို ပြန်သွားခိုင်းသည်။ ကလေးလေး၏ မိခင်တွင် နလုံးရောဂါရှိသော နောက်ကလေးတစ်ယောက်မွေးလာမည်၊ ထိုကလေးကို ဝိုင်းကူ ကြည့်ပေးရမည်ဟု ထိုအလင်းတန်းက ဆိုသည့်အတွက် ဆရာဝန်များနှင့် သုတေသီများက စောင့်ကြည့်နေရာ၊ နောင်ငါးနှစ်အကြာတွင် နှလုံးမှာ အပေါက်ပါသည့် ဒုတိယကလေး မွေးဖွားလာခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ၊ သေဆုံးခြင်း၏ အခြားတစ်ဘက်တွင် တစ်စုံတစ်ရာရှိနေသည်ဆိုသည့် အတွေးကပင် စိတ်သက်သာမှုတစ်ခုကို ဖန်တီးပေးနေသည်။

တိုင်းပြည်၊ ခံယူချက်၊ ဘာသာရေး၊ အခြားသော အတွေးအမြင်များအပေါ်တွင်မူတည်ပြီး သေဆုံးခြင်းကို ခံယူပုံများက ကွဲလွဲတတ်ကြသည်။

သေဆုံးသူ၏ မိသားစုဝင်များ ပူဆွေးသောကရောက်နေစဉ်တွင် ဘယ်လို စကားမျိုးပြောရမည်။ ဘယ်လိုဆက်ဆံပြုမှုရမည်ဆိုသော စာအုပ်များကိုလည်း စနစ်တကျ ထုတ်ဝေထားသည်။

ဖတ်ဖူးသမျှ သေဆုံးသွားသူ၏ အနီးဆုံးသူများကို မပြောသင့်သည့် စကားလုံးများအချို့ကို ဝေမျှလိုက်ပါသည်။ စေတနာအရင်းခံနှင့် နှစ်သိမ့်ကြသည်ဖြစ်သော်လည်း ဝမ်းနည်းပူဆွေးနေသူများ၏ ခံစားချက်ကို သည်အချိန်တွင် ဦးစားပေးထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ချိန်ချိန်တွင် ငိုကြွေးနေသူများ၏ နေရာတွင် မိမိအလှည့် မုချရောက်လာမည်ဖြစ်သောကြောင့်တည်း။

“ဘယ်လိုခံစားရလဲနားလည်တယ်”

“ကိုယ်ချင်းစာတယ်”

အခြားသူတစ်ဦးတစ်ယောက်၏ ခံစားချက်ကို နားလည်သည်၊ ကိုယ်ချင်းစာသည် ဆိုသည်မှာ မဖြစ်နိုင် ဟု ဆိုကြသည်။ ဖခင်ဆုံးသွားလို့ ခံစားနေရသော မိခင်နှင့် ထိုဖခင်၏ သားသမီးများ၏ ခံစားချက်ပင် မတူကြဟု စိတ်ပညာရှင်များက ဆိုသည်။ မိခင်က ယောကျာင်္းဆုံးခြင်းဖြစ်သလို၊ သားသမီးများက ဖခင်ဆုံးခြင်းဖြစ်သည်။ အရင်းနှီးဆုံးအိမ်သားများပင် ခံစားချက်မတူသည့်အတွက် သူစိမ်းများအနေနှင့် နားလည်သည်ဆိုသည်မှာ မဖြစ်နိုင်ဟုဆိုသည်။

“တရားနဲ့ဖြေပါ”

မည်သူကမျှ တရားမရှိနေခြင်းမဟုတ်။ ၀မ်းနဲငိုကြွေးနေခြင်းသာဖြစ်သည်။ ငိုကြွေးခြင်းသည် ရှိထားခဲ့သည့် မေတ္တာတရားကို နောက်ဆုံးအနေနှင့် အသိအမှတ်ပြုဖော်ပြကြခြင်း လုပ်ရပ်တစ်ခုဖြစ်သည်ဟု ကျွန်မထင်သည်။ ငိုကြွေးခြင်းသည် အပြစ်မဟုတ်။ငိုကြွေးခြင်းသည် တရားမရှိခြင်းလည်း မဟုတ်။ ငိုကြွေးခြင်းသည် လူပီသသော လုပ်ရပ်တစ်ခုသာဖြစ်သည်။

“မေ့လိုက်တော့”

သည်စကားသည် အလွန်ဝမ်းနည်း ငိုကြွေးနေသူကို ကြင်နာရာ မရောက်သည့်အပြင် ငိုနေတာ မမြင်ချင်၍ အငိုတိတ်အောင်ပြောသည့် ကိုယ်ချင်းစာတရားမဲ့သော အကြင်နာမဲ့ စကားလုံးဖြစ်သည်။

“မငိုနဲတော့”

ဝမ်းနဲပူဆွေးခြင်း၊ စိတ်၏ထွက်ပေါက်ဖွင့်ပေးခြင်းတွက် မျက်ရည်ကို programmed လုပ်ထားသည့် သည် ကိုယ်ခန္ဓာ၏ စိတ်ထွက်ပေါက်ကို အဘယ်ကြောင့် တားမြစ်လိုပါသလဲ။ ငိုကြွေးနေသည်ကို မမြင်မရှုလိုသူမှန်သမျှ ထိုဈာပနတွင် ရှိမနေသင့်။

တစ်ခါက ဖခင် ဆုံးပါးသွား၍ ချောင်တစ်ချောင်တွင် တိတ်ဆိတ်စွာနှင့် ဝမ်းနည်းပက်လက်ငိုကြွေးနေသော ဆယ်ကျော်သက်ရွယ် ကလေးတစ်ယောက်ကို ဈာပနလာပို့သည့် အန်တီကြီးတစ်ယောက်က အနားကပ်ပြီး ကြိတ်ဆူနေခဲ့သည်ကို စိတ်မချမ်းသာစွာ ကြားနေခဲ့ရသည်။

“နင်မငိုနဲ့၊ နင့်အောက်မှာ မောင်တွေ၊ ညီမတွေရှိတယ်။ အခု နင့်အဖေဆုံးပြီ။ နင့်ပခုံးပေါ်မှာ တာဝန်တွေပိကျလာနေပြီ။ နင်အကြီးဆုံး။ နင်ကမှ စိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ”

ကလေးက အခုမှ ၁၂နှစ်ခန့်သာရှိသေးသည်။ အန်တီကြီးက စေတနာနှင့်ပြောနေသော်လည်း ဆူပူ အပြစ်တင်နေသလိုဖြစ်နေသည်။ ကလေးမှာ ဝမ်းနည်းလွန်း၍ အသံတောင် မထွက်တော့။ ထိုအန်တီကြီးက သိထားသမျှ တရားဒေသနာ၊ ဘာဝနာများဖြင့် အားရအောင် တရားချထွက်ခွာသွားမှ ကိုယ်လဲ သက်ပြင်းကြိတ်ချမိသည်။

ကိုယ်လေ့လာကြည့်မိသည်။ ဒီကလူတွေ ဘယ်လိုစကားရွေးပြောသလဲဟု လေ့လာကြည့်မိသည်။

တစ်ကယ်တော့ သူတို့ပြောလေ့ရှိသည်မှာ စကားလေး၂ခွန်းခန့်သာရှိသည်။

“အရမ်း ဝမ်းနည်းကြေကွဲပါတယ်”

“မင်းရဲ့ဆုံးရှုံးမှုအတွက် ယူကြုံးမရ ဖြစ်ရပါတယ်”

လူအများစုသည် မိမိကိုးကွယ်ရာသာလျှင် စစ်မှန်သည်ဟု ထင်တတ်ကြပြီး၊ မိမိသာလျှင် တရားရှိ၍ ကျန်သူများ/အခြားသောဘာသာဝင်များက တရားမရှိဟု ထင်တတ်ကြသည်မှာလည်း ဝမ်းနည်းအံ့သြစရာပင်ဖြစ်လေသည်။

တစ်ကယ်တော့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ရိုးသားသည့် သည်စကားလေး၂ခွန်းက စကားလုံးပေါင်းများစွာထက် လုံလောက်ပါသည်။ ကျန်ရစ်သူမိသားစုများအတွက် စကားလုံးများထက် လုပ်ရပ်များနှင့် ကူညီအားပေး၊ ကိုယ်ချင်းစာနိုင်ကြပါစေ။

♫ ♥●••·˙˙·••●♥♫♫

ဒီစာလေးကတော့ ရုပ်ရှင်မင်းသားဒွေးနှင့် သူငယ်ချင်းတစ်ဦး ဆုံးပါးသွားစဉ်က ရေးခဲ့ခြင်းပါ။အခု.. ဆရာမင်းလူဆုံးသွားတော့ သတိရလို့ ပြန်တင်ပါတယ်။မိတ်ဆွေဟောင်းများရဲ့ ကော့မန့်များကိုပါ အမှတ်တရ ဖော်ပြလိုက်ပါတယ်။

အပေါ်မှာ အခါခါပြောသလို မိမိကိုယ်ပိုင်အတွေးခေါ်၊ ပတ်ဝန်းကျင်၊ ဘာသာတရား၊ ထုံးတမ်းဓလေ့များပေါ်မူတည်ပြီး အယူအဆကွဲပြားတာတွေ ရှိမည်ဖြစ်သော်လည်း၊ မလေးကတော့ တစ်စုံတစ်ရာ ပြန်လည်ငြင်းခုံမည် မဟုတ်ကြောင်း ပြောကြားလိုပါသည်ရှင်။ အားလုံး လွတ်လပ်စွာ ကိုယ့်အတွေး ကိုယ့်ယုံကြည်ချက်နဲ့ အသက်ရှင်နိုင်ကြပါတယ်…။

hninhnin said…
မမရေ

သိုးလေးက မမအဆိုကို လက်မခံတာမဟုတ်ပါဘူး။ သိုးလေးလည်း ပုထုဇဉ်လူသားပေမို့လားတော့မသိဘူး။ တကယ်တော့ ကိုယ်တိုင် ကျန်ရစ်သူမိသားစုဝင်ဖြစ်ခဲ့ရင် … သိုးလေးက ကျန်ရစ်သူမိသားစုဝင်ဖြစ်ဖူးတယ်လေ။ အဲဒီအချိန်မှာ ဘယ်လိုတရားစကားတွေမှ နားမ၀င်ခဲ့ပါဘူး။
6:40 AM

ဂျစ်တူး - gyit_tu said…
မလေးရေ.. ဂျစ်ဆိုရင်တော့ ဘာစကားမှ မပြောတတ်လို့…

တခါ သူငယ်ချင်းအဖေသေတာ သွားဖူးတယ် ။ သူငယ်ချင်းနဲ့ကလည်း သိပ်မရင်းနှီးတော့.. တကယ်ပဲ ဘာပြောရမှန်းမသိ.. တရားနဲ့ဖြေပါဆိုတော့လည်း သူက ဗုဒ္ဓဘာသာမဟုတ်.. ဒီလိုဖြစ်ကြတာပါပဲ ဆိုတော့လည်း.. ကိုယ်က သူ့ အဖေသေတာကို ယေဘူယျလို လုပ်ပစ်လိုက်သလို.. နောက်ဆုံးတော့ ဂျစ် ဘာမှမပြောပဲ သူပြောတာပဲ နားထောင်နေခဲ့တယ် ထင်တယ် ။ တော်သေးတယ် သူငယ်ချင်းက မငိုနေလို့ ။
10:36 AM

Kay said…
မအိမ့်ချမ်းမြေ့..အရမ်းကောင်းတဲ့..အဆင့်မြင့်တဲ့.အတွေးခေါ်စာစုလေးပါ..
ဘာလို့လဲမသိ..သေခြင်းတရားကို..မအိမ့်ချမ်းမြေ့ချပြတာလေးတွေဟာ..
အရမ်းစိတ်သက်သာရာ ရစေတာပဲ.. လာလည်တဲ့အတွက်..ဂုဏ်ယူဝမ်းသာမိပါတယ်..သူ့စာတွေအရမ်းကြိုက်တယ်..

( နံမယ်မသုံးတော့ဘူးနော်.. ) တို့ထင်တယ်..ဗမာပြည်မှာရောင်းတမ်းလုပ်ရင်..ဂျူးကိုတောင်ယှဉ်နိုင်တဲ့..ရသစာစဉ်တွေပါ..သိရတာဝမ်းသာပါတယ်
1:57 AM

တပြည်သူ အိမ့်ချမ်းမြေ့ said…
သိုးမလေးရေ.. သိုးမလေးဆိုလိုတာကို အမ နားလည်တယ်..
အဲဒီအချိန်မှာ ကျန်ရစ်သူတွေရဲ့ ခံစားချက်ကသာ အခရာပါ..
ကျန်ရစ်သူတွေ၊ ဘယ်လိုခံစားရခံစားရ.. အဲဒီအချိန်မှာက
သူတို့ပြောနေကြစကားလို “It’s not about them at that time, it’s about you” ပါကွယ်..

ဂျစ်ရေ…
မငိုတာ ပိုဆိုးတယ်ထင်တယ်.. အထဲမှာ အစွမ်းကုန် ပေါက်ကွဲနေတာလားမသိနော်..

မကေရယ်..
အားပေးတာကျေးဇူးပါ.. ဂျူးခြေဖျားလောက်ပဲ မှီတာဖြစ်မှာပါ မကေရယ်..
10:07 PM

May Nyane said…
မလေးရေ..

အဲဒီ သိပ်ပံဆောင်နောက်ခံနဲ့ လေးယောက်ကို အမစိတ်ထဲ မြင်ဖူးနေသလိုလို..။ဝန်းကျင်တူတွေမဟုတ်လား..ဒီပို့စ်ကို ဘယ်နှခါမှန်းမသိ..ဖတ်မိပြီး..သတိရစရာတွေ..တသီတန်းကြီးထဲ..
ခုမှပဲ ကော်မင့်ရေးနိုင်တော့တယ်…
6:36 PM

တပြည်သူ အိမ့်ချမ်းမြေ့ said…
ဟုတ်…မး)

အဲဒီနေရာတွေက ခုတော့လဲ ပျင်းခြောက်ခြောက်နဲ့ လွမ်းစရာကြီးတွေ ဖြစ်ကုန်ပြီနော်..

ကျွန်မ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြန်ရောက်တယ်..

ဘယ်သူမှ မရှိတော့ဘူး ဆရာမ..ကျောင်းဝင်းတခုလုံး ကျီးအာသံတွေ၊ စာကလေးငှက်သံတွေနဲ့

ခြောက်ကပ်တိတ်ဆိတ်သွားခဲ့ပြီ ဆရာမရယ်..
1:06 AM

♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫

11 Comments »

  1. အတုံ့

    Comment by U Kyaw Kyaw — August 16, 2013 @ 9:27 am

  2. Great! Thank.

    Comment by Sai Kham Hein Mps — August 16, 2013 @ 9:27 am

  3. သဲငယ်လေး moehtilay တစ်နေ့သေရမည့်အလှည့် လွဲရှောင်၍ မရ။ချခင်းပြသွားတာ အရမ်းကောင်းလိုက်တာ မမ ရယ်။

    Comment by သဲငယ်လေး moehtilay — August 16, 2013 @ 9:30 am

  4. တချိန်က ဘလော့ဂါတွေ ရဲ့ ဘလော့ဝတ် နှုတ်ဆက်စကားလေးတွေ ပြန်ဖတ်မိရတော့.. ပြုံးချင်စရာ.. ။ လွမ်းလှပါဘိ။ ဒီစာပြန်ဖတ်ရင်.. die in dignity ဆိုတဲ့ သေခြင်းကို ရွေးချယ်တဲ့သူတွေရော..တာဝန် အပြည့်မထမ်းသလို ဖြစ်နေမှာလား လို့ တွေးမိ။ တကယ်တော့.. လူသားကမ္ဘာကြီးထဲကိုဘယ်ကမှန်းမသိ ရောက်လာ..ဘယ်ကိုမှန်းမသိ ဆက်သွားကြရအုံးမယ့် လူသားသတ္တ၀ါရုပ်နာမ်စု တွေ အတွက်တော့..တွေးချင်သလောက်တွေး.. ခေါ်ချင်သလောက်ခေါ်…ဘယ်ဟာ မှန်လို့ ဘယ်ဟာမှားမလဲ..ဘယ်သူ အဆုံးအဖြတ် ပေးမလဲ..။ အနည်းဆုံး..ကိုယ်စိတ်သက်သာချိုမ့်ဝှမ်းရာကို ရွေးချယ်နေထိုင် ယုံကြည် ( သို့မဟုတ်လည်း) ကိုယ့်ကို ရွေးချယ်ခံရတဲ့အတိုင်း ပါလာပြီးသား ယုံကြည်မူ နဲ့ ကြံ့ခိုင်ကြ။ ဘ၀ က.. ပြိုင်ပွဲ (သို့) တိုက်ပွဲ။ သေခြင်းက နောက်ဆုံးခံတပ်.. သေမင်းက..အပြီးသပ် ရန်သူ။ ဘာသာတရားတချို့က..ဘယ်လိုသေရမယ် ဆိုတာ ပြင်ဆင်လေ့ကျင့်ပေးသလို..ဘာသာတရားတချို့ကတော့..ဘယ်လိုရှင်ရမယ်ဆိုတာ..နားလည်လက်ခံ ကျင့်ကြံစေတယ်။ ( လွန်ခဲ့တဲ့ ၅ နှစ်လောက်ကလို..လျှာရှည်၂ ကွန်မန့်လေး ရေးလိုက်တယ် )း))

    Comment by Kay Thwel — August 16, 2013 @ 9:31 am

  5. လူအများစုသည် မိမိကိုးကွယ်ရာသာလျှင် စစ်မှန်သည်ဟု ထင်တတ်ကြပြီး၊ မိမိသာလျှင် တရားရှိ၍ ကျန်သူများ/အခြားသောဘာသာဝင်များက တရားမရှိဟု ထင်တတ်ကြသည်မှာလည်း ဝမ်းနည်းအံ့သြစရာပင်ဖြစ်လေသည်။

    Comment by Good Hope — August 16, 2013 @ 9:37 am

  6. ငိုကြွေးခြင်းသည် ရှိထားခဲ့သည့် မေတ္တာတရားကို နောက်ဆုံးအနေနှင့် အသိအမှတ်ပြုဖော်ပြကြခြင်း လုပ်ရပ်တစ်ခုဖြစ်သည်ဟု ကျွန်မထင်သည်။ (y)

    Comment by Moe Aung San — August 16, 2013 @ 9:38 am

  7. မလေးရဲ့ ဆောင်းပါးလေးဖတ်ပြီး ‘လူဖြစ်မရှုံးပါစေနှင့်’ ဆိုတဲ့
    ကဗျာလေးတစ်ပုဒ်ကို ရေရွတ်မိခဲ့တယ်…မလေးလဲဖတ်ဘူးကောင်းဖတ်ဘူးမှာပါ ..

    ဥစ္စာဓန ပေါကြွယ်ဝလည်း
    လောဘစုံမက် မလှူရက်က
    ဘ၀တွက်တာ လူဖြစ်နာ၏။
    ဗုဒ္ဓ သာသနာ ကြုံရပါလည်း
    ကောင်းစွာသီလ မတည်ကြလျှင်
    ဘ၀တွက်တာ လူဖြစ်နာ၏။
    ဗုဒ္ဓတရား ဟောပါငြားလည်း
    ပွားများကြိုးကုတ် အားမထုတ်က
    ဆုတ်ယုတ်သေချာ လူဖြစ်နာ၏။
    သူတော်ကောင်းတရား ရှိပါငြားလည်း
    အမှားနှစ်ခြိုက် လမ်းလွှဲလိုက်က
    အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
    လက်ရှိဘ၀ မရှုံးရအောင်
    ဒါနသီလ ဘာဝနာကို ဖွေရှာကြိုးကုတ်
    သိမ်းပိုက်ထုတ်ကြပါကုန်လော့။ ။

    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    Comment by အန်တီတင့် — August 16, 2013 @ 7:06 pm

  8. နှိုင်းယှဉ် သုံးသပ်ပြသွားတာလေး… လှလိုက်တာ …မမ

    Comment by အိန် ဂျယ် လှိုင် — August 17, 2013 @ 10:21 pm

  9. ဒီစာလေး ခုမှ ဖတ်ဖြစ်တာရယ်…

    Comment by ဏီလင်း ညို — August 17, 2013 @ 10:21 pm

  10. အပြီးသတ် နှုတ်ဆက်ပွဲမှာ သတိမမူဘဲ ပြောလေ့ရှိကြတဲ့ စကားတချို့က ဗူးလေးရာ၊ ဖရုံဆင့်စေမှန်း တွေးနေခဲ့မိတယ် မလေး…၊
    မဖတ်ရသေးတဲ့ စာစုလေးမို့ အခုတစ်ကြိမ် ပြန်ဖော်ပြပေးတာ ကျေးဇူးပါ…။

    Comment by ညီလင်းသစ် — August 19, 2013 @ 7:25 am

  11. အရင်ကမဖတ်ဖူးခဲ့ဘူး. အတွေးလေးဆန်းတယ် အိမ့်ရေ. ဒီနေ့ လဲ ဆရာဒဂုန်တာရာတဲ့.

    Comment by တန်ခူး — August 19, 2013 @ 8:55 am

RSS feed for comments on this post. TrackBack URL

Leave a comment

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

ကျမစာလေးတွေကို အချိန်ပေးလာရောက်ဖတ်ရှုသော သူများအားလုံးကို ကျေးဇူးတင်ပါတယ်...လို့ ပြောကြားလိုပါတယ်ရှင်။

♫ ♥●••·˙My story telling is reshaped by your attentive imagination˙·••●♥♫
သည်စာမျက်နှာပေါ်တွင်ရှိသော ... ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြသည့်အခါတွင် အိမ့်ချမ်းမြေ့အမည်နှင့် ဆိုက်အမည်ကို "မြင်သာထင်ရှားသောနေရာတွင်" ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif

---------------